← Chapters

ကောင်းကင်ယံမှ ဆင်းသက်လာခြင်း၊ တစ်ယောက်တည်းဖြင့် လူတစ်သောင်းကို ရင်ဆိုင်ခြင်း……

Vol. 18 Ch. 175

ကောင်းကင်ယံမှ ဆင်းသက်လာခြင်း၊ တစ်ယောက်တည်းဖြင့် လူတစ်သောင်းကို ရင်ဆိုင်ခြင်း……

Vol. 18 Ch. 175

အမှောင်ထု လွှမ်းခြုံထားသော ကွင်းပြင်ကျယ်ကြီးထက်၌ ခမ်းနားထည်ဝါသော မြို့ကြီးတစ်မြို့ တည်ရှိနေ၏။

၎င်းမှာ ချန်းကျိုးစီရင်စုရှိ ယဲ့မင်းမြို့ ဖြစ်သည်။ နှစ်ပေါင်းရာချီ သမိုင်းကြောင်း ရှိခဲ့ပြီး တစ်ချိန်က မင်းဆက်တစ်ခု၏ မြို့တော် ဖြစ်ခဲ့ဖူးသည်။ ညအချိန် ဖြစ်သော်လည်း ယဲ့မင်းမြို့တခုလုံး လင်းထိန်နေပြီး မြို့ထဲရှိ မီးရောင်များက ကောင်းကင်ယံမှ ကြယ်ရောင်များထက်ပင် ပိုမို များပြားနေ၏။

ယဲ့မင်းမြို့၏ အလယ်ဗဟိုတွင် မြင့်မားသော တံတိုင်းကြီး တစ်ခု ရှိပြီး ထိုတံတိုင်းအတွင်း၌ မိုင်ပေါင်းများစွာ ရှည်လျားသော တောအုပ်ကြီး တစ်ခုကို ဝန်းရံထားသည်။ အမှောင်ထုထဲတွင် ထိုသစ်ပင်များသည် နတ်ဆိုးများနှင့် တစ္ဆေများအလား ထင်မှတ်ရသည်။

မြေအောက်နက်ရှိုင်းသော နေရာတွင် လျှို့ဝှက်ကမ္ဘာတစ်ခု ရှိနေ၏။

နဂါးဝတ်ရုံ ဝတ်ဆင်ထားပြီး ဆံပင်ဖြူများ ပြည့်နှက်နေသော ချီထျန်းချွမ် ရှေ့သို့ လျှောက်လှမ်းနေသည်။

မြေပြင်ပေါ်တွင် အေးစက်သော လေထုများ လှုပ်ရှားနေပြီး လမ်းတစ်လျှောက်၌ ပန်းမန်များ မရှိဘဲ အရိုးများသာ ပြန့်ကျဲနေသည်။

ရှေ့ကို ကြည့်လိုက်လျှင် မှိန်ဖျော့ဖျော့ မီးရောင်များ လင်းလက်နေပြီး ထိုအလင်းရောင်များ အားလုံးက ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အမှောင်ထုထဲတွင် ထို ရှေးဟောင်းသစ်ပင်ကြီးသည် မိုးကောင်းကင်ကို ထောက်ပံ့ထားသကဲ့သို့ အလွန် ခမ်းနားထည်ဝါနေ၏။ ၎င်း၏ ရှေ့တွင် ချီထျန်းချွမ်၏အသွင်သဏ္ဍန်မှာ ပုရွက်ဆိတ်တစ်ကောင်အလား သေးငယ်နေတော့သည်။

ဤမြေအောက်လိုဏ်ဂူကြီး အတွင်း၌ ဤသစ်ပင်ကြီး တစ်ပင်တည်းသာ ရှိပြီး ၎င်း၏ အကိုင်းအခက်များက ဂူမျက်နှာကြက်နှင့် ယဲ့မင်းမြို့ တစ်ခုလုံးကို ထောက်ပံ့ထားသည်။

၎င်းသည် ချီမိသားစု ကိုးကွယ်သော ရှေးဟောင်းနတ်ဘုရားပင် ဖြစ်သည်။

တုတ်ခိုင်သော သစ်ကိုင်းများပေါ်တွင် နွယ်ပင်များ ဖုံးလွှမ်းထားပြီး မြစ်ငယ်လေးများ စီးဆင်းနေသကဲ့သို့ ရှိနေသည်။ထိုတစ္ဆေ အလင်းရောင်များသည် သစ်ကိုင်းများပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော သလင်းကျောက်များမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဤမြေအောက်လိုဏ်ဂူ အတွင်းရှိ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်သည်။

ဂျွတ်…

ချီထျန်းချွမ်က လက်ထဲမှ အရိုးတစ်စကို ချေမွပစ်လိုက်သော်လည်း ခေါင်းမငုံ့သလို ခြေလှမ်းလည်း မပျက်ပေ။

"အဲဒီ နတ်ဘုရားသားတော်နဲ့ ငါ့ကြားက အဆက်အသွယ် ပြတ်တောက်သွားပြီ..."

အက်ကွဲသောအသံ တစ်သံ ထွက်ပေါ်လာပြီး လေသံမှာ လွန်စွာခြောက်ကပ်ကပ်နိုင်လှသည်။

ထိုစကားကို ကြားသောအခါ ချီထျန်းချွမ် ခဏမျှ ရပ်တန့်သွားသော်လည်း ဆက်လက် လျှောက်လှမ်းနေဆဲပင်….

သူသည် သစ်ပင်ကြီး အနီးသို့ ရောက်သည်အထိ လျှောက်သွားလိုက်ပြီး မော့ကြည့်လိုက်သောအခါ တောင်တစ်လုံးခန့် ကြီးမားသော သစ်ပင်ပင်စည်ပေါ်တွင် အဘိုးအိုတစ်ယောက်၏ မျက်နှာပုံပေါ်နေသည်ကို တွေ့လိုက်ရသည်။

ထိုမျက်နှာသည် ကြင်နာတတ်သော အသွင်အပြင် ရှိပြီး မျက်လုံးများ မှိတ်ထားလျှင်ပင် ကရုဏာတရားများ ထုတ်လွှတ်နေသကဲ့သို့ ရှိနေသည်။

ချီထျန်းချွမ်က ချီမိသားစုက ရှေးဟောင်းနတ်ဘုရား အဖြစ် ကိုးကွယ်ထားသော သစ်ပင်ကြီးကို မော့ကြည့်ပြီး..

"ဒါဆိုရင် ချီမိသားစုက ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရတော့မှာလား..." ဟု မေးလိုက်သည်။

"ငါ ရှိနေသရွေ့ ဘယ်သူက မင်းတို့ကို ကပ်ဘေး သင့်စေရဲမှာလဲ... ချင်းရှောင်ဂိုဏ်းက လာရှာရင် ဒီကို ခေါ်လာခဲ့... ငါ ကိုယ်တိုင် အဲဒီပြဿနာကို ဖြေရှင်းပေးမယ်..."

"ကျွန်တော် ခင်ဗျားကို အရင်ကတည်းက ပြောခဲ့တယ်... ချင်းရှောင်ဂိုဏ်းကို သွားမစပါနဲ့လို့... ဒါပေမဲ့ ခင်ဗျား နားမထောင်ဘဲ ကျီဝူယဲ့ ကို ချင်းရှောင်ဂိုဏ်းနဲ့ တိုက်ခိုင်းခဲ့တယ်... တကယ်လို့ ချီမိသားစုသာ အာဏာ အရင်ရခဲ့ရင် ချင်းရှောင်ဂိုဏ်းကို ဒီအတိုင်း ထားလိုက်လို့ ရတာပဲ... ခင်ဗျား အင်အား ပြည့်ဝလာတဲ့အထိ စောင့်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှ ချင်းရှောင်ဂိုဏ်းကို ဖျက်ဆီးလိုက်ရင် သီဟိုဠ်စေ့ စားသလောက်တောင် ခက်ခဲမှာ မဟုတ်ဘူး..."

"ချင်းရှောင်ဂိုဏ်းကို ဒီအတိုင်း ထားလိုက်မယ် ဟုတ်လား... မင်းက မသေမျိုး ကျင့်ကြံခြင်းဂိုဏ်းရဲ့ စွမ်းအားကို လျှော့တွက်နေတာပဲ... မသေမျိုးကျင့်ကြံခြင်းဆိုတာ ကံကြမ္မာကို ဆန့်ကျင်တာ... သူတို့က လျင်မြန်စွာ ကြီးထွားလာပြီး နေရာအနှံ့ ဩဇာလွှမ်းမိုးလာလိမ့်မယ်... သူတို့ တိုက်ခိုက် လုယူချင်တဲ့ အရာက မင်းတို့လို သေမျိုးတွေ နားလည်နိုင်တဲ့အရာ မဟုတ်ဘူး... မင်းတို့က ဒီကမ္ဘာကို ပိုင်ဆိုင်ချင်ရင် သူတို့ရှေ့မှာ ဒူးထောက်ရလိမ့်မယ်... မင်းတို့ ချီမိသားစုက ရုပ်သေးရုပ် ဧကရာဇ်တွေ ဖြစ်ချင်လို့လား..."

ရှေးဟောင်းနတ်ဘုရား၏ စကားကြောင့် ချီထျန်းချွမ် ပို၍ မျက်မှောင်ကြုတ်သွားသည်။ မသေမျိုး ကျင့်ကြံခြင်းဂိုဏ်းက ဘာကို တိုက်ခိုက် လုယူနေမှန်း သူ အမှန်တကယ် မသိသော်လည်း ရှေးဟောင်းနတ်ဘုရား၌ အခြား ရည်ရွယ်ချက်များ ရှိနေသည်ဟု သူ အမြဲ ခံစားနေရသည်။

"ဟိုတုန်းက ကျွန်တော်တို့ ခင်ဗျားရဲ့ စွမ်းအားကို အားကိုးပြီး မဟာဘိုးဘေးဧကရာဇ်ကို ကမ္ဘာကြီး သိမ်းပိုက်အောင် ကူညီပေးခဲ့တယ်... မဟာဘိုးဘေးဧကရာဇ် နတ်ရွာစံပြီးနောက် ကျွန်တော်တို့အတွက် အခွင့်ကောင်း ဖြစ်ခဲ့ပေမဲ့ အချိန်မတန်သေးဘူးဆိုပြီး ခင်ဗျားက ချီမိသားစုကို တားဆီးခဲ့တယ်... ကျောက်ကျိ နန်းတက်လာတာကို လက်ပိုက်ကြည့်နေခဲ့တယ်... နောက်ပိုင်း ကျောက်ကျိ အသုံးမကျ ဖြစ်လာပြီး မသေမျိုး ဖြစ်ချင်လို့ ရူးသွပ်လာတုန်းက ကျွန်တော်တို့က ကမ္ဘာကြီးကို ကယ်တင်တဲ့ သူရဲကောင်း ဖြစ်ချင်ခဲ့ပေမဲ့ ခင်ဗျား ခွင့်မပြုခဲ့ပြန်ဘူး... ကျောက်ကျိ သေသွားပြီးတာတောင် ခင်ဗျား ကျွန်တော်တို့ကို လှုပ်ရှားခွင့် မပေးခဲ့ဘူး..."

"လွန်ခဲ့တဲ့ ၂ နှစ်က လူတစ်ယောက် ချီမိသားစုထဲ ဝင်လာပြီး နတ်ဘုရားသားတော်ကို သတ်သွားမှ ခင်ဗျား သည်းမခံနိုင်တော့ဘဲ ကျွန်တော်တို့ကို တိုက်ခိုက်ခွင့် ပြုခဲ့တာ... ပြီးတော့ ချင်းရှောင်ဂိုဏ်းကို ဖိအားပေးခိုင်းတယ်..."

"ရှေးဟောင်းနတ်ဘုရား... ခင်ဗျားက ကျွန်တော်တို့ရဲ့ အင်အားကို လိုချင်တာလား... ဒါမှမဟုတ် ကျွန်တော်တို့ အင်အားကြီးလာမှာကို ကြောက်နေတာလား... ကျင့်ကြံသူတွေ ပေါ်လာတာက ခင်ဗျားကို ကြောက်လန့်စေတာ ထင်ရှားနေတယ်..."

ချီထျန်းချွမ်၏ အသံက ကျယ်လောင် ပြတ်သားနေသည်။ "ခင်ဗျား" ဟု လေးစားသမှုဖြင့် သုံးနှုန်းထားသော်လည်း သူ့စကားလုံးများတွင် လေးစားမှု အစစ်အမှန် မပါဝင်ပေ။

သူသည် ရှေးဟောင်းနတ်ဘုရား၏ လှည့်စားမှုများကို ငြီးငွေ့နေပြီ ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရား၏ ကျေးဇူးကြောင့် ချီမိသားစု ပြန်လည် ရှင်သန်လာပြီး ယခင်ကဲ့သို့ ဘုန်းတန်ခိုး ကြီးမားလာသည်ကို သူ ဝန်ခံသော်လည်း ရှေးဟောင်းနတ်ဘုရား၏ ကြိုးဆွဲရာ ကချင်သူ မဟုတ်ပေ။

သူ အသိဉာဏ် ဝင်စကတည်းက ချီမိသားစုဘက်က ရှေးဟောင်းနတ်ဘုရားကို ကျွေးမွေးခဲ့ရသည်။ လူပေါင်းများစွာကို ကျွေးမွေးခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရား၏ အစာစားချင်စိတ်က အဆုံးမရှိသော တွင်းနက်ကြီးကဲ့သို့ ဖြစ်နေပြီး မည်မျှ ကျွေးကျွေး မဝနိုင်ပေ။

ကမ္ဘာကြီး တစ်ခုလုံးကို ကျွေးလျှင်ပင် ရှေးဟောင်းနတ်ဘုရား ကျေနပ်လိမ့်မည် မဟုတ်ဟု သူ သံသယ ဝင်နေမိသည်။

ချီထျန်းချွမ်၏ ပြစ်တင်ဝေဖန်သံကို ကြားသောအခါ ရှေးဟောင်းနတ်ဘုရားက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ၎င်း၏ မျက်လုံးများက ဖြူဖျော့နေပြီး မည်သည့် စိတ်ခံစားမှုမျှ မရှိပေ။

ရှေးဟောင်းနတ်ဘုရားနှင့် အကြည့်ချင်း ဆုံလိုက်ရသဖြင့် ချီထျန်းချွမ် ဖိအားကို ခံစားလိုက်ရပြီး အလိုအလျောက် ခေါင်းငုံ့သွားသည်။

"ချီထျန်းချွမ်... မင်းရဲ့ မူလဘဝကို မေ့သွားပြီလား... မင်းက မယားကြီးရဲ့ သားအကြီးဆုံး မဟုတ်ဘူး... မင်း အခုလို ဖြစ်လာအောင် ဘယ်သူ ကူညီပေးခဲ့တာလဲ..."

ရှေးဟောင်းနတ်ဘုရား၏ အသံက ရေခဲတမျှ အေးစက်သွားသဖြင့်

ချီထျန်းချွမ် အံကြိတ်ပြီး …. "လူတချို့က ချီမိသားစုက သစ်ပင်နတ်ဆိုးကို မွေးမြူထားတယ် ဆိုပြီး ကောလာဟလတွေ ဖြန့်နေကြတယ်... ကမ္ဘာပေါ်က နယ်စားပယ်စားတွေ အားလုံး ကျွန်တော်တို့ကို ဝိုင်းတိုက်ဖို့ ပြင်ဆင်နေကြပြီ... လူတွေရဲ့ စိတ်ထဲမှာ ချီမိသားစုက တဖြည်းဖြည်းနဲ့ မိစ္ဆာဆိုး ဖြစ်လာနေပြီ... ဒါ ကျွန်တော် လိုချင်တဲ့ ရလဒ် မဟုတ်ဘူး... နောက်ထပ် ပစ်မှတ်ကို ချင်းရှောင်ဂိုဏ်းကနေ တခြား နယ်စားပယ်စားတွေဆီ ပြောင်းလဲချင်တယ်... အဲဒီ နယ်စားတွေကို အမြစ်ပြတ် သုတ်သင်ဖို့ ခင်ဗျားရဲ့ စွမ်းအားကို လိုအပ်တယ်..."

ချီမိသားစု မည်မျှပင် အင်အားကြီးပါစေ နယ်စားပယ်စား အားလုံး ပေါင်းစည်းထားသည်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ နယ်စားပယ်စားများသည်သာ လက်ရှိ ချီမိသားစု၏ အကြီးမားဆုံး ပြဿနာ ဖြစ်သည်ဟု သူ ခံစားရသည်။

ချင်းရှောင်ဂိုဏ်းအနေဖြင့်မူ သူတို့သည် ဂုဏ်သိက္ခာရှိသော ဖြောင့်မတ်သည့် ဂိုဏ်းအဖြစ် ခံယူထားကြသည်။

ချီမိသားစုကသာ ချင်းရှောင်ဂိုဏ်းကို စတင် မတိုက်ခိုက်လျှင် သူတို့က ပြဿနာ လာရှာမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

"ဘာ... ချီမိသားစုက သေမျိုးတွေကိုတောင် မနိုင်ဘဲနဲ့ ကမ္ဘာကြီးကို အုပ်စိုးချင်နေတာလား..."

ဟု ရှေးဟောင်းနတ်ဘုရားက လှောင်ပြောင်လိုက်သည်။ ထိုစကားလုံးများက ချီထျန်းချွမ်၏ နှလုံးသားကို ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ထိုးစိုက်လိုက်သည်။

ချီထျန်းချွမ် ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်…

ဝုန်း…

အပေါ်မှ ဂူအမိုး စတင် တုန်ခါလာပြီး သဲများနှင့် ကျောက်စရစ်ခဲများ ပြိုကျလာသဖြင့် ချီထျန်းချွမ်၏ အတွေးများ ပြတ်တောက်သွားသည်။

ရှေးဟောင်းနတ်ဘုရားလည်း မော့ကြည့်လိုက်ပြီး…

"ဒီလောက် မြန်မြန် ရောက်လာတာလား... တော်လိုက်တဲ့ ချင်းရှောင်ဂိုဏ်း..."ဟု ရေရွတ်လိုက်သည်။

၎င်း၏ လေသံက ကြောက်မက်ဖွယ် ကောင်းနေပြီး ဒေါသကို မနည်း ထိန်းချုပ်ထားရပုံပေါ်နေသည်။

ချင်းရှောင်ဂိုဏ်း ဟုတ်လား…

ချီထျန်းချွမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ချင်းရှောင်ဂိုဏ်းက ဤနေရာကို အဘယ်ကြောင့် ရှာတွေ့သနည်းဟု သူ နားမလည်နိုင်ပေ။

ရှေးဟောင်းနတ်ဘုရားက သူ့ နတ်ဘုရားသားတော်ကို တောင်ဘက်သို့ စေလွှတ်လိုက်သည်မှာ ဘယ်လောက်မှ မကြာသေးပေ။

…

ယဲ့မင်းမြို့၏ အထက်တွင် ရှောင်ပါးက တောင်ပံခတ်၍ ဝဲပျံနေပြီး လီချင်းချိုး၊ ရှန်ယွဲ့ နှင့် မိုကျိုဟုန်တို့ ရှောင်ပါး၏ ကျောပေါ်တွင် ရပ်လျက် အောက်သို့ ငုံ့ကြည့်နေကြသည်။

မှိန်ဖျော့သော ညအလင်းရောင်အောက်တွင် ငွေရောင် ကျားကြီးလေးကောင် မြို့ထဲ၌ သောင်းကျန်းနေကြပြီး ဝင်ဆောင့် တိုက်ခိုက်နေကြသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

ထိုကျားကြီးများသည် ပခုံးအမြင့် ၃ တောင်ခန့် ရှိပြီး တားဆီး၍ မရနိုင်ပေ။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အဆောက်အဦးများ ပြိုကျပြီး မြို့သူမြို့သားများ၏ အော်ဟစ်သံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။

"တောင်သခင် နတ်ဘုရားမန္တန်... သူက တောင်သခင် လေးကောင်ကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်နိုင်တာပဲ..."

ရှန်ယွဲ့ မျက်ခုံးပင့်လိုက်ပြီး တိတ်တဆိတ် အံ့သြသွားသည်။ လီချင်းချိုး၏ မူလချီစွမ်းအင်များက ချဲ့ကားပြောရလောက်အောင် စွမ်းအားကြီးမားကြောင်း သူ တွေ့ရှိလိုက်သည်။ လီချင်းချိုးသည် ကျင့်ကြံခြင်း အဆင့်မြင့်မားရုံသာ ရှိသည်ဟု ယခင်က သူ ထင်မှတ်ခဲ့သော်လည်း ယခုအခါ ထိုသို့ မဟုတ်ကြောင်း သိလိုက်ရသည်။

မိုကျိုဟုန်သည်လည်း ကျားကြီး လေးကောင်ကို ကြည့်၍ အံ့သြနေသည်။ ချီမိသားစု၏ သိုင်းပညာရှင် အများအပြား ပြေးဝင်သွားသော်လည်း ကျားလက်သည်းချက်ကို မခံနိုင်ဘဲ အချို့ဆိုလျှင် နင်းချေ သတ်ဖြတ်ခံလိုက်ရသည်ကို သူ တွေ့လိုက်ရသည်။

ဖြောင်း…

လီချင်းချိုးက မိုကျိုဟုန်၏ ကျောကို ပုတ်လိုက်သဖြင့် သူ လန့်ဖျပ်ပြီး တုန်ရီသွားသည်။

"ခင်ဗျား သွားသင့်ပြီ... ကျွန်တော် မှာထားတာ မမေ့နဲ့..."

လီချင်းချိုး သတိပေးလိုက်တော့ မိုကျိုဟုန်က ခေါင်းညိတ်ပြီး ခုန်ဆင်းကာ ကျယ်ပြောသော ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည်။

ရှန်ယွဲ့က "မင်း တိတ်တိတ်လေး ဝင်မယ်လို့ ထင်ထားတာ... ဒီလောက် ကြီးကြီးကျယ်ကျယ် လုပ်မယ်လို့ မထင်ထားဘူး..."

"ခင်ဗျားပြောတာ မှန်ပါတယ်... လူတွေ အများကြီး သတ်တာ မကောင်းဘူး... ဒါပေမဲ့ ကျွန်တော်တို့သာ ဆူညံပွက်လောရိုက်အောင် လုပ်လိုက်ရင် အသက်ရှင်ချင်တဲ့လူတွေ အမြန်ဆုံး ထွက်ပြေးကြလိမ့်မယ်... သူတို့ ဆက်နေမယ် ဆိုရင်တော့ အိပ်မက်ဆိုးက သူတို့ကို စောင့်ကြိုနေမှာပဲ..."

ချီမိသားစုက သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်ခဲ့ပေ။ ရှေးဟောင်းနတ်ဘုရားကို ဖျက်ဆီးလိုက်သရွေ့ ချီမိသားစု ပြဿနာ မရှာနိုင်တော့ပေ။

ယဲ့မင်းမြို့က အလွန် ကြီးမားသောကြောင့် မြို့ထဲရှိ လူတိုင်းကို သတ်ဖြတ်ရန် သူ့တွင် စွမ်းရည် မရှိပေ။

ထို့အပြင် ရှေးဟောင်းနတ်ဘုရားနှင့် စစ်ဖြစ်လျှင် သူ မသတ်ခင် ရှေးဟောင်းနတ်ဘုရားက မြို့သူမြို့သားများကို သတ်ဖြတ်ပစ်လိမ့်မည်ဟု သူ့ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။

"ကဲ... ကျွန်တော်တို့ ဆင်းကြစို့..."

လီချင်းချိုး ပြောပြီးသည်နှင့် လေထဲသို့ ခုန်ချလိုက်ပြီး မြို့ထဲသို့ ဆင်းသက်လိုက်သည်။ ရှန်ယွဲ့ကလည်း နောက်မှ ကပ်လိုက်လာသည်။ သူတို့၏ အပြာရောင် ဝတ်ရုံများ လေထဲတွင် ပြင်းထန်စွာ လွင့်ပျံနေပြီး လေတိုးသံများ နားထဲတွင် မြည်ဟိန်းနေသည်။

သူတို့နှစ်ယောက် ခေါင်မိုးပေါ်သို့ ဆင်းသက်လိုက်ကြပြီး လီချင်းချိုးတယောက်တည်း မြို့တွင်းပိုင်းသို့ တည့်တည့် ပြေးဝင်သွားသည်။

ရှန်ယွဲ့ကတော့ နေရာမှာပင် ကျန်ရစ်ခဲ့ပြီး ကျားကြီးလေးကောင် သူ့ဘက်သို့ ပြေးလာနေသည်ကို ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

သူ ကြောက်နေတာ မဟုတ်ဘူး... နည်းနည်း စိတ်ရှုပ်နေတာ...

သူ လူအများကြီး မသတ်ချင်ပေမဲ့ လီချင်းချိုးက အတင်း သတ်ခိုင်းနေသည်။

အစီအစဉ်အရ မြို့ထဲဝင်ပြီး တိုက်ပွဲစတင်သည်နှင့် သူက ချီမိသားစု သိုင်းပညာရှင်များ၏ အာရုံကို ဆွဲဆောင်ထားရမည် ဖြစ်ပြီး လီချင်းချိုးက ရှေးဟောင်းနတ်ဘုရားကို သွားရှာမည် ဖြစ်သည်။

မူလက သူ သဘောမတူလိုသော်လည်း လီချင်းချိုး၏ စကားက သူ့ကို ဆွဲဆောင်နိုင်ခဲ့သည်။

"ခင်ဗျား တစ်ယောက်တည်းနဲ့ လူတစ်သောင်းကို ရင်မဆိုင်ချင်ဘူးလား... ချီမိသားစုမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်... ခင်ဗျားသာ ချီမိသားစုကို တစ်ယောက်တည်း ရှင်းလင်းနိုင်ရင် ဓားနတ်ဘုရားဆိုတဲ့ နာမည်က ကမ္ဘာအနှံ့ တဖန် ဟိန်းထွက်လာလိမ့်မယ်..."

သူ လူသတ်ရတာ မကြိုက်ဘူး...

ဒါပေမဲ့ ဘုရားပေးစွမ်းရည်ကို ထုတ်ပြခွင့်ရမယ့် အခွင့်အရေးနဲ့ ကြုံလာရင် ငြင်းဆန်ဖို့ ခက်ခဲတာ အမှန်ပဲ..

"မင်း ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်..."

ရှန်ယွဲ့ ထိုသို့တီးတိုး ရေရွတ်လိုက်ပြီးနောက် ဓားချီစွမ်းအင်များ သူ့မျက်လုံးထဲမှ လျှံကျလာပြီး သူ့ဆံပင်ဖြူများ လွင့်ပျံလာကာ ဖိနှိပ်သော အရှိန်အဝါ ရုတ်တရက် မြင့်တက်လာသည်။

အခြားတစ်ဖက်တွင်…

လီချင်းချိုးတယောက် ခေါင်မိုးများပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေပြီး ထက်မြက်သော မြားတစ်စင်းအလား ဖြစ်နေသည်။

သူသည် မြို့တွင်းပိုင်း တံတိုင်းသို့ လျင်မြန်စွာ ရောက်ရှိလာကာ လေထဲသို့ ခုန်တက်လိုက်ပြီး ခြေထောက်များက တံတိုင်းပေါ်သို့ မြေပြန့်ကဲ့သို့ နင်းချလိုက်ကာ တံတိုင်းပေါ်တွင် ရပ်လျက် ရှေ့ရှိ ထူထပ်သော တောအုပ်ကို ကြည့်လိုက်သည်။

သူ ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်တော့ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ချီများ သူ့ပါးစပ်ထဲသို့ တိုးဝင်လာသည်။ ထို့နောက် ရှေ့သို့ မှုတ်ထုတ်လိုက်ရာ ကြီးမားပြီး ပြင်းထန်သော မီးတောက်များက မီးလှိုင်းလုံးကြီး တစ်ခုအလား ပေ ၂၀ အကွာအဝေးထိ လွင့်စဉ်သွားပြီး တောအုပ်အပေါ် ကျရောက်ကာ မီးများ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားသည်။

မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေပြီး မီးပင်လယ်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။ ဤခမ်းနားထည်ဝါသော မြင်ကွင်းကြောင့် အဝေးမှ မြို့ရိုးပေါ်တွင် စောင့်ကြပ်နေသော စစ်သည်များ စကားမပြောနိုင် ဖြစ်သွားကြပြီး မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေကြသည်။

"ဓာတ်ကြီးငါးပါး လျှို့ဝှက်မီးလျှံ" ...

ဤသည်မှာ လီချင်းချိုး ယခင်က ရရှိခဲ့သော အမွေအနှစ် ဆုလာဘ် ဖြစ်ပြီး သာမန်မျှသာ တတ်မြောက်ထားပြီး မကျွမ်းကျင်သေးပေ။ ဤမျှ ကြောက်မက်ဖွယ် စွမ်းအား ရှိရခြင်းမှာ သူ့မူလချီစွမ်းအင် အလွန် အားကောင်းသောကြောင့် ဖြစ်သည်။

ထိုစဉ်...

မီးပင်လယ်ထဲမှ မရေမတွက်နိုင်သော သစ်ရွက်များ ပေါက်ကွဲထွက်လာပြီး လီချင်းချိုးထံသို့ မြားမိုးရွာသကဲ့သို့ ကျဆင်းလာသည်။

လီချင်းချိုး ကောင်းကင်သက်တံဓားကို ဆွဲထုတ်၍ လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ သစ်ရွက်များကို တစ်ရွက်ပြီး တစ်ရွက် ကာကွယ်လိုက်သည်။ သစ်ရွက်များ နှစ်ခြမ်းကွဲသွားသည် သို့မဟုတ် လွင့်စဉ်သွားပြီး မြို့ရိုးပေါ်တွင် ဓားသွားများကဲ့သို့ စိုက်ဝင်သွားကြသည်။

ဝုန်း…

ထိုစဉ် မြေပြင် စတင် တုန်ခါလာပြီး ရှေ့ရှိ သစ်ပင်များ ပြိုလဲကာ မီးပင်လယ်ကြီးလည်း လိုက်ပါ ပြိုကျသွားသည်။

လီချင်းချိုးက မီးတောက်များကြားထဲသို့ ချက်ချင်း ခုန်ဆင်းလိုက်ပြီး လောင်ကျွမ်းနေသော သစ်ပင်ထောင်ပေါင်းများစွာနှင့်အတူ တွင်းနက်ထဲသို့ ပြုတ်ကျသွားသည်။

ဆံပင်ဖြူလူငယ်၏ မှတ်ဉာဏ်များမှတဆင့် ရှေးဟောင်းနတ်ဘုရား၏ တည်နေရာကို လီချင်းချိုး သိရှိထားပြီး ဖြစ်သည်။

မြို့တွင်းပိုင်း တံတိုင်းဖြင့် ကာရံထားသော တောအုပ်သည် သာမန် တောအုပ် မဟုတ်ဘဲ ရှေးဟောင်းနတ်ဘုရား၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း သိသဖြင့် လီချင်းချိုး တမင် ရန်စလိုက်ခြင်း ဖြစ်သည်။

လီချင်းချိုး ပြုတ်ကျလာပြီး မြေအောက်လိုဏ်ဂူ၏ ကြမ်းပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ လောင်ကျွမ်းနေသော သစ်ပင်များနှင့် မြေသားများ အရပ်လေးမျက်နှာမှ ဆက်လက် ပြုတ်ကျနေပြီး ကမ္ဘာပျက်သကဲ့သို့ ဖြစ်နေသည်။

လီချင်းချိုး၏ နောက်တွင် ချီမိသားစု ခေါင်းဆောင် ချီထျန်းချွမ် ရပ်နေသည်။

လီချင်းချိုး ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်သောအခါ ချီထျန်းချွမ် အလွန် အံ့သြသွားသည်။ ချင်းရှောင်ဂိုဏ်းမှ လူတစ်ယောက်တည်း လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

ဒီလူက ရှေးဟောင်းနတ်ဘုရားကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေတာလား…

သူက ဘယ်သူလဲ…

ချီထျန်းချွမ်က လီချင်းချိုး၏ ကျောပြင်ကို စူးစိုက်ကြည့်နေသည်။ ရှေးဟောင်းနတ်ဘုရား၏ ရှေ့တွင် လီချင်းချိုးသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်နေသည်။ သူ့အမြင်တွင် လီချင်းချိုးသည် ပြိုကျလာသော သစ်ပင်များနှင့် မြေကြီးများအောက်တွင် အချိန်မရွေး မြေမြှုပ်ခံရနိုင်သည်။

လီချင်းချိုးတယောက်တည်း ရှေးဟောင်းနတ်ဘုရားကို မည်သို့ ယှဉ်ပြိုင်မည်ကို သူ စဉ်းစား၍ မရနိုင်ပေ။

All Chapters