← Chapters

သူ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်တောင် မြင့်မားနေပြီလဲ….

Vol. 18 Ch. 177

သူ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်တောင် မြင့်မားနေပြီလဲ….

Vol. 18 Ch. 177

မရေမတွက်နိုင်သော သစ်ရွက်များ လီချင်းချိုးထံသို့ ရေစီးကြောင်းကြီး တစ်ခုအလား တိုးဝင်လာပြီး လီချင်းချိုးနှင့် ချူကျင်းတို့၏ နားထဲတွင် ဆူညံသံများ ပြည့်နှက်နေသည်။

ချူကျင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် သူ့ဘေးပတ်လည်၌ ငွေရောင် ဓားရိပ်များ စုစည်းလာသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။

ဝိညာဉ်နှုတ်ဓားပျံ…

လီချင်းချိုး ဤဂါထာကို လေ့လာနေကြောင်း ဓားဝိဉာဉ်ဖြစ်နေပြီဖြစ်သော ချူကျင်း သိထားပြီး ဖြစ်သည်။ လီချင်းချိုးက သစ်ပင်နတ်ဆိုး ကိုယ်ပွားကို သတ်ဖြတ်ရာတွင်လည်း ဝိညာဉ်နှုတ်ဓားပျံကို အသုံးပြုခဲ့သည်။

သူ့အမြင်တွင် ဝိညာဉ်နှုတ်ဓားပျံက စွမ်းအားကြီးမားသော်လည်း ရှေးဟောင်းနတ်ဘုရားကို တုန်လှုပ်သွားစေရန်အတွက်မူ သေးငယ်လွန်းသည်ဟု ထင်မြင်မိသည်။

သို့သော် သူ ထိုသို့ တွေးလိုက်မိချိန်မှာပင် သူ့ဘေးပတ်လည်ရှိ ငွေရောင် ဓားရိပ်များက မျက်စိကျိန်းလောက်သော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး တစ်မိုင်ပတ်လည်ရှိ မြို့တော်ကို လင်းထိန်သွားစေသည်။

အလင်းရောင် ဆက်လက် ပြန့်ကားနေပြီး

ရှေးဟောင်းနတ်ဘုရား၏ ရုပ်ပျက်ဆင်းပျက် မျက်နှာကြီးသည်လည်း ငွေရောင် အလင်းတန်းကြောင့် လင်းလက်သွားပြီး ၎င်း၏ မျက်လုံးများတွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။

တိုက်ပွဲဝင်နေသော ရှန်ယွဲ့ပင်လျှင် အဝေးမှ အလင်းရောင်ကြောင့် အာရုံရောက်သွားသည်။ သူသာမက ထွက်ပြေးနေကြသော ပြည်သူများ၊ ကုန်သည်များနှင့် သိုင်းလောကသားများ အားလုံး လှည့်ကြည့်လိုက်ကြသည်။

ရှန်ယွဲ့ထံသို့ ပြေးဝင်နေကြသော ချီမိသားစု သိုင်းပညာရှင်များပင် မနေနိုင်ဘဲ လှည့်ကြည့်လိုက်ကြသည်။

အမှောင်ထုထဲတွင် မျက်စိကျိန်းလောက်သော ငွေရောင် အလင်းတန်းကြီး တစ်ခု ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။ ၎င်းသည် အမှောင်ထုကို မောင်းထုတ်မည့် အလင်းရောင် တစ်ခုကဲ့သို့၊ သို့မဟုတ် အရုဏ်ဦးကို ဆောင်ကြဉ်းပေးမည့် အရာတစ်ခုကဲ့သို့ ဖြစ်နေသည်။

လီချင်းချိုးကို ဝန်းရံထားသော ဝိညာဉ်နှုတ်ဓားပျံများက ငွေရောင် အလင်းတန်းများကို အဆက်မပြတ် ထုတ်လွှတ်နေပြီး နောက်ဆုံးတွင် သူ့ခေါင်းပေါ်၌ ကြီးမားသော ငွေရောင် ဓားရိပ်ကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားကာ ဆက်လက် ကြီးထွားလာနေဆဲပင်။

ကောင်းကင်သက်တံဓားကတော့ သူ့ရှေ့တွင် ရှိနေဆဲ ဖြစ်ပြီး အဆုံးမဲ့ ပျံသန်းလာသော သစ်ရွက်များကို ကာကွယ်ပေးထားသည်။

ရှေးဟောင်းနတ်ဘုရား၏ သစ်သားနွယ်ပင်များ ရိုက်ခတ်လာလျှင်ပင် ဓားချီစွမ်းအင် ဒိုင်းကို မလှုပ်ခါနိုင်ပေ။

"ဒါက..."

ချူကျင်း သူ့ခေါင်းပေါ်ရှိ ကြီးမားသော ငွေရောင် ဓားရိပ်ကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ ဤမျှ ကြီးမားသော မူလချီစွမ်းအင် ပမာဏကို သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်ပြီး မူလချီစွမ်းအင် သမုဒ္ဒရာကြီး တစ်စင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရသည်။

လီချင်းချိုးသည် သီးသန့်နေချိန်တွင်ပင် သူ့အစွမ်းအစ အမှန်ကို တစ်ခါမျှ မထုတ်ဖော်ခဲ့ပေ။ ဝိညာဉ်နှုတ်ဓားပျံကို အသုံးပြုရာတွင်လည်း အလွန် ထိန်းသိမ်းထားခဲ့သည်။

သူသည် သာမန် မူလအားဖြည့်နယ်ပယ် နဝမအဆင့် မဟုတ်ပေ။

"အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ" ကံကြမ္မာကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ သူ့ရဲ့ မူလချီစွမ်းအင်သည် သာမန် နယ်ပယ်တူ ကျင့်ကြံသူများထက် အဆတစ်ရာ ပိုမို အားကောင်းသည်။

သူသည် အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သော ဂါထာများကို မတတ်မြောက်ထားသော်လည်း မူလချီစွမ်းအင် ကြီးမားမှုကြောင့် မည်သည့် ဂါထာကိုမဆို စွမ်းအား မြှင့်တင်ပေးနိုင်သည်။

ဘုန်း…

လီချင်းချိုး၏ ပတ်ဝန်းကျင်ရှိ အပျက်အစီးများ လွင့်စဉ်သွားပြီး သူ့ခေါင်းပေါ်ရှိ ဝိညာဉ်နှုတ်ဓားပျံကလည်း ရုတ်တရက် ပေ ၁၀၀ အထိ ရှည်လျားလာကာ အရာအားလုံးကို လွှမ်းမိုးသွားစေသော ဓားအရှိန်အဝါ တစ်ခု ထုတ်လွှတ်လိုက်သည်။

ဝိညာဉ်နှုတ်ဓားပျံထံမှ အေးစက်သော အရှိန်အဝါ တစ်ခုကို သူ ခံစားလိုက်ရသောကြောင့် ချူကျင်း ကြောက်လန့်နေပြီ….

"လူသားတစ္ဆေနတ်ဘုရား" ကံကြမ္မာ ပိုင်ရှင်ဖြစ်သော သူပင်လျှင် ဤကဲ့သို့ ခံစားရလျှင် ရှေးဟောင်းနတ်ဘုရား ဆိုပါက ဆိုဖွယ်ရာ မရှိတော့ပေ။

ရှေးဟောင်းနတ်ဘုရားသည်လည်း ဝိညာဉ်နှုတ် ဓားပျံကို ကြည့်လိုက်ပြီး အလိုအလျောက် ကြောက်ရွံ့သွားသည်။ ထိုအခါ သူ ပိုမို ကြမ်းတမ်းလာပြီး နွယ်ပင် အများအပြား မြေကြီးကို ဖောက်ထွက်လာကာ လီချင်းချိုးထံသို့ ရိုက်ခတ်လိုက်သည်။ နွယ်ပင်များ အပေါ်တွင် ထက်မြက်သော ဆူးများပင် ပေါက်ရောက်လာသည်။

လီချင်းချိုး လုံးဝ မလောပေ။ ရှေးဟောင်းနတ်ဘုရား၏ သစ်ခေါက်များက ယုံနိုင်စရာ မရှိအောင် မာကျောသော်လည်း အားနည်းချက်ကလည်း ထင်ရှားသည်။ ၎င်းမှာ မရွေ့လျားနိုင်ခြင်းပင်။

ယ

မရွေ့လျားနိုင်မှတော့ လီချင်းချိုးတွင် ဖြေရှင်းစရာ နည်းလမ်းပေါင်းများစွာ ရှိသည်။

"မင်းသာ ကိုယ်ပွားကို ဒီကို မလွှတ်ခဲ့ရင် ငါ မင်းကို တကယ်ပဲ လာတိုက်ရဲမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက ဝိညာဉ်အာရုံနယ်ပယ်ကိုတောင် မရောက်သေးဘဲနဲ့ ငါ့နားကို ကပ်ရဲတယ်ပေါ့..."

လီချင်းချိုး၏ မျက်နှာထားက ရေခဲတမျှ အေးစက်နေသည်။

သူသည် ဝိညာဉ်နှုတ် ဓားပျံ အတွင်းသို့ မူလချီစွမ်းအင်များ အဆက်မပြတ် ထည့်သွင်းနေပြီး တစ်ဖက်တွင်လည်း ရှေးဟောင်းနတ်ဘုရားကို စိတ်ဒုက္ခ ရောက်စေလိုသည်။

သူ့တပည့်တွေကို သတ်သွားမှတော့ ရှေးဟောင်းနတ်ဘုရားကို ဘယ်လိုလုပ် အလွယ်တကူ သေခွင့်ပေးရမှာလဲ…

ဝုန်း... ဝုန်း... ဝုန်း…

ယဲ့မင်းမြို့၏ လမ်းမများ ကွဲအက်သွားပြီး နွယ်ပင်များ ထိုးထွက်လာကာ အိမ်များ ပြိုကျကုန်သည်မှာ မိစ္ဆာဆိုးကြီး တစ်ကောင် ခုန်ထွက်လာပြီး မြို့တစ်မြို့လုံးကို တွင်းနက်ထဲ ဆွဲချသွားတော့မည့်အလား ဖြစ်နေသည်။

လီချင်းချိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့ခေါင်းပေါ်ရှိ ပေ ၁၀၀ ရှည်လျားသော ဝိညာဉ်နှုတ်ဓားပျံသည် ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ခု ထုတ်လွှတ်လိုက်သည့် တစ်ခဏချင်းမှာပင် ဝိညာဉ်နှုတ်ဓားပျံသည်လည်း လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ပျံထွက်သွားပြီး မိုင်အနည်းငယ် အကွာအဝေးကို မျက်တောင် တစ်ခတ်စာ အတွင်း ရောက်ရှိသွားသည်။

ချူကျင်း၏ အကြည့်များပင် လိုက်မမီလိုက်ပေ။ သူ လှည့်ကြည့်လိုက်သောအခါ ဝိညာဉ်နှုတ်ဓားပျံက ရှေးဟောင်းနတ်ဘုရား၏ မျက်နှာတွင် စိုက်ဝင်နေပြီ ဖြစ်သည်။

ဤဓားချက်ကြောင့် မြို့ထဲရှိ သစ်သားနွယ်ပင်များ အားလုံး ရပ်တန့်သွားကြသည်။

အောင်မြင်သွားပြီလား…

ချူကျင်း တုန်လှုပ်သွားသော်လည်း ဝမ်းသာမှုများ သူ့ရင်ထဲတွင် ပြည့်လျှံလာသည်။

သို့သော် ရှေးဟောင်းနတ်ဘုရား၏ မျက်နှာ ရှုံ့မဲ့သွားသည်ကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြန်သည်။

"သေမျိုး... မင်း ငါ့ကို ဘာမှတ်နေလဲ..."

ရှေးဟောင်းနတ်ဘုရား၏ အသံ ထွက်ပေါ်လာသည်။ အံကြိတ်သံများနှင့် အတူ အဆုံးမဲ့သော အမုန်းတရားများ ပါဝင်နေသဖြင့် ကြားရသူတိုင်း ကျောချမ်းသွားပြီး ဦးရေပြားများ ထုံကျဉ်သွားစေသည်။

"ဒီဓားတစ်ချက်တည်းနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား... ဒီလောက် စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုကြောင့် မင်းရဲ့ မူလချီစွမ်းအင်တွေ အခုလောက်ဆို ကုန်ခမ်းနေလောက်ပြီ... လီချင်းချိုး... မင်းရဲ့ စွမ်းရည်က တကယ်ပဲ မှတ်သားလောက်ပါတယ်... လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကဆိုရင်တောင် မင်း နာမည်ကျော်ကြားမှာ သေချာတယ်... ကံဆိုးတာက မင်း ခေတ်မှား မွေးလာတာပဲ..."

ရှေးဟောင်းနတ်ဘုရားက ရက်စက်စွာ ပြုံး၍ ရူးသွပ်စွာ ပြောလိုက်ရင်း လီချင်းချိုး၏ အသွေးအသားများကို စားသုံးရမည်ကို သူ စိတ်ကူးယဉ်နေပြီ ဖြစ်သည်။

ဒီလောက် ကျင့်ကြံခြင်း အဆင့်မြင့်ပြီး ဒီလောက် ကောင်းမွန်တဲ့ အသွေးအသားဆိုရင် သေမျိုးပေါင်းများစွာကို စားသုံးတာထက် အများကြီး ပိုပြီး အားရှိမှာ သေချာတယ်…

"ကုန်ခမ်းသွားပြီ ဟုတ်လား..."

လီချင်းချိုး၏ အသံ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ ဆူညံသံများက သူ့အသံကို မလွှမ်းမိုးနိုင်ဘဲ ရှေးဟောင်းနတ်ဘုရား၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိသွားသည်။

ရှေးဟောင်းနတ်ဘုရား ဘာမှ ဆက်မတွေးရသေးခင်မှာပင် လီချင်းချိုး၏ ခေါင်းပေါ်တွင် ဝိညာဉ်နှုတ် ဓားပျံများ ထပ်မံ ပေါ်ထွက်လာပြန်သည်။ တစ်ချောင်းချင်းစီက ယခင်ဓားပျံထက် စွမ်းအား မလျော့နည်းပေ။

ဝိညာဉ်နှုတ် ဓားပျံများကို ဆွဲထုတ်လိုက်ပြီး ချက်ချင်း ပစ်လွှတ်လိုက်ရာ အစွန်းရောက် အမြန်နှုန်းဖြင့် ပျံသန်းသွားကြသည်။

ဝိညာဉ်နှုတ် ဓားပျံများ ရှေးဟောင်းနတ်ဘုရားကို တစ်ချောင်းပြီး တစ်ချောင်း ဝင်ရောက် တိုက်ခိုက်လိုက်ရာ ကြီးမားသော ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ခါသွားသည်။ သူသည် ဓား ၇ ချောင်းကိုသာ ခံနိုင်ရည် ရှိခဲ့သည်။ ၈ ချောင်းမြောက် ဓား ဝင်ရောက်လာသောအခါ တောင်တစ်လုံးကဲ့သို့ ကြီးမားသော သူ့ပင်စည်ကြီး ထိုးဖောက်ခံလိုက်ရပြီး အပိုင်းပိုင်း စုတ်ပြတ်သွားသည်။

တောင်တစ်လုံးကဲ့သို့ ကြီးမားသော ရှေးဟောင်းနတ်ဘုရား အပိုင်းပိုင်း အစစ ဆုတ်ဖြဲခံလိုက်ရချေပြီ……

အပျက်အစီးများကြားတွင် ချီထျန်းချွမ် တံခါးတစ်ချပ်ကို တွန်းဖွင့်ပြီး ချောင်းကြည့်လိုက်တော့ သူ အနိုင်ယူ၍ မရနိုင်ဟု ထင်မှတ်ထားသော ရှေးဟောင်းနတ်ဘုရားသည် ဝိညာဉ်နှုတ်ဓားပျံများ၏ လက်ချက်ဖြင့် ပျက်စီးသွားသည်ကို တွေ့လိုက်ရသဖြင့် သူ့မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး အိပ်မက်မက်နေသည်ဟု ထင်လိုက်မိသည်။

ရှေးဟောင်းနတ်ဘုရားသစ်ပင် ခါးလယ်မှ ပြတ်ထွက်သွားပြီး နတ်ဆိုးဝိညာဉ်သည်လည်း ဝိညာဉ်နှုတ်ယူ ဓားပျံများဖြင့် လေထဲတွင် ချိပ်ပိတ်ခံထားရသည်ကို မြင်သောအခါ လီချင်းချိုး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ရှေးဟောင်းနတ်ဘုရားကို သတ်ဖြတ်ရန် သူ့မူလချီစွမ်းအင် အများစုကို အသုံးပြုလိုက်ရသဖြင့် မလွယ်ကူလှပေ။ သို့သော် အပေါ်ယံတွင်မူ သူသည် ဘာမှ မဖြစ်သကဲ့သို့ ဟန်ဆောင်နေလိုက်သည်။

ဤမြင်ကွင်းကို ချီထျန်းချွမ် သာမက မြို့ထဲရှိ လူအများအပြားလည်း မြင်တွေ့လိုက်ရပြီး အားလုံး အလွန် အံ့သြသွားကြသည်။

ချီထျန်းချွမ် လှည့်ကြည့်လိုက်ရာ ဓားကို ကိုင်ထားသော လီချင်းချိုးကို တွေ့လိုက်ရသဖြင့် အလွန် တုန်လှုပ်သွားသည်။

လီချင်းချိုးလည်း လှမ်းကြည့်လိုက်တော့ ချီထျန်းချွမ်ကို တွေ့လိုက်ရသည်။ သူသည် "အစွန်းရောက် ရွေ့လျားမှုပညာ" ကို ချက်ချင်း အသုံးပြု၍ ချီထျန်းချွမ်၏ ရှေ့သို့ ရောက်သွားသည်။

လီချင်းချိုး ရုတ်တရက် ပေါ်လာသဖြင့် ချီထျန်းချွမ် လန့်ဖျပ်သွားပြီး

လီချင်းချိုး၏ မျက်နှာကို သေချာ မြင်လိုက်ရသောအခါ သူ့မျက်နှာထား ပြောင်းလဲသွားပြီး အပျက်အစီးများပေါ်တွင် ဒူးထောက်ချလိုက်သည်။

"ကျွန်တော် မှားသွားပါတယ်... ချီမိသားစု မှားသွားပါတယ်... ခင်ဗျား ပြောသလိုပါပဲ... ချီမိသားစု လှည့်စားခံခဲ့ရတာပါ..."

ချီထျန်းချွမ်၏ အသံ တုန်ရီနေပြီး မျက်နှာပေါ်တွင် အသနားခံသော အမူအရာများ ပေါ်နေသည်။

ဤလူသည် နဂါးဝတ်ရုံ ဝတ်ဆင်ထားသည်ကို မြင်သောအခါ သူသည် ချီမိသားစုတွင် ရာထူးကြီးသူ ဖြစ်ကြောင်း လီချင်းချိုး သိလိုက်သည်။

"အမှားကို ဝန်ခံတာ ကောင်းတယ်..."

လီချင်းချိုး၏ စကားကို ကြားသောအခါ ချီထျန်းချွမ် ဝမ်းသာသွားသည်။

ဖောက်…

ထိုစဉ် ချီထျန်းချွမ်၏ ခေါင်းပြတ် လေထဲသို့ မြောက်တက်သွားပြီး သွေးများ ပန်းထွက်လာသည်။ ဓားကို ကိုင်ထားသော လီချင်းချိုး၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ လူတစ်ယောက်ကို သတ်လိုက်ခြင်း မဟုတ်ဘဲ ကြက်တစ်ကောင်ကို သတ်လိုက်သကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် လီချင်းချိုးက ဝိညာဉ်သန့်စင် အလံကို ထုတ်၍ ချီထျန်းချွမ်၏ ဝိညာဉ်ကို အလံထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူ လှည့်ထွက်ပြီး ရှေးဟောင်းနတ်ဘုရား၏ နတ်ဆိုးဝိညာဉ်ထံသို့ လျှောက်သွားလိုက်သည်။

၎င်း၏ နတ်ဆိုးဝိညာဉ်သည် သစ်ပင်ခန္ဓာကိုယ် မဟုတ်ဘဲ ပွပွရွရွ ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာသည် ရှေးဟောင်း နတ်ဘုရားသစ်ပင်ပေါ်ရှိ လူမျက်နှာနှင့် ထပ်တူပင် ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားဆိုသူက ခါးလယ်မှ ပြတ်ထွက်သွားသော သူ့နတ်ဆိုးခန္ဓာကိုယ်ကို ကြည့်ပြီး မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ... သူက ဘယ်သူလဲ... မူလချီစွမ်းအင်က ဘယ်လိုလုပ် ဒီလောက် ကြီးမားနေရတာလဲ..."

ရှေးဟောင်းနတ်ဘုရား နားမလည်နိုင် ဖြစ်နေစဉ် သူ့ကိုယ်ပေါ်ရှိ ဝိညာဉ်နှုတ်ဓားပျံများသည် စွမ်းအားပြလာပြီး သူ့နတ်ဆိုးဝိညာဉ်ကို နှိပ်စက်လာသဖြင့် သူ စူးရှစွာ အော်ဟစ်လိုက်မိသည်။ ကံဆိုးစွာဖြင့် သူ သေဆုံးနေပြီ ဖြစ်သဖြင့် သူ့အသံကို သက်ရှိများ မကြားနိုင်တော့ပေ။

သူ့နာကျင်နေသော ပုံစံကို ကြည့်ပြီး ဝိညာဉ်နှုတ်ဓားပျံတွင် သူ နားမလည်နိုင်သော ဖျက်ဆီးအားများ ပါဝင်နေကြောင်း ချူကျင်း သဘောပေါက်လိုက်သည်။

"သိုင်းပညာက ကြွက်သား၊ အရိုး၊ အရေပြားနဲ့ အသားတွေကို အလေးပေးပေမဲ့ မသေမျိုးပညာက ဝိညာဉ်ကို ထိခိုက်စေနိုင်တာလား..."

ချူကျင်း တွေးတောမိပြီး လီချင်းချိုးကို လေးစားစွာ ကြည့်လိုက်မိသည်။

ရှေးဟောင်းနတ်ဘုရားနှင့် တွေ့ဆုံပြီးနောက် လီချင်းချိုးအပေါ် သူ့ယုံကြည်မှု ယိမ်းယိုင်သွားခဲ့သော်လည်း လီချင်းချိုးသည် ယခင်ကကဲ့သို့ပင် ရန်သူကို လျင်မြန်ပြတ်သားစွာ သုတ်သင်နိုင်ခဲ့သည်။

သူသည် ယခင်ကကဲ့သို့ပင် စွမ်းအားကြီးမားနေဆဲ ဖြစ်ပြီး ခန့်မှန်း၍ မရနိုင်အောင် နက်ရှိုင်းနေဆဲပင်။

ဒီလို ဂိုဏ်းချုပ်မျိုးနဲ့ဆိုရင် ချင်းရှောင်ဂိုဏ်းရဲ့ အနာဂတ်က အတိုင်းအဆမဲ့ ဖြစ်လိမ့်မယ်…

ချူကျင်း စိတ်မသက်မသာ ဖြစ်နေစဉ် မြေပြင် စတင် တုန်ခါလာသဖြင့် လီချင်းချိုး မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး နန်ကုန်းအာနှင့် လင်းချွမ် တို့ကို ဆင့်ခေါ်ကာ မြေအောက်သို့ ဆင်း၍ စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်သည်။

သူ ခြေလှမ်းများကို အရှိန်မြှင့်ပြီး ရှေးဟောင်းနတ်ဘုရား ရှေ့သို့ ရောက်သွားပြီး ဦးစွာ ရှေးဟောင်းနတ်ဘုရား အပေါ် "ဝိညာဉ်ချုပ် ဂါထာ"ကို အသုံးပြုလိုက်ပြီး နတ်ဆိုးဝိညာဉ်ကို ဝိညာဉ်သန့်စင် အလံထဲသို့ ဆွဲထည့်လိုက်သည်။

ဤလုပ်ငန်းစဉ်သည် အချိန်အတန်ကြာ မြင့်ပြီးနောက် ယဲ့မင်းမြို့ကြီးတခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

မိုးကုပ်စက်ဝိုင်းတွင် အလင်းရောင် ပေါ်လာချေပြီ….

နေမင်းကြီး အရှေ့ဘက်မှ ထွက်ပေါ်လာပြီး တစ်နေ့တာ၏ ပထမဆုံး နေရောင်ခြည်သည်လည်း ယဲ့မင်းမြို့အပေါ်သို့ လျင်မြန်စွာ ကျရောက်လာသည်။

တစ်ချိန်က စည်ကားခဲ့သော ယဲ့မင်းမြို့ကြီး လုံးဝ ပျက်စီးသွားပြီ ဖြစ်ပြီး နေရာအနှံ့ အပျက်အစီးများဖြင့် ပြည့်နှက်နေပြီ….

ရှန်ယွဲ့ကတော့ ခေါင်မိုးပေါ်တွင် ရပ်လျက် အသက်ပြင်းပြင်း ရှူနေသည်။ သူ့ပတ်လည် ၅ မိုင် အကွာအဝေး အတွင်း၌ ထောင်ပေါင်းများစွာသော သိုင်းပညာရှင်များ လဲကျနေကြသည်။ အများစုမှာ သတိမေ့နေကြပြီး သတိရနေသူများသည်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် မလှုပ်ရှားနိုင်ကြပေ။

သူ ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့သလို သူ့ဝတ်ရုံတွင် ဖုန်မှုန့်များပင် မကပ်ပေ။

"တိုက်ပွဲက ဒီလောက် မြန်မြန် ပြီးသွားတာလား... လီချင်းချိုး... ခင်ဗျားရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်တောင် မြင့်မားနေတာလဲ..."

ရှန်ယွဲ့ မတွေးဘဲ မနေနိုင်တော့ပေ။

သူ ရှေးဟောင်းနတ်ဘုရားနှင့် တိုက်ရိုက် မတိုက်ခိုက်ခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရား၏ အရှိန်အဝါက သိပ်ကြောက်စရာ ကောင်းလွန်းသည်။ ဝေးကွာနေသော်လည်း ရှေးဟောင်းနတ်ဘုရား၏ ပြိုင်ဘက် မဟုတ်ကြောင်း သူ သိသည်။

ဒါပေမဲ့ အဲဒီလောက် စွမ်းအားကြီးတဲ့ ရှေးဟောင်းနတ်ဘုရားရဲ့ အရှိန်အဝါက မြန်မြန် ပေါ်လာပြီး မြန်မြန် ပျောက်ကွယ်သွားတယ်... ဒါ ဘာအဓိပ္ပာယ်လဲ…

ရှေးဟောင်းနတ်ဘုရားနှင့် လီချင်းချိုးကြားတွင် စွမ်းအားကွာခြားချက် ကြီးမားနေကြောင်း ပြသနေသည်။

လီချင်းချိုးကို မီအောင် လိုက်ချင်ရင် ခရီးရှည်ကြီး သွားရဦးမယ့်ပုံပဲ...

ရုတ်တရက် ကြီးမားသော လင်းယုန်နက်ကြီး တစ်ကောင် ကောင်းကင်မှ ဆင်းသက်လာပြီး သစ်တုံးကြီး တစ်တုံးကို ခြေသည်းများဖြင့် ဖမ်းဆုပ်ကာ သူ့ခေါင်းပေါ်မှ ဖြတ်ကျော် ပျံသန်းသွားပြီး မိုးကုပ်စက်ဝိုင်းထဲတွင် ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသည်။

ရှန်ယွဲ့ လေထဲသို့ ခုန်တက်လိုက်ပြီး သစ်သားဓားတစ်လက်ပေါ် နင်းကာ မြို့တွင်းပိုင်းသို့ ပျံသန်းသွားသည်။

မကြာမီ လမ်းမပေါ်တွင် ရပ်နေသော လီချင်းချိုးကို တွေ့လိုက်ရတော့ လီချင်းချိုး ရှေ့သို့ ဆင်းသက်လိုက်ပြီး… "ပြီးသွားပြီလား..." ဟု မေးလိုက်သည်။

"အင်း..."

ရှေးဟောင်းနတ်ဘုရား သေဆုံးသွားပြီ ဖြစ်ကြောင်း သူ သေချာသော်လည်း စောစောက အဘယ်ကြောင့် မြေငလျင် လှုပ်သွားသလဲ ဆိုသည်ကို သူ မသိပေ။

ရှန်ယွဲ့က ပြုံးလိုက်ပြီး "ကြည့်ရတာ ကျုပ်တို့ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိသလို မဖြစ်တော့ဘူးပေါ့..."

လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်ပြီး…

"တကယ်လား... ခင်ဗျား လူဘယ်နှယောက် သတ်ခဲ့လဲ..."

"ဟွန့်…ဂိုဏ်းချုပ်က ကျွန်တော့်ကို အာရုံလွှဲခိုင်းတာလေ... တစ်ယောက်ယောက်ကို အရှင်ထားချင်လို့ မဟုတ်လား... ဂိုဏ်းချုပ်လီ... ခင်ဗျားက တကယ် ဟန်ဆောင်ကောင်းတဲ့လူပဲ..."

"ထားလိုက်ပါတော့... ခင်ဗျား တာဝန် မကျေခဲ့ဘူး... ပြန်ရောက်ရင် ဂိုဏ်းသားတွေ သင်ခန်းစာ ယူရအောင် ခင်ဗျားကို အပြစ်ပေးရမယ်..."

"ကောင်းပြီလေ... ဂိုဏ်းချုပ်ရဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော် ခေါင်းခံပေးပါ့မယ်..."

လီချင်းချိုး ပြုံးလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။

ရှန်ယွဲ့က သူတို့ကို မသတ်ပေမဲ့ မိုကျိုဟုန်ကတော့ ညှာတာမှာ မဟုတ်ဘူး... ပြီးတော့ မိုကျိုဟုန်က ဘယ်သူတွေက ချီမိသားစုဝင်တွေလဲ ဆိုတာ ခွဲခြားသိတယ်…

"နောက်ထပ် ဘယ်သွားမလဲ..."

“ စစ်နိုင်ပစ္စည်းတွေကို သွားယူရမှာပေါ့..."

"ဂိုဏ်းချုပ်... ဒီလောကမှာ ခင်ဗျားကို အစွမ်းကုန် ထုတ်သုံးအောင် ဖိအားပေးနိုင်တဲ့လူ ရှိသေးလား..."

လီချင်းချိုးက ပြန်မဖြေဘဲ "အနာဂတ်မှာ ခင်ဗျား ဖြစ်လာမလား..." ဟု ပြန်မေးလိုက်တော့ ထိုစကားကို ကြားသောအခါ ရှန်ယွဲ့၏ မျက်လုံးများ တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပလာသည်။

သူ ပြန်မဖြေလိုက်သော်လည်း လီချင်းချိုး၏ မေးခွန်းက သူ့ရင်ထဲတွင် မျိုးစေ့တစ်စေ့အလား အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ စိတ်လှုပ်ရှားသွားသည်။

လီချင်းချိုးက သူ့ကို ပြိုင်ဘက်တစ်ယောက် အနေဖြင့် အမြဲ သဘောထားခဲ့ပြီး သူ့ကျင့်ကြံမှုကို မျှော်လင့်နေခဲ့တာပါလား…

All Chapters