ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း………..
Vol. 18 Ch. 179
ချင်းရှောင်တောင်နှင့် ဇီယန်တောင်ထွတ် ကြားရှိ မြေပြန့်တွင် ဂိုဏ်းသား အများအပြား စုဝေးရောက်ရှိနေကြပြီး တောင်နှစ်လုံးစလုံးမှ လာရောက်ကြသော ဂိုဏ်းသား အရေအတွက် တိုးပွားလာနေသည်။
ကျိယာလည်း ဓားဂိုဏ်းသား ၅ ယောက်နှင့်အတူ ရောက်ရှိလာသည်။ ဤ ဓားဂိုဏ်းသား ၅ ယောက်သည် စီရင်စုမြို့တော် ထောင်ထဲတွင် သူနှင့်အတူ အဖမ်းခံခဲ့ရသော ကလေးများ ဖြစ်ကြပြီး ယခုအခါ အားလုံး အရွယ်ရောက်နေကြပြီ ဖြစ်သည်။
ယန်လင်းက သူ့ရှေ့ရှိ တောင်ငယ်တစ်လုံးခန့် ရှိသော သစ်တုံးကြီးကို မျက်လုံးပြူးကာ ကြည့်လိုက်ပြီး "ကြီးလိုက်တာ..." ဟု အံ့သြတကြီး ရေရွတ်လိုက်သည်။
မြက်ခင်းပြင်ပေါ်တွင်ရှိနေသော သစ်တုံးကြီးသည် အကျယ် ၅ တောင်၊ အမြင့် ၂ တောင်ခန့် ရှိသည်။ သစ်သား အကွက်အထပ်များက အလွန် ထင်ရှားနေပြီး သစ်တုံး မျက်နှာပြင်ပေါ်တွင် မျက်လုံးတစ်လုံး၏ ပုံသဏ္ဌာန် တစ်ဝက်ခန့်ကို ဝိုးတဝါး မြင်နေရသည်။
သူမ သာမက အခြား ကြည့်ရှုသူများလည်း ပြောဆို ဆွေးနွေးနေကြသည်။
"ဒါ ချီမိသားစု နတ်ဆိုးရဲ့ အကြွင်းအကျန်တွေလို့ ကြားတယ်..."
"၃ ရက်ပဲ ရှိသေးတယ်... ချီမိသားစု မွေးထားတဲ့ နတ်ဆိုးက သေသွားပြီလား..."
"မေးနေစရာ မလိုပါဘူး... ဂိုဏ်းချုပ်က နတ်ဆိုးငှက်စီးပြီး မြောက်ဘက်ကို သွားတာ နေမှာပေါ့..."
"ဟုတ်တယ်... လွန်ခဲ့တဲ့ ရက်ပိုင်း ဂိုဏ်းချုပ်ကို မတွေ့ဘူး... ဂိုဏ်းချုပ်က တကယ် တော်တာပဲ... ဂိုဏ်းအတွက် ပြဿနာကြီးတွေကို တစ်ယောက်တည်း အမြဲ ဖြေရှင်းပေးတယ်..."
"ချီမိသားစုက တကယ် တုံးတာပဲ... ငါတို့ကို ဒုက္ခပေးဖို့ နတ်ဆိုး လွှတ်လိုက်တယ်... သေလမ်းရှာတာပဲ... ဂိုဏ်းချုပ်ကို ဒေါသထွက်အောင် လုပ်မိရင် ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ဘူး..."
ဂိုဏ်းသားများ၏ စကားကို နားထောင်ပြီးနောက် ယန်လင်းက ကျိယာ ဘက်သို့ လှည့်ကြည့်ပြီး ….
"ဂိုဏ်းချုပ်က မြောက်ဘက်ကို တကယ် သွားတာလား..." ဟု မေးလိုက်သည်။
ကျိယာ ခေါင်းခါလိုက်ပြီး "ငါလည်း မသိဘူး... ဒါပေမဲ့ ဒီရက်ပိုင်း သူ့ကို မတွေ့တာတော့ အမှန်ပဲ..." ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ယန်လင်း အနည်းငယ် စိုးရိမ်သွားသည်။
အခြား သူငယ်ချင်း တစ်ယောက်က ရယ်မောလိုက်ပြီး ….
"နင် ဘာတွေ တွေးနေတာလဲ... ဒီလောကမှာ ဂိုဏ်းချုပ် မနိုင်တဲ့ ပြိုင်ဘက် ရှိလို့လား... ပြီးတော့ ဒီသစ်တုံးကြီး ရောက်လာတာကို ကြည့်ရင် ဂိုဏ်းချုပ်က တိုက်ပွဲ နိုင်ပြီးပြီ ဆိုတာ သေချာတယ်... ပြန်လာဖို့ အချိန်လိုနေတာပဲ ဖြစ်မှာပါ..."
ထိုစကားကို ကြားသောအခါ ယန်လင်းက ဟုတ်ပေသားပဲဟု တွေးလိုက်ပြီး သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်ပေါ်လာသည်။
မလှမ်းမကမ်းတွင် ကျောက်ကျိန်း၊ ယွမ်လီ နှင့် ရှောင်ညီအစ်ကိုသုံးဖော် တို့လည်း ရောက်လာကြသည်။ သူတို့ ရောက်လာသောအခါ ဂိုဏ်းသားများ လမ်းဖယ်ပေးလိုက်ကြသည်။
သူတို့ ၅ ယောက်က ဂိုဏ်းချုပ် အလေးထား ပျိုးထောင်နေသော တပည့်များ ဖြစ်ကြောင်း၊ သူတို့၏ အနာဂတ် အောင်မြင်မှုသည် ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ထက် မလျော့နည်းနိုင်ကြောင်း အားလုံး သိကြသည်။
သူတို့ စကားပြော ရယ်မောနေကြသည်ကို ကြည့်ရင်း ယန်လင်းက ကျိယာကို လှည့်ကြည့်ပြီး …
"ကျိယာ... နင်က ဘာလို့ သူတို့နဲ့ သွားမရောတာလဲ..."
"ငါ့မှာ အဲဒီလောက် အချိန်မရှိပါဘူး... နင်တို့နဲ့ အချိန်ကုန်ဆုံးရတာ လုံလောက်ပါပြီ..."
"တကယ်တော့ နင် အားတိုင်း ငါတို့ဆီ လာစရာ မလိုပါဘူး... အနာဂတ်မှာ သူတို့နဲ့ ပိုပြီး ဆက်ဆံတာက နင့်အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်..."
ခန်းမ ၇ ခုနှင့် ဓားဂိုဏ်းကြားတွင် ပွင့်လင်းမြင်သာသော တိုက်ပွဲများနှင့် လျှို့ဝှက်တိုက်ပွဲများ ရှိနေသည်။ ဂိုဏ်းချုပ်၏ တပည့်ရင်း တစ်ယောက် အနေဖြင့် ကျိယာသည်လည်း အနာဂတ်တွင် အာဏာပြိုင်ဆိုင်မှုများကြား ပါဝင်လာရလိမ့်မည်။ ယခု သူတို့ ငယ်ရွယ်သေးသဖြင့် ပြိုင်ဆိုင်မှု မရှိသေးသော်လည်း အနာဂတ်တွင် ရှိလာလိမ့်မည်။ အဓိက အသိုင်းအဝိုင်းနှင့် ကင်းကွာနေသော ကျိယာသည် ထိုအချိန်ကျလျှင် ပစ်မှတ်ထားခံရမည်ကို ယန်လင်း စိုးရိမ်နေခြင်း ဖြစ်သည်။
"ကိစ္စ မရှိပါဘူး... ငါတို့က ဂိုဏ်းတူ ညီအစ်ကိုတွေပဲလေ... သံယောဇဉ်က ပြောင်းလဲမှာ မဟုတ်ပါဘူး... ပြီးတော့ ငါက အေးဆေးနေတတ်တဲ့သူပါ... သူတို့ကို မမီပါဘူး..."
ကျိယာက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
ကျောက်ကျိန်းနှင့် အခြားသူများ၏ စရိုက်နှင့် လက်ရှိ ဆက်ဆံရေး ပုံစံသည် သက်တောင့်သက်သာ ရှိကြောင်း သူ သိသည်။
ယန်လင်း ခေါင်းခါလိုက်သော်လည်း ဂိုဏ်းချုပ်ကို သတိရလိုက်သောအခါ စိတ်သက်သာရာ ရသွားသည်။
ဂိုဏ်းချုပ် ရှိနေသရွေ့ ကျိယာ ဘယ်သူနဲ့မှ မဆက်ဆံရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး။
နောက်ရက်များတွင် ရှောင်ပါးက နတ်ဆိုးသစ်တုံး တစ်တုံးစီကို နေ့တိုင်း သယ်ဆောင်လာသည်။ နတ်ဆိုးသစ်တုံးများ များပြားလာသည်နှင့်အမျှ ဤမိစ္ဆာကောင်၏ အရွယ်အစားကို သူတို့ လျှော့တွက်မိခဲ့ကြောင်း ဂိုဏ်းသားများ သဘောပေါက်လာကြသည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်က ဤမိစ္ဆာကောင်ကို မည်သို့ သတ်ဖြတ်ခဲ့သနည်းဟုလည်း တွေးတောလာကြသည်။
ဂိုဏ်းသား အများအပြားသည် နတ်ဆိုးသစ်တုံးကို ထိတွေ့ကြည့်ဖူးကြပြီး အလွန် မာကျောကြောင်း သိရှိခဲ့ကြသည်။
ဂိုဏ်းအကြီးအကဲများက ဂိုဏ်းသားများကို နတ်ဆိုးသစ်တုံး တစ်တုံးအပေါ် ဂါထာစွမ်းအင်များ စမ်းသပ်ခွင့် ပေးခဲ့သော်လည်း မည်သို့ပင် တိုက်ခိုက်ပါစေ ထိခိုက်အောင် မလုပ်နိုင်ကြပေ။ ဤအချက်ကြောင့် ဂိုဏ်းသားများ နတ်ဆိုး၏ ကြောက်မက်ဖွယ် ကောင်းပုံကို ပိုမို နက်ရှိုင်းစွာ နားလည်လာကြသည်။
…..
နှင်းဖုံးနေသော တောင်တန်းများကြားတွင် လီချင်းချိုး၊ ရှန်ယွဲ့ နှင့် မိုကျိုဟုန်တို့ လမ်းလျှောက်နေကြသည်။
မိုကျိုဟုန်က အထုပ်ကြီး အများအပြားကို ကျောပေါ်တွင် လွယ်ထားသော်လည်း လုံးဝ မမောပန်းဘဲ မျက်နှာပေါ်တွင် အပြုံးတစ်ခု အမြဲ ရှိနေသည်။
ရှန်ယွဲ့ကတော့ ရှေ့မှ လျှောက်နေပြီး လက်တစ်ဖက်ဖြင့် တစ်စုံတစ်ခုကို ညွှန်ပြနေသကဲ့သို့ လက်ဟန်ခြေဟန် ပြလုပ်နေသည်။ သူသည် ချီမိသားစုထံမှ ဓားသိုင်းကျမ်း တစ်အုပ် ရရှိခဲ့ပြီး လေ့လာနေခြင်း ဖြစ်သည်။
လီချင်းချိုးက လမ်းလျှောက်ရင်း စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ရှေးဟောင်း ပုံပြင်များကို ဖတ်ရှုနေရာ အလွန် စိတ်ဝင်စားနေမိသည်။
ဒဏ္ဍာရီအရ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကမ္ဘာမြေပေါ်တွင် လူသားများ မရှိဘဲ ရက်စက်ကြမ်းကြုတ်သော သားရဲများ၊ မင်္ဂလာနိမိတ်ကောင်များနှင့် နတ်ဆိုးသားရဲများ လွတ်လပ်စွာ ကျင်လည်ကျက်စားခဲ့ကြသည်။ နောက်ပိုင်းမှ မသေမျိုးများ ဆင်းသက်လာပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် နတ်ဆိုးသားရဲများကို သတ်ဖြတ်ကာ မင်္ဂလာနိမိတ်ကောင်များကို ဖမ်းဆီးခဲ့မှသာ ကမ္ဘာမြေကြီး တဖြည်းဖြည်း ငြိမ်းချမ်းလာပြီး လူသားမျိုးနွယ်များ စတင် ပြောင်းရွှေ့ နေထိုင်လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ကိုးခရိုင်နယ်မြေ၏ ကျင့်ကြံခြင်း အမွေအနှစ်များကို လီချင်းချိုး အမြဲ စိတ်ဝင်စားခဲ့သည်။ အတိတ်က ကျင့်ကြံသူများ ဘာကြောင့် ထွက်ခွာသွားကြသနည်း၊ ဘာကို ရှောင်ပုန်းနေကြသနည်း။ ဤမေးခွန်းများ၏ အဖြေကို တစ်နေ့ကျရင် သိရပေလိမ့်မည်။
ကျိမိသားစု၏ ဒဏ္ဍာရီများအရ ဤမြေကြီးသည် သဘာဝ ဘေးအန္တရာယ်များ ကျရောက်ခဲ့ဖူးပြီး လက္ခဏာရပ် အမျိုးမျိုးက ကပ်ဘေးတစ်ခုခု အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း ပြသနေသည်။
ကျရောက်လာမည့် ဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်ဟု လီချင်းချိုး ခံစားမိသည်။
ပြန်ရောက်သည်နှင့် အစီအရင်များနှင့် မှော်ရတနာများကို အာရုံစိုက်ရန် သူ စီစဉ်ထားသည်။
သူသည် ရှေးဟောင်းနတ်ဘုရား၏ အလောင်းကို အပိုင်းပိုင်း ဖြတ်တောက်ပြီး ရှောင်ပါးကို သယ်ဆောင်ခိုင်းထားသည်။ ထိုမျှ မာကျောသော သစ်သားက မှော်ရတနာများ သန့်စင်ရန် သေချာပေါက် သင့်တော်ပေလိမ့်မည်။
လီချင်းချိုး ဂိုဏ်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို စဉ်းစားနေစဉ် ရှေ့နားရှိ တောင်လမ်းမှ လူနှစ်ယောက် ပြေးဆင်းလာသည်ကို တွေ့လိုက်ရသည်။ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ အမျိုးသမီးသည် စစ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ကလေးတစ်ယောက်ကို ပွေ့ချီထားကာ အမျိုးသားမှာ သစ်သားတုတ်တစ်ချောင်း ကိုင်ဆောင်ထားသော ဘုန်းကြီးတစ်ပါး ဖြစ်သည်။
လီချင်းချိုး တစ်ချက်ကြည့်ပြီး အကြည့်လွှဲလိုက်သည်။
ရှန်ယွဲ့က ရှေ့မှ လျှောက်နေပြီး ဓားသိုင်းလေ့ကျင့်နေသဖြင့် မော့မကြည့်ပေ။ မိုကျိုဟုန်ကမူ စူးစမ်းလိုစိတ်ဖြင့် ရှေ့ကို လှမ်းကြည့်နေသည်။
ဘုန်းကြီးနှင့် သံချပ်ကာဝတ် အမျိုးသမီးက လျင်မြန်စွာ ပြေးလာကြပြီး ရှန်ယွဲ့ အနားသို့ ရောက်သောအခါ ဘုန်းကြီးက….
"အမြန် ပုန်းနေကြ... ငရဲစမ်းစစ်တပ် လာနေပြီ..." ဟု သတိပေးလိုက်သည်။
စကားဆုံးသည်နှင့် မြေကြီး စတင် တုန်ခါလာပြီး မြင်းခွာသံများ ထွက်ပေါ်လာသဖြင့် ဘုန်းကြီးက အံကြိတ်ပြီး သံချပ်ကာ အမျိုးသမီးနှင့် အတူ အနီးနားရှိ တောအုပ်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်သည်။ ရုတ်တရက် သူ့အကြည့်က လီချင်းချိုးနှင့် မိုကျိုဟုန်တို့ အပေါ်သို့ ကျရောက်သွားသောအခါ သူ တောင့်ခနဲ ဖြစ်သွားပြီး ခြေလှမ်း ရပ်တန့်လိုက်သည်။
"ဘာဖြစ်လို့လဲ..."
သူ ရပ်တန့်လိုက်သည်ကို မြင်သောအခါ သံချပ်ကာဝတ် အမျိုးသမီးက အံ့သြစွာ မေးလိုက်သည်။ သူမ၏ မျက်နှာ တင်းမာနေပြီး စကားပြောရင်း နောက်လှည့်ကြည့်နေကာ ငရဲစမ်းစစ်တပ် အမီလိုက်လာမည်ကို စိုးရိမ်နေသည်။
ဘုန်းကြီးက ရှေ့သို့ တိုးသွားပြီး လီချင်းချိုးကို ဦးညွှတ်ကာ ….
"ချန်ဒင်ဘုန်းကြီး ဂိုဏ်းချုပ်လီ ကို ဂါရဝပြုပါတယ်..." ဟု နှုတ်ဆက်စကားဆိုလိုက်သည်။
လီချင်းချိုး သူ့ကို မှတ်မိသည်။ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရန် ကုကျိုးစီရင်စုသို့ သွားစဉ်က ဤဘုန်းကြီးု ရန်သူများစွာနှင့် တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသည်။ ၎င်သည် မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ချင်းရှောင်ဂိုဏ်း တိုက်ခိုက်ခဲ့သော ပထမဆုံး တိုက်ပွဲ ဖြစ်သည်။
"ကိစ္စ ရှိလို့လား..."
ဤဘုန်းကြီးသည် ယခင်ကလောက် မငယ်ရွယ်တော့ဘဲ မျက်နှာပေါ်တွင် အိုမင်းသော လက္ခဏာများ ပေါ်နေသည်။
"ကျေးဇူးပြုပြီး ဂိုဏ်းချုပ်လီ... ကျွန်တော်တို့ကို ကယ်ပါ..."
မြင်းခွာသံများ ပို၍ နီးကပ်လာပြီး မြင်းစီးစစ်သည် တစ်ဖွဲ့ တောင်လမ်းအဆုံးတွင် ပေါ်လာသည်။ သူတို့အားလုံး သံချပ်ကာများ ဝတ်ဆင်ထားပြီး လည်ပင်းတွင် အဝါရောင် ပုဝါများ စည်းနှောင်ထားကာ လက်နက်ရှည်များကို ကိုင်ဆောင်ထားကြပြီး သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေကြသည်။
ဘုန်းကြီးက တစ်ချက်လှမ်းကြည့်လိုက်ပြီး လီချင်းချိုးဘက်သို့ လှည့်ကာ ….
"ဂိုဏ်းချုပ်လီ... ကျွန်တော့်ဘေးက လူက လင်းချွမ်လီမိသားစုကပါ... စစ်သူကြီး လီယွီကျုံးရဲ့ ဇနီး ရွှီကတော် ပါ... စစ်သူကြီး လီယွီကျုံးရဲ့ ကလေးကို သယ်ဆောင်လာတာပါ... လီမိသားစုက နတ်ဆိုးဧကရာဇ် ကျောက်ကျိကို တိုက်ခိုက်ခဲ့ဖူးပြီး ကမ္ဘာပေါ်က မျိုးနွယ်ကြီးတွေထဲမှာ ရှားပါးတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ မျိုးနွယ်တစ်ခုပါ... ငရဲစမ်းစစ်တပ်က နတ်ဆိုးတာအိုဆရာတွေရဲ့ အကြံပေးချက်ကို နားထောင်ပြီး ဒုက္ခသည်တွေကို လှုံ့ဆော်ကာ ယွီလင်းမြို့ကို တိုက်ခိုက်ပြီး ရွှီကတော်နဲ့ ကလေးကို ဖမ်းဆီးသွားခဲ့တာပါ..."
သူ စကားမဆုံးခင်မှာပင် ငရဲစမ်းစစ်တပ်က သူတို့ကို ဝိုင်းရံလိုက်သည်။
ရွှီကတော်က ကလေးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ကြောက်လန့်တကြား ဘေးဘီဝဲယာကို ကြည့်နေရှာသည်။
ဘုန်းကြီးက သူ့တုတ်ရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ငရဲစမ်းစစ်တပ်ကို သတိထား၍ ရင်ဆိုင်လိုက်သည်။
ခမ်းနားတောက်ပသော ငွေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ခေါင်းဆောင် စစ်သူကြီးသည် ဘုန်းကြီးကို ကြည့်၍ ပြုံးလိုက်ပြီး…
"ဘုန်းကြီး... မင်း ဘယ်ပြေးနိုင်မယ် ထင်လို့လဲ... ငရဲစမ်းစစ်တပ်ကို အလုပ်အကျွေး ပြုဖို့ အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်... မဟုတ်ရင် မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး..."
ဘုန်းကြီးက သူ့ကို စိုက်ကြည့်ပြီး ….
"ငရဲစမ်းစစ်တပ်က မြို့တွေ နယ်မြေတွေကို သိမ်းပိုက်ပြီးတော့ အပျော်အပါး လိုက်စားတာ၊ မုဒိမ်းကျင့်တာ၊ လုယက်တာနဲ့ ယုတ်မာတဲ့ ကိစ္စတွေပဲ လုပ်နေတာ... ဒီဘုန်းကြီးက မင်းတို့ကို ဘယ်တော့မှ အလုပ်အကျွေးပြုမှာ မဟုတ်ဘူး..."
"ဒီလောကမှာ နယ်စားပယ်စားတွေ အများကြီး ရှိတယ်... ငရဲစမ်းစစ်တပ်က မြို့တစ်မြို့ကို သိမ်းပိုက်ပြီး ဘုရင်လုပ်နေရင် ငါတို့ နစ်နာမှာပေါ့... တခြား နယ်စားတွေကို တိုက်ခိုက်ခိုင်းထားပြီး ငါတို့က အင်အား စုဆောင်းနေတာ... တစ်နေ့ကျရင် ဒီကမ္ဘာကြီးက ငရဲစမ်းစစ်တပ် ပိုင် ဖြစ်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ငါတို့ လုပ်ရပ်တွေကို ဘယ်သူက မေးခွန်းထုတ်ရဲမှာလဲ... ဘုန်းကြီး... မင်း အသားအရသာ မမြည်းစမ်းဖူးသေးဘူး မဟုတ်လား... မင်းသာ ဒူးထောက်လိုက်ရင် လီယွီကျုံးရဲ့ မိန်းမက မင်းကို ပျော်ရွှင်မှု ပေးနိုင်တယ်... ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့..."
ထိုစကားကို ကြားသောအခါ ဘုန်းကြီး ဒေါသထွက်သွားပြီး သူ့ထံသို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း လီချင်းချိုးက လက်မြှောက်၍ တားလိုက်သည်။
ရုတ်တရက် ပုံရိပ်တစ်ခု ဘုန်းကြီးဘေးမှ ဖြတ်သန်းသွားပြီး စစ်သူကြီးကို မြင်းပေါ်မှ ဆွဲချကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သဖြင့် အခြား စစ်သည်များ လန့်ဖျပ်သွားပြီး လက်နက်များကို မြှောက်လိုက်ကြသည်။
လှုပ်ရှားလိုက်သူမှာ မိုကျိုဟုန် ဖြစ်သည်။
အထုပ်ကြီး အများအပြားကို လွယ်ထားသော မိုကျိုဟုန်က မြေပြင်ပေါ်မှ စစ်သူကြီးကို ငုံ့ကြည့်ပြီး မျက်နှာသေဖြင့်…
"ငါတို့ ဂိုဏ်းချုပ်ကို ဒီလို အထင်သေးဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ..."
မြန်လိုက်တဲ့ အရှိန်…
ဘုန်းကြီး တိတ်တဆိတ် အံ့သြသွားသည်။ ကျန်းဟူလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း မိုကျိုဟုန်ကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ချင်းရှောင်ဂိုဏ်းဆိုတာ အံ့သြစရာ မဟုတ်ပါဘူး... တကယ်ပဲ ကျွမ်းကျင်သူတွေ စုဝေးရာ နေရာပါလား…
မိုကျိုဟုန်၏ သွက်လက်မှုကို ချန်ဒင်ဘုရားကျောင်းမှ မည်သူမျှ မယှဉ်နိုင်ပေ။
"မင်း..."
မြေကြီးပေါ်တွင် လဲကျနေသော စစ်သူကြီး ထိတ်လန့်သွားပြီး ဒေါသထွက်သွားသည်။ သူ ထရန် ကြိုးစားသော်လည်း မိုကျိုဟုန်က သူ့ရင်ဘတ်ကို တက်နင်းထားသဖြင့် မလှုပ်ရှားနိုင်ပေ။
လီချင်းချိုးက ဒေါသတကြီးဖြင့်…
"အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့... အကုန် သတ်ပစ်လိုက်..."
ထိုစကားကို ကြားသောအခါ မိုကျိုဟုန် ချက်ချင်း ပြုံးလိုက်သည်။ သူ ခါးကို ကွေးလိုက်ပြီး လက်ကို မြှောက်ကာ လက်ဖဝါးကို ဓားကဲ့သို့ အသုံးပြု၍ စစ်သူကြီး၏ ခေါင်းကို တိုက်ရိုက် ဖြတ်ပစ်လိုက်ရာ သွေးများ နေရာအနှံ့ ပန်းထွက်သွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ မြင်းစီးစစ်သည်များ မျက်နှာပျက်သွားကြပြီး အနီးနား ရှိသူများ ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။
တစ်ခဏချင်းပင် မြင်းများ တိုက်မိကုန်ကြပြီး နှင်းမြူများ လွင့်ပျံလာကာ အခြေအနေ ရှုပ်ထွေးသွားသည်။ ဘုန်းကြီးက ရွှီကတော်နှင့် ကလေးကို ကာကွယ်ထားပြီး သူလည်း ကြောက်လန့်နေသည်။ လီချင်းချိုးနှင့် မိုကျိုဟုန်တို့ ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်၊ တွန့်ဆုတ်ခြင်း မရှိဘဲ သတ်ဖြတ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ကောလာဟလတွေက အမှန်ပဲ ထင်တယ်... ချင်းရှောင်ဂိုဏ်းကို စော်ကားတဲ့ သိုင်းလောက ဂိုဏ်းတွေ အမြစ်ပြတ် သုတ်သင်ခံရတယ် ဆိုတာ…
မကြာမီ မြင်းစီးစစ်သည် အများစု ထွက်ပြေးကြသော်လည်း မိုကျိုဟုန်က မနားတမ်း လိုက်လံ သတ်ဖြတ်သည်။
တခဏချင်းမှာပင် တောင်လမ်းလေး တိတ်ဆိတ်သွားပြီး ဘုန်းကြီးက လီချင်းချိုးကို ကူညီပေးသည့်အတွက် အလျင်အမြန် ဦးညွှတ် ကျေးဇူးတင်လိုက်သည်။
လီချင်းချိုးက တည်ငြိမ်နေပြီး "လီရန်ရဲ့ မျက်နှာကြောင့် ကူညီပေးတာပါ..." ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်တော့ ရွှီကတော် အံ့သြသွားပြီး ..
"ဂိုဏ်းချုပ်လီ... လီရန်က တကယ်ပဲ ရှင့်တပည့် ဖြစ်သွားတာလား..." ဟု မေးလိုက်သည်။
အကြောင်းရင်း တစ်စုံတစ်ရာကြောင့် လီချင်းချိုးက သူမ၏ ခင်ပွန်းနှင့် အနည်းငယ် တူသည်ဟု သူမ ခံစားနေရသည်။
"တရားဝင် တပည့်ခံတာမျိုးတော့ မဟုတ်ပါဘူး... ဒါပေမဲ့ သူက ချင်းရှောင်ဂိုဏ်းကို ဝင်ထားပြီးသားပါ..."ဟုသာ လီချင်းချိုးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး
သူ ရှေ့သို့ လျှောက်လှမ်းသွားသဖြင့် ရှန်ယွဲ့က နောက်မှ လိုက်ပါသွားသည်။
ဘုန်းကြီး ခဏ တွန့်ဆုတ်သွားပြီးနောက် ရွှီကတော်ကို လိုက်ခဲ့ရန် ပြောလိုက်သည်။
လမ်းလျှောက်ရင်း နေရာအနှံ့တွင် အလောင်းများကို တွေ့မြင်နေရသည်။
နောက်ဆုံးလူကို သတ်ပြီးနောက် မိုကျိုဟုန်က ရပ်စောင့်နေပြီး လီချင်းချိုးနှင့် အဖွဲ့ ရောက်လာသည်အထိ စောင့်ကာ ဒူးထောက်ထိုင်ချလိုက်ပြီး လက်မှ သွေးများကို နှင်းဖြင့် သုတ်လိုက်သည်။
"ရှန်ယွဲ့... ခင်ဗျား သူ့အထုပ်ကို သယ်လိုက်..."ဟု လီချင်းချိုးက ရုတ်တရက် ညွှန်ကြားလိုက်တော့
ဓားသိုင်း လေ့ကျင့်နေသော ရှန်ယွဲ့က သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။
မိုကျိုဟုန်ကတော့ ရယ်မောလိုက်ပြီး အထုပ်ကို ရှန်ယွဲ့ထံ ပစ်ပေးလိုက်သည်။
ရှန်ယွဲ့...
ဓားနတ်ဘုရား…
ဘုန်းကြီးက ရှန်ယွဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူသည်လည်း ဒဏ္ဍာရီလာ ဓားနတ်ဘုရားကို အလွန် လေးစားသူ ဖြစ်ပြီး ဒီနေရာမှာ တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဘုန်းကြီးနှင့် ရွှီကတော်တို့ လိုက်ပါလိုကြောင်း ပြောသောအခါ လီချင်းချိုး မငြင်းခဲ့ပေ။ ချန်းကျိုးမှ အပြန်လမ်းတွင် လူအများအပြားကို ကယ်တင်ခဲ့ပြီး ဖြစ်သဖြင့် ဤသုံးယောက် ပါလာခြင်းက ထူးခြားမှု မရှိပေ။
မိုကျိုဟုန်က ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး ဘုန်းကြီးအနားသို့ ကပ်သွားပြီး စကားစမြည် ပြောကာ အတိတ်က အတွေ့အကြုံများကို မေးမြန်းနေလေသည်။