← Chapters

မသေမျိုးကျင့်ကြံခြင်း၏ စစ်မှန်သောလမ်းစဉ်…….

Vol. 18 Ch. 180

မသေမျိုးကျင့်ကြံခြင်း၏ စစ်မှန်သောလမ်းစဉ်…….

Vol. 18 Ch. 180

လီချင်းချိုးနှင့် သူ့အပေါင်းအပါများ အေးအေးလူလူ ခရီးနှင်လာကြပြီး လမ်းတစ်လျှောက် မကြာခဏ ရပ်နားခဲ့ကြသည်။ ၁၀ ရက် ပြည့်ခါနီးမှသာ ဓားပျံစီး၍ ရှေ့ဆက်ကြပြီး ၁၀ ရက်မြောက်နေ့ ညနေခင်းတွင် ချင်းရှောင်တောင်သို့ ပြန်လည် ရောက်ရှိလာကြသည်။

ရှန်ယွဲ့၏ မျက်နှာ အနည်းငယ် ရဲနေပြီး မိုကျိုဟုန်မှာမူ အသက်ပြင်းပြင်း ရှူနေရသည်။ သူ့မူလချီစွမ်းအင်ဖြင့် အချိန်ကြာမြင့်စွာ ဓားပျံစီးရခြင်းသည် သူ့အတွက် စမ်းသပ်မှုကြီး တစ်ခု ဖြစ်နေသည်။

ပြန်ရောက်သည်နှင့် လီချင်းချိုးက ယွမ်ချီကို ခေါင်းလောင်းတီးခိုင်းလိုက်သည်။

လင်းရှောင်ခြံဝင်းရှိ ခေါင်းလောင်းက ခန်းမသခင်များကို လျင်မြန်စွာ ဆင့်ခေါ်နိုင်ရန် အသစ် တပ်ဆင်ထားခြင်း ဖြစ်သည်။

ရွှမ်ရှင်းခန်းမ အစည်းအဝေးများတွင် အနိမ့်ဆုံး ရာထူးမှာ အကြီးအကဲ ဖြစ်သော်လည်း လင်းရှောင်ခြံဝင်း အစည်းအဝေးများတွင်မူ ခန်းမသခင်များသာ တက်ရောက်ခွင့် ရှိသည်။

ညအချိန် ရောက်သောအခါ ခန်းမသခင်များ ခြံဝင်းထဲသို့ ဝင်ရောက်လာကြသည်။ လီချင်းချိုးနှင့် ရှန်ယွဲ့တို့ ဘေးကင်းစွာ ပြန်ရောက်လာသည်ကို တွေ့သောအခါ အားလုံး စိတ်သက်သာရာ ရသွားကြသည်။

"အဲဒီ နတ်ဆိုးသစ်တုံးတွေက တကယ်ပဲ နတ်ဆိုးတစ်ကောင်တည်းဆီက ရတာလား..."

ယန်ကျွယ်တိန်က လီချင်းချိုး၏ မျက်နှာချင်းဆိုင်တွင် ထိုင်၍ စူးစမ်းစွာ မေးလိုက်သည်။

လီချင်းချိုးက လီတုန်းယွဲ့နှင့် လီစစ်ကျင် တို့ကို ဖြေရှင်းနေရသဖြင့် အလုပ်များနေပြီး "လူစုံမှ တစ်ခါတည်း ဖြေပေးမယ်..." ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သဖြင့် ယန်ကျွယ်တိန် ခေါင်းညိတ်လိုက်သည်။

လီချင်းချိုး ပြန်ရောက်လာတာ ကောင်းသော ကိစ္စ ဖြစ်သည်။

အမှန်အတိုင်း ဝန်ခံရလျှင် လီချင်းချိုး မရှိစဉ် သူ စိတ်မအေးခဲ့ပေ။ ဂိုဏ်းတွင် ပြဿနာ တစ်စုံတစ်ရာ မဖြစ်သော်လည်း သူ စိုးရိမ်နေမိသည်။

ဘယ်အချိန်က စပြီး ဒီကောင်လေးကို သူ အားကိုးလာမိမှန်း မသိတော့ပေ။

စောင့်ဆိုင်းနေစဉ် ယန်ကျွယ်တိန်က ရှန်ယွဲ့၏ အသက်ရှူသံ ပုံမှန် မဟုတ်သည်ကို သတိထားမိသဖြင့် …

"စီနီယာရှန်... ခင်ဗျား ဒဏ်ရာရလာတာလား..." ဟု စိုးရိမ်တကြီး မေးလိုက်သည်။

ရှန်ယွဲ့က သူ့ကို တစ်ချက်ကြည့်ပြီး "အဲဒီ သစ်ပင်နတ်ဆိုးကို ဂိုဏ်းချုပ်က ရှင်းလင်းလိုက်တာ... ကျွန်တော်က ချီမိသားစု သိုင်းသမား ထောင်ပေါင်းများစွာကို တစ်ယောက်တည်း တားဆီးပေးခဲ့ရုံပါ... ဘယ်လိုလုပ် ဒဏ်ရာရနိုင်မှာလဲ..."

"ထောင်ပေါင်းများစွာ... တကယ်လား..."

ယန်ကျွယ်တိန်၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။

ထောင့်တစ်နေရာတွင် ရှိနေသော လီတုန်းယွဲ့၊ လီစစ်ကျင်နှင့် ချိုင်ယွင်ရှန်း တို့လည်း ရှန်ယွဲ့ကို လှည့်ကြည့်လိုက်ကြသည်။

ရှန်ယွဲ့က မျက်နှာထား မပြောင်းလဲဘဲ မုတ်ဆိတ်မွေးကို သပ်ကာ ထပ်မံ ရှင်းပြခြင်း မပြုတော့ဘဲ သူ့အောင်မြင်မှုနှင့် ဂုဏ်သတင်းကို ဖုံးကွယ်နေသဖြင့် လီချင်းချိုး တိတ်တဆိတ် ရယ်မောလိုက်သည်။

ဒီလူလည်ကြီးက ဟန်ဆောင်ကောင်းလိုက်တာ…

လူစုံမှသာ လီချင်းချိုးက ချန်းကျိုးခရီးစဉ်အကြောင်း စတင် ပြောပြသည်။ တိုက်ပွဲ အသေးစိတ်ကို အကျယ်တဝင့် မပြောသော်လည်း ရှေးဟောင်းနတ်ဘုရား၏ ကြီးမားမှုကိုမူ ဖော်ပြခဲ့သည်။

လီချင်းချိုးက တောင်တစ်လုံးခန့် ကြီးမားသော ရှေးဟောင်းနတ်ဘုရားကို ဆုတ်ဖြဲပစ်လိုက်ကြောင်း ကြားသိရသောအခါ အားလုံးက သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ချင်းရှောင်ဘိုးဘေးကပင် "ခက်လား..." ဟု မနေနိုင်ဘဲ မေးလိုက်သည်။

"မူလအားဖြည့်နယ်ပယ်မှာ အဆင့် ဒါဇင်နဲ့ချီ ရှိနေတာလား..."

ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ တွေးနေသော မေးခွန်းကို သူက မေးလိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ရှိသော်လည်း လီချင်းချိုး မည်သည့် နယ်ပယ်သို့ ရောက်နေပြီလဲ ဆိုသည်ကို ခန့်မှန်း၍ မရနိုင်ပေ။

"မူလအားဖြည့်နယ်ပယ်မှာ ၉ ဆင့်ပဲ ရှိပါတယ်... အရမ်း မတွေးပါနဲ့..."

သူသည် အခြားသူများကို ထပ်မံ မေးမြန်းခွင့် မပေးဘဲ ….

"ရှေးဟောင်းနတ်ဘုရားကို ရှင်းလင်းလိုက်ပြီ... ချီမိသားစုလည်း ပျက်စီးသွားပြီ... အပြင်မှာ ချီမိသားစုဝင်တချို့ ကျန်နေသေးပြီး နယ်စားပယ်စား တစ်ယောက်တောင် ရှိနေပေမဲ့ ရှေးဟောင်းနတ်ဘုရား မရှိတော့သရွေ့ ချီမိသားစုက ငါတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး... ချင်းရှောင်ဂိုဏ်းက ဒီကပ်ဘေးကို လုံးဝ ကျော်ဖြတ်နိုင်ခဲ့ပြီ..."

ထိုစကားကို ကြားသောအခါ အားလုံး ပြုံးလိုက်ကြသည်။

သစ်ပင်နတ်ဆိုးက ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ခဲ့သည်။ ရွှီနင်းပင် ဒဏ်ရာအပြင်းအထန် ရခဲ့သဖြင့် ချင်းရှောင်ဂိုဏ်း တစ်ခုလုံး မှိုင်းညို့နေခဲ့သည်။

"မနက်ဖြန်က စပြီး ဂိုဏ်းက ပုံမှန်အတိုင်း ပြန်လည် လည်ပတ်မယ်... ဂိုဏ်းသားတွေ တောင်အောက်ဆင်းတာကို တားဆီးတော့မှာ မဟုတ်ဘူး... ခန်းမသခင်ကျန်း နဲ့ ခန်းမသခင်ကျူး... ခင်ဗျားတို့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး လင်းထျန်းဂိုဏ်း အကြောင်း ဆက်လက် စုံစမ်းပါ... ဒါက ရေရှည် လုပ်ဆောင်ရမယ့် တာဝန်ပဲ... လင်းထျန်းဂိုဏ်း လုံးဝ ပျက်စီးသွားတဲ့အထိပေါ့..."

လီချင်းချိုး၏ ညွှန်ကြားချက်ကို ကြားသောအခါ ကျန်းယွီချွန်းနှင့် ကျူးယန် နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် လီချင်းချိုးက ချန်းကျိုးခရီးစဉ်အကြောင်းကို မနက်ဖြန်တွင် ရေးသားပြီး ဂိုဏ်းသားအားလုံး သိအောင် ကြေညာရန် ကျန်းယွီချွန်းကို ညွှန်ကြားလိုက်သည်။ ၎င်းသည် ဂိုဏ်းသားများကို စိတ်အေးစေရန်နှင့် စိတ်ဓာတ် တက်ကြွစေရန် ဖြစ်သည်။

"နောက်တစ်ဆင့် အနေနဲ့ ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကုန့်ယွမ်ခန်းမ အပေါ်မှာ အာရုံစိုက်လိမ့်မယ်... ကုန့်ယွမ်ခန်းမ အနေနဲ့ အစီအရင် နဲ့ မှော်ရတနာ တွေကို အထူးပြု လေ့လာစေချင်တယ်... အစီအရင်နဲ့ မှော်ရတနာ လေ့လာဖို့အတွက် နောက်ထပ် လူ ၁၀၀ ထပ်မံ ခေါ်ယူခွင့် ပြုတယ်... ဂိုဏ်းသားတိုင်း 'အစီအရင် အခြေခံမှတ်တမ်း' ကို လေ့လာခွင့် ရှိတယ်... ဒါ့အပြင် ကုန့်ယွမ်ခန်းမကို အားပေးဖို့အတွက် သီးသန့် ဆုလာဘ်စနစ် တစ်ခု တည်ထောင်ပေးမယ်... နတ်ဆိုးသစ်တုံးတွေကလည်း ကုန့်ယွမ်ခန်းမရဲ့ ပိုင်ဆိုင်မှု ဖြစ်လိမ့်မယ်..."

လီချင်းချိုးက ကျူးယန်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ အခြား ခန်းမသခင်များ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး နတ်ဆိုးသစ်တုံးများကို အာရုံစိုက်လာကြသည်။

ထို နတ်ဆိုးသစ်တုံးသည် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသည်။ လက်နက် လုပ်သည် ဖြစ်စေ၊ သံချပ်ကာ လုပ်သည် ဖြစ်စေ တန်ဖိုးကြီးမားသည်။ သို့သော် သူတို့ မတောင်းဆိုရသေးခင်မှာပင် လီချင်းချိုးက ကောင်းကင်လက်မှုပညာခန်းမ ကို တိုက်ရိုက် ပေးအပ်လိုက်သည်။

ကျူးယန် သေချာပေါက် ဝမ်းသာသွားပြီး လီချင်းချိုးကို အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။

လီချင်းချိုးက အားလုံးကို တစ်ချက်ကြည့်ပြီး…

"ခင်ဗျားတို့ ဘာတွေးနေလဲ ကျွန်တော် သိတယ်... ဒါပေမဲ့ လက်နက် အဖြစ် ပြောင်းလဲမယ့်အစား ကောင်းကင်လက်မှုပညာခန်းမ ကို မှော်ရတနာ အဖြစ် ပြောင်းလဲခွင့် ပေးလိုက်ပါ... ခင်ဗျားတို့ အချက်တစ်ချက် နားလည်ဖို့ လိုတယ်... ကောင်းကင်လက်မှုပညာခန်းမ ရဲ့ ဖန်တီးမှုတွေက နောက်ဆုံးမှာ ခန်းမအားလုံးဆီ စီးဆင်းသွားမှာ ဖြစ်ပြီး ဂိုဏ်းတစ်ခုလုံး အကျိုးရှိစေမှာပါ..."

ထိုစကားကို ကြားပြီးနောက် ခန်းမသခင်များ သဘာဝကျသည်ဟု ခံစားမိပြီး သဘောတူကြောင်း အလျင်အမြန် ပြောဆိုလိုက်ကြသည်။

လီချင်းချိုးက သူတို့၏ သေးသိမ်သော အတွေးများကို အလေးမထားဘဲ အခြား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို စတင် ပြောဆိုလိုက်သည်။

နှစ်ကုန်ပြီးနောက် နတ်ဆိုးထိန်းကျောင်းရေးခန်းမကို တရားဝင် တည်ထောင်မည် ဖြစ်ပြီး လီချင်းချိုး ကိုယ်တိုင် နတ်ဆိုးထိန်းကျောင်းခြင်း ပညာရပ်များကို သင်ကြားပေးမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေကို ဂိုဏ်းသားများအတွက် ဖွင့်လှစ်ပေးမည် ဖြစ်ပြီး ဆိပ်ကမ်းဝန်းကျင်တွင် မြို့ငယ်လေး တစ်မြို့ တည်ဆောက်ရန် စီစဉ်ထားသည်။

လီချင်းချိုးတွင် စီမံကိန်းများစွာ ရှိပြီး အားလုံးက မှတ်သားထားကြသည်။ သူတို့ အလုပ်ရှုပ်သည်ဟု မထင်ကြဘဲ ပို၍ စိတ်အားထက်သန်လာကြသည်။

ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းက သူတို့ကို စိတ်အေးစေသည်။ လီချင်းချိုးက ချီမိသားစုကို ဖျက်ဆီးပြီးနောက် စိတ်နေသဘောထား ပြောင်းလဲသွားပြီး အာဏာမက်မောလာမည်ကို မူလက စိုးရိမ်ခဲ့ကြသော်လည်း ယခုအခါ သူတို့ အတွေးလွန်ခဲ့ကြောင်း သဘောပေါက်လိုက်ကြသည်။

သူတို့ မသိလိုက်ဘဲနှင့်ပင် ဂိုဏ်းခေါင်းဆောင်များသည် လီချင်းချိုး ပြောပြသော အနာဂတ်ကို မျှော်လင့်လာကြပြီး ချင်းရှောင်ဂိုဏ်းသည် စစ်မှန်သော မသေမျိုး ကျင့်ကြံခြင်းဂိုဏ်း တစ်ခု ဖြစ်လာမည်ကို မျှော်လင့်လာကြသည်။

နောက်တစ်နေ့ မနက်တွင် ကုန့်လင်ခန်းမမှ ဂိုဏ်းသားများက တောင်နှစ်လုံးစလုံးတွင် ချီမိသားစုနှင့် ရှေးဟောင်းနတ်ဘုရား၏ ပြစ်မှုများကို ဖော်ပြထားသော ကြေညာချက်များကို လိုက်လံ ကပ်ထားကြသည်။

ထိုသတင်းက ချင်းရှောင်ဂိုဏ်း တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဂိုဏ်းသား အားလုံးက ချီမိသားစုကို ကျိန်ဆဲကြသလို ဂိုဏ်းချုပ်နှင့် ဓားနတ်ဘုရား၏ စွမ်းအားကိုလည်း အံ့သြချီးကျူးနေကြသည်။

လီချင်းချိုးက ရှန်ယွဲ့၏ အောင်မြင်မှုများကို အထူးတလည် ဖော်ပြရန် ကျန်းယွီချွန်းကို ခိုင်းစေခဲ့သည်။ သို့သော် အဆုံးတွင် ရှန်ယွဲ့က ဂိုဏ်း၏ အမိန့်ကို အပြည့်အဝ မလိုက်နာခဲ့ဟု ဆိုကာ ဝေဖန်ထားသည်။

သို့သော်လည်း ရှန်ယွဲ့ကတော့ လူကြိုက်အများဆုံး ဖြစ်နေဆဲပင်။

ကြေညာချက်ကို ကြည့်ပြီးနောက် သူ အတော်လေး ကျေနပ်နေပြီး ဂိုဏ်း၏ ဝေဖန်မှုကို ဂရုမစိုက်ပေ။

ချင်းရှောင်ဂိုဏ်းက ကပ်ဘေးကို ဖြေရှင်းပြီးနောက် ဂိုဏ်းသား အများအပြား တာဝန်ထမ်းဆောင်ရန် တောင်အောက်ဆင်းလာကြသည်။

သူတို့အနက် အချို့သော ဂိုဏ်းသားများက ကမ္ဘာလောကကြီး မသိရှိမှာ စိုးရိမ်သဖြင့် ဂိုဏ်းချုပ်၏ အောင်မြင်မှုများကို ဖြန့်ဝေရန် သိုင်းလောကသို့ သွားရောက်လိုကြသည်။

မသေမျိုးလိုဏ်ဂူ အတွင်း၌…

လီချင်းချိုး ကျောက်ကုတင်ပေါ်တွင် ထိုင်၍ ဝိညာဉ်သန့်စင် အလံကို ကိုင်ဆောင်ကာ ရှေးဟောင်းနတ်ဘုရား၏ မှတ်ဉာဏ်များကို ဖတ်ရှုနေသည်။

ရှေးဟောင်းနတ်ဘုရားသည် နှစ်ပေါင်းထောင်ချီ အသက်ရှင်ခဲ့သဖြင့် ၎င်း၏ မှတ်ဉာဏ်များက အလွန် များပြားလွန်းရာ လီချင်းချိုး အနေဖြင့် အချိန်တိုအတွင်း အပြည့်အဝ နားလည်ရန် ခက်ခဲနေသည်။

လီချင်းချိုး ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချလိုက်မိသည်။

ချီမိသားစုက ရှေးဟောင်းနတ်ဘုရားနှင့် ဆက်သွယ်ပြီးကတည်းက အခြား အင်အားကြီး အဖွဲ့အစည်းများ ပါဝင်ပတ်သက်ခြင်း မရှိတော့ပေ။

ထိုစဉ်က ချီမိသားစု ကျဆင်းနေပြီး ရှေးဟောင်းနတ်ဘုရားက တောနက်ထဲတွင် ပိတ်မိနေခဲ့သည်။ နှစ်ဖက်စလုံးက အပြန်အလှန် ကူညီခဲ့ကြခြင်း ဖြစ်သည်။

လီချင်းချိုး မျက်လုံးဖွင့်လိုက်သည်ကို မြင်သောအခါ နန်ကုန်းအာ အနားကပ်လာပြီး "သခင်ကြီး... အဲဒီ သစ်ပင်နတ်ဆိုးမှာ နောက်ထပ် လှည့်ကွက်တွေ မရှိတော့ဘူး မဟုတ်လား..." ဟု မေးလိုက်သည်။

ထိုနေ့က လီချင်းချိုး ရှေးဟောင်းနတ်ဘုရားကို သတ်ပြီးနောက် မြေကြီး တုန်ခါသွားခဲ့သည်။ နန်ကုန်းအာနှင့် လင်းချွမ်တို့ တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့ရာ မြေအောက်တွင် ကြီးမားသော သတ္တဝါကြီးများ တူးဖော်ထားသကဲ့သို့ လိုဏ်ခေါင်းများစွာ တွေ့ရှိခဲ့သည်။ ရှေးဟောင်းနတ်ဘုရား၏ အမြစ်များ လက်ချက် ဖြစ်မည်ဟု သူတို့ သံသယ ဝင်ခဲ့ကြသည်။

တစ်နေ့တာ စုံစမ်းစစ်ဆေးပြီးနောက် ရှေးဟောင်းနတ်ဘုရားတွင် ပြတ်တောက်သွားပြီး ပျောက်ကွယ်သွားသော အမြစ်အချို့ ရှိနေကြောင်း တွေ့ရှိခဲ့ကြသည်။

"ရှိတယ်... ဒါပေမဲ့ စိတ်ပူစရာ မလိုပါဘူး... ဒါက သားသမီး မွေးဖွားလိုက်သလိုပါပဲ... သူတို့ကို ပြန်အသက်ရှင်လာစေမှာ မဟုတ်ပါဘူး... ပြီးတော့ အဲဒီ အမြစ်တွေက ရှေးဟောင်းနတ်ဘုရားလောက် ကြီးထွားလာပြီး စွမ်းအားကြီးလာဖို့ နှစ်တစ်ထောင်လောက် စောင့်ရဦးမှာ..." ဟုသာ လီချင်းချိုး ပြန်ဖြေလိုက်သည်။

ဤသည်မှာ ရှေးဟောင်းနတ်ဘုရားကို အမြစ်ပြတ် မသုတ်သင်နိုင်သော အကြောင်းရင်း ဖြစ်သည်။ သေဆုံးသည်နှင့် ၎င်း၏ အမြစ်များ အလိုအလျောက် ပြတ်ထွက်သွားပြီး မြေကြီးထဲသို့ တိုးဝင်သွားကြသည်။

လီချင်းချိုး ဤအချက်ကို ရှေးဟောင်းနတ်ဘုရား၏ မှတ်ဉာဏ်များမှ သိရှိခဲ့ခြင်း ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရား ကိုယ်တိုင်ပင် မထိန်းချုပ်နိုင်သော အရာဖြစ်သည်။

မှတ်သားစရာ တစ်ချက်မှာ ရှေးဟောင်းနတ်ဘုရား၏ ဝိညာဉ် လူသဏ္ဌာန် ဆောင်ရခြင်းမှာ နောက်ထပ် နယ်ပယ်အကြီးနှင့် အလွန် နီးစပ်နေသောကြောင့် ဖြစ်သည်။

အနှစ်သာရအားဖြင့် မူလအားဖြည့်နယ်ပယ် နဝမအဆင့် ပြည့်စုံခြင်း ဖြစ်ပြီး ဝိညာဉ်အာရုံနယ်ပယ်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။

သို့သော် သူသည် ထိုခြေတစ်လှမ်း လိုနေမှုကြောင့်ပင် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့ရသည်။အဆင့်မတက်နိုင်ရခဲ့ခြင်းမှာ အဆင့်တက်ရမည့် နည်းလမ်း မရှိသောကြောင့် ဖြစ်မည်ဟု လီချင်းချိုး ခန့်မှန်းမိသည်။

လီချင်းချိုးကမူ မတူညီပေ။

ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာတွင် အဆင့်တက်နိုင်မည့် နည်းလမ်းကို မှတ်တမ်းတင်ထားသော်လည်း တိကျသော အခွင့်အရေး တစ်ခု လိုအပ်နေခြင်း ဖြစ်သည်။

လီချင်းချိုး ထိုသို့ ပြောလိုက်သဖြင့် နန်ကုန်းအာ လုံးဝ စိတ်အေးသွားသည်။

ထိုစဉ် ချူကျင်း ပေါ်လာပြီး ….

"သခင်... ရှန်ယွဲ့က ဓားဝိညာဉ်ကို သုံးသလိုမျိုး ကျွန်တော်လည်း သခင့်ရဲ့ တိုက်ခိုက်ရေး လက်နက် ဖြစ်လာအောင် ဂါထာတစ်ခု ဖန်တီးပေးလို့ ရမလား..."

သူသည် ဓားဝိညာဉ် တစ်ခု အနေဖြင့် တိုက်ပွဲတွင် မပါဝင်နိုင်ခဲ့သဖြင့် ပြန်စဉ်းစားမိတိုင်း ဝမ်းနည်းသလို ခံစားနေရသည်။

လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်ပြီး….

"မင်း အရင် ကျင့်ကြံပါဦး... နောက်မှ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်..."

"ကျေးဇူးတင်ပါတယ် သခင်..."

နန်ကုန်းအာနှင့် လင်းချွမ်တို့လည်း ပျံဝဲလာပြီး လီချင်းချိုးကို အကူအညီ တောင်းကြသည်။ သူတို့လည်း တိုက်ခိုက်ရေး တာဝန်များကို ပိုမို ခွဲဝေယူလိုကြသည်။ လီချင်းချိုးက သင့်တော်သော ဂါထာတစ်ခု ဖန်တီးရန် နောက်မှ စဉ်းစားပေးမည်ဟု ပြောကာ နှစ်ယောက်စလုံးကို သဘောတူလိုက်ရသည်။

…….

ချီမိသားစုတွင် နှစ်ထောင်ချီ သက်တမ်းရှိ သစ်ပင်နတ်ဆိုး ပေါ်ထွက်လာပြီး ချင်းရှောင်ဂိုဏ်းချုပ်က မြောက်ဘက်သို့ သွားရောက်ကာ နတ်ဆိုးကို သတ်ဖြတ်လိုက်သည်…

ဤသတင်းက ချန်းကျိုးကို တုန်လှုပ်စေခဲ့ပြီး ဝေကျိုး၊ ပေလျန် နှင့် ကျုံးထျန်း စီရင်စုများသို့ ပျံ့နှံ့သွားသည်။ သတင်းတွင် ချီမိသားစုနှင့် လီချင်းချိုး ပါဝင်နေသဖြင့် ကြားသိရသူများ အကြား ပြင်းပြသော စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်စေခဲ့ပြီး သတင်းက တောမီးပမာ ပျံ့နှံ့ကာ ကမ္ဘာတစ်ဝှမ်းသို့ ရောက်ရှိသွားသည်။

နှစ်ကုန်ခါနီး အချိန်၌....

ဟန်လန်နှင့် ဓားဂိုဏ်းသားများ ကျိုးယာကို ပြန်ခေါ်လာကြသည်။ လီချင်းချိုးနှင့် တွေ့သောအခါ ကျိုးယာ ချက်ချင်း ဒူးထောက်ချလိုက်ပြီး မျက်ရည်များဖြင့် သူ့လုပ်ရပ်များကို ပြန်လည် ပြောပြလိုက်သည်။

ကျိုးယာက ဟွမ်ယွမ်ကျမ်းစာကို သင်ကြားပေးခြင်း မဟုတ်ဘဲ သူ ကိုယ်တိုင် ဖန်တီးထားသော ကျင့်စဉ်ကို သင်ကြားပေးကြောင်း ကြားသိရသောအခါ လီချင်းချိုး၏ မျက်နှာထား ပျော့ပျောင်းသွားသည်။

ဤကိစ္စသည် ဂိုဏ်းအတွက် နက်ရှိုင်းသော အဓိပ္ပာယ် ရှိသည်ဟု အရိပ်အမြွက် ပြောကြားခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

ချင်းရှောင်ဂိုဏ်းသည် အနှစ်သာရအားဖြင့် လူ့အခွင့်အရေး ဘိုးဘေး ယန်ရွှမ်၏ အခန်းကဏ္ဍကို ရယူလိုက်ခြင်းပင် ဖြစ်သည်။

လီချင်းချိုးသည်လည်း ဤကိစ္စကို လေးလေးနက်နက် စဉ်းစားနေသည်။

ထိုကဲ့သို့သော ကိစ္စရပ်များကို တားဆီး၍ မရနိုင်ကြောင်း၊ တစ်နေ့တွင် အခြား ကျင့်ကြံခြင်း ဂိုဏ်းများနှင့် မိသားစုများ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့သည် ချင်းရှောင်ဂိုဏ်း၏ နေရာကို ခြိမ်းခြောက်ရန် ခက်ခဲမည် ဖြစ်ကြောင်း သူ ခံစားမိသည်။

လုံးဝ ဖယ်ရှားပစ်၍ မရနိုင်လျှင်ပင် ဤရေစီးကြောင်း၏ အရှိန်အဟုန်ကို တတ်နိုင်သမျှ နှောင့်နှေးစေရန် မျှော်လင့်သည်။

"မင်းရဲ့ ရည်ရွယ်ချက် ကောင်းမွန်တာကို ထောက်ထားပြီး သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးမယ်... ဒါပေမဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်မှာ မဟုတ်ဘူး... လာမယ့် ၃ နှစ်အတွင်း မင်းကို လုပ်သားတပည့်အဖြစ် ရာထူးချလိုက်မယ်... ဂိုဏ်းကနေ ထွက်ခွာခွင့် မရှိဘူး..."ဟု လီချင်းချိုးက ကျိုးယာကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျိုးယာ ဝမ်းသာသွားပြီး လီချင်းချိုးကို အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။

ကျေးဇူးတင်ပြီးနောက် ကျိုးယာက …"အပြင်က ကျွန်တော့် တပည့်တွေကို ဘယ်လို လုပ်ရမလဲ..." ဟု သတိထားပြီး မေးလိုက်တော့ လီချင်းချိုးက သူ့ကို မျက်လုံးပြူးကြည့်ပြီး… "မင်းက ငါ့ကို လူတိုင်းကို သတ်ချင်နေတဲ့ လူသတ်သမားလို့ ထင်နေတာလား..." ဟု မေးလိုက်သည်။

ထိုအခါ ကျိုးယာ စိတ်သက်သာရာ ရသွားပြီး အလွန် စိတ်လှုပ်ရှားသွားသည်။ သူ့တပည့်များ ကိုယ်စား လီချင်းချိုးကို ထပ်မံ ကျေးဇူးတင်လိုက်သည်။

ဘေးနားတွင် ရပ်နေသော ဟန်လန်သည်လည်း လီချင်းချိုးကို လေးစားသွားသည်။ သူသာ ဂိုဏ်းချုပ် ဖြစ်လျှင် ဤမျှ သဘောထားကြီးနိုင်မည် မဟုတ်ဟု ခံစားမိသည်။

"ဒီအကြောင်းအရာကို ရေးမှတ်ပြီး ကျောင်းဆောင်တိုင်းမှာ ကပ်ထားခိုင်းလိုက်မယ်... ဂိုဏ်းသားတွေကို သတိပေးတဲ့ အနေနဲ့ပေါ့... မင်း အနာဂတ်မှာ ဝေဖန်မှုတွေ ခံရနိုင်တယ်... ပြင်ဆင်ထားပါ..."

လီချင်းချိုးက ကျိုးယာကို စိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။ သူ ဤသို့ လုပ်ဆောင်ရခြင်းမှာ အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမအချက်မှာ သူ့ကို သတိပေးရန် ဖြစ်ပြီး ဒုတိယအချက်မှာ မျိုးစေ့တစ်စေ့ ချထားရန် ဖြစ်သည်။ အကယ်၍ ချင်းရှားဂိုဏ်းသည် အနာဂတ်တွင် တကယ် ဖွံ့ဖြိုးလာပါက ဂိုဏ်းသားများသည် ဤကိစ္စကို သတိရနေမည် ဖြစ်ပြီး ချင်းရှားဂိုဏ်း၏ ကျင့်ကြံခြင်း နည်းလမ်းသည် ချင်းရှောင်ဂိုဏ်းမှ မြစ်ဖျားခံကြောင်း သိရှိကြမည် ဖြစ်သည်။

အနာဂတ်တွင် ကမ္ဘာလောက မည်သို့ပင် ပြောင်းလဲပါစေ ချင်းရှောင်ဂိုဏ်းသည် မသေမျိုးကျင့်ကြံခြင်း၏ စစ်မှန်သောလမ်းစဉ်ဖြစ်ရမည်။

ကမ္ဘာပေါ်ရှိ မည်သည့် ဂိုဏ်း၊ မည်သည့် မိသားစုမှ ဟွမ်ယွမ်ကျမ်းစာ ကို ကျင့်ကြံခွင့် မရှိစေရ။ တွေ့ရှိပါက အမြစ်ပြတ် သုတ်သင်ခံရမည်။

အကောင်းဆုံးကတော့ ကိုးခရိုင်နယ်မြေတွင် ချင်းရှောင်ဂိုဏ်း တစ်ခုတည်းသာ မသေမျိုး ကျင့်ကြံခြင်းဂိုဏ်း ဖြစ်နေလျှင် ပိုကောင်းပေမည်……

All Chapters