အခန်း (၁၅၁)
Vol. 16 Ch. 151
ညနေခင်းတွင်
ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့မီးဖိုချောင်ထဲ၌ ညစာအတူတူချက်ပြုတ်နေကြသည်။ ဇူလိုင်လသည် ခရမ်းသီး၊ ငရုတ်ပွနှင့် ခရမ်းချဉ်သီးများ အထွက်အများဆုံး ရာသီဖြစ်၏။ ကျိုးထောင်ဟွား မီးဖိုရှေ့တွင်ထိုင်ကာ မီးထိုးနေသည်။ အတွင်းဘက်ရှိအိုး၌ ထမင်းချက်နေသည်ဖြစ်ရာ အိုးအဖုံးမှထွက်ပေါ်လာသော ရေနွေးငွေ့များနှင့်အတူ ထမင်းနံ့သင်းသင်းလေး ပျံ့လွင့်နေ၏။ နောက်အိုးတစ်လုံးသည်လည်း ပူနေပြီဖြစ်ရာ ရှန်းမင်မှာ ဝက်ဆီတစ်ဇွန်းခပ်ထည့်လိုက်သည်။ ယနေ့ည၌ သူတို့ငရုတ်ပွဝက်သားကြော်နှင့် ခရမ်းချဉ်သီးကြက်ဥဟင်းချိုချက်ကြမည်ပင်။
"ဇနီးလေး မီးဖိုထဲထင်းနည်းနည်းထည့်ပြီး အပြင်ထွက်ခဲ့တော့၊ အဲ့ဒီမှာတစ်ချိန်လုံး ထိုင်မနေနဲ့ ပူတယ်"
ဟင်းချက်နေရင်း မီးဖိုအနောက်တွင်မီးထိုးနေသော ကျိုးထောင်ဟွားကို ရှန်းမင်လှမ်းပြောလိုက်သည်။ ရှန်းမင်စကားကိုကြားသောအခါ သူမသည်မသိစိတ်ဖြင့်ထွက်လာရန် မတ်တတ်ရပ်လိုက်၏။ ရုတ်တရက် တစ်ခုခုမှားနေကြောင်း နောက်ကျမှသတိထားမိလိုက်သည်။ သူမ ဆတ်ကနဲမော့ကြည့်လိုက်၏။ ခုနက ရှန်းမင် သူမကိုဘယ်လို ခေါ်လိုက်တာလဲ။
ဇနီးလေးတဲ့လား
ကျိုးထောင်ဟွားနှုတ်ခမ်းများမှာ ဖြည်ဖြည်းချင်းကွေးညွှတ်သွားရသည်။
"ယောင်္ကျားရေ"
ခလုတ်တစ်ခုဖွင့်လိုက်သကဲ့သို့ ရှန်းမင်သည် ကျိုးထောင်ဟွားထံသို့ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလေသည်။
"ထောင်ဟွား အိမ်မှာရှိလား"
ရွာလူကြီးအသံမှာ ရုတ်တရက်ဆိုသလိုခြံဝင်းတံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။ မီးဖိုချောင်ထဲရှိ ချိုမြိန်သောလေထုများ ချက်ချင်းပျောက်ကွယ်သွားလေ၏။
"ထောင်ဟွားရေ ကွမ်းမင် ကွမ်းခွင်းနဲ့ ကွမ်းဖာတို့ လူငှားပြီးပြီ၊ မနက်ဖြန်မြေညှိတာတွေ မြောင်းတူးတာတွေ စလုပ်ကြမယ်၊ ပြီးရင် ကျောက်စရစ်တွေ မြေကြီးတွေနဲ့အုတ်မြစ်ချမယ်"
ရွာလူကြီးပြောရင်းဝင်လာရာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ရှန်းမင်ကို အချိန်ကိုက် တွေ့လိုက်ရသဖြင့် မီးဖိုချောင်ဆီသို့ လျှောက်လာခဲ့သည်။
"ရှန်းမင် ဟင်းချက်နေတာလား၊ ဟင်းတစ်ခွက် ဟင်းချိုတစ်ခွက်ဆို မင်းတို့နှစ်ယောက်အတွက် အတော်ပဲပေါ့၊ စားကြစားကြ အဘိုးထပ်မနှောင့်ယှက်တော့ပါဘူး"
ရွာလူကြီးမှာ ထိုသို့ပြောပြီးနောက် ပြန်ထွက်သွားလေသည်။ သူကတော့ တစ်ကယ့်ကိုလင်းထိန်နေတဲ့ အပိုမီးသီးကြီးပါလားနော်။ ကျိုးအိမ်ဟောင်းတွင်လည်း ညစာစားနေကြသည်။ ကျိုးလျန်ဟွားသည် ဟင်းများကိုမစားဘဲ ထမင်းကိုသာ တိတ်တဆိတ်စားနေသည်ကို ကျိုးရှင်းဟွာ သတိထားမိလိုက်ပြီး သူမထံခဏခဏ ခိုးကြည့်နေမိ၏။ ကျိုးလျန်ဟွားက ဒီညထမင်းပဲ စားနေတာလား။
ကျိုးရှင်းဟွာ သူမထမင်းပန်းကန်ကို မြန်မြန်စားပြီးနောက် သူမနောက်သို့လိုက်ထွက်သွားသည်။ ကျိုးအိမ်ဟောင်းတွင် အသက်ရှစ်နှစ်အရွယ် ကျိုးလဲ့မှလွဲ၍ အိမ်ထောင်မကျသေးသူသုံးယောက်သာ ကျန်ရှိတော့၏။ သူမ၊ ကျိုးယွီနှင့် ကျိုးလျန်ဟွားတို့သာဖြစ်ကြသည်။ ကျိုးယွီနှင့် ကျိုးလဲ့တို့မှာတစ်ခန်းတည်းအိပ်ကြပြီး သူမကတော့ကျိုးလျန်ဟွားနှင့်တစ်ခန်းအိပ်၏။
"အစ်မလျန်ဟွား ဘာဖြစ်လို့လဲ"
ကျိုးရှင်းဟွာ တံခါးကိုပိတ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ ကျိုးလျန်ဟွား ကိုယ့်ကိုကိုယ်လှောင်ပြောင်သလို ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာပြောလိုက်၏။
"ငါက အရမ်းအသုံးမကျတာပဲ၊ မနေ့က ကျိုးရှန့်လင်ပြောသွားတဲ့ စကားတွေကို တစ်ကယ်ထင်ပြီးယုံနေခဲ့တာ၊ ဒီနေ့ အောင်သွယ်တော်ယိုလဲ ငါတို့အိမ်ကိုတင်တောင်းဖို့မလာပါဘူး"
မနေ့မှမင်္ဂလာပွဲ၌ ကျိုးရှန့်လင်ပြောခဲ့သည့်စကားများကို ကျိုးရှင်းဟွာပြန်သတိရလိုက်သည်။ အဲ့ဒီတုန်းက သူက အရမ်းယုံကြည်မှုရှိနေပုံ ပေါက်နေလို့ သူမလည်း တစ်ကယ်ပဲလို့ထင်ခဲ့တာလေ။
သူကလူလိမ်ဖြစ်နေမယ်လို့ သူမလုံးဝ ထင်မထားခဲ့မိဘူး။ အစ်မလျန်ဟွားကို သူကများ လှည့်စားရဲတယ်ပေါ့လေ။ ကျိုးရှင်းဟွာ နှစ်သိမ့်လိုက်သည်။
"အစ်မလျန်ဟွား သူ့ကိုဂရုစိုက်မနေပါနဲ့၊ သူဆိုတာ အရင်ကတည်းကလူရှုပ်လူပွေပဲလေ၊ မဟုတ်ရင် သူ့အမေဘယ်သေပါ့မလဲ၊ အခုမှ ပိုက်ဆံနည်းနည်းလေးရပြီး နည်းနည်းလေးအောင်မြင်လာတာကို အခွင့်ကောင်းယူပြီး အိမ်ထောင်ဘက်ဖြစ်ခွင့်နဲ့ မိန်းကလေးတွေကိုလှည့်စားချင်နေတာ"
ကျိုးရှင်းဟွာသည် ကျိုးရှန့်လင်၏စကားများနှင့် လုပ်ရပ်များကို အလွန်ရွံရှာသွားတော့သည်။ အစ်မလျန်ဟွားက အပျိုကြီးဖြစ်ရမယ့်ကံကြမ္မာပါလာတာကို သိသိကြီးနဲ့ မျှော်လင့်ချက်တွေပေးပြီးတော့မှ စိတ်ပျက်အောင်လုပ်ရက်တယ်။ ကျိုးလျန်ဟွား ခါးသီးဟန်ဖြင့်ပြုံးလိုက်သည်။ ယခုမှစ၍ အခြားသူများ၏စကားများကို သူမ ဘယ်တော့မှအတည်ယူတော့မည် မဟုတ်ပေ။ နောက်တစ်နေ့တွင် ရွာအပြင်ဘက်တောင်ပေါ်၌ လူအများအပြား ရောက်ရှိလာကြသည်။ တောင်ပေါ်တွင် လူတစ်ထောင်နီးပါး မြေတူး၊ ကျောက်ခွဲ အလုပ်လုပ်နေကြ၏။ ကျိုးကွမ်းမင်၊ ကျိုးကွမ်းခွင်းနှင့် ကျိုးကွမ်းဖာတို့မှာ တောင်ကုန်းတစ်ခုစီကို ကြီးကြပ်ကြပြီး ရွာရှိလူတစ်ထောင်နီးပါးအတွက် နေ့လည်စာပြင်ဆင်ရန် လူအချို့ကိုစီစဉ်ပေးထားသည်။
ငှားရမ်းထားသော အလုပ်သမားအားလုံးသည် အနီးအနားရွာများမှဖြစ်ကြပြီး တစ်နေ့လျှင် ပြားသုံးဆယ်ရရှိကြ၏။ ကျိုးကျားရွာမှ ဘာကြောင့်တောင်ကြောပေါ်၌ မြို့ရိုးဆောက်နေလဲဆိုသည်ကို သူတို့မသိကြပေသိ မြို့ထဲသွားစရာမလိုဘဲ တစ်နေ့ကိုပြားသုံးဆယ်ရရာ အားလုံးလည်းအလွန်တရာပျော်ရွှင်နေကြသည်။
ထို့ပြင် စီမံကိန်းမှာကြီးမားလွန်းလှရာ ဆယ်ရက် လဝက်လောက်နှင့်ပြီးမည်မဟုတ်ပေ။ အနည်းဆုံး လအနည်းငယ်မှနေ ခြောက်လလောက်ထိကြာနိုင်သည်။
ဒါက သူတို့ကို ဒီကာလအတွင်းတည်ငြိမ်တဲ့ ဝင်ငွေတစ်ခုရရှိစေမှာပဲလေ။ အလုပ်သမားများသည် အလွန်ကြိုးစားလုပ်ကိုင်ကြသည်။ ပန်းရန်ဆရာအချို့ အပါအဝင်အားလုံးကို ကျိုးကွမ်းမင်နှင့် ကျိုးကွမ်းခွင်းတို့က အဖွဲ့ခေါင်းဆောင်များအဖြစ်ခန့်အပ်ကာ အခြားအလုပ်သမားများကို ကြီးကြပ်လမ်းညွှန်စေ၏။
မြို့ရိုးတည်ဆောက်ခြင်းလုပ်ငန်းစဉ် ချောမွေ့စွာလည်ပတ်နေပြီး ရွာထဲရှိ မီးဖိုချောင်နှစ်ဆယ်ကျော်၌လည်း နေ့လယ်စာ ပြင်ဆင်ပေးနေကြသည်။ မွန်းတည့်ချိန်မရောက်မီ အစားအသောက်များအားလုံးကို နွားလှည်းဖြင့်တောင်ပေါ်သို့ ပို့ဆောင်ပေး၏။ အသားနှင့် ဟင်းသီးဟင်းရွက်နှစ်မျိုးစလုံးပါဝင်ကာ ဆန်ဟောင်းနှင့်ရောထားသောပြောင်းမှုန့် ဖြစ်သော်လည်း လူတိုင်းမှာဤအစားအစာအတွက် အလွန်တရာကျေနပ်နေကြသည်။ ရွာတိုင်းမှာ ကျိုးကျားရွာကဲ့သို့ အိမ်တိုင်းဆန်အသစ်စားနိုင်ကြသည်မဟုတ်ပေ။ အများစုမှာ တစ်နေ့သုံးနပ် ပြောင်းဖူးမှုန့်သာစားနေရတုန်းပင်။
လူတိုင်း အစားအသောက်ယူပြီးနောက် ကျိုးကွမ်းမင်၏ဇနီး ဟန်ရှီ၊ ကျိုးကွမ်းဖာ၏ ဇနီးရှစ်ရှီနှင့် အခြားသူများသည် ပစ္စည်းများသိမ်းဆည်းကာ ဆေးကြောရန် ရွာသို့ပြန်လာခဲ့ကြသည်။ ရှစ်ရှီသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကိုဆွဲ၍ အိမ်ပြန်ရောက်သောအခါ ခြံဝင်းတံခါးဟင်းလင်းပွင့်နေသည်ကို တွေ့လိုက်ရသည်။ သူမ အထဲသို့အပြေးအလွှားဝင်သွားပြီး အော်ခေါ်လိုက်၏။
"ရှန့်တ ရှန့်တ"
သူမ အချိန်အတော်ကြာသည်ထိခေါ်နေသော်လည်း မည်သူမှပြန်မထူးပေ။
အိမ်တွင်းရှိတိတ်ဆိတ်မှုမှာ သူမကိုစိုးရိမ်လာစေပြီး အိမ်တစ်အိမ်လုံးပတ်ရှာသည့်တိုင် ရှန့်တကိုမတွေ့ရပေ။ ကျန်းရှီဝင်လာပြီး မေးလိုက်သည်
"ရှန့်တ ဘာဖြစ်လို့လဲ"
ကျိုးရှန့်တသည် အခြားကလေးများနှင့်မတူပေ။ သူသည် အသက် ၁၆နှစ်ရှိပြီဖြစ်သော်လည်း ဉာဏ်ရည်မမီသူဖြစ်သည်။
ထို့ကြောင့် ကျိုးကွမ်းဖာနှင့် သူ့ဇနီးတို့သည် သူ့ကိုအများအားဖြင့် အိမ်မှာသာထားလေ့ရှိကြသည်။
"ယောင်းမယန်ချိုး ရှန့်တပျောက်သွားပြီ"
ရှစ်ရှီ စကားတစ်ဝက်တွင် ငိုချလိုက်မိလေသည်။ ကျိုးရှန့်တာသည် ဉာဏ်ရည်မမီသော်လည်း သူမ၏သွေးသားရင်းချာဖြစ်၏။ သူမ သူ့ကို ၁၆နှစ်တိုင်တိုင်ပြုစုပျိုးထောင်လာခဲ့သည်ဖြစ်ရာ လူမပြောနှင့်ခွေးတစ်ကောင်ဆိုလျှင်ပင် သံယောဇဉ်ရှိနေပြီပင်။ ကျိုးရှန့်တသည် မွေးကတည်းမှ ဉာဏ်ရည်မမီခဲ့သဖြင့် သူတိုးတက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်ချက်မထားခဲ့ကြပေ။ ရှန့်ကျင်းအရွယ်ရောက်လာ၍ ခင်ပွန်းကောင်းတစ်ယောက်ကိုရှာပေးဖို့သာ သူတို့ဆန္ဒရှိကြသည်။ ထိုသို့ဆိုပါက သူမနှင့်ကွမ်းဖာတို့ သေဆုံးသွားပြီးနောက်တွင်တောင် စိတ်အေးချမ်းသာစွာဖြင့်ထွက်ခွာသွားနိုင်ပြီပင်။ ရှန့်ကျင်းနှင့်သူမခင်ပွန်းရှိနေလျှင် ရှန့်တလည်းအနှိမ်ခံရမည်မဟုတ်ဟု သူတို့ယုံကြည်၏။
"စိတ်မပူပါနဲ့ ငါကူရှာပေးပါ့မယ်"
သူတို့နှစ်ဦး ရွာထဲ၌ကျိုးရှန့်တနာမည်ကို အော်ခေါ်နေစဉ် ရွာသားများတစ်ယောက်ပြီးတစ်ယောက် ရှာဖွေရာတွင်ပါဝင်လာကြသည်။ ထိုသတင်းကိုကြားသောအခါ ကျိုးထောင်ဟွားသည်လည်း ဖားပေါက်စနတ်ဆိုးလေးကို ချက်ချင်းလွှတ်၍ ရှာဖွေစေလိုက်၏။ နောက်ဆုံးတွင် ကျိုးရှန့်တတစ်ယောက်တောင်ပေါ်သို့ တစ်ကယ်ထွက်ပြေးသွားကြောင်း သူတို့သိရှိသွားကြသည်။ သူသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ဝမ်းနည်းပက်လက်ငိုကြွေးနေလေ၏။
"ရှန့်တ သားဘာဖြစ်လို့လဲ၊ ဘယ်နေရာနာသွားလို့လဲ အမေ့ကိုမြန်မြန်ပြော"
ရှစ်ရှီသည် ကျိုးရှန့်တခန္ဓာကိုယ်ကို ခေါင်းမှစ၍ခြေဖျားထိ စစ်ဆေးကြည့်သော်လည်း ပုံမှန်မဟုတ်သောအရာဘာမှမတွေ့ရပေ။ ကျိုးထောင်ဟွားမျက်လုံးများ နက်မှောင်သွားပြီး ကျိုးရှန့်တဂုတ်ပိုးထက်မှ သတ်ဖြတ်ချင်စိတ်အငွေ့အသက်တစ်ခုကိုမြင်တွေ့လိုက်ရသည်။
နောက်တစ်ခါ ထပ်လာပြန်ပြီလား
သူ လာပြီလား
ရွာကိုကာကွယ်ရန် မြို့ရိုးတည်ဆောက်ဖို့ကိုသာ အာရုံစိုက်နေကြ၍ ဤကိစ္စအား သူတို့မေ့သွားခဲ့ခြင်းပင်။ ကျိုးလျန်ဟွားသည် ကျိုးရှန့်တ၏ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်းသတိထားမိလိုက်သည်။
"အဒေါ်ရှစ် ရှန့်တလည်ပင်းက နီနေတယ် ကြည့်ပါဦး"
ရှစ်ရှီကြည့်လိုက်ရာ တကယ်ပင်ဖြစ်နေသည်။ သူမကျိုးရှန့်တ၏အင်္ကျီကော်လာကို ဆွဲဖွင့်လိုက်သောအခါ ထိုနေရာသည် နီရဲနေရုံသာမက ပေါက်ပြဲပြီး သွေးထွက်နေသည်ကိုပါ တွေ့လိုက်ရ၏။ ထို့ကြောင့်သာ ရှန့်တတစ်ယောက် ဤမျှထိငိုနေခြင်းဖြစ်သည်။ ရှစ်ရှီ ရင်ကွဲမတတ်ခံစားလိုက်ရ၏။ ရှစ်ရှီမှာ သားဖြစ်သူအားနှစ်သိမ့်ချော့မော့လိုက်သည်။
"ရှန့်တ လိမ္မာတယ်နော် မငိုနဲ့တော့"
သို့သော်ကျိုးရှန့်တ၏မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာပြီး မရပ်မနား ငိုကြွေးနေလေသည်။ ရှစ်ရှီဘာလုပ်ရမည်မှန်းမသိ ဖြစ်နေတော့၏။ သူမမှာ သူ့ကိုမချော့နိုင်သလို ဆူပူဖို့လည်း မရက်စက်နိုင်ပေသိ သူငိုနေသံအားကြားရသည်မှာ သူမရင်ကိုဆို့နင့်စေသည်။ ကျိုးလျန်ဟွား အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်လိုက်၏။
"မောင်လေးရှန့်တ မငိုနဲ့တော့နော်၊ ဒီသကြားလုံးချိုချိုလေး စားမလား"
ကျိုးလျန်ဟွားသည် ကလေးတစ်ယောက်ကိုချော့သကဲ့သို့ ကျိုးရှန့်တရှေ့တွင် သကြားလုံးကိုပြလိုက်သည်။ ကျိုးရှန့်တအမှန်တကယ်ပင် အငိုတိတ်သွားလေ၏။ ရှစ်ရှီ အလွန်တရာဝမ်းသာသွားပြီး ကျိုးလျန်ဟွားထံ မယုံနိုင်ဟန်ဖြင့်ကြည့်နေမိသည်။
အဖိုးတန်ရတနာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်......