← Chapters

အခန်း (၁၅၃)

Vol. 16 Ch. 153

အခန်း (၁၅၃)

Vol. 16 Ch. 153

ခူယားကောင်နတ်ဆိုးသည် အရောင်အသွေးတောက်ပနေသော်လည်း ၎င်း၏အန္တရာယ်များကို လူတိုင်းသိကြသည်။ ​အိတ်တစ်လုံးအပြည့်ရှိနေသော ခူယားကောင်နတ်ဆိုးများကို မြင်သောအခါ အားလုံးကြောက်လန့်သွားပြီး အသံပင် မထွက်ရဲကြတော့ပေ။ ​ကျိုးထောင်ဟွား သူမ၏လက်များမှတစ်ဆင့် ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်များ၏အကာအကွယ်ဖြင့် သူမသည် ခူယားကောင်နတ်ဆိုးများကို မြေပဲစေ့များကောက်ယူသကဲ့သို့ လွယ်ကူစွာ ဖမ်းဆုပ်လိုက်သည်။ ​သူမ ခူယားကောင်နတ်ဆိုး၏ခန္ဓာကိုယ်ကို ကျိုးရှန့်တဂုတ်ပိုးပေါ်သို့ ညှစ်ချလိုက်ရာ ဖောက်ထွင်းမြင်နိုင်သော အစိမ်းရောင် အရည်ကြည်များ စီးကျလာလေ၏။

ကျိုးရှန့်တသည် သူ့ဂုတ်ပိုးမှ ပူလောင်နေသောခံစားချက်မှာ အနည်းငယ်သက်သာသွားသည်အား ချက်ချင်းခံစားလိုက်ရသည်။ ​အေးစိမ့်သွားသလို သက်သောင့်သက်သာဖြစ်သွားရ၏။

​ကျိုးထောင်ဟွား ခူယားကောင်နတ်ဆိုးကို အိတ်ထဲသို့ပြန်ထည့်လိုက်ပြီး အစိမ်းရောင်အရည်များကို ကျိုးရှန့်တဒဏ်ရာထက်၌ အသာပွတ်လိမ်းပေးလိုက်သည်။

​"တော်တော်သက်သာသွားပြီ အမေ သား မနာတော့ဘူး"

​ကျိုးရှန့်တ ကလေးလေးတစ်ယောက်လို ပျော်ရွှင်သွားလေသည်။ ​ရှစ်ရှီသက်ပြင်းချနိုင်သွားပြီး ကျိုးထောင်ဟွားကိုပိုက်ဆံပေးကာ ကျိုးရှန့်တကို ကျိုးထောင်ဟွားနှင့် ကျိုးလျန်ဟွားညီအစ်မနှစ်ယောက်အား ကျေးဇူးတင်စကားပြောခိုင်းလိုက်၏။ ​ကျိုးရှန့်တအဆင်ပြေသွားသည်ကို မြင်သောအခါ ကျိုးထောင်ဟွား သတိပေးလိုက်သည်။

​"အဒေါ်ရှစ် နောက်ဆိုရင် ရှန့်တကိုတောင်ပေါ် တစ်ယောက်တည်းပေးမတက်ပါနဲ့၊ သမီးတို့ရွာပတ်လည်က တောင်တွေပေါ်မှာ နတ်ဆိုးတွေအများကြီး ပုန်းအောင်းနေတယ်၊ ခုနက သမီး ခူယားကောင်နတ်ဆိုးကို လိုက်ရှာနေတုန်း ရှိခိုးကောင်နတ်ဆိုးတစ်ကောင်နဲ့ တိုးသေးတယ်၊ သူ့တံစဉ်းက မယုံနိုင်လောက်အောင်ထိချွန်ထက်နေတာ၊ ကံကောင်းလို့ ဒီတစ်ခေါက် ရှန့်တက ရှိခိုးကောင်နတ်ဆိုးနဲ့မတိုးဘဲ ခူယားကောင်နတ်ဆိုးနဲ့ တိုးခဲ့တာပေါ့"

​သာမန်လူသာ နတ်ဆိုးနှင့်တိုးလျှင် အမြန်ဆုံးထွက်ပြေးကြမည်ဖြစ်ပေသိ ကျိုးရှန့်တမှာမူ ဉာဏ်ရည်မမီသူဖြစ်၍ ဘယ်လိုထွက်ပြေးရမည်အားသိမည်မဟုတ်ပေ။

​ဒဏ်ရာရသွားလျှင်တောင် ထိုနေရာမှာသာ ဆောင့်ကြောင့်ထိုင်ပြီး ငိုဖို့ပဲသူသိသည်။ ​အိမ်ပြန်ရောက်တာနဲ့ အက်ရာပါတဲ့တောင်စောင့်တစ္ဆေဒင်္ဂါးကို ဖျက်ဆီးပစ်ရမယ်။

​"အဒေါ် နားလည်ပါပြီ ကျေးဇူးတင်ပါတယ် သမီးထောင်ဟွား"

​ရှစ်ရှီသည် သူမအသက်တမျှ ချစ်ရသော သားဖြစ်သူကိုကြည့်ရင်း အနည်းငယ် စိုးရိမ်သွားမိသည်။ ​ဒီရက်ပိုင်း ရွာလူကြီးအိမ်၌ တောင်ပေါ်ရှိအလုပ်သမားများအတွက် ထမင်းဟင်းချက်ပေးနေရရာ အလုပ်များနေ၍ ရှန့်တကိုစောင့်ရှောက်ပေးမည့်သူမရှိဖြစ်နေ၏။ ​ကျိုးလျန်ဟွားနှင့် ကျိုးထောင်ဟွားတို့ တောင်အောက်သို့ အတူဆင်းလာကြသည်။ သူမသည် ကျိုးထောင်ဟွားကိုင်လာသော ဝိညာဉ်စွမ်းအင်အိတ်ကို စိုက်ကြည့်ရင်း စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်၏။

​"ထောင်ဟွား ဒီခူယားကောင်တွေကို မျိုးပြုတ်‌အောင်သတ်ပစ်မလို့လား"

​အိတ်တစ်လုံးအပြည့်ဆိုတော့ တောင်ပေါ်က ခူယားကောင်တွေ အကုန်လုံးကို ကျိုးထောင်ဟွား ဖမ်းလာတာပဲဖြစ်ရမယ်ဟု ကျိုးလျန်ဟွားထင်လေသည်။ ​ကျိုးထောင်ဟွား ရယ်မောလိုက်၏။

"သူတို့က အရမ်းအဆိပ်ပြင်းတာလေ၊ ဘာလို့ မျိုးတုံးအောင်သတ်ပစ်ရမှာလဲ၊ ငါက သူတို့ကို မျိုးပွားပြီးမွေးမလို့"

​"???"

​ကျိုးလျန်ဟွား သူမထံမယုံနိုင်ဟန်ဖြင့်စိုက်ကြည့်နေမိသည်။ ခူယားကောင်နတ်ဆိုးတွေကို မွေးမြူမယ်ဟုတ်လား။

​သူတို့နောက်မှ ရှစ်ရှီသည် ကျိုးရှန့်တကိုတွဲပြီး တောင်အောက်သို့ဖြည်းဖြည်းချင်းဆင်းလာခဲ့သည်။ ကျိုးလျန်ဟွားတို့ ညီအစ်မအဝေးသို့ ရောက်သွားသည်ကိုမြင်သောအခါ သူမ ကျိုးရှန့်တကိုမေးလိုက်၏။

​"ရှန့်တ လျန်ဟွားကို ဘယ်လိုထင်လဲ"

​"ခုနက သားကိုသကြားလုံးပေးတဲ့ အစ်မလား၊ အင်း သူကအတော်ကောင်းတယ်၊ သကြားလုံးလည်း အရမ်းစားလို့ကောင်းတယ်"

​ကျိုးရှန့်တပါးစပ်ထဲတွင် ထိုသကြားလုံး ရှိနေဆဲပင်။ ​ကျိုးရှန့်တကို နှလုံးသားရေးရာခံစားချက်များအကြောင်း ယခုပြောပြနေလျှင်လည်း အလကားပဲဆိုသည်ကို ရှစ်ရှီသိလိုက်သည်။ ထို့ကြောင့် သူမ ထပ်မေးလိုက်၏။

"သား သူ့ကိုမုန်းလား"

​ကျိုးရှန့်တ မျက်လုံးပြူးသွားရသည်။

"အမေ သားက သူ့ကိုဘာလို့မုန်းရမှာလဲ၊ သူက သားကိုသကြားလုံးပေးတာလေ၊ သား သူ့ကိုနည်းနည်းလေးတောင် မမုန်းဘူး"

​"ဒါဆို သူ့ကို သားရဲ့မိန်းမလုပ်ခိုင်းရင်ရော ဘယ်လိုလဲ၊ သူက သားနဲ့ နေ့တိုင်း အတူတူနေပေးလို့ ရတယ်လေ ကောင်းလား၊ အဖေရယ် အမေရယ် ပြီးတော့ ရှန့်ကျင်းအပြင် သူပါသားနဲ့ ဆော့ပေးဖို့ရှိနေမှာလေ"

​ရှစ်ရှီ စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။ ​နောက်တစ်ခဏတွင် ကျိုးရှန့်တမျက်နှာထက်၌ ဝမ်းသာပျော်ရွှင်မှုများကို သူမတွေ့လိုက်ရ၏။

"ကောင်းတယ်"

​ကစားဖော် နောက်ထပ်တစ်ယောက်ရရင် အရမ်းကောင်းမှာပဲ။ ဤရက်ပိုင်း သူ့မိဘများမှာ အလွန်တရာအလုပ်များနေကြပြီး ရှန့်ကျင်းသည်လည်း ပန်းထိုးအလုပ်ရုံတွင် ပန်းထိုးသွားသင်နေရာ အိမ်မှာ

သူတစ်ယောက်တည်း ကျန်ခဲ့ရ၏။ သူ အရမ်း အထီးကျန်နေခဲ့တာလေ။ ​ရှစ်ရှီ ချက်ချင်းဝမ်းသာသွားသည်။

"ကောင်းပြီ ရှန့်တ လိမ္မာတယ် သားလေး၊ အမေ သားအတွက် ချက်ချင်းစီစဉ်ပေးမယ်"

ယခင်က သူမသည် ကျိုးရှန့်တအတွက် ဇနီးတစ်ယောက်ရှာပေးဖို့ တစ်ခါမှမတွေးဖူးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ရှန့်တအခြေအနေနှင့် ဘယ်သူ့ကိုပဲလက်ထပ်လက်ထပ် ဒုက္ခပေးသလို ဖြစ်နေမည်ပင်။ သို့သော်ကျိုးလျန်ဟွား၏ဂုဏ်သိက္ခာမှာ ပျက်စီးသွားပြီဖြစ်ရာ သူမအိမ်ထောင်ကျနိုင်တော့မည်မဟုတ်ဘဲ အိမ်မှာပဲအပျိုကြီးဘဝနှင့်နေသွားရမည်ပင်။ ​တစ်ကယ်လို့ သူမသာ ရှန့်တကို လက်ထပ်ပြီး သား ဒါမှမဟုတ် သမီးတစ်ယောက်မွေးလျှင် မိသားစုပိုင်ဆိုင်မှုများမှာ သူမအပိုင်ဖြစ်သွားပေလိမ့်မည်။ အကယ်၍ ကလေးမရနိုင်ရင်တောင် သူမသည် ကျိုးလျန်ဟွားကို အနှိမ်ခံရအောင်လုပ်မည်မဟုတ်ပေ။ အိမ်ရှိပစ္စည်းတစ်ဝက်မှာ ကျိုးလျန်ဟွားနှင့် ရှန့်တပိုင်ဆိုင်မည်သာဖြစ်၏။

​.......

​ကျိုးထောင်ဟွား အိမ်ပြန်ရောက်ပြီးနောက် သူမသည် အိတ်ကိုဘေးတွင် ချက်ချင်း ချထားလိုက်ပြီး အခန်းထဲပြန်ကာ စက္ကူဝါများကို သွားရှာလေသည်။

​ရုတ်တရက် ခြံဝင်းတံခါးခေါက်သံကြားလိုက်ရပြီး နတ်ဆိုးငါးကောင် ရောက်လာကြသည်။

​"နင်တို့ ဘာလို့ဒီရောက်နေကြတာလဲ"

​ကျိုးထောင်ဟွား အိမ်ထောင်ကျပြီး ရှန်းမိသားစုအိမ်သို့ ပြောင်းရွှေ့လာကတည်းမှ သူတို့ကိုကျိုးမိသားစုအိမ်တွင်သာ ချန်ထားခဲ့ခြင်းဖြစ်သည်။ ​ရှန်းမိသားစုအိမ်တွင် သူမ,မကြာသေးမီကမှ မွေးထားသော ဖားပေါက်စနတ်ဆိုးလေးများသာရှိ၏။ ​နတ်ဆိုးငါးကောင်အချင်းချင်း ကြည့်လိုက်ကြသည်။ ​နောက်ဆုံးတွင် ရာသီသွေးမိစ္ဆာမှာ အစ်မကြီးတစ်ယောက်ပီပီ စကားစလိုက်၏။

"သခင်မလေးကျိုး လုပ်စရာကိစ္စတစ်ခုခု ရှိလို့လား၊ ကျွန်မတို့က သခင်မလေးအတွက် စိုးရိမ်နေလို့ပါ"

​ဟမ်

​ကျိုးထောင်ဟွားရင်ထဲတွင် ထိရှသွားသလိုခံစားလိုက်ရသည်။ ​သူတို့က သူမအတွက်စိုးရိမ်နေကြတာလား။ ​သူတို့က သူမဘေးမှာ အဖမ်းခံထားရတယ်ဆိုတာသိသိကြီးနဲ့ကိုလေ။

​"ငါလုပ်စရာတစ်ခုရှိနေတာတော့ အမှန်ပဲ"

​သူတို့၏ဆဌမအာရုံမှာ အလွန်တရာအားကောင်းလှ၏။ ​ကျိုးထောင်ဟွား အိမ်ထဲပြန်ဝင်သွားပြီး စက္ကူဝါကို ဖြန့်ခင်းကာ အမှောင်ယံမြေအောက်ကမ္ဘာ အစီအရင်ကို ရေးဆွဲလိုက်သည်။ ​၎င်းသည် ရှေးဟောင်းအစီအရင်တစ်ခုဖြစ်၏။ ​နတ်ဆိုးများ ယခင်ကတစ်ခါမှမမြင်ဖူးခဲ့ကြပေ။

​ရာသီသွေးမိစ္ဆာ : "သခင်မလေးကျိုး ဘာတွေဆွဲနေတာလဲ"

​ရာသီသွေးမိစ္ဆာမှာ သေချာနားမလည်သော်လည်း ၎င်းသည်သတ်ဖြတ်ခြင်းအစီအရင်တစ်ခုနှင့်တူသည်ဟု သူမခံစားလိုက်ရသည်။ သခင်မလေးကျိုးက ဘယ်သူ့ကို သတ်ချင်နေတာလဲ။ သခင်မလေးကျိုး၏လက်ရှိ အစွမ်းထက်ကျင့်ကြံခြင်းစွမ်းအားနဲ့ဆိုလျှင် လူသတ်ဖို့ရာအတွက် အစီအရင်များနှင့် အဆောင်တို့၏အကူအညီမှာ မလိုအပ်ပေ။ ​တစ်ကယ်လို့ သူမသာသတ်ချင်ရင် သူမရဲ့ကျင့်ကြံခြင်းစွမ်းအားကို သုံးလိုက်ရုံပဲလေ။ ဘာလို့ အစီအရင်ပုံစံတွေ လိုအပ်မှာလဲ။ ​ကျိုးထောင်ဟွားက ပြောလိုက်၏။

"လုံဟူမီးတောက်အစီအရင်လို့ ခေါ်တယ်"

​ဒူးရင်းသီးနတ်ဆိုး ဇဝေဇဝါဖြစ်သွားရကာ မျက်လုံးပြူးလေးဖြင့်မေးလာ၏။

"အဲဒါက ဘာကြီးလဲ"

​အခြားနတ်ဆိုးများလည်း တစ်ခါမှမကြားဖူးကြပေ။ နာမည်ကိုကြားရသည်မှာ အလွန်တရာလွှမ်းမိုးနိုင်စွမ်းရှိသည်ဟုသာ တွေးမိကြသည်။ လူသန်ကြီး၏သြရှရှအသံ ထွက်ပေါ်လာ၏။

"ဆရာသခင် ဒါကရှေးဟောင်းသတ်ဖြတ်ခြင်း အစီအရင်တစ်ခုနဲ့ တူတယ်နော်"

​ကျိုးထောင်ဟွား စုတ်တံကိုချထားလိုက်ရာ သူမလက်များ ရပ်တန့်သွားပြီး လူသန်ကြီးထံကြည့်လိုက်သည်။

"နင် တစ်ကယ်ပဲ အဲ့ဒီအကြောင်းကိုသိတာလား"

​ကျိုးထောင်ဟွား အနည်းငယ်အံ့အားသင့်သွားရသည်။ ယခင်ကသူမသည် စုတ်ပြဲနေသော ရှေးဟောင်းအစီအရင်စာအုပ်တစ်အုပ်ကို အသည်းအသန်ရှာဖွေခဲ့ရ၏။

​စာမျက်နှာများစွာ ပျက်စီးနေခဲ့ပြီး အကောင်းပကတိ ကျန်ရှိနေသော စာမျက်နှာအနည်းငယ်ထဲတွင် လုံဟူမီးတောက်အစီအရင်သည် တစ်ခုအပါအဝင်ဖြစ်သည်။ ​သူမသည် ၎င်းကို အသုံးပြု၍ အလွန်အစွမ်းထက်သောနတ်ဆိုးကျင့်ကြံသူတစ်ဦး၏ ယင်ဝိညာဉ်ကို အရည်ပျော်စေခဲ့၏။ ​ထိုနတ်ဆိုးကျင့်ကြံသူသေဆုံးခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်းတစ်သောင်း သို့မဟုတ် ထိုထက်မက ကြာမြင့်ခဲ့ပြီပင်ဖြစ်သည်။

​သူ့ယင်ဝိညာဉ်သည်လည်း အလွန် အစွမ်းထက်သောအဆင့်ထိ ကျင့်ကြံထားခဲ့သည်။ တစ်ကယ်လို့ သူမသာလုံဟူမီးတောက်အစီအရင်ကို မတော်တဆမသိခဲ့ပါက သူ့ကိုသတ်နိုင်ခဲ့မည်မဟုတ်ပေ။ ​ကျိုးထောင်ဟွားမှ သူ့ကိုချီးကျူးလိုက်သည်ကို ကြားသောအခါ လူသန်ကြီးသည် ခန္ဓာကိုယ်ကြီးမားလှသော်လည်း ရှက်ရွံ့နေသည့် အငွေ့အသက်များထွက်ပေါ်လာလေသည်။

​"ဘာလို့လဲတော့ မသိဘူး၊ ဒါကို တစ်နေရာရာမှာမြင်ဖူးခဲ့သလို ရင်းနှီးတဲ့ခံစားချက်မျိုး ခံစားရတယ်"

လူသန်ကြီး၏ အက်ရှရှအသံသည် ရုတ်တရက် ရှက်သွေးဖြာသွားသဖြင့် အခြားနတ်ဆိုးများမှာ ကြက်သီးထသွားကြသည်။ ​ခရုနတ်ဆိုးသည် ဆက်သည်းမခံနိုင်တော့ဘဲ သူ့ကိုလက်သီးဖြင့်ထိုးချလိုက်၏။

"သောက်အသံနတ်ဆိုးကောင် ငါ့စိတ်ကိုလာမဆွစမ်းနဲ့"

​မိခင်မှိုနတ်ဆိုးမှ ခန့်မှန်းလိုက်သည်။

"နင့်အိမ်မက်ထဲမှာ မြင်ဖူးတာများလား"

​ကျိုးထောင်ဟွား သူတို့နှင့်အတူဝင်ရောက်ခန့်မှန်းနေဖို့ အချိန်မရှိပေ။ သူမသည် အင်္ကျီရင်ဘတ်ထဲမှ အက်ရာပါသော တောင်တစ္ဆေဒင်္ဂါးကိုထုတ်လိုက်သည်။

​"???"

​အဲ့ဒါကို ဖျက်ဆီးမလို့လား။ လုံဟူမီးတောက်အစီအရင်ကို သုံးပြီးတော့လေ။ ​ဒါက တောင်တစ္ဆေဒင်္ဂါးလေးတစ်ပြားပါပဲ။ ​နတ်ဆိုးငါးကောင် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏အလိုလိုသိစိတ်များ မှားနေသည်လားဟုတောင် သူတို့သံသယ ဝင်သွားကြ၏။ ​တောင်တစ္ဆေဒင်္ဂါးတစ်ပြားက ဘာအန္တရာယ် ပေးနိုင်မှာမို့လို့လဲ။ ​ကျိုးထောင်ဟွား တောင်တစ္ဆေဒင်္ဂါးကို လုံဟူမီးတောက်အစီအရင်ထဲသို့ ထည့်လိုက်သည်အား သူတို့ စောင့်ကြည့်နေကြသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

All Chapters