အခန်း (၁၅၄)
Vol. 16 Ch. 154
လုံဟူမီးတောက်အစီအရင်ထဲမှ မရေမတွက်နိုင်သောနတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာလေသည်။ လုံဟူမီးတောက်အစီအရင်ပင် ၎င်းကိုမဖိနှိပ်ထားနိုင်ပေ။ တောင်တစ္ဆေဒင်္ဂါးမှာတော့ အက်ရာတစ်ခုရှိနေသော်လည်း အစီအရင်ထဲ၌ ဘေးကင်းစွာဖြင့်လှဲလျောင်းနေဆဲပင်။ အမှောင်အတိကျနေသော နတ်ဆိုးစွမ်းအင်များသည် အခန်းတစ်ခန်းလုံးပြန့်နှံ့သွားပြီး လိမ့်တက်နေသော မိုးတိမ်မည်းကြီးများအလားဖြစ်နေသော်လည်း သဲလွန်စမကျန်သတ်ဖြတ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုကို ဖုံးကွယ်ထားလေသည်။
အငယ်ဆုံးဖြစ်သော ဒူးရင်းသီးနတ်ဆိုးသည် ဤကဲ့သို့သောမြင်ကွင်းမျိုးကို ယခင်က တစ်ခါမှမမြင်ဖူးခဲ့သဖြင့် မှင်သက်စွာရပ်နေမိ၏။ သူတို့ ဒါကို လျှော့တွက်ခဲ့မိတာပဲ။ သာမန်တောင်တစ္ဆေဒင်္ဂါးလေးတစ်ပြားက ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးပိုင်ဆိုင်ထားရတာလဲ။
ကံကောင်းစွာဖြင့် ရာသီသွေးမိစ္ဆာမှ အချိန်မီသတိထားမိသွားပြီး သူမကိုဆွဲကာ အတူပြေးထွက်လိုက်သည်။ သူတို့အားလုံးအပြင်ရောက်သွားမှသာ ကျိုးထောင်ဟွား ထွက်မလာသေးကြောင်း သတိထားမိလိုက်ကြ၏။
"အစ်မကျိုး"
ဒူးရင်းသီးနတ်ဆိုးလေး အထဲသို့ပြန်ဝင်ရန်ပြင်လိုက်စဉ် ရာသီသွေးမိစ္ဆာမှ တားလိုက်သည်။
"ဝင်ပြီးအသေခံမလို့လား မဝင်နဲ့"
ဧည့်ခန်းမသည် အေးစက်မှောင်မိုက်နေကာ ယင်စွမ်းအင်များကြောင့် အပြင်ဘက်ရှိမည်သည့်အရာကိုမှမမြင်နိုင်တော့ပေ။ သူတို့၏အလိုလိုသိစိတ် မှန်ကန်ခဲ့ပါ၏။ သူတို့၏ရန်သူကို လျှော့တွက်ခဲ့မိခြင်းပင်။ ဒူးရင်းသီးနတ်ဆိုးမှာ စိုးရိမ်တကြီး မေးလိုက်သည်။
"အဲဒီအက်ရာပါတဲ့ တောင်တစ္ဆေဒင်္ဂါးကဒီလောက်တောင် အစွမ်းထက်တာလား၊ ဒါပေမဲ့ အစ်မကျိုးက အထဲမှာရှိနေတုန်းပဲလေ၊ ငါတို့ အခုဘယ်လိုလုပ်ကြမလဲ"
ရာသီသွေးမိစ္ဆာမှာ မိခင်မှိုနတ်ဆိုးကိုပြောလိုက်သည်။
"သွား သခင်လေးရှန်း ကို သွားခေါ်ချေ"
အခန်းထဲတွင် ယင်စွမ်းအင်များဖြင့်ပြည့်နှက်နေသော်လည်း ရှန်းမင်ထံမှထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် ကြမ်းတမ်းမှုသည် ဤနတ်ဆိုးစွမ်းအင်ထက်အားမနည်းပေ။ သူရောက်လာရင် သခင်မလေးကျိုးကို ကူညီပေးနိုင်ကောင်းပါရဲ့။ ရာသီသွေးမိစ္ဆာ၏စကားကို ကြားသောအခါ မိခင်မှိုနတ်ဆိုးသည် ခြံဝင်းထဲမှ ချက်ချင်းပြေးထွက်သွားလေသည်။ ရာသီသွေးမိစ္ဆာနှင့် အခြားနတ်ဆိုးများသည် ဧည့်ခန်းဆောင်ဆီသို့ စိုးရိမ်တကြီးကြည့်နေကြစဉ် အမှောင်ထုထဲတွင် မှိန်ဖျဖျအလင်းရောင်တစ်ခုကို ရုတ်တရက် သတိထားမိလိုက်ကြ၏။
သူတို့သည် ထိုအလင်းရောင်ကို စူးစိုက်ကြည့်နေကြရာ ၎င်းမှာတဖြည်းဖြည်း ပိုမို အားကောင်းလာပြီး အခန်းထဲရှိနတ်ဆိုးစွမ်းအင်များမှာတော့ ဖြည်းဖြည်းချင်းလျော့နည်းလာသည်ကို တွေ့လိုက်ရသည်။ တဖြည်းဖြည်းနှင့် ကျိုးထောင်ဟွား၏ပုံရိပ်ကို သူတို့မြင်လာရ၏။
ကျိုးထောင်ဟွားသည် အသည်းအသန်လက်သင်္ကေတများကို ပြုလုပ်နေရသည်။ သူမသည် နေ့စဉ်ဝိညာဉ်စွမ်းအင်များကို ဖြည့်တင်းနေခဲ့ရာ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူမဝိညာဉ်စွမ်းအင်များ အလွန်လျင်မြန်စွာ ကုန်ခမ်းသွားခြင်းဖြစ်ပြီး သူမကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် လျင်မြန်လွန်းလှ၏။
ကျိုးထောင်ဟွား မျက်မှောင်အသာကြုတ်လိုက်သည်။ သူမ ဤတောင်တစ္ဆေဒင်္ဂါး၏စွမ်းအားကို လျှော့တွက်ခဲ့မိသည်။ နှစ်ရာပေါင်းများစွာအတွင်း ကျိုးကျားရွာတွင် နတ်ဆိုးများစွာကို ပေါက်ဖွားစေနိုင်ခဲ့သောအရာမှာ ဘယ်လိုလုပ်ပြီးသာမန်ဖြစ်နိုင်ပါမည်နည်း။ သို့သော် ယခုတော့ နောက်ဆုတ်လို့မရတော့ပေ။ ကျိုးထောင်ဟွားသည် သူမလက်ချောင်းကို အမြန်ကိုက်လိုက်ပြီး လုံဟူမီးတောက်အစီအရင်ကို အားဖြည့်ရန် သူမသွေးကို အသုံးပြု၍ အဆောင်များရေးဆွဲလိုက်သည်။
ငါကျိန်းသေနှိမ်နင်းနိုင်ရမယ်
"အား"
ဝိုးတဝါးမြင်နေရသော အပြင်ဘက်ရှိနတ်ဆိုးများသည် တောင်တစ္ဆေဒင်္ဂါး၏ နာနာကျင်ကျင်အော်ဟစ်သံများကိုကြားလိုက်ရ၏။ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ ကျိုးထောင်ဟွားအတွက် တိတ်တဆိတ်အားပေးနေကြသည်။ ကျိုးထောင်ဟွား၏ကြိုးပမ်းအားထုတ်မှုကြောင့် နတ်ဆိုးစွမ်းအင်တစ်ဝက်ခန့်သည် လုံဟူမီးတောက်အစီအရင်၏အရည်ဖျော်ပစ်ခြင်းကိုခံလိုက်ရပြီး ဧည့်ခန်းဆောင်၏တစ်ဝက်ခန့် ပေါ်လွင်လာလေ၏။ အက်ရာပါသော တောင်တစ္ဆေဒင်္ဂါး၏ အစိတ်အပိုင်းတချို့သည်လည်း အရည်ပျော်သွားခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် ကျိုးထောင်ဟွား ရှင်းလင်းစွာခံစားလိုက်ရသည်မှာ သူမဝိညာဉ်စွမ်းအင် မလုံလောက်တော့ပေ။
သူမ၏နာကျင်နေသောမျက်နှာကို အပြင်ဘက်ရှိနတ်ဆိုးများလည်း မြင်တွေ့လိုက်ကြသည်။ ရာသီသွေးမိစ္ဆာသည် အထဲသို့ ပထမဆုံးပြေးဝင်သွားလေ၏။
"နင်ကဘာလို့ ဒီရောက်နေတာလဲ ထွက်သွားစမ်း"
သူမကိုယ်တိုင်ပင် တောင်တစ္ဆေဒင်္ဂါး၏နတ်ဆိုးစွမ်းအင်ကို မယှဉ်နိုင်ရာ ရာသီသွေးမိစ္ဆာဆိုလျှင် ပို၍ပင်မတတ်နိုင်ပေ။ တကယ်လို့ ရာသီသွေးမိစ္ဆာသာ တောင်တစ္ဆေဒင်္ဂါး၏ နတ်ဆိုးစွမ်းအင်ကြောင့် ထိခိုက်သွားပါက ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး သူမ၏နှစ်ရာချီ ကျင့်ကြံထားသောစွမ်းအားများ အားလုံး အလဟဿဖြစ်သွားပေလိမ့်မည်။
"ကျွန်မ ရှင့်ကိုကူညီဖို့လာတာပါ သခင်မလေးကျိုး"
ရာသီသွေးမိစ္ဆာမှာ ပြောပြောဆိုဆိုနှင့် သူမအနောက်တွင်ရပ်လိုက်ပြီး ကျိုးထောင်ဟွား၏ပခုံးပေါ်သို့ လက်တင်ကာ သူမ၏ကျင့်ကြံခြင်းစွမ်းအားများကို လွှဲပြောင်းပေးလိုက်လေသည်။
"!!!"
သူမအားကူညီရန် အသက်ကိုပင် စွန့်လွှတ်ရဲသော ရာသီသွေးမိစ္ဆာ၏လုပ်ရပ်ကြောင့် ကျိုးထောင်ဟွား အံ့အားသင့်သွားရသည်။ ဒူးရင်းသီးနတ်ဆိုး၊ လူသန်ကြီးနှင့် ခရုနတ်ဆိုးတို့လည်း ကျိုးထောင်ဟွားအနောက်သို့ ရောက်ရှိလာကြ၏။ သူတို့၏ကျင့်ကြံခြင်းစွမ်းအားများဖြင့် ကျိုးထောင်ဟွားသည် နောက်ထပ်အနည်းငယ်ထပ်တောင့်ခံထားနိုင်သေးသည်ဟု ခံစားလိုက်ရသည်။ ဒီနေ့တော့ အသက်နဲ့ရင်းရရင်တောင် ဒါကိုသူမ ဖျက်ဆီးပစ်ရမည်ပင်။ ကျိုးကျားရွာ၌ နောက်ထပ်နတ်ဆိုးများ ပေါက်ဖွားလာသည်ကို သူမ,မမြင်ချင်တော့ပေ။ သို့သော် အချိန်ခဏလေးအတွင်းမှာပင် သူတို့အားလုံးအားအင်ကုန်ခမ်းသွားကြလေသည်။ ထိုအချိန်တွင် ရှန်းမင်မှာရုတ်တရက်ပြေးဝင်လာလေ၏။
ကျိုးထောင်ဟွားမျက်လုံးများ တောက်ပသွားပြီး ဘာမှမစဉ်းစားတော့ဘဲ ရှန်းမင်ကို နမ်းလိုက်လေသည်။ သူမရဲ့ပါဝါဘဏ်လေး နောက်ဆုံးတော့ရောက်လာပြီပဲ။ ရှန်းမင်အနောက်တွင် မိခင်မှိုနတ်ဆိုးကိုပါ သူမတွေ့လိုက်ရသည်။ မိခင်မှိုနတ်ဆိုးမှ သူ့ကိုအိမ်ပြန်ခေါ်လာခဲ့ခြင်းပင်။ ဒီနတ်ဆိုးငါးကောင်ကတော့ တစ်နေ့တခြား ပိုချစ်စရာကောင်းလာတာပဲ။ ရှန်းမင်ဝင်လာသောအခါ ဧည့်ခန်းမထဲရှိ နတ်ဆိုးစွမ်းအင်များတစ်ဝက်ခန့် လျော့ကျသွားသည်ကို မည်သူမှသတိမထားမိကြပေ။ ရှန်းမင်မှ သူမ၏ဝိညာဉ်စွမ်းအင်များကို ဖြည့်တင်းပေးနေသဖြင့် အက်ရာပါသော တောင်တစ္ဆေဒင်္ဂါးကို အရည်ဖျော်ပစ်ရန်မှာ လုံးဝပြဿနာမရှိတော့ပေ။ နောက်ဆုံးတွင်တော့ ဘာတစ်ခုမှ မကျန်ရစ်တော့ချေ။ ကျိုးထောင်ဟွား နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားလေသည်။ သူ့ကိုဖက်ပြီး နမ်းနေတုန်းဖြစ်သည့် ကျိုးထောင်ဟွားထံ ရှန်းမင်တစ်ယောက် မျက်လုံးပြူးကာဖြင့် စိုက်ကြည့်နေမိ၏။
"???"
သူ့အနမ်းကိုရုတ်သိမ်းမပေးသေးသော ကျိုးထောင်ဟွားကို ရှန်းမင်ကြည့်လိုက်သည်။
"ညီမထောင်ဟွား အန္တရာယ်ကြုံနေတာ မဟုတ်ဘူးလား"
ကျိုးထောင်ဟွား ရှန်းမင်၏အကြည့်နှင့်ဆုံမိလိုက်ရာ အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။ အန္တရာယ်ကို ဖြေရှင်းနိုင်မယ့်နည်းလမ်းက အစ်ကိုပဲလေ။ ဒီလျှို့ဝှက်ချက်ကို သူ့ဆီပြောပြလိုက်ရမလား။ ကျိုးထောင်ဟွားမျက်လုံးများ ပြုံးရွှင်စွာပင်ကွေးညွှတ်သွားသည်။
"အစ်ကိုရှန်းမင် ညီမက အစ်ကို့ကိုလွမ်းလို့ပါ၊ အစ်ကို့ကိုမြင်လိုက်ရမှ ညီမလည်းစိတ်အေးသွားတာ"
အက်ရာပါသော တောင်တစ္ဆေဒင်္ဂါးကို ဖျက်ဆီးလိုက်နိုင်သဖြင့် သူမစိတ်အေးသွားခဲ့သည်။ ၎င်းမရှိတော့သဖြင့် ကျိုးကျားရွာရှိ နတ်ဆိုးများကို အာဟာရဖြည့်တင်းပေးသော မြေဩဇာပျောက်ဆုံးသွားသကဲ့သို့ဖြစ်သွားပြီး နတ်ဆိုးများကို ဆွဲဆောင်နိုင်သော မက်လုံးများပါ ပျောက်ဆုံးသွားလေပြီပင်။ ကျိုးထောင်ဟွား ရှန်းမင်ကိုဖက်ကာ အလွန်ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်လေသည်။ ရှန်းမင်လည်း သူမကိုတင်းတင်းကျပ်ကျပ်ပြန်ဖက်ထားလိုက်၏။ ကျိုးထောင်ဟွား အဆင်ပြေသွားသည်ကိုမြင်သောအခါ နတ်ဆိုးငါးကောင်လည်းပြုံးလိုက်ကြသည်။
.......
ခမ်းနားသော်လည်း မှောင်မိုက်နေသော ကျင့်ကြံခြင်းအခန်းတစ်ခုထဲတွင် နဂါးပုံစံများပါရှိသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရုတ်တရက်သွေးအန်ချလိုက်လေသည်။
*ချွင် ချွင် ချွင်*
အိုမင်းရွတ်တွနေသော လက်တစ်ဖက်မှ သူ့ဘေးနားရှိခေါင်းလောင်းကို တီးခတ်လိုက်သည်။ ခေါင်းလောင်းသံကို ကြားသောအခါ တံခါးအပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေသော အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးသည် အလျင်အမြန်ထရပ်ပြီး တံခါးကိုတွန်းဖွင့်လိုက်၏။ နေရောင်ခြည်သည် ထိုအမျိုးသားအပေါ်သို့ ကျရောက်သွားသည်။ ထိုသူသည် မယုံနိုင်လောက်အောင်ပိန်ချုံးနေပြီး ဆံပင်များမှာလည်းနှင်းများအလား ဖြူဖွေးနေကာ သေခါနီးအဘိုးအိုတစ်ဦးနှင့် တူနေလေ၏။ တကယ်လို့ အပြင်ဘက်မှအမျိုးသားသာ ထိုနေရာ၌စောင့်မနေခဲ့လျှင် သူ့ဆရာဖြစ်သူမှာ သေချာပေါက်လူစားထိုးခံလိုက်ရသည်ဟု သံသယဝင်မိမှာအမှန်ပင်။ သို့သော် အမြဲတစေအသက်သုံးဆယ်အရွယ်လောက်ဖြင့်နုပျိုနေပုံပေါက်နေသော သူ့ဆရာမှာဘယ်ရောက်သွားပါသနည်း။
"ဆရာ ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား"
"တပည့် ဒီကိုလာခဲ့ မင်းကို ငါပြောစရာရှိတယ်"
အဘိုးအိုမှ လေသံဖျော့ဖျော့ဖြင့်ပြောလိုက်သည်။ အဘိုးအိုမှ ထိုအမျိုးသားထံကြည့်လိုက်စဉ် သူ့မျက်လုံးများထဲတွင် ရက်စက်သောအရိပ်အယောင်တစ်ခု လင်းလက်သွားလေ၏။ ထိုအမျိုးသား အနားသို့ရောက်ရှိသွားသည်နှင့် သူ့အသက်စွမ်းအင်နှင့် ကျင့်ကြံခြင်းစွမ်းအားများမှာ လျင်မြန်စွာစုပ်ယူခံလိုက်ရလေသည်။ ထိုသူ့မျက်နှာမှာ ချက်ချင်းအိုမင်းရင့်ရော်သွားကာ အားနည်းနေသော အဘိုးအိုသည် တဖြည်းဖြည်းပြန်လည်နုပျိုလာလေ၏။
သူ့နှလုံးသားအား ဆုပ်ကိုင်ထားသော လက်ကိုငုံ့ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
"ဆရာ ခင်ဗျား"
နုပျိုလာသောခံစားချက်မှာ အဘိုးအိုကို သက်သောင့်သက်သာဖြစ်စေပြီး သူ့နှုတ်ခမ်းထောင့်မှသွေးများကို လျှာဖြင့်လျက်ကာ
"ဒီလိုဖြစ်ဖို့အတွက် ငါကမင်းကိုမွေးမြူထားခဲ့တာလေ"
အမျိုးသား၏အသက်စွမ်းအင်နှင့် ကျင့်ကြံခြင်းစွမ်းအားများ လုံးဝကုန်ခမ်းသွားသောအခါ အဘိုးအိုသည်သူ့ကို လွှင့်ပစ်လိုက်လေ၏။ ထိုအမျိုးသားသည် မျက်လုံးပြူးကြီးဖြင့် သေဆုံးသွားခဲ့ပြီး သေသည်ထိတိုင်မျက်စိမမှိတ်နိုင်ခဲ့ပေ။ ဆရာ့ရဲ့ ထာဝရနုပျိုခြင်းနည်းလမ်းက သူတို့ကတစ်ဆင့် ဖြစ်နေတာလား။
ပျောက်ဆုံးသွားတဲ့ ဂိုဏ်းတူအစ်ကိုတွေကရော.......
အဘိုးအို၏လက်ဖဝါးထက်တွင် အစိမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိခြောက်သွေ့နေသောအလောင်းကို သဲလွန်စမကျန်ပြာအဖြစ် လောင်ကျွမ်းစေလိုက်သည်။ ကျိုးကျားရွာ၏ပြောင်းလဲမှုများသည် သူမထင်မှတ်ထားခဲ့သော အရာများဖြစ်၏။ သူ့ခွေးက သူ့ခွင့်ပြုချက်မရှိဘဲ ကြိုးဖြည်ခွင့်လုံးဝမရှိဘူး။ ထိုအမျိုးသားသည် သူ့မျက်နှာကို ကိုင်တွယ်လိုက်ပြီး ရက်စက်စွာပြောလိုက်သည်။
"ငါ့ရဲ့တောင်တစ္ဆေဒင်္ဂါးကို တကယ်အကုန်အကျခံပြီး ဖျက်ဆီးပစ်နိုင်ခဲ့တာလား"