← Chapters

အခန်း (၁၅၅)

Vol. 16 Ch. 155

အခန်း (၁၅၅)

Vol. 16 Ch. 155

"ဆရာ တရားကျင့်တာကနေထွက်လာပြီလား"

​ထန်ရှန်းဟွေ့ရောက်လာသောအခါ သူ့ဆရာတရားကျင့်သည့် အခန်းတံခါးပွင့်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်စွာအပြေးရောက်လာခဲ့သည်။

​သို့သော် သူ့ဆရာ၏မျက်နှာသွင်ပြင်မှာ သိပ်မကောင်းလှကြောင်း သတိထားမိလိုက်သည်။ ​သူ့ဆရာ တရားကျင့်နေတာ တစ်နှစ်ပဲရှိသေးတာကို ဘယ်လိုလုပ်ဒီလောက်တောင် အိုမင်းသွားရတာလဲ။

​"ဂိုဏ်းတူညီလေးရှစ်က ဘယ်တွေပျောက်နေလဲ မသိဘူး၊ အမြဲတမ်း အပျင်းထူနေတာပဲ၊ ​ဆရာတရားကျင့်တာက အရမ်းအရေးကြီးတယ်လေ၊ တကယ်လို့ တစ်ယောက်ယောက်ကဝင်လာပြီး ဆရာ့ရဲ့ကျင့်ကြံခြင်းကို အနှောင့်အယှက်ပေးခဲ့ရင် သူတို့ခေါင်းကိုဆယ်ကြိမ်ဖြတ်ရင်တောင် တာဝန်ယူနိုင်မှာမဟုတ်ဘူး"

​ထန်ရှန်းဟွေ့ ဒေါသတကြီးဆူပူလိုက်သည်။ ​အမျိုးသားသည် လေးယောက်မြောက်သူ့တပည့်ထံကြည့်လိုက်၏။

"သူက ငယ်သေးတယ်လေ ဆော့ကစားချင်တာက ပုံမှန်ပါပဲ၊ သူ့အတွက်စိတ်မပူပါနဲ့၊ ​ရှန်းဟွေ့ မင်းကိုအရေးတကြီးခိုင်းစရာအလုပ်တစ်ခုရှိတယ်၊ ကျိုးကျားရွာကိုသွား......"

​.......

​ကျိုးကျားရွာ အတွင်းတွင်

​ကျိုးထောင်ဟွားသည် နောက်ဆုံးတော့ ခူယားကောင်နတ်ဆိုးများပါသောအိတ်ကို သွန်ချရန် အခွင့်အရေးရသွားသည်။ ​ခူယားကောင်များသည် နတ်ဆိုးများဖြစ်လာကြပြီး သူတို့၏အသိဉာဏ်များမှာလည်း ယခုမှနိုးကြားလာခြင်းပင်။ ကျိုးထောင်ဟွား၏အစွမ်းကို သူတို့သိကြသဖြင့် အားလုံးလိမ္မာစွာဖြင့် သပ်သပ်ရပ်ရပ်တန်းစီနေကြပြီး ခြံဝင်း၏တစ်ဝက်ခန့်ကိုနေရာယူထားလေသည်။ ​ကျိုးလျန်ဟွား ရှန်းမိသားစုအိမ်သို့ဝင်လာစဉ် ဤမြင်ကွင်းကိုတွေ့လိုက်ရ၏။ ​သူမကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထသွားပြီး တည့်တည့်ပင်မကြည့်ရဲတော့ပေ။

​ကျိုးထောင်ဟွား : "အစ်မလျန်ဟွား ဘာကိစ္စရှိလို့လဲ"

ကြောက်နေတာအသိသာကြီးကိုတောင် သူကဆက်နေနေသေးတယ်။

​ကျိုးထောင်ဟွား အင်္ကျီရင်ဘတ်ထဲမှ ရှိခိုးကောင်နတ်ဆိုး၏အမြုတေကိုထုတ်ယူကာ ခူယားကောင်နတ်ဆိုးများထံ ပစ်ပေးလိုက်ပြီးနောက် ကျိုးလျန်ဟွားကို ထိုမြင်ကွင်းများကြောင့် မလန့်စေရန် ဧည့်ခန်းမထဲသို့ ခေါ်သွားလေသည်။

​ချက်ချင်းပင် ခူယားကောင်နတ်ဆိုး အားလုံးသည် လုယူရန်ရှေ့သို့တိုးဝှေ့သွားကြလေ၏။ ​သားလောင်းအချို့သည် ပိုးအိမ်ဖွဲ့လာကြပြီး တဖြည်းဖြည်းနှင့် ခူယားကောင်အိမ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာကြသည်။ ​လက်မအရွယ်ခန့်ရှိသော ခူယားကောင်အိမ်များသည် ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေလေ၏။ ​ဒူးရင်းသီးနတ်ဆိုးမှာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"သူတို့က ဘာဖြစ်သွားတာလဲ"

​ရာသီသွေးမိစ္ဆာမှ ပြန်ဖြေလာ၏။

"သူတို့ကအဆင့်တက်သွားတာ၊ နောက်တစ်ခါပြန်ထွက်လာရင် သူတို့ အရွယ်ရောက်သွားလိမ့်မယ်၊ ​သူတို့ကအရင်ကထက် အများကြီးပိုကြီးလာပြီး သူတို့ဆူးချွန်တွေရဲ့ စွမ်းအားကလည်းပိုကြီးလာလိမ့်မယ်"

သခင်မလေးကျိုးသည် ခူယားကောင်နတ်ဆိုးအများအပြားကို ဖမ်းဆီးခဲ့သော်လည်း သူမခုနကအသုံးပြုလိုက်သောအမြုတေမှာ နှစ်ပေါင်းသုံးရာကျင့်ကြံခြင်းစွမ်းအားရှိသဖြင့် ၎င်းကိုစုပ်ယူပြီးနောက် ခူယားကောင်နတ်ဆိုး အားလုံးအဆင့်တက်သွားကြခြင်း ဖြစ်သည်။ ​နတ်ဆိုးငါးကောင်သည် တံမြက်စည်းများယူကာ သူတို့အားလုံးကို စကောတစ်ခုထဲသို့ လှဲကျင်းထည့်လိုက်ပြီး ဝါးခြင်းတောင်းနှစ်လုံးထဲသို့ ပြောင်းထည့်လိုက်ကြ၏။​ ကျန်သည်ကတော့ ကျိုးထောင်ဟွားဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တော့သည်။ ​သို့သော် သူတို့ကို ခူယားကောင်အိမ်ထဲမှ ထွက်လာစေရန် အနည်းဆုံး နှစ်ပေါင်းငါးရာကျင့်ကြံခြင်းစွမ်းအားရှိသော အမြုတေများလိုအပ်လိမ့်မည်။

​ဧည့်ခန်းမအတွင်းတွင်

​ကျိုးလျန်ဟွား : "ညီမထောင်ဟွား အစ်မ အကူအညီတောင်းစရာလေးတစ်ခုရှိလို့"

​သူမသည် ပြားတစ်ရာကို ကျိုးထောင်ဟွားလက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

​"ညီမထောင်ဟွား အစ်မဒီဘဝမှာ အိမ်ထောင်ကျနိုင်ပါ့မလားဆိုတာ တွက်ပေးလို့ရမလား"

​ကျိုးလျန်ဟွား နှုတ်ခမ်းကိုစေ့ထားပြီး အနည်းငယ်စိတ်လှုပ်ရှားနေလေသည်။

​မူလက သူမသိပ်မျှော်လင့်ချက်မထားခဲ့သော်လည်း ကျိုးရှန့်လင်မှာ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကို လှုံ့ဆော်ပေးခဲ့ပြီးမှ ရက်ရက်စက်စက် ရိုက်ချိုးပစ်ခဲ့ရာ အလွန်တရာတွေးပူနေမည့်အစား ရလဒ်ကိုတွက်ကြည့်လိုက်သည်မှာ ပိုကောင်းပေလိမ့်မည်။

​ကျိုးထောင်ဟွား : ဒါဆိုအိမ်ထောင်ရေးကို တွက်ချင်တာပေါ့။

​ကျိုးလျန်ဟွားထံ မော့ကြည့်လိုက်ချိန်တွင် သူမမျက်နှာထက်၌ မက်မွန်ပန်းနှစ်ပွင့်ကို တွေ့လိုက်ရသည်။

​"အစ်မလျန်ဟွား အစ်မသေချာပေါက် အိမ်ထောင်ကျမှာပေါ့၊ ပြီးတော့ မကြာခင်မှာကောင်းတဲ့ကိစ္စတွေ ဖြစ်လာတော့မယ်"

​ကျိုးလျန်ဟွားမျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။

​မကြာခင်မှာတဲ့လား

​သူမစိတ်ထဲတွင် ကျိုးရှန့်လင်ကိုချက်ချင်းသတိရသွားသည်။ ကျိုးရှန့်လင် အရင်ပြောခဲ့တာတွေက မူးပြီးပြောတဲ့စကားတွေမဟုတ်ဘူးလား။

​"အစ်မလျန်ဟွား ဒီရက်ပိုင်း အစ်မရဲ့ဖူးစာရေးကံက အတော်လေးကောင်းနေတယ်၊ အစ်မမှာ ဖူးစာရှင်နှစ်ယောက်တောင်ရှိနေတယ်"

​ကျိုးထောင်ဟွား စကားပြောပြီးသည်နှင့် ကျိုးလျန်ဟွားပို၍ပင် အံ့အားသင့်သွားသည်။

​နှစ်ယောက်တဲ့လား

​သူမ ကိုယ့်ကိုကိုယ်လက်ညှိုးပြန်ထိုးပြကာ မယုံကြည်နိုင်စွာဖြင့် အတည်ပြုလိုက်သည်။

"ငါကလား၊ ငါ့မှာ ဖူးစာရှင်နှစ်ယောက်ရှိတယ်လို့ ပြောတာလား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

​သူမမျက်တောင်ခတ်လိုက်ကာ လုံးဝမဖြစ်နိုင်ဟု ထင်နေမိသည်။ ​သို့သော် ကျိုးထောင်ဟွားစကားကို ကြားပြီးနောက် သူမပါးပြင်များ ဖြည်းဖြည်းချင်းနီရဲလာပြန်၏။ ​သူမရဲ့ဂုဏ်သိက္ခာက အခုအရမ်း ကျဆင်းနေတာလေ။ သူမက ကျိုးအိမ်ဟောင်းမှာ တစ်သက်လုံးအပျိုကြီးဘဝနဲ့ပဲ သောင်တင်နေတော့မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ထင်မထားတာက.....

​မျက်ရည်တစ်စက် သူမပါးပြင်ပေါ်သို့စီးကျလာလေသည်။

​သူမ အိမ်ထောင်ကျနိုင်တယ်

​အိမ်မှာနေရမယ့် အပျိုကြီးမဟုတ်တော့ဘူး။

(T-N/အားကျတယ်အေ)

​ကျိုးထောင်ဟွား : "အစ်မလျန်ဟွား လုပ်စရာရှိတာသာ ဆက်လုပ်နေပါ၊ အစ်မရဲ့ ဖူးစာရှင်က လွဲချော်သွားမှာမဟုတ်ပါဘူး"

​ကျိုးလျန်ဟွား မျက်ရည်များကိုသုတ်ပြီးနောက် ပျော်ရွှင်စွာအိမ်ပြန်သွားလေသည်။ ​

နောက်တစ်နေ့ ပန်းထိုးအလုပ်ရုံတွင်

​ကျိုးလျန်ဟွား အလုပ်ရုံတွင်အလုပ်လုပ်နေစဉ် အောင်သွယ်တော်ယို ရုတ်တရက် ရောက်လာပြီး သူမကိုရှာလေသည်။

​အလုပ်ရုံတွင် လူသိပ်မများသော်လည်း အယောက် သုံးဆယ်၊ လေးဆယ်ခန့်တော့ ရှိသေး၏။ ​လတ်တလောတွင် ရွာ၌မြို့ရိုးဆောက်နေသဖြင့် သူတို့ထဲမှအချို့မှာ ကူညီပေးနေကြသည်။ ​ဆေးပင်စိုက်ခင်းများရှိအပင်များမှာလည်း ကောင်းစွာကြီးထွားနေပြီဖြစ်ရာ အချို့သည်ဆေးပင်များကိုခူးဆွတ်ပြီး ရောင်းရန်သွားနေကြ၏။ ​အောင်သွယ်တော်ယိုပြုံးပြီး ပြောလိုက်သည်။

"လျန်ဟွား ညည်းအတွက် သတင်းကောင်းရောက်လာပြီဟေ့၊ ငါနဲ့ မြန်မြန် လိုက်ခဲ့"

​ထိုသို့ပြောပြီးနောက် အောင်သွယ်တော်ယိုသည် ကျိုးလျန်ဟွားလက်ကို ချစ်ခင်ရင်းနှီးစွာဆွဲကိုင်ပြီး အပြင်သို့ခေါ်သွားလေသည်။ ​သူမသည် ကျိုးအိမ်ဟောင်း၏ဆေးပင်စိုက်ခင်းများတွင် အလုပ်လုပ်နေသူများကို အိမ်ပြန်ခေါ်ထားခဲ့ပြီးဖြစ်၏။ ယခုအခါ မိသားစုတစ်ခုလုံးသည် ဇာတ်လမ်း၏အဓိက ဇာတ်ဆောင်ဖြစ်သော ကျိုးလျန်ဟွားကို စောင့်နေကြသည်။ ​ပန်းထိုးအလုပ်ရုံ အတွင်းတွင် လူတိုင်းသည် အောင်သွယ်တော်ယိုမှ ကျိုးလျန်ဟွားကိုခေါ်ထုတ်သွားသည်အားကြည့်ပြီး ဆွေးနွေးကြလေ၏။

"အောင်သွယ်တော်ယိုက လျန်ဟွားအတွက် အိမ်ထောင်ရေးလာစီစဉ်ပေးတာလား"

​"ဒါကသိသာနေတာပဲမလား၊ အောင်သွယ်တော်ယိုက အိမ်ထောင်ရေးလာမစီစဉ်ပေးရင် တခြားဘာလာလုပ်မှာလဲ"

​လူတိုင်း စူးစမ်းလိုစိတ်ကိုမထိန်းနိုင်ကြတော့ပေ။ ​လူအများစုသည် မနေနိုင်တော့ဘဲ အပြင်ထွက်ကာ အောင်သွယ်တော်ယိုမှ ကျိုးလျန်ဟွားအတွက် မည်သူနှင့်စီစဉ်ပေးနေသည်ကို သွားကြည့်ချင်ကြသည်။

​ယခုအချိန်၌ ကျိုးလျန်ဟွား၏ဂုဏ်သိက္ခာမှာ ကျဆင်းနေကြောင်းကို လူတိုင်းသိကြပြီး မမျှော်လင့်ထားသော အခြေအနေများသာမရှိပါက သူမတစ်သက်လုံး အပျိုကြီးဖြစ်သွားမည်သာပင်။

​"!!!"

​ကျိုးလျန်ဟွားမှာတော့ လုံးဝလက်တွေ့မဆန်ဟုခံစားနေရသည်။ ​မနေ့ကမှ ညီမထောင်ဟွားက သူမရဲ့ဖူးစာရှင်တွေမကြာခင် ရောက်လာတော့မယ်လို့ပြောခဲ့တာကို ဒီနေ့တင် ရောက်လာကြပြီလား။ ​သူမ အိမ်ပြန်ရောက်သောအခါ ဧည့်ခန်းမထဲတွင် ပိုးသားလိပ်နှစ်လိပ်နှင့် ငွေလက်ကောက်တစ်ကွင်းကို တွေ့လိုက်ရသည်။

​"လျန်ဟွား ဒါတွေအားလုံးက သူတို့ဘက်က ညည်းကိုပေးတဲ့ တင်တောင်းပစ္စည်းတွေလေ၊ တော်တော်လေးတန်ဖိုးရှိတာနော်၊ ​တင်တောင်းပစ္စည်းတွေအပြင် ဆယ်တေးတောင်ပါသေးတယ်"

​အောင်သွယ်တော်ယိုပြောရင်း ငွေများကို စားပွဲပေါ်သို့ တင်လိုက်သည်။ ​ကျိုးရှီသည် ဤအရာများကိုကြည့်ပြီး အလွန် ကျေနပ်နေလေ၏။ ​တစ်ဖက်လူမှ သူမ၏လျန်ဟွားကို တန်ဖိုးထားကြောင်း သိသာလှသည်။ ​သူမမှာ လျန်ဟွားကို အိမ်မှာသာ တစ်သက်လုံးကျွေးမွေးထားဖို့ စီစဉ်ထားခဲ့ပေသိ မထင်မှတ်ထားဘဲ သူမတို့မိသားစုသည် ဤကဲ့သို့မင်္ဂလာပွဲကို မြန်မြန်ဆန်ဆန်ကျင်းပရပေတော့မည်။ ​သူမ စူးစမ်းလိုစိတ်ဖြင့်မေးလိုက်၏။

"အဒေါ်ယို ဘယ်သူက ကျွန်မတို့လျန်ဟွားကို လာတောင်းတာလဲ"

​ကျိုးရှန့်လင်သည် စိုက်ခင်းထဲဆေးပင်များခူးနေစဉ် ပန်းထိုးသမများ အတူတူအိမ်ပြန်လာကြသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။ စူးစမ်းလိုစိတ်ဖြင့် သူမေးလိုက်၏။

"ဒီလောက်စောစောစီးစီး ထမင်းချက်ဖို့ အိမ်ပြန်ကြပြီလား"

​မွန်းတောင် မတည့်သေးဘူးလေ။

​သူတို့ထဲရှိတစ်ယောက်မှ ရှင်းပြလိုက်သည်။

"မဟုတ်ပါဘူး၊ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်မလို့၊ အောင်သွယ်တော်ယိုက လျန်ဟွားအတွက် အိမ်ထောင်ရေးလာစီစဉ်ပေးနေတာလေ၊ အခုလေးတင် သူမကိုအိမ်ပြန်ခေါ်သွားတာ၊ ​အောင်သွယ်တော်ယိုက လျန်ဟွားအတွက် ဘယ်သူနဲ့ စကားပြောပေးနေလဲဆိုတာ ငါတို့သွားကြည့်မလို့"

​နောက်တစ်ယောက်ကလည်း ပြောလာ၏။

"လျန်ဟွား အိမ်ထောင်ကျတော့မယ်"

ထိုစကားများအားကြားလိုက်ရာ ကျိုးရှန့်လင် ထိတ်လန့်သွားရသည်။

"ဘယ်လို"

All Chapters