← Chapters

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

Vol. 16 Ch. 156

ပန်းထိုးသမများမှာ စကားပြောပြီးသော်လည်း ကျိုးရှန့်လင်၏မျက်နှာအမူအရာကို လုံးဝသတိမထားမိဘဲ ရှေ့သို့သာဆက်လျှောက်သွားကြသည်။ ​ကျိုးရှန့်လင်မှာမူ ဆေးပင်များအားခူးဆွတ်ရန် စိတ်ဝင်စားမှုလုံးဝပျောက်ဆုံးသွားတော့၏။ ခြင်းတောင်းကို သူအမြန်ချထားခဲ့ပြီး ကျိုးအိမ်ဟောင်းဆီသို့ အပြေးအလွှားသွားလိုက်သည်။ ​အောင်သွယ်တော်ယိုမှာ ကျိုးရှီထံပြုံးပြကာ ပြောလိုက်၏။

"ရှင်တို့ရွာက ကျိုးရှန့်တလေ၊ အဲဒီကလေးက ချို့ယွင်းချက်တချို့ရှိပေမယ့် မိသားစုမှာ တစ်ဦးတည်းသော သားယောကျာ်းလေးပဲမလား၊ လျန်ဟွားသာ သူတို့အိမ်ကိုချွေးမအဖြစ်ဝင်သွားရင် ယောက္ခမတွေက သူမကို သေချာပေါက်ကောင်းကောင်းမွန်မွန် ဆက်ဆံကြမှာပါ၊ ကျိုးကွမ်းဖာနဲ့သူ့မိန်းမက လျန်ဟွားအပေါ်မှာ ဘာတောင်းဆိုချက်မှ သိပ်မရှိပါဘူး၊ ရှန့်တကိုသာ သေချာဂရုစိုက်ပေးနိုင်ရင်ရပါပြီတဲ့၊ ကျိုးရှန့်တကလည်း ကလေးတစ်ယောက်လိုပဲဆိုတော့ ပေါင်းသင်းရတာ အရမ်းလွယ်ပါတယ်၊ သူ့မှာချို့ယွင်းချက်တချို့ရှိနေပေမယ့် မကောင်းတဲ့အကျင့်စရိုက်တွေတော့ လုံးဝမရှိနိုင်ဘူးမလား၊ လျန်ဟွားကလည်း ငယ်တော့တာမဟုတ်ဘူး၊ တခြားဘယ်သူ့ကိုမှလည်း လက်ထပ်နိုင်မှာ မဟုတ်ဘူးလေ၊ ကျိုးကွမ်းဖာရဲ့မိသားစုနဲ့သာ အိမ်ထောင်ချပေးလိုက်ရင် လျန်ဟွားလည်း ခင်ပွန်းသည်ရဲ့မိသားစုဆိုတာ ရှိသွားတာပေါ့၊ ရှုဖန်း ညည်းဘယ်လိုထင်လဲ"

​ကျိုးရှန့်တဖြစ်ကြောင်း ကျိုးရှီကြားလိုက်ရသောအခါ သူမမျက်လုံးများထဲတွင် မကျေနပ်သည့်အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ ​ကျိုးရှန့်တက ငတုံးတစ်ယောက်လေ။ လျန်ဟွားသာ သူ့အိမ်ကိုဝင်သွားရင် တစ်သက်လုံးကျိုးရှန့်တရဲ့ အမေ လုပ်ပေးရသလိုဖြစ်သွားမှာပေါ့။

​သို့သော် လျန်ဟွား၏လက်ရှိ ဂုဏ်သိက္ခာအရ တခြားမည်သူ့ကိုမှလက်ထပ်ရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူမသည် ကျိုးတချန်းထံကြည့်လိုက်သည်။

​ကျိုးတချန်းခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ အဒေါ်ယို ကျိုးရှန့်တမိသားစုဆီက တင်တောင်းပစ္စည်းတွေနဲ့ တင်တောင်းငွေကို ကျွန်တော်တို့လက်ခံပါတယ်၊ မင်္ဂလာရက်မြတ်ရွေးဖို့ သူတို့ကို သွားပြောလိုက်ပါ"

​အောင်သွယ်တော်ယို အလွန်တရာဝမ်းသာသွားပြီး ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြုံးရွှင်စွာဖြင့် အပြင်သို့ထွက်လာခဲ့သည်။ ​အခြား ပန်းထိုးသမများရောက်လာသောအခါ ချက်ချင်းမေးလာကြ၏။

"အောင်သွယ်တော်ယို အဆင်ပြေသွားပြီလား၊ လျန်ဟွားအတွက် ဘယ်သူနဲ့စေ့စပ်ပေးလိုက်တာလဲ"

​"ညည်းတို့ရွာက ကျိုးရှန့်တလေ၊ ကလေးက ချို့ယွင်းချက်တချို့ရှိပေမယ့် လူကောင်းလေးတစ်ယောက်ပါ"

အောင်သွယ်တော်ယို ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြန်ဖြေလိုက်သည်။ ​ကျိုးရှန့်လင် ရောက်လာချိန်တွင် အောင်သွယ်တော်ယို၏စကားများကို ကြားလိုက်ရ၏။ ​ကျိုးအိမ်ဟောင်းမှာ ကျိုးလျန်ဟွားနှင့် ကျိုးရှန့်တတို့အိမ်ထောင်ရေးကို သဘောတူလိုက်ပြီပင်။ ​သူခြံဝင်းတံခါးမှတစ်ဆင့် ဧည့်ခန်းမဆောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကျိုးလျန်ဟွားအကြည့်များနှင့် ဆုံမိသွားသည်။ ​ကျိုးလျန်ဟွားသည် ဒီအချိန်ကြီး သူမတို့ခြံဝင်းအပြင်ဘက်၌ သူဘာလာလုပ်နေသည်ကို နားမလည်နိုင်ဖြစ်သွားရ၏။

​စကားကြီးစကားကျယ်ပြောတတ်ရုံသက်သက် ယောင်္ကျားတစ်ယောက်နှင့် သူမကိုအမှန်တကယ်လက်ထပ်ယူမည့်သူကြားရှိ ကွာခြားချက်ကို သူမခွဲခြားသိမြင်နိုင်ပါသည်။ ​တစ်ချက်သာကြည့်လိုက်ပြီးနောက် ကျိုးလျန်ဟွားအကြည့်လွှဲလိုက်ကာ ကျိုးရှီနှင့်အခြားသူများထံလှည့်၍ စကားပြောနေလိုက်၏။ ​အဘွားစွင်း ရယ်မောလိုက်သည်။

"ဒါ အရမ်းကောင်းတာပဲ၊ လျန်ဟွားရဲ့ အိမ်ထောင်ရေးကိစ္စလည်း အဆင်ပြေသွားပြီ၊ လျန်ဟွား အဘွားညည်းကိုပြောစရာရှိတယ်၊ ညည်းယောင်္ကျားအိမ်ကို ရောက်သွားရင် ရှန့်တကငတုံးတစ်ယောက်ဆိုပြီး အခွင့်အရေးမယူရဘူးနော်၊ လိမ်လိမ်မာမာပါးပါးနပ်နပ်နေပြီး ကျိုးရှန့်တကို သေချာဂရုစိုက်ပေး၊ အဲ့လိုဆိုသူ့မိသားစုက နောင်ကျရင် ညည်းကို အနှိမ်ခံရအောင်လုပ်မှာ မဟုတ်ပါဘူး နားလည်လား"

​ကျိုးလျန်ဟွားသည် သူမအား ဤကဲ့သို့အိမ်ထောင်ကျရန် အခွင့်အရေးပေးသော ကောင်းကင်ဘုံကို ကျေးဇူးတင်နေမိသည်။ သူမအနေဖြင့် ဤအခွင့်အရေးကို သေချာပေါက်ဆုပ်ကိုင်ထားမည်ဖြစ်ပြီး ဤအိမ်ထောင်ရေးကို နောက်ထပ်အပျက်စီးမခံနိုင်တော့ပေ။

​"အဘွား စိတ်မပူပါနဲ့၊ သမီး အားလုံးကိုမှတ်ထားပါ့မယ်"

​ကျိုးလျန်ဟွား စကားပြောပြီးသည်နှင့် ပန်းထိုးအလုပ်ရုံမှ အခြားပန်းထိုးသမများကလည်း သူမကိုဂုဏ်ပြုစကားပြောကြလေသည်။ ​ကျိုးရှန့်လင်သည် သူတို့စကားဝိုင်းကို ကြားလိုက်ရပြီး အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းမှုတစ်ခု ရင်ထဲတွင်ခံစားလိုက်ရ၏။ ​ကျိုးရှန့်တမိသားစုက ကျိုးလျန်ဟွားကို လာတောင်းလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့မိပေ။

​သူမအိမ်ထောင်ရေးကိစ္စ အဆင်ပြေသွားပြီမို့ သူမအတွက် သူဝမ်းသာပေးသင့်သော်လည်း သူလုံးဝမပျော်ရွှင်နိုင်ဖြစ်နေသည်။

​........

​ကျိုးထောင်ဟွားသည် သူမအိမ်ရှိခူယားကောင်အိမ်များကို ကြည့်လိုက်၏။ သူတို့ကို အရွယ်ရောက်ပြီး အပြင်ထွက်လာစေရန်အတွက် အမြုတေများပိုကျွေးရန် လိုအပ်သည်။ ​မနက်စာစားပြီးနောက် ကျိုးထောင်ဟွားသည် ခူယားကောင်များအတွက် အစာရှာဖွေရန်နှင့် ကျိုးကျားရွာတွင် ကြီးထွားလာနေသော နတ်ဆိုးများကိုနှိမ်နင်းရန် တောင်ပေါ်သို့တက်ဖို့ဆုံးဖြတ်လိုက်၏။ ​ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး သူတို့အားလုံးကိုရှင်းလင်းပစ်ရမည်။ ​ကျိုးထောင်ဟွား ထွက်ခွာရန် ပြင်လိုက်စဉ် ရွာလူကြီးရောက်လာသည်။

​စိုးရိမ်တကြီးအမူအယာဖြင့် သူပြောလာ၏။

"သမီးထောင်ဟွား အဘိုးတို့မှာ ငွေမလောက်တော့ဘူးထင်တယ်၊ ​မနေ့ကတင် အုတ် ထုံး ကောက်ညှင်းရည်နဲ့ဆန်တွေ ဝယ်တာရယ် အလုပ်သမားခရှင်းပေးတာရယ်နဲ့တင် တေးလေးထောင်ကျော်ကုန်သွားပြီ၊ ​ဒီတစ်ခေါက် အဘိုးတို့ရွာက စုစုပေါင်း တစ်သောင်းလေးထောင်ခြောက်ရာတေး လှူထားတယ်ဆိုပေမယ့် ဒီနှုန်းအတိုင်းဆို သေချာပေါက်မလောက်နိုင်ဘူး၊ ​တကယ်လို့ မလောက်ရင် လူတိုင်းကိုထပ်ပြီး အလှူငွေထည့်ခိုင်းရမလား"

ရွာလူကြီးအကြံပြုလိုက်သည်။ ​လူတိုင်း၏ဆေးပင်စိုက်ခင်းများရှိ ဆေးပင်များသည် ရိတ်သိမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ရာ တစ်အိမ်ထောင်လျှင် ငွေ ဆယ်တေး ထပ်မံထည့်ဝင်ပါက နောက်ထပ် တစ်ထောင်ငါးရာကိုးဆယ် တေး ရရှိနိုင်မည်ပင်။ ​မည်သို့ပင်ဆိုစေကာမူ မြို့ရိုးတည်ဆောက်ခြင်းမှာ လက်ရှိအချိန်၌ အရေးအကြီးဆုံးဖြစ်နေသည်။

​ကျိုးထောင်ဟွားမှာတော့ သဘောမတူပေ။

"တစ်အိမ်ထောင်ကို သုံးဆယ့်ငါးတေးဆိုတာ အတော်လေးများတဲ့ပမာဏပဲ၊တကယ်လို့ ထပ်ပြီးသာအလှူငွေထည့်ခိုင်းရင် လူတိုင်းပိုက်ဆံပြတ်လပ်ကုန်လိမ့်မယ်၊ ​ဘာပဲဖြစ်ဖြစ် မြို့ရိုးဆောက်ပြီးသွားရင် စပါးနဲ့ ဟင်းသီးဟင်းရွက်တွေကို စုဆောင်းသိုလှောင်ထားဖို့ကလိုသေးတယ်၊ အဲဒီအတွက်လည်း ပိုက်ဆံလိုဦးမှာပဲ"

​ရွာလူကြီး မျက်မှောင်ကြုတ်သွားသည်။

"ဒါဆို ဒီငွေတွေကို ဘယ်ကရနိုင်မှာလဲ"

​"အဘိုးရွာလူကြီး အဘိုးက စာရင်းတွေကို ကိုင်တွယ်နေတာပဲ၊ စာရင်းထဲကငွေတွေကို အရင်သုံးလိုက်ပါ၊ ကိစ္စတွေက သူ့ဟာနဲ့သူအဆင်ပြေသွားမှာပါ၊ သမီးတို့ နည်းလမ်းရှာတွေ့မှာသေချာပါတယ်"

ကျိုးထောင်ဟွား အကြံပေးလိုက်သည်။

​"ရှန်းမင် ထောင်ဟွားအိမ်မှာရှိလား"

ခြံဝင်းတံခါးအပြင်ဘက်မှ ချမ်ရှီ၏အသံ ထွက်ပေါ်လာသည်။ ​သူမအနောက်တွင် ရထားလုံးတစ်စီးရှိပြီး လွီထင်ကျန်းမှကိုယ်တိုင် မောင်းနှင်လာခြင်းဖြစ်သည်။

​တစ်ခဏမျှ ကျိုးထောင်ဟွားသည် ရထားလုံးထဲရှိ လူမှာမည်သူဖြစ်ကြောင်း စူးစမ်းလိုစိတ်ဖြစ်သွား၏။

ဟယ်ရှီများလား

​မဟုတ်ရင် လွီထင်ကျန်းကိုယ်တိုင် ရထားလုံးမောင်းပေးရလောက်အောင် ဘယ်သူ ရှိနိုင်ဦးမှာလဲ။

​သို့သော် ဟယ်ရှီ၏ရထားလုံးမှာ ပိုမိုခမ်းနားပြီး ဤမျှရိုးရှင်းမည်မဟုတ်ပေ။

​ကျိုးထောင်ဟွား အိမ်မှာရှိနေသည်ကို မြင်သောအခါ ချမ်ရှီမှရှင်းပြလိုက်သည်။

​"သခင်ကြီးလွီက သမီးနဲ့တွေ့ချင်လို့တဲ့၊ သမီးအိမ်ထောင်ကျသွားတာကို သူမသိလို့ ကျိုးမိသားစုအိမ်ကိုရောက်လာတာ"

​ရထားလုံးပေါ်မှ ဆင်းလာပြီးနောက် သခင်ကြီးလွီသည် ကျိုးထောင်ဟွားထံ ဦးစွာလက်ခုပ်အုပ်နှုတ်ဆက်၍ ဂုဏ်ပြုစကားပြောလိုက်သည်။

​"မိန်းကလေးကျိုး မင်းနဲ့လူငယ်‌လေးရှန်း တို့ ရာသက်ပန်ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ ​ဒီနေ့ မင်းဆီကအကူအညီလေးတစ်ခုလိုနေလို့ပါ၊ ငါ့မှာတူဝမ်းကွဲတစ်ယောက်ရှိတယ်၊ သူ့လက်မောင်းက ပြင်းပြင်းထန်ထန်ကိုက်ခဲနာကျင်နေတယ်တဲ့၊ ​သမားတော်ကတော့ သူ့အသက်ကိုကယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက လက်မောင်းကိုဖြတ်ပစ်ရမယ်လို့ပြောပေမဲ့ သူက အရမ်းငယ်သေးတယ်လေ၊ တကယ်လို့ လက်တစ်ဖက်သာ ဆုံးရှုံးသွားရင် သူ့ဘဝတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"

​ပြောရင်းဆိုရင်း သခင်ကြီးလွီသည် ရထားလုံးလိုက်ကာကို,မကာ အတွင်းရှိ အမျိုးသားထံ လေးစားသမှုဖြင့်ကြိုဆိုလိုက်သည်။ ဝတ်ရုံနက်ဝတ်ဆင်ထားသော တုတ်ခိုင်သန်မာသည့် အမျိုးသားတစ်ဦးထွက်လာလေ၏။ ​သူ့တွင်မုတ်ဆိတ်ထူထူနှင့် နက်ရှိုင်းစူးရှသော မျက်လုံးများရှိသည်။ ရထားလုံးထဲမှ သူဆင်းလာချိန်တွင်ပင် သူ့ထံမှထွက်ပေါ်နေသော သံမဏိလိုမာကျောသည့်အငွေ့အသက်ကို ကျိုးထောင်ဟွား အာရုံခံမိလိုက်၏။

​သူက မဟာရှားတိုင်းပြည်ရဲ့ စစ်သားတစ်ယောက်များလား။

သခင်ကြီးလွီ၏ ရိုကျိုးနေသောသဘောထားကို ထောက်ရှုကြည့်လျှင် သူသည် စစ်တပ်ထဲတွင်ရာထူးမြင့်မားသူ တစ်ဦး ဖြစ်ရမည်။ ​ထို့ပြင် ကျိုးထောင်ဟွားသည် သူ့ထံမှလူသတ်ချင်သော အငွေ့အသက်နှင့် သွေးဆာနေသည့် အငွေ့အသက်များကိုပါ အာရုံခံမိလိုက်ရာ သူသည် လူအများအပြားကို သတ်ဖြတ်ဖူးကြောင်းညွှန်ပြနေ၏။ ​အင်္ကျီလက်စမှ ထွက်နေသော သူ့လက်များသည် အသားမာများနှင့် အမာရွတ်များဖြင့်ဖုံးလွှမ်းနေပြီး ကျိုးထောင်ဟွား၏သံသယကို အတည်ပြုပေးနေသကဲ့သို့ပင်။

​ရွာလူကြီးသည် အသစ်ရောက်လာသူ၏ခမ်းနားသော ဝတ်စားဆင်ယင်မှုများဖြစ်သည့် ပိုးထည်ဝတ်ရုံ၊ ခါးတွင် ချိတ်ဆွဲထားသော အဆင့်မြင့်ကျောက်စိမ်းဆွဲသီးနှင့် ဆံပင်တွင်ထိုးထားသော အရည်အသွေးမြင့် ကျောက်စိမ်းဆံထိုးတို့ကို မြင်တွေ့လိုက်ရသဖြင့် ထိုအမျိုးသားသည် အတော်လေးချမ်းသာကြွယ်ဝကြောင်း သိလိုက်သည်။ ​ချမ်းသာသူအများအပြားကို မြင်ဖူးထားသဖြင့် ဤလွီထင်ကျန်း၏တူဝမ်းကွဲသည် တကယ်ကို အလွန်တရာချမ်းသာသောသူဖြစ်ကြောင်း ရွာလူကြီး ချက်ချင်းသိမြင်နိုင်၏။ ​တကယ်တမ်းတွင် လွီထင်ကျန်း၏ဇနီး ဟယ်ရှီသည် ကုန်သည်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်ရာ သူတို့ ချမ်းသာနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။

​ရွာလူကြီးမှာ ကျိုးထောင်ဟွားထံ အဓိပ္ပာယ်ပါပါအချက်ပြလိုက်သည်။

"ထောင်ဟွားရေ"

​လွန်ခဲ့သောမိနစ်ပိုင်းလေးမှတင် သူတို့ရွာမြို့ရိုးဆောက်ရန်အတွက် ပိုက်ဆံမလောက်မည်ကို စိုးရိမ်နေကြရသည်ပင်။ ယခုတော့ လာဘနတ်မင်းကြီးရောက်လာပြီဖြစ်သည်။

All Chapters