အခန်း (၁၅၈)
Vol. 16 Ch. 158
ရုတ်တရက်ဒဏ်ရာထဲမှ ဆူးကဲ့သို့ချွန်ထက်သောအရာတစ်ခု ထွက်ပေါ်လာလေသည်။ အရသာရှိသော အရာတစ်ခုကို အနံ့ခံမိသွားသကဲ့သို့ ၎င်းသည်ကျိုးထောင်ဟွားလက်ချောင်းများဆီသို့ အငမ်းမရ တိုးဝင်လာပြီး သူမအသားနှင့် အသက်စွမ်းအင်များကို စားသုံးပစ်ချင်နေ၏။ ကျိုးထောင်ဟွားမှာ ရှန်းကွမ်ဟောက်ကို မလှုပ်ရန်ပြောလိုက်ပြီးနောက် သူမလက်ချောင်းများကို သူ့လက်မောင်းတစ်ဝိုက်တွင်ဆုပ်ကိုင်ကာ ကူပိုးကောင်၏ခန္ဓာကိုယ်ကို သူ့ကိုယ်ထဲမှ ဖြည်းညှင်းစွာဆွဲထုတ်လိုက်လေသည်။
ထိုကူပိုးကောင်၏ခန္ဓာကိုယ်မှာ သုံးပေကျော်ရှည်လျားပြီး လူကြီးတစ်ယောက်၏လက်ညှိုးခန့်တုတ်ခိုင်ကာ ဆီဖြင့်လိမ်းကျံထားသကဲ့သို့ ဖောက်ထွင်းမြင်နိုင်သော အမြှေးပါးတစ်ခုဖြင့် ဖုံးလွှမ်းနေသည်ကို လူတိုင်းမြင်တွေ့လိုက်ကြရ၏။ သူ့ကိုယ်ထဲတွင် ရှန်းကွမ်ဟောက်၏သွေးများဖြင့်ပြည့်နေပြီး သူ့ခန္ဓာကိုယ်ထဲမှ လုံးဝထွက်သွားချိန်တွင် ရှန်းကွမ်ဟောက်သည် ချက်ချင်းဆိုသလို အများကြီးပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ အချိန်ကျပြီကိုမြင်သောအခါ ကျိုးထောင်ဟွားသည် ကူပိုးကောင်အား ချက်ချင်းဖမ်းဆုပ်ပြီး ဝါးခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်လေ၏။ လွီထင်ကျန်းမှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"မိန်းကလေးကျိုး အဲဒီကူပိုးကောင်ကို မသတ်ပစ်ဘူးလား၊ တကယ်လို့တခြားတစ်ယောက်ယောက်ကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ"
စစ်သူကြီးရှန်းကွမ်၏လက်မောင်းထဲသို့ ကူပိုးကောင်ဝင်သွားချိန်တွင် သမားတော်မှာ လက်မောင်းဖြတ်ပစ်မှသာ အသက်ရှင်နိုင်မည်ဟုပြောခဲ့သည်ပင်။ ကျိုးထောင်ဟွားပြုံးလိုက်ပြီး ဝါးခြင်းတောင်းထံ လက်ညှိုးထိုးပြလိုက်၏။
"သခင်ကြီးလွီ အဲဒီခြင်းတောင်းထဲမှာ သူဆက်အသက်ရှင်နိုင်သေးလားဆိုတာ သွားကြည့်လိုက်ပါ"
သူမ၏ယုံကြည်မှုရှိသောအပြုံးကို မြင်သောအခါ သခင်ကြီးလွီသည် တံခါးဘေးရှိခြင်းတောင်းဆီသို့ သံသယဖြင့်သွားကြည့်လိုက်သည်။
"ကျိ"
သူအနားရောက်သွားချိန်တွင် ခြင်းတောင်းထဲမှအသံတချို့ ထွက်ပေါ်လာသည်ကိုကြားလိုက်ရသကဲ့သို့ပင်။
ကူပိုးကောင်အန္တရာယ်ပြုမည်ကို
ကြောက်ရွံ့သဖြင့် သူသတိထားကာ ချဉ်းကပ်သွားလေသည်။ မထင်မှတ်ဘဲ အနီးသို့သူရောက်သွားသောအခါ လက်သည်းခွံအရွယ်ခန့်ရှိသော အရာတစ်ခုလှုပ်ရှားနေသည်ကိုတွေ့လိုက်ရ၏။ သုံးပေရှည်လျားသော ကူပိုးကောင်မှာမူ ခြောက်သွေ့နေသောအလောင်းကောင်ပင် ဖြစ်နေချေပြီ။
*ဖျောက်*
ရုတ်တရက် ခူယားကောင်အိမ်တစ်ခု ပေါက်ကွဲထွက်လာလေသည်။ စိမ်းဝါရောင်သမ်းသောအမွေးပွှအတောင်ပံတစ်ခု ရုတ်တရက်ပေါ်ထွက်လာလေ၏။ ထို့နောက် နောက်အတောင်ပံတစ်ခုမှာ ခူယားကောင်အိမ်တစ်ခုလုံးကို ခွဲထုတ်လိုက်လေသည်။ သခင်ကြီးလွီမယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိ၏။
"ပိုးဖလံလှလှလေးပါလား"
ခြင်းတောင်းထဲရှိ ခူယားကောင်အိမ်များ အားလုံးထဲတွင် ဤတစ်ခုတည်းသာပေါက်ဖွားလာပြီး ပိုးဖလံအဖြစ်ပြောင်းလဲသွားခြင်းပင်။ ကျန်အကောင်များလည်း ပိုးဖလံအဖြစ်ပြောင်းလဲသွားနိုင်ပါသည်။ သူသည် ခြောက်သွေ့သွားသောကူပိုးကောင်ကိုကြည့်လိုက်ပြီး ကျိုးထောင်ဟွားဘက်သို့ လှည့်မေးလိုက်၏။
"မိန်းကလေးကျိုး ဒါဆို အဲဒီကူပိုးကောင်ကို သတ်လိုက်တာ ဒီပိုးဖလံလေးပေါ့"
စစ်သူကြီးရှန်းကွမ်ကို အချိန်အတော်ကြာ ဒုက္ခပေးခဲ့သော ကူပိုးကောင်ကို အစိမ်းရောင်ပိုးဖလံလေးတစ်ကောင်တည်းမှ သတ်ပစ်နိုင်ခဲ့သည်။ ဤအစိမ်းရောင် ပိုးဖလံလေး ထူးခြားနေသည်မှာ သိသာလှ၏။ ကျိုးထောင်ဟွားသည် အစိမ်းရောင်ပိုးဖလံလေးကို လှမ်းခေါ်လိုက်ပြီး ၎င်းကိုအတော်လေး သဘောကျနေလေသည်။ ၎င်းသည် ခူယားကောင်အိမ်များထဲတွင် ကူပိုးကောင်၏ကျင့်ကြံခြင်းစွမ်းအားကို ပထမဆုံးအပြည့်အဝစုပ်ယူနိုင်ခဲ့သူဖြစ်ပြီး အခြားအိမ်များကို အခွင့်အရေးမရစေဘဲ ခူယားကောင်မှသည် ပိုးဖလံအဖြစ်သို့တစ်ဟုန်ထိုး ပြောင်းလဲသွားခဲ့ခြင်းပင်။
အဖိုတစ်ကောင်နဲ့ အမတစ်ကောင်သာရှိရင် နောက်ထပ်ပိုးကောင်လေးတွေ အများကြီးထပ်မွေးထုတ်နိုင်မှာပဲ။ ကျိုးထောင်ဟွားမှာ လွီထင်ကျန်းထံခေါင်းညိတ်ပြလိုက်ပြီး အစိမ်းရောင် ပိုးဖလံလေးကို စားပွဲပေါ်တွင်နားနေရန် အမူအရာပြလိုက်သည်။ သူမအမိန့်အရ ၎င်းသည် ပိုးဖလံမှခူယားကောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားရာ လွီထင်ကျန်းနှင့် အခြားသူများမှင်သက်သွားကြလေ၏။ စူးစမ်းလိုစိတ်ဖြင့် သူမေးလိုက်သည်။
"မိန်းကလေးကျိုး ဒီအကောင်ကိုမွေးထားတာလား"
"အပျော်သက်သက်ပါ၊ တာအိုပညာကျင့်ကြံတဲ့သူတွေဆီမှာ ဝါသနာတစ်ခုခုတော့ရှိတတ်ကြတာပဲလေ"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားသည် ပတ်တီးစတစ်ခုကိုယူကာ ရှန်းကွမ်ဟောက်၏လက်မောင်းမှ ဒဏ်ရာကို ပတ်တီးစည်းပေးလိုက်သည်။ ဒဏ်ရာမှာ အစကတည်းမှသိပ်မကြီးသလို ဤကဲ့သို့ပမွှားဒဏ်ရာအသေးစားလေးမှာ ရှန်းကွမ်ဟောက်အတွက်တော့ ဘာမှမဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် မိန်းကလေးကျိုး"
ရှန်းကွမ်ဟောက် သူ့လက်မောင်းကိုလှုပ်ရှားကြည့်လိုက်ရာ ကူပိုးကောင်နှင့် တစ်ခါမှမကြုံတွေ့ခဲ့ဖူးသကဲ့သို့ လုံးဝပေါ့ပါးလွတ်လပ်နေသည်ကို ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူမမှာသူ့ကျေးဇူးရှင်ဖြစ်ရာ ကျိုးထောင်ဟွားသည် ရှန်းကွမ်ဟောက်နှင့် ယဉ်ကျေးပျူငှာစွာပင် စကားအနည်းငယ် ဖလှယ်လိုက်၏။
"သခင်လေး နောက်ကျပုံမှန်မဟုတ်တာ တစ်ခုခုခံစားရရင် ကျွန်မဆီလာခဲ့လို့ရပါတယ်"
ရှန်းကွမ်ဟောက်နှင့် သခင်ကြီးလွီတို့ကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် ကျိုးထောင်ဟွားသည် တေးနှစ်သောင်းကိုစိတ်လှုပ်ရှားစွာဖြင့်ထုတ်ယူလိုက်သည်။
"အဘိုးရွာလူကြီး ဒီတေးတစ်သောင်းက မြို့ရိုးဆောက်ဖို့ အဘိုးသုံးလိုက်ပါ"
သူမမှာ ကျန်ငွေတေးတစ်သောင်းကို သူမကိုယ်တိုင် မြင်းတစ်ကောင်ဝယ်ဖို့ အသုံးပြုရန်စီစဉ်ထားသည်။ ရွာလူကြီး၏ပျော်ရွှင်နေဟန်အပြုံးသည် နားရွက်ထိတိုင်အောင်ချိတ်သွားလုမတတ်ပင်။
"လောက်ပြီ ဒီငွေတေးတစ်သောင်းနဲ့ဆို သေချာပေါက်လောက်ပြီပဲ"
သူ ခုနလေးတင် ပိုက်ဆံမလောက်လောက်ဟု ထောင်ဟွားထံပြောခဲ့သော်လည်း ယခုတော့ ကျေးဇူးရှင်တစ်ယောက်မှလာပို့ပေးသွားပြီပင်။ ရထားလုံး ထွက်ခွာသွားသည်မှာ ခဏသာရှိသေးသော်လည်း ရှန်းကွမ်ဟောက်သည် ရထားလုံးလိုက်ကာကို မတင်ကာမေးလိုက်သည်။
"သခင်ကြီးလွီ ဒီနေရာနာမည်ကဘာလဲ"
"ဒီနေရာလား၊ မိန်းကလေးကျိုးနေတဲ့ရွာကိုပြောတာလား"
သခင်ကြီးလွီ လန့်သွားရသည်။ စစ်သူကြီးရှန်းကွမ်က ဘာလို့ဒီအကြောင်းကို ဒီလောက်သိချင်နေရတာလဲ။ ထို့နောက် သူပြန်ဖြေလိုက်သည်။
"စစ်သူကြီးရှန်းကွမ် ဒါကကျိုးကျားရွာပါ"
"ကျိုး ကျား ရွာ"
ရှန်းကွမ်ဟောက် တိုးတိုးလေးရေရွတ်ရင်း ထပ်ခါတလဲလဲပြောလိုက်ပြီးမှ ရုတ်တရက် မှင်သက်သွားလေသည်။
သူသည် ရထားလုံးလိုက်ကာကို ထပ်မံမတင်လိုက်ပြီး သူတို့နောက်ရှိကျိုးကျားရွာကို လှည့်ကြည့်လိုက်၏။ ဒါက ကျိုးကျားရွာလား။ ရှန်းကွမ်ဟောက်မျက်ဝန်းအိမ်များ အနည်းငယ်ကျုံ့ဝင်သွားသည်။ သူသည် သပ်ရပ်စွာစီတန်းနေသော အုတ်အိမ်ပြာများနှင့် ဆေးပင်စိုက်ခင်းများထဲတွင် အလုပ်ရှုပ်နေကြသော ရွာသားများကိုကြည့်ကာ သက်ပြင်းသဲ့သဲ့ချလိုက်မိ၏။
"နှမြောစရာပဲ"
........
ကျိုးထောင်ဟွား တောင်ပေါ်သို့တန်းတန်းမတ်မတ် တက်သွားလေသည်။ တောင်ပေါ်ရှိနတ်ဆိုးလေးများ လမ်းပြမှုဖြင့် မကောင်းဆိုးဝါးဝိညာဉ်များနှင့်နတ်ဆိုးများသည် ထွက်ပြေးစရာနေရာ လုံးဝမရှိသလောက်ပင်ဖြစ်သွား၏။ ကျိုးထောင်ဟွားသည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလားပင်။ သူမမြင်သမျှ အရာအားလုံးမှာ အသတ်ခံရပြီး သူတို့၏ကျင့်ကြံခြင်းအမြုတေများကိုပါ သိမ်းယူခြင်းခံရလေသည်။ ပိုးဖလံနတ်ဆိုးလေးသည် အလွန်လိမ္မာပါးနပ်ပြီး ကျိုးထောင်ဟွားအနောက်မှ အမြဲ
လိုက်ပါနေလေ၏။ ၎င်းသည် ကျိုးထောင်ဟွား၏ဆံပင်တွင် ထိုးထားသော သစ်သားဆံထိုးပေါ်တွင်နားနေပြီး အဝါရောင်ဖျော့ဖျော့ပိုးဖလံလေးတစ်ကောင်အသွင် အလှဆင်ထားသကဲ့သို့ပင်။
ပထမနေ့တွင် ကျိုးထောင်ဟွားသည် ကျင့်ကြံခြင်းအဆင့်နှစ်ဆယ် သို့မဟုတ် သုံးဆယ်သာရှိသော နတ်ဆိုးငယ်လေးများကိုသာ သတ်ဖြတ်ခဲ့သည်။ သို့သော် ဆယ်လုံးခန့်စားသုံးပြီးနောက် ပိုးဖလံလေးသည် လူအသွင်သို့ပြောင်းလဲသွားလေ၏။ သူမထံတွင် ရှည်လျားချွန်ထက်သောနားရွက်များ၊ သွယ်လျသော ကိုယ်လုံးနှင့် ရေတံခွန်အလားတွဲကျနေသော နက်မှောင်သည့်ဆံပင်ရှည်များရှိသည်။ သူမကျောဘက်ရှိ ပါးလွှာသော ပုစဉ်းရင်ကွဲအတောင်ပံကဲ့သို့ အတောင်ပံတစ်စုံသည် တုန်ခါနေပြီး အဝါရောင်ဖျော့ဖျော့အလင်းတန်းများဖြင့် တောက်ပနေလေ၏။
ပိုးဖလံနတ်ဆိုးမှာ အလွန်တရာဝမ်းသာပျော်ရွှင်သွားရသည်။ ကျိုးထောင်ဟွားနောက်သို့တစ်နေကုန် လိုက်ပါပြီး ကျင့်ကြံခြင်းအမြုတေများကို စားသုံးကာ ပိုးဖလံနတ်ဆိုးအများအပြားထဲတွင် ပထမဆုံးလူအသွင်ပြောင်းလဲနိုင်သူ ဖြစ်လာရသည်မှာ တကယ်ကိုအဖိုးတန်လှ၏။
"ဂါရဝပြုပါတယ် သခင်မ"
သူမအသွင်အပြင်သည် အခြားနတ်ဆိုးများနှင့်ကွဲပြားပြီး ထူးခြားဆန်းပြားသော နတ်သမီးလေးတစ်ပါး၏ဟန်ပန်မျိုးရှိကာ သူမအသံသည်လည်း အသွင်အပြင်ကဲ့သို့ပင် သွက်လက်ဖျတ်လတ်သော အငွေ့အသက်ပါဝင်နေသည်။
အတောင်ပံတွေလား
ကျိုးထောင်ဟွား ရုတ်တရက်တစ်ခုခုကို သဘောပေါက်သွားသည်။
"နင်ပျံနိုင်တာလား၊ ငါ့ကိုပါခေါ်သွားလို့ရမလား"
"သခင်မ ပျံချင်လို့လား"
ပိုးဖလံနတ်ဆိုးမှ ပြန်မေးလိုက်သည်။ ကျိုးထောင်ဟွား ခေါင်းညိတ်ပြလိုက်ရာ သူမသည် ကျိုးထောင်ဟွား၏သေးသွယ်သောခါးလေးကို အနောက်မှနေ၍ လက်မောင်းများဖြင့်ရစ်ပတ်ကာ ပျံသန်းသွားလေတော့၏။ နွေရာသီ၏ညနေခင်း လေပြေလေညင်းသည် ကျိုးထောင်ဟွားမျက်နှာကို ပွတ်သပ်သွားပြီး ပိုးဖလံနတ်ဆိုးအပေါ်သို့ တက်သွားသည်နှင့်အမျှ သူမမြင်ကွင်းသည်လည်း ကျယ်ပြန့်လာလေသည်။ တောင်တန်းများနှင့် ကျိုးကျားရွာသည် သူမခြေဖဝါးအောက်တွင် ရှိနေလေပြီ။
ဝင်စပြုနေသော နေမင်းထံမော့ကြည့်လိုက်ရာ ကျိုးထောင်ဟွားသည် နေမင်းကြီးနှင့် တစ်ပြေးညီဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမအောက်သို့ ငုံ့ကြည့်လိုက်သောအခါ တောင်နက်ထဲရှိရေကန်ကြီးတစ်ကန်ကို ရုတ်တရက်သတိထားမိလိုက်၏။ နေဝင်ဆည်းဆာအလင်းရောင်မှာ ၎င်းအပေါ်သို့ရောင်ပြန်ဟပ်နေပြီး အဖြူရောင် အလင်းတန်းများနှင့် တောက်ပနေပုံပင်။ တစ်ခုခုတော့ ထူးဆန်းနေတယ်။