အခန်း (၁၆၀)
Vol. 16 Ch. 160
"!!!"
ရုတ်တရက် ၎င်းသည်လေပြင်းတစ်သုတ်အလား အဝေးသို့ဒုန်းစိုင်းပြေးထွက်သွားလေသည်။
"အစ်ကိုရှန်းမင် ညီမအဲဒီမြင်းကိုလိုချင်တယ်"
ကျိုးထောင်ဟွား ပြောလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်းမင်သည် မြင်းရိုင်းထွက်ပြေးသွားသောလမ်းကြောင်းအတိုင်း လျှပ်စီးလက်သကဲ့သို့ပြေးထွက်သွားလေ၏။ လူနှင့်မြင်းသည် သူမမြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ ရှန်းမင် သူမကိုမျက်ခြည်မပြတ်စေရန် ခူယားကောင်နတ်ဆိုးကို လှမ်းခေါ်လိုက်၏။ သူမမှာ မြင်းဖြူကိုလေထဲမှနေ၍ခြေရာခံချင်ခြင်းဖြစ်သည်။ သူတို့မှာ အလွန်တရာမြန်ဆန်လွန်းသဖြင့် ခူယားကောင်နတ်ဆိုးအတွက်ပင် အမီလိုက်နိုင်ရန် ၎င်း၏အတောင်ပံများကို အလျင်အမြန်ခတ်နေရလေ၏။ ဤအခိုက်အတန့်ရောက်မှသာ ကျိုးထောင်ဟွားပြဿနာတစ်ခုကိုသတိပြုမိသွားသည်။
ရှန်းမင်က တကယ်ပဲဒီလောက်မြန်မြန် ပြေးနိုင်တယ်ပေါ့။
မြင်းဆိုသည်မှာ သဘာဝအရအပြေးသန်ပြီး ခြေလေးချောင်းတောင်ရှိ၍နားလည်၍ရပေသိ ရှန်းမင်မှာတော့ အဘယ်ကြောင့်ဤမျှစွမ်းနေရပါသနည်း။ သူတို့အလျှော့မပေးဘဲ လိုက်လံဖမ်းဆီးရာ မြင်းဖြူနှင့်သုံးမီတာခန့်သာ ကွာဝေးတော့သည်။ ရုတ်တရက် ရှန်းမင်ခြေထောက်များသည် လေထဲတွင်ပျံဝဲသွားသကဲ့သို့ခုန်တက်သွားပြီး မြင်း၏ကျောပေါ်သို့ တိုက်ရိုက်ကျဆင်းသွားလေ၏။ ဤလူသားမှာ သူ့ကိုအမှီလိုက်လာနိုင်လိမ့်မည်ဟု မြင်းဖြူလုံးဝ ထင်မထားခဲ့သည်မှာ သိသာလှသည်။ ၎င်းသည် အရှိန်ကို ရုတ်တရက်ရပ်တန့်ကာ ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပြီး ရှန်းမင်ကိုခါချရန် ကြိုးစားလေ၏။
သို့သော် ရှန်းမင်သည် ၎င်း၏လည်ပင်းမှ လည်ဆံမွှေးများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မြင်းရိုင်းမှမည်မျှခုန်ပေါက်နေစေကာမူ ပြုတ်ကျမသွားခဲ့ပေ။ ကျိုးထောင်ဟွားသည် ခူယားကောင်နတ်ဆိုးကို ချက်ချင်းအောက်ဆင်းရန် အမိန့်ပေးလိုက်ပြီး ဘေးတွင်ရပ်ကာ ထိုမြင်ကွင်းကိုရင်တဖိုဖိုဖြင့် စောင့်ကြည့်နေလေသည်။ မြင်းရိုင်း၏မျက်လုံးများထဲတွင် မကျေနပ်မှုများအပြင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုကိုပါ သူမမြင်တွေ့လိုက်ရ၏။ ဤသည်မှာသာမန်မြင်းရိုင်းတစ်ကောင်နှင့် မတူပေ။ ၎င်းထံမှ မှိန်ဖျဖျအဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်နေလေသည်။
ရေခဲနွယ်မြက်ကို စားထားလို့များလား။
အဲဒီအထဲမှာ ဝိညာဉ်စွမ်းအင်တွေပါဝင်နေတာလေ။ ရှန်းမင်သည် မြင်းကို ယဉ်ကျေးလာစေရန် ကြိုးစားနေစဉ် သူ၏လွှမ်းမိုးနိုင်စွမ်းရှိသော ကြမ်းတမ်းသည့်လူသတ်ချင်သော အငွေ့အသက်များသည် ဆက်တိုက်ထွက်ပေါ်နေလေ၏။ ထိုအငွေ့အသက်များ ပိုမိုအားကောင်းလာပြီး မြင်းရိုင်း၏တစ်ကိုယ်လုံးကို တဖြည်းဖြည်းလွှမ်းခြုံသွားလေသည်။ နောက်ဆုံးတွင် မြင်းရိုင်းမှာ ရှန်းမင်၏ထိန်းချုပ်မှုအောက်၌ တဖြည်းဖြည်းငြိမ်သက်သွားလေ၏။ ဇက်ကြိုးမရှိသော်လည်း သူသည်၎င်း၏ လည်ပင်းမှ လည်ဆံမွှေးများကိုကိုင်ထားရုံဖြင့် လိမ္မာလာစေရန်ပြုလုပ်နိုင်ခဲ့သည်။ ရှန်းမင်သည် မြင်းရိုင်းကိုစီးကာ ကျိုးထောင်ဟွားထံသို့သွားပြီး သူ့လက်ကို ကမ်းပေးလိုက်၏။
"ညီမထောင်ဟွား"
ကျိုးထောင်ဟွား သူမဘယ်လက်ကို ကမ်းပေးလိုက်ရာ သူမကိုမြင်းကျောပေါ်သို့ သူဆွဲတင်လိုက်လေသည်။ ဤအခိုက်အတန့်တွင် မြင်းရိုင်းနှင့်ရင်းနှီးစွာ ထိတွေ့လိုက်ရပြီးနောက် ကျိုးထောင်ဟွား သူမသံသယများကို အတည်ပြုနိုင်သွား၏။ မြင်းရိုင်းက ရှန်းမင်ကိုကြောက်နေတာပဲ။ သူမလက်ဖဝါးအောက်ရှိ မြင်း၏ကျောပြင်သည် အနည်းငယ်တုန်ရင်နေလေသည်။ တစ်ချိန်တည်းမှာပင် ကျိုးထောင်ဟွားသည် မြင်းရိုင်းထံ၌ ဝိညာဉ်စွမ်းအင်အမြောက်အမြားရှိနေကြောင်း ဝမ်းသာအားရတွေ့ရှိလိုက်ရ၏။ ဤမြင်းရိုင်းမှာ ဝိညာဉ်မြင်းတစ်ကောင်ပင်။ ဝိညာဉ်မြင်းမှာတော့ အကူအညီမဲ့နေသည် သူက ဘယ်လိုလုပ်ပြီး ဒီလိုလူနှစ်ယောက်နဲ့လာဆုံရတာလဲ။
သို့သော် ဤအမျိုးသမီးဘေးတွင်ရှိနေချိန်၌ ထိုအမျိုးသား၏လူသတ်ချင်သော အငွေ့အသက်များသည် ချက်ချင်း အများကြီးလျော့ကျသွားသဖြင့် မြင်းရိုင်းကို အများကြီးသက်သောင့်သက်သာ ဖြစ်စေလေသည်။ ကျိုးထောင်ဟွား မော့ကြည့်လိုက်ပြီး ခူယားကောင်နတ်ဆိုးထံလှမ်းအော်လိုက်၏။
"လေထဲကနေ လမ်းပြပေး၊ ငါတို့ကိုအဲဒီရေကန်ဆီ ခေါ်သွား"
ထို့နောက် သူမ ဝိညာဉ်မြင်းကိုပြောလိုက်သည်။
"နင်တို့နှစ်ကောင် အဲဒီရေကန်ဖြူဆီဘယ်သူအရင်ရောက်မလဲဆိုတာ အပြေးပြိုင်ကြမလား"
စောစောက ကျိုးထောင်ဟွားသည် ခူယားကောင်နတ်ဆိုးအား လေထဲမှသယ်ဆောင်ခိုင်းစဉ် ထိုရေကန်သည် နေ့ဘက်တွင်ပိုမို ဖြူဖွေးနေသည်ကို သတိထားမိခဲ့ပြီး ၎င်းသည် ကောင်းကင်ယံသို့ပင်မျက်စိကျိန်းမတတ် အလင်းရောင်များကိုရောင်ပြန်ဟပ်နေလေသည်။ ရေထဲမှာစိန်တွေ ရှိနေသလိုမျိုးပဲ။ ကျိုးထောင်ဟွား၏ဖော်ပြချက်ကို ကြားသောအခါ ဝိညာဉ်မြင်းသည် သူမမည်သည့်နေရာအားပြောနေသည်ကိုချက်ချင်း နားလည်သွားလေသည်။ အထက်ရှိ ခူယားကောင်နတ်ဆိုးကိုပင် မော့ကြည့်ရန် မလိုတော့ဘဲ ၎င်းသည် ခူယားကောင်နတ်ဆိုးထက်ပင် ပိုမိုမြန်ဆန်စွာ ဒုန်းစိုင်းပြေးတော့၏။ လေထဲရှိ ခူယားကောင်နတ်ဆိုးမှာ မှင်သက်သွားလေသည်။
သူက ဘယ်နေရာလဲဆိုတာတောင်သိလို့လား။ ပြီးတော့ ဒီလောက်တောင်မြန်မြန်ပြေးသွားတယ်ပေါ့လေ။
သို့သော် ခူယားကောင်နတ်ဆိုးသည် ၎င်းပြေးသွားသော လမ်းကြောင်းကိုမြင်လိုက်ရပြီးနောက် လမ်းကြောင်းမှန်သို့သွားနေကြောင်း သဘောပေါက်သွားလေသည်။
ကျိုးထောင်ဟွားသည် ရှန်းမင်၏ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ်ဖက်ထားခံရပြီး မြင်းကြီးဒုန်းစိုင်းပြေးနေစဉ် သူတို့နှစ်ဦးစလုံးမြင်းကျောပေါ်တွင်ယမ်းခါနေကြရ၏။ မြင်းသည် အလွန်မြန်ဆန်စွာပြေးနေသော်လည်း ၎င်းဖြတ်သန်းသွားသော လမ်းသည် အလွန်လုံခြုံလှကာ မည်သည့် သစ်ကိုင်းကမှ သူတို့ကိုမခြစ်မိပေ။ ၎င်း၏ဒုန်းစိုင်းပြေးမှုကြောင့် နွေရာသီ၏အပူဒဏ်များ သက်သာသွားလေသည်။
ဤသက်သောင့်သက်သာရှိသောခံစားချက်ကြောင့် ကျိုးထောင်ဟွားသည် အလိုအလျောက်လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ခေါင်းကိုနောက်သို့မော့၍ လွတ်လပ်မှုကို ခံစားလိုက်မိ၏။ လေထဲတွင် ပျံသန်းဖူးပြီးဖြစ်သလို မြင်းစီးရခြင်း၏ပျော်ရွှင်မှုကိုလည်း သူမပထမဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်သည်။ လေပြေလေညင်းကြောင့် သူမဆံပင်များလွှင့်ဝဲကာ ရှန်းမင်လည်တိုင်ကိုပွတ်တိုက်သွားလေ၏။ သူမကို သူတင်းတင်းကျပ်ကျပ်ဖက်ထားပြီး သူမမျက်နှာဘေးဘက်ခြမ်းကို ငုံ့ကြည့်နေလေသည်။ အကြောင်းပြချက်မရှိပါဘဲ သူမ၏အပြုံးကိုမြင်လိုက်ရသဖြင့် ရှန်းမင်မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။
ခဏအကြာတွင်မြင်းသည် တောအုပ်တစ်ခုကိုဖြတ်သန်းသွားပြီးနောက် ကျိုးထောင်ဟွား ရုတ်တရက်မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခုကြောင့် မျက်စိကျိန်းသွားလေသည်။ မြင်းရပ်တန့်သွား၍ သူမငုံ့ကြည့်လိုက်ရာ ရေကန်ကမ်းစပ်တွင်စိန်ကဲ့သို့သော အရာဝတ္ထုအများအပြားကို တွေ့လိုက်ရ၏။ သူမဆားတစ်ဆုပ်ကို လှမ်းယူလိုက်သည်။
ဒါက ဆားလား
ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ရေကန်မျက်နှာပြင်ပေါ်ရှိ ဆားပွင့်များသည် နေရောင်ခြည်ကို ရောင်ပြန်ဟပ်စေကြောင်း သူမတွေ့လိုက်ရသည်။
"!!!"
ကျိုးထောင်ဟွားသည် ကျယ်ပြောလှသောဆားကန်ကြီးကို အံ့အားသင့်စွာစိုက်ကြည့်နေမိသည်။ ရှန်းမင်လည်း သူ့ရှေ့မှမြင်ကွင်းကြောင့် ထပ်တူထပ်မျှအံ့အားသင့်သွားရ၏။ သူတို့ကျိုးကျားရွာ၏တောင်နက်ထဲတွင် ဤကဲ့သို့သော နေရာမျိုးရှိနေလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။ မဟာရှားတိုင်းပြည်တွင် ဆားကိုအစိုးရမှ ထိန်းချုပ်ထားပြီး တစ်ကျင်းလျှင် ပြားနှစ်ဆယ်ပေးရသည်။ ဈေးနှုန်းမှာ အနည်းငယ်မြင့်မားသော်လည်း ဆားသည် အိမ်ထောင်စုတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းဖြစ်သဖြင့် မည်မျှပင်ကုန်ကျပါစေ ဝယ်ယူရမည်သာဖြစ်၏။ ရှန်းမင်သည် ရေကန်မျက်နှာပြင်ပေါ်ရှိ ဆားပွင့်များကို ငေးကြည့်ရင်းမေးလိုက်သည်။
"ဇနီးလေး ဒီကန်က ဘယ်လောက်နက်မယ်ထင်လဲ၊ ဆားဘယ်နှစ်ကျင်းလောက် ထွက်နိုင်မလဲ"
ကျိုးထောင်ဟွားပြန်ဖြေလိုက်၏။
"အများကြီးပဲ"
ထို့နောက် သူမဆက်ပြောလိုက်သည်။
"အစ်ကိုရှန်းမင် ကျိုးကျားရွာမှာအိမ်ခြေ တစ်ရာကျော်လေးပဲရှိတာ၊ ဒီလောက်ကြီးတဲ့ဆားကန်ကြီးနဲ့ဆို ညီမတို့တစ်သက်လုံး သုံးရင်တောင် ကုန်နိုင်မှာမဟုတ်ဘူး၊ ခြောက်လအတွင်း ညီမတို့ရွာမြို့ရိုးဆောက်ပြီးသွားရင် ဆားအတွက်ပူပန်စရာမလိုတော့ဘူး"
ရုတ်တရက် ကျိုးထောင်ဟွားတစ်ခုခုကို သတိရသွားသည်။ မဟာရှားတိုင်းပြည်တွင် ဆားကြမ်းကိုသာရောင်းချသော်လည်း သူမကတော့ ဆားချောချက်လုပ်နည်းကို သိထားသည်လေ။ သူမ အံကြိတ်လိုက်မိ၏။ ကောင်းကင်ဘုံက ဒီလောက်ကြီးမားတဲ့ ဓနဥစ္စာကြီးကိုပေးသနားထားတာ ဒါကိုသာအသုံးမချရင်ရူးရာကျမှာပေါ့။ သို့သော် မဟာရှားတိုင်းပြည်တွင် ဆားမှောင်ခိုကူးခြင်းအတွက်ပြစ်ဒဏ်များမှာ အလွန်တရာပြင်းထန်လှသည်။ ဤဓနဥစ္စာကို သင့်တော်သောအချိန်ရောက်မှ အသုံးပြုရမည်ပင်။
အခြားသူများ ဤနေရာကိုမတွေ့ရှိစေရန် ကျိုးထောင်ဟွားသည် ချက်ချင်းလက်ဟန်သင်္ကေတပြုလုပ်ကာ ကြီးမားလှသောဆားကန်ကြီးတစ်ခုလုံးကို အပြည့်အဝ ဖုံးကွယ်ထားမည့် အကာအကွယ်အစီအရင်တစ်ခုကို တည်ဆောက်လိုက်လေသည်။ ကြီးမားလှသော ဆားကန်ကြီးသည် ကျိုးထောင်ဟွား၏ဝိညာဉ်စွမ်းအင် အများအပြားကို စုပ်ယူသွားသော်လည်း ကံကောင်းစွာဖြင့် အိမ်မှမထွက်မီ သူမ၌ဝိညာဉ်စွမ်းအင်များအများကြီးရှိနေခဲ့၏။ သို့သော် အစီအရင်ကိုတည်ဆောက်ပြီးနောက် သူမခန္ဓာကိုယ်မှာ ချက်ချင်းအားနည်းသွားပြီး မတ်တတ်ရပ်ရန်ပင် မနည်းကြိုးစားနေရလေသည်။
အိမ်ထောင်ကျပြီးကတည်းမှ ဤကဲ့သို့ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားခြင်းမျိုးကို သူမ တစ်ခါမှမခံစားခဲ့ရဖူးပေ။ သို့သော် သူမကာကွယ်လိုက်နိုင်သော ဆားကန်ကြီးကိုမြင်လိုက်ရသောအခါ သူမနှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွှတ်သွားလေသည်။ သူမမှလွဲ၍ မည်သူမှ ဤနေရာကိုတွေ့ရှိတော့မည်မဟုတ်ပေ။
"ညီမထောင်ဟွား ဘာဖြစ်လို့လဲ"
ရှန်းမင် စိုးရိမ်တကြီးဖြင့် သူမကိုတွဲကူလိုက်ရာ သူမမျက်လုံးများသည် သူ့နှုတ်ခမ်းများထက်၌သာ စူးစိုက်နေသည်ကိုတွေ့လိုက်ရသည်။ နောက်တစ်ခဏတွင် နွေးထွေးသောအထိအတွေ့တစ်ခုမှာ သူ့နှုတ်ခမ်းများပေါ်သို့ ဖိကပ်လာလေ၏။ ကျိုးထောင်ဟွားသည် သူမခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်အမြောက်အမြား ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး အများကြီးသက်သောင့်သက်သာ ဖြစ်သွားလေသည်။ ကံကောင်းလို့ ဒီနေ့တောင်ပေါ်ကို ရှန်းမင် အတူတူလိုက်လာတာပဲ။
သူမပျော်ရွှင်နေစဉ် ရုတ်တရက်အကြည့်တစ်ခုကို ခံစားလိုက်ရသည်။ ခေါင်းလှည့်ကြည့်လိုက်ရာ ဝိညာဉ်မြင်းမှ သူမထံစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဝိညာဉ်မြင်း၏ပါးစပ်မှာ အနည်းငယ်ပွင့်ဟနေပြီး အံ့သြလို့လား အခြားတစ်ခုခုကြောင့်လားဆိုသည်ကို သူမ,မခွဲခြားနိုင်ပေ။ ကျိုးထောင်ဟွားမှ ၎င်းကိုကြည့်နေသည်ကိုမြင်လိုက်သည့် အခိုက်အတန့်တွင် ဝိညာဉ်မြင်း၏အကြည့်များ ချက်ချင်း တည်ငြိမ်သွားပြီး မသိချင်ယောင်ဆောင်နေလေသည်။ သို့သော် မြင်းရိုင်းမှာ လုံးဝမယုံကြည်နိုင်ဖြစ်နေဆဲပင်။ လွန်ခဲ့သောမိနစ်ပိုင်းလေးကတင် ရှန်းမင်ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သောဝိညာဉ်စွမ်းအင်စီးကြောင်းများ ကျိုးထောင်ဟွားခန္ဓာကိုယ်ထဲစီးဆင်းသွားသည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်ပင်။