စုပေါင်းဘေးဒုက္ခ
Vol. 23 Ch. 222
အမှန်အတိုင်းဆိုရလျှင် ရတနာပုလင်းထဲတွင်စောင့်ဆိုင်းနေရစဉ်အတွင်း လူတိုင်းသည် မျှော်လင့်ချက် လုံးဝကင်းမဲ့နေခဲ့ကြသည်။ အဆိပ်မြူထဲသို့ဝင်သွားခြင်းမှာ သေလမ်းသွားခြင်းမဟုတ်ပါလား။ ယခုအခါ သူတို့ အမှန်တကယ်ကယ်တင်ခံလိုက်ရသဖြင့် ဝမ်းသာအားရဖြစ်ကုန်ကြ၏။
ပိချန်း၊ ဓားသူတော်စင်ကွေ့ချန်း၊ ရွှေနဂါးမင်းကြီး၊ မိစ္ဆာသူတော်စင်ရှုယွမ်နှင့် အခြားသူများအားလုံး ရှေ့တက်ကာ ကျေးဇူးတင်စကားဆိုကြသည်။ အထူးသဖြင့် ကျန်းချန်သည် အင်မော်တယ်လောကသို့တက်လှမ်းပြီးမှသာ ရတနာပုလင်းကိုဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိသွားကြသည့်အခါ လူအများအပြားမျက်ရည်ဝဲကြ၏။
"သူက တကယ်ကို ပင်ပင်ပန်းပန်းကြိုးစားပေးခဲ့တာပဲ"
"ဂိုဏ်းချုပ်ကျန်းသာ အခြေအနေကို ပြောင်းပြန်မလှန်ပေးခဲ့ရင် ငါတို့အားလုံးသေရမှာသေချာတယ်"
"ဒါက အသက်သခင်ကျေးဇူးရှင်ဆိုတာထက်ကိုပိုပါတယ်"
"ဟုတ်တယ်၊ ငါတို့ကိုကယ်တင်ပေးရုံတင်မကဘဲ အင်မော်တယ်လောကကိုပါ တစ်ခါတည်းခေါ်လာပေးခဲ့တာ"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျန်း"
ရှိသမျှကျင့်ကြံသူအားလုံး ရိုသေစွာဦးညွှတ်လိုက်ကြ၏။ ဤကျေးဇူးတင်ရှိမှုမှာ သူတို့၏နှလုံးသားမှလာခြင်းဖြစ်သည်။ ဆိုးယုတ်သော စိတ်နေသဘောထားရှိသည့် အဖိုးအိုကြီးများပင် ချွင်းချက်မရှိပေ။ သူတို့၏ကျင့်ကြံခြင်းရည်မှန်းချက်မှာ အင်မော်တယ်လောကသို့ရောက်ရန်ဖြစ်ရာ ယခုအခါ ကျန်းချန်က သတ်မှတ်ချိန်ထက်စော၍ ကူညီပေးခဲ့ခြင်းဖြစ်သည်။
ဒင်ဆိုတဲ့အသံတစ်ချက်တောင် မကြားရပါလား...
အစ်ကိုကြီးချန်က စိတ်ထဲမှ မကျေမနပ်ရေရွတ်လိုက်သည်။
သူစကားတစ်ခွန်းပြောတော့မည့်ဆဲဆဲမှာပင် ကောင်းကင်ကြီးမှာ ထပ်မံ၍မှောင်မည်းသွားပြန်သည်။ ထို့နောက် တိမ်တိုက်များကြားမှ ခရမ်းရောင်လျှပ်စီးတန်းများပေါ်ထွက်လာသည်။
ဘာတွေထပ်ဖြစ်ပြန်တာလဲ...
"ဟမ်း... ဒီအဘိုးကြီးက ဘေးဒုက္ခကိုရင်ဆိုင်ရတော့မယ်ထင်တယ်"
ဓားသူတော်စင်ကွေ့ချန်းက အနည်းငယ်ရှက်ရွံ့သောအမူအရာဖြင့် ကောင်းကင်ပေါ်ပျံတက်သွား၏။ သူ အင်မော်တယ်လောကသို့ရောက်နေပြီဖြစ်သော်လည်း အင်မော်တယ်ခန္ဓာကိုယ် မပိုင်ဆိုင်သေးပေ။ အစစ်အမှန်အင်မော်တယ်ဖြစ်လာရန် ဘေးဒုက္ခကိုရင်ဆိုင်ရဦးမည်။
အလွန်ဆူညံမည်ဖြစ်ပြီး သူတို့ရောက်ရှိလာသည့် ပတ်ဝန်းကျင်ကိုပင် မစူးစမ်းရသေးသောကြောင့် ဤအချိန်တွင် ဘေးဒုက္ခကိုရင်မဆိုင်လိုသေးပေ။ သို့သော် အခြားနည်းလမ်းလည်းမရှိ။
သူသည် အင်မော်တယ်တက်လှမ်းရန် ခြေတစ်လှမ်းအလိုသို့ရောက်နေသည်မှာကြာလေပြီ။ ယခု အင်မော်တယ်လောကသို့ရောက်လာပြီး အင်မော်တယ်ချီများနှင့် စည်းမျဉ်းများ၏လှုံ့ဆော်မှုကြောင့် ဆက်မထိန်းထားနိုင်တော့ပေ။
သူတစ်ယောက်တည်းမဟုတ်။ ပိချန်း၊ မိစ္ဆာသူတော်စင်ရှုယွမ်နှင့် ရွှေနဂါးမင်းအပါအဝင် သူတော်စင်နယ်ပယ်အထွတ်အထိပ်ရှိ ကျွမ်းကျင်သူ ၃၀ ကျော်မှာလည်း အင်မော်တယ်ဖြစ်လာရန်အရှိန်အဟုန်ကို မထိန်းနိုင်ကြတော့ပေ။ သူတို့အားလုံး၏အပေါ်တွင် ဘေးဒုက္ခတိမ်တိုက်များ ဖုံးလွှမ်းလာ၏။
"မြန်မြန်လူစုခွဲကြ... တစ်နေရာတည်းမှာစုမနေနဲ့"
"မှန်တယ်၊ တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်နေရင် လျှပ်စီးဘေးဒုက္ခရဲ့ စွမ်းအားက ဆတိုးတက်သွားလိမ့်မယ်"
ကောင်းကင်ပေါ်ရှိ ကျွမ်းကျင်သူများမှာလည်း ထိုအချက်ကိုနားလည်သဖြင့် ချက်ချင်းလူစုခွဲကြ၏။ လျှပ်စီးဘေးဒုက္ခကျဆင်းလာချိန်တွင် အောက်ဘက်မှ နောက်ထပ် ၁၀ ဦးကျော်မှာလည်း အပေါ်သို့ပျံတက်လာကြပြန်သည်။
"မရတော့ဘူး၊ ငါလည်း ဆက်ပြီးမထိန်းနိုင်တော့ဘူး"
"လမ်းဖယ်ကြပါဦး၊ ငါလည်း ဘေးဒုက္ခကိုရင်ဆိုင်ရတော့မယ်"
သူတို့တင်မကဘဲ အခြားသောကျွမ်းကျင်သူဒါဇင်ပေါင်းများစွာမှာလည်း ထိန်းချုပ်ရန်ကြိုးစားနေကြ၏။ ဘေးဒုက္ခကို တစ်ချိန်တည်းမှာ အတူတူ မရင်ဆိုင်လိုကြသော်လည်း ဤလူအများစုမှာ နှစ်ပေါင်းရှစ်သန်းမှ ဆယ်သန်းအထိ အင်အားစုဆောင်းထားခဲ့ကြသူများဖြစ်ရာ သူတို့၏အခြေခံမှာ အလွန်နက်ရှိုင်းလှသည်။
ကျန်းချန်လည်း ဘာပြောရမှန်းမသိတော့။
မင်းတို့တွေက အင်မော်တယ်ဖြစ်ရမယ့်အခမ်းအနားကြီးကို အိမ်သာရှေ့မှာတန်းစီနေသလိုမျိုး လုပ်နေကြတာလား...
နည်းနည်းလောက်တော့ လေးစားမှုထားကြပါဦး...
နာရီဝက်ခန့်ကြာပြီးနောက် ဆက်တိုက်ကျဆင်းနေသော လျှပ်စီးဘေးဒုက္ခများ တဖြည်းဖြည်းကင်းစင်သွားသည်။ လူပေါင်း ၁၂၀,၀၀၀ ထဲမှ ၂၃၅ ဦးမှာ အစစ်အမှန်အင်မော်တယ်ဖြစ်လာကြလေပြီ။
တစ်ရက်တည်းတွင် လူပေါင်း ၂၃၅ ဦး အတူတူ အင်မော်တယ်ဖြစ်လာသည့် အခမ်းအနားမျိုးမှာ အင်မော်တယ်လောကတွင်ပင် တစ်ခါမျှမရှိခဲ့ဖူးသော စံချိန်သစ်တစ်ခုပင်။ ထို့အပြင် ၂၃၅ ဦးလုံး တစ်ယောက်မကျန် အောင်မြင်ခဲ့၏။ ၎င်းမှာ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ရသဖြင့် သူတို့၏အခြေခံမှာ သာမန်ထက်အဆများစွာ ပိုမိုခိုင်မာနေသောကြောင့်ဖြစ်သည်။
သို့သော် ဘေးဒုက္ခကို အင်မော်တယ်လောကထဲမှာပင် ရင်ဆိုင်ခဲ့ခြင်းဖြစ်သောကြောင့် သူတို့သည် နေရာအနှံ့သို့ပြန့်ကျဲမသွားဘဲ မူလနေရာမှာပင်ရှိနေကြသည်။ လူတိုင်းအောင်ပွဲမခံရသေးမီ ကောင်းကင်အထက်တွင် လူစိမ်းများပေါ်လာ၏။
"မင်းတို့တွေ ဘယ်ကလာကြတာလဲ"
လူအများအပြား တစ်ပြိုင်တည်းဘေးဒုက္ခရင်ဆိုင်ခဲ့သဖြင့် အလွန်ဆူညံလွန်းပြီး အင်မော်တယ်လောကရှိ ဒေသခံများ၏အာရုံစိုက်မှုကိုရရှိသွား၏။ လူတစ်ထောင်ခန့်ရှိသော အင်မော်တယ်စစ်တပ်ပေါ်လာသဖြင့် လူတိုင်းထိတ်လန့်သွားသည်။
သူတို့သည် အထက်လောက၏ တက်လှမ်းလာသူများအပေါ် ထားသည့်သဘောထားကို သိထားကြသဖြင့် သူတို့မည်သူမည်ဝါဖြစ်ကြောင်းပေါ်သွားပါက အင်မော်တယ်လောကတစ်ခုလုံး၏ ရန်သူဖြစ်သွားနိုင်သည်ကို စိုးရိမ်နေကြ၏။
ဓားသူတော်စင်ကွေ့ချန်းနှင့် မိစ္ဆာသူတော်စင်ရှုယွမ်တို့က ကျန်းချန်ထံသို့ ဝိညာဉ်ဖြင့်သတင်းပို့လိုက်သည်။
"ဂိုဏ်းချုပ်ကျန်း၊ တစ်ဖက်လူက အင်အားတောင့်တင်းတယ်၊ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ဦး"
"တစ်ဖက်ကလူ ၁၀၅ ယောက်ရဲ့ အရှိန်အဝါက ငါတို့ထက်ဆယ်ဆလောက်သာတယ်၊ သူတို့တွေ ကောင်းကင်အင်မော်တယ်အဆင့်ကို ရောက်နေကြပြီထင်တယ်"
ထိုသို့သတင်းပို့နေစဉ်မှာပင် အပေါ်ရှိအင်မော်တယ်များကြားမှ ငွေရောင်ဦးထုပ်ဆောင်းထားသော လူလတ်ပိုင်းတစ်ဦး ရှေ့ ထွက်လာ၏။ သူ၏အရှိန်အဝါမှာ သမုဒ္ဒရာကဲ့သို့ကျယ်ပြောလှပြီး မြင့်မြတ်အင်မော်တယ်အဆင့်သို့ ရောက်ရှိနေပုံရသည်။
"ခုနက မင်းတို့ဘာလုပ်နေကြတာလဲ"
"ဘယ်သူက ဘေးဒုက္ခကိုရင်ဆိုင်နေတာလဲ။ မင်းတို့မှာ ဒီမြို့ရဲ့ဘေးဒုက္ခရင်ဆိုင်ခွင့်လက်မှတ်ရှိလား"
လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကြောင်သွားကြသည်။
ဘာ... ဘေးဒုက္ခကိုရင်ဆိုင်ဖို့တောင် လက်မှတ်လိုတာလား...
ငါတို့ ဘေးဒုက္ခရင်ဆိုင်တာ မင်းတို့နဲ့ဘာဆိုင်လို့လဲ...
အင်မော်တယ်လောက၏ အခြေအနေကိုသိရှိထားသော မိုချန်က ရှေ့ထွက်လာပြီးပြောလိုက်သည်။
"ကျွန်တော်တို့က မိလော့နယ်မြေကလာတာပါ။ လမ်းမှာမုန်တိုင်းမိပြီး ဒီကိုမှားယွင်းရောက်လာတာပါ။ အခုပဲရောက်တာဖြစ်လို့ နှောင့်ယှက်မိတာရှိရင် ခွင့်လွှတ်ပေးကြပါ။ ကျွန်တော်တို့ အခုပဲထွက်သွားပါ့မယ်"
မိုချန်၏စကားကြောင့် ကွေ့ချန်းတို့တစ်သိုက်အံ့ဩသွား၏။
ဂိုဏ်းချုပ်ကျန်းအနားက ဒီလူက အင်မော်တယ်လောကရဲ့နာမည်တွေကို ဘယ်လိုသိနေတာလဲ။
သို့သော် သူ၏တုံ့ပြန်ပုံမှာ အလွန်လိမ္မာပါးနပ်လှသဖြင့် သူတို့ခေါင်းညိတ်လိုက်ကြသည်။
တစ်ဖက်လူကသာ အလွန်အကျွံမလုပ်လျှင် ဤကိစ္စမှာ အေးအေးဆေးဆေးပြီးသွားနိုင်သည်။
သို့သော် မြင့်မြတ်အင်မော်တယ်မြို့စားမင်းမှာ စကားပြောရလွယ်ကူပုံမရ။
"မိလော့နယ်မြေဟုတ်လား... ဒီမြို့စားက တစ်ခါမှမကြားဖူးပါဘူး"
သူသည် လူအုပ်ကြီးကိုစူးစမ်းကြည့်လိုက်ပြီး အစစ်အမှန်အင်မော်တယ် ၂၀၀ ကျော်ကို တွေ့ရှိသွားချိန်တွင် သူ့မျက်နှာမှာ ထူးခြားသောအမူအရာဖြစ်သွားသည်။
နိမိတ်ဖတ်နယ်မြေမှ ကျွမ်းကျင်သူနှစ်ဦးက ဝိညာဉ်ဖြင့်သတိပေးလာသည်။
"မကောင်းတော့ဘူး၊ ဒီလူ့မျက်လုံးထဲမှာ လောဘရိပ်တွေ တွေ့နေရတယ်။ သူက စေတနာကောင်းတဲ့သူမဟုတ်ဘူး"
မြင့်မြတ်အင်မော်တယ်မြို့စားမင်းက လက်ဝေ့ယမ်းလိုက်ရာ သူ့နောက်ကွယ်မှ အင်မော်တယ်တစ်ထောင် ချက်ချင်းပင်လူစုခွဲကာ လူတိုင်းကိုဝိုင်းရံလိုက်ကြ၏။
"ငါတို့တော့ သွားပြီ"
"တိုက်ပွဲသာဖြစ်လာရင် ငါတို့ဘယ်လိုမှပြန်မခုခံနိုင်ဘူး"
ထို့နောက် မြို့စားမင်းက ခပ်အေးအေးပင်ပြောလိုက်သည်။
"မင်းတို့ဘယ်ကလာတာလဲဆိုတာ ငါဂရုမစိုက်ဘူး။ အခု မင်းတို့ရောက်နေတာ ငါ့ရဲ့တင့်ထျန်းမြို့နယ်မြေထဲမှာပဲ"
"ကောင်းကင်ကအမိန့်ထုတ်ထားတယ်၊ အင်မော်တယ်မြို့တော်တက်လှမ်းခြင်းစစ်ပွဲအတွင်းမှာ မိုင်သန်းပေါင်းတစ်ထောင်အတွင်းမှာရှိတဲ့ ကျင့်ကြံသူအားလုံး ချွင်းချက်မရှိစစ်မှုထမ်းရမယ်"
"အခုကစပြီး မင်းတို့အားလုံး ငါ့ရဲ့တင့်ထျန်းမြို့စစ်တပ်ရဲ့ စတုတ္ထတပ်ရင်းအဖြစ် သတ်မှတ်ခံရပြီ"
"ငြင်းဆန်တဲ့သူကို ချက်ချင်းကွပ်မျက်မယ်"
ဤစကားကြောင့် လူတိုင်း ကြောင်အမ်းသွားတော့သည်။
အင်မော်တယ်လောကကို တက်လှမ်းလာပြီးပြီပဲ၊ ဘာလို့ထပ်ပြီး တက်လှမ်းစရာစစ်ပွဲတွေ ရှိနေသေးတာလဲ...
အင်မော်တယ်လောကမှာလည်း စစ်ပွဲတွေရှိနေတာလား...
ပြီးတော့ စတုတ္ထတပ်ရင်းဆိုတာကရော... ဘာဖြစ်လို့ လူသားလောကက အသုံးအနှုန်းတွေနဲ့ တူနေရတာလဲ...