← Chapters

ငါကလေးထပ်ရပြန်ပြီလား

Vol. 23 Ch. 225

ငါကလေးထပ်ရပြန်ပြီလား

Vol. 23 Ch. 225

တင့်ထျန်းမြို့စားမင်းသည် ဂိုဏ်းချုပ်ကျန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲတော့ပေ။ သူသည် မိုက်မဲသူမဟုတ်၊ စစ်သူကြီးကို တစ်ချက်တည်းနှင့်အဆုံးစီရင်နိုင်သူမှာ သူကိုင်တွယ်နိုင်သည့်အဆင့်မဟုတ်ကြောင်း ကောင်းကောင်းသိ၏။ အစ်ကိုကြီးချန်သည် ထိုကဲ့သို့သော တိုက်ကွက်မျိုးကို တစ်ရက်လျှင်တစ်ကြိမ်သာသုံးနိုင်သည်ကို သူသိသွားပါက သွေးအန်သွားနိုင်ပေသည်။

မြို့စားမင်းမှာ လျင်မြန်စွာထွက်ပြေးသွားသည်ကိုမြင်သောအခါ အစ်ကိုကြီးချန် ဒေါသထွက်သွား၏။

"ဘာလို့ပြေးတာလဲ"

"လာလေ... ငါ့ကိုလာသတ်စမ်းပါ"

ဤတိုက်ပွဲသည် အစကတည်းက အင်အားချင်းယှဉ်တိုက်ရန် စီစဉ်ထားခြင်းမဟုတ်ပေ။ တစ်ဖက်တွင် မြင့်မြတ်အင်မော်တယ်နှစ်ယောက်ရှိနေသည့်အတွက် သူ၏မူလအစီအစဉ်မှာ ဆယ်ဆတိုက်ခိုက်မှုကိုသုံး၍ တစ်ယောက်ကို အရင်သတ်မည်၊ ထို့နောက် ကျန်တစ်ယောက်ကို သူ့ကိုအသေသတ်ခိုင်းပြီး အသက်ပြန်ခြင်းအကွက်ကိုအသက်သွင်းကာ အားလုံးကိုရှင်းပစ်ရန်ဖြစ်သည်။

ခန့်ညားထည်ဝါလှသောမြို့စားမင်းကြီးမှာ ဤမျှသူရဲဘောကြောင်လိမ့်မည်ဟု မည်သူထင်မည်နည်း။ အခြားနည်းလမ်းမရှိသဖြင့် အစ်ကိုကြီးချန်သည် အင်မော်တယ်ဆေးလုံးအချို့ကိုမျိုချကာ စွမ်းအင်ပြန်လည်ဖြည့်တင်းပြီး အခြားစစ်မြေပြင်တစ်ခုထဲသို့ တိုးဝင်သွားတော့သည်။

သူရောက်သွားသည်နှင့် ကျန်ရှိနေသောကောင်းကင်အင်မော်တယ်အရာရှိများမှာ ပြာဖြစ်ကုန်၏။ စနစ်၏အကူအညီများစွာဖြင့် အစ်ကိုကြီးချန်၏သာမန်တိုက်ခိုက်မှုများသည်ပင် ကောင်းကင်အင်မော်တယ်တစ်ယောက်၏အသက်ကို အလွယ်တကူယူနိုင်စွမ်းရှိနေသည်။ စက္ကန့် ၃၀ မပြည့်မီမှာပင် ကောင်းကင်အင်မော်တယ်အားလုံး သေဆုံးသွားလေပြီ။

ထို့နောက် သူတို့အဖွဲ့သည် ကျန်နေသောအစစ်အမှန်အင်မော်တယ်များထံသို့ ဦးတည်လိုက်သည်။ အင်မော်တယ်လောကမှ အစစ်အမှန်အင်မော်တယ်အများစုမှာ အင်မော်တယ်လက်နက်များပင်မရှိကြဘဲ သာမန်ရတနာများကိုသာသုံးနိုင်ကြရာ မခုခံနိုင်ကြ။ ခဏချင်းမှာပင် အင်မော်တယ်စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရသည်။

သို့သော် ထိုအချိန်မှာပင် တင့်ထျန်းမြို့ကြီးမှာ ထူးခြားစွာပြောင်းလဲသွားတော့သည်။ မြို့တစ်ခုလုံးကို ရောင်စုံအမိုးခုံးကြီးတစ်ခုကလွှမ်းခြုံသွားပြီး အလင်းတန်းများစွာရစ်ပတ်နေ၏။ ကျန်းချန်ဖျက်ဆီးခဲ့သောနေရာများမှာလည်း အံ့ဩဖွယ်ကောင်းသောအရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာသည်။

ပလ္လင်မြင့်ကြီးတစ်ခုပေါ်ထွက်လာပြီး မြို့စားမင်းသည် ရွှေရောင်အလင်းတန်းများကြားတွင် ထိုင်နေပြီး သူ၏ဦးခေါင်းအထက်တွင် ကျောက်စိမ်းပေတံတစ်ခုလည်ပတ်နေသည်။ မြင်ရသည်မှာရယ်စရာကောင်းသော်လည်း ထိုပေတံမှထွက်ပေါ်လာသောဖိအားမှာ နောက်ပြောင်စရာမဟုတ်ပေ။

လူတိုင်းမှာ မလှုပ်နိုင်အောင်ဖြစ်သွားကြသည်။ မမြင်ရသော နက်နဲသည့်စွမ်းအားတစ်ခုက သူတို့ကို နေရာမှာပင်အေးခဲသွားစေ၏။ လူတိုင်း၏မျက်လုံးများမှာ အံ့ဖွယ်အမှုများကို အမြဲလုပ်ဆောင်ပြလေ့ရှိသော ဂိုဏ်းချုပ်ကျန်းထံသို့သာ ရောက်သွားလေတော့သည်။

"တင့်ထျန်းမြို့ရဲ့ အနှစ်သာရဝိညာဉ်ကိုသုံးအောင် ငါ့ကိုဖိအားပေးနိုင်ခဲ့တာပဲ... ဂုဏ်ယူလိုက်စမ်း"

မြို့စားမင်းက အော်ဟစ်လိုက်သည်။

ကျန်းချန်တို့မှာ အနှစ်သာရဝိညာဉ်ကိုမသိသော်လည်း မြို့ကြီးကိုယ်တိုင်က အသက်ဝင်နေသကဲ့သို့ခံစားနေရ၏။ ကျောက်စိမ်းပေတံကြီးကို ဝှေ့ယမ်းလိုက်ချိန်တွင် အစ်ကိုကြီးချန်သည် နတ်ဆိုးမီးတောက်များကြားတွင် ဝါးမြိုခြင်းခံလိုက်ရသည်။ သူသေချင်နေသည်မှာမှန်သော်လည်း ရှောင်တိမ်းရန်ပင် အခွင့်အရေးမရဘဲ ချက်ချင်းပြာကျသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ သေဆုံးသွားချိန်တွင် မြို့စားမင်းမှာ သက်ပြင်းချလိုက်နိုင်သည်။

"တော်သေးတာပေါ့... သူ နောက်ဆုံးတော့ သေသွားပြီ။"

"ဂိုဏ်းချုပ်ကျန်း..."

"အရှင်"

"ညီအစ်ကို"

တက်လှမ်းလာသူများမှာ ကောင်းကင်ကြီးပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျန်းချန်သာမရှိလျှင် သူတို့အားလုံးမှာ ဟိုးအရင်ကတည်းက သေဆုံးသွားကြပြီ မဟုတ်ပါလား။

သူတို့၏အားကိုးရာ ရွှေတောင်ကြီးလဲပြိုသွားပြီလော...

အင်မော်တယ်ဧကရာဇ်ရဲ့ ရတနာပုလင်းတောင် မချုပ်နှောင်နိုင်တဲ့လူက ဒီလိုမျိုးသေသွားတာလား...

မိုချန်မှာမူ ဤမြင်ကွင်းကို ရင်းနှီးနေသကဲ့သို့ အော်ဟစ်လိုက်မိသည်။

"ဒင်... လက်ခံသူသည် တင့်ထျန်းမြို့၏ အနှစ်သာရဝိညာဉ်ထံမှ ၁၀၀% နှစ်သက်မှုကိုရရှိသည်"

ထိုစာတန်းနှင့်အတူ အစ်ကိုကြီးချန် ချက်ချင်းအသက်ပြန်ရှင်လာသည်။

ဟင်... စနစ်က အရင်လို ဘာလို့ အသံအရှည်ကြီးမထွက်တာလဲ

"လက်ခံသူ သေဆုံးသွားသည်... ရန်သူ့အင်အားကို တိုင်းတာနေပါသည်..."

ဆိုတာမျိုးတွေ မကြားရပေ။ စနစ်ကို အဆင့်မြှင့်တင်မှုမလုပ်ရသေးသဖြင့် အင်မော်တယ်လောကတွင် အနည်းငယ်ချို့ယွင်းနေခြင်းဖြစ်မည်ဟု သူတွေးလိုက်သည်။

သူပြန်ရှင်လာသည်နှင့် ချက်ချင်းပင် မျက်နှာပန်းလှအောင် စကားခင်းလိုက်သည်။

"အားလုံး စိတ်အေးအေးထားကြပါ။ မြို့စားမင်းခမျာ သူ့လူတွေအများကြီးသေသွားလို့ စိတ်မကောင်းဖြစ်နေမှာစိုးလို့ ငါက သေချင်ယောင်ဆောင်ပြီး သူ့ကိုနှစ်သိမ့်ပေးလိုက်တာပါ"

လူတိုင်းမှာ သူလျှောက်ပြောနေသည်ကို ဂရုမစိုက်တော့ပေ။ သူအသက်ရှင်နေသည်ကိုမြင်ရုံနှင့်ပင် လုံလောက်ချေပြီ။

မြို့စားမင်းမှာဆွံ့အနေစဉ် ကျန်းချန်၏နားထဲသို့ ကလေးငယ်တစ်ဦး၏အသံ တိုးဝင်လာသည်။

"ဟယ်လို"

"ဟင်"

အစ်ကိုကြီးချန်ကြောင်သွားသည်။

"ဘယ်သူလဲ"

"ဒီမှာကြည့်လေ... ဒီမှာ"

အသံလာရာသို့ကြည့်လိုက်သောအခါ မြို့စားမင်း၏ခေါင်းပေါ်ရှိ ကျောက်စိမ်းပေတံအထက်တွင် ဝဝကစ်ကစ်ကလေးငယ်လေးတစ်ဦး၏ ဝိညာဉ်ပုံရိပ်ကို တွေ့လိုက်ရသည်။

"မင်းက တင့်ထျန်းမြို့ရဲ့အနှစ်သာရဝိညာဉ်လား"

"ဟုတ်တယ်... ဘာလို့ ကျွန်တော် ခင်ဗျားကိုမြင်ရတာ အရမ်းရင်းနှီးနေရတာလဲ... ခင်ဗျားကဘယ်သူလဲ"

စနစ်က မင်းရဲ့နှစ်သက်မှုကို အမြင့်ဆုံးထိ တင်ပေးထားတာကိုး။ အစ်ကိုကြီးချန်သည် ယခင်က အဝါလေးကိုလှည့်စားခဲ့သည့်အတိုင်းထပ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

"ငါက မင်းရဲ့ ပျောက်ဆုံးနေတဲ့အဖေမို့လို့ပေါ့"

ကလေးငယ်မှာ အလွန်ဝမ်းသာသွားပြီး

"ခင်ဗျားက ကျွန်တော့်အဖေလား"

"ဟုတ်တယ်... မင်းနာမည်က အဖြူလေးတဲ့။ လိမ္မာတဲ့သားလေး၊ အဖေ နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ"

"ကျွန်တော့်နာမည်က အဖြူလေးတဲ့... ဟိဟိ"

ကလေးငယ်မှာ ပျော်ရွှင်စွာ လည်ပတ်နေတော့သည်။

အစ်ကိုကြီးချန်မှာ ကလေးတစ်ယောက်ကိုလိမ်ရသဖြင့် အနည်းငယ်အားနာမိသော်လည်း

"မင်းက ခုနက ငါ့ကိုသတ်လိုက်တဲ့ကောင်ပဲ"

ဟု တွေးကာ စိတ်ပြန်တင်းလိုက်သည်။

"သားလေး... ဟိုဘက်ကလူဆိုးကြီးကိုရိုက်ပေးဖို့ ကူညီမလား"

"ရတာပေါ့... အဖေ... သူ့ကို ဘယ်လိုပုံစံနဲ့သေစေချင်လဲ"

ကလေးငယ်၏မျက်လုံးလေးများမှာ အပြစ်ကင်းစင်စွာ တောက်ပနေတော့သည်။

All Chapters