အများကြီးလေ့လာဖို့လိုသေးတယ်
Vol. 23 Ch. 226
တိုက်ရိုက်ပဲ ဘယ်လိုသေချင်လဲလို့မေးလာတာဆိုတော့ ဒီတစ်ချီတော့အပိုင်ပဲဟေ့...
အစ်ကိုကြီးချန်၏မျက်လုံးများ အရောင်တောက်သွားပြီး နောက်ပြောင်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။
"သူ့ခေါင်းပေါ်မှာ မစင်သွားစွန့်ပေးလို့ရမလား"
ခန့်ညားထည်ဝါလှသည့် မြင့်မြတ်အင်မော်တယ်ကြီးတစ်ယောက်... အောင်နိုင်သူအဖြစ် ဟန်ကိုယ်ဖို့လုပ်နေတုန်း သူ့ခေါင်းပေါ်ကို မစင်ပုံကြီးတစ်ပုံ ဝုန်းခနဲကျလာလျှင် မည်မျှရင်ခုန်စရာကောင်းလိုက်မည်နည်း။
အဖြူလေးသည် အစက အရာရာလုပ်ပေးနိုင်သည်ဟု ရင်ဘတ်စည်တီးထားသော်လည်း ဤစကားကိုကြားသောအခါ ကြောင်သွားသည်။ သူက ရှက်ရွံ့စွာဖြင့် ခေါင်းခါပြလိုက်၏။
"အဲဒါတော့ ကျွန်တော်မလုပ်နိုင်ဘူး"
သူသည် အခြေခံအားဖြင့် သာမန်သက်ရှိမဟုတ်သည့်အပြင် ယခုအချိန်တွင် ရုပ်ခန္ဓာကိုယ်ပင်မရှိသေးချေ။ မစင်စွန့်ခြင်းဆိုသည်မှာ သူ၏တစ်သက်တာတွင် ဘယ်တော့မှမလုပ်နိုင်မည့် အလွန်ခက်ခဲသော အဆင့်မြင့်စစ်ဆင်ရေးတစ်ခုပင်။
မျိုးနွယ်စုရဲ့အားနည်းချက်ကြောင့် မတတ်နိုင်ဘူးပေါ့လေ...
"ဟင်း..."
အစ်ကိုကြီးချန်သက်ပြင်းချလိုက်ပြီး ဆရာကြီးစတိုင်ဖြင့်ပြောလိုက်သည်။
"ဒါကြောင့် ငါ အရင်ကပြောသားပဲ၊ စကားကို အဲဒီလောက်အကြီးကြီးမပြောပါနဲ့ဆိုတာ"
ဘယ်တုန်းကပြောလို့လဲ...
အဖြူလေးကတော့ ကြောင်နေသည်။ သို့သော် အဖေဖြစ်သူက သူ့ထက်ပိုအစွမ်းထက်ပုံရသဖြင့် သူမငြင်းရဲပေ။
"မစင်တောင်မစွန့်နိုင်သေးဘူးဆိုတော့ လေ့လာဖို့အများကြီးလိုသေးတယ်။ အဖေ့ဆီကနေသင်ယူရမှာတွေ အများကြီးပဲ"
ဂိုဏ်းချုပ်ကျန်းသည် အဝါလေးနှင့်တွေ့ခဲ့စဉ်က သင်ခန်းစာကောင်းကောင်းရထားပြီးသားဖြစ်သည်။ အစကတည်းက အရာရာကိုတတ်ကျွမ်းသည့် အဖေကြီးပုံစံဖမ်းထားမှသာ သားဖြစ်သူက သူ့ကိုအထင်မသေးမှာမဟုတ်ပါလား။
အဖြူလေးမှာလည်း ကျန်းချန်၏လေလုံးများကြားတွင် လုံးဝကိုကြွေဆင်းသွား၏။ သူတို့၏ ဝိညာဉ်ချင်းစကားပြောဆိုမှုကို အပြင်လူများမကြားရသော်လည်း ကျန်းချန်အသက်ပြန်ရှင်လာခြင်းက လူတိုင်းကိုဆွံ့အစေခဲ့သည်။
မြို့စားမင်းက တုန်လှုပ်စွာဖြင့် မေးသည်။
"မင်း... မင်း ဘာလို့မသေတာလဲ"
ကျန်းချန်သည် ဒဏ်ရာအနာတရမရှိဘဲ ပုံမှန်အတိုင်းဖြစ်နေသည်မှာ အဓိပ္ပာယ်မရှိလောက်အောင်ပင်။
"ဟင်း... လူတိုင်းက ဒီစကားကိုပဲပြောကြတာပဲ။ ငါက မင်းကိုစနောက်လိုက်တာပါ၊ အဟုတ်မှတ်သွားတာလား"
ကျန်းချန်စကားဆုံးသည်နှင့် မြို့စားမင်းက အနှစ်သာရဝိညာဉ်ကို ထပ်မံအသက်သွင်းလိုက်ပြန်သည်။ ကျန်းချန်ကိုမသတ်နိုင်လျှင် တခြားသူတွေကိုအရင်သတ်မည်ဟု ဆုံးဖြတ်လိုက်၏။
"အဖေ... သူကျွန်တော့်ကို တခြားလူတွေကို သတ်ခိုင်းနေတယ်"
အဖြူလေးက ချက်ချင်းသတင်းပို့သည်။
"အဲဒီလူတွေက အဖေ့သူငယ်ချင်းတွေ၊ လုံးဝမသတ်နဲ့"
ကျန်းချန်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လူအုပ်ကြီးကိုလက်ဝေ့ယမ်းလိုက်သည်။ အဖြူလေး၏ပူးပေါင်းမှုကြောင့် လူတိုင်း၏တာအိုနှလုံးသားထဲတွင်ပေါ်လာသော ကြာနက်မီးတောက်များ ချက်ချင်းငြိမ်းသွား၏။
"ဒီလောက် ကလေးကလားတိုက်ကွက်လေးနဲ့ ငါ့ရှေ့မှာလာပြီးဆရာလုပ်နေတာလား"
သူသည် လက်ဝဲဘက်ကိုနောက်ပစ်ကာ ညာဘက်လက်ဖြင့် လက်ဖျောက်တစ်ချက်တီးလိုက်၏
"ကွယ်ပျောက်စေ"
ခဏချင်းမှာပင် လူတိုင်းကိုချုပ်နှောင်ထားသောစွမ်းအားများ ကွယ်ပျောက်သွားပြီး လွတ်လပ်ခွင့်ရသွား၏။ ဤအကွက်က အမှန်တကယ်ကိုအမိုက်စားပင်။
"ဂိုဏ်းချုပ်ကျန်းက တကယ့်နတ်ဘုရားပဲ..."
"လက်တစ်ချက်ဝှေ့ယမ်းရုံနဲ့ မကောင်းဆိုးဝါးမန္တန်ကိုဖျက်ဆီးနိုင်တာလား"
လူတိုင်းက သူ့ကို ကိုးကွယ်သလိုမျိုး ကြည့်နေကြတော့သည်။
မြို့စားမင်းမှာ ရူးသွပ်သွားကာ သူ၏ကျောက်စိမ်းပေတံကို အစွမ်းကုန်လည်ပတ်စေတော့သည်။
"ဖျောက်"
ကျန်းချန်လက်ဖျောက်တီးလိုက်ရာ မြို့စားမင်းဝတ်ဆင်ထားသော အင်မော်တယ်ချပ်ဝတ်များနှင့် အဝတ်အစားအားလုံး ချက်ချင်းပြာကျသွား၏။ ဤသို့ဖြင့် မြို့စားမင်းကြီးမှာ လူအများရှေ့တွင် ကိုယ်လုံးတီးဖြစ်သွားရတော့သည်။
"အမလေး"
မျက်စိသုံးလုံးကျားက ချက်ချင်းခုန်ထွက်လာပြီး
"အစ်ကိုကြီး... အဲဒီအဝတ်ချွတ်နည်းဗျူဟာကို ကျွန်တော့်ကိုသင်ပေးပါလား၊ ဒါက တကယ့်နတ်ဘုရားအဆင့်ပဲ"
လူတိုင်းက ဗိုက်နှိပ်၍ရယ်မောနေကြတော့သည်။
"ဟားဟားဟား... သူက ကိုယ်လုံးတီးပြရတာ ဝါသနာပါတာလား"
"မြင့်မြတ်အင်မော်တယ်ကြီးဖြစ်ပြီးတော့ ရှက်စရာကောင်းလိုက်တာ"
"ဒါ ဂိုဏ်းချုပ်ကျန်းရဲ့လက်ချက်ပဲဖြစ်ရမယ်"
မြို့စားမင်းမှာ ရှက်လွန်း၍ ရူးမတတ်ဖြစ်သွားကာ ကျန်းချန်ကိုသတ်ရန်ကြိုးစားသော်လည်း အနှစ်သာရဝိညာဉ်က ကျန်းမိသားစုပိုင်ဖြစ်သွားပြီမဟုတ်ပါလား။
"ကဲ... အဆုံးသတ်ဖို့အချိန်တန်ပြီ"
ကျန်းချန်က အဖြူလေးကိုမျက်စိတစ်မှိတ်ပြကာ လက်ဖျောက်ထပ်တီးလိုက်ရာ မြို့စားမင်း၏တာအိုနှလုံးသားထဲမှ ကြာနက်မီးတောက်များထွက်ပေါ်လာပြီး သူ့ကိုယ်သူပြန်လည်ဝါးမြိုသွား၏။ အော်ဟစ်သံနှင့်အတူ မြင့်မြတ်အင်မော်တယ်အဆင့် ၅ မှာ ဝိညာဉ်ပင်မကျန်အောင် ချေမှုန်းခံလိုက်ရလေသည်။
တကယ်သေသွားပြီလား...
ဂိုဏ်းချုပ်ကျန်းမှာ အစကတည်းက တိုက်ခိုက်ချင်နေသော်လည်း သူတို့ကအတင်းတားခဲ့ကြသည်။ သူ ဤမျှသန်မာမှန်းသိလျှင် အစကတည်းက တားခဲ့မည်မဟုတ်။
သူက တကယ့်ဆရာကြီးပဲ...
ကွေ့ချန်းနှင့် အခြားသူများမှာ ယခုမှစ၍ ကျန်းချန်ကို လုံးဝယုံကြည်ရန် ဆုံးဖြတ်လိုက်ကြသည်။
"ဂိုဏ်းချုပ်ကြီး... နောက်ထပ်အောင်ပွဲတစ်ခုအတွက် ဂုဏ်ပြုပါတယ်"
မိုချန်က ဖားရန်ပြေးလာသော်လည်း ကျန်းချန်ကလက်ညှိုးထိုးပြလိုက်ရာ မျက်စိသုံးလုံးကျားမှာ စစ်မြေပြင်ရှိပစ္စည်းများသိမ်းဆည်းနေသည်ကို တွေ့လိုက်ရသည်။
"ဟာ... ငါက အဲဒီကျားလောက်တောင် မတွေးမိပါလား"
မိုချန်လည်း ပစ္စည်းလုရန် ချက်ချင်းပြေးထွက်သွားတော့သည်။