ယနေ့ခေတ် အင်မော်တယ်လောက
Vol. 23 Ch. 227
နာမည်ပင်မမေးလိုက်ရသောမြို့စားမင်းကို သတ်ဖြတ်ပြီးနောက် တင့်ထျန်းအင်မော်တယ်မြို့တော်သည် ကျန်းချန်၏လက်ထဲရောက်ရှိလာ၏။
"ငါတို့ဒီကိုရောက်ခါစ ဘယ်မှာအခြေချရမလဲလို့ စိုးရိမ်နေတာ၊ အခုတော့ ကောင်းကင်ကြီးက ငါတို့ကို မြို့တစ်မြို့ လက်ဆောင်ပေးလိုက်ပြီပဲ"
သူ၏စကားကြောင့် လူတိုင်း စိတ်ဓာတ်တက်ကြွသွားကြသည်။
"ဂိုဏ်းချုပ်ကျန်းပြောတာ တကယ်မှန်တယ်"
"ကျွန်တော်တို့ အရှင်သခင်သာမရှိရင် ဒီနေ့တော့ဒုက္ခရောက်မှာသေချာတယ်"
"အင်မော်တယ်လောကကိုရောက်တဲ့ ပထမဆုံးရက်မှာတင် မြို့တစ်မြို့ရလိုက်မယ်လို့ ဘယ်သူထင်မှာလဲ။ ငါတို့အခြေအနေက အရင်တက်လှမ်းသွားတဲ့သူတွေထက် အဆပေါင်းရာချီသာနေပြီ"
အတိတ်က တက်လှမ်းလာသူများသည် ကျွန်အဖြစ်ခိုင်းစေခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းတို့နှင့် ရင်ဆိုင်ရလေ့ရှိသည်။ အကောင်းဆုံးအခြေအနေမှာပင် ဂိုဏ်းငယ်တစ်ခုခုတွင် တပည့်အဖြစ် အောက်ခြေမှပြန်စကြရ၏။ သို့သော် ယခုအဖွဲ့မှာမူ ရောက်သည်နှင့် မြို့တစ်မြို့၏အရှင်သခင်များ ဖြစ်လာကြလေပြီ။
ကျန်းချန်သည် မြို့တွင်းပိုင်းကို ဖေးရှန်ဂိုဏ်းကတာဝန်ယူရန်နှင့် မြို့ပြင်ပိုင်းကို အခြားနယ်မြေအသီးသီးမှခေါင်းဆောင်များက ပူးတွဲအုပ်ချုပ်ရန် အမိန့်ထုတ်လိုက်သည်။ လူပေါင်းတစ်သိန်းနှစ်သောင်းမှာ ဤမျှကြီးမားသောမြို့ကြီးအတွက် ပြောပလောက်သောပမာဏမဟုတ်ချေ။
ထို့အပြင် တက်လှမ်းလာသူအများစုမှာ အောက်လောကတွင် ဂိုဏ်းချုပ်များ၊ အကြီးအကဲများနှင့် နယ်မြေအရှင်သခင်များဖြစ်ခဲ့ကြသူများဖြစ်ရာ စီမံခန့်ခွဲမှုအပိုင်းတွင် ကျန်းချန်စိုးရိမ်စရာမလိုအောင်ပင်ကျွမ်းကျင်၏။
မကြာမီမှာပင် သူတို့သည် မြို့ခံများကိုခေါ်ယူ၍ လက်ရှိအင်မော်တယ်လောက၏အခြေအနေကို စုံစမ်းကြတော့သည်။ မြို့ခံများမှာ ဤလူစုကို အောက်လောကမှတက်လာသူများဟု မထင်ကြချေ။
နှစ်ပေါင်းဆယ်သန်းအတွင်း တက်လှမ်းလာသူတစ်ယောက်မှမရှိခဲ့သဖြင့် လူငယ်မျိုးဆက်များမှာ တက်လှမ်းခြင်းဆိုသည်ကိုပင် မကြားဖူးကြတော့ဘဲ မြို့အာဏာလုပွဲတစ်ခုအဖြစ်သာ မှတ်ယူလိုက်ကြသည်။
သူတို့စုံစမ်းသိရှိရသော အချက်အလက်များအရ ယနေ့ခေတ်အင်မော်တယ်လောကမှာ အရင်ကကဲ့သို့ တစ်ဆက်တည်းမဟုတ်တော့ပေ။ လွန်ခဲ့သောနှစ်ပေါင်းဆယ်သန်းခန့်က ကမ္ဘာကြီးသည် အထက်၊ အလယ်နှင့် အောက်ဟူ၍ အဆင့်သုံးဆင့်ကွဲထွက်သွားခဲ့သည်။
အထက်အင်မော်တယ်လောကသည် စွမ်းအင်အနက်ရှိုင်းဆုံးနှင့် စည်းမျဉ်းများကိုနားလည်ရန် အလွယ်ကူဆုံးနေရာဖြစ်သည်။ အင်မော်တယ်ဧကရာဇ်များနှင့် အင်အားကြီးပုဂ္ဂိုလ်များ နေထိုင်ကြသည်။
အလယ်အင်မော်တယ်လောကမှာ အလယ်အဆင့်ရှိသည်။
အောက်အင်မော်တယ်လောကသည် အဆင့်နိမ့်အင်မော်တယ်များနေထိုင်ရာဖြစ်ပြီး ယခု ကျန်းချန်တို့ရောက်နေသောနေရာဖြစ်၏။
ယခင်ကကဲ့သို့ ကျင့်ကြံသူအားလုံး ရောနှောနေထိုင်ခြင်းမရှိတော့ဘဲ အဆင့်အတန်းခွဲခြားမှုမှာ အလွန်ပြင်းထန်သည်။ အထက်လောကမှသူများ အောက်သို့ဆင်းလာနိုင်သော်လည်း အောက်ခြေမှသူများမှာ အထက်သို့တက်ရန်အလွန်ခက်၏။
"ဒါဆို ဒီအဆင့်မှာအသန်မာဆုံးက မြင့်မြတ်အင်မော်တယ်တွေပဲလား။ အလယ်လောကမှာတော့ အားအနည်းဆုံးက ရွှေအင်မော်တယ်တွေလား"
မြို့ခံများက ခေါင်းခါပြသည်။
"အဲဒီလို ပုံသေခွဲထားတာမဟုတ်ပါဘူး။ အလယ်လောကမှာမွေးတဲ့သူတွေက အဲဒီမှာပဲနေခွင့်ရှိတယ်။ ပါရမီအလွန်ညံ့တဲ့သူတွေကိုပဲ အောက်လောကကိုနှင်ထုတ်တာပါ။ အောက်လောကမှာလည်း အပြစ်ပေးခံရလို့ ရာထူးချခံရတဲ့ရွှေအင်မော်တယ်တွေရှိတတ်ပါတယ်"
တက်လှမ်းလာသူများမှာ အံ့ဩသွားကြသည်။ သူတို့မှာ အင်မော်တယ်လောကသို့ရောက်လျှင် အမြင့်ဆုံးရောက်ပြီဟုထင်ခဲ့သော်လည်း ယခုတော့ အဆိုးဆုံးနယ်မြေသို့ရောက်နေပြန်၏။
"အထက်ကိုတက်လှမ်းနိုင်တဲ့နည်းလမ်းရောရှိလား"
"ရှိပါတယ်။ အင်မော်တယ်မြို့တော်တက်လှမ်းခြင်းစစ်ပွဲပေါ့"
မြို့ခံများ၏ရှင်းပြချက်အရ အောက်လောကတွင် အင်မော်တယ်မြို့ပေါင်း ၁၈ သန်းရှိ၏။ နှစ်ပေါင်းတစ်သန်းလျှင်တစ်ကြိမ် စစ်ပွဲကျင်းပပြီး ထိုစစ်ပွဲသည် နှစ်ပေါင်းတစ်ရာကြာမြင့်ပြီး မြို့တစ်မြို့ကိုအနိုင်ရလျှင် ၁ မှတ်ပေါင်းပြီး ရှုံးလျှင် ၁ မှတ်နုတ်သည်။
စစ်ပွဲပြီးဆုံးချိန်တွင် အမှတ်အများဆုံး ထိပ်ဆုံးမြို့ ၁၀ မြို့သည် မြို့သူမြို့သားအားလုံးနှင့်အတူ အလယ်လောကသို့တက်လှမ်းခွင့်ရကြသည်။ ထိုနည်းတူ အလယ်လောကမှ အမှတ်အနည်းဆုံး ၁၀ မြို့မှာ အောက်လောကသို့ဆင်းပေးရမည်။
"ဒါကြောင့် ဟိုမြို့စားက ငါတို့ကို စစ်ထဲအတင်းသွင်းဖို့ကြိုးစားတာကိုး"
"အောက်လောကမှာ မြို့ပေါင်း ၁၈ သန်းတောင်ရှိတာလား"
ကျန်းချန်ပင် အံ့ဩသွား၏။ ကျယ်ပြောလှသော ဤနယ်မြေတွင် အင်မော်တယ်ဧကရာဇ်များက သူတို့ကိုရှာတွေ့ရန်မှာ အပ်တစ်စင်းရှာရသကဲ့သို့ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူတို့လုံခြုံသွားပြီဟုဆိုနိုင်သည်။
"အခုစစ်ပွဲပြီးဖို့ ဘယ်လောက်လိုသေးလဲ"
"၁၀ နှစ်ပဲလိုတော့တယ်"
"၁၀ နှစ်ပဲလား... အခု ထိပ်ဆုံးမှာရှိနေတဲ့မြို့က ဘယ်နှမှတ်ရထားလဲ"
"လက်ရှိမှာတော့ ဝူဟိုင်မြို့က ၁၅၇ မှတ်နဲ့ ဦးဆောင်နေပါတယ်။ သူတို့က အရင်တစ်ခေါက်က အလယ်လောကကနေဆင်းလာတာဆိုတော့ အခြေခံကအရမ်းတောင့်တင်းတယ်။ ရွှေအင်မော်တယ် ၁၅ ယောက်နဲ့ မြင့်မြတ်အင်မော်တယ်ရာဂဏန်းလောက်ရှိတယ်"