နေရာပေါင်းတစ်သောင်း
Vol. 23 Ch. 228
ရွှေအင်မော်တယ် ၁၅ ပါး ရှိနေသည်ဟူသော သတင်းကြောင့် လူတိုင်း၏စိတ်နှလုံး လေးလံသွားရသည်။ အင်အားကွာခြားချက်မှာ အလွန်ကြီးမား၏။
"တစ်ခုခုတော့မှားနေပြီ"
သွားကြွက်မင်းက အံ့ဩတကြီးပြောလိုက်သည်။
"သူတို့ကအဲဒီလောက်သန်မာနေပြီး နှစ်ပေါင်းတစ်ရာပတ်လုံး တိုက်ခိုက်နေတာဆိုရင် ၁၅၇ မှတ်ပဲရတာ မဖြစ်နိုင်ဘူး။ အနည်းဆုံးအမှတ်တစ်သောင်းခွဲလောက် ရသင့်တာပေါ့"
လူတိုင်းစဉ်းစားကြည့်ရာ ထိုစကားမှာအမှန်ပင်။ ဝူဟိုင်မြို့အတွက် တင့်ထျန်းမြို့လိုမြို့မျိုးကိုတိုက်ခိုက်ရန်မှာ လေမှုတ်ထုတ်လိုက်သလောက် လွယ်ကူလိမ့်မည်။ နှစ်တစ်ရာဟူသောအချိန်သည် အလွန်ရှည်လျားပြီး နှစ်ရက်တစ်ကြိမ်တိုက်လျှင်ပင် တိုက်ပွဲပေါင်းတစ်သောင်းကျော်ဖြစ်ပွားနိုင်သည်။
မြို့ခံများက ခေါင်းခါပြ၏။
"သူတို့ထက်အမှတ် ၃ မှတ်ထက်ပိုပြီးနည်းတဲ့မြို့တွေကို စိန်ခေါ်လို့မရဘူး။ ဥပမာ၊ တင့်ထျန်းမြို့ကို သူတို့လာတိုက်လို့မရဘူး။ ပြီးတော့ အရှုံးပေးလိုက်ရတဲ့မြို့ကလည်း တစ်နှစ်အတွင်း ဘယ်စိန်ခေါ်မှုကိုမှလက်ခံစရာမလိုတဲ့ ငြိမ်းချမ်းရေးအချိန်ရပါတယ်"
ဂိုဏ်းချုပ်ကျန်းက နှုတ်ခမ်းမဲ့လိုက်သည်။
"အင်မော်တယ်ဧကရာဇ်တွေ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေက တော်တော်လေးစေ့စပ်တာပဲ။ ဟာကွက်ကိုရှာလို့မရအောင်လုပ်ထားတာပဲ"
၎င်းသည် သူ့မျက်လုံးထဲတွင် ဂိမ်းတစ်ခုနှင့်မခြားပေ။ အမှတ်မတူလျှင် တိုက်ခိုက်ခွင့်မရှိခြင်းကြောင့် အမှတ်များကို တမင်သက်သက်ပူးပေါင်းရှာဖွေခြင်းကို တားဆီးထားခြင်းဖြစ်သည်။
"ဒါဆို ငါတို့မြို့ကရော ဘယ်နှမှတ်ရပြီး ဘယ်အဆင့်မှာရှိလဲ"
"ငါတို့မြို့က ဒီနှစ်ပေါင်း ၉၀ အတွင်း ၁၆ ကြိမ် စိန်ခေါ်ခံရဖူးပြီး ၂ ကြိမ်ပဲနိုင်ထားပါတယ်။ အခု အဆင့် ၅,၉၅၈,၇၉၅ မှာ ရှိပါတယ်"
"ဘာ... အဆင့် ၆ သန်းနီးပါးလား"
လူတိုင်း သွေးအန်မတတ်ဖြစ်သွား၏။ ၁၆ ကြိမ်မှာ ၂ ကြိမ်သာ နိုင်သည်ဆိုကတည်းက အခြေအနေမှာ အလွန်ဆိုးရွားနေလေပြီ။
"အဆင့် ၁၀ မှာ ရှိတဲ့မြို့ကရော ဘယ်နှမှတ်ရထားလဲ"
"အဆင့် ၁၀ က ထောင်စီမြို့ပါ။ သူတို့မှာ ရွှေအင်မော်တယ် ၆ ပါး ရှိပြီး ၉၈ မှတ်ရထားပါတယ်"
တက်ကြွနေသောလူအုပ်ကြီးမှာ ချက်ချင်းငြိမ်သက်သွား၏။ ခဏအကြာတွင် ဓားသူတော်စင်ကွေ့ချန်းက သက်ပြင်းချလိုက်သည်။
"နောက်ထပ်နှစ်ပေါင်းတစ်သန်းလောက်အထိ စောင့်ရတော့မယ်ထင်တယ်"
မိစ္ဆာသူတော်စင်ရှုယွမ်ကလည်း လက်ခံလိုက်သည်။
"ဟုတ်တယ်၊ နှစ်တစ်သန်းကြာမှပဲ ပြန်တိုက်ကြတာပေါ့"
အချိန်က ၁၀ နှစ်သာကျန်တော့ပြီး သူတို့လိုအပ်နေသောအမှတ်မှာ ၉၆ မှတ်ဖြစ်ပြီး ၎င်းသည် အဆင့် ၁၀ ရှိမြို့က အမှတ်ထပ်မတိုးတော့မှသာဖြစ်နိုင်မည်။
"နောက်ထပ် နှစ်တစ်သန်းအတွင်းမှာ ငါတို့အင်အားတောင့်တင်းလာမှာပါ"
"မှန်တယ်၊ ဒီမှာ အင်မော်တယ်ချီရှိနေပြီဆိုတော့ ငါတို့အဆင့်အမြန်တက်မှာပဲ"
အစ်ကိုကြီးချန်၏အတွေးမှာ ထိုသူများနှင့်မတူ။ သူက အခြားအကျိုးအမြတ်များကိုသာ စဉ်းစားနေသည်။
"တက်လှမ်းခွင့်က ၁၀ မြို့ပဲရတာဆိုရင်၊ မြို့စားဟောင်းက ဘာလို့ ဒီလောက်အပင်ပန်းခံပြီး တိုက်ခိုက်နေတာလဲ"
တင့်ထျန်းမြို့အင်အားနှင့်ဆိုလျှင် ထိပ်ဆုံးတစ်သိန်းထဲဝင်ရန်မလွယ်ပေ။
"တိုက်ပွဲတစ်ခုနိုင်တိုင်း ရန်သူ့မြို့ရဲ့ တက်လှမ်းခြင်းစင်မြင့်က စည်းမျဉ်းအရှိန်အဝါတွေကို ဆွဲထုတ်ယူလို့ရပါတယ်။ စည်းမျဉ်းအရှိန်အဝါတွေများလေလေ အဲဒီမြို့ထဲမှာကျင့်ကြံရတာ ပိုလွယ်လေလေပဲ"
ဤသို့ကောင်းမွန်သောအရာ ရှိသလော...
အင်မော်တယ်အဆင့်တွင် ကျင့်ကြံခြင်းသည် စည်းမျဉ်းများကိုနားလည်ခြင်းအပေါ်တွင်သာ အဓိကတည်မှီနေသည်။
"တက်လှမ်းခြင်းစင်မြင့်က ဘယ်မှာလဲ"
မြို့ခံများက မြို့စားမင်း ယခင်က အနှစ်သာရဝိညာဉ်ကိုဆင့်ခေါ်ခဲ့သောစင်မြင့်မြင့်ကြီးကို ညွှန်ပြလိုက်သည်။
"အဲဒီမှာ စည်းမျဉ်းအရှိန်အဝါတွေအသိပ်သည်းဆုံးပဲ။ အဲဒီထဲမှာကျင့်ကြံရင် အကျိုးသက်ရောက်မှုက အကောင်းဆုံးပဲ။ ဒါပေမဲ့တစ်ကြိမ်မှာ လူတစ်သောင်းပဲဝင်လို့ရတယ်"
ဤစကားကြောင့် လူတိုင်းစိတ်လှုပ်ရှားသွား၏။ သူတော်စင်နယ်ပယ်သို့ရောက်ကတည်းက စည်းမျဉ်းများကိုထိတွေ့လာရသော်လည်း ဤကဲ့သို့စည်းမျဉ်းများကို အနီးကပ်ရင်ဆိုင်နိုင်သည့်နေရာမျိုး မကြားဖူးခဲ့ချေ။
"ဟို... ဂိုဏ်းချုပ်ကျန်း... အဲဒီစင်မြင့်နေရာက..."
ဓားသူတော်စင်ကွေ့ချန်းသည် လက်နှစ်ဖက်ကိုပွတ်ရင်း မျက်နှာချိုသွေးကာပြောလိုက်သည်။ အခြားသူများကလည်း ကျန်းချန်ကို မျှော်လင့်တကြီးကြည့်နေကြ၏။
ကျန်းချန်က ခပ်တည်တည်ဖြင့်...
"အဟမ်း... ငါအရင်ပြောထားမယ်။ ငါ့မှာ ငါနဲ့အတူတက်လာတဲ့ တပည့်ပေါင်းတစ်ထောင်ကျော်ရှိတယ်။ အဲဒီတော့ နေရာ ၁,၁၀၀ ကို ငါအရင်ယူထားမယ်။ ကျန်တဲ့နေရာတွေကိုတော့ မင်းတို့ဘာသာခွဲဝေကြပေါ့"
ကျန်းချန်သည် အားနာနေမည်မဟုတ်။ မိမိလူများက အကောင်းဆုံးအခြေအနေရရှိရန်မှာ ပထမဦးစားပေးပင်။ နေရာ ၈,၉၀၀ ကျန်ရှိသေးသည်ဟူသောစကားကြောင့် လူတိုင်းဝမ်းသာသွား၏။
"ဂိုဏ်းချုပ်ကျန်းက တကယ့်ကိုရက်ရောတာပဲ"
"ဟုတ်ပါတယ်... နေရာ ၈,၉၀၀ တောင်ကျန်သေးတာပဲ၊ ငါတို့ ခွဲဝေလို့လောက်ပါတယ်"
လူတိုင်းမှာ ကျန်းချန်ကို ကျေးဇူးတင်မဆုံးဖြစ်နေကြသည်။ ဤမြို့ကို ကျန်းချန်ကတိုက်ခိုက်သိမ်းယူထားခြင်းဖြစ်ရာ သူအားလုံးယူလျှင်ပင် မည်သူမှစောဒကတက်ရဲမည်မဟုတ်။
အခြားသူများ နေရာခွဲဝေနေစဉ် ကျန်းချန်သည် ယခင်တိုက်ပွဲမှရရှိလာသောပစ္စည်းများကို စစ်ဆေးနေ၏။ အင်မော်တယ်လက်နက်ရာပေါင်းများစွာ ရရှိခဲ့သည်။ ထို့အပြင် စနစ်အမှတ်များမှာလည်း ဘီလီယံ ၃၀၀ ကျော်အထိရှိလာခဲ့လေပြီ။
သူသည် စနစ်ကိုအဆင့်မြှင့်လိုက်ရာ အဆင့် ၁၀ ရောက်သွားသည်။