ပင်မဝိညာဉ်ကို ပြန်လည်ပေးအပ်ခြင်း
Vol. 23 Ch. 230
ခဏမျှကျင့်ကြံပြီးနောက် အစ်ကိုကြီးချန်၏စိတ်ထဲတွင် နားလည်မှုအသစ်များ စီးဝင်လာသည်။ စည်းမျဉ်းမျိုးစုံမှာ သူ၏တာအိုနှလုံးသားကို တိတ်တဆိတ်အားဖြည့်ပေးနေ၏။ ဤနေရာရှိ အင်မော်တယ်ချီမှာလည်း အပြင်ဘက်ထက် များစွာပိုသိပ်သည်းသည်။
ကျင့်ကြံပြီးမကြာမီမှာပင် သူတော်စင်နယ်ပယ်နှောင်းပိုင်း ကျင့်ကြံသူနှစ်ဦးမှာ နားလည်မှုများရရှိသွားပြီး အင်မော်တယ်တက်လှမ်းခြင်းဘေးဒုက္ခကိုရင်ဆိုင်ရန် အပြင်ဘက်သို့ပျံသန်းသွားကြတော့သည်။
သို့သော် ကျန်းချန်ကမူ စိတ်မရှည်ဖြစ်နေသည်။ အခြားသူများအတွက် အလွန်မြန်ဆန်လှသော ဤကျင့်ကြံနှုန်းမှာ သူ့အတွက်မလုံလောက်ပေ။ ပုံမှန်အားဖြင့် အင်မော်တယ်လောကတွင် စည်းမျဉ်းတစ်ခုကို အခြေခံအဆင့်မှ အသေးစားအောင်မြင်မှုအဆင့်သို့ရောက်ရန် ပါရမီကောင်းလျှင်ပင် နှစ်ပေါင်းတစ်သောင်းခန့်ကြာတတ်သည်။ ဤစင်မြင့်၏ ၅ ဆနှုန်းဖြင့်ဆိုလျှင်ပင် နှစ်ပေါင်းရာချီ ကြာဦးမည်။ သူ၏ တာအိုနှလုံးသားတွင် စည်းမျဉ်းပေါင်း ၉၉၂ ခု ရှိနေရာ မည်သည့်အချိန်မှ အားလုံးပြီးစီးမည်နည်း။
"ဒီစင်မြင့်က တော်တော်လေးအထင်ကြီးစရာကောင်းမယ်ထင်နေတာ၊ နောက်ဆုံးတော့လည်း ကိုယ်တိုင်ပင်ပင်ပန်းပန်းလုပ်နေရတာပဲမဟုတ်လား။ အလကားအပိုတွေ"
သူသည် စိတ်ပျက်လက်ပျက်ဖြင့် ထရပ်လိုက်သည်။ ကံစမ်းမဲနှိုက်လိုက်ခြင်းက ပိုမိုမြန်ဆန်သည်မဟုတ်လား။ သူကဲ့သို့လူမျိုးက ဤနေရာတွင် နှစ်ပေါင်းရာချီထိုင်မနေနိုင်ပေ။
"ရှောင်ဟန်... ဒီကိုလာဦး"
သူသည် ကျင့်ကြံနေသော ကျိလင်ဟန်ကိုနှိုးလိုက်ပြီး ပလ္လင်ကိုညွှန်ပြလိုက်သည်။
"အဲဒီမှာသွားပြီးကျင့်ကြံတော့"
ဗဟိုရှိပလ္လင်မှာ စည်းမျဉ်းအရှိန်အဝါအသိပ်သည်းဆုံးဖြစ်ရာ သူမသုံးလျှင် ဖြုန်းတီးရာရောက်မည်ဖြစ်သည်။
"အင်"
ကျိလင်ဟန်မှာ မျက်လုံးလေးများဝိုင်းသွားပြီး လက်ခါပြလိုက်သည်။
"မဖြစ်ဘူး... မဖြစ်ဘူး... ဒါက ဂိုဏ်းချုပ်နေရာလေ၊ ကျွန်မ မထိုင်ဝံ့ပါဘူး"
"ငါက ဒီမှာကျင့်ကြံစရာမလိုတော့ဘူး။ နင်က ဂိုဏ်းရဲ့စီနီယာအမကြီးပဲ၊ ငါ့ကိုယ်စား အဲဒီမှာထိုင်လိုက်စမ်းပါ"
ကျန်းချန်စိတ်မရှည်တော့ဘဲ သူမကို ပလ္လင်ပေါ်အတင်းပို့လိုက်သည်။ ဤလှုပ်ရှားမှုကြောင့် အခြားသူများအားလုံးနိုးကြားလာပြီး သူတို့နှစ်ဦးကိုဝိုင်းကြည့်ကုန်၏။
ကျိလင်ဟန်မှာရှက်လွန်း၍ မျက်နှာလေးနီမြန်းလာတော့သည်။ ကွေ့ချန်းက အံ့ဩတကြီးမေး၏ -
"ဂိုဏ်းချုပ်ကျန်း... ဒါကဘာသဘောလဲ"
"ဪ... ကျွန်တော့်ရဲ့ကျင့်ကြံနည်းက ခင်ဗျားတို့နဲ့မတူဘူးလေ။ ဒါကြောင့်ဒီနေရာကို သူမကိုပေးလိုက်တာပါ"
"ဪ... ဒီလိုကိုး"
ကွေ့ချန်းက သူ၏မုတ်ဆိတ်ကိုသပ်ရင်း ချီးကျူးလိုက်သည်။
"ဂိုဏ်းချုပ်ကျန်းက တကယ့်ကိုထူးခြားဆန်းကြယ်တဲ့သူပဲ၊ လုပ်ဆောင်ချက်တွေကလည်း ငါတို့နဲ့မတူဘူး"
အခြားသူများလည်း ပြုံးရွှင်စွာခေါင်းငြိမ့်ကြပြီး ဆက်လက်ကျင့်ကြံကြသည်။ ကျန်းချန် ဘာပဲလုပ်လုပ် နက်နဲသောအဓိပ္ပာယ်ရှိမည်ဟု သူတို့နားလည်သွားကြလေပြီ။
ကျန်းချန်ထွက်သွားခါနီးတွင် လန်ထီ၊ လင်းနင်နှင့် ယင်းရွှယ်အာတို့ထံမှ မကျေနပ်သောအကြည့်များကို ရရှိလိုက်သည်။
"ဂိုဏ်းချုပ်က စီနီယာအမကျိကိုအချစ်ဆုံးပဲ"
"အစ်ကိုကြီးချန်... ခင်ဗျားစိတ်ပြောင်းသွားပြီလား"
ကျန်းချန်က မျက်နှာကိုတင်းလိုက်ပြီး။
"နေရာက တစ်ခုပဲရှိတာလေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ အချင်းချင်းဦးစားပေးကြရမှာပေါ့။ အကျိုးအမြတ်ရှိတိုင်း မနာလိုမဖြစ်ကြနဲ့၊ နားလည်လား"
မိန်းကလေးများမှာ ဆွံ့အသွားကြသည်။ သူတို့က အကျိုးအမြတ်အတွက် လုနေကြတာမှမဟုတ်။
ကျန်းချန်သည် စင်မြင့်မှထွက်လာပြီးနောက် မိုချန်ကိုဆင့်ခေါ်လိုက်သည်။
"ခင်ဗျားရော ဘာလို့စည်းမျဉ်းတွေမကျင့်ကြံတာလဲ"
"ဂိုဏ်းချုပ်မသိလို့ပါ။ ဒီအဘိုးကြီးရဲ့ခန္ဓာကိုယ်က သူများဆီကယူထားတာဆိုတော့ အကန့်အသတ်ရှိတယ်။ ပြီးတော့ ဒီစင်မြင့်ကစည်းမျဉ်းတွေက ကျွန်တော့်အတွက် အဆင့်နိမ့်လွန်းပါတယ်"
ကျန်းချန် ခဏမျှစဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
"ခင်ဗျားရဲ့ ပင်မဝိညာဉ်ပေါ်မှာရေးထိုးထားတဲ့ ကျွန်စာချုပ်ကိုပြန်ဖျက်ပေးမယ်"
ယခုအခါ အားလုံးမှာရင်းနှီးနေပြီဖြစ်ရာ စာချုပ်နှင့် ချုပ်နှောင်ထားရန်မလိုတော့ပေ။ ပင်မဝိညာဉ် အပြည့်အစုံပြန်ရပါက မိုချန်ပိုမိုသန်မာလာမည်ဖြစ်သည်။
"ဟင်"
မိုချန်မှာ ပထမတော့ဝမ်းသာသွားသော်လည်း နောက်တွင်ထိတ်လန့်သွားသည်။
"ဂိုဏ်းချုပ် ဘာကိုဆိုလိုတာလဲ။ ဒီအဘိုးကြီးရဲ့အကူအညီကို မလိုတော့ဘူးလို့ပြောတာလား"
သူသည် ဤကောင်းကင်သားတော်နောက်သို့လိုက်ပါပြီးနောက် နှစ်အနည်းငယ်အတွင်း အင်မော်တယ်လောကသို့ ပြန်ရောက်ခဲ့ရသည်မဟုတ်ပါလား။ သူလမ်းခွဲမပေးချင်ပေ။
ကျန်းချန်ကပြုံးလျက်ဆိုသည်။
"အဘိုးကြီးမို... ခင်ဗျားက ကျွန်တော်အလေးထားဆုံးလူပါဗျာ"
(မိုချန်ကဲ့သို့ ဟန်ထုတ်သည့်နေရာတွင်အလိုက်သိသောလက်ထောက်ကို အင်မော်တယ်ဧကရာဇ်နှင့်ပင်မလဲနိုင်ချေ။)
ပင်မဝိညာဉ်နှင့် အကြွင်းအကျန်ဝိညာဉ်များ ပေါင်းစပ်သွားသောအခါ မိုချန်၏အရှိန်အဝါမှာ ချက်ချင်းပြောင်းလဲသွား၏။ ရှေးဟောင်းအဘိုးကြီးအသွင်မှ အလွန်ထက်မြက်ပြီး ဖိအားပေးနိုင်သော အရှိန်အဝါကြီးဖြစ်လာသည်။ သူ၏အရှိန်အဝါမှာ သမုဒ္ဒရာကြီးကဲ့သို့နက်ရှိုင်းလှပြီး ယခင်မြို့စားမင်းထက်ပင် သန်မာပုံရ၏။
စနစ်မှလည်း မိုချန်၏တန်ဖိုးတက်လာသဖြင့် အမှတ် ၅ ဘီလီယံ ပေးအပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ ကျွန်တော့်ရဲ့ အင်မော်တယ်ဝိညာဉ်ပြည့်စုံသွားပြီဆိုတော့ အနာဂတ်မှာ အရင်ကအစွမ်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ပြန်ရနိုင်ပါပြီ"
ကျန်းချန်မှာ မနှမြောဘဲ ဝိညာဉ်ပြုပြင်ပေးသည့် အဆင့်မြင့်အင်မော်တယ်ဆေးလုံး တစ်ဒါဇင်ခန့်ပေးလိုက်ရာ မိုချန်မှာ မျက်ရည်ကျမတတ် ဝမ်းသာသွားတော့သည်။
"ဂိုဏ်းချုပ်စိတ်ချပါ... ဒီမြို့တော်တက်လှမ်းခြင်းစစ်ပွဲမှာ ဒီအဘိုးကြီးက ရှေ့တန်းကနေ တိုက်ခိုက်ပေးပါ့မယ်"
အခြားသူများက နောက်နှစ်ပေါင်းတစ်သန်းအထိစောင့်ရန် တွေးနေသော်လည်း ဂိုဏ်းချုပ်ကျန်းမှာမူ ထိုမျှကြာအောင်စောင့်မည့်သူမဟုတ်ကြောင်း မိုချန်ကောင်းကောင်းသိ၏။ ကျန်းချန်သည် မကြာမီတွင် အခြားမြို့များကို စတင်စိန်ခေါ်တော့မည်မှန်း သူသိသည်။
ကျန်းချန်မှာမူ ကြောင်အမ်းအမ်းဖြင့်ကြည့်နေမိသည်။
ရှေ့တန်းကနေ တိုက်ခိုက်ပေးမယ်၊ ဟုတ်လား...
ခင်ဗျားကိုဟန်ထုတ်ခွင့်ပေးရမှာလား... ဆုတောင်းလေ...