← Chapters

ဦးလေး….ကျွန်တော်က ဦးလေးမျက်စိရှေ့မှာတင် ကြီးပြင်းလာတာပါ

Vol. 2 Ch. 11

ဦးလေး….ကျွန်တော်က ဦးလေးမျက်စိရှေ့မှာတင် ကြီးပြင်းလာတာပါ

Vol. 2 Ch. 11

သွေးရဲရဲဒဏ်ရာဗရပွဖြင့် တိုက်ပွဲဝင်ရင်း လောက နိယာမလမ်းစဉ်ကိုပင် တုန်လှုပ်စေခဲ့သည့် ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ ကျန်းဝမ်တစ်ယောက် ထျန်းရှန်းမျှော်စင်၌ မည်သို့ပင် အစွမ်းပြကာ သောင်းကျန်းနေပါစေ၊ ယခုအချိန်တွင် အောင်မြင်မှု၏ ချိုမြိန်သောအရသာကို တကယ်တမ်း မြည်းစမ်းနေရသူမှာ လော့ချန်သာ ဖြစ်သည်။

ယခင်ကမူ သူ့တွင် မှော်အာဟာရဆေးလုံး ဆိုသည့် ကုန်ပစ္စည်းတစ်ခုတည်းသာ ရှိခဲ့ဖူးသည်။

၎င်းမှာ "ဝယ်ရင်ဝယ်၊ မဝယ်ရင်နေ" ဆိုသည့် ပစ္စည်းမျိုးဖြစ်၍ ဈေးဆစ်ရန် သို့မဟုတ် အရောင်းဗျူဟာခင်းရန် အခွင့်အလမ်း အလွန်နည်းပါးလှသည်။ ကုန်ပစ္စည်းတစ်ခုဝယ်လျှင် တစ်ခုလက်ဆောင်ပေးသည့် အတွဲလိုက်ရောင်းခြင်း နည်းဗျူဟာကိုပင် သူ မသုံးနိုင်ခဲ့ချေ။

အဘိုးချန် ကဲ့သို့ မဟုတ်ပါချေ။ အဘိုးချန်မှာမူ ချီဖုံးကွယ်မှော်စာရွက် တစ်ရွက်ကို ဈေးကြီးကြီးဖြင့် ရောင်းချလေ့ရှိပြီး ဝယ်သူ တွန့်ဆုတ်နေပါက “ဒီဈေးကတော့ အသေပဲ၊ ဒါပေမဲ့ မင်းကို သန့်စင်ခြင်းမှော်စာရွက် တစ်ရွက် အလကား လက်ဆောင်ပေးလိုက်မယ်လေ” ဟု ပြုံးရွှင်စွာဖြင့် အရောင်းအဝယ်တည့်အောင် လုပ်တတ်သူ ဖြစ်သည်။

ယခုမူ သူ့တွင် ဒုတိယမြောက် ကုန်ပစ္စည်း ရှိလာပြီဖြစ်သည်။

အံ့ဖွယ်တစ်သောင်းဆေးလုံး ဆိုသည်မှာ အဆင့်နိမ့် အင်အားဖြည့်ဆေးလေးမျှသာ ဖြစ်သဖြင့် ဂုဏ်ယူစရာဟု မဆိုနိုင်သော်လည်း ပထမဆုံးအကြိမ် ရောင်းထွက်ခြင်းကပင် သူ့အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင်ကို ပေးစွမ်းလိုက်သည်။

ဈေးနှုန်းကိုမူ အဆမတန် မြှင့်တင်ထားခြင်း ဖြစ်သည်။ အရင်းအနှီးမှာ ဝိညာဉ်ကျောက် ၁ တုံးသာ ကုန်ကျသော်လည်း ရောင်းဈေးကို ၅ တုံးအထိ သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော် မည်သည့်ခေတ်ကာလ၊ မည်သည့်လောက၌ဖြစ်စေ အမျိုးသားတို့၏ အင်အားနှင့် မာန်ကို တိုးမြင့်ပေးမည့် ပစ္စည်းများမှာ ဘယ်သောအခါမှ ဈေးကွက်မပျက်နိုင်ချေ။ ကိုယ်ပိုင်အစွမ်းနှင့် ခွန်အားကိုသာ အလေးထားသည့် ကျင့်ကြံခြင်းလောကတွင်မူ ထိုပစ္စည်းများ၏ တန်ဖိုးမှာ ပို၍ပင် ကြီးမားလှပေသည်။

အခြေအနေမှာ လူအများ ထင်ထားသကဲ့သို့ မဟုတ်ဘဲ လုံးဝဥဿုံ ပြောင်းပြန် ဖြစ်နေခြင်းပင်။

အဆင့်နိမ့်ကျင့်ကြံသူများ အထူးသဖြင့် ချီသန့်စင်အဆင့်တွင် ခန္ဓာကိုယ်ထဲမှ အနှစ်သာရများကို ချီစွမ်းအင်အဖြစ် ပြောင်းလဲနေရသည့် အဆင့်ဖြစ်ရာ၊ ရှုပ်ထွေးလှသော ချီစွမ်းအင်များကို စုပ်ယူသန့်စင်ရသည်မှာ အလွန်ပင် နှေးကွေးလှသည်။

ထို့ကြောင့်ပင် ဝိညာဉ်ဆန်၊ ဝိညာဉ်သားရဲသား နှင့် အမျိုးမျိုးသော အင်အားဖြည့်ဆေးလုံးများမှာ ဈေးကွက်တွင် အမြဲ အရောင်းရဆုံး ဖြစ်နေလေသည်။

ထို့အပြင် ချီစွမ်းအင်ကို ကောင်းစွာ မထိန်းချုပ်နိုင်သေးသောကြောင့် စိတ်လှုပ်ရှားစရာ တစ်ခုခုနှင့် ကြုံလျှင်သော်လည်းကောင်း၊ စိတ်အလိုလိုက်မိလျှင်သော်လည်းကောင်း ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အနှစ်သာရ များမှာ အလွယ်တကူ ယိုစိမ့်ထွက်သွားတတ်သည်။

ထို့ကြောင့်ပင် ချီစွမ်းအင်ကို အထိရောက်ဆုံး ပြောင်းလဲနိုင်ရန်အတွက် ရှေးကျင့်စဉ်များတွင် ဝိညာဉ်အနှစ်သာရကို ချိတ်ပိတ်ထားသည့် နည်းလမ်းများ ရှိကြသည်။ ရှေးစာပေများတွင် ၎င်းအား ဝိညာဉ်အနှစ်သာရကို လျှို့ဝှက်စွာ သိုလှောင်ခြင်းနည်းလမ်းဟု ခေါ်ဆိုကြသည်။

ကျင့်ကြံသူတစ်ဦးအဖို့ ဤအခြေအနေကို ဖြေရှင်းရန် နည်းလမ်းနှစ်မျိုးသာ ရှိလေသည်။

ပထမနည်းလမ်းမှာ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိသွားရန် ဖြစ်ပြီး၊ ထိုအခါမှသာ ဝိညာဉ်အာရုံကို သုံးကာ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို စိတ်ကြိုက် ထိန်းချုပ်ပြောင်းလဲနိုင်မည် ဖြစ်သည်။ မဟုတ်ပါကလည်း အစောပိုင်းအဆင့်တွင် စွမ်းအင်များ ယိုစိမ့်ကုန်ပါက မည်သူကမှ မဟာတာအို လမ်းစဉ်ကို ရရှိနိုင်တော့မည် မဟုတ်ချေ။

အကယ်၍ ကျင့်ကြံသူတစ်ဦးသည် မိမိလိုက်စားနေသော လမ်းစဉ်ကြီးမှာ မိမိနှင့် မထိုက်တန်တော့ဟု နားလည်သွားပါက ဒုတိယနည်းလမ်းကို ရွေးချယ်နိုင်သည်။ ၎င်းမှာ မိမိ၏ အနှစ်သာရသော့ကို ဖွင့်ချလိုက်ပြီး အနှစ်သာရများ ယိုစိမ့်ထွက်သွားစေကာ မိမိ၏ တက်ကြွလန်းဆန်းမှုကို ပြန်လည်ရယူခြင်းပင်။

ဤသည်ကြောင့်ပင် ကျင့်ကြံခြင်းလမ်းတွင် ရှေ့ဆက်ရန် မျှော်လင့်ချက် မရှိတော့သည့် အသက်ကြီးပိုင်း ကျင့်ကြံသူများသည် အိမ်ထောင်ပြုပြီး မိသားစုထူထောင်သည့် လမ်းကို ရွေးချယ်ကြခြင်း ဖြစ်သည်။

သူတို့အားလုံးသည် မိမိတို့၏ အကန့်အသတ်ကို သိရှိသွားကြပြီး၊ အချည်းနှီး ကြိုးစားနေမည့်အစား အိမ်ပြန်၍ မိသားစုနှင့် ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

သို့သော်လည်း ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက် သီးသန့်ထုတ်လုပ်ထားသည့် အံ့ဖွယ်တစ်သောင်းဆေးလုံး ပေါ်လာသည့်အခါတွင်မူ အခြေအနေများမှာ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။

ဆေးထဲတွင် ပါဝင်သော ရေ ဓာတ်ပါသည့် ဂုံးခြောက် နှင့် မီး ဓာတ်ပါသည့် မီးခွေးအမြီးတို့မှာ ဟန်ချက်ညီညီ ပေါင်းစပ်ထားသဖြင့်၊ စားသုံးလိုက်သည်နှင့် အနှစ်သာရသော့ကို ဖွင့်စရာမလိုဘဲ ချီစွမ်းအင်၏ လှုံ့ဆော်မှုဖြင့်ပင် ပြင်းပြသော တက်ကြွလန်းဆန်းမှုကို ရရှိစေမည် ဖြစ်သည်။

လော့ချန် အဘယ်ကြောင့် ဤမျှခက်ခဲစွာ ဤဆေးကို ဖော်စပ်နေရသနည်း။

သူကိုယ်တိုင် သုံးရန် မဟုတ်ပါချေ။ ဈေးကွက်တွင် ဤဆေးကို လိုချင်နေကြသူများမှာ အလွန်ပင် များပြားလှသောကြောင့် ဖြစ်သည်။

လော့ချန်သည် သူတစ်ပါး၏ လိုအပ်ချက်ကို ကြိုတင်တွေးဆပေးတတ်သူ ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင်ဆိုလျှင် သူသည် အချိန်ကိုက် မိုး ဟု ကျော်ကြားလှသော စုန့်ကျန်း နှင့် တူလှပေသည်။

ဒုတိယမြောက် အံ့ဖွယ်တစ်သောင်းဆေးပုလင်းကို ၅ တုံးဖြင့် ထပ်မံရောင်းချလိုက်ရသည့်အခါ အဘိုးချန်၏ အကြည့်များမှာ ပြောင်းလဲသွားတော့သည်။ သူသည် အနည်းဆုံး ဝိညာဉ်ကျောက် ၃ တုံးခန့် တန်ဖိုးရှိသော မိမိ၏ ချီဖုံးကွယ်မှော်စာရွက် နှင့် လော့ချန်၏ ဆေးပုလင်းလေးကို နှိုင်းယှဉ်ကြည့်နေမိသည်။

အဘိုးချန်က ခပ်တိုးတိုး ရေရွတ်နေမိသည်။

“ဒါ မဖြစ်နိုင်တာ….”

သူ ဆက်လက်၍ ပြောလိုက်သည်။

“ငါ့ရဲ့ မှော်စာရွက်က ကုန်ကြမ်းတင် ဝိညာဉ်ကျောက် ၂ တုံး ကုန်တာ၊ အံ့ဖွယ်တစ်သောင်းဆေးလုံးက ငါ့ပစ္စည်းထက် ပိုတန်လို့လား၊ ဒါမှမဟုတ် ကျင့်ကြံသူတွေက အရေးကြီးတဲ့အချိန်မှာ အသက်ဘေးက လွတ်ဖို့ထက် ဟိုကိစ္စကို ပိုအလေးထားကြတာလား”

လော့ချန်က ထိုရေရွတ်သံကို ကြားသော်လည်း ရှင်းပြရန် မကြိုးစားတော့ပေ။

မှော်အာဟာရဆေးလုံးများ ကုန်သွားသော်လည်း သူသည် ဆိုင်တွင် ဆက်လက် ထိုင်နေဆဲ ဖြစ်သည်။ ယနေ့တွင် အဘိုးချန်၏ ဖောက်သည်များကို အပြည့်အဝ အသုံးချရန် သူ ဆုံးဖြတ်ထားသည်။

အဘိုးချန်ထံတွင် မှော်စာရွက် လာဝယ်သည့် ကျင့်ကြံသူတိုင်းကို လော့ချန်က လှမ်းတားကာ ခပ်တိုးတိုး မေးတတ်သည်။

“မိတ်ဆွေ.... အံ့ဖွယ်တစ်သောင်းဆေးလုံးအကြောင်း စိတ်ဝင်စားပါသလား”

မှန်ပါသည်။ အားလုံးကမူ စိတ်မဝင်စားကြချေ။

တာအိုလမ်းစဉ်ကိုသာ အပြည့်အဝ အာရုံစိုက်ထားသူများမှာမူ တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆိုကြသည်။ ထိုသို့သောသူများမှာ ဤကဲ့သို့ အသေးအဖွဲကိစ္စများကို မည်သို့ အာရုံစိုက်ပါမည်နည်း။

ဂုဏ်သိက္ခာ အလွန်ကြီးသူများမှာမူ ဘာမျှမပြောဘဲ လှည့်ထွက်သွားကြသည်။

“ငါက ဒီလိုဆေးမျိုး လိုမယ် ထင်နေလား” ဟု တချို့က လှောင်ပြောင်တတ်ကြသေးသည်။

သို့သော်လည်း ကျင့်ကြံသူ အများစုမှာ စိတ်ဝင်စားမှုကို ပြသကြသည်။ အထူးသဖြင့် စီရင်စုသခင်ကြီး တိမ်လွှာကြိုးကြာက ဤဆေးကို သုံးပြီး အဆင့် (၄) သားရဲဘုရင်အား အနိုင်ယူခဲ့သည့် ဇာတ်လမ်းကို ကြားရသည့်အခါတွင်မူ ရှေ့ဆောင်ကျင့်ကြံသူကြီး၏ ခမ်းနားမှုကို အတုယူရန် သူတို့၏ အိတ်များကို ရက်ရက်ရောရောပင် ဖွင့်ပေးကြတော့သည်။

ညနေစောင်းသည့်အခါ လော့ချန်၏ အံ့ဖွယ်တစ်သောင်းဆေးလုံးများ အားလုံး ကုန်သွားလေသည်။

သူသည် အဘိုးချန်အား မာလာအမဲသားခြောက်ထုပ် ပေးလိုက်ပြီး၊ ဘေးတွင် ထိုင်ကာ ယနေ့ ဝင်ငွေကို တွက်ချက်လိုက်သည်။

ပထမဦးစွာ မှော်အာဟာရဆေးလုံး ပုလင်း ၂၀ မှ ဝိညာဉ်ကျောက် ၄ တုံး ရရှိသည်။

ဒုတိယအနေဖြင့် ကုန်ပစ္စည်းအသစ်ဖြစ်သော အံ့ဖွယ်တစ်သောင်းဆေးလုံး ၁၀ ပုလင်းမှ ဝိညာဉ်ကျောက် ၄၆ တုံး ရရှိသည်။ ၅၀ မဖြစ်ရသည်မှာ ဈေးကွက် စတင်ထိုးဖောက်နိုင်ရန် အချို့ကို ဈေးလျှော့ပေးလိုက်ရသောကြောင့် ဖြစ်သည်။

ထုတ်ကုန်အသစ်ဖြစ်သည့်အတွက် အထူးလျှော့စျေးမှာ လိုအပ်သည်မဟုတ်ပါလော။

စုစုပေါင်းဝင်ငွေကို တွက်ချက်ပြီးနောက် လော့ချန်မှာ သက်ပြင်းချရင်း စိတ်သက်သာရာ ရသွားတော့သည်။

သူ၏ စုဆောင်းငွေများမှာ ဝိညာဉ်ကျောက် ၅၀ အမှတ်အသားသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ ဤငွေဖြင့် သူသည် အံ့ဖွယ်တစ်သောင်းဆေးလုံးများကို ထပ်မံ ဖော်စပ်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဆေးဖော်သည့် ကျွမ်းကျင်မှုအဆင့် သိသိသာသာ တိုးတက်မလာမချင်း အရေအတွက် အများကြီး ဖော်စပ်ရန်မူ ခက်ခဲဦးမည် ဖြစ်သည်။

ဤဝင်ငွေဖြင့်မူ သူ့အတွက် လိုအပ်သော ကျင့်ကြံစရိတ်ကိုပင် မကာမိချေ။

ထို့ကြောင့် ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် နည်းလမ်းတစ်ခုသာ ရှိသည်။ ထုတ်လုပ်မှုကို ချဲ့ထွင်ရန်ပင်။ သို့သော် ထုတ်လုပ်မှု ချဲ့ထွင်ရန်မှာ အရင်းအနှီးများစွာ ထပ်မံ လိုအပ်မည် ဖြစ်သည်။

ဝိညာဉ်ကျောက်များ ထပ်မံရရှိရန် မည်သို့ လုပ်ရမည်နည်း။

“လော့လေး…. မင်းရဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးက အရင်းဘယ်လောက်ရှိလဲ သိလို့ရမလား”

“ဒါမျိုး မေးတာက ရိုင်းရာကျတယ်ဆိုတာ ခင်ဗျားလည်း သိသားပဲ"

လော့ချန်က ခေါင်းပင် မဖော်ဘဲ ပြန်ပြောလိုက်သည်။

အဘိုးချန်မှာ အားနာသလိုနှင့် ရယ်လိုက်သော်လည်း သူ မကျေမနပ်တော့ မဖြစ်ပါချေ။

အကြောင်းမှာ တခြားသူများ မသိသော်လည်း အဘိုးချန်မှာမူ လော့ချန်၏ ဝင်ငွေကို အနီးကပ် မျက်မြင်ကိုယ်တွေ့ပင် မဟုတ်ပါလော။

ဝိညာဉ်ကျောက် ၅၀ တိတိ။

၎င်းမှာ မှော်အာဟာရဆေးလုံး ပုလင်း ၂၅၀ ရောင်းရသည်နှင့် ညီမျှနေသည်။

စီးပွားရေးလျှို့ဝှက်ချက်ကို မေးခြင်းမှာ မယဉ်ကျေးရာ ရောက်သဖြင့် လော့ချန် ဘာမျှမပြောသောအခါ သူ ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ ဆက်မမေးသော်လည်း လော့ချန် သူ့အနားသို့ တိုးကပ်လာသည်။

“ဦးလေးချန်....”

“အင်း....”

လော့ချန် သူ့အား ဦးလေးချန်ဟု ပြန်ခေါ်လာခြင်းကို အဘိုးချန်မှာ မယုံနိုင်အောင် ဖြစ်သွားသည်။

“ကျွန်တော်က ဦးလေးချန် မျက်စိရှေ့မှာတင် ကြီးပြင်းလာတာပါ၊ မဟုတ်ပါဘူး….ဦးလေးချန်က ကျွန်တော် ကြီးပြင်းလာတာ ကြည့်ခဲ့တာပါ၊ ကျွန်တော့်မှာ ဝိညာဉ်ကျောက် ဘယ်လောက်ရှိတယ်ဆိုတာ ဦးလေးချန် အသိဆုံးပဲ၊ ဆေးရဲ့ အရင်းအနှီးကိုလည်း ဦးလေးချန် ခန့်မှန်းမိမှာပါ” ဟု လော့ချန်က ရိုးသားသော လေသံဖြင့် ပြောလိုက်သည်။

“တိကျတဲ့ အရင်းကိုတော့ မပြောနိုင်ပေမဲ့ ဦးလေးချန် သိမှာပါ၊ အဲဒါကို လျှောက်မပြောပါနဲ့၊ ဒါပေမဲ့ ဈေးကြီးကြီးနဲ့ ရောင်းနိုင်ဖို့က အတတ်ပညာ လိုတယ်ဗျ"

အဘိုးချန်သည် လော့ချန် ယနေ့ လုပ်ဆောင်သွားသည်များကို ပြန်လည်စဉ်းစားရင်း အလေးအနက် တွေးတောနေမိသည်။

သို့သော်လည်း သူ မည်မျှပင် စဉ်းစားစေကာမူ အချို့အချက်များကို နားမလည်နိုင်သေးပါချေ။

ဤသည်မှာ ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာသူနှင့် ဤကမ္ဘာမှ ကျင့်ကြံသူဟောင်းတို့အကြား အရောင်းအဝယ် အယူအဆ ကွာခြားချက်ပင် ဖြစ်သည်။

သူကိုယ်တိုင် မျက်မြင်တွေ့နေရသော်လည်း ထိုသို့လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းကိုမူ သူ နားမလည်နိုင်သေးချေ။

“ဦးလေးချန်ကို ကျွန်တော် နည်းလမ်းတွေ ပြောပြနိုင်ပါတယ်၊ ဒါပေမဲ့ ဦးလေး ကျွန်တော့်ကို အကူအညီတစ်ခု ပေးမလား”

“ဘာအကူအညီလဲ”

အဘိုးချန်က သံသယဖြင့် ကြည့်ကာ ဘယ်ဘက်မျက်ခုံးမှာ တွန့်ကနဲ ဖြစ်သွားသည်။

“ကူညီဖို့က ကူညီပါ့မယ်၊ ဒါပေမဲ့ ဝိညာဉ်ကျောက်တော့ ချေးမှာ မဟုတ်ဘူးနော်"

လော့ချန်က အဘိုးကြီး၏ အင်္ကျီလက်ကို ဆွဲခါရင်း ကြည်ညိုလေးစားသော အမူအရာဖြင့် ပြောလိုက်သည်။

“ဦးလေးချန်၊ ဒီအေးစက်လှတဲ့ ကျင့်ကြံခြင်းလောကမှာ ဦးလေးချန်က ကျွန်တော့်ရဲ့ တစ်ဦးတည်းသော လူကြီးမိဘပါ"

“လော့လေး.... မင်းဘာ အရူးထပြန်ပြန်လဲ"

“ဦးလေးချန်၊ ဝိညာဉ်ကျောက် ၅၀ ပဲ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်လေးတွေပါ ဦးလေးချန်ရာ၊ ကျွန်တော့်ကို တစ်ခါလောက်ပဲ ချေးပေးပါ၊ အလွန်ဆုံး ၁၅ ရက်အတွင်း ပြန်ဆပ်ပါ့မယ်"

“တောက်.... မင်းက တကယ် တောင်းရဲတာပဲ"

“ဒီနေ့ ကျွန်တော် ဘယ်လောက်ရလဲ ဦးလေးချန် မြင်သားပဲ၊ ကျွန်တော် ပြန်ဆပ်နိုင်တာ ယုံလိုက်ပါ"

လော့ချန်သည် အဘိုးချန်၏ ကြမ်းတမ်းသော လက်ကြီးကို ဆွဲကိုင်ကာ တောင်းပန်လိုက်သည်။

“ဦးလေးချန် ကျွန်တော့်ကို ယုံပါ၊ ပြီးတော့ ဦးလေးရဲ့ မှော်စာရွက်တွေကို အခုထက် ဈေးကြီးကြီးနဲ့ ဘယ်လိုရောင်းရမလဲ ဆိုတာကိုရော ဦးလေး မသိချင်ဘူးလား”

အဘိုးချန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

လော့ချန်က ဆက်လက်၍ ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ဦးလေးချန် ခက်ခက်ခဲခဲ လုပ်ထားတဲ့ မှော်စာရွက်တွေကို ဝိညာဉ်ကျောက် အနည်းငယ်နဲ့ ရောင်းနေရတာ မြင်ရင် ကျွန်တော့် နှလုံးသားထဲမှာ ဓားနဲ့ အမွှန်းခံရသလိုပဲ ဦးလေးချန်ရာ"

“ဦးလေးချန်ရဲ့ အတတ်ပညာကို အထင်သေးတဲ့သူဟာ ကျွန်တော့်ကို အထင်သေးတာနဲ့ အတူတူပဲ”

“ဦးလေးချန် ကျွန်တော့်ကို ယုံပါ၊ ဝိညာဉ်ကျောက် ချေးပေးလိုက်ပါ၊ ဦးလေးရဲ့ အရောင်းအဝယ်တွေ အောင်မြင်ပြီး ကြီးပွားလာအောင် ကျွန်တော် ကူညီပါ့မယ်"

အဘိုးချန်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း လော့ချန်ကို ကြည့်ကာ မေးလိုက်သည်။ “တကယ်လား”

“ဝိညာဉ်ကျောက် ၅၀ ဆိုတာ ဦးလေးအတွက် ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော် မလိမ်ပါဘူး"

“ကဲ…. ရော့.…ငါက ချီသန့်စင်အဆင့် (၆) ရှိတဲ့သူနော်၊ မင်း ငါ့ကို လိမ်လို့ မရဘူး"

လော့ချန်သည် ဝိညာဉ်ကျောက်များကို ချက်ချင်းပင် အိတ်ထဲ ထည့်လိုက်ပြီး၊ အိတ်ကြိုးကို ကျစ်ကျစ်ပါအောင် ချည်ကာ ရင်ဘတ်အိတ်ကပ်ထဲသို့ အတင်း ထိုးထည့်လိုက်သည်။

ဒါ ငါ့ပိုက်ဆံတွေလေ….။

အဘိုးချန်မှာမူ နှမြောလွန်းသဖြင့် မျက်နှာကို လွှဲထားလိုက်တော့သည်။

ထို့နောက် သူ လော့ချန်ကို ပြောလိုက်သည်။

“ကဲ…. ပြောတော့၊ ဘာနည်းလမ်းလဲ”

“ဦးလေးချန်…. ကုန်အမှတ်တံဆိပ် တန်ဖိုး ဆိုတာကို ဦးလေး သိလား”

All Chapters