တာဟဲစျေးမြို့တော်၏ ထူးခြားသော ရှင်သန်မှုအနုပညာ
Vol. 2 Ch. 12
အပြာရောင်ကျောက်သားစင်မြင့်ထက်တွင် အမဲသားခြောက်တစ်ဖဲ့ကို ကိုင်ထားသော အဘိုးအိုတစ်ဦးမှာ မပြေပျောက်နိုင်သော သိလိုစိတ်များဖြင့် ရှေ့မှလူငယ်ကို စိုက်ကြည့်နေမိသည်။
အရပ်အမောင်းကောင်းမွန်၍ ခန့်ညားထည်ဝါလှသော ထိုလူငယ်မှာမူ လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် အမဲသားခြောက်ကို ကိုင်လျက် ယုံကြည်ချက်အပြည့်ဖြင့် ဟောပြောနေလေသည်။
"ဦးလေးချန် နားမလည်သေးဘူးလား၊ ကျွန်တော် သင်ပေးမယ်လေ၊ ကုန်အမှတ်တံဆိပ်တန်ဖိုး ဆိုတာက ပစ္စည်းတစ်ခုရဲ့ မူလတန်ဖိုးထက် ပိုပြီးတော့ သတ်မှတ်ပေးလိုက်တဲ့ အပိုဆောင်းတန်ဖိုးကို ခေါ်တာဗျ"
အဘိုးချန်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာပေးကို မြင်သောအခါ လော့ချန် သက်ပြင်းတစ်ချက်ချလိုက်ပြီး "အခုထိ သဘောမပေါက်သေးဘူးပေါ့" ဟု မေးလိုက်သည်။
သူသည် လက်ထဲမှ အမဲသားခြောက်ဖြင့် လေထဲတွင် ဝှေ့ယမ်းပြလျက် တစ်ကိုယ်တော်ကျင့်ကြံသူများ ဈေးတန်းဘက်သို့ ညွှန်ပြကာ ဆက်ပြောသည်။
"ဒီဈေးထဲမှာ အဆင့်နိမ့် မှော်စာရွက်တွေကို အမြဲတမ်း ရောင်းချနေတဲ့ ဆိုင် အနည်းဆုံး သုံးဆိုင်ရှိတယ် မဟုတ်လား"
အဘိုးချန်က စကားဝိုင်းထဲသို့ ဝင်ချင်ဇောဖြင့် ချက်ချင်းကြားဖြတ်ပြောလိုက်သည်။
"အင်း.... ဟုတ်တာပေါ့၊ လုဟန်၊ မော်ဝူယင်းနဲ့ ငါ၊ တို့သုံးယောက်က မှော်စာရွက်တွေကို နှစ်ရှည်လများ ရောင်းလာကြတာ"
"ဒါဆို သူတို့ရဲ့ အရောင်းအဝယ် အခြေအနေက ဘယ်လိုလဲ၊ ဦးလေးချန်ရဲ့ အခြေအနေကကော ဘယ်လိုလဲ"
အဘိုးချန်က နှာခေါင်းရှုံ့ကာ အထင်သေးဟန်ဖြင့် ဖြေသည်။
"လုဟန်ဆိုတာက လက်ရည်မဝသေးတဲ့ ကောင်လေးပါ၊ သူ သုံးနေတဲ့ မှော်စက္ကူတွေတောင် ငါ့ဆီက ဝယ်နေရတာ၊ ထည့်ပြောစရာတောင် မလိုပါဘူး"
"ဒါဆို ဆရာကြီးမော်ကကော"
"သူကတော့ နောက်မှ ရောက်လာတဲ့သူပေါ့၊ လက်ရည်ကတော့ ငါနဲ့ မတိမ်းမယိမ်းပါပဲ၊ ဒါပေမဲ့ သူက အသက် ကိုးဆယ့်သုံးနှစ် ရှိပြီလေ၊ အရိုးခြောက်ကြီး ဖြစ်နေပါပြီ"
"ဒါဆို ဦးလေးချန်၊ ဦးလေးကျတော့ကော"
အဘိုးချန်က သူ၏ မုတ်ဆိတ်ဖြူကို ခပ်ယောင်ယောင်သပ်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"ငါက အသက်နှစ်ဆယ်ကတည်းက နတ်ဘုရားမှော်စာရွက်နန်းဆောင်မှာ အောက်ခြေသိမ်း အလုပ်လုပ်ခဲ့တာ၊ ငါးနှစ်အတွင်းမှာ မှော်စက္ကူလုပ်နည်းကို အပိုင်တတ်ခဲ့ပြီး နောက်ထပ် ဆယ့်ငါးနှစ်လုံးလုံး မှော်စာရွက်အတတ်ပညာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့တယ်၊ ဒီဆိုင်လေးကို ဖွင့်လာတာလည်း ၂၅ နှစ် ရှိပြီ၊ ငါ့ရဲ့ ဂုဏ်သတင်းကလည်း ခိုင်မာပြီးသား၊ ငါက အားကောင်းမောင်းသန် ရှိသေးသလို လက်ရည်ကလည်း အထွတ်အထိပ်ပဲ၊ ဘယ်တစ်ကိုယ်တော်ကျင့်ကြံသူမဆို မှော်စာရွက်ဝယ်မယ်ဆိုရင် ငါ့ဆီ အရင်လာရတာပဲ"
လော့ချန်က ကျေနပ်သည့် အပြုံးဖြင့် လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
"ဦးလေးချန်၊ အဲဒီလို စိတ်ဓာတ်မျိုးမှပေါ့၊ ဦးလေးရဲ့ မှော်စာရွက်တွေမှာ အခြေခံ ကုန်အမှတ်တံဆိပ်တန်ဖိုး ရှိပြီးသား၊ အဲဒါက နတ်ဘုရားမှော်စာရွက်နန်းဆောင်မှာ လုပ်ခဲ့တဲ့ အတွေ့အကြုံ၊ ၂၅ နှစ်လုံးလုံး တည်ဆောက်ခဲ့တဲ့ ဂုဏ်သတင်းနဲ့ ပစ္စည်းရဲ့ ခိုင်မာတဲ့ အရည်အသွေးတွေကနေ လာတာ"
ဤစကားကို ကြားရသောအခါ အဘိုးချန် အလွန်ကျေနပ်သွားသော်လည်း ခဏအကြာတွင် တစ်ခုခု လွဲနေသလို ခံစားရပြန်သည်။
"ဒါပေမဲ့ ဒီလောက်နှစ်တွေ ကြာခဲ့တာတောင် ငါ့ရဲ့ မှော်စာရွက်တွေကို ဈေးကြီးကြီးနဲ့ ရောင်းလို့ မရသေးဘူး မဟုတ်လား"
"ဈေးကြီးကြီး မရဘူးဆိုပေမဲ့ တခြားသူတွေထက်တော့ ဈေးနည်းနည်း ပိုရတယ် မဟုတ်လား"
"အဲဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ နတ်ဘုရားမှော်စာရွက်နန်းဆောင် ကိုတော့ မမီဘူး၊ အများကြီး ဝယ်မယ့်သူတွေက အဲဒီကိုပဲ သွားကြတာ"
လော့ချန်က မျက်လုံးလေး ကလန်ကလား လုပ်ကာ ပြောလိုက်သည်။
"နတ်ဘုရားမှော်စာရွက်နန်းဆောင်ဆိုတာ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ အရှေ့ဖျားနယ်မြေခြောက်ခုရဲ့ ကျောထောက်နောက်ခံ ရှိတာလေ၊ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကို ဝိညာဉ်သန္ဓေတည်အဆင့် စီရင်စုသခင်တွေနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးတွေက ထောက်ပံ့ပေးထားတာ၊ ဦးလေးက သူတို့နဲ့ ဘယ်လို သွားယှဉ်မလဲ"
"ဟုတ်သားပဲ"
အဘိုးချန်က မိမိကိုယ်ကိုယ် ပြန်သိသွားကာ ဝန်ခံလိုက်သည်။
"ဒါကြောင့် ဦးလေးချန်ရဲ့ ဆိုင်က ဒီ ကုန်အမှတ်တံဆိပ်တန်ဖိုး နဲ့တင် ရပ်နေတာ၊ ဒီလို အခြေအနေမှာ နည်းလမ်းသစ် ရှာရမယ်"
"ဘယ်လိုနည်းလမ်းလဲ"
"ပစ္စည်းတွေကို ကိုယ်ပိုင် ကုန်အမှတ်တံဆိပ်တန်ဖိုး ပေးရမယ်၊ အသေးစိတ် အချက်အလက်တွေ ပိုထည့်ရမယ်"
"ဒါမှမဟုတ် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရမယ်"
အဘိုးချန် မှင်သက်သွားသည်။
"အံ့ဖွယ်တစ်သောင်းဆေးလုံး၊ တိမ်လွှာကြားက ကြိုးကြာဖြူ၊ ပိုးပန်းပင်ဂိုဏ်းက စီရင်စုသခင် တိမ်လွှာကြိုးကြာ တွေလား…."
"ဟော.... ဦးလေးချန် သိလာပြီပဲ"
ဤစကားကို ကြားသောအခါ အဘိုးချန် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွားပြီး စိတ်ထဲမှ အော်ဟစ်နေမိသည်။
ယားလိုက်တာ….ငါ့လက်သီးတွေ ယားနေပြီ.…။
ခဏအကြာတွင် အဘိုးချန်သည် တရားရသလို ဖြစ်သွားပြီး ဉာဏ်အလင်းပွင့်သွားဟန် ပေါ်လာသည်။
"ဆိုလိုတာက ငါ့ရဲ့ မှော်စာရွက်တွေကိုလည်း မင်းလုပ်သလို ဇာတ်လမ်းဆင်ရမယ်ပေါ့"
"မှန်တာပေါ့"
"ဒီလောက်ပဲလား"
"ဒီလောက်ပါပဲ"
"ဒါဆို အစောကြီးကတည်းက ဘာလို့ ဒီလောက် အရှည်ကြီး ရှင်းပြနေတာလဲ"
"အဲ…. ကျွန်တော် အများကြီး မပြောရင် ဦးလေးချန်ဆီက ချေးထားတဲ့ ဝိညာဉ်ကျောက် ၅၀ နဲ့ မတန်မှာ စိုးလို့ပါ"
ငါနော်….အသက်ကို ဝဝရှူစမ်း....။
အဘိုးချန် စိတ်ထဲမှ တွေးနေသည်။
ဟူး….
သူသည် အသက်ကို ပြင်းပြင်းရှူကာ ဒေါသမထွက်ရန် ထိန်းချုပ်လိုက်သည်။ အသက် ၆၅ နှစ် ရှိပြီဖြစ်၍ ကျန်းမာရေးကို ဂရုစိုက်ရမည်။ ထို့နောက် သူ မေးလိုက်သည်။
"ဒါဆို ဒီဇာတ်လမ်းကို ဘယ်လို ပြောရမလဲ"
လော့ချန် ဆိုင်ကို ကြည့်လိုက်သည်။ အဘိုးချန် ရောင်းနေကျ မှော်စာရွက် အမျိုးအစားများကို သူ ရင်းနှီးပြီးသားဖြစ်သည်။ စုစုပေါင်း ခြောက်မျိုးရှိရာ အနိမ့်ဆုံးအဆင့်မှာ သန့်စင်ခြင်းနှင့် လေခွင်းမှော်စာရွက်များဖြစ်ပြီး၊ အလယ်အလတ်အဆင့်မှာ မီးလုံးနှင့် မြေဆူးမှော်စာရွက်များ၊ အမြင့်ဆုံးအဆင့်မှာ မြေတံတိုင်းနှင့် ချီဖုံးကွယ်မှော်စာရွက်များ ဖြစ်ကြသည်။
မီးလုံးနှင့် မြေဆူးမှော်စာရွက်များမှာ အရောင်းရဆုံးဖြစ်သော်လည်း ဈေးနှုန်းမှာ နည်းလှသည်၊ တစ်ရွက်လျှင် ဝိညာဉ်ကျောက် တစ်တုံးခွဲမျှသာ။
ဈေးအကြီးဆုံးမှာ မြေတံတိုင်းမှော်စာရွက်နှင့် ချီဖုံးကွယ်မှော်စာရွက်များ ဖြစ်သည်။ မြေတံတိုင်းမှာ တစ်ရွက်လျှင် နှစ်တုံးဖြစ်ပြီး ချီဖုံးကွယ်မှော်စာရွက်မှာ သုံးတုံးမှ စတင်ကာ ဝယ်လိုအားများလျှင် ငါးတုံး၊ ခြောက်တုံး သို့မဟုတ် ထိုထက်မက ရောင်းရတတ်သည်။
အဆင့်နိမ့်ကျင့်ကြံသူများအကြား မှော်စာရွက်ဈေးကွက်မှာ အလွန်ကြီးမားသည်။ ၎င်းတို့သည် ဂါထာမှော်များလောက် မပြင်းထန်သော်လည်း ထုတ်ဖော်ရသည်မှာ လျင်မြန်ပြီး ချီစွမ်းအင် သုံးစွဲမှု အလွန်နည်းပါးသည်။ အထူးသဖြင့် ခုခံကာကွယ်ရေးနှင့် အသက်ဘေးမှ လွတ်မြောက်ရေးတို့အတွက် အလွန်လူကြိုက်များသည်။
ချီဖုံးကွယ်မှော်စာရွက်ကို ညွှန်ပြရင်း လော့ချန် စိတ်ကူးတစ်ခု ရသွားသည်။
နယ်မြေခြောက်ခု၏ မြင်ကွင်းများ စာအုပ်ထဲမှ အချက်အလက်များကို အခြေခံ၍ ဇာတ်လမ်းအကျဉ်းကို ဖန်တီးပေးလိုက်သည်။ သို့သော် အသေးစိတ်ကိုမူ အတွေ့အကြုံရင့်သော အဘိုးချန်ကပင် ဖြည့်စွက်ရမည်ဖြစ်သည်။
လော့ချန်မှာ ဖောက်သည်သစ်များကို ထိုဇာတ်လမ်းပြောပြရန်နှင့် ဖောက်သည်ဟောင်းများကိုမူ နဂိုနည်းအတိုင်းသာ ဆက်ဆံရန် အကြံပေးလိုက်သည်။
သို့သော် တစ်ခု အရေးကြီးသည်မှာ ချီဖုံးကွယ်မှော်စာရွက်၏ ပုံစံကို ပြောင်းရမည်။
မူလအတိုင်း မီးခိုးရောင် မှိုင်းမှိုင်းကြီး မဖြစ်သင့်တော့ချေ။ မှော်စွမ်းရည်ကို မထိခိုက်စေဘဲ ဘေးဘောင်လေးများတွင် ရွှေရောင်မျဉ်းလေး နှစ်ကြောင်းလောက် ထည့်လိုက်ရုံဖြင့် ပို၍ ဆွဲဆောင်မှုရှိသွားလိမ့်မည်။ ထိုသို့ဆိုလျှင် ဇာတ်လမ်းမပြောပြသည့် ဖောက်သည်ဟောင်းများကိုပင် ဈေးတိုးတောင်းနိုင်လိမ့်မည် မဟုတ်ပါလော။
အကြံပေးပြီးနောက်တွင်မူ လော့ချန် အချိန်မဆွဲတော့ချေ။
ကံကောင်းခြင်းများကို သယ်ဆောင်လာသော လေပြင်းတစ်ခုအလား သူသည် တစ်ကိုယ်တော်ကျင့်ကြံသူများ ဈေးတန်းထဲသို့ ပြေးဝင်ကာ ပစ္စည်းများကို အလုအယက် ဝယ်ယူတော့သည်။
….
ကောင်းကင်ထက်မှ လရောင်သည် ငွေရောင်ပုဆိုးတန်းကြီးကို ဖြန့်ခင်းထားသကဲ့သို့ မြေပြင်တစ်ခုလုံးကို ဝင်းပစွာ လင်းထိန်စေလျက် ရှိသည်။
ထိုလရောင်အောက်တွင် လူငယ်တစ်ဦးသည် မြွေအရေခွံအိတ်ကြီးကြီး နှစ်အိတ်ကို ပုခုံးပေါ်တင်ကာ သုတ်ခြေတင် ပြေးလွှားနေသည်။
မြွေအရေခွံအစစ်ဖြင့် အသေအချာ ချုပ်လုပ်ထားသော ထိုအိတ်ကြီးများသည် လရောင်အောက်တွင် ပြောင်လက်နေပြီး ခိုင်ခံ့လွန်းလှသဖြင့် အထဲရှိ ပစ္စည်းအစုံအလင်ကို ကောင်းစွာ ထိန်းထားနိုင်လေသည်။
ယနေ့တွင် အံ့ဖွယ်တစ်သောင်းဆေးလုံးများ ရောင်းချခြင်းနှင့် အဘိုးချန်ကို ဈေးရောင်းနည်း သင်ပေးခြင်းတို့ကြောင့် အချိန်များစွာ ကုန်သွားခဲ့ရာ ဈေးဝယ်ပြီးချိန်တွင် ဤမျှပင် နောက်ကျသွားခြင်းဖြစ်သည်။
လော့ချန်သည် ခြောက်သွေ့နေသော မြေဝါလမ်းပေါ်တွင် လျှောက်လှမ်းရင်း အသက်ကို ပြင်းပြင်းရှူနေရသည်။
သူ၏ ခြေလှမ်းများမှာ မြန်ဆန်သော်လည်း လမ်းဘေးရှိ သစ်သားအိမ်များကြား အရိပ်များကို အမြဲမပြတ် ဂရုတစိုက် စောင့်ကြည့်နေလေသည်။
တာဟဲစျေးမြို့တော်တွင် အတွင်းမြို့ထဲ၌သာ တိုက်ခိုက်မှုများကို တားမြစ်ထားခြင်းဖြစ်သည်။ အပြင်ဘက်ရပ်ကွက်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများကိုမူ မည်သူကမျှ ဂရုမစိုက်ကြချေ။
လစဉ်ကောက်ခံသော ဝိညာဉ်ကျောက်များကို အတွင်းမြို့မှ အင်အားကြီးသူများအား ပေးဆောင်ရန် အဓိကထားပြီး၊ ၎င်းတို့က ဝိညာဉ်သားရဲများ လာရောက်တိုက်ခိုက်မှသာ ဖြေရှင်းပေးကြခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် အပြင်ဘက်ရပ်ကွက်တွင် အားကြီးသူများက လမ်းပေါ်၌ လုယက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ရတနာများကို လုယူခြင်းတို့မှာ နေ့စဉ်ဖြစ်ပျက်နေသည်။
နေ့ဘက်တွင်မူ အခြေအနေမှာ မဆိုးလှသော်လည်း ညဘက်တွင်မူ ထိုသို့သော အဖြစ်အပျက်များက အဆမတန် များပြားလာတတ်သည်။
တာဟဲစျေးမြို့တော်တွင် ကိုယ်ပိုင်ရှင်သန်မှု နည်းလမ်းများ ရှိသည်ဟုပင် ဆိုရမည်။
လော့ချန်၏ ကိုယ်ပေါ်တွင် ဝိညာဉ်ကျောက် တစ်တုံးမျှ မပါတော့ဘဲ သူ၏ ပိုင်ဆိုင်မှုအားလုံးမှာ ထိုမြွေအရေခွံအိတ်ကြီး နှစ်အိတ်ထဲတွင် ရှိနေသည်။ အမှန်အတိုင်းဆိုလျှင် ဝိညာဉ်ကျောက် ၁၀၀ ခန့်သာ တန်ဖိုးရှိပြီး ထိုပစ္စည်းအသေးအဖွဲများကို ပြန်လည်ရောင်းချရန်မှာလည်း လက်ဝင်လှသည်။
သို့သော် သူ မည်သို့မြင်သည်က အရေးမကြီးချေ၊ အခြားသူများ မည်သို့တန်ဖိုးထားသည်ကသာ အရေးကြီးသည်။
မြေလမ်းပေါ်တွင် သတိဖြင့် လျှောက်လှမ်းရင်း "တောက်.... ငါ ဝိညာဉ်ကျောက်တွေ အများကြီး ရလာရင် အတွင်းမြို့ကို သေချာပေါက် ပြောင်းနေမယ်" ဟု လော့ချန် ရေရွတ်လိုက်သည်။
လရောင်မှာ လင်းလွန်းနေ၍လော၊ သို့မဟုတ် သူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ကျောပေါ်ရှိ အိတ်ကြီးနှစ်လုံးက အရုပ်ဆိုးလွန်းနေ၍လား မသိချေ။ မည်သို့ပင်ဖြစ်စေ လော့ချန်သည် အိမ်သို့ ဘေးကင်းကင်းဖြင့် ပြန်ရောက်လာခဲ့သည်။
တစ်ခါတစ်ရံတွင် လူတစ်ယောက်သည် အောက်ခြေအကျဆုံးအဆင့်တွင် ရှိနေခြင်းကပင် ဓားပြများ၏ ပစ်မှတ်မဖြစ်စေရန် ကာကွယ်ပေးတတ်သည် မဟုတ်ပါလော။
လော့ချန် စိတ်မပျက်ချေ။ အသက်ဝဝရှူပြီး အမောဖြေပြီးနောက် သူဝယ်လာသော ပစ္စည်းများကို အိတ်ထဲမှထုတ်ကာ စင်ပေါ်တွင် သေသေချာချာ စီလိုက်သည်။
သူသည် ဝိညာဉ်ကျောက် ၉၅ တုံးဖိုး အံ့ဖွယ်တစ်သောင်းဆေးလုံး အတွက် ကုန်ကြမ်းများ ဝယ်ယူခဲ့ရာ ၁၉ ပုလင်းစာ ရရှိမည်ဖြစ်သည်။ ယခု သူ့လက်ထဲတွင် ဝိညာဉ်ကျောက် ၅ တုံးသာ ကျန်တော့သည်။
ထို့ပြင် ဝိညာဉ်ကျောက် ၃ တုံးဖိုး မှော်အာဟာရဆေးလုံး ကုန်ကြမ်းများ ဝယ်ယူခဲ့ရာ သူ၏ အောင်မြင်နှုန်းအရ အနည်းဆုံး ပုလင်း ၃၀ ခန့် ရရှိမည်ဖြစ်သည်။
ထိုအရာများအား ရောင်းချလျှင် ဝိညာဉ်ကျောက် ၆ တုံး ရရှိမည်ဖြစ်ရာ အမြတ်မှာ ၃ တုံးဖြစ်သည်။
ကျန်သည့် ဝိညာဉ်ကျောက်များထဲမှ တစ်တုံးဖြင့် ဝိညာဉ်ဆန် ၁ အိတ် ဝယ်ယူခဲ့ပြီး နောက်ဆုံး တစ်တုံးဖြင့် သူနေထိုင်သော အပြင်ဘက်ရက်ကွက်မှ အိမ်အတွက် အိမ်လခ နှစ်လစာ ကြိုပေးလိုက်သည်။ သူ၏ အိမ်လခမှာ တစ်လလျှင် ဝိညာဉ်ကျောက် တစ်ဝက် သာ ကျသင့်သဖြင့် နှစ်လစာမှာ ဝိညာဉ်ကျောက် တစ်တုံးတိတိ ကျလေသည်။
လော့ချန်သည် ဝိညာဉ်ဆန်များကို ဆန်အိုးထဲသို့ လောင်းထည့်လိုက်ပြီး၊ ဧည့်ခန်းရှိ သစ်သားတန်းလျားပေါ်တွင် ပစ်လှဲချလိုက်သည်။
တစ်အိမ်လုံးတွင် သင်းပျံ့နေသော ဆေးဖက်ဝင်အပင်များ၏ အနံ့ကို ရှူရှိုက်ရင်း သူ ပြုံးလိုက်မိသည်။
ပင်ပန်းလှသော်လည်း သူ၏ စိတ်မှာမူ အလွန်ကြည်လင်နေသည်။
မနက်ဖြန်ကျလျှင်မူ ထုတ်လုပ်မှုကို အကြီးအကျယ် စတင်နိုင်တော့မည် မဟုတ်ပါလော။