← Chapters

ပြီးပြည့်စုံအဆင့် မီးလုံးမှော်အတတ်

Vol. 2 Ch. 13

ပြီးပြည့်စုံအဆင့် မီးလုံးမှော်အတတ်

Vol. 2 Ch. 13

ဖြူလွလွ နှင်းစက်ကလေးများမှာ နှင်းခဲများအဖြစ် ပြောင်းလဲနေပြီး မြူနှင်းများကလည်း ထူထပ်လှသည်။

ပြင်ပလောကတွင် ပိန်းပိတ်အောင် မည်းမှောင်နေဆဲ ဖြစ်သော်လည်း စမ်းချောင်းဘေးရှိ အိမ်လေးအတွင်း၌မူ လော့ချန်တစ်ယောက် သူ၏ အလုပ်များကို စတင်နေပြီ ဖြစ်သည်။

ယခင်ဘဝကတည်းက သူသည် ရည်မှန်းချက်တစ်ခု ရှိလာလျှင် မဆုတ်မနစ် ရှေ့ဆက်တတ်သည့် စရိုက်ရှိသူ ဖြစ်သည်။

တစ်ပတ်လျှင် ၆ ရက်၊ မနက် ၉ နာရီမှ ည ၉ နာရီအထိ အလုပ်လုပ်ရသည်မှာ ပင်ပန်းလှသော်လည်း၊ အလုပ်ဆင်းချိန် အွန်လိုင်း အစည်းအဝေးများ တက်ရသည့်တိုင် သူ တစ်ကြိမ်တစ်ခါမျှ နောက်ကျခဲ့ဖူးခြင်း မရှိချေ။

ထိုစဉ်က ပင်ပန်းနွမ်းနယ်စွာ နိုးထရသည့် နံနက်ခင်းများနှင့် ယှဉ်လျှင် ယခုမူ နံနက်နှင့် ညတိုင်း နွေဦးကျင့်စဉ် ကို ကျင့်ကြံနိုင်ခြင်းက သူ့အား အလွန်ပင် သက်သောင့်သက်သာ ဖြစ်စေပြီး အိပ်ရာထရသည်မှာလည်း များစွာ လွယ်ကူလာခဲ့သည်။

ပြဿနာတစ်ခုမှာ ကျင့်စဉ်ကျင့်ကြံခြင်းကို တစ်နေ့လျှင် သုံးကြိမ်ထက် ပို၍ မလုပ်နိုင်ခြင်း ဖြစ်သည်။ ထိုထက်ပိုလျှင် ဦးခေါင်းအတွင်း၌ မခံမရပ်နိုင်အောင် နာကျင်လာတတ်ပြီး ဆေးဖက်ဝင်အပင်များကို ပြုပြင်စီမံသည့် အခြေခံအလုပ်ကိုပင် မလုပ်နိုင်တော့ချေ။

ယနေ့တွင် လုပ်စရာများစွာ ရှိနေသော်လည်း တကယ်တမ်းတွင်မူ အလုပ်မှာ မများလှဘဲ မှော်အာဟာရဆေးလုံး နှင့် အံ့ဖွယ်တစ်သောင်းဆေးလုံး များအတွက် ကုန်ကြမ်းများကို ကြိုတင်စီမံရန်သာ ဖြစ်သည်။

မှော်အာဟာရဆေးလုံး ဖော်စပ်မှုတွင် သူသည် ပါရမီရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ဆေးလုံးဖော်စပ်သည့် ဖြစ်စဉ်သာမက ဆေးပင်များကို အကြိုပြုပြင်ရာတွင်လည်း များစွာ လွယ်ကူမြန်ဆန်လှသည်။ အံ့ဖွယ်တစ်သောင်းဆေးလုံးအတွက် ကုန်ကြမ်းများကို စီမံရာတွင်လည်း ယခင်ကထက် ပို၍ လျင်မြန်လာခဲ့သည်။

လော့ချန်သည် အားလပ်သည့် အချိန်များတွင် သူ၏ အခြေအနေပြကြေးမုံပြင်ကို လေ့လာလေ့ရှိသည်။

ထူးထူးခြားခြား မရှိလှသော ထိုကြေးမုံပြင်တွင် ပါဝင်သည့် လုပ်ဆောင်ချက် နှစ်ခုမှာ ကျွမ်းကျင်မှုအဆင့် တိုးမြှင့်ခြင်းနှင့် အောင်မြင်မှုအမှတ် များကို အသုံးပြု၍ တူညီသောအဆင့်ရှိ အခြေခံကျင့်စဉ်များကို ဝင်ရောက်လေ့လာနိုင်ခြင်းတို့ ဖြစ်သည်။

အောင်မြင်မှုအမှတ်များကို သူ သိပ်အာရုံမထားသော်လည်း ကျွမ်းကျင်မှုအဆင့်၏ လုပ်ဆောင်ပုံကိုမူ သူ ပို၍ ရင်းနှီးလာခဲ့သည်။

၎င်းသည် အောင်မြင်မှုအပေါ်၌သာ မူတည်ခြင်း မဟုတ်ပေ။ လုံလောက်သော ကျရှုံးမှုများကလည်း ကျွမ်းကျင်မှုအဆင့်ကို တိုးတက်စေနိုင်သည်။ ထို့ပြင် ကျွမ်းကျင်မှုအဆင့်တစ်ခုကို ကျော်ဖြတ်နိုင်တိုင်း သူ၏ စိတ်အတွင်း၌ အထူးထူးသော ထိုးထွင်းသိမြင်မှုများ ရရှိလာတတ်သည်။

လေ့ကျင့်ဖန်များလျှင် ကျွမ်းကျင်လာသည် ဟူသော သာမန်စကားလုံးဖြင့် ထို ထိုးထွင်းသိမြင်မှုကို ရှင်းပြရန် မလုံလောက်ကြောင်း သူ သေချာပေါက် သိထားသည်။ ၎င်းမှာ ကျွမ်းကျင်မှုအဆင့်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် ထိုအဆင့်နှင့် ကိုက်ညီသော ဗဟုသုတနှင့် အသိအမြင်များကို စနစ်က သူ့ဦးနှောက်ထဲသို့ တိုက်ရိုက် ဖြည့်သွင်းပေးလိုက်သကဲ့သို့ ဖြစ်သည်။

ထို့ကြောင့် လော့ချန်သည် အခြားတူညီသော အဆင့်ရှိသူများထက် ပို၍ ဘက်စုံပြည့်စုံနေခြင်း ဖြစ်သည်။

ဤပြည့်စုံမှုအား သူ၏ ပါရမီရှင်အဆင့် မှော်အာဟာရဆေးလုံး ဖော်စပ်မှုတွင် အထင်အရှား တွေ့မြင်နိုင်သည်။ ဆေးထုတ်လုပ်နိုင်မှုနှုန်းမှာ အမြဲ တည်ငြိမ်နေပြီး အရည်အသွေးမှာလည်း အကောင်းဆုံးအဆင့်မှာပင် ရှိနေသည်။

အကယ်၍ သူ၏ ပါရမီရှင်အဆင့် ကျွမ်းကျင်မှုသာ အထွတ်အထိပ်သို့ ရောက်သွားလျှင် မည်သို့ဖြစ်လာမည်နည်းဟု သူ တွေးမိသည်။ ထိုအခါ ဆေးလုံး၏ အရည်အသွေးမှာ ထိပ်တန်းအဆင့် ဖြစ်လာပေလိမ့်မည်။

“ထိပ်တန်း မှော်အာဟာရဆေးလုံး၊ ဒါကလည်း အဆုံးကျတော့ မှော်အာဟာရဆေးလုံးပဲ မဟုတ်လား.…” ဟု သူ တွေးလိုက်မိသည်။

၎င်းသည် ပြည့်နှက်နေသော ဈေးကွက်အတွင်း၌ ပြိုင်ဘက်များစွာ ရှိနေပြီး ဖောက်သည်အသစ်ရရန် ခက်ခဲလှသော ကုန်ပစ္စည်းတစ်ခုသာ ဖြစ်သည်။

ထိပ်တန်း မှော်အာဟာရဆေးလုံးထက် အံ့ဖွယ်တစ်သောင်းဆေးလုံးကသာ ပို၍ အလားအလာရှိသည်။

အံ့ဖွယ်တစ်သောင်းဆေးလုံးသည် ပြိုင်ဘက်မရှိသေးသော ဈေးကွက်သစ် အတွင်းရှိ သီးသန့်ထုတ်ကုန်တစ်ခု ဖြစ်ပြီး အာနိသင်မှာလည်း သိမ်မွေ့လှသည်။

ထို့ကြောင့် ပြန်လာဝယ်မည့် ဖောက်သည်များစွာ ရှိလာနိုင်ကြောင်း ခန့်မှန်းရသည်။

အားနည်းချက်မှာ ကုန်ကျစရိတ် မြင့်မားခြင်းဖြစ်သည်။ တစ်သုတ်လျှင် ဝိညာဉ်ကျောက် ၅ တုံးအထိ ကုန်ကျသလို ကျရှုံးနိုင်ခြေလည်း မြင့်မားလှသည်။ ထို့ပြင် ဤဈေးကွက်သစ်မှာလည်း အလွန်အမင်းကြီးမားသည်တော့ မဟုတ်ချေ။

တာဟဲစျေးမြို့တော်တွင် ရှိနေသော တစ်ကိုယ်တော်ကျင့်ကြံသူ အများစုမှာ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်ရှိသူများသာ ဖြစ်ပြီး ကာမဂုဏ်ခံစားမှုတွင် နစ်မွန်းနေသူမှာ မများလှပေ။

မည်သို့ပင်ဖြစ်စေ၊ လော့ချန်အတွက် ယခုလက်ရှိတွင် အထုတ်ပြနိုင်သော တစ်ခုတည်းသော ကုန်ပစ္စည်းမှာ ဤဆေးလုံးသာ ဖြစ်သည်။ ထို့ကြောင့် ထုတ်လုပ်မှုတိုးမြှင့်ရန်မှာ မဖြစ်မနေ လိုအပ်လှသည်။ လက်ရှိတွင် အမြတ်မထွက်သေးသော်လည်း သူ ဇွဲမလျှော့သင့်ချေ။

ဖော်စပ်မှု အောင်မြင်နှုန်း မြင့်တက်လာသည်နှင့်အမျှ သူ၏ အနာဂတ်မှာလည်း လင်းလက်လာမည် မဟုတ်ပေလော။

နေ့လယ်စာမှာမူ ထုံးစံအတိုင်း အမဲသားစွပ်ပြုတ်နှင့် ထမင်းသာ ဖြစ်သည်။

မှော်အာဟာရဆေးလုံးတွင် ပါရမီရှင်အဆင့်သို့ ရောက်ရှိနေခြင်းကြောင့် သူ၏ ကုန်ကြမ်းဆုံးရှုံးမှုမှာ အနည်းဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အမှန်ဆိုလျှင် သူသည် ရေခဲရိုက်ထားသော အမဲသားများကို အမြန်ကုန်အောင် စားသင့်သော်လည်း အံ့ဖွယ်တစ်သောင်းဆေးလုံးကို အာရုံစိုက်လိုက်သောအခါ စားသုံးမှုနှုန်းမှာ နှေးကွေးသွားခဲ့သည်။

သားရဲသားမှ ချီစွမ်းအင်များ ယိုစိမ့်ထွက်သွားမည်ကို စိုးရိမ်သဖြင့် မကြာသေးမီကစ၍ လော့ချန်သည် ဟင်းချက်ရာတွင် အမဲသားကို လက်တစ်လုံးခန့် ပို၍ ထည့်ချက်လေ့ရှိသည်။

အရသာရှိသော ထမင်းတစ်နပ်ကို စားပြီးသောအခါ လော့ချန် ကျေနပ်စွာဖြင့် “နို့နံ့လေးသင်းနေတဲ့ တကယ့်ကို ကောင်းမွန်တဲ့ ထမင်းတစ်နပ်ပါပဲ" ဟု ရေရွတ်လိုက်သည်။

ဆေးလုံးများ ဖော်စပ်ရာတွင် နောက်ဆုံးအဆင့် ဖြစ်စဉ်အတွက် အချိန်တစ်ခု စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

ထို့ကြောင့် လော့ချန်သည် စမ်းချောင်းဘေးတွင် ထိုင်ကာ ငါးမျှားတံကို ပြင်ဆင်ပြီး ငါးမျှားရန် ကြိုးစားလိုက်သည်။

လန်ချန်းမြစ်မှ စတင်စီးဆင်းလာသော ဤစမ်းချောင်းအတွင်း၌ မကြာသေးမီက ငါးနှင့် ပုစွန်များ ပို၍ များပြားလာသည်ကို သူ သတိပြုမိထားသည်။

ကောင်းမွန်သော ဟင်းတစ်ခွက်ရရန် ငါးအချို့ ဖမ်းယူရန် ဆုံးဖြတ်လိုက်သည်။

ငါးမျှားနေစဉ်အတွင်း သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။

[အခြေအနေပြ ကြေးမုံပြင်]

အမည် - လော့ချန်

သက်တမ်း - ၂၇/၇၅ နှစ်

ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ

အဆင့် - ချီသန့်စင်အဆင့် ၃ (၇၆/၁၀၀)

အောင်မြင်မှုအမှတ် - ၁ (ကျင့်စဉ်များ၊ မှော်အတတ်များနှင့် အတတ်ပညာများ ဖွင့်ရန် အသုံးပြုနိုင်သည်)

[ကျင့်စဉ်များ]

နွေဦးကျင့်စဉ် - ကျွမ်းကျင်အဆင့် (၂၅၇/၃၀၀)

[မှော်အတတ်များ]

သန့်စင်ခြင်းမှော်အတတ် - အခြေခံအဆင့် (၅၂/၁၀၀)

နွယ်ရှင်နှောင်ကြိုး - တတ်မြောက်အဆင့် (၁၇၆/၂၀၀)

မီးလုံး မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၅/၅၀၀)

လေလွင့်ခြေလှမ်း - တတ်မြောက်အဆင့် (၁၀၂/၂၀၀)

[အတတ်ပညာများ]

ပထမအဆင့် ဆေးဖော်ဆရာ

မှော်အာဟာရဆေးလုံး - ပါရမီရှင်အဆင့် (၅၁၀/၁၀၀၀)

အံ့ဖွယ်တစ်သောင်းဆေးလုံး - အခြေခံအဆင့် (၁၃/၁၀၀)

ဤတစ်ကြိမ်တွင် ကြေးမုံပြင် ပေါ်ရှိ အချက်အလက်များကြောင့် လော့ချန် အလွန်ဝမ်းသာသွားခဲ့သည်။

အချိန်အတော်ကြာ ငြိမ်သက်နေသော ကျင့်ကြံခြင်းအဆင့်မှာ ၇၅ မှ ၇၆ သို့ တစ်မှတ် တိုးသွားခဲ့ပြီ ဖြစ်သည်။

ချီသန့်စင် အဆင့် ၄ သို့ တက်လှမ်းရန်မှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အခြားအချက်အလက်များမှာမူ အံ့ဩစရာ မရှိလှချေ။ နွေဦးကျင့်စဉ်၊ မှော်အာဟာရဆေးလုံးနှင့် အံ့ဖွယ်တစ်သောင်းဆေးလုံးတို့မှာ သူ ချမှတ်ထားသော စီမံကိန်းအတိုင်း တိုးတက်နေကြသည်။

သို့သော် မှော်အတတ်များကဏ္ဍရှိ မီးလုံးမှော်အတတ် နှင့် လေလွင့်ခြေလှမ်း တို့ကမူ သူ့အား ခေတ္တမျှ မှင်သက်သွားစေသည်။

လေလွင့်ခြေလှမ်းသည် အခြေခံမှ ကျွမ်းကျင်အဆင့်သို့ ခုန်တက်သွားခြင်းက သူ့အား ပို၍ လျင်မြန်လာစေသည်။ နေ့စဉ်နေ့တိုင်း လွင်ပြင်ထဲတွင် လွတ်လပ်စွာ ပြေးလွှားနေခဲ့ရခြင်းမှာ အမှန်ပင် ထိုက်တန်လှသည်။

ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားသော မီးလုံးမှော်အတတ်ကိုမူ သူ စမ်းသပ်ရန် အခွင့်အရေး မရသေးချေ။ နေ့စဉ် ထမင်းချက်ရန် မီးမွှေးသည့် အခါတိုင်းတွင်မူ ယခင်ကထက် ပို၍ လွယ်ကူချောမွေ့နေသည်ကိုသာ သူ သတိပြုမိသည်။

တစ်နာရီခန့် ကြာပြီးနောက်တွင်မူ သူ တူးထားသော ရေကျင်းအတွင်း၌ ငါးတစ်ကောင်မျှ မရှိတော့ချေ။

“ငါ ဘယ်လိုတောင် အပျော်အပါးမှာ နစ်မွန်းနေရတာလဲ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မယ့် အတတ်ပညာတွေကိုပဲ အာရုံစိုက် လေ့ကျင့်သင့်တာပေါ့" ဟု လော့ချန် ရေရွတ်လိုက်ရင်း ငါးမျှားတံကို လွှင့်ပစ်လိုက်သည်။

ထို့နောက် စမ်းချောင်း၏ အနက်ဆုံးနေရာကို ချိန်ရွယ်ကာ မီးလုံးမှော်အတတ်ကို ထုတ်ဖော်လိုက်သည်။

ဝုန်း….

ငြိမ်သက်နေသော စမ်းချောင်းရေပြင်သည် ရုတ်တရက် ပေါက်ကွဲသွားကာ ရေပန်းကြီးများ ပန်းထွက်လာသည်။ ပူပြင်းလှသော ရေနွေးငွေ့များသည် အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။

ရေကျင်းအစပ်ရှိ ကျောက်စရစ်ခဲများပေါ်သို့ မီးလောင်ကျွမ်းနေသော ငါးအသေကောင်များ ပြုတ်ကျလာသည်။ လော့ချန်သည် သူ၏ မီးလုံးမှော်အတတ် ရလဒ်ကို ကျေနပ်စွာ ကြည့်လိုက်သည်။

မီးတစ်ချက်တောက်ရုံဖြင့် စမ်းချောင်းရေများ ဆူပွက်သွားကာ ငါးများပင် နစ်မြုပ်သွားခဲ့ရသည်။

ဤသည်မှာ ပြီးပြည့်စုံအဆင့်သို့ ရောက်သွားသည့် မီးလုံးအတတ်၏ စွမ်းပကားပင် ဖြစ်သည်။

ကုန်ဆုံးသွားသော ချီစွမ်းအင်ပမာဏကို ခံစားကြည့်ပြီးနောက် လော့ချန် မျက်ခုံးပင့်လိုက်မိရင်း ရေရွတ်လိုက်သည်။

“ဟားဟား.... အရင်ကဆိုရင် မီးလုံးတစ်လုံး ထုတ်လိုက်တိုင်း ငါ့ရဲ့ ချီစွမ်းအင် ၁၀ ရာခိုင်နှုန်းလောက် ကုန်သွားတာ၊ အခုတော့ အဲဒီပမာဏရဲ့ တစ်ဝက်တောင် မကုန်တော့ဘူးပဲ၊ ဒါဆို ငါ မီးလုံး အလုံး ၂၀ လောက်ကို တစ်ပြိုင်နက် ထုတ်နိုင်ပြီပေါ့"

“စွမ်းရည်က နှစ်ဆ တိုးသွားတာပဲ၊ ဒါ သိသာထင်ရှားတဲ့ အရည်အသွေး ပြောင်းလဲမှုပဲ၊ ပြီးတော့…. မှော်အတတ် ထုတ်ဖော်တဲ့ အရှိန်ကလည်း နှစ်ဆလောက် မြန်လာတာပဲ”

ယခင်က သူ ထမင်းချက်ရန် မီးမွှေးသည့်အခါ မီးဖိုပေါက်ကွဲသွားမည်ကို စိုးရိမ်သဖြင့် ဂါထာများကို အဆင့်ဆင့် ဂရုတစိုက် ရွတ်ဆိုရပြီး ထည့်သွင်းလိုက်သည့် ချီစွမ်းအင်မှာလည်း အနည်းငယ်မျှသာ ဖြစ်သည်။

ယခုမူ ထိုစိုးရိမ်မှုများ မရှိတော့ဘဲ မီးလုံးတစ်လုံးကို ပေါ့ပေါ့ပါးပါးပင် ထုတ်ဖော်နိုင်ခဲ့သည်။

ထိုအခါမှသာ ယခင်နှင့် ယခု အရှိန်ချင်းမှာ နှိုင်းယှဉ်၍မရအောင် ကွာခြားသွားကြောင်း လော့ချန် သဘောပေါက်သွားသည်။

သာမန်ကျင့်ကြံသူတစ်ဦးအတွက် မှော်အတတ်တစ်ခု ထုတ်ဖော်ရန် အသက်ရှူသုံးကြိမ်ခန့် ကြာမြင့်တတ်သော်လည်း၊ လော့ချန်သည် ကျွမ်းကျင်အဆင့်တွင် အသက်ရှူနှစ်ကြိမ်အထိ လျှော့ချနိုင်ခဲ့သည်။ ယခု ပြီးပြည့်စုံအဆင့်တွင်မူ အသက်ရှူတစ်ချက် အတွင်း၌ပင် ဂါထာကို ပြီးမြောက်အောင် ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။

“အသက်ရှူတစ်ချက်ထဲနဲ့….ဒါဆို မီးလုံးမှော်စာရွက်တောင် ငါ့ထက် မမြန်နိုင်တော့ဘူး"

မှော်စာရွက်များကို အသုံးပြုရာတွင်လည်း ချီစွမ်းအင် ထည့်သွင်းခြင်း၊ အတွင်းစွမ်းအင်ကို လမ်းကြောင်းပေးခြင်းနှင့် ပစ်မှတ်ကို ချိန်ရွယ်ခြင်း စသည့် ဖြစ်စဉ်များ ရှိနေသေးသည်။

ထိုအရာကို လျင်မြန်ချောမွေ့စွာ ပြုလုပ်နိုင်ရန်မှာ ကျွမ်းကျင်မှု များစွာ လိုအပ်လှသည်။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ ပြင်ပပစ္စည်းတစ်ခုသာ မဟုတ်ပေလော။

ခံစားချက်များသည် တစ်ခါတစ်ရံတွင် အမြင်မှားခြင်းများကို ဖြစ်စေနိုင်သည်။

ထို့ကြောင့် အမှားအယွင်းမရှိစေရန် လော့ချန်သည် စမ်းချောင်းထဲသို့ မီးလုံးသုံးလုံးကို ထပ်ဆင့် ထုတ်ဖော်လိုက်ပြန်သည်။

သူ့အထင် မမှားပေ။ ပထမတစ်လုံးအပါအဝင် မီးလုံးလေးလုံးစလုံးအတွက် သူ၏ ချီစွမ်းအင် ၂၀ ရာခိုင်နှုန်းခန့်သာ ကုန်ဆုံးသွားခဲ့သည်။

အရှိန်မှာလည်း အလွန်လျင်မြန်လှပြီး မီးလုံးမှော်စာရွက်ကို အသုံးပြုသည်နှင့် တန်းတူပင် ဖြစ်သည်။

ဤရလဒ်များကြောင့် လော့ချန်သည် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးလိုက်မိသည်။

သူသည် နေ့စဉ် နွေဦးကျင့်စဉ်ကို ကျင့်ကြံကာ ချီစွမ်းအင် အနည်းငယ်ကို စုပ်ယူပြောင်းလဲနေရခြင်း ဖြစ်ပြီး၊ အစွမ်းကုန် ကြိုးစားလျှင်ပင် တစ်နေ့၌ ငါးပုံတစ်ပုံခန့်သာ ပြန်လည် ဖြည့်တင်းနိုင်သည်။

ထို့ကြောင့် သူသည် အန္တရာယ်ကြုံလာပါက ထွက်ပြေးရန် စွမ်းအင်မရှိတော့မည်ကို စိုးရိမ်သဖြင့် ဂါထာလေ့ကျင့်မှုကို အမြဲ ကန့်သတ်ထားရသည်။ ယခုမူ မီးလုံးမှော်အတတ်၏ စွမ်းအင်သုံးစွဲမှု လျော့နည်းသွားပြီ ဖြစ်ရာ သူ၏ နေ့စဉ်ကျင့်ကြံမှုကို နှစ်ဆတိုးမြှင့်၍ ကျွမ်းကျင်မှုကို ပိုမို မြှင့်တင်နိုင်ပြီ ဖြစ်သည်။

သို့သော် လော့ချန်ကို အပျော်ဆုံးဖြစ်စေသည့်အရာမှာ ဤမျှသာ မဟုတ်ချေ။

“အရှိန်က မှော်စာရွက်တွေနဲ့ ရင်ပေါင်တန်းနိုင်ပြီဆိုတော့ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးမှာ ရန်သူကို အငိုက်ဖမ်း တိုက်ခိုက်လို့ ရပြီပေါ့၊ နောက်ဆုံးတော့ ငါ့မှာ အားကိုးထိုက်တဲ့ တိုက်ခိုက်ရေးဗျူဟာတစ်ခု ရှိလာပြီ"

လော့ချန်သည် အမြဲလိုလို ထိရောက်သော တိုက်ခိုက်ရေးနည်းစနစ်များ ကင်းမဲ့နေခဲ့သူ ဖြစ်ရာ၊ ထိုအချက်ကြောင့်ပင် သူသည် မိမိကိုယ်ကိုယ် အရေးမပါသူတစ်ဦးအဖြစ် ခံစားနေရခြင်း ဖြစ်သည်။ သို့သော် သူတစ်ပါး၏ လျစ်လျူရှုခြင်းကို ခံရခြင်းနှင့် တိုက်ခိုက်နိုင်စွမ်း မရှိခြင်းတို့မှာ လုံးဝ ကွာခြားလှသည်။

စိုးရိမ်ပူပန်နေသော သူ၏ စိတ်နှလုံးမှာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ အားရပါးရ အော်ဟစ်လိုက်ချင်စိတ်ပင် ပေါက်လာသည်။ သို့သော် ခဏအကြာတွင် သူ၏ စိတ်ကို ပြန်ထိန်းလိုက်ပြီး လျှို့ဝှက်စွာသာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်ကြိမ် ချီသန့်စင် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားမှသာ သူ အောင်ပွဲခံ အော်ဟစ်တော့မည်။

သူသည် ရေနွေးငွေ့ဒဏ်ကြောင့် မေ့မြောနေသော ငါးတစ်ကောင်ကို ကောက်ယူလိုက်သည်။ ထိုငါးသည် မနက်ဖြန်အတွက် ဟင်းကောင်းတစ်ခွက် ဖြစ်လာပေလိမ့်မည်။

“အင်း…. ဒီနေ့ ငါးတစ်ကောင်တော့ မိသားပဲ၊ ငါ့ရဲ့ ငါးမျှားအတတ် ကျွမ်းကျင်မှုလည်း တစ်မှတ် တိုးသွားတာပေါ့"

All Chapters