လုယက်သတ်ဖြတ်ခံရဖို့ ငါ့အလှည့် ရောက်လာပြီလား
Vol. 2 Ch. 15
လော့ချန်သည် ဖောက်သည်ဟောင်းများကို အမြဲ တန်ဖိုးထားသူဖြစ်သည်။ သူသည် အဘိုးချန်၏ ဖောက်သည်များကိုသာ မှီခိုနေမည့်အစား မိမိကိုယ်ပိုင် ဖောက်သည်ဟောင်းများ ရှိလာစေရန် အစဉ်တစိုက် ကြိုးစားခဲ့သည်။
သို့သော်လည်း မှော်အာဟာရဆေးလုံးများမှာ နေရာတိုင်းတွင် ရနိုင်သော ကုန်ပစ္စည်းများ ဖြစ်သဖြင့် သူ၏ ဖော်စပ်မှုစွမ်းရည်မှာ မည်မျှပင် ကောင်းမွန်နေပါစေ၊ ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်ကြောင့် ခိုင်မာသော ဖောက်သည်အင်အားတစ်စု တည်ဆောက်ရန် ခက်ခဲခဲ့သည်။
ယခုမူ အံ့ဖွယ်တစ်သောင်းဆေးလုံးသည် သူ့အတွက် အခွင့်အလမ်းသစ်တစ်ခုကို သယ်ဆောင်လာခဲ့ပြီ ဖြစ်သည်။
စကားစမြည် အနည်းငယ် ပြောပြီးနောက်၊ လော့ချန်သည် သူ၏ ဆေးပုလင်းအားလုံးကို စင်ပေါ်တွင် ခင်းကျင်းလိုက်သည်။
အဘိုးချန် တစ်ချက်လှမ်းကြည့်လိုက်ရာ လော့ချန်၏ ဆေးဖော် အတတ်ပညာမှာ သိသိသာသာ တိုးတက်လာကြောင်း ခံစားလိုက်ရသည်။ သူ ဈေးလာရောင်းသည့် အကြိမ်တိုင်းတွင် ပါလာသော ဆေးပုလင်းအရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာနေသည်ကို ကြည့်ခြင်းဖြင့် သူ၏ အားထုတ်မှုကို သိနိုင်သည်။
သို့သော် အဘိုးချန်က နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ရင်း ပြုံးစိစိဖြင့် တွေးလိုက်သေးသည်။
"အင်းလေ၊ ငါ့ဆီကနေ အတင်းအကျပ် ချေးသွားတဲ့ ဝိညာဉ်ကျောက် အရင်းအနှီး တွေလည်း ပါတာပေါ့၊ အဲဒီကျောက်တွေသာ မရှိရင် သူ ဒီလောက်အများကြီး ဘယ်ဖော်စပ်နိုင်ပါ့မလဲ"
နေမြင့်လာသည်နှင့်အမျှ ဈေးအတွင်း၌ ကျင့်ကြံသူများ ပိုမိုစည်ကားလာပြီး၊ လော့ချန်နှင့် အဘိုးချန်တို့၏ ဆိုင်များတွင်လည်း အရောင်းအဝယ်များ စတင်လာတော့သည်။
"မိတ်ဆွေလော့၊ တိုက်တိုက်ဆိုင်ဆိုင်ပါလား"
"ဟုတ်ပါ့.... တကယ့်ကို တိုက်ဆိုင်တာပဲ"
လော့ချန်က ဖောက်သည်ကြီး ကျန်းဝမ်ကို နွေးထွေးစွာ နှုတ်ဆက်လိုက်ရင်း ရှေ့ရှိ ဆေးပုလင်းများကို ညွှန်ပြကာ "နည်းနည်း ယူသွားဦးမလား" ဟု မေးလိုက်သည်။
"ယူရမှာပေါ့"
ကျန်းဝမ်သည် မှော်အာဟာရဆေးလုံး ငါးပုလင်းကို ကောက်ယူရင်း "မင်းရဲ့လက်ရာက တကယ်ကို အံ့ဩဖို့ကောင်းတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ဆေးလုံးကို စမ်းကြည့်တာ၊ တကယ့်ကို ထိပ်တန်းအဆင့်ပဲ၊ တခြားလူတွေရဲ့ ဆေးလုံးထက် အများကြီး ပိုကောင်းတယ်ဗျာ" ဟု ချီးကျူးလိုက်သည်။
"ဗိုက်ဝတယ်ဆိုရင်ပဲ ကျေနပ်ပါပြီဗျာ၊ ချီးကျူးတာလည်း ကျေးဇူးတင်ပါတယ်"
"ဒါနဲ့…. အံ့ဖွယ်တစ်သောင်းဆေးလုံး နှစ်ပုလင်းလည်း ယူမယ်"
"ရတာပေါ့"
လော့ချန်က အပြုံးဖြင့် အံ့ဖွယ်တစ်သောင်းဆေးလုံး နှစ်ပုလင်းကို ကမ်းပေးလိုက်သည်။ လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ရုံဖြင့် စကားလုံးများ မလိုဘဲ အဓိပ္ပာယ်ကို နားလည်သွားကြသည်။
ထိုစဉ် အနီးအနားတွင် မှော်စာရွက်များ ရွေးနေသော ကျင့်ကြံသူတစ်ဦးက ကျန်းဝမ်ကို မှတ်မိသွားပုံရသည်။
"အစ်ကိုကျန်း၊ မနေ့က လီတို့အိမ်မှာ ဖျက်နေတဲ့ အစက်အပြောက်ပါတဲ့ ကျားကြီးက အစ်ကို့လက်ရာ မဟုတ်လား၊ ဒီတစ်ခါ တောင်ထဲကအပြန်မှာ တကယ့်ကို အမြတ်အစွန်းတွေ အများကြီး ရလာတာပဲနော်"
"သြော်…. အဲဒီ ဝိညာဉ်ကျားက လူတွေကို ဒုက္ခပေးနေတာလေ၊ ငါက ကောင်းကင်ဘုံရဲ့ ကိုယ်စား နှိမ်နင်းပေးလိုက်တာပါ၊ ဒါက ပြောပလောက်တဲ့အရာ မဟုတ်ပါဘူး"
"နှိမ့်ချမနေပါနဲ့ အစ်ကိုရာ၊ ဒါနဲ့ အစ်ကို ဘာတွေ ဝယ်နေတာလဲ"
ကျန်းဝမ်က အံ့ဖွယ်တစ်သောင်းဆေးလုံးပုလင်းများကို သိုလှောင်အိတ်အတွင်းသို့ သတိထား၍ အမြန်ထည့်လိုက်ရင်း၊ မှော်အာဟာရဆေးပုလင်းကိုသာ မြှောက်ပြလိုက်သည်။
"နောက်တစ်ခေါက် တောင်ထဲသွားရင် အဆင်ပြေအောင် မှော်အာဟာရဆေးလုံးတွေ ဝယ်နေတာပါ၊ ညီလေးတွမ့်…. ငါ အရေးကြီးကိစ္စလေး ရှိသေးလို့ သွားဦးမယ်နော်" ဟု ဆိုကာ ကျန်းဝမ်တစ်ယောက် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
ညီလေးတွမ့်ဟု ခေါ်သော ထိုကျင့်ကြံသူမှာ ဇဝေဇဝါ ဖြစ်ကျန်ခဲ့သည်။ ထို့နောက် လော့ချန်က အိတ်အတွင်းမှ လက်ရာပြောင်မြောက်သော ကျောက်စိမ်းပုလင်းနှစ်လုံးကို ထုတ်ယူကာ စင်ပေါ်သို့ တင်လိုက်သည်ကို သူ မြင်လိုက်ရသည်။
“စောစောက အစ်ကိုကျန်း ဝယ်သွားတာလည်း ဒါတွေပဲ မဟုတ်လား….”
"ဒါက ဘာဆေးလုံးလဲ"
လော့ချန်၏ မျက်လုံးများ ဝင်းလက်သွားသည်။
"ဒါက အံ့ဖွယ်တစ်သောင်းဆေးလုံး လို့ ခေါ်တယ်ဗျ၊ မိတ်ဆွေ စိတ်ဝင်စားရင် ကျွန်တော် ရှင်းပြပေးပါ့မယ်…."
ဤသည်မှာ စည်ကားလှသော ဈေးကွက်အတွင်း၌ အမြဲတစေ မြင်တွေ့နေကျ ဖြစ်စဉ်တစ်ခုပင်။ လူတို့၏ လောဘနှင့် လိုအင်တို့ ရောယှက်နေသော ဤနေရာတွင် ဖောက်သည်များမှာ ဒီရေအလား လာလိုက်၊ သွားလိုက်နှင့် အလုပ်ရှုပ်နေကြသည်။
အရောင်းအဝယ်ဆိုသည်မှာ တစ်ဖက်နှင့်တစ်ဖက် အားပြိုင်နေရသော စစ်တုရင်ပွဲတစ်ပွဲနှင့် တူလှသည်။
သို့သော်လည်း အဆုံးသတ်တွင်မူ နှစ်ဦးနှစ်ဖက် ကျေနပ်နိုင်မည့် တူညီသော ဈေးနှုန်းတစ်ခု၌ လက်ဆွဲနှုတ်ဆက်ကာ အရောင်းအဝယ်များ ဖြစ်မြောက်သွားစမြဲပင်။ ဤသည်မှာပင် ဈေးကွက်၏ မပြောင်းလဲသော စည်းချက်တစ်ခု ဖြစ်လေတော့သည်။
မိမိတို့ဆိုင်ခန်းတွင် ငြိမ်သက်စွာ ကျင့်ကြံနေတတ်သော အခြားတစ်ကိုယ်တော်ကျင့်ကြံသူများနှင့် မတူဘဲ၊ ဤကျောက်ပြားစင်မြင့်ထက်မှ ဆိုင်ခန်းနှစ်ခန်းမှာမူ အလွန်စည်ကားလှသည်။ အဘိုးအိုနှင့် လူငယ်လေး နှစ်ယောက်စလုံးမှာ အရှက်အကြောက် ကင်းမဲ့ကြသလို နှုတ်မှုရေးရာတွင်လည်း အလွန်ထက်မြက်ကြသည် မဟုတ်ပါလော။
လော့ချန်သည် အားလပ်သည့် အချိန်တိုင်းတွင် အဘိုးချန်ဘက်မှနေ၍ ကြွားဝါအားပေးကာ မှော်စာရွက်များ ပိုမိုရောင်းရအောင် ကူညီပေးတတ်သည်။
ဈေးကြီးနေ့ ဖြစ်၍လား မသိ၊ လော့ချန်၏ ဆေးများမှာ အရောင်းသွက်လှသည်။
မွန်းတည့်ချိန် ရောက်သောအခါ သူရှိသမျှ ဆေးလုံးအားလုံးနီးပါး ရောင်းကုန်သွားခဲ့ပြီ ဖြစ်သည်။
မှော်အာဟာရဆေးလုံး ပုလင်း ၃၀ ရောင်းရသဖြင့် ဝိညာဉ်ကျောက် ၆ တုံး ရရှိပြီး၊ အံ့ဖွယ်တစ်သောင်းဆေးလုံး ပုလင်း ၂၀ ရောင်းရသဖြင့် ဝိညာဉ်ကျောက် ၁၀၀ တိတိ ရရှိခဲ့သည်။
ကိန်းဂဏန်းချင်း ယှဉ်ကြည့်လျှင် ကွာခြားချက်မှာ အဆပေါင်းများစွာ ကြီးမားလှသဖြင့် ရုတ်တရက်ဆိုလျှင် အံ့ဖွယ်တစ်သောင်းဆေးလုံးက ပိုတွက်ခြေကိုက်သည်ဟု ထင်ရစရာ ရှိသည်။
သို့သော် အမြတ်အစွန်းအနေဖြင့် ကြည့်လျှင်မူ အံ့ဖွယ်တစ်သောင်းဆေးလုံးမှာ အရင်းနှင့်အမြတ် မကွာလှဘဲ သုညအဆင့်တွင်သာ ရှိနေသည်။ တစ်ဖက်တွင်မူ မှော်အာဟာရဆေးလုံးမှာ ကုန်ကျစရိတ်များ နှုတ်ပြီးနောက် ဝိညာဉ်ကျောက် ၃ တုံး အသားတင်အမြတ် ထွက်ခဲ့သည်။
အမှန်စင်စစ်၊ သူ၏ မှော်အာဟာရဆေးလုံး ကျွမ်းကျင်မှုဖြင့် ထုတ်လုပ်မှုကို တိုးမြှင့်ကာ ငွေပိုရှာနိုင်သော်လည်း၊ ၎င်းဆေးလုံး၏ ဝယ်လိုအားမှာ အကန့်အသတ် ရှိနေသည်။
သူသည် လမ်းမပေါ်ရှိ ကျင့်ကြံသူများကို လှမ်းကြည့်ရင်း ဆက်တွေးနေမိသည်။
"ဒီဆေးမျိုးက ဝယ်လိုအား အကန့်အသတ် ရှိတယ်၊ ငါ့အတွက် တကယ့် လမ်းကြောင်းသစ်က အံ့ဖွယ်တစ်သောင်းဆေးလုံးပဲ"
ထို့ကြောင့် ယခုအချိန်တွင် အံ့ဖွယ်တစ်သောင်းဆေးလုံး၏ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ထားခြင်းကသာ အနာဂတ်အတွက် ရွှေလမ်းခင်းရာရောက်မည် ဖြစ်သည်။ အဘိုးချန်က အကြွေးဆပ်ရန် အဆက်မပြတ် တိုက်တွန်းနေသဖြင့် လော့ချန်မှာ မတတ်သာဘဲ ဝိညာဉ်ကျောက် ၅၀ ကို ချက်ချင်း ထုတ်ပေးလိုက်ရသည်။
သို့သော် ပေးပြီးသည်နှင့် လော့ချန်သည် နှုတ်ချိုသွေးကာ ချော့မော့ပြောဆိုပြီး ထိုငွေကိုပင် ပြန်လည် ချေးယူနိုင်ခဲ့ပြန်သည်။
"စိတ်မပူပါနဲ့ ဦးလေးချန်ရယ်၊ ပြန်ဆပ်မှာပါ၊ အခုတောင် ကျွန်တော့်ရဲ့ အရောင်းအဝယ်တွေ ဘယ်လောက်ကောင်းလဲ ဦးလေး မြင်သားပဲ၊ ကိုယ့်တူလေးရဲ့ ကျင့်ကြံခြင်း အဆင့်တက်အောင် ကူညီတယ်လို့ပဲ သဘောထားလိုက်ပါဗျာ၊ ကျွန်တော် အောင်မြင်သွားတဲ့နေ့ကျရင် ဦးလေးကို အဆပေါင်းများစွာ ပြန်ကျေးဇူးဆပ်ပါ့မယ်"
"ဒါဆို ဒီလိုလုပ်ရအောင်…. ကျွန်တော့်ဆေးလုံးတွေလည်း ကုန်သွားပြီဆိုတော့ ဒီနေ့ ညနေခင်း တစ်ခင်းလုံး ဦးလေးရဲ့ မှော်စာရွက်တွေ ရောင်းရအောင် ကျွန်တော် ကူညီပေးမယ်လေ"
"ကျွန်တော်ရှိရင် ပိုမြန်မြန် ကုန်မှာပါ၊ အဲဒါဆို ဦးလေးလည်း အိမ်စောစောပြန်ပြီး မှော်စာရွက်တွေ အများကြီး ထပ်ဆွဲနိုင်တာပေါ့၊ နောက်ဆုံးတော့ ပိုမြတ်တာပဲ မဟုတ်လား"
လော့ချန်တစ်ယောက် အမျိုးမျိုးသော နည်းလမ်းများဖြင့် ဖျောင်းဖျလိုက်ရာ၊ သူ၏ အိတ်ကပ်အတွင်း၌ ဝိညာဉ်ကျောက် ၁၀၆ တုံးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် ပေးဆပ်လိုက်ရသည့် တန်ဖိုးမှာ ညနေခင်း တစ်ခင်းလုံး စျေးကူရောင်းပေးရခြင်းပင် ဖြစ်သည်။
"ဟော…. အစ်ကိုဝမ်ရဲ့ ဆိုင်ဘက်မှာ ဘာတွေ ဖြစ်နေတာ မသိဘူး"
မှော်စာရွက်များ ရောင်းပေးနေစဉ် လော့ချန် ခေါင်းမော့ကြည့်လိုက်ရာ၊ ဝမ်ယွမ်၏ ဆိုင်အနီးတွင် လူအုပ်ကြီး စုဝေးနေသည်ကို တွေ့လိုက်ရသည်။
သူ သွားရောက်ကြည့်ရှုချင်သော်လည်း အဘိုးချန်က သူ့ကို လှမ်းဆွဲထားသည်။
"မသွားနဲ့"
"ဘာဖြစ်လို့လဲ ဦးလေးချန်ရဲ့"
"ပြီးခဲ့တဲ့တစ်ခေါက် ဒီလိုပုံစံမျိုး ဖြစ်တုန်းက ဘာတွေဖြစ်ခဲ့လဲ မင်း မမှတ်မိတော့ဘူးလား"
လော့ချန် ခြေလှမ်းတုံ့သွားသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က မူလလော့ချန်၏ မှတ်ဉာဏ်ထဲမှ မြင်ကွင်းတစ်ခုကို သူ ပြန်လည် မြင်ယောင်လာခဲ့သည်။ ထိုစဉ်က မြင်ကွင်းနှင့် ယခုမှာ ထိတ်လန့်စရာကောင်းလောက်အောင် တူညီနေသည်။
"ရန်သူတွေ လာကလဲ့စားချေတာလား"
အဘိုးချန်က ရှုပ်ထွေးသော မျက်နှာပေးဖြင့် လှမ်းကြည့်ရင်း ဆိုသည်။
"တစ်ကိုယ်တော်ကျင့်ကြံသူ အများစုက တစ်ယောက်တည်း နေကြပေမဲ့၊ တချို့မှာလည်း ဆွေမျိုးမိတ်သင်္ဂဟတွေ ရှိကြတာပဲလေ"
"သူတို့ သေသွားရင်တော့ ထားလိုက်ပါတော့၊ ဒါပေမဲ့ သူတို့ရဲ့ မှော်လက်နက်တွေနဲ့ ဝတ်ရုံတွေကို ပြန်ရောင်းနေတာကို မြင်ရင်တော့ ဘယ်သူမဆို မခံမရပ်နိုင် ဖြစ်ကြမှာပဲ မဟုတ်လား"
လော့ချန် ချက်ချင်း သဘောပေါက်သွားသည်။ ထိုလူအုပ်အတွင်း၌ တင်းမာမှုများ ရှိနေပြီး စကားတစ်လုံး မှားလိုက်သည်နှင့် တိုက်ပွဲဖြစ်ပွားတော့မည့် အသွင်ရှိနေသည်။
ဝမ်ယွမ်မှာ ချီသန့်စင် အဆင့် ၇ ရှိသူဖြစ်ရာ သူ့အား ဝိုင်းထားရဲသူများမှာလည်း အဆင့်နိမ့်သူများ မဖြစ်နိုင်ချေ။ အကယ်၍ တိုက်ပွဲဖြစ်ပွားပါက အပျော်သဘော သွားကြည့်သည့် သူပင်လျှင် ကြားညှပ်သွားနိုင်သည်။
"စိတ်မပူပါနဲ့၊ သူတို့ တိုက်မှာ မဟုတ်ပါဘူး၊ အတွင်းမြို့ထဲမှာ တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန် တားမြစ်ထားတာလေ"
အဘိုးချန်က ခေါင်းခါလိုက်သည်။ သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို အကြိမ်ကြိမ် မြင်ဖူးထားသူ ဖြစ်သည်။
ဝမ်ယွမ်ကဲ့သို့သော သူများမှာ ဓားသွားထက်၌ တင်နေသော သွေးစက်ကို လျက်ကာ အသက်ရှင်နေကြရသူများ မဟုတ်လော။ အန္တရာယ်များလှသော လမ်းကို လျှောက်လှမ်းနေကြသူများ ဖြစ်ရာ အနှေးနှင့်အမြန် ဆိုသလို ဒုက္ခနှင့် ကြုံရစမြဲပင်။
အဘိုးချန် ပြောသည့်အတိုင်းပင်။ ပြင်းထန်သော စကားအချို့ ပြောဆိုပြီးနောက်၊ ကျင့်ကြံသူ သုံးဦးမှာ ဒေါသတကြီးဖြင့် ဈေးတန်းမှ ထွက်ခွာသွားကြသည်။
ဝမ်ယွမ်မှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ ဆိုင်ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေဆဲ ဖြစ်ပြီး၊ သူ၏ မျက်လုံးများမှာလည်း အိပ်ငိုက်နေသကဲ့သို့ တစ်ဝက်ခန့် မှိတ်ထားလေသည်။
"ဒီလို သွေးစွန်းနေတဲ့ မှော်လက်နက်တွေကို ရောင်းရတာ အန္တရာယ် အရမ်းများတာပဲ၊ ဘာလို့ ရတနာနန်းဆောင် ကို တိုက်ရိုက် သွားမရောင်းတာလဲ" ဟု လော့ချန်က ရေရွတ်လိုက်သည်။
အဘိုးချန်က နှာခေါင်းရှုံ့လိုက်သည်။
"ရတနာနန်းဆောင်က ဈေးဝက်နဲ့ပဲ ဝယ်တာလေ၊ ပြီးတော့ နည်းနည်းလေး ပြန်ပြင်ပြီး မူလဈေးထက်တောင် ပိုကြီးတဲ့ဈေးနဲ့ ပြန်ရောင်းတာ၊ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ရောင်းပြီး ပိုမြတ်အောင် လုပ်တာနဲ့ ဘယ်ယှဉ်လို့ ရမလဲ"
ဒါကြောင့်ကိုး.…။
လော့ချန် သဘောပေါက်သွားသည်။ ဈေးတန်းရှိ မှော်လက်နက်များ၏ အရည်အသွေးမှာ ကွဲပြားလှပြီး ဝယ်သူ၏ အမြင်အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။
ထို့အပြင် ထိုလက်နက်များကို တစ်ဖန်ပြန်၍ မပြုပြင်ပါက မူလပိုင်ရှင်၏ မိတ်ဆွေများက အလွယ်တကူ မှတ်မိနိုင်လေသည်။ တစ်ခုတည်းသော အားသာချက်မှာ တရားဝင်ဆိုင်များထက် များစွာ ပိုဈေးသက်သာခြင်း ဖြစ်သည်။
အခုတော့ ငါ့မှာ သံချေးတက်နေတဲ့ အနိမ့်တန်း မှော်ဓားတစ်လက်ပဲ ရှိသေးတယ်၊ ပိုက်ဆံရလာရင် ဈေးတန်းမှာ ရှာဝယ်ရမလား၊ ဒါမှမဟုတ် ရတနာနန်းဆောင်မှာပဲ ဝယ်ရမလား….။
လော့ချန်သည် သူ၏ မေးစေ့ကို ပွတ်ရင်း ယခင်ဘဝက မာစီးဒီး နှင့် ဘီအမ်ဒဘယ်လျူ တို့ကို ရွေးချယ်ရခက်ခဲ့သည့် အခြေအနေကို ပြန်လည် သတိရကာ ရေရွတ်နေမိသည်။
စိတ်ကူးယဉ်မှုများမှာ ခဏတာမျှသာ ဖြစ်ပြီး၊ အလုပ်မှာမူ တစ်ညနေခင်းလုံး ကြာမြင့်ခဲ့သည်။
အဘိုးချန်၏ မှော်စာရွက်များကို ကူညီ ရောင်းချပေးပြီးနောက်၊ လော့ချန်သည် လိုအပ်သော ကုန်ကြမ်းများကို ဝယ်ယူရန် အလျင်အမြန် ထွက်လာခဲ့သည်။
သူသည် ပစ္စည်းများကို အမြဲ အလုံးအရင်းနှင့် ဝယ်ယူလေ့ရှိသဖြင့် အရောင်းဆိုင်များက သူ့အတွက် သီးသန့်ဖယ်ထားပေးခဲ့သည်။ ထို့ကြောင့် အချိန်တိုအတွင်း ဝိညာဉ်ကျောက် တစ်ရာကျော်ကို အကုန်သုံးစွဲနိုင်ခဲ့သည်။
ယခုမူ လော့ချန်၏ လက်ထဲတွင် ပြားစေ့တစ်စေ့မျှ မကျန်တော့ချေ။
ယခုအချိန်တွင် အကုန်ပုံအောလိုက်ခြင်းကသာ ဉာဏ်ပညာရှိသော လုပ်ရပ်ဖြစ်သည်။ သူသည် အထူးသဖြင့် ကနဦးအဆင့်တွင် အကုန်ပုံအောရန် သတ္တိရှိသူ ဖြစ်ပြီး၊ အားလုံးဆုံးရှုံးသွားလျှင်ပင် အစမှ ပြန်စရုံသာ ရှိသည်ဟု ခံယူထားသည်။
လော့ချန်တစ်ယောက် ပစ္စည်းအိတ်ကြီးကို ထမ်း၍ အိမ်ပြန်လာသောအခါ ညရောက်နေပြီ ဖြစ်သည်။
သူသည် အပြင်ဘက်ရပ်ကွက်၏ လူသူကင်းမဲ့သော မြေလမ်းအတိုင်း လျှောက်လှမ်းလာရင်း စိတ်အစဉ်ကို လွှတ်ကာ တေးသံတစ်စကို ခပ်တိုးတိုး ညည်းဆိုနေမိသည်။
"ဒီလှိုင်းလုံးတွေကြားမှာ ငါ မျောပါမသွားနိုင်ဘူး…. ငါမြတ်နိုးတဲ့ မဟာတာအို လမ်းစဉ်ဆီကို ငါ ကြိုးစားတက်လှမ်းရမယ်...."
သူ့အသံမှာ အေးစက်သော ညလေထုထဲတွင် ပျံ့လွင့်နေသည်။
သို့သော် လေထဲတွင် ပါလာသော တစ်စုံတစ်ရာသော အငွေ့အသက်ကြောင့် လော့ချန်၏ ခြေလှမ်းများမှာ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားသည်။
လရောင်အောက်တွင် လူရိပ်လေးခုက ရှေ့မှနေ၍ သူ၏ လမ်းကို အခိုင်အမာ ပိတ်ဆို့ထားလေသည်။
လမင်းမှာ ကောင်းကင်ထက် အေးစက်စွာ ချိတ်ဆွဲထားပြီး၊ တဝုန်းဝုန်း တိုက်ခတ်နေသော လေညင်းက လော့ချန်၏ အဝတ်စများကို တဖျတ်ဖျတ် လွင့်ခါစေသည်။
“နောက်ဆုံးတော့ လုယက်သတ်ဖြတ်ခံရဖို့ ငါ့အလှည့် ရောက်လာပြီလား…." ဟု သူ တွေးလိုက်မိသည်။
ထိုအခိုက်တွင် လော့ချန်၏ နှလုံးသားမှာ လန်ချန်းမြစ်၏ အနက်ရှိုင်းဆုံးသော အောက်ခြေသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင် အေးစက်စွာ နစ်မြုပ်သွားတော့သည်။