မင်းသေသင့်တယ်၊ တကယ်ကို သေသင့်တာ
Vol. 2 Ch. 16
မှောင်မည်းနေသော ညကောင်းကင်ယံထက်တွင် ပြတ်သားလှသော အော်ဟစ်သံတစ်သံ ပေါ်ထွက်လာသည်။
"တာကျန်းဂိုဏ်း က အလုပ်လုပ်နေတာကွ၊ မဆိုင်တဲ့သူတွေ အကုန်ဖယ်စမ်း"
လော့ချန် တစ်ချက်မျှ ကြောင်သွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။
ဟုတ်တယ်၊ ဟုတ်တယ်….ကျုပ်က တကယ့်ကို မသက်ဆိုင်တဲ့ သူပါဗျာ….။
သူသည် မြွေအရေခွံအိတ်ကြီးကို ထမ်းလျက် မှောင်မည်းနေသော လမ်းကြားတစ်ခုအတွင်းသို့ ခပ်သုတ်သုတ် ဆုတ်ခွာဝင်ရောက်သွားသည်။
သို့သော် သူ၏မျက်လုံးများကမူ ထိုသူလေးဦးထံမှ အကြည့်တစ်ချက်ပင် မခွာဝံ့ချေ။ သူတို့အနက် တစ်ယောက်ယောက်က အမှတ်မထင် လှမ်း၍ တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သူ အကဲခတ်ကြည့်လိုက်ရာ ထိုလေးဦးမှာ အဖွဲ့တစ်ဖွဲ့တည်း မဟုတ်ကြောင်း သိလိုက်ရသည်။ သိသာလှသည်မှာ သုံးဦးက ကျန်တစ်ဦးကို ဝိုင်းထားခြင်းဖြစ်ပြီး၊ ထိုဝိုင်းထားခံရသူမှာ လော့ချန်နှင့် ပို၍ နီးကပ်သောနေရာတွင် ရှိနေသည်။
ညမှောင်ရီအချိန် ဖြစ်သည့်အပြင် နောက်ကျောကိုသာ မြင်နေရသဖြင့် မည်သူမည်ဝါမှန်းကိုမူ လော့ချန် အတပ်မသိချေ။
သို့သော် ထိုသူ စကားပြောလိုက်သောအခါတွင်မူ လော့ချန် ခန့်မှန်း၍ ရသွားသည်။ အကြောင်းမှာ ထိုသူသည် လော့ချန်နှင့် ရင်းနှီးသောသူ ဖြစ်နေသောကြောင့်ပင်။
အစ်ကိုဝမ်….။
"လီဇီရှုံ၊ ငါ ဘာကောင်လဲဆိုတာ မင်းသိသားနဲ့၊ တကယ်ပဲ ငါ့ကို လာတားချင်တာလား"
"တားမှာတင် မဟုတ်ဘူး၊ သတ်မှာကွ၊ ဝမ်ယွမ်…. မင်းက ဖိုရှန်းဂိုဏ်း အတွက် အလုပ်ပတ်လုပ်ပေးနေတဲ့ လူယုတ်မာတစ်ယောက်ပဲ၊ မင်းကို တကယ်ကြောက်တဲ့သူ ရှိတယ်လို့ ထင်နေတာလား"
"သတ်မယ် ဟုတ်လား၊ အဆင့် ၅ ရှိတဲ့ ဒီကောင်နှစ်ကောင်ရယ်၊ မင်းရယ်၊ ဒီလောက်နဲ့ ငါ့ကို သတ်နိုင်မယ် ထင်လို့လား"
"တော်တော့.... တိုက်ကြစမ်း"
ဟိန်းဟောက်သံနှင့်အတူ တိုက်ပွဲမှာ စတင်လေတော့သည်။
မသက်ဆိုင်သူ လော့ချန်မှာမူ မှောင်အတိကျနေသည့် လမ်းကြားထဲသို့ အတော်ဝေးဝေးအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
လော့ချန်၏ ရင်ခုန်သံများမှာ မြန်ဆန်နေပြီး မျက်နှာမှာလည်း နီမြန်းနေသည်။ အခြေအနေကို မသိသူများအဖို့မူ သူကိုယ်တိုင်ပင် အသက်လုတိုက်ပွဲဝင်နေသည်ဟု ထင်မှတ်မှားစရာပင်။ တကယ်တမ်းတွင်မူ သူသည် ကျင့်ကြံသူများ၏ တိုက်ပွဲကို မြင်တွေ့ရခဲသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
တာကျန်းဂိုဏ်း နှင့် ဖိုရှန်းဂိုဏ်း အကြောင်း သူ ကြားဖူးနားဝ ရှိသည်။
တာဟဲစျေးမြို့တော်ကို ကျောက်စိမ်းအိုးဓားဂိုဏ်းက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဓိက စီမံခန့်ခွဲသူများမှာလည်း ထိုဂိုဏ်းမှ အစွမ်းထက်သူများ ဖြစ်ကြသည်။ ဈေးကွက်အတွင်းရှိ ဆိုင်ခန်းအများစုမှာလည်း အရှေ့ဖျားနယ်မြေခြောက်ခုမှ အခြားဂိုဏ်းကြီး ၅ ဂိုဏ်း၏ ကျောထောက်နောက်ခံဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။
သို့ရာတွင် တစ်ကိုယ်တော်ကျင့်ကြံသူ သောင်းနှင့်ချီ၍ ပေါင်းစုံရာ ဤဈေးမြို့တော်ကြီးအတွင်း၌ ဂိုဏ်းအချင်းချင်းကြားရှိ ဆက်ဆံရေးမှာ အလွန်တရာ ရှုပ်ထွေးနက်နဲလှသည်။
အထူးသဖြင့် အရှေ့ပိုင်းလွင်ပြင်ရှိ ဝမ်တောင်တန်းကြီး အနီးတွင် အဖိုးတန်သယံဇာတများ ပေါကြွယ်ဝလှရာ လူတိုင်းက မျက်စိကျနေကြသည်။ ထိုနေရာမှ ထွက်လာသော အကြွင်းအကျန် အကျိုးအမြတ်ကလေးများပင်လျှင် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးကို ကောင်းကောင်းမွန်မွန် ရှင်သန်စေနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် နှစ်များစွာအတွင်း တာဟဲစျေးမြို့တော်၌ အင်အားကြီးအဖွဲ့သုံးခု ပေါ်ထွက်လာခဲ့သည်။
ပြင်ပမှလာသော လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ် အပြင်၊ ဖိုရှန်းဂိုဏ်း ဆိုသည်မှာလည်း ရှိသေးသည်။ ဖိုရှန်းဂိုဏ်းသည် တောင်ပေါ်တွင် အမှီပြု၍ ရှင်သန်ကြသူများ ဖြစ်ပြီး၊ တောင်ထဲတွင် အမဲလိုက်သည့် ကျင့်ကြံသူအများစုမှာ ထိုဂိုဏ်းဝင်များ ဖြစ်ကြသည်။ သူတို့သည် ဝိညာဉ်သားရဲများကို အဖွဲ့လိုက် အမဲလိုက်ကြသလို၊ တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် တွေ့လျှင်လည်း ရတနာလုယူရန် သတ်ဖြတ်ပစ်တတ်ကြသည်။
နောက်ထပ်တစ်ခုမှာ တာကျန်းဂိုဏ်း ဖြစ်ပြီး ထိုသူတို့ကမူ လန်ချန်းမြစ်ကို အမှီပြုနေထိုင်ကြသူများ ဖြစ်သည်။ မြစ်မှရသော အကျိုးအမြတ်များကြောင့် တာကျန်းဂိုဏ်းသည် ဖိုရှန်းဂိုဏ်းနှင့် ရင်ပေါင်တန်းနိုင်လောက်အောင် အင်အားကြီးမားလာခဲ့သည်။
အပေါ်ယံကြည့်လျှင် ထိုနှစ်ဖွဲ့မှာ တစ်ဖက်နှင့်တစ်ဖက် မနှောင့်ယှက်ကြသယောင် ရှိသော်လည်း၊ လူရှိသည့်နေရာတွင် ပဋိပက္ခဆိုသည်မှာ ရှိမြဲပင်။ ထိတွေ့မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများမှာ မကြာခဏ ပေါ်ပေါက်တတ်သည်။
ယခုမူ လော့ချန်သည် ထိုပဋိပက္ခကို မျက်မြင်ကြုံတွေ့နေရပြီ ဖြစ်သည်။
နေ့ခင်းဘက် အဖြစ်အပျက်နှင့် ဝမ်ယွမ်၏ စကားများကို ပြန်ဆက်စပ်ကြည့်လျှင် လော့ချန် အမှန်တရားအချို့ကို သိလိုက်ရသည်။
ဤတိုက်ပွဲသည် ဂိုဏ်းနှစ်ခုအကြား အငြိုးအတေးကြောင့်သာမက၊ ဝမ်ယွမ် ရောင်းချနေသော သွေးစွန်းသည့် မှော်လက်နက်များနှင့်လည်း သက်ဆိုင်နေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ထိုလက်နက်များ၏ မူလပိုင်ရှင်များမှာ တာကျန်းဂိုဏ်းမှ ဂိုဏ်းသားများ ဖြစ်ဟန်တူပြီး၊ လီဇီရှုံ၏ ဆွေမျိုး သို့မဟုတ် သူငယ်ချင်းများ ဖြစ်ပေလိမ့်မည်။
လမ်းကြားထဲတွင် ပုန်းနေသော လော့ချန်သည် အသက်ကို အောင့်ထားကာ အာရုံစိုက်နေမိသည်။
ပြင်ပတွင် ဖြစ်ပွားနေသော တိုက်ပွဲကို သွားရောက်အကဲခတ်ချင်သည့် စိတ်ဆန္ဒ အနည်းငယ် ရှိသော်လည်း၊ မကြာမီမှာပင် ထိုစိတ်ကို အမြန်ဆုံး လျှော့ချလိုက်ပြီး အိမ်အပြန် လမ်းသွယ်တစ်ခုအတွင်းသို့ ပြတ်ပြတ်သားသားပင် ခြေဦးလှည့် ဆုတ်ခွာခဲ့သည်။
ဤသို့သော တိုက်ပွဲမှာ သူ ဝင်ပါနိုင်သည့် အခြေအနေ မဟုတ်ချေ။ အနားတွင် သွားကြည့်နေခြင်းကပင် သူ၏ အသက်ကို ရန်ရှာစေနိုင်သည်။
“အစ်ကိုဝမ်က ဒီနေ့ပဲ စာအုပ်ကို ငှားခဲ့တာ၊ ငါက အခုလို ထွက်ပြေးနေတာ နည်းနည်းတော့ ကျေးဇူးကန်းသလို ဖြစ်နေမလားပဲ”
လော့ချန်သည် ကျေးဇူးတရားကို တန်ဖိုးထားတတ်သူ ဖြစ်သည်။ သို့သော် ချီသန့်စင်အဆင့် ၃ သာ ရှိသေးသော ကျင့်ကြံသူလေးတစ်ဦးအနေဖြင့် အသက်နှင့်ရင်း၍ သွားရောက်ကူညီရန် ကြိုးစားခြင်းက မီးလောင်ရာ လေပင့်သလို အခက်အခဲကို ပို၍သာ ကြီးထွားစေပေလိမ့်မည်။ ထို့ကြောင့် ဤနေရာမှ အသာတကြည် လစ်ထွက်သွားခြင်းကသာ အကောင်းဆုံးနှင့် အမှန်ကန်ဆုံးသော ရွေးချယ်မှုပင်။
မိနစ်အနည်းငယ် ကြာပြီးနောက် လော့ချန်သည် အခြားလမ်းကြားတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့သည်။ သူ မှတ်မိသလောက်ဆိုလျှင် ဤလမ်းကြားအဆုံး၌ တောအုပ်ငယ်တစ်ခု ရှိပြီး ထိုတောအုပ်ကို ဖြတ်သွားလျှင် သူ့အိမ်နှင့် နီးကပ်သွားမည် ဖြစ်သည်။
သူ ခြေလှမ်းများကို မြှင့်လိုက်မည်အပြုတွင်၊ နောက်ဘက်မှ လေခွင်းသံတစ်သံကို ကြားလိုက်ရသည်။
လော့ချန် ချက်ချင်း လှည့်ကြည့်လိုက်ရာ လရောင်အောက်တွင် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူသည် လမ်းကြားထောင့်တစ်ခုတွင် ကွယ်ကာ အမြန်ပုန်းလိုက်သည်။
ထိုသူမှာ ဝမ်ယွမ်ကို ဝိုင်းထားသည့် အဆင့် ၅ ကျင့်ကြံသူ နှစ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
သူသည် တစ်ခုခုကို ရှာဖွေနေပုံရပြီး၊ လေခွင်းအတတ် ကို သုံးကာ မြေပြင်မှ နှစ်မီတာ၊ သုံးမီတာခန့် အကွာတွင် ပျံသန်းလျက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသည်။
လမ်းကြားအတွင်းသို့ တိုက်ခတ်လာသော ညလေညင်းထဲတွင် သွေးနံ့ သင်းသင်းလေး ပါလာသည်။
ဒီလူ ဒဏ်ရာရထားတာပဲ.…သူ့ရဲ့ အသက်ရှူသံတွေက ပြင်းနေပြီး ဒဏ်ရာကလည်း တော်တော်လေး နက်ပုံရတယ်.…။
သူ လိုက်ရှာနေတာကို ကြည့်ရင် အစ်ကိုဝမ်က လွတ်သွားပြီ ထင်တယ်….။
ဒီလက်ရဲဇက်ရဲ အစ်ကိုကြီးဝမ်ကတော့ သုံးယောက်တစ်ယောက် တိုက်ပွဲမှာတောင် ရန်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ပြီး အကောင်းအတိုင်း ဆုတ်ခွာနိုင်ခဲ့တာပဲ.…။
လော့ချန်သည် ထိုသူ အမြန်ထွက်သွားရန်သာ ဆုတောင်းနေမိသည်။ သို့သော် ကိစ္စများမှာ ထင်သလို ဖြစ်မလာတတ်ချေ။
"မင်းကို ငါ့ရှေ့က ဖယ်သွားဖို့ ပြောထားရက်နဲ့၊ အခုတော့ ငါ့လက်ထဲကို ပြန်ရောက်လာပြီပေါ့"
စကား မဆုံးသေးမီမှာပင် လရောင်အောက်တွင် မည်းမှောင်နေသော အရိပ်တစ်ခုသည် လျှပ်စီးအလား သူ့ဆီသို့ ပြေးဝင်လာသည်။
ရှူး….
"ငါ ဝမ်ယွမ်ကို မသတ်နိုင်ရင်တောင် မင်းကိုသတ်ပြီး အာဃာတ ဖြေရတာပေါ့ကွာ"
ထိုအရိပ်မှာ အလွန်လျင်မြန်ပြီး ရုတ်တရက် ဖြစ်လွန်းလှသဖြင့် လော့ချန်မှာ တုံ့ပြန်ရန် အချိန်မရလိုက်ချေ။ သူသည် သူ၏ စုတ်ပြတ်နေသော ဝတ်ရုံမှ ကာကွယ်ရေးဒိုင်းကို အမြန်ဖွင့်လိုက်ပြီး၊ အနိမ့်တန်း မှော်ဓားကိုလည်း ဆွဲထုတ်လိုက်သည်။
ဒေါင်….
ဖောက်….
ဓားသည် ကြေမွသွားပြီး ကာကွယ်ရေးဒိုင်းမှာလည်း ပွင့်ထွက်သွားသည်။ ထိုအရိပ်မှာ တစ်ခဏချင်းအတွင်း သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတော့သည်။
ချန်ရှောင်သည် သူ၏ လေခွင်းအတတ်ကို ရပ်တန့်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အနည်းငယ် ယိုင်နဲ့သွားသည်။
သူ၏ ပုခုံးပေါ်တွင် ဒဏ်ရာကြီးတစ်ခု ရှိနေပြီး သွေးနံ့မှာ ဖုံးကွယ်၍မရလောက်အောင် ပြင်းထန်လှသည်။ ဤနေရာသို့ ရောက်သောအခါ ဝမ်ယွမ်ကို ဆက်လက်လိုက်လံရန် သူ၏ အခြေအနေမှာ မဟန်တော့ကြောင်း သိခဲ့ရသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အနားတွင် ချီသန့်စင် အဆင့် ၃ ကျင့်ကြံသူတစ်ဦး ပုန်းနေသည်ကို တွေ့လိုက်ရရာ၊ ဒဏ်ရာရထားသော သူ၏ ဘေးကင်းရေးအတွက် ထိုသူမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။
ထို့ကြောင့် ရက်စက်လေ့ရှိသော ချန်ရှောင်သည် တစ်ဖက်လူ တုံ့ပြန်ရန် အချိန်မရမီ ချက်ချင်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ရလဒ်မှာမူ သူ မျှော်လင့်ထားသည့်အတိုင်းပင်။
"ဝမ်ယွမ်တောင် ငါ့ရဲ့ ဝိညာဉ်ဖျက်သံမှို ကို မခုခံနိုင်ဘူး၊ မင်းလို အဆင့် ၃ ကောင်ကတော့ ဒါနဲ့ သေရတာကို ဂုဏ်ယူသင့်တယ်"
သူ စကားပြောပြီးနောက် သွေးတစ်လုတ်ကို မအောင့်နိုင်ဘဲ ထွေးထုတ်လိုက်သည်။
ထွီး….
“ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး၊ ရလာတဲ့ ပစ္စည်းတွေကို ယူပြီး အမြန်ထွက်မှပဲ”
ချန်ရှောင် ထိုသို့ တွေးလိုက်စဉ်မှာပင်၊ မီးတောက်တစ်ခု သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
“ဒီကောင် မသေသေးဘူးလား....”
ဝုန်း….
ချန်ရှောင်သည် ချက်ချင်း တုံ့ပြန်ကာ သူ၏ ဝတ်ရုံရှိ ကာကွယ်ရေးဒိုင်းကို ထပ်မံ ဖွင့်လိုက်သည်။
သို့သော် ထိုမီးတောက်မှာ ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက်၊ အခြားသော ဧရာမ မီးလုံးကြီးတစ်ခုက ထပ်ဆင့် ကျရောက်လာပြန်သည်။
၎င်းမှာ မီးလုံးတစ်လုံးတည်း မဟုတ်ချေ။ ပထမတစ်လုံး ပေါက်ကွဲသွားသည်နှင့်အတူ မီးလုံးများမှာ အဆက်မပြတ် ဆက်တိုက် ကျရောက်လာပြီး သူ့အား မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။
"ဒါ…. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝုန်း.…ဝုန်း….ဝုန်း.…ဝုန်း….
အဆက်မပြတ် ကျရောက်လာသော မီးလုံးများမှာ အလွန်လျင်မြန်လှသဖြင့် ချန်ရှောင်မှာ အသက်ရှူရန်ပင် အချိန်မရတော့ချေ။
မည်သည့် ရပ်တန့်မှုမျှ မရှိဘဲ မီးလုံး ၂၀ ခန့်မှာ အမြောက်ဆန်များအလား တစ်လုံးပြီးတစ်လုံး ဆက်တိုက် ပန်းထွက်လာသည်။
ချီသန့်စင် အဆင့် ၅ ကျင့်ကြံသူဖြစ်သော ချန်ရှောင်မှာ ပထမအဆင့် အလယ်အလတ်တန်းစား ဝတ်ရုံကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ၎င်း၏ ကာကွယ်နိုင်စွမ်းမှာ ကောင်းမွန်သော်လည်း၊ စောစောက ဝမ်ယွမ်နှင့် တိုက်ပွဲတွင် အနည်းငယ် ပေါက်ပြဲထားခဲ့ပြီ ဖြစ်သည်။
ယခုမူ အရေးပေါ်အခြေအနေတွင် ထိုဝတ်ရုံမှာ တတိယမြောက် မီးလုံးကိုပင် မခုခံနိုင်တော့ဘဲ လုံးဝ ပျက်စီးသွားတော့သည်။
နောက်ဆုံးတွင်မူ မီးလုံးများမှာ လူတစ်ယောက်ကို တိုက်ခိုက်နေခြင်း မဟုတ်တော့ဘဲ မီးကျွမ်းနေသော အလောင်းတစ်ခုကိုသာ ထုရိုက်နေသကဲ့သို့ ဖြစ်သွားသည်။
လော့ချန်သည် နံရံကို မှီထားပြီး မျက်နှာမှာ ဖြူလျော့နေကာ ခန္ဓာကိုယ်တစ်ခုလုံးလည်း မထိန်းနိုင်အောင် တုန်ယင်နေသည်။
လူက ကျားကို ရန်မမူချင်သော်လည်း၊ ကျားက လူကို သတ်ချင်နေတတ်သည် မဟုတ်ပါလော။
သူသည် မည်သူနှင့်မျှ ပဋိပက္ခမဖြစ်ချင်ခဲ့သော်လည်း၊ တစ်ဖက်လူကမူ သူ၏ အသက်ကို ခြိမ်းခြောက်လာခဲ့သည်။
အကယ်၍ တစ်ဖက်လူ၏ ချီစွမ်းအင်မှာ ကုန်ခမ်းလုနီးပါး မဖြစ်နေခဲ့လျှင်သော်လည်းကောင်း၊ သူကိုယ်တိုင်က အမြဲနိုးနိုးကြားကြား မရှိဘဲ မှော်ဓားနှင့် ဝတ်ရုံကို သုံးပြီး ပထမဆုံး တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့လျှင်သော်လည်းကောင်း၊ ယခုအချိန်တွင် သူသည် အလောင်းတစ်ကောင် ဖြစ်နေလောက်ပြီ။
လော့ချန်သည် အံကိုကြိတ်ကာ သူ့ကိုယ်သူ မရမက ထူမလိုက်သည်။
"မင်း သေသင့်တယ်၊ တကယ်ကို သေသင့်တာ"
သူ၏ ဝမ်းဗိုက်တွင် လက်တစ်လုံးခန့် ထူသော အပေါက်ကြီးတစ်ခု ရှိနေပြီး ခန္ဓာကိုယ်အတွင်း၌ သံမှိုကဲ့သို့ အရာတစ်ခု ရှိနေသကဲ့သို့ ခံစားနေရကာ မခံမရပ်နိုင်အောင် နာကျင်နေသည်။
ထိုနာကျင်မှုကို အံတုရင်း လော့ချန်သည် မီးကျွမ်းနေသော အလောင်းဆီသို့ လျှောက်သွားသည်။
ထိုလူမှာ လုံးဝ မီးကျွမ်းသွားခဲ့ပြီး သူ၏ အလယ်အလတ်တန်းစား ဝတ်ရုံမှာလည်း ယခင်ကကဲ့သို့ အရောင်အဝါ မရှိတော့ချေ။
လော့ချန်သည် ကျိုးပဲ့နေသော ဓားဖြင့် ဟိုဒီ တို့ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ဝင်းလက်သွားသည်။
"အနည်းဆုံးတော့ တစ်ခုခု ကျန်ခဲ့တာပဲ"
စုတ်ပြတ်နေသော ဝတ်ရုံအောက်တွင် မည်းမှောင်နေသော သိုလှောင်အိတ် တစ်ခု ရှိနေသည်။
သူ ထိုအိတ်ကို ကောက်ယူလိုက်ပြီး ဝမ်းမသာရသေးမီမှာပင် အမိုးပေါ်မှ လေခွင်းသံတစ်သံ ပေါ်ထွက်လာသည်။
သူ ခေါင်းမော့ကြည့်လိုက်ရာ လရောင်အောက်တွင် လူသတ်သမားတစ်ဦးကဲ့သို့ ခက်ထန်သော မျက်နှာနှင့် လူသန်ကြီးတစ်ဦးမှာ လက်ထဲတွင် ဓားကြီးတစ်လက်ကို ကိုင်ထားပြီး၊ အခြားလက်တစ်ဖက်တွင် လူခေါင်းနှစ်လုံးကို ဆွဲလျက် လင်းယုန်တစ်ကောင်အလား အပေါ်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရတော့သည်။