မမျှော်လင့်သော လာဘ်လာဘ
Vol. 2 Ch. 17
"မင်း သူ့ကို သတ်လိုက်တာလား"
လော့ချန် ပြန်မဖြေရသေးမီမှာပင် ဝမ်ယွမ်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
"မင်း သတ်လိုက်တာပဲ ဖြစ်ရမယ်"
ဝမ်ယွမ်က မီးကျွမ်းနေသော အလောင်းဆီသို့ လျှောက်သွားသောအခါ လော့ချန် ထိတ်လန့်တကြား ဆုတ်ခွာလိုက်မိသည်။
ဝမ်ယွမ်က သူ၏ ဓားကြီးကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ မီးလောင်ကျွမ်းနေသဖြင့် မည်သူမည်ဝါမှန်း မခွဲခြားနိုင်တော့သော ထိုလူ၏ ဦးခေါင်းမှာ တစ်ချက်တည်းဖြင့် ပြတ်ကျသွားတော့သည်။
ဝမ်ယွမ်သည် တုန်လှုပ်နေသော လော့ချန်နှင့် သူ၏ လက်ထဲမှ သိုလှောင်အိတ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအစုံမှာ ခဏတာမျှ ရှုပ်ထွေးသွားဟန် ရှိသည်။
ညလေညင်းမှာ အေးစက်လှသလို၊ သွေးစွန်းနေသော ခန္ဓာကိုယ်မှာလည်း ပို၍ပင် အေးစက်နေသကဲ့သို့ ခံစားရသည်။
လော့ချန်က မဝံ့မရဲ ပြုံးလိုက်ရင်း ဆိုသည်။
"အစ်ကိုဝမ်၊ ကျွန်တော် ဟိုစာအုပ်ကို မဖတ်ရသေးဘူးဗျ"
တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဝမ်ယွမ်၏ အကြည့်များမှာ ပျော့ပြောင်းသွားပြီး မျက်တောင်များမှာလည်း ပြန်လည် တွဲကျသွားသည်။
"အိမ်ကို စောစောပြန်တော့၊ တာဟဲစျေးမြို့တော်ရဲ့ ညဉ့်နက်ပိုင်းတွေက အန္တရာယ်များတယ်"
"ဟုတ်ကဲ့.... ဟုတ်ကဲ့"
လော့ချန် လှည့်ထွက်သွားသော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် တုံ့ခနဲ ရပ်သွားသည်။ သူ အားယူ၍ နောက်ပြန်လျှောက်လာပြီး၊ ဆေးပင်များ ပြည့်နေသော မြွေအရေခွံအိတ်ကြီးကို မရမက ပုခုံးပေါ် ပြန်ထမ်းလိုက်သည်။
ဤသည်မှာ သူ့တွင်ရှိသမျှ အရာအားလုံး မဟုတ်ပေလော။
လမ်းကြားအထွက်သို့ ရောက်လုနီးပါး ဖြစ်နေသော လော့ချန်၏ ကျောပြင်ကို ကြည့်ရင်း ဝမ်ယွမ်သည် အဓိပ္ပာယ်ဖော်မရသော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။
"ဒါကို ယူသွားလိုက်၊ အဲဒီခေါင်းအတွက် ပေးတဲ့ အခကြေးငွေလို့ သဘောထားလိုက်တော့"
တူတစ်ချောင်းခန့် ရှည်လျားသော အနက်ရောင် ဆူးချွန်တစ်ခု လော့ချန်၏ ခြေရင်းသို့ ကျလာသည်။ ထိုဆူးချွန်တွင် သွေးစိမ်းရှင်ရှင်များနှင့် အသားစအချို့ ကပ်ပါနေဆဲ ဖြစ်သည်။
"အစ်ကိုဝမ်၊ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ"
"သွားတော့၊ လမ်းမကြီးက မသွားဘဲ တောအုပ်ထဲက လမ်းကိုပဲ သုံးသွားနော်"
"ဟုတ်ကဲ့"
လော့ချန်သည် ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်ပြီးနောက်၊ နောက်သို့ လှည့်မကြည့်တော့ဘဲ တောအုပ်အတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။
လမ်းကြားအတွင်း၌ ဝမ်ယွမ်သည် လူခေါင်းသုံးလုံးကို ကိုင်လျက် ခဏမျှ ရပ်နေပြီးနောက်၊ မှောင်ရိပ်အတွင်းသို့ တဖြည်းဖြည်းချင်း တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
အား…. အား….
ဟူး….
လော့ချန်သည် သေနေသော ငါးတစ်ကောင်ကဲ့သို့ သူ၏ ကုတင်ခြေရင်းတွင် ပုံလျက်သား လဲကျသွားသည်။ ချွေးများမှာ ရွှဲရွှဲစိုနေပြီး အတွင်းခံအင်္ကျီမှာပင် စိုရွှဲနေတော့သည်။
သူ၏ ရှေ့ကြမ်းပြင်ပေါ်တွင်မူ ခါးမှ ဆွဲထုတ်လိုက်သော အခြား ဝိညာဉ်ဖျက်သံမှိုတစ်ခု ရှိနေသည်။
ပြင်းထန်လှသော နာကျင်မှုကို အံတုရင်း လော့ချန်သည် အနီးနားရှိ ဆေးပုလင်းအချို့ကို ဆွဲယူကာ ဒဏ်ရာပေါ်သို့ လောင်းထည့်လိုက်သည်။
ဤဆေးများမှာ သူ၏ ဆေးဖော်စပ်မှု စမ်းသပ်ချက်များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားပါက အသုံးပြုရန် ကိုယ်တိုင် ဖော်စပ်ထားသော ဒဏ်ရာကုဆေးများ ဖြစ်သည်။ ၎င်းတို့သည် ယခင်ကလည်း အကြိမ်ကြိမ် အသုံးဝင်ခဲ့ဖူးသည်။
ယနေ့တွင်မူ ထိုဆေးများမှာ သူ၏ အသက်သခင်ပင် ဖြစ်တော့သည်။
ဆေးမှုန့်များ ဒဏ်ရာထဲသို့ ဝင်သွားသောအခါ အေးမြသော ခံစားချက်ကို ခဏတာ ရရှိလိုက်သော်လည်း၊ မကြာမီမှာပင် ပူစပ်ပူလောင် ဖြစ်သော ဝေဒနာက အစားထိုး ဝင်ရောက်လာသည်။
“တောက်….အမလေး….ကျိန်စာသင့်ပါစေကွာ….”
သူ၏ နှုတ်ခမ်းဖျားမှ ဆဲဆိုသံများမှာ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ထွက်ပေါ်နေသည်။
လော့ချန်သည် သူ့ဘဝတွင် ဤမျှလောက် ဒေါသမထွက်ခဲ့ဖူးချေ။ သူ့အား နာကျင်အောင် လုပ်ခဲ့သော ရန်သူကို ဒေါသထွက်ခြင်း မဟုတ်ဘဲ သူ၏ အားနည်းမှုကိုသာ သူ ဒေါသထွက်နေခြင်း ဖြစ်သည်။
အကယ်၍သာ သူသည် ဝမ်ယွမ်ကဲ့သို့ အစွမ်းထက်ခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။
နောက်ဆုံးတွင် ဒဏ်ရာကို ပတ်တီးစီးပြီးသောအခါ လော့ချန် သက်ပြင်းတစ်ချက် ချလိုက်သည်။
နာကျင်နေသည့်ကြားမှပင် သူသည် ဧည့်ခန်းထဲသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်သွားကာ၊ မြွေအရေခွံအိတ်ကို ဖွင့်ပြီး ဆေးပင်များကို အမျိုးအစားအလိုက် စင်ပေါ်သို့ စနစ်တကျ ခွဲထုတ်လိုက်သည်။
ဤအနိမ့်တန်း ဆေးပင်များကို စုပုံထားပါက အာနိသင်များ လျင်မြန်စွာ ပျက်ပြယ်သွားနိုင်သောကြောင့် ဖြစ်သည်။
မှိန်ပျပျ ဆီမီးအောက်တွင် ယိုင်နဲ့နေသော သူ၏ ခြေလှမ်းများကို ကြည့်ရသည်မှာ များစွာ သနားစရာ ကောင်းလှသည်။
လော့ချန်သည် ယခင်ဘဝက ခွဲစိတ်မှုလုပ်ပြီးပြီးချင်း အလုပ်ခွင်သို့ ပြန်ဝင်ခဲ့ရသည့် အချိန်များကိုပင် ပြန်လည် သတိရမိသည်။
သူ တီးတိုး ရေရွတ်လိုက်သည်။
"ဘယ်နေရာကိုပဲ သွားသွား၊ ဒီပင်ပန်းရတဲ့ ဘဝကတော့ ရုန်းမထွက်နိုင်ပါလား၊ ငါ့ရဲ့ အရင်ဘဝက အသက် ၇၅ နှစ်အထိပဲ နေရမှာဆိုတာ မဆန်းတော့ပါဘူး"
အားလုံး ပြီးစီးသွားမှသာ သူ ကုတင်ပေါ်သို့ လှဲချနိုင်တော့သည်။
ခါးမှ စူးစူးဝါးဝါး နာကျင်မှုကြောင့် အလွန်ပင်ပန်းနေသော်လည်း အိပ်၍ မရချေ။
မတတ်သာသည့်အဆုံး သူ၏ အာရုံကို လွှဲရန်အတွက် အခြားအလုပ်တစ်ခုကို ရှာလိုက်ရသည်။
"ဟို ငတုံး ဘာတွေ ချန်ထားခဲ့လဲ ကြည့်ရအောင်"
ချီသန့်စင်အဆင့် ကျင့်ကြံသူများ၏ သိုလှောင်အိတ်များတွင် ဝိညာဉ်အသိ မရှိသဖြင့် မည်သည့် တားမြစ်ချက်မျှ မရှိချေ။ ထို့ကြောင့် ပိုင်ရှင်သေဆုံးသည်နှင့် အိတ်ပေါ်ရှိ ချီစွမ်းအင်မှာလည်း သဘာဝအလျောက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လော့ချန်သည် ကျန်ရှိနေသော ချီစွမ်းအင် အနည်းငယ်ကို သုံး၍ အိတ်ကို ဖွင့်လိုက်သည်။
ပစ္စည်းပုံကြီးမှာ သူ၏ သစ်သားကုတင်ပေါ်သို့ ပြိုကျလာတော့သည်။
"ဒီနေ့က ဈေးနေ့ဆိုတော့ ဒီကောင် ပစ္စည်းတွေ အတော်လေး ဝယ်ထားတာပဲ"
အဆင့်နိမ့် ဝတ်ရုံတစ်ထည်၊ စိတ်တည်ငြိမ်စေသော အမွှေးတိုင် တစ်ဗူး၊ မှော်အာဟာရဆေးလုံး ၅ ပုလင်း၊ ချီစွမ်းအင်ဖြည့်ဆေးလုံး ၁ ပုလင်း၊ ရွှေရင်အေးဆေးမှုန့် ၁ ပုလင်းနှင့် မှော်စာရွက် အထပ်လိုက်….။
ထို့ပြင် ကုတင်၏ နေရာအတော်များများကို ယူထားသော ခြောက်သွေ့နေသည့် ဝိညာဉ်ဆေးပင် ပုံကြီးလည်း ပါဝင်သည်။
သို့သော် လော့ချန် အာရုံအစိုက်ဆုံးအရာမှာ ဝိညာဉ်ကျောက် များ ဖြစ်သည်။
"ဝိညာဉ်ကျောက် ၉၂ တုံးပဲလား၊ တောက်.... ဒီကောင် တော်တော် ဆင်းရဲတာပဲ" ဟု လော့ချန်က ကျိန်ဆဲလိုက်သော်လည်း၊ ထိုကျောက်များကို သိမ်းဆည်းသည့်အခါတွင်မူ မျက်နှာက ပြုံးဖြဲဖြဲ ဖြစ်နေသည်။
အရေအတွက်မှာ ချီသန့်စင်အဆင့် ၅ ကျင့်ကြံသူတစ်ဦးအတွက် နည်းပါးလှသော်လည်း၊ ကျန်ရှိသော ပစ္စည်းများ၏ တန်ဖိုးမှာမူ ၉၂ တုံးထက် များစွာ သာလွန်လှသည်။
အဆင့်နိမ့်ဝတ်ရုံမှာ ဟောင်းနွမ်းနေသော်လည်း ပြန်ရောင်းလျှင် အနည်းဆုံး ဝိညာဉ်ကျောက် ၁၀၀ ခန့် ရနိုင်သည်။ ၎င်းသည် မှော်စာရွက်များထက် ဂါထာထုတ်ဖော်မှု ပို၍ လျင်မြန်သည်။
ထို့ကြောင့်ပင် လော့ချန်သည် စောစောက ဒိုင်းကို ချက်ချင်း ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သလို၊ ထိုငတုံးမှာလည်း မီးလုံးနှင့် ထိခိုက်ချိန်တွင် ဝတ်ရုံ၏ ကာကွယ်ရေးဒိုင်းက ချက်ချင်း ပွင့်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ၎င်းသည် အကောင်းအတိုင်းရှိသော အလယ်အလတ်တန်းစား ဝတ်ရုံသာ ဖြစ်ခဲ့လျှင် မီးလုံး ၆ လုံး၊ ၇ လုံးလောက်ကို ခံနိုင်ရည် ရှိပေလိမ့်မည်။ ကံကောင်းစွာဖြင့် ဝမ်ယွမ်က ကြိုတင်၍ ဖျက်ဆီးထားခဲ့သဖြင့် မီးလုံး ၃ လုံးကိုပင် မခံနိုင်ခဲ့ခြင်း ဖြစ်သည်။
အသက်ရှူသုံးချက်စာ အချိန်တွင် ဒဏ်ရာပြင်းထန်နေသော ချန်ရှောင်အတွက် အခြားနည်းလမ်းများ သုံးရန် မလုံလောက်ခဲ့ချေ။
မှော်အာဟာရဆေးလုံး ၅ ပုလင်းမှာ တန်ဖိုးကြီးလှသည် မဟုတ်ဘဲ၊ လော့ချန်၏ ကိုယ်ပိုင်ဆေးလုံးများလောက် အရည်အသွေး မကောင်းသော်လည်း ဝိညာဉ်ကျောက် တစ်တုံးခန့်တော့ တန်ဖိုးရှိသည်။
သို့သော် ကျန်သည့်ပစ္စည်းများမှာမူ အမှန်ပင် တန်ဖိုးရှိလှသည်။
စိတ်တည်ငြိမ်စေသော အမွှေးတိုင်မှာ အဆင့်နိမ့်ကျင့်ကြံသူများအတွက် အကောင်းဆုံးသော အထောက်အပံ့ပစ္စည်း ဖြစ်သည်။
တစ်နေ့လျှင် တစ်တိုင် ထွန်းညှိခြင်းဖြင့် ကျင့်စဉ်ကို ၅ ကြိမ် ပိုမို ကျင့်ကြံနိုင်သည့်အပြင်၊ အဆင့်နိမ့်ကျင့်ကြံသူများ၏ နုနယ်သော ဝိညာဉ်ကိုလည်း ပြန်လည် အားဖြည့်ပေးနိုင်သည်ဟု ဆိုကြသည်။
၁၂ တိုင်ပါ တစ်ဗူးလျှင် ဝိညာဉ်ကျောက် ၁၂၀ ခန့် တန်ဖိုးရှိသည်။
ချီစွမ်းအင်ဖြည့်ဆေးလုံး ပေါ်ရှိ အမှတ်အသားများကို ကြည့်ခြင်းဖြင့် ၎င်းမှာ ဝိညာဉ်ဆေးနန်းဆောင်မှ လာခြင်းဖြစ်ကြောင်း သိနိုင်သည်။
ထိုဆေး၏ ပုံသေဈေးမှာ တစ်ပုလင်းလျှင် ဝိညာဉ်ကျောက် ၁၀၀ တိတိ ဖြစ်သည်။
ဤအရာအားလုံးမှာ အရည်အသွေးမြင့် ပစ္စည်းများ ဖြစ်သည်။ သုံးစွဲပြီး ကျင့်ကြံပါက ချီစွမ်းအင်ကို များစွာ တိုးတက်စေမည်မှာ အမှန်ပင်။
မှော်စာရွက် အထပ်လိုက်မှာမူ လော့ချန်၏ အတွေ့အကြုံအရ ဝိညာဉ်ကျောက် ၅၀ မှ ၆၀ ခန့် တန်ဖိုးရှိပေလိမ့်မည်။
ကုတင်ပေါ်ရှိ ခြောက်သွေ့နေသော ဆေးပင်များမှာမူ သူ မရင်းနှီးသော်လည်း အလုံးအရင်းနှင့် ဝယ်ထားသည်ကို ကြည့်လျှင် တန်ဖိုးရှိမည့်အရာများ ဖြစ်ပေလိမ့်မည်။
သူ တွက်ချက်ကြည့်လိုက်ရာ စုစုပေါင်း တန်ဖိုးမှာ ဝိညာဉ်ကျောက် ၄၀၀ ခန့် ရှိနေသည်။
"မမျှော်လင့်ဘဲ ချမ်းသာသွားတာပဲ"
"စကားပုံတစ်ခု ရှိတယ်လေ၊ ညဘက် မြက်မစားတဲ့ မြင်းက မဝဖြိုးနိုင်သလို၊ မမျှော်လင့်တဲ့ လာဘ်လာဘ မရတဲ့လူလည်း မချမ်းသာနိုင်ဘူးတဲ့"
ယနေ့ည၏ ခဏတာအတွင်း လော့ချန်၏ ကြွယ်ဝမှုမှာ လေးဆခန့် တိုးတက်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် သူ၏ အကြီးမားဆုံး အမြတ်အစွန်းမှာ ဤပစ္စည်းများ မဟုတ်ချေ။
၎င်းမှာ သိုလှောင်အိတ် ကိုယ်တိုင်ပင် ဖြစ်သည်။ သိုလှောင်အိတ်မှာ ကုဗမီတာ တစ်ဝက်ခန့်သာ ရှိသဖြင့် အသေးဆုံးနှင့် ဈေးအပေါဆုံး အမျိုးအစား ဖြစ်သည်။ သို့သော်လည်း ရတနာနန်းဆောင်တွင် ဝယ်မည်ဆိုပါက ဝိညာဉ်ကျောက် တစ်သောင်း (၁၀,၀၀၀) အထိ ပေးရမည် ဖြစ်သည်။
ထိုငတုံးမှာ ဤအိတ်ကို လက်ဆောင်ရခဲ့ခြင်းလော၊ ခိုးယူခဲ့ခြင်းလော မသိရသော်လည်း၊ သူကိုယ်တိုင် ဝယ်နိုင်မည့် အနေအထား မဟုတ်သည်တော့ သေချာသည်။ အမှန်စင်စစ် အဆင့်နိမ့်ကျင့်ကြံသူ အများစုမှာ အသေးဆုံးအိတ်ကိုပင် မဝယ်နိုင်ကြချေ။ ဤကဲ့သို့သော အိတ်မျိုးမှာ ဂိုဏ်းကြီးများမှ အတွင်းတပည့်များသာ ကိုင်ဆောင်ခွင့် ရှိကြပြီး၊ အပြင်တပည့်များပင်လျှင် ကိုင်ဆောင်ရန် အရည်အချင်း မပြည့်မီကြသေးချေ။
"ငါတော့ ကံထူးပြီ၊ တကယ့်ကို ကံထူးပြီ"
လော့ချန် အားရပါးရ ရေရွတ်လိုက်သည်။
"ဝတ္ထုတွေထဲမှာ လူသတ်ပြီး ရတနာလုတာ ဘာလို့ အမြဲပါနေလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်၊ ဒါပေမဲ့ အန္တရာယ်ကတော့ အရမ်းကြီးလွန်းတယ်၊ တစ်ချက်မှားတာနဲ့ တစ်သက်လုံး ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားနိုင်တာပဲ"
ယနေ့ည တစ်ညတည်းမှာပင် လော့ချန်၏ ရှေ့မှောက်၌ သတ်ပွဲ နှစ်ပွဲ ဖြစ်ပျက်ခဲ့သည်။
တာကျန်းဂိုဏ်းမှ လီဇီရှုံသည် လူသုံးဦးဖြင့် ဝမ်ယွမ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့သော်လည်း ကျရှုံးခဲ့ရသည်။
အဆင့် ၅ ကျင့်ကြံသူ ငတုံးသည်လည်း လော့ချန်ကို ချက်ချင်းသတ်ရန် ကြိုးစားခဲ့သော်လည်း သူကိုယ်တိုင်သာ အသက်ပျောက်ခဲ့ရသည်။
"ဒီလို အန္တရာယ်များတဲ့ အလုပ်တွေကို ကျွမ်းကျင်တဲ့သူတွေပဲ လုပ်ကြပါစေတော့၊ ငါတော့ ဒီလို စိတ်ဖိစီးမှုတွေကို မခံနိုင်ဘူး"
လော့ချန် ခေတ္တမျှ စဉ်းစားပြီးနောက် အိတ်ထဲသို့ မထည့်ရသေးသည့် နောက်ဆုံး ကျောက်စိမ်းပုလင်းကို ကောက်ယူလိုက်သည်။
ရွှေရင်အေးဆေးမှုန့်.…။
ဤအရာသည် ဝိညာဉ်ဆေးနန်းဆောင်၏ နာမည်ကြီး ဆေးတစ်မျိုး ဖြစ်သည်။
၎င်းသည် သတ္တုစွမ်းအင်ပါသော မှော်လက်နက်များကြောင့် ရရှိသည့် ဒဏ်ရာများအတွက် အလွန်ထိရောက်ပြီး၊ ဝိညာဉ်ကျောက် ၁၀ တုံးသာ ကျသင့်သည်။
၎င်း၏ သက်သာသောဈေးနှုန်းနှင့် ကောင်းမွန်သော အရည်အသွေးကြောင့် တာဟဲစျေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အကြိုက်ဆုံးဆေး ဖြစ်သည်။
လော့ချန် တစ်ချက် နမ်းကြည့်လိုက်ရာ အနံ့မှာ ပုံမှန်ပင် ဖြစ်သဖြင့် အဆိပ်မဟုတ်ကြောင်း အတည်ပြုလိုက်သည်။
မည်သူက မိမိအိတ်ထဲရှိ ဆေးပုလင်းထဲတွင် အဆိပ်ထည့်ထားမည်နည်း။ အကယ်၍ ဒဏ်ရာပြင်းထန်နေချိန်တွင် အမှတ်မထင် မှားသောက်မိပါက အသက်ပင် ဆုံးရှုံးနိုင်သည် မဟုတ်ပါလော။
သူသည် ယခုလေးတင် စီးထားသော ပတ်တီးများကို ပြန်ဖြည်ရဦးမည် ဖြစ်သည်။ လော့ချန် သက်ပြင်းတစ်ချက်ချကာ လိုအပ်သည်များကို လုပ်ဆောင်လိုက်တော့သည်။
နောက်တစ်နေ့ နံနက်မိုးလင်းသောအခါ လေးလံထိုင်းမှိုင်းသော ဦးခေါင်းနှင့်အတူ သူ ခက်ခဲစွာ နိုးထလာခဲ့သည်။
၎င်းမှာ သူ၏ဘဝတွင် ရှားရှားပါးပါး အိပ်ရာထ နောက်ကျခွင့်ရသည့် အချိန်ပင်။
ညဉ့်နက်ပိုင်းက ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကြောင့် စိတ်ရောကိုယ်ပါ အစွမ်းကုန် ပင်ပန်းနွမ်းနယ်သွားခဲ့ရသဖြင့် သတိမေ့လုမတတ် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်လေသည်။
ခဏမျှ မှိန်းနေပြီးနောက်၊ လော့ချန်သည် သွားကိုတင်းတင်းစေ့ကာ သူ့ကိုယ်သူ အိပ်ရာပေါ်မှ မရမက ထူလိုက်သည်။
အခြေအနေများ မည်မျှပင် ခက်ခဲပါစေ၊ လဲကျပြီး အရှုံးပေးလိုက်ခြင်းမှာ ရွေးချယ်စရာ မဟုတ်ချေ။
သူသည် ဧည့်ခန်းထဲသို့သွားကာ ဝိညာဉ်ဆေးပင် အထုပ်တစ်ထုပ်ကို ယူ၍ နေလှန်းရန် ခြင်းတောင်းထဲသို့ ဖြန့်ထည့်လိုက်သည်။
တံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်သောအခါ မွန်းတည့်နေ၏ တောက်ပစူးရှလှသော အလင်းတန်းများကြောင့် သူ၏မျက်စိများမှာ ကျိန်းစပ်ကာ ဝေဝါးသွားခဲ့ရသည်။
ခဏအကြာတွင် အမြင်အာရုံကို ပြန်လည်ညှိယူလိုက်စဉ် တံခါးဝ၌ အရိပ်တစ်ခုပမာ မတ်တတ်ရပ်နေသော ဝမ်ယွမ်ကို အမှတ်မထင် မြင်လိုက်ရသဖြင့် သူ၏သွေးများပင် ဆောင့်တက်မတတ် ထိတ်လန့်သွားတော့သည်။
ဝမ်ယွမ်သည် ဆေးပင်များ ထည့်ထားသော ခြင်းတောင်းထဲသို့ အရာဝတ္ထုတစ်ခုကို ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။
"ဒါကို ယူထားလိုက်၊ အခုကစပြီး မင်းက ဖိုရှန်းဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ"
"ဘယ်သူမဆို မင်းကို ဒုက္ခပေးလာရင် မင်းက ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတာလို့ ပြောလိုက်"
ခြင်းတောင်းထဲရှိ သံတံဆိပ်ပြားလေးကို ကြည့်ရင်း လော့ချန် ခဏမျှ ကြောင်သွားသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်"
ဝမ်ယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရင်း ဆိုသည်။
"ဘာလို့ ကျေးဇူးတင်နေတာလဲ၊ ငါ ဒုက္ခရောက်နေတုန်းက မင်း ငါ့ကို မှော်အာဟာရဆေးလုံးတွေ အကြွေးပေးခဲ့တာကိုတောင် ငါ ကျေးဇူးမတင်ရသေးဘူး"
"ကဲ.... ပေးစရာရှိတာ ပေးပြီးပြီဆိုတော့ ငါ ပြန်တော့မယ်၊ အပြင်မြို့က မကြာခင်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာနိုင်တယ်၊ သွားလာတဲ့အခါ သတိထားဦး"
ထိုသို့ ပြောပြီးသည်နှင့် သူသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ လှည့်ထွက်သွားတော့သည်။