ရက်စက်လှသော ရွေ့လျားအမြောက်တပ်
Vol. 2 Ch. 19
တိုက်ခိုက်ရေး အတွေ့အကြုံ အားနည်းခြင်းမှာ လော့ချန်၏ အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်သည်။
သို့သော် ဤအားနည်းချက်မှာ အကြောင်းရင်းများစွာအပေါ် အခြေခံနေပြီး သူ၏ နိမ့်ပါးလှသော ကျင့်ကြံခြင်းအဆင့်သည် အကြီးမားဆုံးသော အဟန့်အတား ဖြစ်နေတော့သည်။
ကောင်းမွန်သော မှော်လက်နက်၊ အစွမ်းထက်သော ပညာရပ် သို့မဟုတ် မြင့်မားသော ကျင့်ကြံမှု အဆင့်မရှိသည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးမှာ တိုက်ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝရန် မလွယ်ကူလှချေ။ ဝမ်ယွမ်မှာမူ ထိုအထဲမှ ရှားပါးလှသော ခြွင်းချက်တစ်ခုဟု ဆိုရပေမည်။
သိုင်းသမားကြီးတစ်ဦးဖြစ်သည့် ဝမ်ယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူများကို ကျော်လွန်နေပြီး ဖြစ်သည်။ ထို့အပြင် သူသည် ကျင့်ကြံခြင်းလမ်းစဉ်ကို မလိုက်စားမီကပင် တိုက်ခိုက်ခြင်း၌ အတွေ့အကြုံများစွာ စုဆောင်းခဲ့ပြီး ဖြစ်သည်။
မဟုတ်ပါက တာဟဲစျေးမြို့တော်ရှိ သောင်းနှင့်ချီသော ကျင့်ကြံသူများထဲတွင် အဆင့်မြင့်ကျင့်ကြံသူ ရာနှင့်ချီရှိနေပါလျက်၊ အဘယ်ကြောင့် ဝမ်ယွမ် တစ်ဦးတည်းသာ ဤမျှ ကျော်ကြားနေရသနည်း။
သူသည် ချီသန့်စင်အဆင့် (၇) သာရှိသော်လည်း ဇာစ်မြစ်မသေချာသော မှော်လက်နက်များကို နေ့စဉ် လူပုံအလယ်တွင် ရောင်းချနေနိုင်ပြီး ဘေးအန္တရာယ်ကင်းကင်းဖြင့် ရှင်သန်နေနိုင်ခြင်းမှာ အံ့ဩစရာပင်။
ယခုမူ လော့ချန်တွင်လည်း ဝိညာဉ်ဖျက်သံမှို ဟူသော ကောင်းမွန်သည့် မှော်လက်နက်နှင့် ပြီးပြည့်စုံအဆင့် ရှိသည့် မီးလုံးမှော်အတတ်တို့ ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်မှာ အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လော့ချန်တွင် ကျင့်ကြံမှုအဆင့် တိုးတက်စေရန်အတွက် အခြေခံအရင်းအနှီးများ ရှိနေပြီ ဖြစ်သည်
ထို ချီစွမ်းအင်ဖြည့်ဆေး ပုလင်းထဲတွင် ဆေးလုံး ၁၀ လုံးစလုံး အပြည့်ရှိနေသည်။
ကြားဖူးနားဝအရ ဆိုလျှင် အရင်းအနှီးအလုံအလောက်ရှိပါက ထိုဆေးပုလင်း တစ်ထောင်ခန့်ဖြင့် ချီသန့်စင် အဆင့် (၉) ကျင့်ကြံသူတစ်ဦးကို မွေးထုတ်ပေးနိုင်သည်ဟု ဆိုကြသည်။
မှန်ပါသည်။ ထိုအရာမှာ ကောလာဟလသာ ဖြစ်သည်။ ဆေးပုလင်း တစ်ထောင်မှာ ဝိညာဉ်ကျောက် တစ်သိန်းခန့် တန်ဖိုးရှိရာ ၎င်းမှာ အဆင့်မြင့် ဝိညာဉ်ကျောက် ၁၀ တုံးနှင့် ညီမျှသည်။ ဂိုဏ်းကြီးများပင်လျှင် ဤမျှအထိ သုံးစွဲရန် တွန့်ဆုတ်ကြပေလိမ့်မည်။
ထို့အပြင် ဝိညာဉ်အမြစ် ကောင်းမွန်သူများမှာ ဆေးလုံးမလိုဘဲ လျင်မြန်စွာ ကျင့်ကြံနိုင်ကြသည်။
လော့ချန်၏ ဝိညာဉ်အမြစ်မှာ အားနည်းလွန်းသဖြင့် သူသည် ကျင့်ကြံမှု ပါရမီနည်းပါးခြင်းကို ဆေးလုံးများဖြင့်သာ မရမက အစားထိုးရပေမည်။
လော့ချန်သည် စိတ်တည်ငြိမ်စေသော အမွှေးတိုင်ကို အသုံးပြုကာ နွေဦးကျင့်စဉ်ကို တစ်ခေါက် ကျင့်ကြံလိုက်ပြီးနောက် သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ပြင်ဆင်လိုက်သည်။
ထို့နောက် ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်လုံးကို သောက်သုံးလိုက်သည်။
ဆေးလုံးမှာ ခန္ဓာကိုယ်အတွင်း ရောက်သွားသည်နှင့် ချီစွမ်းအင်များကြောင့် လှုပ်ရှားလာပြီး ပူနွေးသော အရှိန်အဝါများအဖြစ် ပြောင်းလဲကာ သူ၏ သွေးကြောများနှင့် ဝိညာဉ်လမ်းကြောင်းများဆီသို့ စီးဝင်သွားတော့သည်။
လော့ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး ဖောင်းကားလာသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် မျက်မှောင်ကြုတ်လျက်ပင် နွေဦးကျင့်စဉ်ကို ထုတ်ဖော်ကာ ထိုဆေးစွမ်းအင်များကို သူ၏ ဒန်တျန် အတွင်းသို့ သွတ်သွင်းလိုက်သည်။
ကျင့်စဉ်များမှတစ်ဆင့် ချီစွမ်းအင်ကို စုပ်ယူသန့်စင်ခြင်းမှာ ဝိညာဉ်အမြစ်၏ အရည်အသွေးအပေါ် များစွာ မူတည်သဖြင့် ထိရောက်မှု နည်းပါးလှသည်။
သို့သော် ဆေးလုံးများမှာမူ ထိုသို့ မဟုတ်ပေ။
ဆေးလုံးသောက်လိုက်သည်နှင့် ဆေးအာနိသင်များကို သန့်စင်ရန် အချိန်ယူရမည် ဖြစ်သော်လည်း ၎င်းတို့မှာ ခန္ဓာကိုယ်အတွင်း၌သာ ကျန်ရှိနေမည် ဖြစ်သည်။ အချိန်အလုံအလောက် ပေးနိုင်ပါက ၎င်းတို့အား နောက်ဆုံးတွင် မိမိ၏ ချီစွမ်းအင်အဖြစ်သို့ လုံးဝ ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။
ဆေးတစ်လုံးကို သန့်စင်ရန် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။
လော့ချန် သူ၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်ပြီး မျက်လုံးဖွင့်လိုက်သောအခါ များစွာ ဝမ်းသာသွားတော့သည်။
ထို့နောက် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၂၇ / ၇၅
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ
အဆင့် - ချီသန့်စင် အဆင့် ၃ (၇၈ / ၁၀၀)
အောင်မြင်မှုအမှတ် - ၂
[ကျင့်စဉ်များ]
နွေဦးကျင့်စဉ် - ကျွမ်းကျင်အဆင့် (၂၈၀ / ၃၀၀)
[မှော်အတတ်များ]
မီးလုံးမှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၅၅ / ၅၀၀)
လေလွင့်ခြေလှမ်း - ကျွမ်းကျင်အဆင့် (၂၀၃ / ၃၀၀)
နွယ်ရှင်နှောင်ကြိုး - တတ်မြောက်အဆင့် (၁၇၆ / ၂၀၀)
သန့်စင်ခြင်း မှော်အတတ် - အခြေခံအဆင့် (၅၂ / ၁၀၀)
[အတတ်ပညာများ]
ပထမအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးရည် - ပါရမီရှင်အဆင့် (၅၄၀ / ၁၀၀၀)
အံ့ဖွယ်တစ်သောင်းဆေးလုံး - အခြေခံအဆင့် (၃၇ / ၁၀၀)
တက်လာပြီ.…တက်လာပြီဟေ့….။
အခြေအနေပြကြေးမုံပြင်တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြချက်များကို မြင်တွေ့ရခြင်းမှာ အမှန်ပင် အကျိုးရှိလှသည်။ လော့ချန်သည် မိမိ၏ အခြေအနေကို အချိန်မရွေး စောင့်ကြည့်နေနိုင်သည်။
ပြီးခဲ့သည့်တစ်ခေါက် သူစစ်ဆေးစဉ်က ချီသန့်စင်အဆင့် ၃ မှာ ၇၆ မှတ်သာ ရှိခဲ့သည်။ ဆေးတစ်လုံး သန့်စင်ပြီးနောက် နှစ်မှတ် တိုးလာပြီး ၇၈ သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
လော့ချန် သတိထားမိသည်မှာ ဇယားပေါ်ရှိ အမှတ်အသားများမှာ မတူညီသော စံနှုန်းများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ကျင့်စဉ်၊ မှော်အတတ်နှင့် အတတ်ပညာများမှာ ကျွမ်းကျင်မှု အပေါ် အခြေခံသော်လည်း၊ သက်တမ်းနှင့် ကျင့်ကြံမှုအဆင့်မှာမူ တိုးတက်မှုပြအတန်း အနေဖြင့် ပေါ်နေခြင်း ဖြစ်သည်။
အကယ်၍ လော့ချန်အနေဖြင့် ဤဆေးပုလင်း တစ်ပုလင်းလုံးကိုသာ သန့်စင်နိုင်လျှင် တိုးတက်မှုမှာ ၉၆ မှတ်အထိ ရောက်သွားနိုင်ပြီး၊ အဆင့် ၄ သို့ တက်လှမ်းရန် လက်တစ်ကမ်းသာ လိုတော့မည် ဖြစ်သည်။
"နွေဦးကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုကလည်း မြန်မြန်တိုးနေတာပဲ၊ စိတ်တည်ငြိမ်စေတဲ့ အမွှေးတိုင်ရဲ့ အကူအညီနဲ့ဆိုရင် မကြာခင်မှာ ပြီးပြည့်စုံ အဆင့်ကို ရောက်တော့မှာပါ၊ မီးလုံးမှော်အတတ်တုန်းက ပြီးပြည့်စုံအဆင့်ရောက်တော့ အရည်အသွေးပိုင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့တာ၊ နွေဦးကျင့်စဉ်သာ အဲဒီအဆင့်ရောက်ရင် ဘယ်လိုတွေ ထူးခြားလာမလဲ မသိဘူး"
လော့ချန် တစ်ကိုယ်တည်း ရေရွတ်ရင်း မျှော်လင့်ချက်များဖြင့် ရင်ခုန်နေမိသည်။
….
နောက်တစ်နေ့တွင် လော့ချန်သည် ပုံမှန်ဘဝထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ပုံမှန်ဖြစ်သော်လည်း ငြီးငွေ့စရာ မကောင်းလှချေ။
သူ ဖော်စပ်လိုက်သော ဆေးလုံးတိုင်းမှာ ကြွယ်ဝမှု တိုးပွားလာခြင်းကို ကိုယ်စားပြုသည်။
ချီစွမ်းအင်ဖြည့်ဆေးလုံးများကို သန့်စင်ခြင်းက ကျင့်ကြံမှုအဆင့်ကို တိုးတက်စေသည်။
တစ်ဖက်တွင်လည်း မီးလုံးမှော်အတတ်နှင့် လေလွင့်ခြေလှမ်းတို့ကို လေ့ကျင့်ခြင်းက သူ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးသည်။
ဤကဲ့သို့ နေ့စဉ် မြင်တွေ့နေရသော တိုးတက်မှုများမှာ စွဲလမ်းစရာ ကောင်းလှသည်။
အကယ်၍ အရင်းအနှီး အကန့်အသတ်နှင့် ပြင်ပအန္တရာယ်များသာ မရှိပါက လော့ချန်သည် တစ်ဘဝလုံး အေးအေးချမ်းချမ်း ကျင့်ကြံနေထိုင်သွားရန် ဆန္ဒရှိပေလိမ့်မည်။
သုံးရက်အကြာ ညဉ့်နက်ပိုင်းတွင် လော့ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။ ထို့နောက် သူ မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ ဝမ်းသာမှုကို မထိန်းနိုင်တော့ချေ။
"နွေဦးကျင့်စဉ်က ပြီးပြည့်စုံအဆင့်ကို ရောက်သွားပြီ"
"ဘယ်လို ပြောင်းလဲမှုတွေ ရှိမလဲ ကြည့်ရအောင်"
ခဏမျှ အနားယူပြီးနောက် လော့ချန် ထပ်မံကျင့်ကြံကြည့်ရာ ယခင်နှင့် မတူညီသော ကွာခြားချက်များကို ဂရုတစိုက် ခံစားကြည့်မိသည်။ တစ်နာရီအကြာတွင်မူ သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည််။
"ကြာချိန်က တစ်ဝက်လောက် လျော့သွားတာပဲ၊ အရင်က တစ်ကျော့ပြီးဖို့ နှစ်နာရီကြာတာ၊ အခုတော့ တစ်နာရီပဲ ကြာတော့တယ်၊ သန့်စင်နိုင်တဲ့ ချီစွမ်းအင် ပမာဏကလည်း နှစ်ဆ တိုးလာတယ်"
အကယ်၍ ဝိညာဉ်အမြစ် ငါးခု ပိုင်ဆိုင်ထားသူ၏ ချီစွမ်းအင် စုပ်ယူမှုနှင့် ပြောင်းလဲမှုနှုန်းကို အခြေခံအဖြစ် သတ်မှတ်မည်ဆိုပါက ဝိညာဉ်အမြစ် လေးခုရှိသူမှာ နှစ်ဆ၊ သုံးခုရှိသူမှာ လေးဆနှင့် ဝိညာဉ်အမြစ် နှစ်ခုသာရှိသူမှာ ရှစ်ဆခန့်အထိ ပိုမိုထိရောက် ထူးကဲကြလေသည်။
သို့သော် ဝိညာဉ်အမြစ် တစ်ခုတည်းသာရှိသော ပါရမီရှင်များမှာမူ အခြေခံအဆင့်ထက် အနည်းဆုံး အဆ ၂၀ ခန့်မျှ ပိုမိုလျင်မြန်စွာ ကျင့်ကြံနိုင်စွမ်း ရှိကြသည်ဟု ဆိုစမှတ် ပြုကြပေသည်။
ဂိုဏ်းကြီးများက လော့ချန်ကို လက်မခံခဲ့သည့် အဓိကအကြောင်းရင်းမှာ သူ၏ အသက်အရွယ်အပြင်၊ ဝိညာဉ်အမြစ် ငါးခု ပါဝင်နေသော သူ၏ အားနည်းလှသည့် ပါရမီကြောင့် ဖြစ်သည်။
အကယ်၍ ပြင်ပအထောက်အပံ့ တစ်စုံတစ်ရာ မရှိပါက သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် အနည်းဆုံး နှစ်ပေါင်းနှစ်ရာခန့် ကြာမြင့်ပေလိမ့်မည်။
သို့သော် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ အလွန်ဆုံးမှ နှစ်တစ်ရာ့နှစ်ဆယ်ခန့်သာ ရှိသည်မဟုတ်ပါလော။
ယခုမူ နွေဦးကျင့်စဉ်၏ ထိရောက်မှုမှာ နှစ်ဆ တိုးလာခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သူ၏ပါရမီအရည်အသွေးသည် ဝိညာဉ်အမြစ် လေးခု ပိုင်ဆိုင်ထားသူနှင့် တန်းတူဖြစ်သွားခြင်းပင်။ ထို့ကြောင့် ပြင်ပအကူအညီ ကင်းမဲ့နေပါစေဦးတော့၊ နှစ်ပေါင်းတစ်ရာအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် အလင်းရောင် မြင်တွေ့လာရပြီ ဖြစ်သည်။
"ဒါ သတင်းကောင်းပဲ၊ ငါ့ရဲ့ ချီစွမ်းအင် ပြန်လည်ပြည့်ဖြိုးနှုန်းက အများကြီး တိုးတက်လာပြီဆိုတော့ ဂါထာတွေကို ပိုပြီး လေ့ကျင့်နိုင်တော့မှာပေါ့၊ ဒါပေမဲ့ ငါ ဘဝင်မြင့်လို့ မဖြစ်သေးဘူး"
သူ၏ အရည်အသွေးမှာ ဝိညာဉ်အမြစ် (၄) ခုရှိသူနှင့် တူသွားပြီဆိုသည့်တိုင် (၄) ခုဆိုသည်မှာလည်း ကျင့်ကြံခြင်းလောကတွင် သာမန်အဆင့်မျှသာ ရှိသေးသည်။ ထို့အပြင် သူ့တွင် ကျန်ရှိနေသော သက်တမ်းမှာ (၄၈) နှစ်သာ ရှိတော့ရာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန်မှာ အလှမ်းဝေးနေဆဲပင်။ အဆုံးမရှိ မှေးမှိတ်ကျင့်ကြံနေရုံနှင့်တော့ မဖြစ်နိုင်ပေ။
နောက်ဆုံးတွင် သူသည် ဆေးလုံးများ၏ အကူအညီကိုသာ မဖြစ်မနေ အားကိုးရပေလိမ့်မည်။ ဆေးလုံးဝယ်ရန်အတွက်မူ ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်သည်။ ချီစွမ်းအင်ဖြည့်ဆေးလုံးများမှာ လူတိုင်း လက်လှမ်းမီနိုင်သည့် အရာမဟုတ်လေရာ ဝိညာဉ်ကျောက် ရှာဖွေရေးမှာ သူ၏ တစ်သက်တာ စီမံကိန်းကြီး ဖြစ်လာတော့သည်။
လော့ချန်သည် စိတ်ကို တည်ငြိမ်စွာ ထားလိုက်ပြီး ကုန်ဆုံးသွားသော အမွှေးတိုင်မှ ကျန်ရစ်သည့် ရနံ့သင်းသင်းလေးကို ခံစားရင်း အေးချမ်းစွာ အိပ်စက်အနားယူလိုက်တော့သည်။
…
မိုးသောက်ယံ အချိန်တွင် ဖြစ်သည်။
မြူနှင်းများ ဝေမှိုင်းနေသော စမ်းချောင်းဘေး လွင်ပြင်တွင် လူရိပ်တစ်ခုမှာ လင်းယုန်တစ်ကောင်အလား အထက်အောက် ပျံဝဲနေသည်။ ထိုလူရိပ် လှုပ်ရှားလိုက်တိုင်း နောက်ကွယ်တွင် အရိပ်များစွာ ကျန်ရစ်နေခဲ့သည်။
“မီးလုံး…. သွားစမ်း.…”
တိုးညှင်းသော အော်ဟစ်သံနှင့်အတူ တောက်ပသော မီးလုံးကြီးတစ်လုံး ပန်းထွက်သွားပြီး၊ လွင်ပြင်ထက်တွင် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်သွားသည်။ ထိုလူရိပ်မှာ ရလဒ်ကို ကြည့်ရန် ရပ်မနေဘဲ အခြားတစ်နေရာသို့ လျှပ်တပြတ်အတွင်း ရွှေ့ပြောင်းသွားပြန်သည်။
ယခင်အတိုင်းပင် မတူညီသော ထောင့်အမျိုးမျိုးမှ မီးလုံးများကို ထပ်မံ ပစ်လွှတ်လိုက်သည်။
ဝုန်း.…ဝုန်း.…ဝုန်း….
လော့ချန် ရပ်လိုက်သောအခါ၊ ထိုလွင်ပြင်ကြီးမှာ ဖရိုဖရဲ ဖြစ်နေပြီး ကျင်းကြီးကျင်းငယ်များမှ အပူရှိန်များ ထွက်ပေါ်နေတော့သည်။
အသက်ပြင်းပြင်းရှူရင်း သူသည် ယနေ့ လေ့ကျင့်မှုရလဒ်ကို များစွာ ကျေနပ်နေမိသည်။
သူသည် ကောင်းကင်ယံတွင် ပျံသန်းရန် သို့မဟုတ် ဓားတစ်ချက်ဖြင့် ရန်သူ့ခေါင်းကို ဖြတ်ရန် စိတ်ကူးယဉ်မနေတော့ဘဲ၊ ဝမ်ယွမ်၏ တိုက်ခိုက်ရေးပုံစံကိုသာ အတုယူရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ယွမ်သည် သိုင်းသမားတစ်ဦး ဖြစ်သည့်အတွက် သူ၏ တိုက်ခိုက်ပုံမှာ သာမန်လူသားများ၏ တိုက်ခိုက်ပုံနှင့် ဆင်တူသည်။ သူသည် သူ၏ သန်မာသော ခန္ဓာကိုယ်ကို သုံး၍ လျင်မြန်စွာ ရွှေ့ပြောင်းပြီး၊ ထက်မြက်သော မှော်လက်နက်များနှင့် ဂါထာများကို သုံးကာ ရန်သူကို ထိုးနှက်တိုက်ခိုက်ခြင်း ဖြစ်သည်။
ဝမ်ယွမ်သည် ဓားကြီးကို ဆွဲလျက် အမိုးများပေါ်မှ ဖြတ်ကာ ကောင်းကင်မှ ဆင်းသက်လာသည့် မြင်ကွင်းမှာ လော့ချန်၏ စိတ်ထဲတွင် စွဲထင်နေခဲ့သည်။ တစ်ပြိုင်တည်း ရန်သူ သုံးဦးကို အနိုင်ရခဲ့ခြင်းမှာလည်း အံ့ဩစရာပင်။ လော့ချန်သည် ထိုအချက်များကို သင်ခန်းစာ ယူလိုက်သည်။
"ငါ့မှာ အနီးကပ် တိုက်ခိုက်ရေးစွမ်းရည် မရှိပေမဲ့၊ ငါ့ရဲ့ ပြီးပြည့်စုံအဆင့် မီးလုံးမှော်အတတ်က အရမ်းမြန်ပြီး အစွမ်းထက်တယ်"
"လေလွင့်ခြေလှမ်းရဲ့ ပေါ့ပါးမှုကို သုံးပြီး ငါဟာ ရက်စက်လှတဲ့ ရွေ့လျားအမြောက်တပ် တစ်ခု ဖြစ်လာနိုင်တယ်"
"တကယ်လို့ မီးလုံးနဲ့ မဖြိုနိုင်တဲ့ ရန်သူနဲ့ တွေ့ရင်တောင် ငါ့မှာ ဝိညာဉ်ဖျက်သံမှို နှစ်ချောင်း အရန်ရှိသေးတယ်လေ"
ခန္ဓာကိုယ် အားနည်းသော ကျင့်ကြံသူတစ်ဦးအတွက် အနီးကပ်တိုက်ခိုက်ခြင်းမှာ အလွန်အန္တရာယ်များလှသဖြင့်၊ ရွေ့လျားအမြောက်တပ် ပုံစံမှာ တိုက်စစ်ရော ဆုတ်စစ်ပါ စိတ်ချရသော နည်းလမ်းပင် ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဆက်မပြတ် လေ့ကျင့်မှုများမှတစ်ဆင့် လော့ချန်သည် သူ၏ အနာဂတ် တိုက်ခိုက်ရေးပုံစံကို အကြမ်းဖျင်း သတ်မှတ်လိုက်ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ တကယ့်တိုက်ပွဲ အတွေ့အကြုံများကို စတင် စုဆောင်းနိုင်တော့မည် ဖြစ်သည်။ ထိုနေ့မှာ မဝေးတော့ချေ။
နံနက်ခင်း လေညင်းလေးနှင့်အတူ လော့ချန်သည် စမ်းချောင်းကို ခုန်ကူးကာ အိမ်သို့ပြန်ရင်း "ဆေးဖော်ရမယ်…. ဆေးဖော်ရမယ်" ဟု ရေရွတ်နေမိသည်။
ယခုအချိန်တွင် လော့ချန် အလိုချင်ဆုံးအရာမှာ ငွေရှာရန်သာ ဖြစ်တော့သည်။