အခန်း (၄၄၇-၄၄၈)
Vol. 45 Ch. 447-448
အခန်း ၄၄၇ - မင်းတစ်ယောက်တည်းပဲ သက်တမ်းစတေးနိုင်တယ်လို့ ထင်နေတာလား
သူတို့က အစကတည်းက တစ်ယောက်တည်း ဖြစ်နေတာလား။
လူအုပ်ကြီး ဆွံ့အသွားကြပါတယ်။
ဒီလောက်ထိ စစ်မှန်လွန်းတဲ့ ကိုယ်ပွားအတတ်မျိုး တကယ်ရှိနေတာလား ဒါက အမြင်မှားတာလားတကယ်ပဲလား။
အရှင်ဝေဟင်ပြေးရဲ့ မျက်နှာက တစ်ခုခုကို သတိထားမိသွားသလို ပျက်သွားပြီး အသံနှိမ့်ကာ ပြောလိုက်ပါတယ်။
"ဒီကိုယ်ပွားကို အရင်သတ်"
သူမရဲ့ စကားအဆုံးမှာပဲ ဆရာတော် ချန်ယွမ်ရဲ့ ပုံရိပ်ဟာ လေထဲမှာ မြူခိုးတွေလို ပျော်ဝင်သွားပြီး ခွန်လုံစစ်သူကြီးရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပါတော့တယ်။
ခွန်လုံစစ်သူကြီးရဲ့ ရုပ်သွင်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာပြီး နောက်ဆုံးမှာတော့ ဆရာတော် ချန်ယွမ်နဲ့ တစ်ပုံစံတည်း ဖြစ်သွားပါတယ်။
ရှကျီ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားမိပါတယ်။ သူ့မျက်စိရှေ့က မြင်ကွင်းကို သူ မယုံနိုင်ပါဘူး။
စီနီယာအစ်ကို လျူ ဆိုတာ တစ်ခါမှ မရှိခဲ့ဘူးပေါ့။
ငါ့ကို ၅ နှစ်တောင် စောင့်ပေးခဲ့တဲ့၊ အပြင်ပန်း အေးစက်ပေမဲ့ စိတ်ထားနွေးထွေးတဲ့ စီနီယာအစ်ကိုက တကယ်မရှိခဲ့ဘူးလား။
ဒါတွေ အားလုံးက အတုအယောင်တွေလား။
ဆရာတော် ချန်ယွမ်ရဲ့ ကိုယ်ပွားသက်သက်ပဲလား။
"ဘာလို့ ဒီလို ဖြစ်ရတာလဲ..."
ဝူရုန့်ချို က ရှကျီရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း တုန်တုန်ရင်ရင် ပြောရှာပါတယ်။
"မောင်လေး ငါ နားမလည်တော့ဘူး"
"စီနီယာအစ်မ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းပါ အမှန်တရားက ဘာပဲဖြစ်ဖြစ် အခု ငါတို့လုပ်ရမှာက အသက်ရှင်ဖို့နဲ့ ဝိညာဉ်သွေးဂိုဏ်းရဲ့ အစီအစဉ်ကို ဖျက်ဆီးဖို့ပဲ"
ရှကျီရဲ့ မျက်နှာမှာ နာကျင်မှုတွေ ရှိနေပေမဲ့ အကြည့်တွေကတော့ ပြတ်သားသွားပါတယ်။
ဘယ်သူက မူလကိုယ်ထည်၊ ဘယ်သူက ကိုယ်ပွားလဲဆိုတာ အရေးမကြီးတော့ပါဘူး။
သိသာတာကတော့ သူတို့နှစ်ယောက် ပေါင်းစည်းသွားပြီးနောက် ခွန်လုံစစ်သူကြီးရဲ့ အရှိန်အဝါက သိသိသာသာ ထိုးတက်လာတာပါပဲ။
သူက ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်ကို မရောက်သေးပေမဲ့ သူ့ပတ်ပတ်လည်က ဝိညာဉ်မီးလျှံတွေကတော့ ပိုပြီး ပြင်းထန်လာပါတယ်။
ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်စလုံးရဲ့ မျက်နှာမှာ နာကျင်မှုတွေ ပေါ်လာပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကနေ သွေးမြူတွေ စတင်ထွက်ပေါ်လာပါတယ်။
သူတို့ဟာ ဝိညာဉ်မီးလျှံတွေရဲ့ လောင်မြိုက်မှုကို ခံနေရပါပြီ။
ခွန်လုံစစ်သူကြီးက ဖန့်ချန်ကို အထင်သေးတဲ့ အပြုံးနဲ့ ကြည့်လိုက်ပါတယ်။
"ဒကာလေးဖန့်ယ မင်း ဓားဘယ်နှချက် ထပ်လွှဲနိုင်ဦးမှာလဲ ဒီအခြေအနေကို တားဆီးဖို့ မင်းမှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး"
ပြီးနောက် သူက ဝိညာဉ်သန္ဓေသား ၃ ယောက်ကို အေးစက်စွာ ကြည့်လိုက်ပြီး ဝိညာဉ်မီးလျှံတွေကို ပိုပြီး ပြင်းထန်အောင် လုပ်လိုက်ပါတယ်။
အဲဒီအချိန်မှာ အမျိုးသမီး ဓားကျင့်ကြံသူရဲ့ အသံ ထွက်ပေါ်လာပါတယ်။
"ဖန့်ချန်ယ ငါ့ကို ကူပြီး ချန်းဝူတိကို သတ်ပေး ဒါဆိုရင် ငါ မင်းနဲ့ ပူးပေါင်းမယ်"
ချန်းဝူတိဟာ အန္တရာယ်ကို အလိုအလျောက် သိလိုက်တဲ့ ကြောင်အိုကြီးတစ်ကောင်လို အမွေးအမှင်တွေ ထောင်သွားပါတယ်။
သူက သူ့လက်ထဲက ရတနာကို သုံးပြီး လူအုပ်ကြီးကို တွန်းထုတ်ကာ ထွက်ပြေးဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ အားလုံးက နောက်ကျသွားပါပြီ။
ဓားအလင်းတန်းတစ်ခု ရောက်ရှိလာပြီး ချန်းဝူတိဟာ နာကျင်စွာ အော်ဟစ်ရင်း အဲဒီဓားအလင်းအောက်မှာပဲ ပျောက်ကွယ်သွားပါတော့တယ်။
ဖန့်ချန်ရဲ့ မျက်နှာက ပိုပြီး အိုမင်းသွားပါတယ်။
ဘေးကလူတွေတောင်မှ သေခါနီး လူအိုကြီးတွေဆီက ထွက်လေ့ရှိတဲ့ ထူးဆန်းတဲ့ အနံ့အသက်ကို ရနေကြပါပြီ။
ဒါဟာ သေမင်းရဲ့ အနံ့အသက်ပါပဲ။
"ဘိုးဘေး... ဘိုးဘေးကြီး သေသွားပြီ..."
ချန်းဖုန်းနဲ့ တခြားမင်းသား၊ မင်းသမီးတွေက ကြောင်အမ်းအမ်း ကြည့်နေကြပါတယ်။
မဟာချန်းဧကရာဇ်ကတော့ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေပါတယ်။
ချန်းကျိုယဲ့နဲ့ အိမ်ရှေ့မင်းသားတို့ကတော့ ရှုပ်ထွေးတဲ့ အမူအရာနဲ့ ရပ်နေကြပါတယ်။ ချန်းဝူတိ သေသွားပြီဆိုတော့ မင်းသမီးရှင်းလုံ နဲ့ တခြားသူတွေလည်း တိုက်ပွဲထဲ ဝင်လာကြပါတယ်။
"ဦးလေး ဦးလေးမှားသွားပြီ"
မင်းသမီးရှင်းလုံ က ဟာလာဟင်းလင်း ဖြစ်သွားတဲ့ နေရာကို ကြည့်ပြီး မျက်ရည်ဝဲနေပါတယ်။
"တောက် ဒီအဖိုးကြီး နောက်ဆုံးတော့ သေသွားပြီပဲ"
ဖန့်ဝမ်လီက ဆဲဆိုရင်း ဆေးထုတ်သောက်လိုက်ပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူနဲ့ ပူးပေါင်းတိုက်တုန်းက သူ ချန်းဝူတိလက်ချက်နဲ့ ဒဏ်ရာ တော်တော်ရခဲ့တာပါ။
ချန်းဝူတိရဲ့ အစွမ်းက ရွှေအမြုတေအထွတ်ထိပ်အဆင့်တွေထဲမှာတောင် မသေးဘူးဆိုတာ သိသာပါတယ်။
"အဲဒီ ရတနာကြီးကတော့ နှမြောစရာပဲ ဓားတစ်ချက်တည်းနဲ့ ပျက်စီးသွားတာ အဆင့်မြင့် အဝါရောင်အဆင့် ရတနာကြီးကို"
ဖန့်ဝမ်လီက တိုးတိုးလေး ရေရွတ်ပြီး ဖန့်ချန်ကို လှမ်းကြည့်လိုက်ပါတယ်။
ဖန့်ချန်ရဲ့ အိုမင်းနေတဲ့ ရုပ်သွင်ကို မြင်တော့ သူ ဆက်မပြောနိုင်တော့ပါဘူး။
"စီနီယာအစ်မ. သခင်လေးကို မထိခိုက်ပါနဲ့နဲ့"
နတ်သမီးယွီက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး အမျိုးသမီးဓားကျင့်ကြံသူနဲ့ ဖန့်ချန်ကြားမှာ ကာကွယ်လိုက်ပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူက ရှုပ်ထွေးတဲ့ အမူအရာနဲ့ ပြောပါတယ်။
"ဒီနေ့က ထူးခြားတဲ့ အခြေအနေမို့လို့ ငါ သူ့ကို အခုလောလောဆယ် ပြဿနာမရှာပါဘူး အထူးသဖြင့်"
သူမ စကားတစ်ခွန်းကို ရင်ထဲမှာပဲ ချန်ထားလိုက်ပါတယ်။
'သေခါနီး လူတစ်ယောက်ကို ဘာသွားပြီး ပြဿနာရှာနေတော့မှာလဲ'
လို့ သူမ တွေးလိုက်တာပါ။
လူသေသွားရင် ဓားသန္ဓေသားက အလိုလို ပြန်ရမှာပဲ မဟုတ်လား။
"မိန်းကလေး မင်း ဘာလုပ်ဖို့ စိတ်ကူးရှိလဲ"
ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ပြီး
"နင်တစ်ယောက်တည်းပဲ သက်တမ်းစတေးနိုင်တယ်လို့ ထင်နေတာလား"
သူမက ဓားကို ကိုင်ပြီး ကျန်နေတဲ့ ဝိညာဉ်သွေးဂိုဏ်း ရွှေအမြုတေအဆင့်တွေဆီ လျှောက်သွားပါတယ်။
လူအုပ်ကြီး အံ့သြသွားပါတယ်။ ဒါက...
သူတို့ ဘာမှ ထပ်မတွေးနိုင်ခင်မှာပဲ အမျိုးသမီးဓားကျင့်ကြံသူက ဓားကို လွှဲလိုက်ပါတယ်။
ဒါပေမဲ့ ဒီဓားချက်က ဖန့်ချန်ရဲ့ ဓားချက်တွေနဲ့ လုံးဝ မတူပါဘူး။
ဓားအလင်းတန်းက ကြယ်စင်စုတစ်ခုလို တောက်ပနေပြီး ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို အတင်းအဓမ္မ ဆွဲယူနေပါတယ်။
နောက်ဆုံးမှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားဆန္ဒအဖြစ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဆီ ကျရောက်သွားပါတယ်။
ဖူး
ကံဆိုးတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူဟာ အဲဒီနေရာမှာတင် အသက်ပျောက်သွားပါတယ်။
ဒါပေမဲ့ အမျိုးသမီးဓားကျင့်ကြံသူရဲ့ ရုပ်သွင်ကလည်း သိသိသာသာ အိုမင်းသွားပါတယ်။
အသက် ၂၀ အရွယ်ကနေ မျက်စိရှေ့တင် အသက် ၄၀ အရွယ် ဖြစ်သွားတာပါ။
"သူမ အိုမင်းတဲ့ အရှိန်က ဖန့်ချန်ထက် ပိုမြန်နေတာပဲ သူမက ရွှေအမြုတေအဆင့် ဖြစ်နေတာတောင်မှ..."
လူတွေ ရင်တုန်သွားကြပါတယ်။
နောက်ထပ် ဓားကျင့်ကြံသူတစ်ယောက်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မှ ဖန့်ချန် ရှေ့က ထုတ်ခဲ့တဲ့ ဓားချက်တွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သူတို့ သဘောပေါက်သွားကြပါတယ်။
ခွန်လုံစစ်သူကြီးက မေးလိုက်ပါတယ်။
"ဟင်လင်းပြင်ထာဝရဓား မင်းက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက တပည့်လား"
ဟင်လင်းပြင်ထာဝရဓားဂိုဏ်း
လူအများစုက ကြောင်နေပေမဲ့ တချို့သော ရွှေအမြုတေနဲ့ ဝိညာဉ်သန္ဓေသားအဆင့်တွေကတော့ တစ်ခုခုကို မှတ်မိသွားသလို မျက်နှာတွေ သွေးဆုတ်ဖြူလျော့ကုန်ပါတယ်။
ဟင်လင်းပြင်ထာဝရ ဓားဂိုဏ်း အဲဒါက အဆင့် ၁ အင်ပါယာကြီးတစ်ခုအတွင်းမှာရှိတဲ့ ဂိုဏ်းကြီးပါ။
တစ်ခါက အဲဒီဂိုဏ်းက တပည့်တစ်ယောက် အစော်ကားခံရပြီး ဓားအလုခံရလို့ ဓားမသေမျိုး တစ်သိန်းလောက် ဆင်းလာပြီး ရှေးဦးကတည်းက တည်ရှိခဲ့တဲ့ မသေမျိုးကျင့်ကြံသူ မိသားစုကြီးတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ခဲ့တာပါ။
အခု သူပြောနေတာ အဲဒီဂိုဏ်းကိုလား။
အမျိုးသမီးဓားကျင့်ကြံသူက လှောင်ပြုံးပြုံးလိုက်ပါတယ်။
"အခုမှ သိတာလား"
သူမက နောက်ထပ် ရွှေအမြုတေအဆင့် ကျင့်ကြံသူဆီ လျှောက်သွားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒါက နျဲ့ထျန်းယွမ် ဖြစ်နေပါတယ်။
သူက ခွန်လုံစစ်သူကြီးကို အားကိုးတကြီးနဲ့ ထိတ်လန့်တကြား ကြည့်နေပါတယ်။
တုန်းဖန်းဟောက်ကျဲကတော့ ဘေးကနေ လှောင်ပါတယ်။
"နျဲ့ထျန်းယွမ် နောက်ဆုံးတော့ မင်းသေမယ့်အလှည့် ရောက်ပြီပေါ့ ခွေးသား "
"မိန်းကလေး ဒီနေ့ ငါ မင်းကို လွှတ်ပေးနိုင်ပါတယ် ဒီကိစ္စထဲ ဝင်မပါဘဲ ထွက်သွားလိုက်ပါ ဘယ်လိုလဲ"
ခွန်လုံစစ်သူကြီးက တည်ငြိမ်စွာ ပြောပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူက သူ့ကို တစ်ချက်ကြည့်ပြီး
"နင်တို့ ဝိညာဉ်သွေးဂိုဏ်းက ငါ့ကို ဒေါသထွက်အောင် လုပ်ပြီးပြီ ငါ့ကို လွှတ်ပေးမယ်ဟုတ်လားနင့်စကားကို ငါယုံမယ် ထင်နေတာလား"
အဲဒီလိုပြောပြီး နျဲ့ထျန်းယွမ်ဆီ ဓားကို လွှဲလိုက်ပါတယ်။ နျဲ့ထျန်းယွမ်ခမျာ နာကျင်စွာ အော်ဟစ်ရင်းပဲ အသက်ပျောက်သွားရပါတယ်။
ဘာစကားမှ ထပ်မပြောဘဲ သူမဟာ ကျန်တဲ့ ရွှေအမြုတေအဆင့်တွေကိုပါ ဆက်တိုက် ရှင်းလင်းပစ်လိုက်ပါတယ်။
ခေတ္တအတွင်းမှာပဲ ကျန်နေတဲ့ ရွှေအမြုတေအဆင့်တွေ အားလုံး သေကုန်ကြပါပြီ။
အမျိုးသမီးဓားကျင့်ကြံသူရဲ့ ရုပ်သွင်ကလည်း အခုတော့ ဖန့်ချန်လိုပဲ လူအိုကြီးတစ်ယောက်လို ဖြစ်သွားပါပြီ။
"စီနီယာအစ်မ"
နတ်သမီးယွီ စိတ်မကောင်းဖြစ်နေရှာပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူက
"စိတ်မပူပါနဲ့ ငါက ရွှေအမြုတေအဆင့်မို့လို့ မင်းတို့သခင်လေးထက် သက်တမ်း ပိုရှည်သေးတယ် လောလောဆယ် မသေနိုင်သေးဘူး"
လို့ ပြန်ပြောပါတယ်။
အခုတော့ ခွန်လုံစစ်သူကြီး တစ်ယောက်တည်းပဲ ကျန်ပါတော့တယ်။
လူတိုင်းရဲ့ မျက်နှာမှာ မျှော်လင့်ချက်အလင်းရောင်တွေ ပေါ်လာပါတယ်။
"ဘာလို့ ဝိညာဉ်မီးလျှံတွေက ပိုပြင်းလာရတာလဲ"
တစ်ယောက်ယောက်က ရုတ်တရက် အော်လိုက်ပါတယ်။
အဲဒီတော့မှ အားလုံး သတိထားမိလိုက်တာက ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်ကို ဝိုင်းထားတဲ့ မီးလျှံတွေဟာ အရင်ကထက် ပိုပြီး ပြင်းထန်နေတာကိုပါ။
"မကောင်းတော့ဘူး သူ မူလကိုယ်ထည်နဲ့ ပေါင်းစည်းသွားပြီးနောက် အစွမ်းက သိသိသာသာ တက်လာတာပဲ ရွှေအမြုတေအဆင့်တွေရဲ့ အကူအညီ မပါရင်တောင် သူက ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်ကို ဆေးချက်နိုင်နေတုန်းပဲ"
"ငါတို့ သူ့ကို သတ်ရမယ် ဒါမှမဟုတ် အစီအစဉ် ပျက်သွားအောင် အနည်းဆုံးတော့ နှောင့်ယှက်ရမယ် ဒါမှ ငါတို့ အသက်ရှင်နိုင်မှာ"
ရုတ်တရက် ဖန့်ဝမ်လီက အရက်ကို တစ်ငုံသောက်ပြီး ခွန်လုံစစ်သူကြီးဆီ မှုတ်ထုတ်လိုက်ပါတယ်။
အဲဒီအရက်တွေဟာ ဓားအစင်းပေါင်း ထောင်သောင်းချီအဖြစ် ပြောင်းလဲသွားပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီဓားတွေ ခွန်လုံစစ်သူကြီးနားကို မရောက်ခင်မှာပဲ ဝိညာဉ်မီးလျှံတွေကြားမှာ အရည်ပျော်သွားပါတယ်။
ခွန်လုံစစ်သူကြီးက လူတိုင်းကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။
အခန်း ၄၄၈ - သုံးလောကတောင်မှာ ငါ့ကို မြှုပ်နှံပေးပါ
"စီနီယာအစ်မ သခင်လေး"
နတ်သမီးယွီတစ်ယောက် နာကျည်းမှုကို အပြင်းအထန် ခံစားနေရပါတယ်။
သူမရဲ့ ကျင့်ကြံမှုက နိမ့်ပါးလွန်းလို့ ဒီတိုက်ပွဲမှာ ဘာအကူအညီမှ မပေးနိုင်ခဲ့တာကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိတာပါ။
သူမရဲ့ စီနီယာအစ်မက လောလောဆယ် မသေနိုင်ဘူးလို့ ပြောပေမဲ့ ဆုံးရှုံးသွားတဲ့ သက်တမ်းကို ပြန်ရဖို့က မလွယ်ကူပါဘူး။
သက်တမ်းမရှိရင် နောက်ထပ် အဆင့်တွေကို ဘယ်လိုတက်လှမ်းနိုင်တော့မှာလဲ။
အမျိုးသမီးဓားကျင့်ကြံသူက ဖန့်ချန်ကို ကြည့်ပြီး
"နောက်တစ်ကြိမ်မှာတော့ မင်းနဲ့ငါ ပူးပေါင်းပြီး သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မလား ကြည့်ကြတာပေါ့"
လို့ ပြောလိုက်ပါတယ်။
ဖန့်ချန်က တိုးတိုးလေး ပြန်ပြောပါတယ်။
"ငါပဲ ကိုင်တွယ်ပါ့မယ် တကယ်လို့ ငါ သေသွားခဲ့ရင် ဒီဓားနဲ့ နတ်သမီးယွီကို ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကို ခေါ်သွားပေးပါ ဖြစ်နိုင်ရင် သူမကိုပဲ ဒီဓားကို သုံးခွင့်ပေးလိုက်ပါ အဲဒီကျရင် ဓားက ပိုပြီး နားထောင်ပါလိမ့်မယ်"
"ဖန့်ချန် ငါ အဲဒီဂိုဏ်းကို မသွားချင်ဘူး ငါ မင်းနဲ့ပဲ နေချင်တာ"
ဓားငယ်လေး က တိုးတိုးလေး ညည်းတွားနေပါတယ်။
"လိမ္မာစမ်းပါ ငါ သေပြီးရင် သူမက မင်းအတွက် ပိုကောင်းတဲ့ သခင်တစ်ယောက် ရှာပေးပါလိမ့်မယ်"
ဖန့်ချန်က နှစ်သိမ့်လိုက်ပါတယ်။
အမျိုးသမီးဓားကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ပြီး
"မင်းလား ငါ မင်းကို အထင်သေးတာ မဟုတ်ပေမဲ့ မင်းက ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ မင်း ဘယ်လိုနည်းလမ်းနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်ထားလဲ ငါမသိပေမဲ့ မင်းတစ်ယောက်တည်းနဲ့ ဝိညာဉ်သန္ဓေသားအဆင့်ကို ထိခိုက်အောင်လုပ်ဖို့က လုံးဝ မဖြစ်နိုင်ဘူး"
ဖန့်ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပါတယ်။
"မိန်းကလေး မင်းရဲ့ အစွမ်းကို ငါမစော်ကားပါဘူးဒါပေမဲ့ ခုနက မင်းရဲ့ တိုက်ကွက်တွေကို ကြည့်ရသလောက်တော့ မင်းကလည်း သူတို့ကို ဒဏ်ရာရအောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူး"
"အခု မင်းလုပ်နိုင်တာက မင်းရဲ့ အင်အားကို ထိန်းထားဖို့ပဲ မဟုတ်ရင် နတ်သမီးယွီက သူမရဲ့ အစွမ်းနဲ့တင် ဂိုဏ်းကို ပြန်ရောက်နိုင်မယ် ထင်လို့လား"
အမျိုးသမီးဓားကျင့်ကြံသူက ပြန်ပြောဖို့ ပြင်လိုက်ပေမဲ့ ဖန့်ချန်ရဲ့ မျက်လုံးထဲက ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို မြင်တော့ စကားလုံးတွေကို ပြန်မျိုချလိုက်ရပါတယ်။
သူမက အေးစက်စွာ နှာခေါင်းရှုံ့ရင်း
"ကောင်းပြီ မင်း ဘာတွေ လုပ်ပြမလဲဆိုတာ ငါကြည့်ရသေးတာပေါ့"
လို့သာ ဆိုလိုက်ပါတယ်။
ဖန့်ချန်က ခွန်လုံစစ်သူကြီးကို လှည့်ကြည့်လိုက်ပါတယ်။
သူ့ရဲ့ စိတ်ထဲမှာတော့ ရှစ်မျက်နှာအရပ် ဓားကျမ်း ရဲ့ တတိယမြောက်ဓားချက် ကို ပုံဖော်နေပါပြီ။
သူသာ ရွှေအမြုတေအဆင့်မှာ ရှိခဲ့ရင် ဒုတိယမြောက်ဓားချက်နဲ့တင် ဝိညာဉ်သန္ဓေသားကို ဒဏ်ရာရအောင် လုပ်နိုင်မှာပါ။
အခုတော့ တတိယဓားချက်ကသာ မျှော်လင့်ချက် ရှိပါတော့တယ်။ ဒါပေမဲ့ ဒီဓားကို လွှဲလိုက်ရင်တော့ နောက်ပြန်လှည့်လမ်း မရှိတော့ပါဘူး။
ဒါက ထိုက်တန်ရဲ့လား ထိုက်တန်ပါတယ်။
ဒီဓားကို မထုတ်ရင် တိမ်မြုပ်ဒေသတစ်ခုလုံးက ဆေးချက်ဖိုကြီး ဖြစ်သွားမှာဖြစ်သလို မဟာရှ ပြည်သူတွေလည်း သွေးဝိညာဉ်ဆေးလုံးတွေ ဖြစ်ကုန်ပါလိမ့်မယ်။
ခွန်လုံစစ်သူကြီးက မျက်လုံးဖွင့်ပြီး ဖန့်ချန်ကို အလေးအနက် ကြည့်လာပါတယ်။
"ဒကာလေးဖန့် မင်း တကယ်ပဲ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ် ထင်လို့လား"
ဖန့်ချန်က သက်ပြင်းချပါတယ်။
"မစမ်းကြည့်ဘဲ ဘယ်သိမလဲ အဲဒီ မိစ္ဆာမသာ မင်းကို အဲဒီတုန်းက သတ်ခဲ့ရင် ဒီနေ့ ဒီလောက်အထိ ဖြစ်လာမှာ မဟုတ်ဘူး"
ခွန်လုံစစ်သူကြီးက ခပ်ဖွဖွ ရယ်မောပါတယ်။
"ဒကာလေးဖန့် လောကမှာ ချန်ယွမ် မရှိတော့ရင် ချန်ကျင်တို့ ချန်ဟွေ့တို့ ရှိလာဦးမှာပဲ မဟုတ်လား"
"ဝိညာဉ်သွေးဂိုဏ်းမှာ ကျင့်ကြံသူတွေ အများကြီး ရှိတယ် ငါကိုယ်တိုင်တောင် အကုန်မသိဘူး မင်း သူတို့အားလုံးကို သတ်နိုင်ပါ့မလား"
ဖန့်ချန်က ပြုံးလိုက်ပါတယ်။
"ဒါဆိုရင် လောကမှာ နောက်ထပ် ငါ့လိုလူတစ်ယောက် ရှိမလာဘူးလို့ မင်း ဘယ်လို အာမခံနိုင်မလဲ"
ခွန်လုံစစ်သူကြီး ခေတ္တ ဆွံ့အသွားပါတယ်။
"ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ မင်း အစကတည်းက ,တစ်ဘက်ကမ်းကို ရှာဖွေရင်း ဒုက္ခပင်လယ်ကြီးကို မြင်ခဲ့တာလား"
"တခြားလူတွေကတော့ မင်းရဲ့ သက်တမ်းက ဗုဒ္ဓတရားကို နားလည်လို့ ရတယ်လို့ ထင်နေကြတာ"
ဖန့်ချန်က ပြောပါတယ်။
"ဒါပေမဲ့ တကယ်တော့ မင်းက ဝိညာဉ်သန္ဓေသားအဆင့်မှာ ရှိနေလို့ မင်း ဒီလောက်ကြာကြာ ရှင်သန်နိုင်တာ မဟုတ်လား မင်းက မိစ္ဆာလမ်းကို လျှောက်နေတာပဲ၊ ဘယ်လိုလုပ်ပြီး အဲဒီ ဗုဒ္ဓကျမ်းစာကို နားလည်နိုင်မှာလဲ"
"မှားတယ်"
ခွန်လုံစစ်သူကြီးက ဆိုပါတယ်။
"ငါက တစ်ဘက်ကမ်းကို ရှာဖွေရင်း ဒုက္ခပင်လယ်ကို မြင်ခဲ့လို့သာ အခုလို လုပ်နေတာ အဲဒီပင်လယ်ထဲမှာ စွမ်းအားမြင့်ဗလာကျောင်းက ရဟန်းတွေရဲ့ ခေါင်းတွေ မျောနေကြတယ်"
"သူတို့မှာ နားခိုရာမရှိဘူး ဒါကြောင့် ငါက သူတို့အတွက် နားခိုရာ ရှာပေးနေတာ မဟုတ်ရင် သူတို့က သနားစရာကောင်းလွန်းလို့"
ဖန့်ချန်က ဓားငယ်လေးကို မြှောက်လိုက်ရင်း ပြုံးပါတယ်။
"သနားစရာကောင်းတယ်ဆိုတာ ဘာလဲဆိုတာ မင်း တကယ် သိရဲ့လား"
သူဟာ တတိယမြောက်ဓားချက်အတွက် အဆင်သင့် ဖြစ်နေပါပြီ။
ခွန်လုံစစ်သူကြီးက သက်ပြင်းချပါတယ်။
"ဒကာလေးဖန့် မင်း ငါ့ကို မထိခိုက်နိုင်ပါဘူး"
"ငါသာ အလိုရှိရင် ငါမထိခိုက်နိုင်တဲ့သူ မရှိဘူး၊ အထူးသဖြင့် မင်းပဲ"
ရှစ်မျက်နှာအရပ် ဓားကျမ်း၊ တတိယမြောက်ဓားချက်
ဝုန်း
ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲက မသေမျိုးဓားကြော ၁၂ ခုဟာ ဟိန်းဟောက်သံတွေ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်တွေ တရစပ် စီးဆင်းလာပါတယ်။
အဲဒီအရှိန်က တျန်းရှန်းတောင်တန်းမှာ နှင်းတောင်ပြိုကျသလိုပါပဲ။
မသေမျိုးဓားကြောတွေမှာ အက်ကြောင်းတွေတောင် စတင်ပေါ်လာပါတယ်။
"ဝိညာဉ်စွမ်းအင် မလောက်တော့ဘူး"
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်ပါတယ်။
သူဟာ ဗောဓိအသီး ကို ချက်ချင်း ထုတ်စားလိုက်ပါတယ် ပြီးနောက် သူပြင်ထားတဲ့ သူတော်စင်အဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး ကိုပါ မျိုချလိုက်ပါတယ်။
ဒါတောင် မလောက်သေးဘူးလား
ဖန့်ချန်က သူပြင်ထားတဲ့ ဝိညာဉ်အနှစ်ဆေးလုံး တွေကိုပါ တစ်လုံးပြီးတစ်လုံး မျိုချပါတယ်။
ဆေးလုံးမျိုးစုံနဲ့ ဝိညာဉ်ပစ္စည်းတွေဟာ သူ့ခန္ဓာကိုယ်ထဲမှာ ချက်ချင်း အရည်ပျော်သွားပါတယ်။
သာမန်အချိန်မှာတောင် ဒီလောက် ဆေးတွေ အများကြီးသောက်တာက အန္တရာယ်ရှိတာပါ။
အခုက တတိယဓားချက်ကိုပါ ထုတ်သုံးနေတာဆိုတော့ ဖန့်ချန်ရဲ့ အရှိန်အဝါက ကယောက်ကယက် ဖြစ်လာပါတယ်။
"အဲဒါ ဝိဇ္ဇာဗောဓိ မဟုတ်လား အကြေးခွံတွေနဲ့ အသက်ရှူနေသလိုပဲ"
"ဟို ဆေးလုံးကလည်း အခြေခံတည်ဆောက်ခြင်းဆေးလုံးနဲ့ တူပေမဲ့ မဟုတ်ဘူး"
"ဒီလောက် ဆေးတွေ သောက်လိုက်တာ ဓားမထုတ်ခင်မှာပဲ သူ..."
ဖန့်ထင်ကျန့်နဲ့ တခြား ရွှေအမြုတေအဆင့်တွေ မျက်နှာပျက်ကုန်သလို၊ ဝိညာဉ်သန္ဓေသား ၃ ယောက်စလုံးလည်း တုန်လှုပ်ကုန်ကြပါတယ်။
"သတ်စမ်း"
ဖန့်ချန်က ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဓားကို လွှဲလိုက်ပါတယ်။
ဒီဓားချက်က ရှေ့က ဓားချက်တွေထက် ပိုပြီး ရိုးရှင်းနေသလိုပါပဲ။
ဒါပေမဲ့ ခွန်လုံစစ်သူကြီးရဲ့ ပတ်ပတ်လည်က ဝိညာဉ်မီးလျှံတွေကို လွယ်လွယ်ကူကူ ဖြတ်ကျော်ပြီး သူ့ရင်ဘတ်ပေါ်ကို ကျရောက်သွားပါတယ်။
ရွှပ်
ခွန်လုံစစ်သူကြီးရဲ့ ရင်ဘတ်မှာ သွေးရာတစ်ခု ပေါ်လာပါတယ်။
သူက အံ့သြတုန်လှုပ်စွာနဲ့ သူ့ရင်ဘတ်ကို ငုံ့ကြည့်ပြီး ဖန့်ချန်ကို ပြန်ကြည့်ပါတယ်။
နောက်တစ်စက္ကန့်မှာတော့ သူ့ပတ်ပတ်လည်က ဝိညာဉ်မီးလျှံတွေ အလိုအလျောက် ပျောက်ကွယ်သွားပါတော့တယ်။
"နှိပ်ကွပ်စမ်း"
အရှင်ဝေဟင်ပြေးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ကို မှောက်ခုံလှန်နိုင်တဲ့ တံဆိပ်တုံးကြီးနဲ့ ခွန်လုံစစ်သူကြီးကို ဖိနှိပ်လိုက်ပါတယ်။
"သတ်"
အရှင်ကျားဖြူကလည်း ရွှေရောင်ပုတီးစေ့တစ်စေ့ကို ထွေးထုတ်ပြီး တိုက်ခိုက်ပါတယ်။
"အမိတာဘ"
စီနီယာနဂါးသစ်သားရဲ့ လက်တွေက လက်တစ်ထောင် ဘုရားရုပ်ပွားတော်ကြီးအဖြစ် ပြောင်းလဲပြီး ခွန်လုံစစ်သူကြီးကို ဖမ်းဆုပ်လိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်ထက်မှာ ပေါက်ကွဲသံကြီးတွေ ကြားလိုက်ရပါတယ်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ ရောက်လာပြီး ရန်သူ့ကျင့်ကြံသူနဲ့ တိုက်ခိုက်နေကြပြီဆိုတာ အားလုံး သိလိုက်ကြပါတယ်။
နတ်သမီးယွီတို့ကတော့ အဲဒီတိုက်ပွဲကို ဂရုမစိုက်ဘဲ ဖန့်ချန်ဆီ ပြေးသွားကြပါတယ်။
နတ်သမီးယွီက ရှေ့ဆုံးက ရောက်သွားပေမဲ့ ဖန့်ချန်ရဲ့ ၁၀ လှမ်းအကွာမှာပဲ သူမ တန့်သွားပါတယ်။
ဖန့်ချန်ရဲ့ ခန္ဓာကိုယ်က ပိန်လှီခြောက်ကပ်သွားပြီး အရိုးပေါ် အရေတင်ဘဝ ရောက်သွားတာကို မြင်လိုက်ရလို့ပါ။
အမျိုးသမီးဓားကျင့်ကြံသူက ရှုပ်ထွေးတဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်။
"ညီမလေး သူ သေသွားပြီ"
ချီသန့်စင်ခြင်းအဆင့်လေးက ဝိညာဉ်သန္ဓေသားကို ဒဏ်ရာရအောင် ဘယ်လိုလုပ်လိုက်လဲဆိုတာ သူမ လုံးဝ နားမလည်နိုင်ပါဘူး။
"သခင်လေး မသေပါဘူး"
နတ်သမီးယွီက ငြင်းဆန်ရင်း ဖန့်ချန်ဆီ ပြေးသွားပြီး သူ့ရဲ့ ခြောက်ကပ်နေတဲ့ မျက်နှာကို မြင်တော့ ငိုကြွေးပါတော့တယ်။
ကျန်းရှောင်ခဲ၊ ရှကျီနဲ့ ဖန့်ချန်နဲ့ ပတ်သက်သူတွေ အားလုံး စုရုံးလာကြပါတယ်။
ဖန့်ချန်ရဲ့ အခုပုံစံက လူနဲ့တောင် မတူတော့ဘဲ အလောင်းပုံထဲက အလောင်းတစ်ခုလို ဖြစ်နေပါပြီ။
"ဟင်... သူ့ဓားကော"
အမျိုးသမီးဓားကျင့်ကြံသူက ဓားကို လိုက်ရှာပေမဲ့ ဘယ်နေရာမှာမှ ရှာမတွေ့ပါဘူး။
"ဖန့်ချန် တကယ်ပဲ သွားပြီလား"
ခြောက်ယောက်မြောက် မင်းသမီးကလည်း စိတ်မကောင်း ဖြစ်နေပါတယ်။
ဖန့်ကျွယ်က ဖန့်ဝမ်လီတို့ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်ပြီး မေးပါတယ်။
"ဘိုးဘေး တစ်ခုခု လုပ်လို့ရဦးမှာပါ မဟုတ်လားဟို ဝိညာဉ်သန္ဓေသား ၃ ယောက်က ဖန့်ချန်ကို ကယ်လို့မရဘူးလား"
ဖန့်ထင်ကျန့်က ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပြီး ခေါင်းခါလိုက်ပါတယ်။
"ဝိညာဉ်သန္ဓေသားအဆင့်က မသေမျိုးအစစ် မဟုတ်သေးဘူး သူတို့မှာ လူသေကို ရှင်အောင်လုပ်နိုင်တဲ့ အတတ် မရှိပါဘူး"
ရုတ်တရက် တစ်ယောက်ယောက်က အော်ပြောပါတယ်။
"ကြည့်ဦး သူ့ရှေ့မှာ တစ်ခုခု ရေးထားတယ်"
အားလုံး ကြည့်လိုက်တော့ ဖန့်ချန်ရဲ့ ရှေ့က မြေကြီးပေါ်မှာ စာတစ်ကြောင်း ရေးထားတာကို တွေ့လိုက်ရပါတယ်။
"သုံးလောကတောင်မှာ ငါ့ကို မြှုပ်နှံပေးပါ"
"သုံးလောကတောင် အဲဒါ ဘယ်မှာလဲ"
အားလုံးက ဝေခွဲမရ ဖြစ်နေကြပါတယ်။ အရှင်မီးတိမ်တိုက်တို့တောင် အဲဒီတောင်က ဘယ်မှာလဲဆိုတာ မသိကြပါဘူး။
နတ်သမီးယွီက ဖန့်ချန်ကို အသာအယာ ပွေ့ချီလိုက်ပြီး
"စီနီယာအစ်မ ကျွန်မ သူ့ကို အိမ်ပြန်ခေါ်သွားချင်တယ်"
လို့ ပြောလိုက်ပါတယ်။
"ငါ မင်းနဲ့ လိုက်ခဲ့မယ်"
အမျိုးသမီးဓားကျင့်ကြံသူက ခေါင်းညိတ်ပါတယ်။
သူမက ဓားသန္ဓေသားကို ရှာချင်သေးတာဖြစ်သလို၊ နတ်သမီးယွီ စိတ်ဓာတ်ပြိုလဲသွားမှာကိုလည်း စိုးရိမ်နေလို့ပါ။
ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲမှာတော့ ဘယ်သူမှ မကြားနိုင်တဲ့ အသံနှစ်ခု စကားပြောနေကြပါတယ်။
"အဖိုးကြီး ခုနက မင်းပြောတာ တကယ်လား ဖန့်ချန်က တကယ် ပြန်ရှင်လာနိုင်မှာလား"
"သေချာပေါက်ပေါ့ လောကမှာ ကုသိုလ်ကံ ဆိုတာ ရှိတယ် အခု သူလုပ်ခဲ့တာက တိမ်မြုပ်ဒေသက သက်ရှိပေါင်းများစွာကို ကယ်တင်ခဲ့တာဆိုတော့ ဒါက အင်မတန် ကြီးမားတဲ့ ကုသိုလ်ပဲ"
"မင်းပြောတာသာ အမှန်ဆိုရင် ငါ မင်းကို အဖိုးကြီးလို့ ထပ်မခေါ်တော့ဘူး"
"ခဏလေး စောင့်ကြည့်လိုက်ပါ ငါ့ကို ယုံစမ်းပါ"