← Chapters

အခန်း (၃၁၂၁-၃၁၂၅)

Vol. 136 Ch. 3121-3125

အခန်း (၃၁၂၁-၃၁၂၅)

Vol. 136 Ch. 3121-3125

အပိုင်း (၃၁၂၁)

ဘာသာပြန်သူ_တိမ်တိုက်

တစပြင်ကန္တာရကြယ်စီရင်စုကြီးဟူသည့် နာမည်ကို ရန်ကိုင် ကြားဖူးပေသည်။

ယခင်က ရန်ကိုင်နှင့် ဟုန်းလော့ကြယ်စီရင်စုကြီးမှ ထိပ်တန်းပညာရှင်များ ကြယ်တာရာလမ်းကြောင်းကို ဖြတ်သွားစဉ် တစပြင်ကန္တာရကြယ်စီရင်စုကြီးမှ လာသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ ကြားဖြတ် ဟန့်တားတိုက်ခိုက်ခြင်းကို ခံခဲ့ရပေသည်။ ထိုတိုက်ပွဲကြောင့်ပင်လျှင် ကြယ်တာရာလမ်းကြောင်း ပျက်စီးသွားခဲ့ရပြီး ရန်ကိုင်တို့ အဖွဲ့သားများမှာလည်း လူချင်းကွဲသွားခဲ့ရသည်။ ရန်ကိုင်မှာ လျို့ယန်နှင့် ရှောင်ရှောင်တို့ကို ပြန်ရှာတွေ့ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပေသည်။

သူတို့အား ကြားဖြတ် ဟန့်တားတိုက်ခိုက်ခဲ့သည့် အဖွဲ့၏ ခေါင်းဆောင်မှာ တစပြင်ကန္တာရကြယ်စီရင်စုကြီး တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သော မရဏဂိုဏ်း၏ ဂိုဏ်းချုပ် ယင်လဲ့ရှန်းသာ ဖြစ်ပေသည်။

ရန်ကိုင်နှင့်အတူ အခက်အခဲအသွယ်သွယ်ကို ကျော်ဖြတ်ခဲ့သော လျို့ရှန်းယွင်ဆိုသည့် လူမှာလည်း တစပြင်ကန္တာရကြယ်စီရင်စုကြီးမှ လာသည့် လူတစ်ဦး ဖြစ်ပေသည်။ သူတို့နှစ်ဦး၏ ရန်ကိုင်အပေါ် ဆက်ဆံပုံမှာ ကွဲပြားခဲ့ကြသလို နှစ်ဦးသား၏ အဆုံးသတ်မှာလည်း ကွဲပြားခဲ့ကြပေသည်။

ယင်လဲ့ရှန်းသည် ကြယ်ပျက်ပင်လယ်ထဲ၌ ရန်ကိုင်လက်မှ လွတ်မြောက်ခဲ့ပါသော်ငြား အရှေ့ဘက်နယ်မြေရှိ‌ တောအုပ်ကြီးထဲတွင် ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။ လျို့ရှန်းယွင်မှာမူ ယင်လဲ့ရှန်းကဲ့သို့ မဟုတ်ဘဲ ရန်ကိုင်၏ ထောက်ခံပေးမှုဖြင့် ရေခဲနှလုံးသားတောင်ကြားထဲ ဝင်ခွင့်ရသွားခဲ့သည်။ ယခုဆိုလျှင် သူမ၏ ကျင့်ကြံခြင်းမှာ တာအိုသခင် တတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်လေရာ အနှေးနှင့်အမြန်ဆိုသလို သူမ၏ အရည်အချင်းအရ ဧကရာဇ်အဆင့်သို့ ကျိန်းသေ ချိုးဖျက်နိုင်ပေလိမ့်မည်။

ရီရှီယွင်ဆီမှ တစပြင်ကန္တာရကြယ်စီရင်စုကြီးအကြောင်း ကြားလိုက်သော် ရန်ကိုင်မှာ အမှန်တကယ်ကို အံ့အားသင့်သွားခဲ့ရသည်။

သို့သော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်ပြီးသည့်နောက်တွင် တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ဟုန်းလော့ကြယ်စီရင်စုအား ကျူးကျော်လာသည်မှာ အဆန်းတော့ မဟုတ်ကြောင်း သိသွားခဲ့ရလေသည်။ ရန်ကိုင်တို့အဖွဲ့သည် ယင်လဲ့ရှန်းတို့ အဖွဲ့နှင့် ကြယ်တာရာလမ်းကြောင်းထဲတွင် တွေ့နိုင်ခဲ့သည့်အတွက်ကြောင့် ကြယ်စီရင်စုကြီးနှစ်ခုသည် တစ်ခုနှင့်တစ်ခု နီးကပ်သည့် အနေအထားတွင် ရှိနေရပေလိမ့်မည်။ ဖြစ်နိုင်သည်မှာတော့ ကြယ်စီရင်စုနှစ်ခုအကြား ကမ္ဘာအတားအဆီးတစ်ခုလောက်သာ ခြားနေပေလိမ့်မည်။ ထိုအတားအဆီး ပျက်စီးသွားသည့်နောက်တွင် ကြယ်စီရင်စုနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆက်သွားခဲ့လေရာ တစပြင်ကန္တာရကြယ်စီရင်စုမှ ဟုန်းလော့ကြယ်စီရင်စုကြီးထဲသို့ ဝင်လာနိုင်သည်မှာ အထူးအဆန်း မဟုတ်တော့ပေ။

"ကျုပ်တို့ကလည်း ကြယ်စီရင်စုကပဲ၊ သူတို့ကလည်း ကြယ်စီရင်စုကပဲ လာတာ၊ အဲဒါကို ဘာဖြစ်လို့ ကျုပ်တို့က သူတို့ပြိုင်ဘက် မဖြစ်နိုင်ရတာလဲ" ရန်ကိုင်က မေးလိုက်လေသည်။

ရီရှီယွင်က ရှင်းပြလိုက်သည်။ "သူတို့ ကြယ်စီရင်စုကြီး တစ်ခုလုံးကို ခေါင်းဆောင်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်း ရှိတယ်၊ အဲဒီဂိုဏ်းက မရဏဂိုဏ်းပဲ၊ ဒါပေမဲ့ မတူတာက ငါတို့ ကြယ်စီရင်စုတစ်ခုလုံးကို တစ်ကိုယ်တည်း ဦးဆောင်နေတဲ့ အဖွဲ့အစည်းမရှိဘူး။ အဖွဲ့အစည်း အသီးသီးက သူ့ပိုင်နက်၊ ကိုယ့်ပိုင်နက် ကိုယ်စီကို အုပ်ချုပ်နေကြတာ၊ ပြီးတော့ သူတို့ကလည်း အလစ်ငိုက်ချောင်းပြီး တိုက်ခိုက်လာတာလေ၊ အဲဒီတော့ ငါတို့ ဘယ်လိုမှ အချိန်မီ မတုံ့ပြန်နိုင်ဘူး၊ အချိန်မီ တုံ့ပြန်မယ်ဆိုရင်တောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အရင် ညှိနှိုင်းမှုယူရသေးတယ်၊ အဲဒီတော့ စစချင်းမှာတင် အကျအဆုံးတွေ များပြီးတော့ ငါတို့ဘက်က ချက်ချင်းဆိုသလို အောက်စီးကို ရောက်သွားရတာပဲ"

[တကယ်ကြီး မရဏဂိုဏ်းပဲ၊ ကြည့်ရတာ ယင်လဲ့ရှန်း မရှိတာတောင် မရဏဂိုဏ်းက အဲဒီကြယ်စီရင်စုကြီး တစ်ခုလုံးကို အုပ်စိုးနိုင်တုန်းပဲနဲ့ တူတယ်]

"ဒီတော့ အရိပ်ကြယ် အပြင်ဘက်မှာ ရှိနေတဲ့ ကြယ်သင်္ဘောတွေက တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲက လာတာပေါ့"

ရီရှီယွင်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်၊ အရိပ်ကြယ်က အဓိက စစ်မြေပြင်တွေထဲက တစ်ခုပဲ၊ ဒီတော့ ငါတို့ကို ပစ်မှတ်ထားဖို့ ဒီနေရာဆီ အင်အားစုတွေ အများကြီး လွှတ်ထားတာ"

"အဲဒီသက်ကြားအိုကြီး ငါ့ကို လိမ်ရဲတယ်ပေါ့" ရန်ကိုင် နှာခေါင်းရှုံ့လိုက်လေသည်။

ရန်ကိုင် မည်သူ့အား ပြောလို့ ပြောနေမှန်း မသိသည့်အတွက်ကြောင့် အကုန်လုံးမှာ ဇဝေဇဝါ ဖြစ်သွားကုန်ကြလေသည်။

ရီရှီယွင်က ဆက်၍ ရှင်းပြလိုက်လေသည်။ "အခု အဲဒီကြယ်သင်္ဘောတွေကိုပဲ ဒီတိုင်းသွားတိုက်ခိုက်ကြမလား၊ ဒါမှမဟုတ် အရိပ်ကြယ်ပေါ်မှာ ရှိနေတဲ့ ရန်သူတွေကို အရင် လူခွဲပြီးတော့ ရှင်းပစ်မလား ငြင်းခုံနေကြတာ၊ ဒါပေမယ့် နင် ပြန်ရောက်လာပြီ ဆိုမှတော့ ဘာမှ ဆက်ပြီး ငြင်းခုံနေစရာ မလိုတော့ဘူး"

"ကျုပ် သိပြီ" ရန်ကိုင်က ခေါင်းငြိမ့်လိုက်ပြီး... "ခဏစောင့်"

ရုတ်တရက် ရန်ကိုင် မျက်လုံး ပိတ်လိုက်လေသည်။ ထို့နောက် သူ့လက်အား ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့လက်ကို ဖြည်းဖြည်းချင်း ဆုပ်ချလိုက်လေသည်။

ရန်ကိုင်မှ သူ့လက်အား စတင်၍ ဆုပ်နေသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာလည်း သူတို့၏ နှလုံးကို တစ်စုံတစ်ဦးမှ လာဆုပ်ကိုင်သည့်အလား အသက်ရှူ မွန်းကြပ်သလို ခံစားလာရလေသည်။

နောက်ဆုံးတွင် ရန်ကိုင် သူ့လက်အား တင်းတင်းဆုပ်ချလိုက်လေသည်။

"ပြီးပြီ" ထိုသို့ လုပ်ပြီးသည့်နောက် ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာခဲ့ပြီး ပြောလိုက်လေသည်။ လူတိုင်း ခံစားနေရသည့် ကြောက်မက်ဖွယ်ရာ ဖိအားမှာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေ၏။

အကုန်လုံးမှာ ရန်ကိုင် ဘာလုပ်သွားလို့ လုပ်သွားမှန်း မနားလည်သည့်အလျောက် ဇဝေဇဝါ အမူအရာများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့သော်ငြား မကြာမီတွင် ကျယ်လောင်သည့် ပေါက်ကွဲသံများ အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာသည်ကို လူတိုင်း ကြားလိုက်ကြရသည်။ အကုန်လုံးမှာ တစ်ခုခုအား သဘောပေါက်သွားသည့်အလား ခန်းမအပြင်ဘက်သို့ ပြေးထွက်သွားကြပြီး ကြယ်တာရာကောင်းကင်ထဲသို့ လှမ်းကြည့်လိုက်ကြလေသည်။

ကြယ်တာရာ ကောင်းကင်ထဲဝယ် ပေါက်ကွဲမှုကြီးပေါင်းများစွာ အဆက်မပြတ် ဖြစ်ပျက်နေခဲ့သည်။ ပေါက်ကွဲမှုများ ထွက်ပေါ်နေသည့် နေရာမှာတော့ အရိပ်ကြယ်နှင့် မိုင်ပေါင်းသောင်းနှင့်ချီကာ ဝေးကွာသည့် နေရာဖြစ်သော်ငြား ပေါက်ကွဲသံများကိုမူ ဤနေရာမှ လှမ်း၍ ကြားနေနိုင်ခဲ့သည်။

ပေါက်ကွဲသံများသည် တစပြင်ကန္တာရကြယ်စီရင်စုမှ သင်္ဘောများ ကျောက်ချထားသည့် နေရာဆီမှ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်လေသည်။

ဘာတွေဖြစ်နေသလဲ ဆိုသည်ကို သဘောပေါက်သွားကြသော် အကုန်လုံး မှင်တက်သွားကုန်ကြလေ၏။

ရန်ကိုင်သည် အရိပ်ကြယ်၏ ကြယ်သခင် ဖြစ်သည့်အလျောက် အရိပ်ကြယ်ပေါ်တွင် သူသည် နတ်ဘုရားတစ်ပါးပမာ ဖြစ်ပါသော်ငြား တစပြင်ကန္တာရကြယ်စီရင်စုမှ ကြယ်သင်္ဘောများသည် အရိပ်ကြယ်ပေါ်တွင် မဟုတ်ဘဲ ကြယ်တာရာ ကောင်းကင်ထဲတွင် ရှိနေခြင်း ဖြစ်လေသည်။ ထိုသို့ ဖြစ်လေရာ ရန်ကိုင်သည် အရိပ်ကြယ်ပေါ်တွင် နေလျက်နှင့်ပင် ထိုမျှ ဝေးကွာသည့် နေရာ၌ ရှိနေသော ကြယ်သင်္ဘောများကို မည်ကဲ့သို့များ ဖျက်ဆီးနိုင်ရလေသနည်း။ ထိုသို့ လုပ်ဖို့ရာ ရန်ကိုင် အနေဖြင့် မည်မျှပင် အားကောင်းနေရန် လိုအပ်ပါလေသနည်း။

ထို့အပြင် ထိုကြယ်သင်္ဘောများ အပေါ်၌ သာမန် ပညာရှင်များသာလျှင် မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အဆင့်သို့ ပညာရှင်ပေါင်းများစွာလည်း ပါရှိနေပေသေးသည်။ သို့သော်ငြား လက်ရှိ အခြေအနေကို ကြည့်ရသလောက် ထိုပညာရှင် အားလုံး အသက်ရှင်လျက် လွတ်မြောက်သွားခြင်း မရှိသည့်ပုံပင်။

ရီရှီယွင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည်။ "အခု ငါတို့ ဘာမှ ငြင်းခုံနေစရာ မလိုဘူးဆိုမှတော့ ဆက်ပြီးတော့ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး၊ မြန်မြန် လှုပ်ရှားကြရအောင်"

ထိုစကားကို ကြားသည့်နောက် လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး အထက်ကောင်းကင်ဂိုဏ်း၏ ဟင်းလင်းပြင် အစီအရင်များမှ တစ်ဆင့် အရိပ်ကြယ်၏ နေရာအသီးသီးဆီသို့ ထွက်သွားကြလေသည်။ ယခု သူတို့ဘက်မှ အသာရနေပြီ ဖြစ်လေရာ အရိပ်ကြယ်ပေါ်၌ ရှိနေသော တစပြင်ကန္တာရကြယ်စီရင်စုမှ လက်ကျန်လူများကို အမဲလိုက်ကာ ရှင်းပစ်ရပေလိမ့်မည်။

ရန်ကိုင်က ပြောလိုက်လေသည်။ "ကျုပ်လည်း လေ့ကျင့်ခန်းလေး လုပ်ရတော့တာပေါ့"

အရိပ်ကြယ်သည် သူ့ပိုင်နက် ဖြစ်သည်။ ထိုအတွက်ကြောင့် အမှိုက်ကောင်များ သူ့ပိုင်နက်ထဲ လာသောင်းကျန်းနေသည်ကို ရန်ကိုင်အနေဖြင့် မည်သည့်နည်းနှင့်မျှ ရပ်ကြည့်မနေနိုင်ပေ။ ထိုကျူးကျော်လာသည့် လူများသည် သူဘာသာသူ အေးအေးဆေးဆေး နေနေပါသော်ငြား သူ့ကိုယ်ပေါ် တက်လာသည့် သန်းများသဖွယ် ဖြစ်လေသည်။ ရန်ကိုင်အနေဖြင့် ထိုသန်းများကို သေသေချာချာ ရှင်းပစ်ရပေလိမ့်မည်။

ထို့ကြောင့် စုယန်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "စီနီယာအစ်မ၊ အရင် အနားယူလိုက်ဦးနော်"

စုယန် ဘာမျှ ပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် ခန်းမထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသည့်အတွက်ကြောင့် စုယန်မှာလည်း ခေါင်းတခါခါသာ လုပ်လိုက်ရတော့လေသည်။

ထိုစဉ် လူတစ်ဦးသည် ခန်းမထဲသို့ ဝရုန်းသုန်းကား ပြေးဝင်လာခဲ့ပြီး အဆောတလျင်ဖြင့် မေးလိုက်လေသည်။ "ငါ့သား ဘယ်မှာလဲ"

ရန်ကိုင် ပြန်ရောက်လာသည့် အကြောင်း ကြားလိုက်သည့်နောက်တွင် ဒေါင်စုကျုသည် မြန်နိုင်သမျှ မြန်အောင် အပြေးလာခဲ့ပါသော်ငြား ခြေတစ်လှမ်းခန့် နောက်ကျသွားခဲ့ရသေးသည်။

"ဖြည်းဖြည်း လုပ်ပါဟ၊ လဲကျသွားရင် ဘယ်လိုလုပ်မှာလဲ၊ နင်က ကလေးလည်း ဟုတ်တော့တာ မဟုတ်ဘူး၊ ဘာဖြစ်လို့ ဒီလောက်တောင် စိတ်စောနေရလွန်းတာလဲ" ရန်ယင်ဖုန်း၏ တည်ငြိမ်သည့်အသံ နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ လေသံမှာ တည်ငြိမ်ပါသော်ငြား ရန်ရင်ဖုန်း၏ ပုံစံကို ကြည့်ရသလောက်လည်း သိပ်တည်ငြိမ်သည့်ပုံ မပေါ်။

ထိုလင်မယား နှစ်ဦးသည် ခန်းမထဲသို့ ရောက်လာသည်နှင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လေသည်။ သို့သော်ငြား ရန်ကိုင်ကို မတွေ့ခဲ့ဘဲ မကြာမီတွင် သူတို့၏ အကြည့်သည် အဖြူရောင် ဝတ်ရုံဝတ် အမျိုးသမီးဆီသို့ ရောက်သွားခဲ့လေ၏။

"စုယန်" ဒေါင်စုကျု၏ မျက်လုံးများ ရဲတက်လာခဲ့ပြီး ပါးစပ်ကလေးကို လက်ဖြင့် အုပ်လျက်မှ ကတုန်ကယင် လေသံဖြင့်... "တကယ်ကြီး စုယန်လား"

စုယန်သည် ဒေါင်စုကျုအနားသို့ ကပ်သွားပြီး ကျော့ရှင်းစွာ ဦးညွှတ်လိုက်လေ၏။ "အမေ"

သူမ၏ သာယာပျော့ပျောင်းသည့် အသံလေးသည် ရန်ယင်ဖုန်းနဲ့ သူ့မိန်းမအတွက်မူ ဤလောကကြီးထဲရှိ အချိုသာဆုံးသော တေးသံတစ်ခုပမာ။ နှစ်ဦးစလုံးမှာ သူမအသံလေးကို ကြားလိုက်ရသည့်နောက် အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်သွားခဲ့ကြရလေသည်။

"တကယ်ကြီး စုယန်ပဲ" ရန်ယင်ဖုန်းသည် ငေးကြောင်ကြောင် ဖြစ်နေသည့် ဒေါင်စုကျုအား အသာအယာ ရှေ့သို့ တွန်းပို့လိုက်လေသည်။ [ဟူး မိန်းမဆိုတော့လည်း မိန်းမပါပဲ၊ အမြဲတမ်းကို ပျာယာခတ်နေတယ်၊ ကြည့်ရတာ အသက်ကြီးလာတဲ့ နောက်ပိုင်းတောင် ငါ သူ့ကို တောက်လျှောက် စိတ်ပူနေရဦးမယ်နဲ့ တူတယ်]

ထိုအခါမှသာလျှင် ဒေါင်စုကျုသည် သူမလက်ကို ဖြန့်၍ စုယန်အား ပွေ့ဖက်လိုက်လေသည်။ ဒေါင်စုကျုမှာ ခန္ဓာကိုယ်မှ ခပ်သေးသေးဖြစ်ပေ၏။ စုယန်မှာ သူမထက် ခေါင်းတစ်လုံး ပိုမြင့်လေရာ ဒေါင်စုကျုမှာ စုယန်၏ ရင်ခွင်ထဲသို့ ရောက်သွားသည့် ပုံစံမျိုး ပေါက်နေခဲ့လေသည်။

စုယန်သည် ယဲ့ယဲ့လေး ပြုံးလျက် ဒေါင်စုကျု၏ ပခုံးကို ကျော်ကာ ရန်ယင်ဖုန်းကို လှမ်းကြည့်၍ နှုတ်ဆက်လိုက်လေသည်။"အဖေ "

ရန်ယင်ဖုန်းမှာလည်း လှုပ်ရှားနေသည့် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းရင်း ခေါင်းပြန်ညိတ်ပြလိုက်သည်။ ယခုမှသာလျှင် သူလည်း စိတ်အေးနိုင်တော့၏။

ယခင်က စုယန်သည် ထူးဆန်းသည့် လေဟာနယ် လိုဏ်ခေါင်းကို သွားစစ်ဆေးရင်းမှ ပျောက်သွားခဲ့သည်။ အကုန်လုံးမှာ စုယန်နှင့် ပတ်သက်၍ အမှန်တကယ်ကိုမှ စိတ်ပူခဲ့ရပေသည်။ ဒေါင်စုကျုနှင့် ရန်ယင်ဖုန်းတို့ဆိုလျှင် အအိပ်ပျက် အစားပျက်ပင် ဖြစ်ခဲ့ရသည်။ ရန်ကိုင် မရှိစဉ် အတောအတွင်း ရန်ကိုင်၏ မိန်းမအား မစောင့်ရှောက်ပေးနိုင်ခဲ့သည့်အပေါ် သူတို့စိတ်ထဲ အပြစ်မကင်းသလို ခံစားခဲ့ကြရသည်။ သူတို့၏ ကျင့်ကြံခြင်း အားနည်းလှသည့်အပေါ်လည်း ပြန်၍ အပြစ်တင်နေမိခဲ့ကြသည်။

သို့ရာတွင် သူတို့ မမျှော်လင့်ထားခဲ့သည်မှာ ရန်ကိုင်နှင့် စုယန်တို့ နှစ်ဦး အတူတကွ ပြန်လာမည်ဟူသော အချက်ပင်။ ထိုအတွက်ကြောင့် မိဘများ ဖြစ်ကြသည့် ဒေါင်စုကျုနှင့် ရန်ယင်ဖုန်းတို့မှာ ယခုကိစ္စနှင့် ပတ်သက်၍ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေကြရတော့လေသည်။

"ရပ်လိုက်တော့၊ နင်လုပ်လို့ စုယန် အင်္ကျီတွေ စိုရွှဲကုန်တော့မယ်၊ အသက်ကြီးနေပြီ ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်းပါဦး" ဒေါင်စုကျု အငိုမရပ်သည်ကို မြင်သော် ရန်ရင်ဖုန်းကလည်း ဝင်ပြောရတော့လေသည်။

ထိုအခါမှသာလျှင် ဒေါင်စုကျုသည် ခေါင်းပြန်မော့လာပြီး စုယန်အား သေသေချာချာ စစ်ဆေးကြည့်တော့လေသည်။

"စုယန်၊ လာ သမီး ဒီမှာ အရင်ဆုံး လာထိုင်လိုက်" ဒေါင်စုကျုသည် စုယန်၏ လက်ကို ကိုင်၍ သူမအား အနီးအနား တစ်နေရာတွင် ရှိနေသော ထိုင်ခုံဆီသို့ ဆွဲခေါ်သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်များအတွင်း စုယန် မည်ကဲ့သို့သော အရာများနှင့် ကြုံတွေ့ခဲ့ရသလဲ ဆိုသည်ကို သူမစိတ်ထဲ မေးမြန်းဖို့ရာ မစောင့်နိုင်တော့ပေ။

ထိုင်ခုံ အသီးသီး ယူထိုင်လိုက်ကြပြီးသည့်နောက်တွင် စုယန်က ပြောလိုက်လေသည်။ "အမေ ရန်ကိုင်…"

"အဲဒီကောင် အကြောင်း မပြောနဲ့" ဒေါင်စုကျုက မျက်နှာကြီး မဲ့လျက်... "သူဘာသာသူ အပြင်မှာ သေရင် သေပါစေ"

ရန်ရင်ဖုန်းက ဝင်ပြောလိုက်သည်။ "အဲဒါဆို နင် ဒီကို ဘာဖြစ်လို့ ပျာယီးပျာယာနဲ့ ပြေးလာရတာလဲ"

"အဲဒါ နင်နဲ့ ဘာဆိုင်လို့လဲ ငါ့ဘာသာငါ ဘယ်လိုလာလာပေါ့" ဒေါင်စုကျုက ရန်ရင်ဖုန်းကို စူးရဲစွာ စိုက်ကြည့်လျက် ပြန်ပြောလိုက်သည်။ "ငါ စုယန်ကို လာရှာတာလေ"

"ကြည့်၊ ငါက ဒီအတိုင်းလေး ပြောရုံပဲကို နင်က ဒေါသထွက်နေပြီ" ရန်ရင်ဖုန်းမှာ ကူကယ်ရာမဲ့စွာဖြင့် နဖူးကို လက်ဖြင့် ပွတ်ရတော့လေသည်။ [အဲဒါဆိုရင် ဒီနေရာ ရောက်ပြီးတုန်းက ဘာဖြစ်လို့ ငါ့သား‌ရောလို့ လိုက်အော်နေရသေးတာလဲ]

"နင် ငါ့ကို သည်းမခံနိုင်ဘူးဆိုရင်လည်း ကွာရှင်းလိုက်၊ အပြင်မှာ မိန်းမချောလေးတွေ အများကြီးပဲ ရှိနေတာပဲ၊ နင်လည်း သူတို့နဲ့ ပျော်ပါးချင်တာမလား၊ သွားလေ၊ ဘာလဲ၊ ငါ ကွာရှင်းစာချုပ် ပြင်ပေးရဦးမလို့လား၊ ရတယ် ပြင်ဆိုရင်လည်း ပြင်ပေးမယ်၊ နင့်ဘက်က လက်မှတ်ထိုးလိုက်ရုံပဲပေါ့"

ရန်ယင်ဖုန်းကမူ ပခုံးတွန့်ပြလျက် ပါးစပ်အား ဇစ်ပိတ်သည့် ပုံစံမျိုး လုပ်ပြလိုက်လေသည်။ ထိုအချင်းအရာကို မြင်သော် စုယန် ထရယ်တော့လေသည်။

ဒေါင်စုကျုသည် စုယန်၏ လက်ကလေးကို ပုတ်ပေးရင်းမှ ပြောလိုက်သည်။ "ယောက်ျားတွေဆိုတာ အခုလိုမျိုး ထိန်းမှရတာ၊ ဟိုကောင်ကိုလည်း ကောင်းကောင်းမွန်မွန်တွေ သွားဆက်ဆံပြမနေနဲ့၊ နင် သူ့အပေါ် အရမ်း ကောင်းလွန်းနေရင် သူ နင့်ကို ဒီလောက် အလေးထားတော့မှာ မဟုတ်ဘူး၊ ယောက်ျားတွေကို ဆက်ဆံရင် အခုလိုမျိုး ခပ်ကြမ်းကြမ်းမှပဲ အဆင်ပြေတာ၊ အဲဒါမှပဲ သူ နင့်အကြောင်းကို တစ်ချိန်လုံး စဉ်းစားနေမှာ"

"အမေ့ စကားကို သမီး သေချာ မှတ်ထားပါမယ်" စုယန်က ခေါင်းညိတ်ပြလိုက်သည်။

"နင်ကတော့ တကယ်ကို စိတ်ပူစရာပဲ၊ နင့်စရိုက်နဲ့ဆိုရင်တော့ ဟူး၊ နင်းချန်လေးလည်း အတူတူပဲ၊ ချင်းလော့လေး တစ်ယောက်ပဲ နည်းနည်း အဆင်ပြေတယ်၊ နောက်တစ်ကြိမ်ကျရင်တော့ သေသေချာချာ သွားပြောထားရမယ်၊ နင်တို့တွေ သူ့အပေါ် အရမ်း ကောင်းလွန်းပေးနေတယ်" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ဒေါင်စုကျုက လေသံတိုးတိုးဖြင့် မေးလိုက်လေ၏။"သူ ပြန်ခေါ်လာသေးလား"

"ဘာ ပြန်ခေါ်လာတာလဲ" စုယန်သည် ဒေါင်စုကျုအား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။

"သူ မိန်းမအသစ်တွေ ပြန်ခေါ်လာသေးလားလို့ မေးတာ"

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် စုယန်က ပြန်ပြောလိုက်လေ၏။ "မခေါ်လာလောက်ဘူးလို့တော့ ထင်တာပဲ" ရန်ကိုင်နှင့် အတူ ဟဲယွင်ရှန်းကိုသာ စုယန် တွေ့ခဲ့ရလေသည်။ ဟဲယွင်ရှန်း ဘာကြောင့် ရန်ကိုင်အနောက် လိုက်နေမှန်း သဘောပေါက်သွားပြီးသည့်နောက် ဟဲယွင်ရှန်းအား ရန်ကိုင်၏ အမျိုးသမီးအဖြစ် မသတ်မှတ်တော့ပေ။

သို့ရာတွင် ဒေါင်စုကျုမှာမူ အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ပမာ ချက်ချင်း ဒေါသူပုန်ထလာတော့လေသည်။ "သူ နောက်ထပ် မိန်းမတစ်ယောက် တကယ်ကြီး ခေါ်လာတယ်ပေါ့"

[ဒီကောင် တကယ်ကို လွန်ပါလား၊ သူ့မှာ စုယန်လို မိန်းမတစ်ယောက် ရှိနေတာနဲ့တင် အဲဒီလို မိန်းမမျိုးကို သေသေချာချာ ဂရုစိုက်ပေးရမှာကို အခြားမိန်းမတွေနဲ့ လျှောက်ပြီးတော့ ပျော်ပါးနေရဲသေးတယ်ပေါ့ ဟုတ်လား]

"သူက ရန်ကိုင်ရဲ့ မိန်းမ မဟုတ်ဘူး"

"သူ နင့်ကို လိမ်ခိုင်းထားတာမလား၊ ဒီကောင်တော့ကွာ" ဒေါင်စုကျုမှာ သူမ ထိုင်နေသည့် ထိုင်ခုံလက်ရန်းကို ဒေါမာန်တကြီးဖြင့် ကောက်ရိုက်ချလိုက်ရင်းမှ ငြိမ်သက်စွာ ရပ်နေသော ရန်ရင်ဖုန်းအား စူးရဲစွာ စိုက်ကြည့်ကာ... "အခု နင် ဘယ်လို သားမျိုးကို မွေးထားလဲ ကြည့်လိုက်စမ်း"

ရန်ယရ်ဖုန်းမှာမူ ခေါင်းကိုသာ ငုံ့ထားခဲ့ပြီး ဘာမျှ ပြန်မပြောတော့ပေ။ သူ့စိတ်ထဲလည်း အလကားသက်သက် အပြစ်ရှာခံနေရသည်ဟု ခံစားနေခဲ့ရလေသည်။ ယခုကိစ္စသည် သူနှင့် ဘာမျှ မဆိုင်ပါသော်ငြား ဒေါင်စုကျုသည် ထစ်ခနဲရှိ သူ့ကိုသာ အပြစ်လာရှာနေလေသည်။

[ကောင်လေးရေ၊ ဆုသာ တောင်းထားပေတော့၊ မင်း ပြန်ရောက်တာနဲ့ မင်းအမေက မင်းကို ကောင်းကောင်း သမတော့မှာ၊ သူ မင်းကို ခွင့်လွှတ်ပေးမယ် ဆိုရင်တောင် ငါကတော့ ခွင့်မလွှတ်ပေးဘူးကွ၊ မင်းကြောင့် ငါပါ တမင်သက်သက် အပြစ်ရှာခံရတာ]

"သူ တကယ် ခေါ်မလာဘူး" စုယန်မှာမူ ရယ်ရခက် ငိုရခက် ဖြစ်နေလေပြီ။ သို့သော်ငြား သူမစိတ်ထဲတွင်တော့ အလွန်ကိုမှ နွေးထွေးသလို ခံစားလိုက်ရသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၂၂)

ဘာသာပြန်သူ_တိမ်တိုက်

တိမ်တိုက်တောင်သည် အရိပ်ကြယ်ပေါ်ရှိ မိုးမြေစွမ်းအင်များဖြင့် သိပ်သည်းလှသော နေရာတစ်ခု ဖြစ်ပေသည်။ ဤနေရာသည် အရိပ်ကြယ်ပေါ်ရှိ နာမည်အကျော်ကြားဆုံး သလင်းကျောက်တွင်းများ ရှိသည့် နေရာတစ်ခုဖြစ်သလို ထက်ကောင်းကင်ဂိုဏ်း၏ အရေးပါဆုံးသော စီးပွားရေးလုပ်ငန်းများ ရှိနေသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ ဤနေရာမှ တူးယူရရှိသော သလင်းကျောက်များသည် ထက်ကောင်းကင်ဂိုဏ်း၏ တစ်နေ့စာဝင်ငွေ၏ ဆယ်ရာခိုင်နှုန်းကို ကိုယ်စားပြုနေပေသည်။

ဤနေရာသည် ထက်ကောင်းကင်ဂိုဏ်းအတွက် အလွန်ကိုမှ အရေးကြီးသည့်အတွက်ကြောင့် ထက်ကောင်းကင်ဂိုဏ်းသည် ဤနေရာ၌ အစောင့်များကို ချထားပေသည်။

ဤနေရာ၌ တာဝန်ပေးထားခြင်း ခံရသည့် ပညာရှင်မှာတော့ တင်းကျပ်သည့် အဝတ်အစားကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဆံထုံး ထုံးထားသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ ယခင်က သူမသည် ဟန်မင်းဆက် ချူမိသားစု၏ အကြီးဆုံး သခင်မလေး ဖြစ်ခဲ့ဖူးပါသော်ငြား ယခုအချိန်တွင်တော့ ချူမိသားစု ခေါင်းဆောင်သခင်မ ဖြစ်နေခဲ့လေပြီ။ ချူရီမန်သည် ဤနေရာကို စောင့်ကြပ်ရန် တာဝန်ပေးထားခြင်း ခံရသည့် ပညာရှင် ဖြစ်ပေသည်။ သူမ အရိပ်ကြယ်ဆီသို့ ရောက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ ဤနေရာသို့ ရောက်လာပြီးသည့်နောက်ပိုင်း သူမ၏ ကျင့်ကြံခြင်းကို တတ်နိုင်သမျှ ကြိုးစားမြှင့်တင်ခဲ့လေရာ ယခုဆိုလျှင် သူမ၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင် ပထမအဆင့်သို့ပင်လျှင် ရောက်နေခဲ့ရလေပြီ။

ဟန်မင်းဆက်မှ ထွက်လာခဲ့သည့် လူငယ်များအနက် ရန်ကိုင်မှလွဲ၍ သူမ၏ ကျင့်ကြံခြင်းသည် အမြင့်ဆုံး ဖြစ်ပေသည်။ လူကြီးမျိုးဆက်မှ လူများသည်ပင်လျှင် သူမအား မယှဉ်နိုင်ပေ။ ထိုကဲ့သို့ တိုးတက်ရခြင်းမှာ သူမ၏ မွေးရာပါ ပါရမီကြောင့် ဖြစ်သည်ဟု ပြော၍ရပါသော်ငြား သူမ၏ ကျင့်ကြံခြင်း ယခုကဲ့သို့ တက်လာရခြင်းနှင့် ပတ်သက်၍ ပို၍အရေးကြီးသည့် အကြောင်းအရင်းတစ်ခု ရှိနေပေသည်။

ကောင်းကင်ထက်ရှိ အသူရိန်နေမင်းသည် သူမနှင့် အလွန်ကိုမှ ဝေးကွာလွန်းလှပေသည်။ သူမသည်သာ နေနှင့်လတို့ကို ခူးဆွတ်လိုပါက သူမ၏ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ရာ လိုအပ်ပေလိမ့်မည်။ သူမအနေဖြင့် နေလတို့ကို မခူးဆွတ်နိုင်လျှင်ပင် အနည်းဆုံး ထိုနေလတို့နှင့် အနီးဆုံးနေရာသို့ ရောက်အောင် ကြိုးစားရပေလိမ့်မည်။

ကြယ်စီရင်စုကြီး၏ အဓိက စစ်မြေပြင်များအနက် တစ်ခုအပါအဝင် ဖြစ်သည်နှင့် အညီ အရိပ်ကြယ်သည် တစပြင်ကန္တာရကြယ်စီရင်စုကြီးမှ ပညာရှင်ပေါင်းများစွာ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။ ဤကြယ်ပေါ်တွင် စစ်ဖြစ်နေသည့် နေရာပေါင်းများစွာ ရှိကြပေသည်။ စစ်ဖြစ်နေသည့် နေရာအများစုမှာတော့ အရင်းအမြစ်များ ပေါကြွယ်ဝသည့် နေရာများသာ ဖြစ်ကြပေ၏။

တစပြင်ကန္တာရကြယ်စီရင်စုကြီးသည် အရိပ်ကြယ်ပေါ်ရှိ တိမ်တိုက်တောင်အား မျက်စိကျခဲ့ပေသည်။ ထိုအတွက်ကြောင့် တိမ်တိုက်တောင်ကို အပိုင်သိမ်းနိုင်ရန်အတွက် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအား တာဝန်ပေးထားခဲ့သည်။ ထိုလူ၏ လက်အောက်တွင်မူ ရာနှင့်ချီသော လက်အောက်ငယ်သားများ ရှိနေကြပြီး ထိုလူအများစုမှာ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ချူရီမန်သည် အထက်ကောင်းကင်ဂိုဏ်းမှ တပည့်များကို ဦးဆောင်၍ ထိုလူများအဖွဲ့အား ခုခံနေခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်ခန့် ရှိသွားခဲ့လေပြီ။

ထိုအချိန် အတောအတွင်း အဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲပေါင်းများစွာ ဖြစ်ခဲ့ပြီး အကျအဆုံးများစွာ ရှိခဲ့ပေသည်။ သို့သော်ငြား တိုက်ပွဲရလဒ်မှာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ တစပြင်ကန္တာရကြယ်စီရင်စုမှ လူများသည် တိမ်တိုက်တောင်ပေါ်ရှိ သလင်းကျောက်တွင်းများအား သိမ်းယူနိုင်ခြင်း မရှိခဲ့သလို ချူရီမန်မှာလည်း ထိုလူများအား အမြစ်ပြတ် ရှင်းထုတ်နိုင်ခဲ့ခြင်း မရှိပေ။ တိုက်ပွဲအခြေအနေ မည်သို့ပင် ဖြစ်နေလင့်ကစား ထက်ကောင်းကင်ဂိုဏ်းကိုလည်း လှမ်းအကူအညီတောင်း၍ မဖြစ်သေးချေ။ သူမသာ ထိုကဲ့သို့ လုပ်လိုက်မည်ဆိုပါက တစ်ဖက်အဖွဲ့ကလည်း သူ့လူများဆီမှ အကူအညီ လှမ်းတောင်းပေလိမ့်မည်။

ထိုအတွက်ကြောင့် ဤနေရာရှိ တိုက်ပွဲအား ထိန်းမနိုင်သိမ်းမရ အဆင့်အထိ မရောက်သွားဖို့ရာ ချူရီမန်မှာ အတတ်နိုင်ဆုံး ထိန်းနေခဲ့ရလေသည်။

တိုက်ပွဲမှာ ယခုဆိုလျှင် ငါးနှစ်ခန့် ကြာသွားခဲ့လေပြီ။ နှစ်ဖက်အဖွဲ့သည် သူတို့၏ လက်ရှိခွန်အားဖြင့်သာ ဤတိုက်ပွဲကို ဆက်တိုက်မည်ဟု သဘောတူညီချက် ရထားသည့်အလား မည်သည့်အဖွဲ့မျှ ပြန်လည် အကူအညီတောင်းခံခဲ့ခြင်း မရှိချေ။

လက်ရှိ အခိုက်အတန့်တွင် ချူရီမန်မှာ အမှန်တကယ်ကိုမှ ဒေါသူပုန်ထနေခဲ့လေသည်။ [နှစ်တွေအများကြီး ကြာနေပြီ၊ ဒီတော့ သူလည်း အရမ်းမြင့်တဲ့ အဆင့်တစ်ခုကို ရောက်နေလောက်ပြီ၊ ဒီလိုကောင်လေးတွေကိုတောင်မှ ငါမရှင်းနိုင်ရင် ဘယ်လိုလုပ်ပြီး သူ့အနားကို ရောက်အောင် ကပ်သွားနိုင်မှာလဲ]

ထိုအတွေးများနှင့် ချူရီမန်မှာ တိုက်ပွဲမရှိသည့် အချိန်တိုင်း ကြိုးကြိုးစားစားကို ကျင့်ကြံနေခဲ့လေသည်။ အနည်းငယ်မျှပင် အချိန်မဖြုန်းရဲခဲ့။

ထိုစဉ် တစ်စုံတစ်ဦးသည် အခန်းတံခါးကို အလျင်စလို လာခေါက်လေ၏။

"ဝင်လာခဲ့" ချူရီမန် မျက်လုံး ပွင့်လာခဲ့သည်။

အခန်းတံခါး ပွင့်သွားခဲ့သည့်နောက် လူထွားကြီးတစ်ဦး အခန်းထဲသို့ ဝင်လာခဲ့လေသည်။ သတ်ဖြတ်လိုစိတ်တို့မှာတော့ ထိုလူထွားကြီးဆီမှ တစ်ထောင်းထောင်း ဖြာထွက်နေလေ၏။ ထိုလူမှာ ရန်ကိုင်အား အမွေခံတိုက်ပွဲကို နိုင်အောင် ကူညီပေးခဲ့သည့် သွေးစစ်သည်တော်များထဲမှ တစ်ဦးဖြစ်သော တုဖုန်းမှလွဲ၍ အခြားမဟုတ်ပေ။

ရန်မိသားစုမှ သွေးစစ်သည်တော်များသည် ရန်မိသားစုကိုသာ သစ္စာရှိသည့် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြလေသည်။ ရန်ကိုင်နှင့် အတူ အရိပ်ကြယ်သို့ လိုက်လာပြီးသည့်နောက်တွင် သွေးစစ်သည်တော်များ၏ ခွန်အားမှာ အကြီးအကျယ် တိုးတက်လာခဲ့ရသည်။ အထူးချွန်ဆုံးသော သွေးစစ်သည်တော်များအနက် တစ်ဦးအပါအဝင် ဖြစ်သည်နှင့် အညီ တုဖုန်းသည် ယခုဆိုလျှင် တန်ခိုးရှင် တတိယအဆင့်သို့ ရောက်နေပြီဖြစ်ကာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးကွာတော့ပေသည်။

ချူရီမန်၏ လက်အောက်ငယ်သားများအနက် အတော်များများမှာ ဟန်မင်းဆက် မိသားစုကြီးရှစ်ခုမှ လာခဲ့ခြင်း ဖြစ်သဖြင့် ရန်မိသားစုမှ သွေးစစ်သည်တော်များသည်လည်း သူမ၏ လက်အောက်တွင် ခစားနေကြလေ၏။

"အကြီးအကဲချူ" ကျူဖုန်းက လက်သီးဆုပ်လိုက်သည်။

ချူရီမန် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လာပြီးသည့်နောက် အကြီးအကဲတစ်ဦးအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

"ဘာကိစ္စလဲ"

"ဟိုကောင်တွေ လှုပ်ရှားနေပြီ"

"နောက်တစ်ကြိမ်လား" ချူရီမန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူမ၏ ရန်သူများနှင့် တိုက်ခိုက်ခဲ့သည်မှာ ငါးရက်လောက်သာ ရှိပေသေးသည်။ ပုံမှန်အားဖြင့် တစ်ခါတိုက်ခိုက်ပြီးလျှင် အဖွဲ့နှစ်ခုစလုံး အနည်းဆုံး တစ်လလောက်ခန့် ကြာအောင် နားလေ့ရှိကြသည်။ နားပြီးမှသာလျှင် နောက်တစ်ကြိမ် ပြန်တိုက်ခိုက်တတ်ကြပေသည်။ ထိုသို့ဖြစ်လေရာ တစ်ဖက်အဖွဲ့သည် ဘာကြောင့်များ ငါးရက်ကြာပြီးသည့်နောက် ချက်ချင်းလာပြန်တိုက်ခိုက်နေရလေသနည်း။

တုဖုန်းက ပြန်၍ပြောလိုက်သည်။ "သူတို့ လာနေတာမဟုတ်ဘူး၊ ထွက်ပြေးနေတာ"

"ဘယ်လို" ချူရီမန် ကြောင်သွားလေသည်။ သူမတို့ ထိုအဖွဲ့နှင့် တိုက်ခိုက်နေသည်မှာ ငါးနှစ်ခန့် ရှိနေလေပြီ။ နှစ်ဖက်အဖွဲ့၏ ခွန်အားမှာ အတူတူလောက်သာ ရှိကြသည်။ ထိုအတွက်ကြောင့် ထိုအဖွဲ့သည် ဘာကြောင့်များ ရုတ်တရက်ကြီး ထွက်ပြေးသွားရလေသနည်း။ တစ်ခုခုအား သဘောပေါက်သွားသည့်အလား ချူရီမန်က ပြန်မေးလိုက်သည်။ "နေပါဦး၊ ဟိုအသံတွေက ဘာအသံတွေလဲ"

အစောပိုင်းက ကျင့်ကြံနေဆဲအချိန် ဖြစ်သည့်အလျောက် ထူးဆန်းသည့် အသံများကို ကြားခဲ့ရသည့်တိုင် အာရုံမစိုက်ခဲ့ပေ။ ယခုမှသာလျှင် ထိုအသံများသည် ကောင်းကင်ယံ ကြယ်တာရာများဆီမှ လာသည့်အသံများ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

တုဖုန်းက စိတ်လှုပ်ရှားနေဟန်ဖြင့်... "ကျုပ် အခုအဲဒီအကြောင်းကို ပြောဖို့ လာခဲ့တာ၊ ကြည့်ရတာ တစပြင်ကန္တာရကြယ်စီရင်စုကြီးက ကြယ်သင်္ဘောတွေ ဖျက်ဆီးခံလိုက်ရတဲ့ ပုံပဲ"

"အကြီးအကဲချုပ် လှုပ်ရှားလိုက်တာလား" ချူရီမန် မျက်နှာ တည်သွားခဲ့လေသည်။

ကြယ်သင်္ဘော ပေါင်းများစွာသည် အရိပ်ကြယ်အပြင်ဘက်တွင် အထိုင်ချကာ ဌာနချုပ်သဖွယ် အသုံးချ၍ အရိပ်ကြယ်အား ကျူးကျော်နေခြင်း ဖြစ်လေသည်။ ထက်ကောင်းကင်ဂိုဏ်းသည် အတော်လေးကိုမှ အားကောင်းလှသလို ဂိုဏ်းထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူပေါင်းများစွာ ရှိပါသော်ငြား တန်ခိုးရှင်ဘုရင် တတိယအဆင့် ရောက်နေသည့်လူဆို၍ အကြီးအကဲချုပ်ဖြစ်သော ရီရှီယွင်တစ်ဦးသာ ရှိပေသည်။ အခြားသော ထိပ်တန်းပညာရှင်များမှာ သူတို့၏ ပိုင်နက်နယ်မြေ အသီးသီးကို ပြန်လည်ခုခံရမည် ဖြစ်သည့်အတွက်ကြောင့် အရိပ်ကြယ်မှ ထွက်သွားကုန်ကြလေပြီ။

ရီရှီယွင် ကိုယ်တိုင်သာ မလှုပ်ရှားပါက ထိုကြယ်သင်္ဘောများကို ဖျက်ဆီးနိုင်စရာ အကြောင်းမရှိပေ။

ရှင်းရှင်းပြောရသော် ရီရှီယွင် ကိုယ်တိုင် လှုပ်ရှားမည်ဆိုလျှင်ပင် ထိုကဲ့သို့ ကြယ်သင်္ဘောများကို မဖျက်ဆီးနိုင်လောက်။ ယခင် အရိပ်ကြယ်မှ ထွက်သွားသည့် ပညာရှင်များ ထက်ကောင်းကင်ဂိုဏ်းဆီသို့ ပြန်လာပြီး အတူတကွ ပူးပေါင်းမှသာလျှင် ထိုကြယ်သင်္ဘောများကို ဖျက်စီးနိုင်ပေလိမ့်မည်။

[သူတို့ ပြန်လာတာများလား] ဤသည်မှာ ချူရီမန် စဉ်းစားနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်ပေသည်။ ထိုသို့သာဆိုလျှင်တော့ အကုန်လုံးမှာ ယုတ္တိရှိသွားပြီဟု ပြော၍ရသည်။

တုဖုန်းက ပြောလိုက်သည်။ "အသေးစိတ်ကိုတော့ မသိရသေးပေမဲ့ အခုအချိန်က လှုပ်ရှားဖို့ အကောင်းဆုံးအချိန်ပဲ"

ချူရီမန်သည် ထိုင်ရာမှထ၍ ပြောလိုက်လေသည်။ "ဒီလိုဆိုမှတော့ သူတို့နဲ့ တစ်ခါတည်း အပြတ်စာရင်းရှင်းကြတာပေါ့"

ကြယ်စီရင်စုကြီးထဲတွင် ရှိနေသော သူတို့၏ နောက်ခံအင်အားစုများ ဖျက်ဆီးခံလိုက်ရသည့်အတွက်ကြောင့် မြေပြင်ပေါ်တွင် ရောက်နေသော အင်အားစုများ ပျာယာခက်လာကြသည်မှာ အဆန်းတော့ မဟုတ်ပေ။ ချူရီမန်အနေဖြင့် ယခုကဲ့သို့သော အခွင့်အရေးမျိုးကို လုံးဝလက်လွှတ်ခံလိမ့်မည် မဟုတ်။

အခန်းထဲမှ ထွက်လာပြီးသည့်နောက် အခန်းအပြင်ဘက်၌ လူပေါင်းများစွာ သူမအား ရပ်စောင့်နေကြောင်း တွေ့လိုက်ရသည်။ ထိုလူများကို မြင်သော ချူရီမန် အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။

ထို့နောက် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်ရာ အလင်းတန်းပေါင်းများစွာ ကောင်းကင်ပေါ်သို့ ပျံတက်သွားနေကြောင်း တွေ့လိုက်ရလေသည်။ အလင်းတန်းများသည် အရိပ်ကြယ်မှ ထွက်ပြေးရန် ကြိုးစားနေသည့် တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ထို့နောက် အခြားတစ်နေရာဆီသို့ လှမ်းကြည့်လိုက်ရာ အလားတူ မြင်ကွင်းမျိုးကို ထပ်မံ မြင်တွေ့လိုက်ရပေသည်။

ကြည့်ရသလောက် သူတို့၏ ကြယ်သင်္ဘောများ ဖျက်ဆီးခံလိုက်ရပြီးသည့်နောက်တွင် တစပြင်ကန္တာရကြယ်စီရင်စုကြီးမှ ကျင့်ကြံသူများ အရိပ်ကြယ်ပေါ်၌ ဆက်မနေရဲကြတော့ဘဲ ထွက်ပြေးရန် ကြိုးစားနေကြသည့်ပုံပင်။

"တစ်ယောက်ကိုမှ အရှင်မထားနဲ့" ချူရီမန်က အမိန့်ပေးလိုက်လေသည်။ [အရိပ်ကြယ်က နင်တို့ လာချင်တိုင်း လာ၊ သွားချင်တိုင်း သွားလို့ရတဲ့ နေရာမဟုတ်ဘူး]

"ဟုတ်ကဲ့" အကုန်လုံးသည် သူတို့၏ သူတော်စင်ချီကို လှည့်ပတ်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားနေသော အလင်းတန်းများနောက်သို့ တစ်ဟုန်ထိုး ပြေးလိုက်သွားကြလေသည်။

လက်ရှိအချိန်တွင် ကောင်းကင်ပေါ်သို့ ပျံတက်နေသည့် တလက်လက် တောက်ပလှသော အလင်းတန်းပေါင်းများစွာကို မြင်တွေ့နိုင်ပေသည်။ ထိုကဲ့သို့သော အလားတူ မြင်ကွင်းမျိုးကို အရိပ်ကြယ်ပေါ်ရှိ နေရာအနှံ့တွင် မြင်တွေ့နိုင်ကြပေသည်။ သို့သော်ငြား ရန်သူများနောက်သို့ ပြေးလိုက်နေကြသည့် လူများမှာ ခဏလေးအတွင်း လိုက်မမှီနိုင်ခဲ့ပေ။ တကယ်တော့ တစပြင်ကန္တာရကြယ်စီရင်စုမှ လူများသည် အားနည်းသူများမှ မဟုတ်ကြလေဘဲ။ အခြားသော ကြယ်စီရင်စုတစ်ခုကို ကျူးကျော်လာနိုင်ဖို့ရာ သူတို့အနေဖြင့် အတော်လေး အားကောင်းနေမှသာ ရပေလိမ့်မည်။

တစ်ဖက်လူများကိုသာ အမှီလိုက်လိုပါက သူမ၏ ဝှက်ဖဲကို ထုတ်သုံးမှသာ ရတော့လိမ့်မည်မှန်း ချူရီမန် သိလိုက်လေသည်။ ထိုသို့သာမဟုတ်ပါက ထိုလူများ လွတ်သွားပေလိမ့်မည်။ ထိုအတွက်ကြောင့် အံကို တင်းတင်းကြိတ်၍ လက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်လေရာ သူမ၏ အရေပြားမှာ စတင်၍ ပန်းရောင်သမ်းလာခဲ့လေ၏။ ထို့နောက်တွင် ချူရီမန်သည် လျှပ်စီးတန်းတစ်ခုအသွင်သို့ ပြောင်းသွားသည့်အလား သူမ၏ အမြန်နှုန်းသည် ရုတ်ခြည်းဆိုသလို ထိုးတက်သွားခဲ့လေသည်။

ရှေ့ဆုံးမှ ထွက်ပြေးနေသော တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာလည်း သူတို့နောက်ဘက်မှ လိုက်လာနေသော စွမ်းအင်အရှိန်အဝါကို ခံစားမိလိုက်သော် ပျာယီးပျာယာအမူအရာများဖြင့် နောက်သို့ လှည့်ကာ စစ်ဆေးကြည့်လိုက်ကြသည်။ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် သူတို့ဆီသို့ တိုးဝင်လာနေသည့် အလင်းတန်းကို မြင်သော် တစပြင်ကန္တာရကြယ်စီရင်စုမှ လူအုပ်ကြီးကို ဦးဆောင်နေသည့် ခေါင်းဆောင်က မှုန်ကုပ်ကုပ် အမူအရာဖြင့် ထအော်လေ၏။ "နင်ပဲ"

ထိုလူသည် လွန်ခဲ့သည့် နှစ်များအတွင်း ချူရီမန်နှင့် တိုက်ခိုက်နေသည့် တစပြင်ကန္တာရကြယ်စီရင်စုမှ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် ဖြစ်ပေသည်။ ထိုလူသည် ပိန်ပိန်ပါးပါးနှင့် အသက်‌ လေးဆယ်ခန့်အရွယ်လောက် ရှိပေ၏။ လွန်ခဲ့သည့်နှစ်များအတွင်း ချူရီမန်၏ အလှတရားအပေါ် သွားရည်ကျခဲ့ပါသော်ငြား ချူရီမန်ကိုမူ သူ့လက်အောက်သို့ သိမ်းသွင်းနိုင်ခြင်း မရှိခဲ့ပေ။ ယခု မျက်နှာချင်းဆိုင် ပြန်တွေ့လိုက်သည့် အခါတွင်တော့ ထိုလူ၏စိတ်ထဲ မဟုတ်တရုတ် အတွေးများ နောက်တစ်ကြိမ် ထွက်ပေါ်လာတော့လေ၏။

[ထွက်မသွားခင်လေး ဒီလိုမိန်းမတစ်ယောက်ကိုသာ ပြန်ခေါ်သွားနိုင်မယ်ဆိုရင် တကယ်ကောင်းမှာပဲ]

ထိုသို့ စဉ်းစားပြီးသည့်နောက် သူ၏ လက်အောက်ငယ်သားများကို ကောင်းကင်စိတ်အာရုံဖြင့် အမိန့်ပေးကာ ချက်ချင်း လူချင်းခွဲလိုက်ကြလေသည်။

ထိုအချင်းအရာကို မြင်သော်လည်း ချူရီမန်မှာမူ သူမ၏ အရှိန်ကို အနည်းငယ်မျှပင် လျော့ချခဲ့ခြင်း မရှိပေ။

"လိုက်ရဲရင် ဆက်လိုက်လိုက်၊ နင် ပြန်ထွက်သွားနိုင်မလား ကြည့်ရသေးတာပေါ့" ထိုလူက ပြန်အော်ပြောလေသည်။

"ပိယန်ဟုန်၊ ဒီနေ့ နင် သေရမဲ့နေ့ပဲ" ချူရီမန်က ပြန်အော်ပြောလိုက်လေသည်။

ပိယန်ဟုန်ဟု ခေါ်သည့်လူသည် ထွက်ပြေးနေရင်းမှ ရယ်သွမ်းသွေးလျက် ချူရီမန်ဘက်သို့ လှည့်ကာ လှောင်ပြောင်လိုက်လေသည်။ "ကောင်မလေး၊ နင် ငါ့ကို မလွှတ်ပေးချင်တာလား၊ အဲဒါဆို ဘာလို့ ငါနဲ့ တစ်ခါတည်း မလိုက်ခဲ့တာလဲ၊ နင် နေ့တိုင်း ကျေနပ်အောင် လုပ်ပေးမယ်လို့ ငါ အာမခံတယ်"

ထိုလူ၏ စကားကို ကြားသော် သူ၏ လက်အောက်ငယ်သားများပါ အတူလိုက်လံ ရယ်မောကုန်ကြလေသည်။

ချူရီမန်ကမူ ဓားကိုင်ထားသည့် သူမ၏ လက်ကို မြှောက်လိုက်လေ၏။ လက်ရှိအချိန်တွင် ဓားက အရောင်တလက်လက် တောက်ပနေခဲ့ပြီး ဓားထိပ်ဖျားတွင်လည်း လေဓာတ်စွမ်းအင်တို့ စုဝေးနေခဲ့လေသည်။

ထို့နောက်တွင် သူမ၏ ဓားအား ရေပြင်ညီအတိုင်း ဝှေ့ယမ်းချလိုက်လေရာ ဧရာမ လခြမ်းကွေး ဓားသွားတစ်စင်း ထွက်ပေါ်လာခဲ့ပြီး တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများဆီသို့ တိုးဝင်သွားခဲ့လေသည်။ ဓားသွားထဲတွင် ကိန်းအောင်းနေသည့် လေဓာတ်စွမ်းအင်တို့မှ တစ်ဆင့် ဧရာမ လေပွေကြီးတစ်ခုမှာလည်း စတင်၍ ဖြစ်ပေါ်လာတော့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ အမူအရာ လေးနက်တည်ကြည်သွားကုန်ကြလေသည်။ ထိုတိုက်ကွက်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ကွက်ပင် မဟုတ်လေလော။ ထိုအတွက်ကြောင့် ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ပေါ့သေးသေး သွားမှတ်၍ မရ။

လူချင်းခွဲထားကြသော တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာ ချက်ချင်း လူပြန်စုလိုက်ကြပြီး ပုံစံကွက်တစ်ခုအတိုင်း နေရာယူလိုက်ကြလေသည်။ ထို့နောက် သူတို့၏ သူတော်စင်ချီကို လှည့်ပတ်၍ အလင်းဒိုင်းကာတစ်ခုကို သူတို့ပတ်ပတ်လည်၌ ဖန်တီးလိုက်ကြလေသည်။

ဘုန်းကနဲ မြည်သံနှင့်အတူ ချူရီမန် ပစ်လွှတ်လိုက်သော ဓားသွားကြီးသည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဖန်တီးထားသော အလင်းဒိုင်းကာအား သွားရောက်ထိမှန်လေသည်။

ချူယွိမန်ကမူ ထိုအလင်းဒိုင်းကာကို တစ်ချက်တည်းဖြင့် ပျက်စီးပစ်ချင်နေသည့်အလား သူမ၏ တိုက်ကွက်ထဲသို့ အားထပ်ထည့်လိုက်လေ၏။

ခရက်။

အလင်းဒိုင်းကာ မျက်နှာပြင်အထက် အက်ရာများ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ချူရီမန် ထိတ်လန့်သွားခဲ့လေသည်။ သူမ၏ တိုက်ကွက်မှာ အားကောင်းလှပါသော်ငြား လူပေါင်းများစွာ အတူတကွ ဖန်တီးထားသည့် အကာအကွယ်တစ်ခုကို အလွယ်တကူ ဖျက်ဆီးနိုင်လောက်သည်အထိ အားကောင်းလှသည့် တိုက်ကွက်မျိုးတော့ မဟုတ်ပေ။ တကယ်တော့ ဒိုင်းကာကို ဖန်တီးသည့်သူများထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးပင် ပါနေသေးသည် မဟုတ်လေလော။

ထိုအတွက်ကြောင့် ချက်ချင်းပဲ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ပိယန်ဟုန်အား မည်သည့်နေရာတွင်မျှ မတွေ့ရကြောင်း တွေ့ရှိသွားခဲ့ရသည်။ သူ ဘယ်အချိန်ကတည်းက ပျောက်သွားမှန်းကိုပင် ချူရီမန် မသိလိုက်ပေ။

[စိတ်ညစ်ဖို့ကောင်းလိုက်တာ] ရန်သူအနောက်အား လိုက်ချင်ဇော များနေသည့်အတွက်ကြောင့် သူမကိုယ်သူမ ရန်သူ၏ ထောင်ချောက်ထဲသို့ ကျသွားမှန်းကို ချူရီမန် နားမလည်လိုက်ပေ။

ရုတ်တရက် သူမအနောက်ဆီမှ လေတိုးသံများ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် တုဖုန်းနှင့် အခြားသူများ၏ အော်ဟစ်သံများကိုလည်း ကြားလိုက်ရသည်။

ချူရီမန် စိတ်ထဲ အံ့အားသင့်သွားပါသော်ငြား ပျာယာခတ်သွားခဲ့ခြင်းမရှိ။ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သူတစ်ဦးပီပီ တည်တည်ငြိမ်ငြိမ်နှင့် သူမ၏ သူတော်စင်ချီကို လှည့်ပတ်ကာ သူမအနောက်ဘက်တွင် အကာအကွယ် ဒိုင်းကာတစ်ခု ဖန်တီးလိုက်လေသည်။

သူတော်စင်ချီ စီးကြောင်းနှစ်ခုသည် သူမဖန်တီးထားသည့် ဒိုင်းကာအား လာရောက်ထိမှန်လေ၏။ ချူရီမန်၏ ဒိုင်းကာသည် ထိုသူတော်စင်စီးကြောင်းနှစ်ခုကို တားဆီးနိုင်ခဲ့ခြင်းမရှိဘဲ ခဏလေးအတွင်း ပျက်စီးသွားခဲ့ပြီး ပိယန်ဟုန်၏ လက်ဝါးချက်သည် သူမ၏ ကျောပြင်အား လာရောက်ထိမှန်လေသည်။ တစ်ချိန်တည်းတွင်လည်း ပိယန်ဟုန်၏ လှောင်ပြောင်သံ ထွက်ပေါ်လာခဲ့သည်။ "နင် သေလိုက်ပေတော့"

ချူရီမန်မှာ ရှေ့သို့ ဒယီးဒယိုင် ထိုးကျသွားခဲ့ပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရသည်။ သို့သော်ငြား ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ပိယန်ဟုန်နှင့် လူချင်းခွာလိုက်နိုင်လေသည်။

ချူရီမန်အား အလစ်ငိုက်ချောင်း အောင်မြင်စွာ တိုက်ခိုက်နိုင်လိုက်ပါသော်ငြား ပိယန်ဟုန်မှာ ပျော်ရွှင်နေခြင်း မရှိဘဲ မှုန်ကုပ်ကုပ် အမူအရာဖြင့်သာ သူ့လက်အား ငုံ့ကြည့်နေခဲ့လေသည်။ လက်ရှိအချိန်၌ သူ့လက်တစ်ခုလုံးမှာ ထုံကျင်နေသလို ခံစားနေခဲ့ရသည်။ သူတော်စင်ချီကို အရူးအမူး လှည့်ပတ်၍ အဆိပ်ကို ဖိနှပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါသော်ငြား သိပ်၍ အသုံးမဝင်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုအတွက်ကြောင့် ပိယန်ဟုန်က အံကို တင်းတင်းကြိတ်၍ အော်မေးလိုက်လေ၏။ "နင် ဘာလုပ်လိုက်တာလဲ"

ချူရီမန်ကမူ နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများကို သုတ်ရင်းမှ ရယ်သွမ်းသွေးလျက် ပိယန်ဟုန်ကို ကြည့်ကာ ပြောလိုက်လေသည်။ "ဘယ်လိုလဲ၊ ငါ့လက်ဆောင်ကို သဘောကျလား၊ အဲဒါ ငါ နင့်အတွက် အထူးတလည် ပြင်ဆင်ပေးထားတာ"

ချူရီမန်၏ အမူအရာကို မြင်လိုက်သော် ပိယန်ဟုန် ရင်တစ်ဒုန်းဒုန် ခုန်သွားခဲ့လေသည်။ "နင် ငါ့ကို ထောင်ချောက်ဆင်ထားတာပဲ"

ယခုမှသာလျှင် ချူရီမန်သည် သူမကိုယ်သူမ ကာကွယ်ရန် လုံးဝမစဉ်းစားခဲ့ဘဲ သူတို့ကိုသာ တိုက်ခိုက်ရန် ဦးစားပေးခဲ့ခြင်းမှာ သူအား ယခုကဲ့သို့ အလစ်ချောင်း တိုက်ခိုက်လာအောင် လုပ်လိုသည့်အတွက်ကြောင့် ဖြစ်မှန်း ပိယန်ဟုန် သဘောပေါက်သွားခဲ့ရလေသည်။

[ကြည့်ရတာ အရမ်းပြင်းတဲ့ အဆိပ်နဲ့ သုတ်ထားတဲ့ ချပ်ကာတစ်ခုကို သူမ ဝတ်ထားတာနဲ့ တူတယ်] ပိယန်ဟုန်မှာတော့ သူ့လက်ဝါးချက်နှင့် ချူရီမန်ကို အဆုံးမသတ်နိုင်ခဲ့ဘဲ သူသည်သာ ပြန်အဆိပ်မိသွားခဲ့ရသည်။ အဆိပ်မှာ သေလောက်အောင် ပြင်းထန်ခြင်းမရှိပါသော်ငြား ထိုအဆိပ်ကို ဖိနှိပ်ဖို့ရာ သူ့အနေဖြင့် အတော်လေး အားစိုက်ရပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင် ချူရီမန်နှင့် တိုက်ခိုက်ရမည် ဖြစ်သည့်အတွက်ကြောင့် အဆိပ်ကို ဖိနှိပ်နေဖို့ရာ အချိန်မရှိပေ။

ချူရီမန်သည် ဆံပင်ကို အနောက်သို့ သပ်တင်လိုက်ရင်းမှ ပိယန်ဟုန်ကို ကြည့်၍ ပြောလိုက်လေသည်။ "ဟုတ်တယ်လေ၊ နင့်ကို ထောင်ချောက်ဆင်ထားတာ၊ အဲဒီတော့ ဘာဖြစ်လဲ"

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၂၃)

ဘာသာပြန်သူ_တိမ်တိုက်

ပိယန်ဟုန်မှာ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ပြီး သူ၏ ခြေဖျားလက်ဖျားများမှာလည်း အေးစက်လာခဲ့ရလေသည်။

[ဒီမိန်းမက တကယ်ကို ကောက်ကျစ်တာပဲ]

လွန်ခဲ့သည့် ငါးနှစ်လုံးလုံး ချူရီမန်နှင့် တိုက်ခိုက်ရာတွင် ချူရီမန်သည် ဤကဲ့သို့သော ဝှက်ဖဲမျိုးကို တစ်ခါမျှပင် ထုတ်သုံးခဲ့ဖူးခြင်း မရှိပေ။ ယခုအချိန်မှသာလျှင် သူ့အား ဤကဲ့သို့သော ဝှက်ဖဲမျိုးနှင့် တိုက်ခိုက်လာခဲ့သည်။

သတိလက်လွတ် ပြုမူမိလိုက်သည့် အပေါ်လည်း ပိယန်ဟုန်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိလေသည်။ သို့သော်ငြား ယခုမှ ပြန်တွေးပူနေ၍လည်း အကျိုးမရှိတော့။ ထိုအတွက်ကြောင့် စိတ်ရှုပ်စရာ အတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လျက် ထွက်ပြေးရာတွင်သာ အာရုံစိုက်လိုက်တော့လေသည်။ "နင် ဒီနေ့တော့ လုပ်ထားလိုက်ဦးပေါ့၊ တစ်နေ့ကျ ကုတင်ပေါ်မှာ နင် ငါ့ကို တောင်းပန်လာအောင် ငါလုပ်ပြမယ်"

ထိုအချင်းအရာကို မြင်သော် ချူရီမန်သည် သူမ၏ ဓားကို ကိုင်ဆွဲ၍ ပိယန်ဟုန် နောက်သို့ ပြေးလိုက်သွားပေသည်။ သို့သော်ငြား အမှီမလိုက်နိုင်ခဲ့။ အစောပိုင်းက သူမ၏ အရှိန်ကို မြှင့်တင်ရန်အတွက် သူတော်စင်ချီ များစွာကို သုံးစွဲခဲ့ရသည်။ ထို့ပြင် ပိယန်ဟုန် သူမအား တိုက်ခိုက်လာအောင်လည်း ပိယန်ဟုန်၏ လက်ဝါးချက်ကို သူမ၏ ခန္ဓာကိုယ်နှင့် စီးခံခဲ့ရသည်။ ထိုအတွက်ကြောင့် ပိယန်ဟုန်မှာ အဆိပ်မိသွားခဲ့ပါသော်ငြား သူမကိုယ်တိုင်သည်လည်း ဒဏ်ရာရသွားခဲ့သည်ဟု ပြော၍ရပေသည်။ နှစ်ဦးစလုံးမှာ အဆင့်တူ ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် ယခုကဲ့သို့သော အခြေအနေမျိုးတွင် ပိယန်ဟုန်သာ အစွမ်းကုန် ထွက်ပြေးမည်ဆိုလျှင် ချူရီမန်အနေဖြင့် သူ့အား လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပိယန်ဟုန်နှင့် ချူရီမန်တို့သည် တိမ်စိုင်တိမ်တိုက်များကို ဖြတ်ကျော်သွားခဲ့ပြီး အောက်ဘက်ရှိ လူများ မြင်နိုင်သည့် မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားခဲ့ကြလေသည်။

ချူရီမန်သည် နောက်ဆုံးအကြိမ်အဖြစ် ပိယန်ဟုန် တည့်တည့်သို့ ဓားချီလှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်ပြီးသည့်နောက် ရပ်လိုက်လေသည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် ပိယန်ဟုန်သည် သူမ၏ တိုက်ကွက်ကို လွယ်လင့်တကူ ရှောင်တိမ်းသွားခဲ့ပြီး ထွက်ပြေးနေရင်းမှ သူမဘက်သို့ ပြန်လှည့်၍ စပ်ဖြဲဖြဲ လုပ်ပြသွားခဲ့လေသည်။ ပိယန်ဟုန်၏ ပြောင်ချော်ချော် အမူအရာကို ကြည့်ရင်း ချူရီမန်မှာ ဒေါသအလိပ်လိုက်ထွက်လာခဲ့ရသည်။

ထိုအခိုက်အတန့်မှာပင် လူတစ်ဦးသည် ပိယန်ဟုန်၏ မီတာတစ်ထောင်ခန့် အမြင့်နေရာ၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။

ချူရီမန်မှာ ထိုလူအား စစချင်း သတိမထားမိခဲ့။ သို့သော်လည်း တစ်ချက်မြင်သွားပြီးသည့်နောက် မျက်မှောင်ကြုတ်ကာ ထိုလူအား သေသေချာချာ စစ်ဆေးကြည့်တော့သည်။

ထိုလူသည် သူမနှင့် အတော်လှမ်းလှမ်းတွင် ရှိနေသလို သူမမျက်လုံးကိုလည်း နေကွယ်နေပေသည်။ တစ်ချိန်တည်းတွင်လည်း ထိုလူ၏ ခန္ဓာကိုယ်မှာ ရွှေရောင်တလက်လက် တောက်ပနေခဲ့လေရာ ချူရီမန် အဖို့ ထိုလူအား သေသေချာချာ မမြင်နိုင်ခဲ့ပေ။ သို့ပင်ဖြစ်လင့်ကစား ထိုလူကို သူမ စိတ်ထဲ ရင်းနှီးနေသလို ခံစားနေရလေ၏။

ရုတ်တရက် ထိုလူသည် သူမ အမြဲတမ်း တွေ့ချင်နေသည့် လူနှင့် တစ်ထပ်တည်း တူညီနေကြောင်း တွေ့ရှိလိုက်ရသည့်အခိုက် ချူရီမန် ရင်တစ်ဒုန်းဒုန်း ခုန်သွားတော့လေ၏။

"ဘယ်သူလဲ" ထွက်ပြေးနေရင်းမှ ပိယန်ဟုန်သည်လည်း တစ်ခုခုအား သတိပြုမိသွားခဲ့ပြီး အထိတ်တလန့်ဖြင့် ခေါင်းမော့၍ ကြည့်လိုက်ရာ လူတစ်ဦး သူ့အပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူအား သေချာ စစ်ဆေးကြည့်လိုက်ပါသော်ငြား ထိုလူကို သူတစ်ခါမျှ မမြင်ဖူးကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအပြင် ကောင်းကင်စိတ်အာရုံနှင့် စစ်ဆေးကြည့်နေသည့်တိုင် ထိုလူဆီမှ မည်သည့် အရှိန်အဝါကိုမျှ ခံစားမိခြင်း မရှိပေ။

"ဖယ်စမ်း" ပိယန်ဟုန်က ထအော်လေသည်။ ချူရီမန်လက်မှ ခွေးပြေးဝက်ပြေး ထွက်ပြေးနေရခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် အနည်းငယ်မျှပင် နှောင့်နှေးနေ၍ မဖြစ်။ လူငယ်လေးသည် သူ့လမ်းတည့်တည့်၌ လာပိတ်နေသည်ကို မြင်သော် ပိယန်ဟုန်မှာလည်း မည်သည့်အပိုစကားမျှ ပြောမနေတော့ဘဲ လူငယ်လေးတည့်တည့်သို့သာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တော့သည်။

လူငယ်လေးသည်လည်း သူ့အရှေ့တွင် ပိတ်ကာနေသည့် သစ်ရွက်တစ်ရွက်ကို ဖယ်ထုတ်ပစ်နေသည့်အလား သူ၏လက်ဝါးအား ပိယန်ဟုန်ဘက်ဆီသို့ သာမန်ကာလျှံကာ ပုံစံမျိုးဖြင့် ပြန်၍ ဖိချလာခဲ့လေသည်။

ထိုသို့ ဖိချနေရင်းမှ လူငယ်လေးက ထီမထင်ဟန်ဖြင့် ပြောလိုက်လေ၏။ "သွားလိုက်ပေတော့"

ရုတ်ချည်းဆိုသလို ပိယန်ဟုန်မှာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရပြီး သူ့ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် တုန်ယင်လာခဲ့လေသည်။ လူငယ်လေးသည် သူ့လက်ဝါးကို ဖြည်းဖြည်းချင်းသာ အောက်သို့ ဖိချနေပါသော်ငြား ထိုသို့ ဖိချလိုက်ချိန် ပိယန်ဟုန်မှာတော့ သူ့အပေါ်သို့ လောကကြီးတစ်ခုလုံး ပြိုဆင်းကျလာသည့်အလား ခံစားလိုက်ရလေသည်။

သူ့မြင်ကွင်းတစ်ခုလုံး မဲမှောင်သွားခဲ့ပြီး သူ့မျက်လုံးထဲ အခြားဘာဆိုဘာမျှ ရှိမနေတော့ဘဲ လူငယ်လေး၏ လက်ဝါးချက်ကြီးသာ ရှိတော့သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဥက္ကာခဲတစ်စင်းပမာ အောက်သို့ ထိုးကျသွားနေကြောင်း တွေ့လိုက်ရလေ၏။

[ဘာတွေဖြစ်နေတာလဲ] ပိယန်ဟုန် လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ သို့သော်လည်း သူ့တွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို တွေးရန် အချိန်မရှိခဲ့။ အောက်သို့ ကျနေစဉ်မှာပင် ဓားချီလှိုင်းတစ်လှိုင်း သူတည့်တည့်သို့ တိုးဝင်လာခဲ့လေ၏။

ဓားချီလှိုင်း တိုးဝင်လာနေသည့် အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်ရာ ပိယန်ဟုန် အလွန်ကိုမှ ကြောက်ရွံ့သွားခဲ့ရလေသည်။

ချူရီမန်သည် ယခုကဲ့သို့သော အခွင့်အရေးမျိုးကို လုံးဝ လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ လက်ရှိ အခိုက်အတန့်၌ ချူရီမန် တစ်ကိုယ်လုံးသည် တလက်လက် တောက်ပနေခဲ့ပြီး သူမ၏ ဓားကို ဝှေ့ယမ်းရင်းမှ ပိယန်ဟုန်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာနေခဲ့သည်။

ဓားအလင်းတန်း ပျောက်ကွယ်သွားပြီးသည့်နောက် ချူရီမန် မျက်နှာနီနီဖြင့် ပြန်ပေါ်လာခဲ့လေသည်။ ထိုတိုက်ကွက်ကို ထုတ်သုံးဖို့ရာ သူမအတွက်လည်း အတော်လေးကိုမှ အားကုန်ခဲ့ရသည့်ပုံပင်။

ပိယန်ဟုန်မှာတော့ သူ့ရင်ဘတ်ကို လက်ဖြင့် အုပ်ထားရင်းမှ ချူရီမန်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လျက် အံကြိတ်ကာ အော်ပြောလိုက်လေ၏။ "နင်"

သွေးများမှာ ပိယန်ဟုန်၏ ရင်ဘတ်ဆီမှ တရဟော စီးထွက်နေခဲ့လေရာ သူ့အဝတ်အစားများ အားလုံး သွေးချင်းနီသွားရတော့လေသည်။

ချူရီမန်သည် ပြီးပျက်သွားအောင် သူမဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်း၍ ပိယန်ဟုန်အား အပြီးဖြတ်ပေးလိုက်ရာ ပိယန်ဟုန်၏ မျက်လုံးများမှာလည်း အသက်ဓာတ်တို့ ကင်းမဲ့သွားခဲ့ပြီး သူ့အမြင်အာရုံသည် အမှောင်ထုထဲသို့ သက်ဆင်းသွားခဲ့ရတော့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သည့်အခါ တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ပျာယာခတ်သွားကုန်ကြလေသည်။ သူတို့ အဖွဲ့ထဲရှိ အားအကောင်းဆုံးလူမှာ ဤမျှ အလွယ်တကူ အသတ်ခံလိုက်ရလိမ့်မည်ဟု ထင်ထားခြင်း မရှိကြချေ။ ထိုအတွက်ကြောင့် ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားလိုက်ကြပါသော်ငြား ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးသည် နွံအိုင်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည့်အလား သူတို့၏ ခြေလက်များမှာ ဤဟင်းလင်းပြင်ထဲ လှုပ်ရှားရန် အလွန်ကိုမှ ခက်ခဲနေကြောင်း တွေ့လိုက်ရလေသည်။

ထိုအခိုက်အတန့်မှာပင် တုဖုန်းနှင့် အခြားသူများ ရောက်ရှိလာကြလေ၏။

ထန်ယုရှန်းသည် ချူရီမန်အနားသို့ ကပ်လာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ "သခင်မလေးချူ အဆင်ပြေရဲ့လား"

အစောပိုင်းက သူတို့အားလုံးသည် ခပ်လှမ်းလှမ်းတွင် ရှိနေခြင်းဖြစ်လေသည်။ ထိုအတွက်ကြောင့် ဘာတွေဖြစ်လို့ ဖြစ်နေမှန်း သေချာမသိလိုက်ရ။ ဤနေရာသို့ ရောက်လာပြီး သူတို့မြင်လိုက်ရသည်မှာတော့ ချူရီမန်မှ ပိယန်ဟုန်အား သတ်ပစ်လိုက်သည့် မြင်ကွင်းသာ ဖြစ်လေသည်။ သို့သော်လည်း ထိုကဲ့သို့ လုပ်နိုင်ဖို့ရာအတွက် ချူရီမန်အနေဖြင့် တန်ရာတန်ကြေး ကြီးကြီးမားမားတစ်ခု ပေးဆပ်ခဲ့ရလိမ့်မည်မှန်းတော့ သူတို့လည်း သိနေကြသည်။

ချူရီမန်သည် ခေါင်းသာခါ၍ တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို ညွှန်ပြရင်းမှ ပြောလိုက်လေ၏။ "သူတို့အကုန်လုံးကို သတ်ပစ်လိုက်ပေတော့"

ထိုစကားကို ကြားသော် တုဖုန်း၊ ထန်ယုရှန်းနှင့် အခြားသူများသည် ခေါင်းညိတ်၍ တစပြင်ကန္တာရကြယ်စီရင်စုမှ အသက်ရှင်ကျန်ရစ်နေသည့် လူများဆီသို့ ပြေးဝင်သွားကုန်ကြလေသည်။ ပုံမှန်အားဖြင့် ထိုလူများကို သတ်ပစ်ဖို့ရာ အတော်လေး ကြိုးစားရလိမ့်မည် ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ ထိုလူများသည် တစ်စုံတစ်ခု၏ ဖိနှိပ်ချုပ်နှောင်ထားခြင်း ခံရသည့်အလား ကောင်းကောင်းမလှုပ်ရှားနိုင် ဖြစ်နေကြလေသည်။ ထိုအတွက်ကြောင့် ထက်ကောင်းကင်ဂိုဏ်းမှ တပည့်များမှာ သိုးအုပ်ထဲသို့ ရောက်သွားသည့် ဝံပုလွေများပမာ တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို လွယ်လင့်တကူ ရှင်းပစ်နိုင်ခဲ့လေ၏။

အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တစ်ခုလုံး သွေးချင်းနီသွားခဲ့ကာ ခန္ဓာကိုယ်များမှာလည်း မိုးသီးမိုးပေါက်များနှယ် မြေပြင်ပေါ်သို့ တဘုန်းဘုန်း ပြုတ်ကျလာခဲ့လေသည်။

ယနေ့တွင် သူတို့ ငါးနှစ်တိုင်တိုင် ရင်ဆိုင်ခဲ့ရသော ရန်သူများကို ရှင်းပစ်နိုင်ခဲ့ပေသည်။ ထိုအတွက်ကြောင့် ဤကဲ့သို့သော အခိုက်အတန့်မျိုးသည် ဝမ်းသာပျော်ရွှင်ဖွယ်ရာ ကောင်းသည့် အခိုက်အတန့်တစ်ခု ဖြစ်သင့်ပါသော်ငြား လက်ရှိအချိန်တွင်တော့ ချူရီမန်သည် သူမ၏ ဘေးပတ်ဝန်းကျင်ကို လုံးဝသတိမမူဘဲ အပေါ်သို့သာ ငေးကြောင်ကြောင် အမူအရာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ထိုလူ သူမအနားသို့ ကပ်လာသည့်အခါ သူမ၏ ရင်မှာ တစ်ဒုန်းဒုန်း ခုန်နေကြောင်း တွေ့လိုက်ရလေသည်။ သူမစိတ်ထဲလည်း အလွန်ကိုမှ စိုးရိမ်ပူပန်မိနေလေသည်။ ထိုလူ သူမအရှေ့တည့်တည့်သို့ ရောက်လာချိန်တွင်တော့ ရင်းနှီးနေသည့် မျက်နှာနှင့် အပြုံးကို ချူရီမန် မြင်လိုက်ရလေ၏။ တစ်ပြိုင်နက်တည်းမှာပင် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က မှတ်ဉာဏ်များမှာလည်း သူမ၏ ခေါင်းထဲ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။

သူမ အရှေ့ရှိလူအား နှုတ်ဆက်ရမည်ကို ကြောက်ရွံ့နေသည့်အလား ချူရီမန်မှာ အသက်ကိုပင် ကောင်းကောင်းမရှူနိုင် ဖြစ်နေခဲ့သည်။ သူတို့နှစ်ဦးအကြားရှိ အကွာအဝေးမှာ နီးကပ်လာခဲ့ပါသော်ငြား သူမစိတ်ထဲတွင်တော့ သူမ အရှေ့ရှိလူနှင့် ပိုပို၍ ဝေးကွာလာသလို ခံစားနေရလေသည်။ လက်ရှိအချိန်၌ သူမအရှေ့ရှိလူသည် ကောင်းကင်ယံထက် ထွန်းလင်းတောက်ပစွာ တည်ရှိနေသော နေတစ်စင်းပမာ ဖြစ်နေခဲ့သည်။ သူမအနေဖြင့် နေ၏ အနွေးဓာတ်ကို ခံစားမိသလို နေ၏ အလင်းရောင်ကိုလည်း ခံစားနိုင်ပေသည်။ တစ်ချိန်တည်းတွင်လည်း နေအလင်းရောင်ကြောင့် သူမ၏ အနောက်ဘက်၌ ဘယ်တော့မျှ ပျောက်ကွယ်သွားနိုင်တော့လိမ့်မည် မဟုတ်သော အရိပ်တစ်ခုလည်း ဖြစ်ပေါ်လာခဲ့ရလေသည်။

"ငါ့ကို မမှတ်မိတော့ဘူးလား" ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းချုပ်" ချူရီမန်သည် သူမကိုယ်သူမ တည်ငြိမ်သွားအောင် လုပ်ပြီးသည့်နောက် ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ သူမ၏ မျက်ခမ်းများမှာ တစ်ဆတ်ဆတ် တုန်ယင်နေပြီး အသံမှာလည်း ကတုန်ကရင် ဖြစ်နေလေ၏။

နှစ်ပေါင်းများစွာကြာအောင် တစ်စိုက်မတ်မတ် ကြိုးစားကျင့်ကြံခဲ့သည့်အတွက်ကြောင့် သူမတို့ နှစ်ဦးကြားရှိ ကွာခြားချက်မှာ ကျဉ်းမြောင်းလာလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုမှသာလျှင် သူမ အလွန်ကိုမှ တုံးအခဲ့မှန်း နားလည်သွားခဲ့ရသည်။

ရန်ကိုင်မှာ စစချင်း ကြောင်နေပြီးသည့်နောက် သူ့လက်ကို ချူယွိမန်၏ နဖူးရှေ့တည့်တည့်တွင် ထား၍ ပြောလိုက်လေသည်။ "နင့်ခေါင်းကို မော့လိုက်"

ချူယွိမန်လည်း အသက်ကို ပြင်းပြင်းရှူသွင်းပြီးသည့်နောက် ခေါင်းမော့လိုက်လေသည်။

တောက်။

ခေါင်းမော့မော့ပြီးချင်းမှာပင် ရန်ကိုင်သည် သူမ၏ နဖူးအား ဆတ်ကနဲ တောက်ချလိုက်လေရာ ချူယွိမန်မှာ နောက်သို့ လန်ထွက်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ ထို့နောက် ခေါင်းကို လက်ဖြင့်အုပ်ရင်းမှ ထအော်လေ၏။ "နင် ဘာလုပ်နေတာလဲ"

[သူအားကောင်းလာတာနဲ့ ငါ့ကို အနိုင်ကျင့်လို့ရပြီများ မှတ်နေတာလား မသိဘူး၊ နှစ်တွေအများကြီး သူ့ကို စောင့်နေခဲ့တာ ဒီအတွက်လား] ချူရီမန်၏ မျက်လုံးများ ချက်ချင်း ရဲတက်လာခဲ့လေ၏။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကမူ သည်းလှိုက်အူလှိုက် အော်ရယ်မော်ရင်း ပြောလိုက်လေသည်။ "ဒီလိုမှပေါ့၊ ဒါကမှ ငါသိတဲ့ သခင်မလေးချူပဲ၊ အစကတော့ နင့်ကို မကောင်းဆိုးဝါး တစ်ကောင်ကောင်ကများ ဝင်စီးသွားပြီလား မှတ်နေတာ၊ အဲဒီလိုမျိုးသာဆိုရင်တော့ အဲဒီမကောင်းဆိုးဝါးကို တစ်ခါတည်း ရှင်းပစ်မယ်လို့ ငါဆုံးဖြတ်ထားတာ၊ ဒါပေမဲ့ ကြည့်ရသလောက်တော့ အဲလိုမဟုတ်တဲ့ပုံပဲ"

"နင့်ကိုသာ မကောင်းဆိုးဝါး ဝင်စီးတာဟဲ့" ချူရီမန်က ထအော်လေသည်။ ရန်ကိုင်၏ ပြုံးဖြီးဖြီး မျက်နှာကို မြင်သော် ချူရီမန်မှာ ပို၍ ဒေါသထွက်လာခဲ့ပြီး ရန်ကိုင်၏ ခြေထောက်ကို ကောက်ကန်လိုက်လေ၏။

ရန်ကိုင်ကမူ လွယ်လင့်တကူ ရှောင်တိမ်းသွားခဲ့လေသည်။

"နင် ရှောင်ရဲတာလား" ထိုသို့ ထအော်ပြီးသည့်နောက် ချူရီမန်သည် နောက်တစ်ကြိမ် ထပ်ကန်လေသည်။

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်လည်း ရှောင်မနေတော့ဘဲ အကန်ခံလိုက်လေ၏။ ချူရီမန် ဒေါသမပြေသေးသည်ကို မြင်သော် ရန်ကိုင်လည်း ဆက်၍ မစရဲတော့ဘဲ ချက်ချင်းပင် နာသွားချင်ယောင်ဆောင်လျက် သူ့ခြေထောက်ကို ကိုင်ရင်းမှ အော်ညည်းပြလိုက်လေသည်။

ချူရီမန်ကမူ ရန်ကိုင်အား အရူးတစ်ယောက်ကို ကြည့်နေသည့် အကြည်မျိုးဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ထိုသို့ ကြည့်နေရင်းမှ ချူရီမန်၏ မျက်နှာမှာ ရုတ်တရက်ဆိုသလို နီမြန်းလာခဲ့လေသည်။ [ငါတို့နှစ်ယောက်ပုံစံက ပ‌ရောပရည် လုပ်နေတဲ့ သမီးရည်းစားပုံစံနဲ့ ဘာလို့ တူနေရတာလဲ]

ထိုအတွေး သူမ ခေါင်းထဲ ပေါ်လာသည့်အခိုက် ချူရီမန်မှာ ရန်ကိုင်အား ဆက်၍ စိုက်မကြည့်ရဲတော့ပေ။

တစ်ချိန်တည်းတွင်လည်း သူမ စိတ်ထဲ နွေးထွေးသွားသလို ခံစားလိုက်ရလေသည်။ ရန်ကိုင်သည် မည်မျှပင် အားကောင်းလှစေကာမူ သူမနှင့် နှစ်မည်မျှကြာအောင် မတွေ့ရစေကာမူ သူမအပေါ် ဆက်ဆံပုံမှာတော့ လုံးဝ ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ သူမကိုယ်တိုင်သည်သာ သူမနှင့် ရန်ကိုင်အကြား အကန့်အသတ်များခြားရင်း အပိုကိစ္စများကို လိုက်တွေးကာ စိတ်ရှုပ်ခံနေသည့် လူတစ်ဦး ဖြစ်ပေသည်။

"ကဲ အပိုတွေ လုပ်မနေနဲ့တော့၊ နင်လည်း အခု ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီ၊ နင့်အခုပုံစံမျိုးကိုသာ အခြားလူတွေ မြင်သွားရင် ရှက်စရာ ဖြစ်နေလိမ့်မယ်" ချူရီမန် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ရန်ကိုင်သည် ရုတ်တရက်ဆိုသလို ချူရီမန်၏ လက်ကို ကောက်ကိုင်လိုက်ရာ ချူရီမန်မှာ ပျာယာခတ်သွားခဲ့ပြီး အထိတ်တလန့်ဖြင့် နောက်သို့ဆုတ်၍... "နင် ဘာလုပ်နေတာလဲ"

ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် သူမ၏ မျက်နှာ ရဲတက်သွားခဲ့လေသည်။ အကြောင်းမှာ သူမ လက်ဝါးမှတစ်ဆင့် သူမ၏ ကိုယ်ထဲသို့ စီးဝင်လာနေသည့် သန့်စင်သော စွမ်းအင်များကို ခံစားမိလိုက်သည့် အတွက်ကြောင့်ပင်။ သူမရထားသည့် ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့လေ၏။ ချူရီမန်မှာတော့ ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူး၍ ပြေးပုန်းချင်စိတ်များသာ ဖြစ်ပေါ်လာရတော့လေသည်။

[သူက ငါ့ကို ကုပေးဖို့ လုပ်နေတာကို ငါက ဘာအပိုတွေ လျှောက်တွေးနေရတာလဲ]

တစ်ခဏအကြာတွင် ရန်ကိုင်သည် သူ့လက်ကို ပြန်ရုပ်လိုက်ပြီး ချူရီမန်၏ လက်ထဲသို့ ဆေးလုံးတစ်လုံး ထည့်ပေးလိုက်လေသည်။

ချူယွိမန်ကလည်း မည်သည့်အပိုစကားမျှ ပြောမနေခဲ့ဘဲ ထိုဆေးလုံးကို ချက်ချင်း မော့သောက်လိုက်လေ၏။ သူမ၏ ဆံပင်ကို သပ်ရပ်သွားအောင် လုပ်ပြီးသည့်နောက် ပြန်၍ မေးလိုက်လေသည်။ "နင် ဘယ်တုန်းက ပြန်ရောက်လာတာလဲ" ယခုဆိုလျှင်တော့ ချူရီမန်၏ မျက်နှာထားနှင့် လေသံမှာ ပုံမှန်ပြန်ဖြစ်သွားခဲ့လေပြီ။ သူမ၏ ခံစားချက်များကို ထုတ်ပြနေ၍ ဘာမျှမထူးသလို တစ်ဖက်လူကို မေ့လိုက်ဖို့ရာလည်း မဖြစ်ပြန်ပေ။ ထိုအတွက်ကြောင့် လက်ရှိအတိုင်းသာ ဆက်သွားရန် ဆုံးဖြတ်လိုက်တော့လေ၏။

"အခုလေးတင် ပြန်လာခဲ့တာ" ရန်ကိုင်က ပြောလိုက်သည်။ "ကြည့်ရတာ ဒီမှာ ကိစ္စအများကြီး ဖြစ်သွားတဲ့ပုံပဲ"

"အင်း ဟုတ်တယ်၊ နင် ဂိုဏ်းဆီကိုရော ပြန်သွားပြီးသွားပြီလား"

"သွားပြီးသွားပြီ"

"အကြီးအကဲချုပ် နင့်ကို အကုန်ပြောပြပြီးသွားပြီပေါ့"

"အင်း ကြားတော့ ကြားထားတယ်"

"အရိပ်ကြယ်က နင့်ပိုင်နက်ဆိုတော့ ဒီကိစ္စကို နင်ဘယ်လိုလုပ်မှာလဲ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ဘယ်လိုလုပ်ရမှာလဲ၊ ငါ့ပိုင်နက်ထဲ ကျူးကျော်ဝင်လာပြီးမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့ပေါ့"

ပြောနေရင်းနှင့်ပင် ရန်ကိုင်သည် စတင်လှုပ်ရှားနေခဲ့လေပြီ။ အရိပ်ကြယ်ပေါ်ရှိ မိုးမြေစွမ်းအင်များက ကသောင်းကနင်းဖြစ်လာခဲ့ပြီး နိယာမများမှာလည်း စတင်၍ အသက်ဝင်လာခဲ့လေသည်။

ချူရီမန်မှာတော့ မယုံကြည်နိုင်ဟန်ဖြင့် သူမ၏ ဘေးပတ်ဝန်းကျင်အား ပါးစပ်အဟောင်းသားဖြင့် လှည့်ပတ်ကြည့်နေခဲ့လေသည်။ ဘာကြောင့်မှန်းမသိ သူမ အောက်ဘက်ရှိ ကြယ်ကြီးမှာ ရုတ်တရက်ဆိုသလို အသက်ဝင်လာသည့်အလား ချူရီမန် စိတ်ထဲ ခံစားလိုက်ရလေသည်။

တကယ်ဆိုလျှင်တော့ အရိပ်ကြယ်သည် အသက်ရှိပေသည်။ ဘယ်သောအခါမျှ သေဆုံးသွားခဲ့ခြင်း မရှိခဲ့။ သို့သော်လည်း ရန်ကိုင် အရိပ်ကြယ်မှ ထွက်သွားပြီးသည့် အချိန်မှစ၍ အရိပ်ကြယ်ကြီးမှာ ကြယ်သေတစ်လုံးပမာ ငြိမ်သက်သွားခဲ့လေသည်။ ယခု ရန်ကိုင် ပြန်လာသည့်နောက်တွင် ကြယ်ကြီးမှာလည်း အိပ်စက်နေရာမှ နိုးထလာတော့လေပြီ။ သူမ၏ ဘေးပတ်ဝန်းကျင်တစ်ဝိုက်တွင် ရှိနေသော မိုးမြေစွမ်းအင်များသည် အသက်ဓာတ်စွမ်းအင်တို့ဖြင့် ပြည့်နှက်လာသည့်အလား မိုးမြေစွမ်းအင်စီးကြောင်းများ အပြန်အလှန် ကခုန်ရောယှက်နေသည်ကို ချူရီမန် အတိုင်းသား ခံစားမိနေခဲ့လေသည်။

မကြာမီတွင် ထိုမိုးမြေစွမ်းအင်စီးကြောင်းများသည် ဧရာမ ပိုက်ကွန်ကြီး တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး လိုဏ်ဂူတစ်လုံးအသွင်သို့ ထပ်မံပြောင်းလဲလျက် ကြယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံလိုက်လေ၏။

ချူရီမန်သည် တစ်ခုခုအား သတိထားမိသွားခဲ့ပြီး အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် သူတော်စင်ချီကို မျက်လုံးထဲသို့ ပို့၍ ကြည့်ကြည့်လိုက်ရာ အခြားတစ်ဖက်ရှိ မြင်ကွင်းကို ဝိုးတိုးဝါးတားလေး မြင်လိုက်ရလေသည်။

ထိုအရပ်ဆီတွင် တစပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာ ပိုက်ကွန်ထဲမိနေသည့် ငါးများပမာ အသည်းအသန် ရုန်းကန်နေခဲ့ကြသည်။ သို့သော်လည်း သူတို့၏ ရုန်းကန်မှုများမှာ အချည်းနှီးသာ။

မည်သူမျှ အရိပ်ကြယ်မှ ထွက်မပြေးနိုင်ကြတော့။ လောကနိယာမများ၏ ဖိနှိပ်မှုကြောင့်လည်း သူတို့၏ ခွန်အားအကုန်အစင်ကို ထုတ်သုံးနိုင်ခြင်း မရှိကြ။

အရိပ်ကြယ်မှ ကျင့်ကြံသူများမှာတော့ ဖိနှိပ်ထားခံရခြင်း မရှိလေရာ တစ်ဖက်ရန်သူများကို အလွယ်တကူ ဖမ်းမိသွားခဲ့ပြီး လျင်မြန်စွာ သတ်ပစ်လိုက်နိုင်ခဲ့လေသည်။

[ဒါက ကြယ်သခင်တစ်ပါးရဲ့ စွမ်းအားပဲကွ၊ ဒီနေရာမှာ ငါက အရှင်သခင်ပဲ၊ ငါက နတ်ဘုရားပဲ]

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၂၄)

ဘာသာပြန်သူ_တိမ်တိုက်

တိမ်စိုင်တိမ်တိုက်များအထက်တွင် ရှိနေသော ရန်ကိုင်အား နေအလင်းရောင်တို့မှ လွှမ်းခြုံထားခဲ့လေသည်။ ရန်ကိုင်သည် မျက်လုံးကိုပိတ်ကာ သူ့လက်နှစ်ဖက်ကို ဆန့်တန်းထားခဲ့သည်။

ထို့နောက် အော်ဟစ်သံပေါင်းများစွာ ညံမစဲအောင် ထွက်ပေါ်လာခဲ့လေ၏။ အမွှေးတိုင်တစ်ချောင်းစာအတွင်းမှာပင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ရာနှင့်ချီသော ကျင့်ကြံသူများ အသတ်ခံလိုက်ကြရလေသည်။

တုဖုန်းနှင့် အခြားသူများ ပြန်ရောက်လာချိန် ရန်ကိုင်ကိုမြင်လိုက်သည့်အခိုက် အကုန်လုံး စိတ်လှုပ်ရှားသွားကြလေ၏။ ထိုအချင်းအရာကိုမြင်လိုက်သည့်အခါ ချူရီမန်သည် တိုးတိုးနေရန် ချက်ချင်း အချက်ပြလိုက်လေသည်။

တစ်ခဏအကြာ၌ ရန်ကိုင် မျက်လုံးပွင့်လာခဲ့ပြီး အကုန်လုံးအား ပြုံးကာ ကြည့်လာခဲ့သည်။

“မိသားစုခေါင်းဆောင်…”

“ဂိုဏ်းချုပ်…”

အကုန်လုံးသည် ရန်ကိုင်အား အလေးပြုလိုက်ကြလေသည်။

ရန်ကိုင်သည် သူရင်းနှီးနေသည့်မျက်နှာများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ တုဖုန်း၊ ထန်ယုရှန်းနှင့် ရင်ကျိုးကဲ့သို့သော သွေးစစ်သည်တော်များသည် ရန်ကိုင်အား အမွေခံစစ်ပွဲအတွင်း ကူညီပေးခဲ့ကြသူများ ဖြစ်ကြပေသည်။ ထိုလူများသည် ယခုဆိုလျှင် အတော်လေးကိုမှ အားကောင်းနေခဲ့လေပြီ။ မိသားစုကြီးရှစ်ခုမှတပည့်များလည်း ဤနေရာသို့ ရောက်နေကြသလို ဟန်မင်းဆက်ထဲရှိ ဂိုဏ်းအသီးသီးမှ တပည့်များမှာလည်း ဤနေရာသို့ ရောက်နေကြလေသည်။ ထိုလူများသည် သူငယ်ရွယ်စဉ်က ရင်းနှီးခဲ့ကြသူများ ဖြစ်သည့်အလျောက် ရန်ကိုင်မှာ ထိုလူများကိုမြင်လိုက်ရုံဖြင့် သူတို့၏နာမည်များကို မှတ်မိသွားခဲ့လေသည်။ ချက်ချင်းဆိုသလို ယခင်ကအကြောင်းအရာများသည် ရန်ကိုင်စိတ်ထဲ အစီအရီ ပြန်လည်ထွက်ပေါ်လာတော့လေ၏။

“မင်းအစ်မ ပြန်ရောက်နေပြီ…” ရန်ကိုင်က စုမူကို လှမ်း၍ ပြောလိုက်သည်။

စုမူမှာ ထိုစကားကိုကြားကြားချင်း ကြောင်နေပါသော်ငြား ချက်ချင်း ဝမ်းသာအားရဖြစ်သွားသည့်လေသံဖြင့် “သူ…”

“သူ ကံကောင်းလာတာ…”

စုမူမျက်နှာထက် မျက်ရည်များ ကျဆင်းလာခဲ့ပြီး ထိုကောင်သည် စိတ်လှုပ်ရှားနေသည့် မျောက်တစ်ကောင်ပမာ ထခုန်နေခဲ့လေသည်။ တစ်ခဏအကြာ၌ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးသည့်နောက် ရန်ကိုင်ကိုကြည့်ကာ မေးလိုက်လေသည်။ “သူ အခု ဘယ်မှာလဲ…”

“ထက်ကောင်းကင်ဂိုဏ်းမှာ…”

“ဒါဆို ငါ သူနဲ့သွားတွေ့တော့မယ်…” စုမူသည် ဆက်၍ရပ်စောင့်မနေတော့ဘဲ ချက်ချင်းပဲ လှည့်ထွက်သွားလေ၏။

စုယန်ပျောက်နေသည်မှာ နှစ်နှစ်ဆယ်မက ရှိနေခဲ့လေပြီ။ ထိုအချိန်အတောအတွင်း သူမ သေလားရှင်လား မည်သူမျှ မသိကြ။ စုမူကိုယ်တိုင်မှာလည်း စုယန်အား အတော်လေးကိုမှ စိတ်ပူနေခဲ့ရသည်။ ယခု စုယန် အဆင်ပြေပြေနှင့် ထက်ကောင်းကင်ဂိုဏ်းဆီသို့ ပြန်ရောက်နေသည့်အကြောင်း ကြားလိုက်သော် စုမူ ဤမျှစိတ်လှုပ်ရှားနေသည်မှာ အဆန်းတော့မဟုတ်ပေ။

သို့သော်ငြား ခြေတစ်လှမ်း မလှမ်းရသေးခင်မှာပင် သူ့တစ်ကိုယ်လုံးကို တစ်စုံတစ်ဦးမှ ချုပ်နှောင်ထားသည့်အလား တောင့်တောင့်ကြီးဖြစ်သွားသလို စုမူ ခံစားလိုက်ရလေသည်။ ထိုအခါ စုမူသည် ရန်ကိုင်ဘက်သို့လှည့်ကြည့်၍ ရှက်ရှက်ဖြင့် “ယောက်ဖရာ… အရင်နှစ်တွေတုန်းက ငါ မင်းကို ကျိန်ဆဲနေခဲ့တယ်ဆိုတာကို ငါ တကယ်ဝန်ခံပါတယ်… ဒါပေမယ့်လည်း အခု ငါ့အစ်မပြန်ရောက်လာပြီဆိုမှတော့ အဲ့ဒါတွေကို ဒီအတိုင်း ထားလိုက်လို့ မရဘူးလား… နောက်ကျမှ မင်းကို တောင်းပန်ပါမယ်ကွာ… ဟုတ်ပြီလား… အခု ငါ့ကို လွှတ်ပေးလို့ မရဘူးလား…”

“မင်း ငါ့ကို ဆဲနေတယ်ပေါ့… ဟုတ်လား…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။

စုမူသည် ခေါင်းကိုကုတ်ရင်းမှ ခြောက်ကပ်ကပ်ရယ်မောလိုက်လေသည်။ တကယ်ဆိုလျှင် သူသည် ရန်ကိုင်အား ကြိမ်ဖန်ပေါင်းများစွာ ဆဲခဲ့ဖူးပေသည်။ စုယန် ထိုဟင်းလင်းပြင်လိုဏ်ခေါင်းကို သွားစစ်ဆေးရခြင်းမှာ ရန်ကိုင်ကိုရှာလိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက စုယန်အနေဖြင့် ဤကြယ်စီရင်စုကြီးထဲမှ ပျောက်သွားစရာအကြောင်း ရှိလိမ့်မည်မဟုတ်။ စုယန်အား ထိုကဲ့သို့ဖြစ်အောင် လုပ်ခဲ့သည့် တကယ့်လက်သည်တရားခံမှာ ရန်ကိုင်သာ ဖြစ်ပေသည်။

“နောက်ကျမှ မင်းအစ်မနဲ့ ပြန်တိုင်ပြောရမယ်…” ရန်ကိုင်က ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်လုံး အဆင်ပြေသရွေ့ ကိစ္စမရှိဘူး…” စုမူမှာမူ သင်ခန်းစာပေးခံရမည်ကို ဂရုစိုက်မနေပေ။ သူသည် ယခင်ကကဲ့သို့ တဇွတ်ထိုးဆန်သည့် လူတစ်ဦးမဟုတ်တော့။ “မင်း အခု ငါ့ကို လွှတ်ပေးလို့ ရပြီလား…”

“ကိုယ့်ဘာသာကိုယ် သွားမနေတော့နဲ့… ငါ မင်းကို တစ်ခါတည်း တန်းပို့ပေးလိုက်မယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်မှာ သူ့လက်အား ဝှေ့ယမ်းချလိုက်ရာ စုမူသည် ရပ်နေရာမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက်တွင် ချူရီမန်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “ဒီကကိစ္စတွေပြီးသွားလို့ရှိရင် နင်တို့လည်း ဂိုဏ်းဆီပြန်ပေတော့… ဒီမှာ ကျူးကျော်လာတဲ့လူတွေ မရှိတော့ဘူး…”

“ဟုတ်ကဲ့…” အကုန်လုံး ခေါင်းညိတ်လိုက်ကြလေသည်။

“နင်ရော ဘယ်သွားမှာလဲ…” ချူရီမန်က မေးလိုက်လေ၏။

“ငါ လုပ်စရာကိစ္စလေး ရှိသေးလို့… မကြာခင် ပြန်လာခဲ့မယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

ချူရီမန်မှာ ရန်ကိုင်အား လှမ်းဆွဲလိုက်ပါသော်ငြား မိမသွားခဲ့ပေ။

စိတ်ဓာတ်ကျနေသလိုဖြစ်နေသည့် ချူရီမန်ကိုကြည့်ရင်း အကုန်လုံးမှာ ဒွိဟဖြစ်နေသလို ခံစားလိုက်ကြရသည်။ သူမစိတ်ထဲ ဘာတွေတွေးနေသလဲဆိုသည်ကို သူတို့အားလုံး သိကြပေသည်။ ထို့အတွက်ကြောင့် တုဖုန်းမှာ ချူရီမန် စိတ်ဓာတ်ကျနေသည်ကို မမြင်လိုသည့်အတွက်ကြောင့် ခေါင်းစဉ်ပြောင်းရန်အလို့ငှာ ပြုံးဖြီး၍ ပြောလိုက်လေသည်။ “ကဲ… အခု ငါတို့လည်း အေးအေးဆေးဆေး နားလို့ရပြီပေါ့… အကြီးအကဲချူ… ပြန်ကြတော့မလား…”

ချူရီမန်က ခေါင်းညိတ်လိုက်ပြီး ထက်ကောင်းကင်ဂိုဏ်းရှိရာဘက်ဆီသို့ လှည့်၍ “ပြန်ကြမယ်…”

ရန်ကိုင်ကမူ အောက်သို့ တောက်လျှောက်ဆက်ဆင်းနေခဲ့လေရာ မကြာမီတွင် အရိပ်ကြယ်၏ အလယ်ဗဟိုဆီသို့ ရောက်လာခဲ့လေသည်။ ဤနေရာသည် အရိပ်ကြယ်၏ ကြယ်အမြုတေ မွေးဖွားရာနေရာလည်း ဖြစ်ပေသည်။

နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ရန်ကိုင်အနေဖြင့် ဤနေရာသို့ ပထမဦးဆုံးအကြိမ် ပြန်ရောက်လာခဲ့ခြင်းဖြစ်ပေသည်။ အရိပ်ကြယ်သို့ ရောက်လာပြီးသည့်နောက် ဤနေရာသို့ လာခဲ့ရခြင်းမှာ အရိပ်ကြယ်အမြုတေရှိရာနေရာဆီမှ ပုံမှန်မဟုတ်သည့်တုံ့ပြန်မှုများကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ အထူးသဖြင့် အရိပ်ကြယ်ပေါ်ရှိ လောကနိယာမများနှင့် ဆက်သွယ်ရန် ကြိုးစားသည့်အခါတွင် ထိုပုံမှန်မဟုတ်သည့် တုံ့ပြန်မှုများကို အထူးတလည် ခံစားသိရှိခဲ့ရသည်။

ဟာလာဟင်းလင်းပြင်ဖြစ်နေသော အရိပ်ကြယ်၏ အလယ်ဗဟိုဆီသို့ ရောက်ရှိလာပြီးသည့်နောက် ရန်ကိုင်မှာ ခရီးသွားတစ်ဦးမှ မွေးရပ်မြေဆီသို့ ပြန်ရောက်လာသည့်ပမာ နွေးထွေးသည့်ခံစားချက်ကို ရလိုက်လေသည်။ ဤကဲ့သို့သောခံစားချက်မျိုးသည် ထက်ကောင်းကင်ဂိုဏ်းဆီသို့ ပြန်ရောက်လာသည့်အခါက ခံစားခဲ့ရသည့် ခံစားချက်ထက်ပင် ပို၍ ပြင်းထန်ပေသေးသည်။

သူ့ကိုယ်ထဲတွင်ရှိနေသော အရိပ်ကြယ်၏ကြယ်အမြုတေမှာလည်း စတင်၍ ဂနာမငြိမ် ဖြစ်လာတော့လေသည်။

ရန်ကိုင်သည် ကျောက်တုံးခုတင်တစ်ခုဆီသို့ လျှောက်သွားပြီး ထိုနေရာ၌ တင်ပလင်ခွေထိုင်ကာ သူ့စိတ်အစုံကို လုံးဝ ဟာလာဟင်းလင်းဖြစ်သွားအောင် လုပ်လျက် သူ့ကိုယ်ထဲ၌ရှိနေသော အရိပ်ကြယ်၏အမြုတေအား အရိပ်ကြယ်နှင့် ပဲ့တင်ထပ်စေလိုက်လေသည်။

ခဏအကြာ၌ ရန်ကိုင်သည် ကျောက်တုံးခုတင်ပေါ် လှဲအိပ်ချလိုက်လေသည်။ ထိုသို့အိပ်ပြီး ခဏအကြာ၌ အခြားတစ်ဖက်သို့လှည့်၍ ဘေးတစ်စောင်း ပြန်လှဲအိပ်လေ၏။

မကြာမီ ရန်ကိုင်နားတွင် အသံဗလံများကို ကြားလိုက်ရသည်။ အစပိုင်းတွင်တော့ မည်ကဲ့သို့သော အသံများမှန်း သေသေချာချာ မပြောနိုင်ခဲ့။ သို့ရာတွင် မကြာမီ ထိုအသံများမှာ တဖြည်းဖြည်း ကြည်လင်ပြတ်သားလာခဲ့လေသည်။ ရှင်းပြမရသည့် တီးလုံးပေါင်းများစွာကို အတူတကွ ရောနှောပေါင်းစပ်၍ တီးခတ်နေသည့်အလား အသံများမှာ ပရမ်းပတာ ဖြစ်နေကြလေ၏။

(ဒါက…) ရန်ကိုင်မှာ အသံများကို သေသေချာချာ နားထောင်ရင်း အံ့အားသင့်လာမိလေသည်။

မကြာမီ ထိုအသံများသည် အရိပ်ကြယ်၏ နေရာအနှံ့ဆီမှ လာနေကြောင်း သဘောပေါက်သွားခဲ့ရသည်။ ရန်ကိုင်သည် မည်သည့်စွမ်းအားကိုမှ ထုတ်သုံးထားခြင်းမရှိသလို လောကနိယာမများနှင့်လည်း ဆက်သွယ်ထားခြင်းမရှိ။ ထို့နည်းတူစွာပင် အရိပ်ကြယ်မှပေးအပ်ထားသည့် မည်သည့်စွမ်းအင်ကိုမှလည်း အသုံးပြုထားခြင်းမရှိချေ။ ဤနေရာတွင် လဲနေရုံဖြင့်ပင်လျှင် အရိပ်ကြယ်ပေါ်ရှိ အသံမျိုးစုံကို ကြားနေရခြင်း ဖြစ်လေသည်။

ယခင်က သူ့အတွက် အစိမ်းသက်သက်ဖြစ်ခဲ့သော ငှက်များနှင့် အင်းစက်များ၏ ဘာသာစကားတို့မှာ လက်ရှိအချိန်တွင်တော့ ရန်ကိုင်နားလည်နေသည့် ဘာသာစကားတစ်မျိုးအဖြစ်သို့ ပြောင်းလဲနေခဲ့လေသည်။

နွားချေးပိုးနှစ်ကောင်သည် အရိပ်ကြယ်ပေါ်ရှိ တစ်နေရာ၌ မစင်လုံးလေးတစ်လုံးအတွက် တိုက်ခိုက်နေကြလေသည်။ ထိုနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ချိုဖြင့်ခွေ့ရင်းမှ ငြင်းခုံနေကြလေသည်။

“ဒါ ငါ့ဟာ… ထွက်သွား…”

“မင်းသာထွက်သွားရမှာ… ဒါ ငါ့ဟာကွ…”

“မင်းမသွားရင် ငါမင်းကိုတီးမှာနော်…”

“စမ်းလိုက်လေ…”

“ကောင်းပြီလေ…”

ထိုသို့ငြင်းခုံနေရင်းမှ နွားချေးပိုးနှစ်ကောင်သည် မစင်လုံးကိုရဖို့ရာ အသည်းအသန် ပြိုင်ဆိုင်နေခဲ့ကြလေသည်။ နှစ်ဦးစလုံးမှာ တစ်ဦးမှ လက်လျှော့ခြင်းမရှိ။

တစ်ချိန်တည်းတွင် ပိုးဖလံတစ်ကောင်သည် ပင့်ကူအိမ်ထဲ ရုန်းကန်နေခဲ့လေသည်။ ခြေရှစ်ချောင်းပင့်ကူသည် ပိုးဖလံကြီးရှိရာဆီသို့ လျှောက်သွားရင်း ၎င်း၏အဆိပ်ကို ပိုးဖလံ၏ကိုယ်ထဲသို့ ထိုးသွင်း၍ ပိုးဖလံကို စားသောက်လိုက်လေ၏။ “အရသာရှိလိုက်တာကွာ… ဒီလိုဟာမျိုးကိုသာ နေ့တိုင်းစားနိုင်မယ်ဆိုရင် တကယ်ကိုကောင်းမှာ…”

ပုရွက်ဆိတ်နှစ်ကောင်သည် အခြားသောပုရွတ်ဆိတ်များ အစားအစာများကို ပုရွက်ဆိတ်အုံသို့ ပြန်သယ်လာသည်ကိုကြည့်ရင်း တေးသံတစ်ခုကို သံပြိုင်သီကျူးနေခဲ့ကြလေသည်။

တောင်းဆိုခယသံများကိုလည်း ရန်ကိုင်ကြားနေခဲ့ရသည်။ ထိုအသံများအတိုင်း လိုက်သွားကြည့်လိုက်ရာ နှစ်ပေါင်းများစွာကြာအောင် မိုးခေါင်နေသည့် နေရာတစ်ခုဆီသို့ ရောက်လာကြောင်း တွေ့ရှိလိုက်ရသည်။ ထိုနေရာမှာ နှစ်အတန်ကြာအောင် မိုးခေါင်နေသည့်အတွက်ကြောင့် သီးပင်စားပင်များကို မစိုက်ပျိုးနိုင်ဖြစ်ခဲ့ရကာ မိသားစုပေါင်းများစွာမှာ အစာအာဟာရပြတ်လပ်မှုကြောင့် သေဆုံးခဲ့ကြရလေသည်။ လက်ရှိအချိန်တွင် ထိုလူများသည် ကောင်းကင်ပေါ်သို့မော့၍ မိုးရွာချပေးရန် တောင်းဆိုခယနေခြင်း ဖြစ်လေသည်။

အိပ်စက်နေသယောင်ထင်ရသော ရန်ကိုင်သည် သူ့လက်အား အသာအယာ ဝှေ့ယမ်းချလိုက်ရာ မိုးခေါင်နေသည့် နေရာပေါ်ရှိ ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ မြည်ဟည်းသွားခဲ့ပြီး အနက်ရောင်တိမ်စိုင်တိမ်တိုက်များ စုဝေးလာခဲ့သည်။ မကြာမီ အပြာရောင်သန်းနေသော ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး မိုးသီးမိုးပေါက်တို့သည် ပုလဲလုံးလေးများပမာ မြေပြင်ထက်ဆီသို့ ကြွေဆင်းလာကြတော့လေသည်။

ကြွေဆင်းလာနေသည့်မိုးစက်များကိုကြည့်ရင်း မြေပြင်ထက်၌ ရှိနေကြသော သေမျိုးတို့သည် ချက်ချင်းပဲ ဒူးထောက်ချ၍ ယခုကဲ့သို့ကူညီပေးသည့် ကောင်းကင်အပေါ် အလွန်ကိုမှ ကျေးဇူးတင်နေဟန်ဖြင့် ဦးညွှတ်လိုက်ကြကုန်လေသည်။

မြက်သွေးရောင်ဂိုဏ်းထဲဝယ် တိုက်ယွမ်သည် သူမ၏ မြက်သွေးရောင်ခန္ဓာကိုယ်ကို အသက်သွင်း၍ သူမပတ်လည်၌ ထိုးဖောက်မရသည့်အကာအရံတစ်ခုကို ဖန်တီးရင်း ရန်သူပေါင်းများစွာနှင့် တိုက်ခိုက်နေခဲ့လေသည်။ ထိုကဲ့သို့တိုက်ခိုက်နေရင်း သူမဘက်မှ အောက်စည်းသို့ ရောက်နေစဉ်မှာပင် သူမအနီးတစ်ဝိုက်တွင်ရှိနေသော မိုးမြေစွမ်းအင်များသည် ရုတ်တရက် အတူတကွ စုဝေးသွားခဲ့ပြီး မြောက်မြားလှစွာသော ဓါးသွားများအသွင်သို့ ပြောင်းကာ ရန်သူများဆီသို့ တိုးဝင်သွားခဲ့လေသည်။ ရန်သူများမှာလည်း ထိုဓါးသွားများအား အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိဘဲ ဓါးသွားများ၏ ဖြတ်တောက်ခြင်းကို ခံလိုက်ကြရကုန်လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသည့် တိုက်ယွမ်မှာတော့ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေခဲ့လေသည်။

ဓါးသွားများကြောင့် သေသွားခဲ့ရသည့်လူများမှာလည်း သေသွားသည်အထိတိုင် သူတို့အား မည်သူမှ တိုက်ခိုက်သွားခဲ့သလဲဆိုသည်ကို မသိကြပေ။

“ရွှစ်… ရွှစ်… ရွှစ်…” မိုးမြေစွမ်းအင်များမှ ဖွဲ့စည်းထားသည့် ဓါးသွားများ ထပ်မံထွက်ပေါ်လာခဲ့ပြီး ရန်သူ့အင်အားစုများကို စတင်၍ တိုက်ခိုက်ကြလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ဖန်သွေးရောင်ဂိုဏ်းမှ တပည့်များမှာတော့ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေကုန်ကြလေသည်။

“စီနီယာအစ်မ… ဘာတွေဖြစ်နေတာလဲ…” ယင်စုတျယ်သည် တိုက်ယွမ်ဆီသို့ ပျံသန်းလာရင်းမှ မေးလိုက်လေသည်။

တိုက်ယွမ်က ခေါင်းခါလျက် “ငါလည်းမသိဘူး…”

ထို့နောက်တွင် နှစ်ဦးသားသည် ကုန်းအောင်ဖုဆီသို့ လှမ်းကြည့်လိုက်ရာ ကုန်းအောင်ဖုမှာလည်း အံ့အားသင့်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်သူများ သေဆုံးသွားသည့်နောက်တွင် ကုန်းအောင်ဖုသည် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ကျွန်မတို့ကို ဘယ်သူကူညီပေးလိုက်တာလဲ သိလို့ရမလား… ကူညီပေးတဲ့လူရှိလို့ရှိရင် ကျေးဇူးပြုပြီး လူလုံးထွက်ပြလာပေးလို့ရမလား… ကျွန်မတို့ဘက်က ကျေးဇူးတင်ချင်လို့ပါ…”

သုံးကြိမ်သုံးခါတိတိ ထိုကဲ့သို့ အော်ပြောလိုက်သည့်တိုင် မည်သည့်တုံ့ပြန်သံမှ မကြားခဲ့ရပေ။ သူတို့အား ကူညီပေးလိုက်သည့်လူမှာ ဤနေရာမှ ထွက်သွားပြီဖြစ်သည့်အလား။

သူမတို့အား ကယ်တင်ပေးသွားသည့် ကယ်တင်ရှင် လူလုံးထွက်ပြမလာချင်မှန်း သိလိုက်သော် ကုန်းအောင်ဖု သက်ပြင်းသာ ချလိုက်လေသည်။ တစ်ဖက်လူမှ လူလုံးထွက်ပြမလာသဖြင့် သူမဘက်မှလည်း ထိုလူအား သွားရှာဖို့ရာ မဖြစ်နိုင်ပေ။

အလားတူဖြစ်ရပ်များ အရိပ်ကြယ်ပေါ်ရှိ နေရာအနှံ့တွင် ဖြစ်ပျက်နေခဲ့သည်။ သူတို့၏ကြယ်သင်္ဘောများ ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည့်နောက်တွင် အရိပ်ကြယ်ပေါ်သို့ ရောက်နေသော တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးမှ ကျင့်ကြံသူများ ထွက်ပြေးရန် ကြိုးစားကြတော့လေသည်။ အရိပ်ကြယ်ပေါ်တွင်ရှိနေသည့် ကျင့်ကြံသူများမှာလည်း ကျူးကျော်လာသည့်ရန်သူများအား လုံးဝအလွတ်မပေးဘဲ နောက်မှလိုက်လံတိုက်ခိုက်ကြသည်။ သို့သော်ငြား ရန်သူများအား အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိပေ။ သို့ရာတွင် ဘာမှန်းမသိရသည့်အကြောင်းအရာများကြောင့် ထွက်ပြေးနေကြသည့် တစ်စပြင်ကန္တာရကျင့်ကြံသူများမှာ သူတို့ပင်မသိလိုက်လေဘဲ သေဆုံးသွားကုန်ကြရလေသည်။ အရိပ်ကြယ်ပေါ်မှ ကျင့်ကြံသူများမှာလည်း သူတို့၏ရန်သူများကို မသတ်ရသေးခင်မှာပင် ရန်သူများမှာ အကြောင်းအရင်းမရှိ သေဆုံးကုန်ကြလေသည်။ ထိုကဲ့သို့သောအဖြစ်အပျက်မျိုးသည် တစ်နာရီအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။ တစ်နာရီအတွင်းမှာပင် အရိပ်ကြယ်ပေါ်ရှိတိုက်ပွဲများအားလုံးမှာလည်း အပြီးသတ်သွားခဲ့ရလေ၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း နားမလည်ကြ။ သူတို့အား မည်သူမှ ကူညီပေးသွားခဲ့သလဲဆိုသည်ကိုလည်း မသိကြပေ။

ထိုအခိုက်အတန့်မှာပင် အရိပ်ကြယ်ပေါ်ရှိ မိုးမြေစွမ်းအင်များ စတင်၍ ကသောင်းကနင်းဖြစ်လာခဲ့ပြီး မိုးမြေစွမ်းအင်များသည် အတူတကွ စုဝေးသွားလျက် ပုံရိပ်ယောင်ကြီးတစ်ခုအသွင်သို့ ပြောင်းသွားခဲ့လေသည်။ ထိုပုံရိပ်ကြီးပေါ်လာချိန် ထိုပုံရိပ်ပုံစံ မည်ကဲ့သို့ရှိသလဲဆိုသည်ကို မည်သူမျှ သေချာမမြင်ကြရပေ။ လက်ရှိအချိန်တွင် ထိုပုံရိပ်ကြီးသည် ကောင်းကင်တစ်ဝက်လောက်ကို ဖုံးလွှမ်းနေခဲ့လေသည်။

အရိပ်ကြယ်ပေါ်၌ ရှိနေကြသော သက်ရှိအားလုံးမှာတော့ ထိုပုံရိပ်ကြီးအား အံ့ဩတကြီးဖြင့် မော့ကြည့်နေကုန်ကြလေသည်။

ထိုပုံရိပ်ကြီးကိုကြည့်ရင်းမှ လူတိုင်း၏စိတ်ထဲ ထိုပုံရိပ်ရှေ့၌ ခယဝပ်တွားချင်စိတ်များ ဖြစ်ပေါ်လာခဲ့ကြရလေသည်။ ထိုပုံရိပ်ကြီးကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေစဉ်မှာပင် ပုံရိပ်ကြီးသည် စတင်၍ ပြောင်းလဲလာခဲ့လေ၏။ ဝေဝါးနေသော လက္ခဏာများမှာ စတင်၍ ပီပြင်လာခဲ့လေသည်။ ခြေလက်များမှာလည်း ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုပုံရိပ်ကြီးသည် ဧရာမလူသားကြီးတစ်ဦးအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထိုပုံရိပ်ကြီးကိုကြည့်ရင်းမှ အရိပ်ကြယ်ပေါ်ရှိလူများအားလုံးမှာ အချိန်အတန်ကြာသည်အထိကို အသိပြန်ဝင်မလာနိုင် ဖြစ်နေခဲ့ကြလေသည်။

ပုံရိပ်ကြီး၏ ရုပ်လက္ခဏာများမှာ တဖြည်းဖြည်း ကြည်လင်လာသည့်နောက် မကြာမီတွင် မျက်နှာမှာလည်း စတင်၍ ရှင်းလင်းပြတ်သားလာခဲ့လေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာချိန်တွင်တော့ ထိုပုံရိပ်ကြီး မည်သူဖြစ်သလဲဆိုသည်ကို ထိုလူများ သဘောပေါက်သွားကုန်ကြရလေသည်။ ထိုပုံရိပ်မှာ အခြားမဟုတ်။ ရန်ကိုင်သာ ဖြစ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က အရိပ်ကြယ်မှထွက်သွားခဲ့သော အရိပ်ကြယ်၏ ကြယ်သခင် ရန်ကိုင်သာ ဖြစ်လေသည်။

ပို၍ဇဝေဇဝါဖြစ်စရာကောင်းသည်မှာ ထိုပုံရိပ်ကြီးသည် လက်ရှိအချိန်တွင် ဘေးတစ်စောင်းလှဲကာ အိပ်စက်နေခြင်း ဖြစ်လေသည်။ မျက်လုံးများ ပိတ်နေခဲ့ပြီး ဝင်လေထွက်လေကို ပုံမှန်အတိုင်း ရှူရှိုက်နေခဲ့လေသည်။ ထိုပုံရိပ်ကြီး အသက်တစ်ချက်ရှူလိုက်တိုင်း မိုးမြေစွမ်းအင်တို့မှာ ကသောင်းကနင်း ဖြစ်သွားကြရ၏။

ထိုအခိုက်အတန့်မှာပင် မှိန်ဖျဖျကြယ်အလင်းစက်တို့သည် ကြယ်တာရာကောင်းကင်ထက်ဆီမှ အရိပ်ကြယ်ဆီသို့ စီးဝင်လာကုန်ကြလေသည်။

ကျဆင်းလာနေသည့် ကြယ်အလင်းစက်များကိုကြည့်ရင်း အရိပ်ကြယ်ပေါ်ရှိလူများမှာ အစပိုင်း၌ အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့ကြပါသော်ငြား ထိုကြယ်အလင်းစက်များမှာ သူတို့အား ဘာဆိုဘာမှမလုပ်ကြောင်း သိလိုက်ရပြီးသည့်နောက် အကုန်လုံး စိတ်သက်သာရာ ရသွားကုန်ကြလေသည်။ ကြယ်အလင်းစက်များသည် အရိပ်ကြယ်ပေါ်သို့ ကျရောက်လာပြီးသည့်နောက်တွင် အရိပ်ကြယ်ထဲသို့ သဲလွန်စမကျန် တိုးဝင်ပျောက်ကွယ်သွားကုန်ကြလေသည်။

ရန်ကိုင်၏ပုံရိပ်ကြီးမှ ဝင်သက်ထွက်သက်ကို ရှူရှိုက်လိုက်တိုင်း ပိုမိုများပြားသည့် ကြယ်အလင်းစက်များ အရိပ်ကြယ်ပေါ်သို့ မိုးသီးမိုးပေါက်များသဖွယ် ကြွေဆင်းကျလာကုန်ကြလေသည်။

ကျဆင်းလာသည့် ကြယ်အလင်းစက်များနှင့်အတူ အရိပ်ကြယ်ပေါ်ရှိ မိုးမြေစွမ်းအင်တို့မှာလည်း ပိုမိုသိပ်သည်းသန့်စင်လာခဲ့လေ၏။ လောကနိယာမများသည်ပင်လျှင် ယခင်ကထက် ပိုမိုအားကောင်းလာသည့်အလား။

ဤသည်မှာ ကြယ်သခင်တစ်ပါးမှ ၎င်း၏ကြယ်ကို အားဖြည့်ပေးနေခြင်းသာ ဖြစ်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၂၅)

ဘာသာပြန်သူ_တိမ်တိုက်

ကြယ်သခင်တစ်ပါးနှင့် ၎င်း၏ကျင့်ကြံရေးကြယ်ကြားရှိ ဆက်ဆံရေးမှာ သခင်နှင့်ကျွန်ကြားရှိ ဆက်ဆံရေးကဲ့သို့ မဟုတ်ပေ။ ထို့အစား ၎င်းတို့၏ကံကြမ္မာများမှာ အတူတကွ ချည်နှောင်ထားကြလေသည်။ တစ်ဦးကံကောင်းလျှင် အခြားတစ်ဦးပါ ကံကောင်းကြသလို တစ်ဦးကံဆိုးလျှင်လည်း အခြားတစ်ဦးပါ ကံဆိုးကြသည်။ ကြယ်သခင်၏ကျင့်ကြံခြင်းသာ အားကောင်းနေမည်ဆိုလျှင် ၎င်း၏ကျင့်ကြံရေးကြယ်မှာလည်း အကျိုးအမြတ်ရပေလိမ့်မည်။

ဥပမာပြရသော် ထုန်းရွှမ်လောကကြီးသာ ဖြစ်လေသည်။ ယခင်က ထုန်းရွှမ်လောကကြီးသည် အလွန်ကိုမှ အားနည်းသည့်ကြယ်တစ်လုံးဖြစ်ကာ ရှနင်းချန်မှ စွန့်စား၍ ထုန်းရွှမ်လောကကြီး၏ ကြယ်အမြုတေကို သန့်စင်ခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ယခုကဲ့သို့ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ထုန်းရွှမ်လောကကြီးမှာ ကြယ်သေတစ်လုံးအသွင်သို့ ပြောင်းလဲသွားရတော့ပေလိမ့်မည်။

ရန်ကိုင် အရိပ်ကြယ်မှ ထွက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ကြယ်အမြုတေနှင့် အရိပ်ကြယ်ကြားရှိ ဆက်သွယ်ချက်မှာ အတော်လေးကိုမှ အားပျော့သွားခဲ့သည်။ ထို့အပြင် တိုက်ပွဲဒဏ်ကို နှစ်အလီလီ ခံစားခဲ့ရပြီးသည့်နောက် အရိပ်ကြယ်ကြီးမှာ စတင်၍ ထိခိုက်ကာ နိမ့်ကျလာရတော့လေသည်။

ထိုသို့ဖြစ်နေသည်မှာ သိပ်၍ မသိသာသည့်အတွက်ကြောင့် အရိပ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများမှာတော့ ထိုအချက်ကို သေသေချာချာ သတိထားမိခြင်း မရှိကြပေ။

သို့ရာတွင် အရိပ်ကြယ်သို့ ပြန်လာပြီးသည့်နောက် ရန်ကိုင်မှာတော့ ထိုအချက်ကို ချက်ချင်း သတိထားမိသွားခဲ့လေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှ ယခုကဲ့သို့ အချိန်ကိုက် ပြန်လည်ရောက်ရှိလာခဲ့ပြီး အရိပ်ကြယ်အား အားဖြည့်ပေးနိုင်သည်မှာ ကံကောင်းသွားသည်ဟုလည်း ပြော၍ရပေသည်။ ရန်ကိုင်သည် ကြယ်စီရင်စုကြီးထဲရှိ စွမ်းအားတစ်မျိုးမျိုးအား ယူဆောင်ပြီးနိုင်ခဲ့ပြီး ထိုစွမ်းအားကိုသုံး၍ အရိပ်ကြယ်အား အားဖြည့်ပေးနိုင်ခဲ့လေသည်။ ယခုအဖြစ်အပျက်ပြီးသွားသည့်နောက်ပိုင်းတွင် သေမျိုးများသည် မိုးခေါင်ရေရှားမှုများကို ကြုံတွေ့ကြရတော့မည်မဟုတ်သလို ကျင့်ကြံသူများမှာလည်း ယခင်ကထက်ပို၍ လွယ်လွယ်ကူကူ ကျင့်ကြံလာနိုင်ကြပေလိမ့်မည်။ အဆင့်တစ်ဆို့အတားအဆီးများနှင့် ကြုံရမည်ဖြစ်သည့်တိုင် ထိုအတားအဆီးများကို ယခင်ကထက်ပို၍ လွယ်ကူစွာ ချိုးဖြတ်လာနိုင်ပေလိမ့်မည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်၏လုပ်ရပ်သည် အရိပ်ကြယ်၏ လက်ရှိအခြေအနေကို ဖြေရှင်းပေးလိုက်ရုံသာလျှင်မဟုတ် အရိပ်ကြယ်ပေါ်တွင် နေထိုင်ကြသော သက်ရှိများ၏ နောက်မျိုးဆက်များအတွက်လည်း အကျိုးပြုသွားသည်ဟု ပြော၍ရပေသည်။

ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာတော့ သူဘာလုပ်လို့လုပ်နေမှန်းကို သတိမမူမိ။ လက်ရှိအချိန်တွင် ရန်ကိုင်၏စိတ်အစုံသည် လုံးဝကို ဟာလာဟင်းလင်းဖြစ်နေခဲ့ပြီး သူ့နားထဲ အသံဗလံပေါင်းစုံကို ကြားနေခဲ့ရသည်။ အခြားလူတစ်ဦးဦးသည်သာ ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရမည်ဆိုလျှင် အရူးတစ်ပိုင်းဖြစ်သွားလိမ့်မည် ဖြစ်ပါသော်ငြား ရန်ကိုင်မှာမူ သူကြုံနေရသည်မှာ သဘာဝအတိုင်းဖြစ်နေသည့်အလား လုံးဝကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။ ပရမ်းပတာဖြစ်နေသော အသံများသည် သူ့အား နားမခံသာမဖြစ်စေရုံသာလျှင်မဟုတ်။ အသံများကို နားထောင်ရင်း သူ့ရင်ထဲ နွေးထွေးသလိုပင် ခံစားနေရလေသည်။

ရန်ကိုင်မှာ မျက်လုံးပိတ်ထားပါသော်ငြား အရိပ်ကြယ်ပေါ်ရှိ သစ်ပင်ပန်းမန်များ၏ လှုပ်ရှားမှုအလုံးစုံကို အာရုံခံနိုင်နေခဲ့သည်။ လောကကြီးတစ်ခုလုံးမှာ သူ့မြင်ကွင်းထဲ ကွက်ကွက်ကွင်းကွင်းကို ထင်ရှားပေါ်လွင်နေခဲ့လေသည်။

အချိန်မှာ တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့လေ၏။ ထက်ကောင်းကင်ဂိုဏ်း၏ အဓိကခန်းမရှေ့ရှိ မြေကွက်လပ်တွင် လူပေါင်းများစွာ စုဝေးနေခဲ့ကြပြီး ခန်းမတစ်ခုလုံးမှာလည်း လူများဖြင့် ပြည့်နေခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ထက်ကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူများသာလျှင်မဟုတ် အရိပ်ကြယ်ပေါ်ရှိ အခြားသောအင်အားစုများမှ ကျင့်ကြံသူများလည်း ရောက်ရှိနေကြလေသည်။

ရှင်းရှင်းပြောရသော် လက်ရှိအချိန်တွင် အရိပ်ကြယ်ပေါ်ရှိ အားအကောင်းဆုံးသောပညာရှင်များ ထက်ကောင်းကင်ဂိုဏ်း၌ စုဝေးနေကြသည်ဟု ပြော၍ရပေသည်။

လွန်ခဲ့သောတစ်လခန့်က ရန်ကိုင် ဘေးတစောင်းအိပ်နေသည့်ပုံရိပ်ကြီးသည် ကောင်းကင်ထက်၌ ရုတ်တရက်ကြီး ပေါ်လာခဲ့လေသည်။ လူတိုင်းမှာ ထိုပုံရိပ်ကြီးကို မြင်ပြီးသည့်နောက် ဘာတွေဖြစ်နေသလဲဆိုသည်ကို သိရရန်အလို့ငှာ ထက်ကောင်းကင်ဂိုဏ်းအား လာရောက်မေးမြန်းကြလေ၏။

သူတို့ပြန်ရလိုက်သည့်အဖြေမှာတော့ အမှန်တကယ်ကိုမှ စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။ ရန်ကိုင်ပြန်လာပြီဟူ၍ပင်။

ထိုအခါမှသာလျှင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကြယ်သင်္ဘောများ ဘာကြောင့် ဖျက်ဆီးခံလိုက်ရပြီး အရိပ်ကြယ်အား ကျူးကျော်နေသည့် ကျင့်ကြံသူများ ဘာကြောင့် အသတ်ခံလိုက်ရသလဲဆိုသည်ကို လူတိုင်း နားလည်သွားကြရလေသည်။ အကုန်လုံးမှာ ရန်ကိုင်ကြောင့်သာ ဖြစ်ပေသည်။ သူတို့စိတ်ထဲ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ စိတ်လှုပ်ရှားမိပါသော်ငြား ရန်ကိုင်ထုတ်ပြသွားသည့်စွမ်းအားအပေါ်လည်း အမှန်တကယ်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။ ကြယ်သခင်တစ်ပါး၏စွမ်းအား ဤမျှ ကြောက်မက်ဖွယ်ရာကောင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

လက်ရှိအချိန်တွင် လူတိုင်းမှာ အားကိုးရာတစ်ခုကို ရှာတွေ့သွားပြီ ဖြစ်သည့်အလျောက် ယခင်ကထက် ပို၍ယုံကြည်ချက်ရှိလာကာ စိတ်အေးအေးဖြင့်လည်း နေနိုင်ကြလေသည်။ ရန်ကိုင်မရှိစဉ်အတောအတွင်း လူတိုင်းမှာ တစ်စပြင်ကန္တာရကြယ်စီရင်စုထဲမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေခဲ့ရလေရာ အဆက်မပြတ်ကို စိုးရိမ်ပူပန်နေခဲ့ရလေသည်။ ယခုအချိန်တွင်မူ ရန်ကိုင်မှ အရိပ်ကြယ်အား ကြည့်ရှုစောင့်ရှောက်ပေးနေမည် ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ အရိပ်ကြယ်အား ကျူးကျော်လာရဲကြတော့လိမ့်မည်မဟုတ်ချေ။ ဤသည်မှာ လွန်ခဲ့သည့်နှစ်များအတွင်း သူတို့ကြားခဲ့ရသည့်သတင်းများအနက် အကောင်းဆုံးသောသတင်းတစ်ခု ဖြစ်ပေသည်။

လွန်ခဲ့သောတစ်လခန့်က စပေါ်လာပြီးသည့်အချိန်မှစ၍ ရန်ကိုင်၏ပုံရိပ်ကြီးသည် ကောင်းကင်ထက်တွင် အိပ်စက်နေခဲ့လေသည်။ တစ်ခါတစ်ရံ ခြေလက်များကို ဟိုဆန့်ဒီဆန့်လုပ်ရင်း ပုံစံပြောင်းလေ့ရှိပါသော်ငြား ရန်ကိုင်ကမူ အိပ်စက်မြဲ အိပ်စက်နေခဲ့လေသည်။ ရန်ကိုင်အသက်ရှူလိုက်တိုင်း မရေမတွက်နိုင်သော ကြယ်အလင်းစက်များ ကြယ်တာရာကောင်းကင်ထက်မှ ထွက်ပေါ်လာပြီး အရိပ်ကြယ်ဆီသို့ ရောက်ရှိလာကြသည်။ ထို့အတွက်ကြောင့် အရိပ်ကြယ်တစ်ခုလုံးမှာ ကြယ်ရောင်တလက်လက်ကို တောက်ပနေရတော့လေသည်။ လွန်ခဲ့သည့်တစ်လလုံးလုံး အရိပ်ကြယ်ပေါ်၌ ညဆိုသည့်အချိန်ကာလ မရှိခဲ့ပေ။ နေ့ရက်တိုင်းသည် နေ့ခင်းကြောင်တောင်ပမာ လင်းထိန်နေခဲ့လေသည်။

ထိုမျှသာလျှင်မဟုတ်သေး။ လွန်ခဲ့သည့်တစ်လအတောအတွင်း အရိပ်ကြယ်ပေါ်ရှိ ကျင့်ကြံသူပေါင်းများစွာလည်း အကျိုးကျေးဇူးပေါင်းများစွာ ရရှိခဲ့ကြလေသည်။ အရိပ်ကြယ်ပေါ်ရှိ ချောင်ချိုချောင်ကြား နေရာလပ်မကျန်တွင် ရှိနေကြသော ကျင့်ကြံသူပေါင်းများစွာမှာ အဆင့်သစ်များသို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ကြသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သည့်လူများမှာမူ ရန်ကိုင်ယူဆောင်လာပေးခဲ့သည့် အကျိုးကျေးဇူးကို ပို၍ သိသာထင်ရှားစွာ ခံစားကြရလေသည်။ ထိတ်လန့်ဖွယ်ရာအကောင်းဆုံးသတင်းတစ်ရပ်မှာတော့ အရင်က မည်သူမျှမသိခဲ့သော ချီသန့်စင်ခြင်းအဆင့်၌ ရှိနေသည့် ကျင့်ကြံသူတစ်ဦးမှ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ခြောက်သို့ တစ်လအတွင်း ရောက်ရှိသွားခဲ့သည်ဟူသော သတင်းပင်။ ထိုလူငယ်လေးသည် တစ်လအတွင်း အဆင့်ကြီးနှစ်ဆင့်ကို ချိုးဖြတ်သွားခဲ့ခြင်း ဖြစ်ပေသည်။

သာမန်အချိန်မျိုးတွင်သာဆိုပါက မည်သည့်နည်းနှင့်မျှ ထိုကဲ့သို့ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ အလွန်ကိုမှ ပါရမီမြင့်မားသည့် ကျင့်ကြံသူများသည်ပင်လျှင် တစ်လအတွင်း အဆင့်ကြီးနှစ်ဆင့်ကို ချိုးဖြတ်ဝင်ရောက်နိုင်ခြင်းမရှိ။ သို့သော်ငြား ရန်ကိုင်မှ အရိပ်ကြယ်အား အားဖြည့်ပေးနေသည့်ကာလအတောအတွင်း မဖြစ်နိုင်သည့်အရာများမှာ လက်တွေ့ဖြစ်လာခဲ့လေသည်။

အရိပ်ကြယ်ပေါ်ရှိကျင့်ကြံသူများအား စိတ်အလှုပ်ရှားစေရဆုံးသော အဖြစ်အပျက်မှာတော့ တန်ခိုးရှင်တတိယအဆင့်တွင် တစ်ဆို့နေသည့် ကျင့်ကြံသူပေါင်းများစွာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖြတ်သွားနိုင်ခဲ့ခြင်းပင်။ တန်ခိုးရှင်တတိယအဆင့်တွင် တစ်ဆို့နေသည့် ကျင့်ကြံသူတိုင်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖြတ်သွားနိုင်ခဲ့ခြင်း မရှိပါသော်ငြား အတော်များများမှာတော့ ချိုးဖြတ်ဝင်ရောက်နိုင်သွားခဲ့ကြပေသည်။ အနည်းဆုံး လူနှစ်ဆယ်ခန့်လောက် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သွားခဲ့ကြသည်။ ထိုနှစ်ဆယ်ခန့်အနက် လေးဦးမှာ ထက်ကောင်းကင်ဂိုဏ်းမှဖြစ်ပေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ အယောက်နှစ်ဆယ်ဟူသော ပမာဏသည် မည်သည့်ကျင့်ကြံရေးကြယ်အတွက်မဆို အလွန်ကိုမှ များပြားလှသည့် ပမာဏတစ်ရပ်ဖြစ်သည်။ ဤတန်ခိုးရှင်ဘုရင်ကျင့်ကြံသူ အယောက်နှစ်ဆယ်သည်သာ လွန်ခဲ့သောတစ်လခန့်က အရိပ်ကြယ်ပေါ်၌ ရှိနေခဲ့မည်ဆိုလျှင် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးမှ ရောက်လာကြသည့် ကျင့်ကြံသူများကို အစောကြီးတည်းက မောင်းထုတ်ပြီးနေပေလိမ့်မည်။ ယခုကဲ့သို့ အဖွဲ့နှစ်ဖွဲ့ကြားမှစစ်ပွဲသည် ဤမျှ အချိန်ကာလ ကြာညောင်းနေခဲ့လိမ့်မည်မဟုတ်ပေ။

သုံးရက်လောက် မမြင်လိုက်သည်နှင့် လူတစ်ဦးမှာ လုံးဝပြောင်းလဲသွားနိုင်သည်ဟူသော ဆိုရိုးစကားတစ်ခု ရှိပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ထိုဆိုရိုးစကားမှာ အရိပ်ကြယ်ပေါ်ရှိ လူများအတွက် လုံးဝကို မှန်ကန်နေသည်ဟု ပြော၍ရသည်။ အရိပ်ကြယ်ပေါ်ရှိလူတစ်ဦးအား သုံးရက်လောက်မမြင်လိုက်ရုံဖြင့် ထိုသူသည် လူသစ်တစ်ဦးအဖြစ်သို့ လုံးဝကို အသွင်ပြောင်းသွားနိုင်ပေသည်။ အကြောင်းမှာ ထိုလူသည် ယနေ့တွင် ချီသန့်စင်ခြင်းအဆင့်၌ ရှိနေလိမ့်မည်ဖြစ်ပါသော်ငြား နောက်တစ်နေ့တွင် အစစ်အမှန်လမ်းစဉ်အဆင့်သို့ ရောက်နေနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

လက်ရှိအချိန်၌ အဓိကခန်းမရှေ့တွင် လူဆယ်ဦးမက စီတန်းကာ ရပ်၍ ကောင်းကင်ထက်ဆီသို့ လှမ်း၍ကြည့်နေကြသည်။ ထိုလူများမှာ အခြားမဟုတ်။ အရိပ်ကြယ်ပေါ်ရှိ အားအကောင်းဆုံးသောဂိုဏ်းများ၏ ခေါင်းဆောင်များသာ ဖြစ်ကြလေသည်။ ရီရှီယွင်သည် အားလုံး၏အလယ်တွင် ရပ်နေပြီး ကျန်လူများမှာမူ သူ၏ ဘယ်ဘက်နှင့်ညာဘက် အသီးသီးတွင် ရပ်နေကြလေ၏။

“သူ နိုးမလာသေးဘူးလား…” အရိပ်လခန်းမ၏ ခန်းမသခင်ဖြစ်သော ချင်းတုန်သည် ကောင်းကင်ထက်ရှိ ပုံရိပ်ကြီးကို ကြည့်ရင်းမှ မေးလိုက်သည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင် ဤနေရာသို့ ရောက်လာစဉ်က အကြောင်းအရာများကို ပြန်စဉ်းစားမိသွားခဲ့သည်။ ထိုအဖြစ်အပျက်များမှာတော့ သူ့အတွက်မူ မနေ့တစ်နေ့ကအတိုင်းပင်။ ကောင်းကင်ထက်တွင်ရှိနေသောပုံရိပ်ကို ကြည့်ရင်းမှ သူ့စိတ်ထဲ သက်ပြင်းလည်း ချလိုက်မိလေသည်။ ထိုစဉ်က အတော်လေးကိုမှ အားနည်းခဲ့သောကောင်လေးသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဤအတိုင်းအတာထိ အားကောင်းလာလိမ့်မည်ဟု သူ တကယ်ကို မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ အတိတ်အကြောင်းများကို ပြန်တွေးရင်းမှ လက်ရှိအဖြစ်အပျက်များသည် အမှန်တကယ်ကို မယုံကြည်နိုင်စရာကောင်းသလို သူ့စိတ်ထဲ ခံစားလာရလေသည်။

“သူအိပ်နေတာ တစ်လတောင်ရှိသွားပြီ… သူ အဆင်ရောပြေရဲ့လား…” ကြည်လင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ကုကျန်းက စိုးရိမ်နေဟန်ဖြင့် မေးလိုက်သည်။

ကုန်းအောင်ဖုက ပြန်၍ရှင်းပြလိုက်လေသည်။ “သူ အခုလုပ်နေတာက ဒီအရိပ်ကြယ်ကို အားဖြည့်ပေးနေတာပဲ… ဒီတော့ သူအိပ်တာကြာလေ ငါတို့အားလုံးအတွက် ပိုကောင်းလေပဲ… အဲ့တော့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး… ငါကတော့ သူနည်းနည်း ပိုပြီး ကြာကြာလေး အိပ်ပါစေလို့တောင် ဆုတောင်းနေတာ…”

“သူနိုးလာပြီ…” ရီရှီယွင်က ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကိုကြားသော် အကုန်လုံး ကောင်းကင်ပေါ်သို့ လှမ်းကြည့်လိုက်ရာ ဘေးတစ်စောင်းအိပ်စက်နေသောပုံရိပ်ကြီးသည် ရုတ်တရက် ထထိုင်လာကြောင်း တွေ့လိုက်ရလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ပုံရိပ်ကြီးသည် ပါးစပ်ကိုလက်ဖြင့်အုပ်၍ သန်းဝေလိုက်လေသည်။

“ဒီကောင်ကတော့…” ဒေါင်စုကျုမှာမူ ကောင်းကင်ထက်ရှိပုံရိပ်ကြီးကိုကြည့်ရင်း အံကိုကြိတ်ကာ အော်ပြောလိုက်လေသည်။ “ငါကတော့ စိုးရိမ်တကြီးနဲ့ သူ့ကိုလာရှာလိုက်ရတာ… သူကတော့ တစ်လလုံးလုံး လူလုံးထွက်ပြမလာဘဲနဲ့ အေးအေးဆေးဆေးတောင် သွားအိပ်နေလိုက်သေးတယ်… သူ လုံးဝ ငါ့သားမဟုတ်ဘူး…”

ထိုစကားကိုကြားသော် ရန်ရင်ဖုန်းက အထိတ်ထိတ်အလန့်လန့်ဖြင့် “ဒါဆိုရင် သူ့ကို ဘယ်သူ… အား…”

သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ဒေါင်စုကျုသည် ရန်ရင်ဖုန်းအား ထကန်လေသည်။

“နောက်ကျရင် ငါ့ကိုကူပြီးတော့ သူနဲ့စာရင်းရှင်းပေး…” ဒေါင်စုကျုသည် စုယန်ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ…” စုယန်က ခေါင်းညိတ်လိုက်သည်။

“စုယန်လေးက အကောင်းဆုံးပဲ… ဟူး… ငါ သမီးတစ်ယောက်မွေးလိုက်ရမှာ… ငါ့သားက ဘယ်တော့မှ ငါ့ဘေးမှာမရှိဘူး…” ဒေါင်စုကျုသည် ထိုသို့အထွန့်တက်လိုက်ပြီးသည့်နောက် သူမယောက်ျားအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

“ငါနဲ့ဘာဆိုင်လို့လဲ…” ရန်ရင်ဖုန်းက အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်မေးလိုက်လေ၏။ (ငါလည်း ဘာမှလုပ်တာလည်းမဟုတ်ဘူး… နင် ငါ့ကို ခြေထောက်နဲ့လာကန်တာတောင် ငါ ဘာမှပြန်ပြောတာမဟုတ်ဘူး… အခု ငါ့ကို ဘာတွေလာပြီး ထပ်အပြစ်တင်ချင်နေသေးတာလဲ…)

“အကုန်လုံး နင့်ကြောင့်ပဲ…” ဒေါင်စုကျုက အံကြိတ်ကာ ပြောလိုက်လေသည်။

ရန်ရင်ဖုန်းက ပြန်၍ပြောလိုက်လေ၏။ “ဘာ ငါ့ကြောင့်လဲ…”

ဒေါင်စုကျုက ပြန်ပြောလေသည်။ “နင့်ကြောင့်သာမဟုတ်ရင် ငါ အဲ့လိုသားမျိုး မွေးခဲ့မှာမဟုတ်ဘူး… ဒီကောင် အားအားနေ ငါ့ကို အမြဲတမ်းစိတ်ပူအောင်ပဲလုပ်နေတယ်…”

ရန်ရင်ဖုန်း အားတင်း၍ ပြုံးလိုက်လေသည်။ သို့သော်ငြား သူ့အပြုံးမှာ ငိုနေသည့်မျက်နှာထက်ပင် ပို၍ အရုပ်ဆိုးနေခဲ့လေသည်။ ယခုအချိန်တွင် ရန်ရင်ဖုန်း၏စိတ်ထဲ ဤလောကကြီးထဲ၌ တရားမျှတမှု လုံးဝ မရှိတော့သလို ခံစားနေခဲ့ရလေသည်။

စုယန်မှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်လေးကိုလက်ဖြင့်အုပ်၍ တခစ်ခစ်ရယ်သွမ်းသွေးနေခဲ့လေသည်။ ဤသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည့်တိုင် လင်မယားနှစ်ဦး ယခုကဲ့သို့ အပြန်အလှန် ငြင်းခုံနေကြသည်မှာ အတော်လေးကိုမှ ရှားပါးလှပေသည်။

“နင့်ကိုကြည့်ရုံနဲ့တင် ငါ့စိတ်ထဲ ဒေါသက ထွက်လာချင်နေပြီ…” ဒေါင်စုကျုမှာ မည်သည့်နေရာတွင်မှ သူမ၏ဒေါသကို ဖွင့်မထုတ်နိုင်သည့်အတွက်ကြောင့် သူမယောက်ျားကိုသာ ဆူပူပြစ်တင်တော့လေသည်။

ရန်ရင်ဖုန်းသည် ဒေါင်စုကျုနှင့် အကြည့်ချင်းရင်မဆိုင်မိအောင် အကြည့်လွှဲသွားခဲ့လေသည်။ သို့သော်ငြား ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား သူ့မိန်းမဆီသို့ လျှောက်သွားခဲ့ပြီး ဒေါင်စုကျုနားနားသို့ ကပ်ကာ ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးလေးပြောလိုက်လေသည်။

ဒေါင်စုကျု၏မျက်နှာ ရုတ်ချည်း ရဲတက်လာခဲ့ပြီး ရန်ရင်ဖုန်း၏ခါးကို ကောက်လိမ်ဆွဲ၍ ပြောလိုက်လေသည်။ “နင် ဘာတွေလာပြောနေတာလဲ… အသက်ကြီးတာတောင် တဏှာစိတ်က မပျောက်နိုင်သေးဘူးလား…”

“သွားရအောင်…” ရန်ရင်ဖုန်းသည် ဒေါင်စုကျု၏လက်ကို ကိုင်၍ ဆွဲခေါ်သွားလေ၏။

“လွှတ်… ငါ့ကိုမဆွဲနဲ့… လူတွေအများကြီးရှိနေတာ ရှက်ဖို့ကောင်းတယ်…”

ထိုသို့ဖြင့် ရန်ရင်ဖုန်းနှင့် ဒေါင်စုကျုတို့မှာ အပြန်အလှန် အော်ဟစ်ပြောဆိုနေရင်းမှ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

စုယန်မှာလည်း ရှက်သွေးဖြာနေခဲ့လေသည်။ ရန်ရင်ဖုန်းသည် သူပြောသွားသည့်စကားကို မည်သူမျှမကြားနိုင် ဖြစ်နေပါသော်ငြား တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့် စုယန်မှာတော့ သူပြောသည်ကို သေသေချာချာ ကြားလိုက်ရပေသည်။

စုယန်မှာ တမင်တကာ ချောင်းနားထောင်ခြင်းမဟုတ်။ ရန်ရင်ဖုန်းပြောသည်ကို အလိုလိုကြားနေမိခြင်းသာ ဖြစ်လေသည်။

(ငါတို့ ရန်ကိုင်အတွက် ညီမလေးတစ်ယောက် မွေးပေးကြမလား…)

ဤသည်မှာ ရန်ရင်ဖုန်းပြောသွားသည့်စကားသာ ဖြစ်လေသည်။

ကောင်းကင်ထက်တွင်ရှိနေသော ရန်ကိုင်မှာလည်း ယခုမှသာလျှင် အသိပြန်ဝင်လာသည့်အလား။ အချိန်အတန်ကြာအောင် အိပ်စက်နေရာမှ နိုးလာပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေး၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေသည်။

ရန်ကိုင်၏အကြည့်သည် အရိပ်ကြယ်ပေါ်တွင် ဖြစ်ပျက်နေသည့်အရာမှန်သမျှကို ထွင်းဖောက်မြင်နိုင်နေသည့်အလား ထက်ကောင်းကင်ဂိုဏ်းထဲတွင် ဖြစ်နေသည့်အရာများကို မြင်ပြီးသည့်နောက် ရန်ကိုင် ပြုံးသွားခဲ့လေသည်။

လူတိုင်းမှာလည်း ရန်ကိုင်မှ သူတို့အား ပြုံးပြနေသလို ခံစားနေခဲ့ရလေသည်။ အရိပ်ကြယ်ပေါ်ရှိ မည်သည့်နေရာတွင် ရှိနေစေကာမူ ရန်ကိုင်မှ သူတို့အား ပြုံးပြနေသလို လူတိုင်း ခံစားနေကြရသည်။

သို့သော်ငြား ရန်ကိုင်၏မျက်လုံးထဲရှိ ရောင်ပြန်ဟပ်နေသည့်ပုံရိပ်မှာ သူမသာ ဖြစ်ကြောင်းကိုမူ စုယန် သေသေချာချာ သတိထားမိလိုက်လေသည်။

“ဘုန်း” ခနဲမြည်သံနှင့်အတူ ကောင်းကင်ထက်တွင်ရှိနေသော ပုံရိပ်ကြီးသည် အလင်းစက်ကလေးများအသွင်သို့ တစ်စစီပြန့်ကျဲ ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ပုံရိပ်တစ်ခုသည် ထက်ကောင်းကင်ဂိုဏ်းထဲ၌ ပေါ်လာခဲ့လေသည်။ ထက်ကောင်းကင်ဂိုဏ်းထဲ၌ရှိနေသော လူပေါင်းများစွာမှာလည်း ထိုပုံရိပ်ဆီသို့ လှမ်း၍ကြည့်လိုက်ကြသည်။

ထို့နောက်တွင် လူတိုင်းဆီမှ ပြိုင်တူအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “မင်္ဂလာပါ ဂိုဏ်းချုပ်ရန်…”

အလွန်ကိုမှ အားကောင်းရုံသာလျှင်မဟုတ်ဘဲ အရိပ်ကြယ်တစ်ခုလုံးကို သိသိသာသာ ပြောင်းလဲပေးခဲ့သော ဤကဲ့သို့သော ကြယ်သခင်တစ်ပါးနှင့် ရင်ဆိုင်လိုက်ရချိန်တွင်တော့ လူတိုင်းမှာ ထိုလူအပေါ် လေးစားနေရုံသာ တတ်နိုင်ကြတော့လေသည်။

ရန်ကိုင်မှ သူ့လက်ကိုဝှေ့ယမ်း၍ လူအုပ်ကြီးအား သူ့အား ဦးမညွှတ်အောင် တားဆီးထားလိုက်သည်။ ထို့နောက် သူ ရင်းလည်းရင်းနှီး ရင်းနှီးခြင်းလည်းမရှိသည့် မျက်နှာများကိုဝေ့ကြည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “ဒီနေ့က အရိပ်ကြယ်အတွက် ကံကောင်းတဲ့နေ့ပဲ… ပြီးတော့ ဒီလို ပညာရှင်တွေအများကြီး တစ်နေရာတည်းမှာ စုဝေးနေတာကို မြင်ဖို့က မလွယ်ဘူး… ဒါကြောင့် ဒီနေ့ ခင်ဗျားတို့အားလုံးနဲ့အတူ အနည်းဆုံး ခွက်သုံးရာသောက်ပေးမယ်လို့ ကတိပေးတယ်…” ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကိုဝှေ့ယမ်းလျက် “ကဲ… စားသောက်ပွဲကို သွားပြင်ကြပေတော့… အဲ့စားသောက်ပွဲကို သုံးရက်ဆက်တိုက်ကျင်းပမှာနော်… ဘယ်သူမှ မမူးဘဲနဲ့ ဒီကနေပြန်သွားလို့မရဘူး…”

“ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်ရန်…”

ရန်ကိုင်အမိန့်မပေးလျှင်ပင် ထက်ကောင်းကင်ဂိုဏ်းထဲ၌ရှိနေသော လူများမှာမူ ပျော်ပွဲရွှင်ပွဲ ကျင်းပရန်အတွက် ပြင်ဆင်ပြီးသွားခဲ့လေပြီ။ တကယ်တော့ ရန်ကိုင်ပြန်ရောက်လာခြင်းသည် အမှန်တကယ်ကို ပျော်ပွဲရွှင်ပွဲဆင်နွှဲထိုက်သည့် ဂုဏ်ယူစရာအဖြစ်အပျက်တစ်ခုပင် မဟုတ်လေလော။ ထို့အပြင် ယနေ့တွင် သူတို့သည် အရိပ်ကြယ်အား ကျူးကျော်လာသည့် လူများအားလုံးကို ရှင်းပစ်နိုင်ခဲ့သလို အရိပ်ကြယ်သည်လည်း သိသိသာသာကို တိုးတက်ပြောင်းလဲသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ယနေ့မှသာ ပျော်ပွဲရွှင်ပွဲမကျင်းပလျှင် မည်သည့်နေ့၌ ထိုကဲ့သို့သောပွဲမျိုးကို သွားကျင်းပရပါမည်နည်း။

ရန်ကိုင်သည် ထက်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သလို အရိပ်ကြယ်၏ ကြယ်သခင်လည်း ဖြစ်သည့်အလျောက် မည်သူမျှ သူ၏အာဏာကို စိန်ခေါ်နိုင်စွမ်းမရှိပေ။ ထို့အကြောင်းကြောင့်ပင်လျှင် ထက်ကောင်းကင်နန်းတော်ထဲ၌ ပျော်ပွဲရွှင်ပွဲအား ကျင်းပမည့်အကြံအစည်ကို မည်သူမျှ ငြင်းဆန်ခဲ့ခြင်းမရှိပေ။

မကြာမီ ကျယ်ပြန့်လှသည့် မြေကွက်လပ်ကြီးတစ်ခုလုံး စားပွဲခုံများ ထိုင်ခုံများဖြင့် ပြည့်နှက်သွားခဲ့လေသည်။ ထောင်နှင့်ချီသောလူများ ဝင်ဆံ့နိုင်သည့် ဤနေရာကြီးသည် လက်ရှိအချိန်တွင်တော့ လူများဖြင့် ပြည့်နေခဲ့လေပြီ။ ထက်ကောင်းကင်ဂိုဏ်းမှ တပည့်များအပြင် သူတို့၏အကြီးအကဲများနှင့်အတူ ဤနေရာသို့ လိုက်လာကြသော အခြားဂိုဏ်းမှတပည့်များလည်း ရောက်ရှိနေကြလေသည်။

ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များနှင့် အားကောင်းလှသော ကျင့်ကြံသူများမှာမူ အဓိကခန်းမထဲတွင် ထိုင်နေကြလေသည်။

အမျိုးစုံသော စားသောက်ဖွယ်ရာဟင်းမျိုးစုံတို့သည် စားပွဲပေါ်၌ အစီအရီ ရှိနေကြလေသည်။ ဝိုင်နံ့တို့မှာလည်း ခန်းမတစ်လုံးအနှံ့ သင်းနေခဲ့လေ၏။ ယနေ့အချိန်အခါသည် အရိပ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများအတွက်မူ အလွန်တရာကိုမှ ပျော်ရွှင်ဖွယ်ရာကောင်းသည့် အခိုက်အတန့်တစ်ခု ဖြစ်ပေသည်။

All Chapters