← Chapters

အခန်း (၃၁၃၁-၃၁၃၅)

Vol. 136 Ch. 3131-3135

အခန်း (၃၁၃၁-၃၁၃၅)

Vol. 136 Ch. 3131-3135

အပိုင်း (၃၁၃၁)

ဘာသာပြန်သူ_တိမ်တိုက်

တောင်စိမ်းကြယ်သည် ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ထိပ်တန်းကြယ်များအနက် တစ်လုံးအပါအဝင်မဟုတ်သလို ထိပ်တန်းအင်အားစုကြီးများ၏ ပင်မကြယ်လည်း မဟုတ်ပါသော်ငြား အတော်လေးကိုမှ နာမည်ကျော်ကြားသည့် ကြယ်တစ်လုံးဖြစ်ပေသည်။

ထိုသို့ဖြစ်ရသည့်အကြောင်းအရင်း နှစ်ချက်ရှိ၏။ ပထမတစ်ချက်မှာ တောင်စိမ်းကြယ်၌ နှစ်တစ်ရာကြာတိုင်း တစ်ခါပွင့်သည့် သွေးအကျဉ်းထောင်ဟူသော တားမြစ်နေရာတစ်ခု ရှိနေသည့် အတွက်ကြောင့်ပင်။ တန်ခိုးရှင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများသည် သွေးအကျဉ်းထောင်စမ်းသပ်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ကြပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်မည့် လျှို့ဝှက်ချက်များနှင့် အခွင့်အလမ်းများအပြင် အခြားသောအကျိုးကျေးဇူးများကို ရရှိနိုင်ပေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း သွေးအကျဉ်းထောင်စမ်းသပ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ဖူးပြီး တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများအား ချီစွမ်းအင်ကိုသိပ်သည်းစေနိုင်ကာ နယ်ပယ်ကိုဖွဲ့စည်းစေနိုင်အောင် ကူညီပေးနိုင်သော နယ်ပယ်ကျောက်တုံးများစွာကို ရရှိခဲ့လေသည်။ ရန်ကိုင်သည် ထိုနယ်ပယ်ကျောက်တုံးများ၏ အကူအညီဖြင့်ပင်လျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်လေ၏။

သွေးအကျဉ်းထောင် မည်ကဲ့သို့ဖြစ်ပေါ်လာသလဲဆိုသည်ကိုတော့ မည်သူမျှ သေချာမသိကြပါသော်ငြား ၎င်းတည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း တစ်သောင်းကျော်မက ကြာနေခဲ့လေပြီ။ သွေးအကျဉ်းထောင် ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုသည်ကိုမူ လူပေါင်းများစွာက အမျိုးမျိုး ငြင်းခုံကြလေသည်။ ပြောကြသည်မှာတော့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူပေါင်းများစွာ တိုက်ပွဲဖြစ်ကြပြီး အသက်ဆုံးရှုံးခဲ့ကြရသည်။ ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ သိုင်းတာအိုအဆီအနှစ်နှင့် ဉာဏ်အလင်းတို့မှာ မြေပြင်တစ်ဝိုက် ပြန့်ကျဲထွက်သွားခဲ့ပြီး မြေကြီးထဲသို့ စိမ့်ဝင်သွားကုန်ကြလေ၏။ ထိုမှတစ်ဆင့် အမျိုးမျိုးသောတိုက်ဆိုင်မှုများမှ ယခုကဲ့သို့ သွေးအကျဉ်းထောင် ဖြစ်ပေါ်လာခဲ့ရပြီး နယ်ပယ်ကျောက်တုံးများလည်း ထွက်ပေါ်လာခဲ့ရလေသည် ဟူ၍ပင်။

တောင်စိမ်းကြယ် ကျော်ကြားရသည့်‌ နောက်တစ်ချက်မှာတော့ လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က အဖြစ်အပျက်တစ်ခုကြောင့် ဖြစ်ပေသည်။

နောက်ဆုံးသွေးအကျဉ်းထောင်စမ်းသပ်ပွဲ ပြီးသွားသည့်နောက် တောင်စိမ်းကြယ်၏ ကြယ်သခင်ဖြစ်သော လော့ဟိုင် ရုတ်တရက် သေဆုံးသွားခဲ့လေသည်။ ထိုအဖြစ်အပျက်သည် ကြယ်စီရင်စုကြီးတစ်ခုလုံးကို ဂယက်ရိုက်သွားစေခဲ့လေ၏။

လော့ဟိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါသော်ငြား သူသည် ထိုစဉ်က ထိုကျင့်ကြံခြင်းအဆင့်လေးဖြင့် ကြယ်သခင်တစ်ပါးဖြစ်လာခဲ့သည့် တစ်ဦးတည်းသောပညာရှင်ဖြစ်ပေသည်။ သူ့ပါရမီအရည်အချင်းမှာ မေးခွန်းထုတ်စရာမလိုပေ။ သူရရှိထားသည့် ကြယ်အမြုတေနှင့်ပါ ပေါင်းလိုက်သော် လော့ဟိုင်သည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ကျိန်းသေဖြစ်လာမည့်သူတစ်ဦး ဖြစ်ပေသည်။

သို့သော်ငြား ထိုကဲ့သို့သော အလားအလာကြီးမားလှသည့် ကြယ်တစ်ပွင့်မှာ ရုတ်တရက်ဆိုသလို ကြွေကျသွားခဲ့ရသည်။ သွေးအကျဉ်းထောင်စမ်းသပ်ပွဲ ပြီးသွားသည့်နောက်ပိုင်းတွင် လော့ဟိုင် ဘာကြောင့်သေသွားရသလဲဆိုသည်ကို မည်သူမျှမသိကြပေ။ ထိုစဉ်က လူအများထင်ခဲ့သည်မှာတော့ လော့ဟိုင်သည် လူလုံးထွက်မပြသည်မှာကြာပြီဖြစ်သော ရှေးဟောင်းပညာရှင်တစ်ပါးပါးကို သွားရန်စမိပြီး အသတ်ခံလိုက်ရသည်ဟူ၍ပင်။

လော့ဟိုင်သည် အတော်လေးကိုမှ အားကောင်းလှသည့် ကြယ်သခင်တစ်ပါး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ထိုကဲ့သို့သောမွန်းစတားအိုကြီးများမှလွဲ၍ မည်သူမျှ သူ့အား မသတ်နိုင်ကြပေ။

ထိုသို့ပင်ဖြစ်လင့်ကစား ဆယ်နှစ်ကျော်ခန့် ကြာသွားပြီးသည့်နောက် ထိုကိစ္စနှင့်ပတ်သက်သည့် အမှန်တရားမှာ ထွက်ပေါ်လာခဲ့ရသည်။ လော့ဟိုင်ကိုသတ်သွားသည့်လူမှာ မည်သည့်မွန်းစတားအိုကြီးမှမဟုတ်ဘဲ အရိပ်ကြယ်၏ ကြယ်သခင်ဖြစ်သော ရန်ကိုင်သာလျှင် ဖြစ်သည်ဟူသောအချက်ပင်။

ထိုသတင်းသည် လှိုင်းနီကြယ်ပေါ်ရှိ ရေခဲနှလုံးသားတောင်ကြားဆီမှ လာခြင်း ဖြစ်လေသည်။ မည်သူ ထိုသတင်းအား ဖြန့်လိုက်သလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား ထိုသတင်းမှာ အမှန်တကယ်ကို ယုံရပေသည်။ အကြောင်းမှာ လှိုင်းနီကြယ်သည် လော့ဟိုင်သေသွားသည့်နေရာဖြစ်သလို ရေခဲနှလုံးသားတောင်ကြားမှ တပည့်ပေါင်းများစွာမှလည်း လော့ဟိုင်သေသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည့်အတွက်ကြောင့်ပင်။

ထိုသတင်းပျံ့နှံ့လာချိန်တွင် ရန်ကိုင်သည် ကြယ်တာရာအစုအဝေးဆီသို့ ထွက်သွားပြီးနေလေပြီ။ ထို့အတွက်ကြောင့် သတင်းမှာ ထွက်လာခဲ့ပါသော်ငြား ကြယ်စီရင်စုကြီးထဲ ဂယက်ရိုက်သွားခြင်းတော့မရှိပေ။ လော့ဟိုင်တွင် မိတ်ဆွေပေါင်းများစွာ ရှိပါသော်ငြား မည်သူမျှ အရိပ်ကြယ်သို့သွားကာ သူ့အစား လက်စားချေမပေးခဲ့ကြပေ။ ထို့အပြင် ရန်ကိုင်သည် ကြယ်စီရင်စုကြီးထဲမှ ထွက်သွားပြီဖြစ်လေရာ သူတို့အနေဖြင့် အရိပ်ကြယ်သို့ သွားမည်ဆိုလျှင်ပင် တရားခံကို ရှာမတွေ့နိုင်တော့။ ထိုအကြောင်းကြောင့်ပင်လျှင် အချိန်တဖြည်းဖြည်းကြာသွားသည့်နောက် ထိုသတင်းမှာလည်း တဖြည်းဖြည်း စုန်းစုန်းမြုပ်သွားခဲ့တော့လေ၏။

သို့သော်ငြား ကြယ်သခင်တစ်ပါးသေသွားသည့်ကိစ္စမှာတော့ အလွန်ကိုမှ ထိတ်လန့်ဖွယ်ရာကောင်းသည့် သတင်းတစ်ရပ် ဖြစ်နေဆဲ။ ဟုန်းလော့ကြယ်စီရင်စုကြီးတစ်ခုလုံးတွင် လော့ဟိုင်သည် တစ်စုံတစ်ဦးနှင့် ပြဿနာဖြစ်ရာမှ ပထမဦးဆုံး အသတ်ခံလိုက်ရသည့် ကြယ်သခင်တစ်ပါး ဖြစ်ပေသည်။ ထိုကဲ့သို့သောအဖြစ်အပျက်မျိုး နောက်တစ်ကြိမ်ထပ်မဖြစ်နိုင်ပါသော်ငြား လော့ဟိုင်ကမူ သမိုင်းဝင်ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ပြသွားခဲ့သည်။

ရင်းနှီးနေသည့်ကြယ်ကြီးကိုကြည့်ရင်း ရန်ကိုင်၏ခေါင်းထဲ အတိတ်မှအမှတ်တရများ အစီအရီ ထွက်ပေါ်လာတော့လေသည်။ ဤသည်မှာ ရန်ကိုင်အဖို့ တောင်စိမ်းကြယ်သို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းမဟုတ်။ သေသေချာချာ ရေတွက်ကြည့်လိုက်မည်ဆိုလျှင် ယခုအကြိမ်သည် သုံးကြိမ်မြောက်ဖြစ်ပေသည်။

ပထမဦးဆုံးအကြိမ်ရောက်လာစဉ်က သွေးအကျဉ်းထောင်စမ်းသပ်ပွဲတွင် လာရောက်ဆင်နွှဲခြင်း ဖြစ်လေသည်။ ထို့နောက်တွင် တောင်စိမ်းကြယ်၏ ကြယ်သခင်ဖြစ်သော လော့ဟိုင်၏ အမဲလိုက်ခြင်းခံရပြီး ကြယ်စီရင်စုကြီးထဲ နှစ်ဝက်ခန့်ကြာအောင် ထွက်ပြေးခဲ့ရသည်။ နောက်ဆုံးတွင်တော့ လှိုင်းနီကြယ်သို့ရောက်ပြီး ထိုနေရာတွင် လော့ဟိုင်အား သတ်ပစ်နိုင်ခဲ့သည်။ ထွက်ပြေးနေစဉ်အတောအတွင်း ရန်ကိုင်မှ လောကဓာတ်လုံးထဲ အကြိမ်ပေါင်းများစွာ ဝင်ပုန်းနေခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက လော့ဟိုင်၏လက်ချက်ကြောင့် ရန်ကိုင်လည်း ဘဝတစ်ပါးသို့ ကူးပြောင်းနေရလောက်ပေပြီ။

ထိုအဖြစ်အပျက်သည် ရန်ကိုင်၏အသက် သေမင်းနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ခဲ့ရသည့် အဖြစ်အပျက်တစ်ခု ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ထိုအဖြစ်အပျက်ကို ဘယ်တော့မှ မေ့နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား ထိုအကြောင်းကို သူ့ခေါင်းထဲမှ ဖယ်ထုတ်ထားလိုက်သည်မှာတော့ အတော်လေးကို ကြာနေခဲ့လေပြီ။

မည်သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်အနေဖြင့် သေသွားသည့်လော့ဟိုင်ကိုတော့ ကျေးဇူးတင်ရပေလိမ့်ဦးမည်။ လော့ဟိုင် သူ့နောက်သို့ တောက်လျှောက်လိုက်နေခဲ့သည့်အတွက်ကြောင့်သာ ရန်ကိုင်လည်း လှိုင်းနီကြယ်သို့ အမှတ်မထင်ရောက်သွားခဲ့ပြီး ထိုနေရာတွင်ပင် စုယန်နှင့် ပြန်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။

ထိုအကြောင်းများကိုတွေးရင်းမှ ရန်ကိုင်သည် တပြုံးပြုံးနှင့် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် တောင်စိမ်းကြယ်ဆီသို့ ဦးတည်သွားလေသည်။

ရန်ကိုင်သွားလိုသည့်နေရာမှာတော့ မွန်းစတားဧကရာဇ်ကြယ်ဖြစ်ပေသည်။ ဖြစ်သာဖြစ်နိုင်လျှင်တော့ မွန်းစတားဧကရာဇ်ကြယ်သို့သာ တိုက်ရိုက်သွားချင်မိပေသည်။ ထိုနေရာသည် မွန်းစတားမျိုးနွယ်စုများမှ ကြီးစိုးပြီး လူသားနှင့် အခြားသောမျိုးနွယ်စုဝင်များသည် ဒုတိယတန်းစားသက်ရှိများအဖြစ် သတ်မှတ်ထားခံရသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ ရှန်ချင်းလော့သည် လက်ရှိအချိန်၌ ထိုနေရာတွင်ရှိနေပြီး ရန်ကိုင်၏မိန်းမများ ကာကွယ်နေသည့်ကြယ်များအနက် ထိုကြယ်သည် အရိပ်ကြယ်နှင့် အနီးဆုံးကြယ်တစ်လုံးလည်း ဖြစ်ပေသည်။

ရန်ကိုင် ယခင်က ခင်းကျင်းထားခဲ့သော ဟင်းလင်းပြင်အစီအရင်သာ မဖျက်ဆီးခံလိုက်ရလျှင် ရန်ကိုင်အနေဖြင့် မွန်းစတားဧကရာဇ်ကြယ်သို့ တိုက်ရိုက်တန်းသွားနိုင်ပေသည်။ သို့သော်ငြား မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ ဟင်းလင်းပြင်အစီအရင်မှာ အသက်မဝင်တော့။ ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း ရွေးစရာမရှိတော့ဘဲ ဤနေရာသို့ လာခဲ့ရခြင်း ဖြစ်လေသည်။

တောင်စိမ်းကြယ်ဆီသို့ လာခဲ့ရခြင်းမှာတော့ တောင်စိမ်းကြယ်ပေါ်ရှိ သွေးအကျဉ်းထောင်ထဲတွင် မွန်းစတားဧကရာဇ်ကြယ်ဆီသို့ ဆက်သွယ်ထားသော ဆက်သွယ်ထားသော လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေသည့်အတွက်ကြောင့်ပင်။ နောက်ဆုံးသွေးအကျဉ်းထောင်စမ်းသပ်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ရှန်ချင်းလော့နှင့် သူမ၏ဂျူနီယာများသည် ထိုလျှို့ဝှက်လမ်းကြောင်းကိုသုံး၍ မည်သူမျှမသိအောင် တောင်စိမ်းကြယ်ဆီသို့ လာခဲ့လေသည်။ ထိုလမ်းကြောင်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ရန်ကိုင် အသေအချာ မသိပါသော်ငြား လက်ရှိသူ့ကျင့်ကြံခြင်းအရ သွေးအကျဉ်းထောင်ထဲသို့သာ ဝင်သွားလိုက်မည်ဆိုလျှင် ထိုလျှို့ဝှက်လမ်းကြောင်းကို အလွယ်တကူရှာနိုင်ပေလိမ့်မည်။

ကြယ်ပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင် မျက်မှောင်ကျုံ့သွားမိလေ၏။ အကြောင်းမှာ ကြယ်သည် သူမြင်ခဲ့ဖူးစဉ်ကပုံစံနှင့် လုံးဝကို ကွဲပြားနေသည့်အတွက်ကြောင့်ပင်။ လက်ရှိအချိန်တွင် ကြယ်တစ်ခုလုံး သေခြင်းချီတို့ဖြင့် ပြည့်နေခဲ့ပြီး မြင်မြင်ရာအရပ်တိုင်းကို ဝါကျင့်ကျင့်အရောင်အဝါများမှ လွှမ်းခြုံထားခဲ့လေသည်။

ဤကဲ့သို့ဖြစ်ရခြင်းမှာ တောင်စိမ်းကြယ်၏ကြယ်သခင် သေသွားသည့်ကိစ္စနှင့် ပတ်သက်နေပါသော်ငြား သခင်သေသွားသည့်ကိစ္စသည် အဓိကအကြောင်းအရင်းတော့မဟုတ်ပေ။ တောင်စိမ်းကြယ်၏ ကြယ်သခင်လော့ဟိုင်သေသွားသည်မှာ နှစ်ပေါင်းများစွာရှိသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း ကြယ်အမြုတေစွမ်းအင်အားလုံးမှာ တောင်စိမ်းကြယ်ဆီသို့ ပြန်ရောက်လာကုန်ကြလေသည်။ ကြယ်သခင်သေသွားသည့်အတွက်ကြောင့် တောင်စိမ်းကြယ်မှာ အနည်းငယ်ထိခိုက်သွားခဲ့ရပါသော်ငြား ကြယ်တစ်ခုလုံးအား ဤကဲ့သို့ ဖြစ်သွားစေလောက်သည်အထိတော့ ထိခိုက်စေခြင်းမရှိပေ။

တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ မည်ကဲ့သို့လုပ်ခဲ့သလဲဆိုသည်ကို ထက်ကောင်းကင်နန်းတော်မှလူများ ပြောပြခဲ့သည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်သော် တောင်စိမ်းကြယ် ယခုကဲ့သို့ ပြောင်းလဲသွားရခြင်းမှာ ထိုလူများနှင့် ပတ်သက်နေရလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိသွားလေ၏။

ကျင့်ကြံရေးကြယ်တစ်ခုလုံးမှာတော့ လုံးဝကို ကျရှုံးသွားပြီဟု ပြော၍ရပေသည်။ ကြယ်သခင်လည်းမရှိသလို အားကောင်းသည့်ကျင့်ကြံသူများလည်း မရှိတော့သည့်အတွက်ကြောင့် တောင်စိမ်းကြယ်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ ကျူးကျော်မှုကို ခုခံနိုင်ခြင်း မရှိတော့ချေ။

မကြာမီတွင် ရန်ကိုင်သည် မြို့တစ်မြို့ဆီသို့ ရောက်လာခဲ့လေသည်။ ကောင်းကင်ထက်တွင် ဝဲနေရင်းမှ အောက်ဘက်ရှိ မြို့အား ငုံ့ကြည့်လိုက်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

သွေးအကျဉ်းထောင် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို သွားမေးကြည့်ချင်ပါသော်ငြား သေချာအနီးကပ်ကြည့်ကြည့်လိုက်ပြီးသည့်နောက်တွင် မြို့ထဲ၌ အသက်ရှင်ကျန်ရစ်သည့်လူ များများစားစားမရှိတော့ကြောင်း တွေ့လိုက်ရလေသည်။ မြို့တစ်ခုလုံးသည် မည်သူ့ကိုမဆို အော့အန်ချင်စိတ် ပေါက်သွားစေနိုင်လောက်သည့် သွေးနံ့တို့ဖြင့် ပြည့်နှက်နေ၏။ ရှင်းရှင်းပြောရသော် ဤမြို့တစ်ခုလုံးမှာ ပျက်စီးနေခဲ့လေပြီ။

ပုံမှန်အားဖြင့် လူတစ်သန်းလောက် အလွယ်လေးဝင်ဆံ့သည့် မြို့ကြီးတစ်မြို့သည် လက်ရှိအချိန်တွင်တော့ ခြောက်ခြားဖွယ်ရာကောင်းစွာ လူသူကျဲပါးနေခဲ့လေသည်။ သိပ်သည်းလှသည့် အလောင်းချီတို့မှာလည်း မြို့တစ်ခုလုံးအား တိမ်စိုက်တိမ်တိုက်များသဖွယ် လွှမ်းခြုံထားခဲ့လေသည်။

ထပ်မံစစ်ဆေးကြည့်လိုက်သည့်နောက် မြို့လယ်ခေါင်တွင် သွေးကန်ကြီးတစ်ကန် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ သွေးကန်ထဲဝယ် မရေမတွက်နိုင်သော ခြေပြတ်လက်ပြတ်များ၊ တစ္ဆေမျက်နှာနှင့် ဆင်တူသည့် အရာများ မျောနေကြလေသည်။ တစ်ချိန်တည်းတွင်လည်း ခြောက်ခြားဖွယ်ရာကောင်းသည့် မြည်ကြွေးသံတို့မှ သွေးကန်ထဲဆီမှ ထွက်ပေါ်လာနေခဲ့လေသည်။

မြို့တစ်ခုလုံးမှာ အလောင်းများဖြင့် ပြည့်နေလေ၏။ ထိုအလောင်းများ ဤနေရာတွင် အိပ်စက်လှဲလျောင်းနေခဲ့သည်မှာ မည်မျှပင်ကြာပြီဖြစ်သလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား အလောင်းအားလုံးမှာတော့ ပုပ်သိုးနေကုန်ကြလေပြီ။

သွေးကန်ဘေးနားတွင် စီတန်းရပ်နေကြသော ကျင့်ကြံသူများ ရှိနေကြလေသည်။ ထိုကျင့်ကြံသူအတန်းလိုက်ကြီးကို အခြားသောကျင့်ကြံသူတစ်အုပ်မှ ရှေ့သို့ တွန်းပို့နေခြင်း ဖြစ်လေသည်။ ထိုတန်းစီထားခံရသည့်ကျင့်ကြံသူများအား ရက်ရက်စက်စက်သတ်ပစ်ပြီးသည့်နောက်တွင် သွေးကန်ထဲသို့ တွန်းချလေသည်။ တောင်းပန်တိုးလျှိုးသံများ၊ အော်ဟစ်သံများ၊ ဆူပူဆဲဆိုသံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

ဤနေရာတစ်ခုလုံးသည် ရှင်းရှင်းပြောရသော် ငရဲခန်းတစ်ခုသာ ဖြစ်တော့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏မျက်နှာကြီး သုန်မှုန်သွားတော့လေသည်။

ရန်ကိုင်ဘဝတွင် လူမသတ်ဖူးသည်မဟုတ် သတ်ဖူးပေသည်။ သူသတ်ခဲ့သည့်လူများမှာလည်း နည်းလှသည်မဟုတ်။ သို့သော်ငြား ယခုကဲ့သို့သောမြင်ကွင်းမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ယခုမှသာလျှင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှကျင့်ကြံသူများ မည်မျှရက်စက်ကြမ်းကြုတ်ကြောင်းကိုလည်း ရန်ကိုင်သိသွားရတော့သည်။

(ဒီတစ်စပြင်ကန္တာရကြယ်စီရင်စုကကောင်တွေ ဘာလုပ်ချင်နေတာလဲ… သူတို့လူသတ်ရတာဘယ်လောက်ကြိုက်ကြောင်း သူတို့ဘယ်လောက်အားကောင်းကြောင်းကို ပြချင်လို့ ဟုန်းလော့ကြယ်စီရင်စုကြီးကို ကျူးကျော်လာတာလား…)

ထို့နောက်တွင် ထိုသွေးကန်ကြီးကို အစီအရင်တစ်ခုမှ ဝန်းရံထားကြောင်း ရန်ကိုင် သတိထားမိသွားခဲ့သည်။ ထိုနေရာတွင် ထူးဆန်းသည့် ယဇ်ပုလ္လင်နှင့်ဆင်တူသည့် စင်မြင့်တစ်ခုလည်း ရှိနေခဲ့လေသည်။

ထိုအရာများကို မြင်ပြီးသည့်နောက် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် တစ်စုံတစ်ခုအား သန့်စင်ရန် ကြိုးစားနေကြောင်း ရန်ကိုင်သဘောပေါက်သွားရတော့သည်။ သွေးကန်ထဲသို့ တွန်းချခံနေရသည့်လူများမှာတော့ ဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသော ဆေးအမယ်ကဲ့သို့သောအရာများသာ ဖြစ်ကြလေသည်။

“ဘယ်သူလဲ…” တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် ပတ်ဝန်းကျင်ကို သေချာအာရုံစိုက်ထားခြင်းမရှိကြပါသော်ငြား ရန်ကိုင်သည် မြို့ပေါ်တွင် ဝဲ၍ သူတို့အား အတန်ကြာအောင် စိုက်ကြည့်နေလေရာ ထိုလူများ ရန်ကိုင်အား သတိမထားမိစရာအကြောင်းတော့မရှိပေ။ ထို့အပြင် ရန်ကိုင်သည် သူ့အရှိန်အဝါကိုဖုံးကွယ်ထားရန် လုံးဝမကြိုးစားခဲ့။ ထိုအကြောင်းကြောင့်ပင်လျှင် တစ်ဖက်အဖွဲ့သားများ သူ့အား သတိထားမိသွားခဲ့ပြီး တစ်စုံတစ်ဦးသည် ရန်ကိုင်ဘက်သို့လှည့်၍ ချက်ချင်း လှမ်းအော်လာခဲ့သည်။

ထိုနေရာတစ်ခုလုံးကို တစ်ချက်လောက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်သည် မျက်တောင်တစ်ခတ်အတွင်း သွေးကန်ဘေးနား၌ ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက် သူ့အား လှမ်းအော်ပြောလိုက်သည့်လူ၏ ခေါင်းကို အသာအယာပုတ်လိုက်လေသည်။ ချက်ချင်းဆိုသလို ထိုလူတစ်ကိုယ်လုံး ပျော့ခွေသွားခဲ့ပြီး သွေးကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

ထိုလူ သွေးကန်ထဲသို့ ပြုတ်ကျသွားသည်နှင့်တစ်ပြိုင်နက် မြည်သံပေါင်းများစွာ သွေးကန်ထဲမှ ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်လက်များသည် ထိုလူအား သွေးကန်ထဲသို့ တစ်ခါတည်း ဆွဲချသွားခဲ့လေသည်။ မကြာမီတွင် ထိုလူသည် အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း အခြားလူများ ပျာယာခတ်ကုန်ကြလေသည်။ ရန်ကိုင်သည် စကားတစ်ခွန်းမှမပြောဘဲ ချက်ချင်း လူထသတ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ အသိပြန်ဝင်လာချိန်တွင်တော့ အကုန်လုံးမှာ ရန်ကိုင်ဆီသို့ ပြေးဝင်လာကြလေ၏။

“သတိထား…” လူအချို့က ထအော်လေသည်။ ထိုလူများသည် ကျင့်ကြံခြင်းချိတ်ပိတ်ထားခံရပြီး ဤနေရာသို့ ခေါ်ဆောင်လာခြင်းခံရသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ရှင်းရှင်းပြောရသော် ထိုလူများမှာ အဖမ်းခံထားရသော တောင်စိမ်းကြယ်၏ ဒေသခံများ ဖြစ်ကြပေသည်။ ယခုကဲ့သို့သော မျှော်လင့်ချက်မဲ့နေသည့်အချိန်မျိုးတွင် လူတစ်ဦးပေါ်လာပြီး သူတို့အား လာရောက်ကယ်တင်လေရာ ထိုလူများအနေဖြင့် သူတို့အား လာရောက်ကယ်တင်သည့်လူ ဒုက္ခရောက်သွားမည်ကို မမြင်လိုကြပေ။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်အား အလျင်စလို လှမ်းအော်ဟစ်သတိပေးလိုက်ခြင်းပင် ဖြစ်လေသည်။

ရန်ကိုင်သည်လည်း မရေမတွက်နိုင်အောင် များပြားလှသော ပုံရိပ်ယောင်အရိပ်များအသွင်သို့ ပြောင်း၍ သွေးကန်ပတ်ပတ်လည်ကို ဝိုင်းကြီးပတ်ပတ် လမ်းလျှောက်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ ရပ်နေရာမှ ခြေတစ်ဖဝါးပင်မခွာသည့်အလား သူမူလရပ်နေသည့်နေရာတွင် ပြန်လာရပ်နေလေ၏။

သို့သော်ငြား ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားနေကြသော တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအားလုံးမှာတော့ ကျောက်ရုပ်များဖြစ်သွားကုန်ကြသည့်အလား ရပ်နေသည့်နေရာတွင်သာ တောင့်တောင့်ကြီးဖြစ်နေကြလေသည်။ ထို့နောက်တွင် အလောင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသည့်အသံများ အစီအရီ ထွက်ပေါ်လာခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း တောင်စိမ်းကြယ်မှကျင့်ကြံသူများမှာတော့ မင်သက်နေကုန်ကြလေသည်။ ထို့နောက် အကုန်လုံး သက်ပြင်းရှိုက်လိုက်ကြလေ၏။

တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာ အားနည်းသူများမဟုတ်ကြပေ။ ထိုလူများထဲ တန်ခိုးရှင်အဆင့်ကျင့်ကြံသူ ဆယ်ဦးကျော်မက ရှိနေခဲ့ပြီး ကျန်လူအားလုံးမှာတော့ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော်ငြား ထိုလူအားလုံးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်၏သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

ကိုယ်တိုင်သာမမြင်လိုက်ရလျှင် လုံးဝကို ယုံနိုင်လိမ့်မည်မဟုတ်ချေ။ ယခု ထိုလူအားလုံးမှာ ရန်ကိုင်အား နတ်ဘုရားတစ်ပါးကို ကြည့်နေသည့်အကြည့်မျိုးဖြင့် ကြည့်လာကြလေသည်။ ထိုသို့ကြည့်နေရင်းမှ သေဘေးမှလွတ်မြောက်လာပြီမှန်းသိလိုက်သော် အကုန်လုံးမှာ ဝမ်းသာအားရဖြင့် ထအော်ကုန်ကြလေသည်။

ရန်ကိုင်သည် လူအုပ်ကြီးအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် အဆုံးတွင် သူ့အကြည့်သည် မျက်နှာနီနီနှင့်လူကြီးဆီတွင် ရပ်သွားခဲ့လေသည်။ ထိုလူသည် လူအုပ်ကြီးထဲရှိ အားအကောင်းဆုံးသော ကျင့်ကြံသူတစ်ဦးဖြစ်ကာ တန်ခိုးရှင်တတိယအဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလေ၏။ ထိုသို့ပင်ဖြစ်လင့်ကစား သူကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခံရသည့်အတွက်ကြောင့် သူ၏သူတော်စင်ချီအား လှည့်ပတ်နိုင်ခြင်းမရှိပေ။

ထိုမျက်နှာနီနီနှင့်လူသည် ရန်ကိုင်အား ချက်ချင်းပဲ လက်သီး၍ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ စီနီယာ… ကျုပ်နာမည်က ဖုန်းရှီကျုန်းပါ…”

ရန်ကိုင်က သူ့လက်ကိုမြှောက်၍ ပြန်ပြောလိုက်သည်။ “သူတို့ကိုအရင်ခေါ်သွားလိုက်… ကျုပ် ခင်ဗျားကို မေးစရာတစ်ခုရှိတယ်…”

ထို့နောက်တွင် ရန်ကိုင်သည် မြို့၏အခြားတစ်ဖက်ခြင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထိုအရပ်ဆီမှ တန်ခိုးရှင်ဘုရင်အဆင့်အရှိန်အဝါနှစ်ရပ် ဖြာထွက်နေသည်ကို ရန်ကိုင်ခံစားမိလိုက်သည်။ ထိုပညာရှင်နှစ်ဦးမှာလည်း ရန်ကိုင်လုပ်ရပ်ကြောင့် နိုးနိုးကြားကြား ဖြစ်သွားကြသည့်ပုံပင်။ ထိုလူနှစ်ဦးအနက် တစ်ဦးမှာ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကျင့်ကြံသူဖြစ်ပြီး ကျန်တစ်ဦးမှာတော့ ပထမအဆင့်ဖြစ်ပေသည်။

ထိုအရှိန်အဝါနှစ်ရပ်ပေါ်လာချိန်တွင် ဖုန်းရှီကျုန်းနှင့် အခြားသူများ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြကုန်လေသည်။ ဖုန်းရှီကျုန်းတို့အဖွဲ့မှာ စုစုပေါင်း သုံးရာခန့်ရှိပြီး သူတို့၏ကျင့်ကြံခြင်းမှာတော့ တူညီခြင်းမရှိကြပေ။ ထို့နည်းတူစွာပင် သူတို့ ဝတ်ထားသည့် အဝတ်အစားများမှာလည်း ကွဲပြားနေကြလေရာ သူတို့ လာသည့် ဂိုဏ်းများမှာ မတူကြကြောင်း ညွှန်ပြနေလေသည်။ သို့တိုင် လက်ရှိအချိန်တွင်တော့ အကုန်လုံးမှာ ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြလေသည်။

“ငါ့အစီအစဉ်ကို လာဖျက်ဆီးရဲတယ်လား… ထွက်သွားဖို့မစဉ်စားနဲ့တော့…” ထိုအသံနှင့်အတူ မြို့၏ အခြားတစ်ဖက်ခြမ်းဆီမှ လူနှစ်ဦး ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ လျှပ်စီးတမျှအမြန်နှုန်းဖြင့် ပြေးဝင်လာခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၃၂)

ဘာသာပြန်သူ_တိမ်တိုက်

ထိုလူနှစ်ဦးသည် မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်ဆီသို့ ရောက်လာကြသည်။ ထိုနှစ်ဦးမှာ အမျိုးသားနှင့် အမျိုးသမီးတို့ ဖြစ်ကြလေသည်။

နှစ်ဦးစလုံးမှာ အသက်အတော်လေး ကြီးနေခဲ့လေပြီ။ တစ်ဦးသည် တစ်ခေါင်းလုံး ဖြူဖွေးနေသည့် လူအိုကြီးဖြစ်ပြီး ကျန်တစ်ဦးမှာတော့ မျက်နှာပါးရေ တွန့်နေသည့် အဘွားအိုကြီးတစ်ဦး ဖြစ်ပေသည်။ သူတို့နှစ်ဦးအကြား တူညီသည့် အချက်မှာတော့ နှစ်ဦးစလုံးသည် သိပ်သည်းလှသည့် အလောင်းချီများကို ထုတ်လွှတ်နေခြင်းပင် ဖြစ်လေသည်။ လက်ရှိအချိန်တွင် လူအိုကြီးသည် ရန်ကိုင်အား အစိမ်းလိုက် ဝါးစားပစ်ချင်နေသည့်အလား စူးရဲစွာ စိုက်ကြည့်နေခဲ့လေ၏။

အဘွားအိုကြီးမှာတော့ သွေးကန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် သွေးရူးသွေးတန်းဖြင့် ထအော်လေသည်။ ထို့နောက်တွင် ရန်ကိုင်ကို ကြည့်၍ အံကြိတ်ကာ ပြောလိုက်လေ၏။ "ခွေးကောင်လေး၊ ငါတို့ မရဏဂိုဏ်းက တပည့်တွေကို သတ်ရဲတယ် ဟုတ်လား၊ နင့်ကို သေတာထက် ဆိုးအောင် ငါလုပ်ပစ်မယ်"

မရဏဂိုဏ်းမှ တပည့်များသည် တောင်စိမ်းကြယ်ပေါ်တွင် သူတို့လုပ်ချင်သည့်အရာ မှန်သမျှကို လုပ်နိုင်ကြပေသည်။ တစ်ခါတစ်ရံ တောင်စိမ်းကြယ်မှ ဒေသခံများ၏ ခုခံမှုနှင့် ကြုံရပါသော်ငြား ထိုလူများကို အလျင်အမြန် ဖိနှိပ်နိုင်ခဲ့သည်။ ထိုအတွက်ကြောင့် တစ်ယောက်ယောက်သည် ကြယ်ပေါ်တွင် သူတို့၏တပည့်များကို သတ်ရဲလိမ့်မည်ဟု လူအိုကြီးနှင့် အဘွားအိုကြီးတို့ နှစ်ဦးစလုံး မထင်ထားကြခြင်းပင်။

သူတို့နှစ်ဦးသည် ဤနေရာအား စောင့်ကြပ်ရန် တာဝန်ကျထားသည့် လူနှစ်ဦး ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ဤနေရာတွင် ဖြစ်သွားသည့် ကိစ္စမှန်သမျှကို သူတို့နှစ်ဦးမှသာ တာဝန်ယူရပေလိမ့်မည်။ ထို့အပြင် အချို့သော သေသွားသည့် တပည့်များမှာ သူတို့နှင့် အတော်လေးကိုမှ ရင်းနှီးကြလေ၏။ ထိုအတွက်ကြောင့် ရန်ကိုင်အပေါ် အလွန်ကိုမှ ဒေါသထွက်နေရခြင်းပင်။

"ခင်ဗျားတို့ နှစ်ယောက်စလုံးက မရဏဂိုဏ်းကလား" ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။

[တစ်စပြင်ကန္တာရကြယ်စီရင်စု၊ မရဏဂိုဏ်း၊ ဘာဖြစ်လို့ ငါ့ရန်သူတွေနဲ့ပဲ အမြဲတမ်း လာတိုးနေရတာလဲ]

"အခုမှ အသနားခံလို့လည်း အပိုပဲ၊ မင်းဝိညာဉ်က ငါ့ဆီရောက်ပြီး မင်းခန္ဓာကိုယ်က သူ့ဆီသွားမှာ၊ သံသရာစက်ကွင်းထဲကို နောက်တစ်ကြိမ် ပြန်သွားဖို့ စဉ်းတောင် မစဉ်းစားတော့နဲ့" လူအိုကြီး၏ ခြောက်ကပ်ကပ် အသံကြီး ထွက်လာခဲ့လေသည်။ သူ့အသံမှာ အတော်လေးကိုမှ နားဝင်ဆိုးလှသည်ဟု ပြော၍ရသည်။

ရန်ကိုင် သည် လူအိုကြီးအား အထင်အမြင်တသေးဖြင့် ကြည့်လျက်... "ကျုပ်ပုံစံက အသနားခံတဲ့ပုံ ပေါက်နေလို့လား၊ ခင်ဗျားတို့တွေ အသက်တွေ အရမ်းကြီးလာလို့ အမြင်တွေ ဝေဝါးကုန်တာလား"

"ခွေးကောင်" ရန်ကိုင်၏ တုံ့ပြန်ပြောဆိုပုံကို ကြားသော် လူအိုကြီး ဒေါသူပုန်ထသွားခဲ့လေသည်။ ထို့နောက်တွင် သူ၏ ပိန်လှီနေသည့် လက်အား ရန်ကိုင်ဆီသို့ ဆန့်ထုတ်လိုက်လေသည်။ လူအိုကြီး၏ လက်မှာ အရိုးပေါ်အရေတင် ဖြစ်နေကာ သူ့လက်သည်းများမှာလည်း လုံးဝကို မဲနက်နေခဲ့လေသည်။

သူ့လက်အား ရန်ကိုင်ဆီသို့ ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ပတ်ပတ်လည်တွင် လေအေးများ တဝီဝီ စုဝေးလာခဲ့လေသည်။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံးလျက်... "ဦးနှောက်ရှိတယ်ဆိုတာ ကောင်းတဲ့အရာပဲ၊ ဒါပေမဲ့ ကြည့်ရတာ လူတိုင်းမှာ ဦးနှောက်မရှိတဲ့ပုံပဲ၊ အစကတော့ ခင်ဗျားကို တစ်ခုခုမေးဦးမလို့၊ ဒါပေမဲ့ ခင်ဗျားတို့က ဒီလောက်တောင် သေချင်နေတယ်ဆိုမှတော့ ကျုပ်ကလည်း ခင်ဗျားတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့" ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် လူအိုကြီး၏ လက်ဆီသို့ သူ့လက်သီးဖြင့် ထိုးချလိုက်လေသည်။

ရန်ကိုင်၏ လက်သီးချက်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လူအိုကြီး၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်သည် တိုက်ခိုက်ရာတွင် မည်သည့် ချီစွမ်းအင်ကိုမျှ ထုတ်သုံးထားခဲ့ခြင်း မရှိပါသော်ငြား သူ၏ သာမန်ကာလျှံကာ လက်သီးချက်သည် လူအိုကြီးအား သူသည်သာ ထိုလက်သီးချက်ဖြင့် အထိုးခံလိုက်ရမည်ဆိုပါက သူ့လက်တစ်ချောင်းလုံး ကြေမွသွားရလိမ့်မည်ဟု ခံစားသွားစေခဲ့လေသည်။

လူအိုကြီးသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကာ အားကောင်းလှသည့် ခွန်အားကို ပိုင်ဆိုင်ထားပါသော်ငြား သူ့အနေဖြင့် ယနေ့ထက်တိုင် အသက်ရှည်ရှည် နေနိုင်ခဲ့ရခြင်းမှာ အန္တရာယ်အပေါ် သူ၏ ခံစားနိုင်စွမ်းကြောင့် ဖြစ်ပေသည်။

ထိုအကြောင်းကြောင့် လူငယ်လေး၏ လက်သီးချက်ဆီမှ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် ချက်ချင်းပင် သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်လေ၏။ သို့သော်ငြား အနည်းငယ် နောက်ကျသွားခဲ့ရလေသည်။ ရန်ကိုင်၏ လက်သီးချက်သည် သူ၏ လက်ချောင်းတည့်တည့်ကို လာရောက်ထိမှန်လေရာ လူအိုကြီး၏ လက်ချောင်းများမှာ တစ်ဘုန်းဘုန်း ပေါက်ကွဲထွက်ကုန်ရလေသည်။

"ဘယ်လို" အဘွားအိုကြီးမှာတော့ အံ့အားသင့်နေလေ၏။ [ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ]

ထိုအခိုက်အတန့်မှာပင် လေပြင်းများ သူတို့နှစ်ဦးအား တိုက်ခတ်လာခဲ့ကြရာ လူအိုကြီးနှင့် အဘွားအိုကြီးတို့ နှစ်ယောက်စလုံး နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေသည်။ အကြည့်ချင်း ဖလှယ်လိုက်သည့်နောက် နှစ်ဦးစလုံး၏ အကြည့်ထဲ ကြောက်ရွံ့မှုတို့ကို အတိုင်းသား မြင်တွေ့နေရလေသည်။ ထိုနှစ်ဦးစလုံးမှာ တစ်ဖက်လူ၏ ခွန်အားကို သတိပြုမိလိုက်သော် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ဘဲ သူတို့၏ ဝှက်ဖဲအသီးသီးကို ချက်ချင်း ထုတ်သုံးကြတော့လေသည်။

နှစ်ဦးစလုံးသည် သူတို့၏ လက်ကို သွေးကန်ဆီသို့ ဆန့်ထုတ်လိုက်ကြသည်။

ထို့နောက်တွင် သွေးကန်ထဲမှ အလံတိုင်နှစ်ခု ပျံသန်းထွက်လာခဲ့ပြီး လူအိုကြီးနှင့် အဘွားအိုကြီးတို့၏ လက်ထဲဆီသို့ အသီးသီး ရောက်ရှိသွားခဲ့ကြသည်။ အလံတိုင်တစ်ခုသည် သွေးဖြင့် အရောင်ဆိုးထားသည့်ပမာ သွေးရောင်ရဲနေခဲ့ပြီး ကျန်အလံတိုင်တစ်ခုမှာတော့ ညအမှောင်ထုပမာ လုံးဝကို မဲနက်နေခဲ့လေသည်။ ထိုအနက်ရောင် အလံတိုင်အထက်တွင် လွင့်မျောနေသော မျက်နှာများကိုပင်လျှင် ချောက်ချားဖွယ်ရာ မြင်တွေ့နိုင်လေ၏။

"သွေးပင်လယ်အလံတိုင်၊ ဝိညာဉ်တစ်သောင်းအလံတိုင်" ဖုန်းရှီကျုန်းကမူ ထိုမြင်ကွင်းကို ကြည့်ရင်း အလန့်တကြားဆိုလိုက်သည်။ အလံတိုင်ကို ကြည့်နေသည့် သူ့အကြည့်ထဲ မကျေနပ်ချက်တို့ကို အတိုင်းသား မြင်တွေ့နေခဲ့ရလေသည်။ အကြောင်းမှာ ထိုအလံတိုင်နှစ်ခုအား မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို အသုံးပြု၍ သန့်စင်ထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

တောင်စိမ်းကြယ်မှ မြောက်မြားလှစွာသော ကျင့်ကြံသူပေါင်းများစွာတို့သည် ထိုမှော်ရတနာနှစ်ခုအတွက်ကြောင့် အသက်သေဆုံးခဲ့ကြရလေရာ တောင်စိမ်းကြယ်၏ ဒေသခံများ သွေးပင်လယ်အလံတိုင်နှင့် ဝိညာဉ်တစ်သောင်းအလံတိုင်ကို မသိစရာအကြောင်း မရှိပေ။

သူတို့၏ မှော်ရတနာအသီးသီးကို လက်ထဲ ကိုင်စွဲလိုက်ပြီးသည့်နောက်တွင်တော့ လူအိုကြီးနှင့် အဘွားအိုကြီးတို့မှာ ယုံကြည်ချက် ပြန်ရှိလာခဲ့လေသည်။

ရန်ကိုင်က မေးလိုက်လေ၏။ "ဒီတော့ အဲဒီအလံတိုင်တွေကြောင့် ခင်ဗျားတို့တွေ ဒီလောက် လူအများကြီးကို သတ်ပစ်ခဲ့တာပေါ့"

လူအိုကြီးနှင့် အဘွားအိုကြီးသည် အလံတိုင်အား ပိုမိုအားကောင်းလာအောင် သန့်စင်နိုင်ရန်အတွက် သွေးကန်ထဲတွင် စိမ်ထားခဲ့ခြင်း ဖြစ်ပေသည်။

ထိုမှော်ရတနာနှစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် သွေးကန်၏ အရောင်မှာ အတော်လေးကို မှိန်ကျသွားခဲ့လေသည်။

"အဲဒီ အသုံးမဝင်တဲ့ကောင်တွေ ငါ့အလံတိုင်ထဲကို ဝင်လာနိုင်တာကိုတောင် ဝမ်းသာနေသင့်တာကွ" လူအိုကြီးက ပြောလိုက်သည်။

အဘွားအိုကြီးကလည်း ဝင်ပြောလိုက်လေသည်။ "စိတ်မပူနဲ့၊ နင်လည်း မကြာခင် သူတို့နောက် လိုက်ရတော့မှာ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "အိုး၊ စိတ်ဝင်စားစရာပါလား၊ ခင်ဗျား ကျုပ်ကို တစ်ချက်လောက် ပြကြည့်ပေးပါလား"

အဘွားအိုကြီးက နှာခေါင်းရှုံ့လိုက်လေသည်။ "ရတယ်လေ၊ ငါကလည်း နင့်ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့"

ထိုသို့ပြောပြီးသည့်နောက်တွင် သူမ၏ သွေးပင်လယ်အလံတိုင်ကို ရန်ကိုင်ဆီသို့ ဝှေ့ယမ်းချလိုက်လေသည်။

ချက်ချင်းဆိုသလို ကောင်းကင်တစ်ခုလုံးမှာ သွေးရောင် ပြောင်းသွားခဲ့သည်။

ရန်ကိုင်ကမူ သွေးရောင်ပြောင်းသွားသည့် ကောင်းကင်ကြီးကို ထီမထင်ဟန်ဖြင့်သာ ကြည့်နေခဲ့လေသည်။ ရန်ကိုင် ခုခံမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အဘွားအိုမှာ သတိထားနေခဲ့ပါသော်ငြား တကယ့်တကယ်တွင်တော့ ရန်ကိုင်သည် အနည်းငယ်မျှပင် ခုခံနေခြင်းမရှိဘဲ သွေးပင်လယ်အလံတိုင်ထဲသို့ ပါသွားခဲ့လေသည်။ ထိုအချင်းအရာကို မြင်လိုက်‌သော် အဘွားအိုကြီးက လှောင်ပြောင် ထစ်ငေါ့လိုက်လေ၏။ "တကယ်ကို တဇွတ်ထိုးနိုင်တဲ့ကောင်ပါလား၊ ငါ့သွေးပင်လယ်အလံတိုင်ထဲကို ဝင်ရဲတယ် ဆိုမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားတော့နဲ့"

လူအိုကြီးက ပြောလိုက်သည်။ "ဒီကောင်က သာမန်မဟုတ်ဘူးနော်၊ နင်သတိထားဦး၊ ထားလိုက်တော့ ငါပါ အထဲဝင်မယ်၊ ငါတို့နှစ်ယောက်အတူ ပူးပေါင်းမယ်ဆိုရင်တော့ သူ့ကိုနိုင်လောက်တယ်"

အဘွားအိုကြီးက ပြန်ပြောလိုက်သည်။ "အဲဒီလောက်ကြီးလည်း အပိုတွေ လုပ်မနေစမ်းပါနဲ့၊ ငါ့သွေးပင်လယ် အလံတိုင်ထဲကို ဝင်သွားပြီးပြီဆိုတာနဲ့ တန်ခိုးရှင်ဘုရင် တတိယအဆင့်တောင် ဒုက္ခရောက်သွားမှာ" ထိုသို့သာ ပြောလင့်ကစား အဘွားအိုကြီးသည် လူအိုကြီး၏ လက်ကိုကိုင်၍ နှစ်ဦးအတူ သွေးပင်လယ်အလံတိုင်ထဲသို့ ဝင်သွားလိုက်ကြလေသည်။

ထိုမြင်ကွင်းကို ကြည့်နေသည့် ဖုန်းရှီကျုန်းနှင့် အခြားသူများမှာတော့ လုံးဝကို ပျာယာခတ်ကုန်ကြလေသည်။ လူငယ်လေးမှာ အတော်လေးကိုမှ အားကောင်းသည့်ပုံ ပေါက်ပါသော်ငြား ဘာကြောင့်များ ဤမျှ ရူးမိုက်ရလေသနည်း။ သွေးပင်လယ်အလံတိုင်သည် အလွန်ကိုမှ အားကောင်းသည့် မှော်ရတနာတစ်ခု ဖြစ်သည်။ ထိုအဘွားအို၏ တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံခြင်းနှင့်ပါ ပေါင်းစပ်လိုက်သော် ထိုလူငယ်လေး အလံတိုင်ထဲသို့ ဝင်သွားပြီးသည့်နောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်စရာ အကြောင်းမရှိတော့ပေ။ ထိုလူငယ်လေး၏ တစ်ဇွတ်ထိုးလုပ်ရပ်သည် အဘွားအိုကြီးအား မသတ်ပစ်နိုင်ခဲ့ရုံမက အဘွားအို၏ အလံတိုင်ကို ပို၍ အားကောင်းအောင် လုပ်ပေးလိုက်သလိုပင် ဖြစ်သွားပေလိမ့်မည်။

ထိုလူငယ်လေးသည် သူတို့၏ ကယ်တင်ရှင်ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြပါသော်ငြား ယခုမှသာလျှင် သွေးနားထင်ရောက်နေသည့် အရူးတစ်ယောက်သာ ဖြစ်ကြောင်း သဘောပေါက်သွားရတော့သည်။

"ရောင်းရင်းဖုန်း၊ အခု ငါတို့ ဘာလုပ်ကြမလဲ" တစ်ယောက်ယောက်သည် ဖုန်းရှီကျုန်းကို ကြည့်ရင်းမှ မေးလိုက်သည်။ လက်ရှိအချိန်တွင်တော့ သွေးကန်တစ်ဝိုက်တွင် သူတို့လူများသာ ကျန်ရစ်တော့သည်။ မရဏဂိုဏ်းမှ တပည့်အားလုံးမှာ အသတ်ခံလိုက်ရပြီ ဖြစ်သလို ဤနေရာကို စောင့်ကြပ်ရန်အတွက် တာဝန်ကျထားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးမှာလည်း သွေးပင်လယ်အလံတိုင်ထဲသို့ ဝင်သွားခဲ့ကြလေပြီ။ ထိုအကြောင်းကြောင့် လက်ရှိအချိန်တွင် မြို့ထဲ၌ သူတို့လူများသာ ကျန်ရစ်တော့သည်။

"ပြေးပေတော့" ဖုန်းရှီကျုန်း ပြန်မပြောနိုင်သေးခင်မှာပင် လူအချို့က စတင်၍ အော်ဟစ်လိုက်ကြသည်။

ဖုန်းရှီကျုန်းက ခါးသက်စွာ ပြုံးလျက်... "ပြေးရဖို့ အခုလား၊ အခု ငါတို့ ဘယ်ကို ပြေးရမှာလဲ"

သူတို့၏ ကျင့်ကြံခြင်းသာ ချိတ်ပိတ်မခံထားရလျှင် မျှော်လင့်ချက် ရေးတေးတေးလေး ရှိပေသေးသည်။ သို့သော်ငြား အကုန်လုံး၏ ခွန်အားမှာ ချိတ်ပိတ်ထားခြင်း ခံရလေရာ ပြေးမည်ဆိုလျှင်ပင် လမ်းလျှောက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။ ဤပုံစံဖြင့်တော့ တစ်နေ့အတွင်း ဝေးဝေးလံလံ ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

ထိုတစ်နေ့အတွင်း ခြေထောက်ဖြင့် လမ်းလျှောက်ရင်းမှ ပြေးနိုင်သည့် အကွာအဝေးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်တော့ ဘာဆိုဘာမျှ မပြောပလောက်ပေ။ ထိုပညာရှင်များသည် တစ်ဆယ့်ငါးမိနစ်ခန့်လောက် ပျံသန်းလာလိုက်ရုံဖြင့် သူတို့အား လိုက်မီလာနိုင်ပေလိမ့်မည်။ ထိုအတွက်ကြောင့် ထိုလူများအတွက် ပဉ္စလက်ဆန်ဆန် ကိစ္စတစ်ခုခုသာ ဖြစ်မလာသရွေ့ လုံးဝကို မျှော်လင့်ချက်မဲ့သွားပြီဟု ပြော၍ရပေသည်။

"ဒါဆို အသတ်ခံရဖို့ကို ဒီအတိုင်းပဲ ထိုင်စောင့်နေရမှာလား"

ဖုန်းရှီကျုန်းက ပြန်ပြောလိုက်သည်။ "သူ သွေးပင်လယ်အလံတိုင်ထဲကနေ ထွက်လာနိုင်လောက်မှာပါ"

အကုန်လုံးသည် ဖုန်းရှီကျုန်းအား အရူးတစ်ယောက်ပမာ ကြည့်လာကြလေသည်။

ဖုန်းရှီကျုန်းက နှာခေါင်းကို ပွတ်လျက်... "ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အတွက်တော့ မျှော်လင့်ချက် ရေးတေးတေးလေး ရှိသေးတယ်လေ"

သို့သော်ငြား ထိုမျှော်လင့်ချက်လေးသည် ဖြစ်လာနိုင်ရန် အလွန်ကိုမှ ခဲယဉ်းလှပေသည်။

"ရောင်းရင်းဖုန်း၊ မင်း မသွားရင် ငါသွားတော့မယ်၊ ငါတို့အခုက သေရမှာကြောက်လို့ ထွက်ပြေးနေတာ မဟုတ်ဘူး၊ သေရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး၊ ဒါပေမဲ့ ငါတို့ရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်တွေသာ အဲဒီ မှော်ရတနာတွေထဲ ရောက်သွားမယ်ဆိုရင် သံသရာစက်ကွင်းထဲကို ပြန်ဝင်သွားနိုင်တော့မှာ မဟုတ်ဘူး၊ အဲဒီလို အသတ်ခံရမဲ့အစား ငါ့ဘာသာငါ အခြားတစ်နေရာသွားပြီးတော့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်မယ်"

ထိုလူ၏ စကားများသည် အခြားသူများ ပြောချင်နေသည့် စကားများနှင့် အတူတူသာ ဖြစ်လေသည်။ တစ်ခါတစ်ရံ သေရသည်မှာ ထိုမျှမဆိုး။ သို့သော်ငြား သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များသည်သာ သေသွားသည့်တိုင် အနားမယူရသေးလျှင်တော့ လုံးဝကို လက်ခံနိုင်စရာ မရှိတော့ပေ။

ဖုန်းရှီကျုန်းက ပြောလိုက်လေသည်။ "အဲဒီလိုဆိုမှတော့ မင်းတို့ အဆင်ပြေပါစေလို့ပဲ ငါဆုတောင်းပေးတော့မယ်"

ဖုန်းရှီကျုန်း ထွက်မသွားချင်သည်ကို မြင်သော် အခြားသူများလည်း သူ့အား ဆက်ပြောမနေတော့ဘဲ အချိန်ရှိတုန်းရှိခိုက် ချက်ချင်း ထွက်ပြေးကြတော့လေသည်။

တစ်ခဏလေးအတွင်းမှာပင် ထိုနေရာ၌ ရှိနေသည့် လူတစ်ဝက်လောက် ထွက်သွားကြလေ၏။ တော်တော်များများမှာတော့ ဖုန်းရှီကျုန်းနှင့်အတူ နေရစ်ခဲ့ပေသေးသည်။ ထိုလူများသည် သူတို့ထွက်ပြေး၍လည်း အပိုသာဖြစ်မည်မှန်း သိထားကြသည့် အတွက်ကြောင့် ဤနေရာတွင်သာ ဆက်နေပြီး မျှော်လင့်ချက် ရေးတေးတေးလေးကို စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။

သွေးပင်လယ်ကြီးထဲဝယ် မြင်မြင်သမျှ နေရာအကုန် အနီရောင် တောက်နေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သွေးနံ့တို့မှာ ပတ်ဝန်းကျင်အနှံ့ ပြည့်နှက်နေခဲ့လေသည်။ သွေးပင်လယ်ကြီးထဲဝယ် မရေမတွက်နိုင်အောင် များပြားလှသော ချောက်ချားဖွယ်ရာ ကောင်းလှသည့် အလောင်းများ လွင့်မျောနေကြလေသည်။

ရန်ကိုင်သည် သွေးပင်လယ်အပေါ်တွင် ဝဲနေရင်းမှ ငရဲခန်းပမာ ထင်မှတ်ရသော အောက်ဘက်ရှိ မြင်ကွင်းကို အေးစက်စက် အမူအရာဖြင့် ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်မှာပင် လူအိုကြီးနှင့် အဘွားအိုကြီးတို့ တစ်ပြိုင်တည်း ပေါ်လာခဲ့ကြလေသည်။

အဘွားအိုကြီးက လှောင်ပြောင်ပြောဆိုလိုက်လေ၏။ "ငါ့သွေးပင်လယ်အလံတိုင်ထဲကို ဝင်လာပြီးပြီဆိုမှတော့ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားတော့နဲ့"

လူအိုကြီးကလည်း အော်ရယ်မောလျက်... "တကယ်ကို ရူးတဲ့ကောင်ပါလား"

ရန်ကိုင်က ပြန်မေးလိုက်သည်။ "ဒီအလောင်းတွေ အကုန်လုံးက တောင်စိမ်းကြယ်က ကျင့်ကြံသူတွေရဲ့ အလောင်းတွေလား"

သွေးပင်လယ်ထဲ မျောနေသည့် အလောင်းများမှာ တစ်သောင်းမကချေ။

အဘွားအိုကြီးက ပြန်ပြောလိုက်သည်။ "သေရတော့မှာတောင် အခြားသူတွေရဲ့အရေးကို လိုက်ပြီး တွေးပေးနိုင်သေးတာပေါ့ ဟုတ်လား၊ နင်က တကယ်ကို ကြင်နာတတ်တာပဲ"

"အနည်းဆုံးတော့ ကျုပ် မသေခင်လေး အမှန်တရားကို သိသွားသင့်တာပေါ့ မဟုတ်ဘူးလား" ရန်ကိုင်က အဘွားအိုကိုကြည့်၍ ပြန်ပြောလိုက်သည်။

အဘွားအိုကြီးက အော်ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ "ကိုယ့်အခြေအနေကိုယ် နားလည်တာတော့ တကယ်ကို ဝမ်းသာစရာပဲ၊ စိတ်မပူနဲ့၊ နင် ဘာနာကျင်မှုကိုမှ မခံစားစေရဘူး၊ မျက်တောင်တစ်ခတ်အတွင်း ငါ နင့်ကို သတ်ပေးမှာ"

"ခင်ဗျား ကျုပ်မေးခွန်းကို မဖြေရသေးဘူးနော်၊ ကြည့်ရတာ အမြင်တွေ ဝေဝါးတဲ့အပြင်ကို ခင်ဗျားတို့က နားတွေပါ ထိုင်းလာကြတဲ့ပုံပဲ"

အဘွားအိုကြီး မျက်နှာပျက်သွားလေ၏။ "ကောင်းပြီလေ ဟုတ်တယ်၊ ဒီသွေးပင်လယ်ထဲမှာ ရှိနေတဲ့ အလောင်းအများစုက ကြယ်စီရင်စုကြီးထဲက ကျင့်ကြံသူတွေပဲ၊ သူတို့ကြောင့်ပဲ ငါလည်း တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နိုင်ခဲ့တာ"

ရန်ကိုင်က ထပ်ပြောလိုက်သည်။ "ခင်ဗျားတို့ဂိုဏ်း ကျုပ်တို့ ကြယ်စီရင်စုကြီးကို ကျူးကျော်လာတာ အဲဒီအကြောင်းကြောင့်ကိုး"

အဘွားအိုက ပြန်ပြောလိုက်သည်။ "သွေးပင်လယ်အလံတိုင်နဲ့ ဝိညာဉ်တစ်သောင်းအလံတိုင်ကို သန့်စင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ငါတို့ရဲ့ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှာဆိုရင်တော့ သတိထားနေရသေးတယ်၊ ဒါပေမဲ့ ဒီနေရာမှာ ဘာမှသတိထားစရာ မလိုဘူး၊ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်၊ ဒီက ကျင့်ကြံသူတွေ အကုန်လုံးကိုသာ ငါ့သွေးပင်လယ်အလံတိုင်ထဲ ထည့်လိုက်နိုင်မယ်ဆိုရင် အလံတိုင် ဘယ်လောက်တောင် အားကောင်းလာမလဲ မသိဘူး"

ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ "စိတ်ပူမနေနဲ့၊ ခင်ဗျားအလံတိုင်က ဆက်ပြီးတော့ တိုးတက်တော့မှာ မဟုတ်ဘူး၊ သူ့ရဲ့ အကန့်အသတ်ကို ရောက်နေပြီ"

အဘွားအိုက ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေ၏။ "နင် ထွက်ပြေးနိုင်တယ်လို့ ထင်နေသေးတာလား"

"ကျုပ် ဘာလို့ ထွက်ပြေးရမှာလဲ" ရန်ကိုင်သည် အဘွားအိုအား ဇဝေဇဝါ အမူအရာဖြင့် ကြည့်လိုက်လေသည်။

အဘွားအို ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီးနောက် မယုံကြည်နိုင်ဟန်ဖြင့်... "ဒါဆိုရင် နင် ငါတို့ကို သတ်ချင်နေတာပေါ့"

"ဒါပေါ့"

အဘွားအိုနှင့် လူအိုကြီးမှာ လောကကြီးထဲရှိ အရယ်ရဆုံးသော ပျက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ရန်ကိုင်အား ကြောင်ကြည့်လာကြလေသည်။

"ခင်ဗျားတို့ ယင်လဲ့ရှန်းကို သိလား" ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည်။

လူအိုကြီးနှင့် အဘွားအိုကြီးတို့ နှစ်ဦးစလုံး ရုတ်ချည်း အရယ်ရပ်သွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ တစ်ခဏအကြာ၌ လူအိုကြီးက မေးလိုက်လေသည်။ "မင်း အဲဒီနာမည်ကို ဘယ်လိုသိတာလဲ"

"ယင်လဲ့ရှန်းက မရဏဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်၊ ဟုတ်တယ်မလား"

လူအိုကြီး တုံ့ဆိုင်းသွားခဲ့လေသည်။ "မင်း ငါတို့ရဲ့ အရင်ဂိုဏ်းချုပ်ကို သိတာလား"

[ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ၊ ငါတို့ဂိုဏ်းချုပ် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲကနေ ထွက်သွားတာ နှစ်ပေါင်းနည်းတော့တာ မဟုတ်ဘူး၊ သူ ကြယ်စီရင်စုကြီးဆီ တစ်ခါမှ ပြန်မလာဖူးပါဘူး၊ ဘယ်လိုလုပ်ပြီး ဒီကောင်က ငါတို့ အရင်ဂိုဏ်းချုပ်ရဲ့ နာမည်ကို သိနေရတာလဲ]

"ကျုပ် သူ့ကို သိတာပေါ့" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့လေသံမှာ ချောက်ချားဖွယ်ရာ ကောင်းစွာ အေးစက်သွားတော့လေ၏။ "ဘာလို့လဲဆိုတော့ သူ့ကို သတ်လိုက်တာ ကျုပ်ပဲလေ"

ရန်ကိုင်မှ ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် လူအိုကြီးသည် သူ့လည်ပင်းကို တစ်ယောက်ယောက်မှ ဆွဲညှစ်၍ လေပေါ်သို့ မြှောက်တင်ထားသည့်အလား လူအိုကြီး၏ ခန္ဓာကိုယ်သည် သူ့အလိုလို လေပေါ်သို့ မြှောက်တက်လာခဲ့သည်။ သူ့လည်ပင်းကို ရန်ကိုင်မှ ဆုပ်ကိုင်ထားကြောင်း လူအိုကြီး သိနေခဲ့ပါသော်ငြား လူငယ်လေးသည် သူနှင့် မီတာပေါင်းများစွာ အကွာခန့်တွင် ရှိနေခဲ့လေသည်။ ထိုသို့ဖြစ်လေရာ သူ့အနားသို့ ကပ်မလာဘဲနှင့် သူ့အား မည်ကဲ့သို့များ လည်ပင်းဆွဲညှစ်ထားနိုင်ရလေသနည်း။

"သူနဲ့ တွေ့လို့ရအောင် ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို သူ့ဆီ ပို့ပေးလိုက်မယ်၊ ကျုပ်ကို လာပြီး ကျေးဇူးတင်နေစရာ မလိုဘူးနော်" ထိုသို့ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့လက်ထဲ အားထပ်စိုက်လိုက်ရာ လူအိုကြီး၏ခေါင်း လေပေါ်သို့ မြှောက်တက်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၃၃)

ဘာသာပြန်သူ_တိမ်တိုက်

သွေးပင်လယ်ဘေးနား၌ ကျန်နေရစ်ခဲ့သော လူများအနက် လူတစ်ဦးက ရုတ်တရက် ကောက်ပြောလိုက်လေသည်။ "ရောင်းရင်းဖုန်း၊ ငါတို့ ထွက်ပြေးကြရင် ကောင်းမလား"

သူ့အနေဖြင့် ဤနေရာတွင် သေရမည်ကို ထပ်မစောင့်ချင်တော့ပေ။ ထိုအတွက်ကြောင့် ဖုန်းရှီကျုန်းအား စည်းရုံးလိုက်လေသည်။ "ငါတို့ အသက်ရှင်နေသေးသ၍ ပြန်လက်စားချေလို့ ရတယ်လေ"

ထိုစကားကို ကြားသော် ဖုန်းရှီကျုန်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ တစ်ခုခု ပြန်ပြောတော့မည်အပြု ရုတ်တရက် လှည့်ကြည့်လိုက်ရာ လေထဲတွင် ဝဲနေသော သွေးပင်လယ်အလံတိုင်သည် အရောင်တလက်လက် တောက်ပနေကြောင်း တွေ့လိုက်ရလေသည်။ အလံတိုင်ထဲမှ တစ်ခုခု ထွက်ပေါ်လာတော့မည်အလား အလံတိုင်မှာ လေမတိုက်ဘဲနှင့် အဆက်မပြတ် လှုပ်ခါနေခဲ့လေသည်။

"နောက်ကျသွားပြီ" ဖုန်းရှီကျုန်း ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

[အဲဒီလူငယ်လေး အသတ်ခံလိုက်ရတာ ဒီလောက်တောင် မြန်တာလား] ဖုန်းရှီကျုန်းမှာ သူ့ကိုယ်သူ လှောင်ရယ်မိလိုက်လေသည်။ ထိုလူငယ်လေးအပေါ် သူ့မျှော်လင့်ချက် အားလုံးကို စုပုံထားခဲ့သည်မှာ အမှန်တကယ်ကို ရူးသွပ်ရာ ရောက်လွန်းပေသည်။

အခြားသူများမှာလည်း ဆွံ့အ နေခဲ့ကြလေသည်။ ရန်ကိုင်သည် ဤနေရာသို့ ရောက်လာစဉ်က အလွန်ကိုမှ မောက်မာဝံ့ကြွားခဲ့သည့်အတွက်ကြောင့် ရန်ကိုင်သည် အတော်လေးကိုမှ အားကောင်းလှသည့် ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ထိုလူများ ထင်ခဲ့ကြသည်။ သို့သော်ငြား သွေးပင်လယ်အလံတိုင်ထဲသို့ ဝင်သွားပြီးသည့်နောက် တစ်ခဏလေးအတွင်းမှာပင် အသတ်ခံလိုက်ရလေပြီ။ ထိုကိစ္စမှာ အတော်လေးကိုမှ ရယ်ချင်ဖွယ် ကောင်းနေလေ၏။ သို့သော်ငြား ထိုလူများမှာ မရယ်နိုင်ခဲ့ကြ။ အကြောင်းမှာ နောက်အသတ်ခံရမည့် လူများသည် သူတို့ ဖြစ်နေသည့်အတွက်ကြောင့်ပင်။

သို့သော်ငြား မကြာမီတွင် လူတိုင်းမှာ သူတို့အရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း လုံးဝကို မယုံကြည်နိုင် ဖြစ်ကုန်ကြလေသည်။

လူတစ်ဦး သွေးပင်လယ်အလံတိုင်ထဲမှ ခုန်ထွက်လာခဲ့သည်။ သို့သော်ငြား ထိုလူသည် သူတို့ ထင်ထားသည့် လူအိုကြီးလည်း မဟုတ်သလို အဘွားအိုကြီးလည်း မဟုတ်ဘဲ သူတို့၏ မျှော်လင့်ချက်များကို စုပုံထားခဲ့သည့် လူငယ်လေး ဖြစ်နေခဲ့လေသည်။

လူငယ်လေးသည် ပန်းခြံထဲ လမ်းလျှောက်ထွက်လာသည့်အလား သူ့ပုံစံမှာ လုံးဝကို သပ်သပ်ရပ်ရပ် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့လေသည်။ သွေးပင်လယ်ထဲမှ ထွက်လာပြီးသည့်နောက်တွင် သူ့လက်ကို ဝှေ့ယမ်း၍ အလံတိုင်နှစ်ခုကို သိမ်းလိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။ "ကျန်တဲ့လူတွေရော"

မည်သူမျှ သူ့အား ပြန်မဖြေကြ။ အကုန်လုံးမှာ မိုးကြိုးပစ်ခံထားရသည့်အလား ရန်ကိုင်ကိုသာ မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေကြသည်။

"ဟေ့၊ ငါ မင်းတို့ကို မေးနေတယ်လေ" ရန်ကိုင်က ထပ်အော်မေးလိုက်သည်။ [ဒီကောင်တွေက ဘာကောင်တွေလဲဟ၊ သူတို့အသက်ကို ကယ်ထားတဲ့ လူကို မြင်ရင် ကျေးဇူးတင်စကား ပြောရမှာ မဟုတ်ဘူးလား၊ အခု ငါ မေးခွန်းမေးနေတာတောင် ပြန်မဖြေဘဲနဲ့ ငါ့ကို ကြောင်ကြည့်နေတာ၊ ဒီကောင်တွေ ကျေးဇူးရှင်ကို ကျေးဇူးတင်ရမယ်ဆိုတာကို မသိကြတာလား]

"သူ သူ သူတို့ ထွက်ပြေးသွားပါတယ်" ဖုန်းရှီကျုန်းသည် တံတွေးတစ်လုတ် မျိုချရင်းမှ ပြန်ပြောလိုက်လေသည်။

ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင်သည် သူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ ဘက်ပေါင်းစုံဆီသို့ ထွက်ပြေးနေသည့် ကျင့်ကြံသူများကို တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား ထိုလူများ၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက်ကြောင့် သူတို့ ထွက်ပြေးနေသည့်နှုန်းမှာ အတော်လေးကိုမှ နှေးကွေးနေလေ၏။

"ထားလိုက်တော့" ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ စွမ်းအင်လှိုင်းတစ်လှိုင်းကို ဖုန်ရှီကျုန်းတို့ အဖွဲ့ဆီသို့ ပစ်လွှတ်လိုက်သည်။

ထိုစွမ်းအင်လှိုင်း၏ လွှမ်းခြုံခြင်း ခံလိုက်ရသည့်နောက် ချိတ်ပိတ်ထားသော ချိတ်စည်းများအားလုံး ပျက်ပြယ်သွားကြောင်းကို အကုန်လုံး အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။

သူတို့၏ချီ သွေးကြောများထဲ လွတ်လွတ်လပ်လပ် စီးဆင်းနေသည်ကို မခံစားခဲ့ရသည်မှာ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။ ထိုအတွက်ကြောင့် လက်ရှိအချိန်၌ ထိုလူများသည် ဝမ်းသာအားရဖြင့် ထအော်ရယ်မောချင်စိတ်များပင် ဖြစ်ပေါ်လာရလေသည်။

"စီနီယာ ဟိုနှစ်ယောက်က" ဖုန်းရှီကျုန်းသည် ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ သူ့စိတ်ထဲ ထိုလူနှစ်ဦး ဘာဖြစ်သွားသလဲဆိုသည်ကို ကြိုတင် ခန့်မှန်းပြီး ဖြစ်ပါသော်ငြား သေချာသွားအောင် အတည်ပြုချင်နေပေသေးသည်။

"အဲဒီနှစ်ယောက် သေသွားပြီ၊ သူတို့ သေသွားပြီဆိုမှတော့ မြို့ထဲက သေသွားတဲ့ လူတွေလည်း အနည်းဆုံးတော့ စိတ်သက်သာရာ ရသွားဖို့ မျှော်လင့်ရတာပေါ့၊ ငါလာတာ နည်းနည်း နောက်ကျသွားတယ်ကွာ" ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ "ကဲ အခု ထွက်ပြေးကြပေတော့၊ နောက်တစ်ကြိမ် ထပ်အဖမ်းမခံရစေနဲ့နော်"

ယခုတစ်ကြိမ်တွင် ထိုလူများ ကံကောင်းသွားခဲ့ပါသော်ငြား အမြဲတမ်းတော့ ကံကောင်းနေလိမ့်မည် မဟုတ်။ ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် ထိုလူများ၏ မြင်ကွင်းမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

ဖုန်းရှီကျုန်းမှာတော့ မှင်တက်နေခဲ့လေ၏။ သူ့စိတ်ထဲ ခန့်မှန်းထားပြီး ဖြစ်ပါသော်ငြား ရန်ကိုင်မှ အတည်ပြုလာသည့် စကားကို ကြားလိုက်ရချိန်တွင်တော့ သူ့စိတ်ထဲ တကယ်ကို မယုံကြည်နိုင် ဖြစ်နေရပေသေးသည်။

[မရဏဂိုဏ်းက လူနှစ်ယောက်က တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေလေ၊ ပြီးတော့ သူတို့မှာ ဝိညာဉ်တစ်သောင်း အလံတိုင်နဲ့ သွေးပင်လယ်အလံတိုင်လည်း ရှိနေသေးတယ်၊ အဲဒါတွေ အပြင်ကိုမှ ဒီလူငယ်လေးက သွေးပင်လယ် အလံတိုင်ထဲကို လိုလိုလားလားနဲ့ ဝင်သွားပေးသွားတာ၊ အဲဒါကိုတောင် ဘယ်လိုလုပ်ပြီး ဟိုနှစ်ယောက်က ခဏလေးနဲ့ အသတ်ခံလိုက်ရတာလဲ]

လူငယ်လေး၏ ခွန်အားမှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်စရာ အဆင့်သို့ ရောက်နေလေပြီ။ ဖြစ်ပျက်သွားသည့် ကိစ္စများအပေါ် ဖုန်းရှီကျုန်းမှာ ယုံကြည်နိုင်ရန် အတော်လေးကိုမှ အကျပ်တွေ့နေရသည်။ သို့သော်ငြား ထိုအရာများသည် တကယ့် အမှန်တရား ဖြစ်နေခဲ့လေသည်။ တကယ်တော့ လူငယ်လေးသည် သွေးပင်လယ်အလံတိုင်ကို သူ့သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည် မဟုတ်ပေလော။ အဘွားအိုကြီးသာ အသက်ရှင်နေဦးမည် ဆိုလျှင် သူမ၏ သွေးပင်လယ်အလံတိုင်အား ထိုလူငယ်လေးမှ ယူသွားသည်ကို လုံးဝ ရပ်ကြည့်နေလိမ့်မည် မဟုတ်ချေ။

[အဲဒီလူငယ်လေးက ဘယ်သူများလဲ၊ သူ့ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်ကို ရောက်နေလို့ အခုလိုမျိုးတွေတောင် လုပ်နိုင်ရတာလဲ]

ထိုကဲ့သို့ တွေးနေရင်းမှ ဖုန်းရှီကျုန်းသည် လူငယ်လေး၏ နာမည်ကို မေးရန် မေ့လျော့သွားခဲ့ကြောင်း ပြန်သတိရသွားခဲ့ပြီး သူ့ခေါင်းသူ စိတ်ညစ်ညစ်ဖြင့် ကောက်ပုတ်လိုက်လေ၏။

ဖုန်းရှီကျုန်းမှာ သူ့ဘာသာသူ အတွေးနက်နေစဉ်မှာပင် အရိပ်တစ်ခု သူ့မြင်ကွင်းထဲ ရုတ်တရက် ပေါ်လာခဲ့လေသည်။ တစ်ခဏလေးအတွင်း ထိုအရိပ်သည် လူတစ်ဦး အရွယ်အစားခန့်သို့ ရောက်လာခဲ့ပြီး ဖုန်းရှီကျုန်းမှာ ခေါင်းမော့၍ ကြည့်လိုက်ရာ အစောပိုင်းက သူတို့အား ကယ်သွားသည့် လူသည် သူ့ရှေ့တွင် ဝဲနေကြောင်း တွေ့လိုက်ရလေ၏။

ဖုန်းရှီကျုန်းသည် ရန်ကိုင်အား ကြည့်ရင်းမှ ပြောလိုက်လေသည်။ "စီနီယာ ခင်ဗျား…"

"အင်း၊ ကြည့်ရတာ ငါ မင်းကို နည်းနည်းပါးပါး ထပ်ပြီးတော့ ကူညီပေးရဦးမယ်နဲ့ တူတယ်" ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ဖုန်းရှီကျုန်းသည် ရန်ကိုင်ဆီသို့ အလိုလို ပျံဝဲလာခဲ့လေသည်။

"စီနီယာ" ဖုန်းရှီကျုန်းမှာတော့ အထိတ်တလန့် ဖြစ်နေလေ၏။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူ မသိပေ။ သို့သော်ငြား ရန်ကိုင်သည် သူတို့အား ကယ်ဆယ်ပေးသွားခဲ့သည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အား ဒုက္ခပေးမည့်ပုံတော့ မပေါ်။

"မင်း ပါးစပ်ကို ဟလိုက်" ရန်ကိုင်က အမိန့်ပေးလိုက်သည်။

ဖုန်းရှီကျုန်းမှာ ရန်ကိုင် ဘာလုပ်ရန် ကြံနေသလဲဆိုသည်ကို မသိပါသော်ငြား ပြောသည့်အတိုင်း ပါးစပ်ဟပေးလိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို တောက်၍ ဆေးလုံးတစ်လုံးကို ဖုန်းရှီကျုန်း၏ ပါးစပ်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။

ဖုန်းရှီကျုန်း၏ ခန္ဓာကိုယ်အား အပေါ်သို့ ဆွဲတင်ထားသော စွမ်းအားမှာ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့လေရာ ဖုန်းရှီကျုန်းမှာ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျသွားခဲ့ရသည်။ သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းပြီးသည့်နောက် ဖုန်းရှီကျုန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ချက်ချင်းပဲ တင်ပျဉ်ခွေ ထိုင်ချလိုက်လေသည်။ အခြားသူများမှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေခဲ့ကြလေသည်။ တစ်ခဏအကြာ၌ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး ပျာယာခတ်သွားကုန်ကြရလေသည်။

အကြောင်းမှာ ဖုန်းရှီကျုန်းသည် အလွန်တရာကိုမှ အားကောင်းလှသည့် စွမ်းအင် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေသည့်အတွက်ကြောင့်ပင်။ လက်ရှိ ဖုန်းရှီကျုန်းသည် လှောင်အိမ်ထဲမှ ရုန်းထွက်လာရန် ကြိုးစားနေသည့် သားရဲကြီးတစ်ကောင်နှင့်ပင် ဆင်တူနေပေသည်။

တစ်ချိန်တည်းတွင်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ တသိမ့်သိမ့် တုန်လာခဲ့ပြီး တစ်ခဏအကြာ၌ ကောင်းကင်အထက်ဝယ် အနက်ရောင် တိမ်စိုင်တိမ်တိုက်များ လွှမ်းခြုံလာခဲ့လေသည်။ မိုးချိန်းသံများ မြည်ဟည်းလာခဲ့ပြီး လျှပ်ပန်းလျှပ်နွယ်တို့ တဖျတ်ဖျတ် လင်းလက်လာခဲ့သည်။

[သူ အဆင့်တက်တော့မှာလား၊ တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နေတာဆိုတော့ ဒီတစ်ကြိမ် အဆင့်ထပ်တက်ရင် တန်ခိုးရှင်ဘုရင်အဆင့်ပေါ့]

ဖုန်းရှီကျုန်းနှင့် ရင်းနှီးကြသည့် လူများမှာ ဖုန်းရှီကျုန်း မည်သည့်အဆင့်တွင် ရှိနေသလဲဆိုသည်ကို သိကြပေသည်။ ဖုန်းရှီကျုန်းသည် ကျင့်ကြံရာတွင် အတော်လေး ပါရမီပါလှပါသော်ငြား သူ့အဖို့ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရန် အတော်လေးကိုမှ လိုနေပေသေးသည်။ အနည်းဆုံး နောက်ထပ် နှစ်တစ်ရာခန့်လောက် ကျင့်ကြံပြီးသည့် နောက်မှသာလျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နိုင်ပေလိမ့်မည်။

သို့သော်ငြား ရုတ်တရက်ဆိုသလို လူငယ်လေး ပေးသည့် ဆေးလုံးကို သောက်ပြီးသည့်နောက် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားလာတော့လေ၏။

ထိုအတွက်ကြောင့်ပင်လျှင် အကုန်လုံးမှာ ဖုန်းရှီကျုန်းအား မနာလို အားကျစွာဖြင့် ကြည့်လာကြလေသည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင်သည် သူတို့ထင်ထားသည်ထက်ပင် ပို၍ မယုံကြည်နိုင်စရာ ကောင်းလှသည့် လူတစ်ဦး ဖြစ်ကြောင်း သိသွားရတော့သည်။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးအား လွယ်လင့်တကူ သတ်ပစ်နိုင်ခဲ့ရုံမက ဖုန်းရှီကျုန်းကိုပင်လျှင် ဆေးတစ်လုံး တိုက်ကာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားနိုင်အောင် ကူညီပေးနိုင်ခဲ့သည်။

ဒုန်း၊ ဒုန်၊ ဒုန်း။

တစ်ခဏလေးအတွင်းမှာပင် ကောင်းကင်အထက်၌ ပိုမိုများပြားသော အနက်ရောင် တိမ်စိုင်တိမ်တိုက်များ စုဝေးလာခဲ့ပြီး မိုးခြိမ်းသံများမှာလည်း ယခင်ကထက် ပိုမို ကျယ်လောင်လာခဲ့လေသည်။

ရန်ကိုင်ကမူ ကောင်းကင်ပေါ်သို့ စိတ်ညစ်နေသည့် ဟန်ဖြင့် မော့ကြည့်လိုက်လေသည်။ မိုးမြေကောင်းချီး၏ စုဝေးနေသည့်နှုန်းမှာ အတော်လေးကိုမှ နှေးကွေးလွန်းလှသည်။ ရန်ကိုင်မှာ မွန်းစတားဧကရာဇ်ကြယ်သို့ သွားလိုနေသည့်အတွက်ကြောင့် ဤနေရာတွင် အချိန်အကြာကြီး မဖြုန်းလိုပေ။

လက်ရှိ အခြေအနေကို ကြည့်ရသလောက် မိုးမြေစွမ်းအင် ဖြစ်ပေါ်ဖို့ရာအတွက် နေ့ဝက်လောက် အချိန်ကြာပေဦးမည်။

ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ရန်ကိုင်သည် ဖုန်းရှီကျုန်းအနားသို့ ကပ်သွားပြီး သူ၏ ဧကရာဇ်ချီကို မသိမသာလေး လှည့်ပတ်လိုက်လေသည်။

ဒုန်း၊ ဒုန်း၊ ဒုန်း။

ကောင်းကင်အထက်တွင် ရှိနေသော အနက်ရောင် တိမ်စိုင်တိမ်တိုက်များ ဖြစ်ပေါ်လာနေသည့် နှုန်းမှာ ယခင်ကထက် ပိုမို မြန်ဆန်လာခဲ့ပြီး မိုးခြိမ်းသံများမှာလည်း ပိုမို ပြင်းထန် ကျယ်လောင်လာခဲ့လေသည်။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင် ပြုံးသွားလေ၏။ ဤနည်းလမ်းသည် သူ့စိတ်ထဲ ရုတ်တရက် စဉ်းစားမိလိုက်သည့် နည်းလမ်းတစ်ခုသာ ဖြစ်ကာ တကယ်ကြီး အသုံးဝင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင်၏ တည်ရှိမှုကို ကြယ်စီရင်စုမှ လက်မခံပေ။ ထိုအတွက်ကြောင့် ဤအချိန်အတောအတွင်း ရန်ကိုင်မှာ ကောင်းကင်လမ်းစဉ်၏ ငြင်းဆန်ခြင်းခံရခြင်းမှ ရှောင်ရှားရန်အလို့ငှာ သူ့ကျင့်ကြံခြင်းအား ဖိနှိပ်ထားခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်းအား အနည်းငယ် ဖြေလျှော့လိုက်သည့်နောက်တွင် ရန်ကိုင်သည် ကောင်းကင်လမ်းစဉ်မှ ရန်လိုမှုကို ပြန်လည် ခံစားခဲ့ရသည်။ ဖုန်းရှီကျုန်း နောက်တစ်ဆင့် တက်ရာတွင် ကြုံရမည့် မိုးမြေကောင်းချီးနှင့်ပါ ပေါင်းလိုက်သော ရန်ကိုင်၏ လုပ်ရပ်သည် မိုးမြေစွမ်းအင် စုစည်းသည့် နှုန်းကို အရှိန်မြှင့်ပေးလိုက်သလို ဖြစ်သွားစေခဲ့လေသည်။

အတိုင်းအတာတစ်ခုအထိ ရောက်သွားသည့်နောက်တွင်တော့ ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းအား အလျင်အမြန် ပြန်လည် ချိတ်ပိတ်လိုက်လေ၏။ ကောင်းကင်အထက်တွင် စုဝေးနေသည့် မိုးမြေစွမ်းအင်တို့မှာ သင့်တော်သည့် ပမာဏသို့ ရောက်သွားခဲ့လေပြီ ဖြစ်ရာ ထိုမိုးမြေစွမ်းအင်များကို လွှတ်ချပေးဖို့ရာ ရှိတော့လေသည်။ လက်ရှိအချိန်တွင်တော့ အကောင်းဆုံး ပစ်မှတ်သည် အဆင့်တက်ရန် ကြံနေသည့် ဖုန်းရှီကျုန်းသာ ဖြစ်လေသည်။

တစ်ခဏလေးအတွင်းမှာပင် မိုးမြေစွမ်းအင်သည် သတ်မှတ်ထားသည့် အတိုင်းအတာ တစ်ခုအထိသို့ ရောက်သွားခဲ့လေသည်။

ဖုန်းရှီကျုန်းမှာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ဆေးအာနိသင်ကို သန့်စင်နေပါသော်ငြား ပတ်ဝန်းကျင်ကို သတိမမူမိသည်တော့ မဟုတ်ပေ။ လက်ရှိအချိန်တွင် ကောင်းကင်အထက်၌ စုဝေးနေသည့် မိုးမြေကောင်းချီးကို ကြည့်ရင်း ဖုန်းရှီကျုန်းမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ထိုမိုးမြေကောင်းချီးကိုသာ တကယ်ကြီး ခံယူရမည်ဆိုလျှင် ဤနေရာတွင်ပင် အသက်ဆုံးရှုံးသွားရနိုင်ပေသည်။ တကယ်တော့ မည်သူမဆို တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန်အတွက် နှစ်ပေါင်းများစွာ ကြာအောင် ကြိုတင်ပြင်ဆင်ခဲ့ကြသည် မဟုတ်ပေလော။ သို့သော်ငြား သူကိုယ်တိုင်ကမူ ဘာဆိုဘာမျှ ပြင်ဆင်ထားခြင်း မရှိဘဲ မိုးမြေကောင်းချီးကို ရုတ်တရက်ကြီး ကြိုဆိုလိုက်ရခြင်း ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် ဖုန်းရှီကျုန်း၏ ကိုယ်ပေါ်တွင် မည်သည့် အကာအကွယ် မှော်ရတနာမှ ရှိမနေခဲ့ပေ။

[သူ ဘာလုပ်နေတာလဲ၊ ငါ့ကို အဆင့်တက်လို့ရအောင် ဆေးတစ်လုံး လာတိုက်တယ်၊ ဒါပေမဲ့ အဲဒါက ငါ့ကို သေလမ်း တွန်းပို့နေတာနဲ့ အတူတူပဲလေ]

ဂျုန်း။

ရုတ်တရက်ဆိုသလို ကလေးလက်မောင်း တစ်လုံးစာမျှ အရွယ်အစားရှိသည့် လျှပ်စီးတန်းတစ်ခုသည် ဖုန်းရှီကျုန်းပေါ်သို့ ကျဆင်းလာခဲ့လေသည်။

[ငါ့ဘဝကြီးတော့ သွားပြီ] ဖုန်းရှီကျုန်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားတော့လေသည်။ လက်ရှိ အခိုက်အတန့်အတွင်း ဆေးလုံးထဲရှိ ဆေးအာနိသင်များမှာ သူ့ကိုယ်ထဲ ရုန်းကြွနေသည့်အတွက်ကြောင့် ဖုန်းရှီကျုန်းမှာ ဆေးအာနိသင်များ၏ ဖျက်ဆီးခြင်း မခံရလိုပါက ဤနေရာမှ ထွက်ပြေးသွား၍ မဖြစ်ပေ။ မြေပြင်ပေါ်တွင်သာ ငြိမ်ငြိမ်လေး ထိုင်၍ ဆေးအာနိသင်များကို အတတ်နိုင်ဆုံး သန့်စင်ရပေလိမ့်မည်။

မိုးကြိုးပစ်ခံရပြီးသည့်နောက် ဖုန်းရှီကျုန်း တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ထုံကျင်သွားသလို ခံစားလိုက်ရလေသည်။ ထိုခံစားချက် ပြီးသည့်နောက် အလွန်တရာကိုမှ ပြင်းထန်လှသည့် နာကျင်မှုတစ်ခုသည် သူ့ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့လာတော့လေ၏။ သို့သော်ငြား ထင်ထားသလို သေသွားခြင်း မရှိသည့်အတွက်ကြောင့် ဖုန်းရှီကျုန်းမှာ ကြောက်ရွံ့ရမည့်အစား အံ့အားသင့်နေမိလေသည်။ မိုးမြေကောင်းချီး၏ စွမ်းအားမှာ သူ ထင်ထားသည်ထက် ပို၍ အားနည်းနေခဲ့လေသည်။ ထိုသို့သာဆိုလျှင်တော့ သူ့တွင် အသက်ရှင်နိုင်ခြေ ရှိသွားလေပြီ။

သူသည်သာ ဤမိုးမြေကောင်းချီးကို ဖြတ်ကျော်နိုင်ခဲ့မည်ဆိုလျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ကာ အစစ်အမှန် ပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။ နေရာအနှံ့ စစ်မီးတောက်နေသည့် ကာလမျိုးတွင် ထိုကျင့်ကြံခြင်းဖြင့် ခေါင်းမော့ရင်ကော့ကာ လျှောက်မသွားနိုင်ပါသော်ငြား အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်ပေသည်။ ယခုကဲ့သို့ အလွယ်တကူ ဖမ်းဆီးခံရသည့် အဖြစ်မျိုးနှင့်တော့ ကြုံရလိမ့်မည် မဟုတ်။

"မင်း ဘာတွေလျှောက်တွေးနေတာလဲ၊ သေချာ အာရုံစိုက်ပြီးတော့ မင်းရဲ့ နယ်ပယ်ကို ဖွဲ့စည်းဖို့ လုပ်လေ" ရုတ်တရက် ဖုန်းရှီကျုန်း၏ နားထဲ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားသည့်အခါမှသာလျှင် ဖုန်းရှီကျုန်းလည်း အခြား မည်သည့် အတွေးကိုမျှ တွေးမနေတော့ဘဲ သူ့စိတ်အစုံကို ရှင်းလင်းလိုက်လေ၏။

နောက်ထပ် မိုးကြိုးတစ်စင်း ထပ်မံ ပစ်ချလာခဲ့သည်။

ယခုတစ်ကြိမ်မှသာလျှင် မိုးမြေကောင်းချီး သူ့အပေါ်သို့ ကျဆင်းလာသည့်အခါ၌ သူ့ဘေးနားတွင် ရပ်နေသည့် လူငယ်လေးမှ သူလက်ကို ဝှေ့ယမ်း၍ ကျဆင်းနေသည့် စွမ်းအားကို နှစ်ပိုင်း ခွဲပစ်လိုက်ကြောင်းကို ဖုန်းရှီကျုန်း တွေ့ရှိလိုက်ရသည်။

ထိုအကြောင်းကြောင့် ကျဆင်းလာသည့် စွမ်းအားများစွာအနက် အနည်းအကျဉ်းလောက်သည်သာ ဖုန်းရှီကျုန်းအား လာရောက် ထိမှန်လေသည်။

[သူက မိုးမြေကောင်းချီးကိုတောင် ဝင်ရှုပ်နိုင်တာလား၊ ဘာလဲ သူကိုယ်တိုင်က လောကနိယာမတွေ ဖြစ်နေတာလား] ဖုန်းရှီကျုန်းမှာ လက်ရှိ သူ ခံစားနေရသည့် ခံစားချက်များကို စကားဖြင့် မည်သို့ ဖော်ပြရမှန်းပင် မသိတော့ပေ။

ဘေးမှ ရပ်ကြည့်နေသည့် လူများမှာလည်း အလားတူ မှင်တက်နေခဲ့ကြလေသည်။ သူတို့ဘဝတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ လူငယ်လေး၏ စွမ်းအားသည် ဤလောကကြီး အကန့်အသတ်ကို ကျော်လွန်နေခဲ့လေပြီ။

ရန်ကိုင်သည် သူ့လက်ကို ထပ်တလဲလဲ ဝှေ့ယမ်းရင်းမှ ကျဆင်းနေသည့် မိုးမြေကောင်းချီးတို့ကို အဆက်မပြတ် နှစ်ပိုင်း ခွဲထုတ်ပစ်နေခဲ့လေသည်။ ရန်ကိုင်၏ ကာကွယ်ပေးမှုကြောင့် ဖုန်းရှီကျုန်း သေသွားစရာ အကြောင်း မရှိတော့ပေ။

တစ်နာရီခန့် ကြာပြီးသည့်နောက် ဖုန်းရှီကျုန်း မတ်တတ်ရပ်လာခဲ့သည်။ သူ့ပုံစံမှာ အတော်လေးကိုမှ ဖရိုဖရဲ ဖြစ်နေခဲ့ပါသော်ငြား သူ့မျက်လုံးများမှာတော့ ယခင်နှင့်မတူ ထူးထူးခြားခြားကို တောက်ပနေခဲ့သည်။ ထို့နောက်တွင် လက်သီးဆုပ်၍ ရန်ကိုင်အား ဦးညွှတ်လိုက်လေ၏။ "အခုလိုမျိုး ဂျူနီယာကို တန်ခိုးရှင်ဘုရင်အဆင့် ရောက်အောင် ကူညီပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်၊ စီနီယာရဲ့ ကျေးဇူးကို ကျုပ် ဒီတစ်သက် မမေ့ပါဘူး၊ စီနီယာအပေါ်ကိုလည်း"

"တော်ပြီ၊ တော်ပြီ၊ တော်ပြီ ရပြီ" ရန်ကိုင်က သူ့လက်အား စိတ်မရှည်ဟန်ဖြင့် မြှောက်လျက်... "ငါ မင်းဆီကနေ ဘာအကူအညီမှ မလိုရင် မင်းကို အခုလိုမျိုး ဒီလောက်အထိ ကူညီပေးခဲ့မှာ မဟုတ်ဘူး"

သူ့ဘက်မှ ကူညီပေးခဲ့သည်ကို ထည့်မတွက်လျှင်ပင် သူ ပေးလိုက်သည့် ဆေးလုံးတစ်လုံးသည်ကပင်လျှင် ဖုန်းရှီကျုန်း ပြန်မဆပ်နိုင်လောက်အောင် တန်ဖိုးကြီးပေသည်။

ရန်ကိုင်အနေဖြင့် ဖုန်းရှီကျုန်းအား ယခုကဲ့သို့ ကူညီပေးခဲ့ရခြင်းမှာ ဤတောင်စိမ်းကြယ်ပေါ်ရှိ ကျင့်ကြံသူများ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ လက်ထဲသို့ ယခင်တစ်ကြိမ်ကကဲ့သို့ ကျသွားမည်ကို မမြင်လိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူတို့အား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကသာ ကာကွယ်ပေးနေမည်ဆိုလျှင် ယခင်ကထက် ရန်သူများကို အတိုင်းအတာ တစ်ခုအထိ ပိုမို ခုခံလာနိုင်ပေလိမ့်မည်။

တောင်စိမ်းကြယ်သည် ဟုန်းလော့ကြယ်စီရင်စုထဲရှိ ကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်သည့်အလျောက် ကျူးကျော်သူများမှ ဤတောင်စိမ်းကြယ်ပေါ်၌ လုပ်ချင်တိုင်း လုပ်နေသည်ကို ရန်ကိုင် ဤအတိုင်း ရပ်ကြည့်နေလိမ့်မည် မဟုတ်ပေ။ အနှေးနှင့်အမြန်ဆိုသလို ရန်သူများကို ပြန်လည် မောင်းထုတ်ပေမည်။ သို့သော်ငြား ထိုအချိန်မတိုင်မီအထိ ဟုန်းလော့ကြယ်စီရင်စုထဲတွင် ရှိနေသည့် လူများ အတိုင်းအတာ တစ်ခုအထိ ခုခံထားနိုင်ရန် လိုအပ်ပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၃၄)

ဘာသာပြန်သူ_တိမ်တိုက်

စကားဖြတ်ပြောခံလိုက်ရသည့်တိုင် ဖုန်းရှီကျုန်းမှာ မကျေနပ်သည့်အမူအယာမျိုး လုပ်မပြရဲဘဲ တလေးတစားဖြင့်သာ ပြန်၍မေးလိုက်လေသည်။ “စီနီယာက ဝတ်ရုံဖြူအဖွဲ့ကလား…”

“ဝတ်ရုံဖြူအဖွဲ့… အဲ့ဒါ ဘာအဖွဲ့လဲ…”

ဖုန်းရှီကျုန်းက ပြန်ပြောလိုက်သည်။ “အဲ့ဒါက ဒီတောင်စိမ်းကြယ်ပေါ်မှာ တစ်စပြင်ကန္တာရကြယ်စီရင်စုက ကျင့်ကြံသူတွေကို ခုခံနေတဲ့ အားအကောင်းဆုံးအင်အားစုတစ်ခုကပါ စီနီယာ… စီနီယာကို ဝတ်ရုံဖြူအဖွဲ့ကလို့ ကျုပ်ထင်နေတာ…” သေချာစဉ်းစားကြည့်လိုက်သည့်နောက် ဝတ်ရုံဖြူအဖွဲ့ထဲတွင် ဤလူငယ်လေးကဲ့သို့ အားကောင်းသည့်ပညာရှင် မရှိကြောင်းကို ဖုန်းရှီကျုန်း ပြန်သတိရသွားခဲ့သည်။ ဝတ်ရုံဖြူအဖွဲ့ နာမည်ကျော်ကြားလာသည်မှာ ဆယ်စုနှစ်လောက်သာ ရှိပေသေးသည်။ ထို့အပြင် ဝတ်ရုံဖြူအဖွဲ့၏ ခေါင်းဆောင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေရာ ဤလူငယ်လေးကဲ့သို့သောလူမျိုးသည် ထိုကဲ့သို့သောလူတစ်ဦး၏ လက်အောက်ငယ်သား ဖြစ်နေလိမ့်မည်မဟုတ်ပေ။

“ကဲ… ကျုပ် ခင်ဗျားတို့ကို ဒီအထိပဲ ကူညီပေးနိုင်မယ်… အခုကနေစပြီး ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ပဲ အားကိုးရတော့မှာ…” ရန်ကိုင်သည် ဖုန်းရှီကျုန်း၏ပုခုံးကို ပုတ်၍ ပြောလိုက်လေသည်။ “ဒါနဲ့ သွေးအကျဉ်းထောင်က ဘယ်မှာလဲ…”

ဖုန်းရှီကျုန်းမှာ သွေးအကျဉ်းထောင်ရှိရာအရပ်အား ချက်ချင်း ညွှန်ပြလိုက်လေသည်။ ထို့နောက် ရန်ကိုင်အား ဘာကြောင့်များ သွေးအကျဉ်းထောင်သို့ သွားချင်နေရသလဲဆိုသည်ကို မေးတော့မည်အပြု ရန်ကိုင်မှာ သူ့ရှေ့မှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

“စီနီယာရဲ့နာမည်ကို သိလို့ရမလား…” ဖုန်းရှီကျုန်းက လှမ်းအော်မေးလိုက်သည်။

ရန်ကိုင်၏အသံ ပဲ့တင်ထွက်လာခဲ့လေ၏။

ရန်ကိုင်ပြောသည့်စကားကိုကြားလိုက်သော် ဖုန်းရှီကျုန်း မျက်မှောင်ကျုံ့သွားခဲ့သည်။ ထိုနာမည်ကို သူ့စိတ်ထဲ ရင်းနှီးနေသလို ခံစားရပါသော်ငြား မမှတ်မိနိုင် ဖြစ်နေခဲ့လေသည်။

“ရန်ကိုင်…” တစ်ယောက်ယောက်က အလန့်တကြား ထအော်လေသည်။

ဖုန်းရှီကျုန်းသည် ထိုလူအား မေးခွန်းထုတ်လိုသည့်အကြည့်ဖြင့် လှမ်း၍ကြည့်လိုက်သည်။

“ရောင်းရင်းဖုန်း… အဲ့နာမည်ကို မင်း မေ့သွားပြီလို့တော့ ငါ့ကိုလာမပြောနဲ့နော်…” ထိုလူသည် ဖုန်းရှီကျုန်းအား ဒွိဟဖြစ်နေသည့်အမူအယာဖြင့် ကြည့်လျက် “ငါတို့ကြယ်သခင်လော့ဟိုင် အသတ်ခံလိုက်ရတဲ့ကိစ္စကို မှတ်မိလား…”

ထိုအခါမှသာလျှင် ထိုလူငယ်လေးမည်သူမှန်း ဖုန်းရှီကျုန်း သတိရသွားတော့သည်။ “သူလား…”

ထိုနာမည်အား မည်သည့်နေရာတွင် ကြားဖူးနေသလဲဆိုသည်ကို ဖုန်းရှီကျုန်း သတိရသွားခဲ့လေပြီ။ ကြယ်စီရင်စုထဲမှကျင့်ကြံသူများသည် လော့ဟိုင်သေသွားသည့်သတင်းကို ကြားပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါသော်ငြား တောင်စိမ်းကြယ်မှ ဒေသခံကျင့်ကြံသူများမှာတော့ လော့ဟိုင်သေသွားသည့်အကျိုးဆက်ကို ခံစားခဲ့ရသူများ ဖြစ်ကြပေသည်။ ကြယ်သခင် သေဆုံးသွားပြီးသည့်နောက် ကြယ်အမြုတေစွမ်းအားသည် တောင်စိမ်းကြယ်ဆီသို့ ပြန်ရောက်လာပါသော်ငြား ထိခိုက်သွားသည့်အတွက်ကြောင့် တောင်စိမ်းကြယ်ပေါ်ရှိ မိုးမြေစွမ်းအင်မှာ ယခင်ကထက် ကျဲပါးသွားခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တောင်စိမ်းကြယ်ပေါ်ရှိ ကျင့်ကြံသူပေါင်းများစွာမှာ ရန်ကိုင်အား မုန်းတီးနေရခြင်း ဖြစ်လေသည်။

သို့ရာတွင် ယနေ့၌ သူတို့အဖွဲ့ ဒုက္ခရောက်နေချိန် သူတို့အား လာကယ်ပေးသွားခဲ့သည့်လူမှာ လွန်ခဲ့သောနှစ်များစွာက လော့ဟိုင်အား သတ်ပစ်ခဲ့သော လူငယ်လေး ဖြစ်နေလိမ့်မည်ဟု ဖုန်းရှီကျုန်း မထင်ထားခဲ့ပေ။

(သူသာဆိုရင်တော့ ယုတ္တိရှိသွားပြီ…) ဖုန်းရှီကျုန်း တွေးလိုက်လေသည်။ ရန်ကိုင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ရောက်နေသော ကြယ်သခင်တစ်ပါးကိုပင်လျှင် သတ်ပစ်နိုင်ခဲ့လေရာ တန်ခိုးရှင်ဘုရင်ပထမအဆင့်တွင်သာ ရှိသေးသော လူနှစ်ဦးကို အလွယ်တကူသတ်ပစ်နိုင်သည်မှာ အဆန်းမဟုတ်ပေ။

“ငါကြားတာတော့ သူ ကြယ်စီရင်စုကြီးထဲက ထွက်သွားတာ ကြာနေပြီဆို… အဲ့သတင်းက အတုလား…”

“ကြည့်ရတာ သူ ပြန်လာတာနဲ့တူတယ်…”

“ကျုပ်တို့ကြယ်စီရင်စုထဲမှာ ပြိုင်ဘက်ကင်းတဲ့ ကြယ်တာရာကောင်းကင်မဟာဧကရာဇ် ရှိခဲ့ဖူးတယ်လေ… ကျုပ်ထင်တာတော့ စီနီယာရန်က ကြယ်တာရာကောင်းကင်မဟာဧကရာဇ်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုရင်တောင် သူတို့ကြားကခွန်အားကတော့ ဒီလောက် ကွာတော့မှာမဟုတ်ဘူး…”

“ကြယ်တာရာကောင်းကင်မဟာဧကရာဇ် အသစ်တစ်ယောက်သာ ပေါ်လာမယ်ဆိုရင်တော့ ဒီကြယ်စီရင်စုကြီးထဲမှာရှိနေတဲ့ ငါတို့အတွက်ကတော့ သတင်းကောင်းပဲ…”

ရန်ကိုင် လော့ဟိုင်အား သတ်ပစ်လိုက်သည့်ကိစ္စသည် တောင်စိမ်းကြယ်မှ ကျင့်ကြံသူများအား ရန်ကိုင်အပေါ် မုန်းတီးသွားစေခဲ့ပါသော်ငြား ထိုကိစ္စဖြစ်သွားသည်မှာ နှစ်ပေါင်းများစွာကြာနေခဲ့လေပြီ။ ယခုအချိန်သည် အချင်းချင်း စိတ်ဝမ်းကွဲနေရမည့်အချိန် မဟုတ်ဘဲ ကျူးကျော်လာသည့်ရန်သူများကို စုစုစည်းစည်းဖြင့် ပူးပေါင်းတိုက်ခိုက်ရမည့်အချိန် ဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့သောအခြေအနေမျိုးတွင် မည်သူမျှ လော့ဟိုင်အတွက် လက်စားချေမပေးချင်လိုတော့။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုလူများမှာ ရန်ကိုင်၏ကယ်ဆယ်ခြင်း ခံရပြီးသည့်နောက်တွင် ရန်ကိုင်အပေါ် ကျေးဇူးတင်သွားကြလေသည်။

နည်းနည်းပါးပါး စကားပြောနေပြီးသည့်နောက် အပိုစကားများ ဆက်၍ပြောမနေတော့ဘဲ ဖုန်းရှီကျုန်းဆီသို့ ချဉ်းကပ်လာပြီး သူအဆင့်တက်သွားသည်ကို ဂုဏ်ယူကြောင်း ဝမ်းသာစကားဆိုကြလေသည်။

ဖုန်းရှီကျုန်းက အားတင်းပြုံးလိုက်လေသည်။ ယခင်ကသာဆိုလျှင်တော့ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သွားခဲ့မည်ဆိုပါက ထခုန်ချင်လောက်အောင်ကို ဝမ်းသာပျော်ရွှင်နေလိမ့်မည် ဖြစ်ပါသော်ငြား ယခုကဲ့သို့ လူပေါင်းများစွာ အသတ်ခံရပြီး သူ့မိတ်ဆွေများနှင့် ဆွေမျိုးအများစုမှာလည်း အသတ်ခံထားရလေရာ အဆင့်တက်သွားသည့်အတွက်ကြောင့် ဖုန်းရှီကျုန်းမှာ ပျော်သင့်သလောက် မပျော်နိုင်တော့ပေ။

“ရောင်းရင်းဖုန်း… ငါတို့ အခု ဘာဆက်လုပ်ကြမလဲ…” တစ်ယောက်ယောက်က မေးလိုက်လေသည်။

ယခင်က ဖုန်းရှီကျုန်းသည် သူတို့အဖွဲ့ထဲ၌ ကျင့်ကြံခြင်းအမြင့်ဆုံးလူတစ်ဦး ဖြစ်ခဲ့သည်။ ယခုလည်း ကျင့်ကြံခြင်းအမြင့်ဆုံး ဖြစ်နေဆဲပင်။ သို့သော်ငြား ယခင်နှင့်မတူသည်မှာ လက်ရှိဖုန်းရှီကျုန်း၏အဆင့်သည် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်နေခြင်းပင်။ သူတို့သည်သာ ဤကာလအတွင်း အသက်ရှင်လိုပါက ဖုန်းရှီကျုန်းအား အားကိုးရုံသာ ရှိပေတော့မည်။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဖုန်းရှီကျုန်းက ခေါင်းမော့၍ ပြောလိုက်လေသည်။ “ငါ ဝတ်ရုံဖြူအဖွဲ့ထဲကိုဝင်ဖို့ စဉ်းစားထားတယ်…”

တောင်စိမ်းကြယ်ပေါ်တွင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို ခုခံနေကြသည့် အဖွဲ့အစည်းပေါင်းများစွာ ရှိကြပေသည်။ ထိုအဖွဲ့အစည်းများအနက် ဝတ်ရုံဖြူအဖွဲ့သည် အားအကောင်းဆုံးဖြစ်ပေသည်။ ထို့အပြင် ဝတ်ရုံဖြူအဖွဲ့ကို တည်ထောင်ထားသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည့်အတွက်ကြောင့် ဝတ်ရုံဖြူအဖွဲ့ထဲတွင် အားကောင်းလှသည့်ပညာရှင်များ လိုအပ်နေပေလိမ့်မည်။ ဖုန်းရှီကျုန်းကဲ့သို့သော တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအား ဝတ်ရုံဖြူအဖွဲ့ ကျိန်းသေ ဝမ်းပန်းတသာဖြင့် ကြိုဆိုပေလိမ့်မည်။

ဖုန်းရှီကျုန်း၏စကားကိုကြားသော် လူပေါင်းများစွာ ခေါင်းညိတ်လိုက်ကြလေသည်။

ဖုန်းရှီကျုန်းက ဆက်၍ပြောလိုက်သည်။ “ဟိုလူတွေကို သွားပြန်ခေါ်လာခဲ့… သူတို့ ငါ့နောက်လိုက်ချင်တယ်ဆိုရင် ငါနဲ့အတူ ဝတ်ရုံဖြူအဖွဲ့ဆီ သွားကြတာပေါ့… မလိုက်ချင်ဘူးဆိုရင်လည်း အဲ့အတိုင်းပဲ ထားလိုက်ပေါ့… အတင်းသွားတွန်းအားပေးမနေနဲ့…”

ထိုစကားကိုကြားသော် ကျန်သည့်လူများသည် ထွက်သွားသည့်လူများကို လိုက်ရှာရန်အလို့ငှာ လူခွဲကာ ထွက်သွားကြလေ၏။

မီးကျွမ်းနေသည့်မြေပြင်ထက်ဝယ် အငွေ့တလူလူ ထွက်နေသည့် ပျက်စီးမီးလောင်ကျွမ်းနေသော နေရာများကို နေရာအနှံ့တွင် မြင်တွေ့နေရသည်။

ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်း ရန်ကိုင်၏မျက်နှာ သုန်မှုန်နေခဲ့လေသည်။ ဖုန်းရှီကျုန်းတို့အား တွေ့ခဲ့သည့် မြို့တစ်မြို့သည်သာ ထိုမျှဆိုးဆိုးရွားရွား ဖျက်ဆီးထားခံရသည်ဟု ထင်ထားခဲ့ပါသော်ငြား တကယ့်တကယ်တွင်တော့ တောင်စိမ်းကြယ်ပေါ်တွင် ရှိနေသည့် နေရာအားလုံး ထိုကဲ့သို့သောအဖြစ်မျိုးနှင့် ကြုံနေရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လမ်း၌ ရန်ကိုင်တွေ့ခဲ့သမျှမြို့အားလုံးမှာ ခြွင်းချက်မရှိ ဖျက်ဆီးထားခံရသည်။ မြို့ထဲဝယ် သွေးကန်များနှင့် ယဇ်ပုလ္လင်များ၏ အရိပ်အယောင်များကိုလည်း မြင်တွေ့ခဲ့ရသည်။ ကြည့်ရသလောက် မရဏဂိုဏ်းမှ ကျင့်ကြံသူများသည် ထိုမြို့ကြီးများထဲ နေထိုင်ကြသည့် မြို့သူမြို့သားများအား သွေးပင်လယ်အလံတိုင်နှင့် ဝိဉာဉ်တစ်သောင်းအလံတိုင်များကို သန့်စင်ရန်အတွက် စတေးပစ်ခဲ့ကြသည့်ပုံပင်။

မရဏဂိုဏ်းမှလူများ လုပ်သွားသည့်လုပ်ရပ်မှာ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လွန်းလှပေသည်။ ရန်ကိုင်တွေ့ခဲ့သည့် မြို့ဆယ်မြို့အနက် ကိုးမြို့လောက်မှာ သေခြင်းချီများနှင့် လွှမ်းခြုံနေလေ၏။

သွေးအကျဉ်းထောင်သို့ သွားရာလမ်းတစ်လျှောက်၌ ရန်ကိုင်သည် ဒေသခံကျင့်ကြံသူများကို ကယ်ဆယ်ခဲ့သလို တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးနှင့် မရဏဂိုဏ်းမှ တွေ့သမျှကျင့်ကြံသူများကို တစ်ယောက်မကျန် သတ်ပစ်ခဲ့သည်။ သို့သော်ငြား ထိုမျှလောက်နှင့် ရန်ကိုင်အနေဖြင့် ဤကြယ်ပေါ်တွင်ရှိနေသော ကျင့်ကြံသူများကို ကယ်ဆယ်ဖို့ရာ မဖြစ်နိုင်ပေ။

မြို့သစ်တစ်မြို့သို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် သူထပ်မံတွေ့ရှိရသည့် ကျူးကျော်သူများကို ထပ်မံသတ်ပစ်ပြန်လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူလုံးဝသည်းမခံနိုင်တော့သည့်အဆင့်ထိသို့ ရောက်နေခဲ့လေပြီ။ ရန်ကိုင်သည် နောက်ဆုံးလူတစ်ဦးအား အသက်ရှင်လျက်ထားပြီး ထိုလူ၏လည်ပင်းကို ဆွဲညှစ်ထားရင်းမှ မေးလိုက်လေ၏။ “မင်းတို့မရဏဂိုဏ်းက အားအကောင်းဆုံးလူ အခု ဘယ်မှာလဲ…”

ထိုလူမှာလည်း ရန်ကိုင်၏ခွန်အားကြောင့် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေရာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်၍ပြောလိုက်လေ၏။ “ခြောက်ယောက်မြောက်အကြီးအကဲက အခု ယန်စုဝေးခြင်းမြို့မှာပါ…”

“ငါ့ကိုလမ်းပြ…” ရန်ကိုင်က အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့…” ထိုလူသည် ရန်ကိုင်အား တစ်ခုသောအရပ်ဆီသို့ အလျင်စလို ညွှန်ပြလိုက်လေသည်။ ထို့နောက်တွင် ထိုလူ၏မြင်ကွင်းများ ရုတ်ချည်းဆိုသလို ဝေဝါးသွားခဲ့ရသည်။ ရန်ကိုင်မှ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် သွားနေသည့်အတွက်ကြောင့် ပတ်ဝန်းကျင်ရှုခင်းအားလုံးမှာ ဝိုးတိုးဝါးတား ဖြစ်ကုန်ရလေရာ ထိုလူမှာလည်း အထိတ်ထိတ်အလန့်လန့်ဖြင့် မျက်လုံးကိုသာ စုံမှိတ်ထားလိုက်တော့လေ၏။

ရန်ကိုင်သည် တောင်စိမ်းကြယ်ပေါ်တွင် ကြာကြာမနေနိုင်သည့်အတွက်ကြောင့် ဤကြယ်ပေါ်ရှိကျင့်ကြံသူများကို တတ်စွမ်းသလောက်ကူညီပေးလိုပါက ရန်သူ၏ခေါင်းဆောင်ကိုရှာ၍ သတ်ပစ်ရုံသာ ရှိပေတော့သည်။

ယန်စုဝေးခြင်းမြို့သည် တောင်စိမ်းကြယ်ပေါ်ရှိ ထိပ်တန်းမြို့ကြီးများအနက် တစ်မြို့အပါအဝင် ဖြစ်ပေသည်။ ဤမြို့ကြီးသည် ယခင်က ကျင့်ကြံသူပေါင်းများစွာဖြင့် စည်ကားသက်ဝင်ခဲ့သည့် မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပါသော်ငြား လက်ရှိအချိန်တွင်တော့ ထိုမြို့ကြီးသည် မရဏဂိုဏ်းမှ ကျင့်ကြံသူများ အခြေချရာမြို့တစ်မြို့ ဖြစ်လာခဲ့ရလေသည်။

လက်ရှိအချိန်တွင် မြို့ထဲ၌ သိန်းနှင့်ချီသော ကျင့်ကြံသူများသည် မရဏဂိုဏ်း၏ မှော်ရတနာများကို သန့်စင်ပေးရန်အလို့ငှာ အဖိုးတန်ကုန်ပစ္စည်းများအနေဖြင့် ထိန်းသိမ်းထားသိုခြင်း ခံထားရလေသည်။ လွန်ခဲ့သည့်နှစ်များအတွင်း မြောက်မြားလှစွာသောလူများမှာ မရဏဂိုဏ်း၏ မှော်ရတနာများကို အဆင့်မြှင့်တင်ပေးရန်အတွက် စတေးခံခဲ့ရသည်။

ပုံမှန်အားဖြင့် ဤကဲ့သို့သော အရေးကြီးသည့် နေရာမျိုးကို အစောင့်များစွာမှ စောင့်ကြပ်နေရပေလိမ့်မည်။ မရဏဂိုဏ်းသည် တောင်စိမ်းကြယ်အား အကြွင်းမဲ့ချုပ်ကိုင်ထားနိုင်ပါသော်ငြား ကြယ်ပေါ်ရှိ ကျင့်ကြံသူတိုင်းကို မဖိနှိပ်နိုင်သေးပေ။ မည်သို့ပင်ဖြစ်နေစေကာမူ မရဏဂိုဏ်း၏ ရည်ရွယ်ချက်မှာလည်း ထိုကဲ့သို့မဟုတ်။ သူတို့၏ရည်ရွယ်ချက်မှာ ဤကြယ်ပေါ်ရှိကျင့်ကြံသူများကိုသုံး၍ သူတို့၏မှော်ရတနာများကို သန့်စင်ရန်သာ ဖြစ်လေသည်။

ယနေ့တွင်တော့ ယန်စုဝေးခြင်းမြို့သည် အထူးတလည်ကို စည်ကားနေခဲ့လေသည်။

သူဖမ်းဆီးထားသည့်လူ၏ လမ်းပြပေးမှုဖြင့် ရန်ကိုင်သည် ယန်စုဝေးခြင်းမြို့တော်ဆီသို့ ရောက်လာနိုင်ခဲ့သည်။ မြို့ဆီသို့ရောက်ပြီး သူ့စွမ်းအားကို ထုတ်ပြတော့မည်အပြု မြို့ထဲတွင် တိုက်ပွဲဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။

အလင်းတန်းများ တဖျတ်ဖျတ်လက်နေခဲ့ပြီး တိုက်ပွဲဖြစ်နေသည့်အသံများမှာလည်း မြို့တစ်ခုလုံးအနှံ့ ပြည့်နှက်နေခဲ့လေသည်။ မြောက်မြားလှစွာသော ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် သတ်ဖြတ်နေကြလေ၏။

“ဝတ်ရုံဖြူအဖွဲ့လား…” ရန်ကိုင်ခေါ်လာသည့်လူက အလန့်တကြား ထအော်လိုက်လေသည်။

“အဲ့လူတွေက ဝတ်ရုံဖြူအဖွဲ့ကလား…” ရန်ကိုင်သည် တိုက်ပွဲဖြစ်နေသည့်နေရာအား ဝေ့ကြည့်လိုက်ရင်းမှ ပြောလိုက်လေသည်။

ယမန်နေ့က ဖုန်းရှီကျုန်းဆီမှ ဝတ်ရုံဖြူအဖွဲ့အကြောင်း ကြားခဲ့ရသည်။ ကြားပြီးပြီးချင်း မကြာခင်မှာပင် ဝတ်ရုံဖြူအဖွဲ့ကို ဤနေရာ၌ လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဖုန်းရှီကျုန်းပြောပုံအရ ဝတ်ရုံဖြူအဖွဲ့သည် တောင်စိမ်းကြယ်ပေါ်ရှိ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို ဆန့်ကျင်သည့်အဖွဲ့အစည်းများအနက် အားအကောင်းဆုံးအဖွဲ့အစည်းဖြစ်ပေသည်။ ကြည့်ရသလောက် သူပြောသည်မှာ တကယ်မှန်နေသည့်ပုံပင်။ ထိုလူများသည် မရဏဂိုဏ်း၏ ဌာနချုပ်ဖြစ်သော ယန်စုဝေးခြင်းမြို့တော်ကိုပင်လျှင် လာတိုက်ခိုက်ရဲလောက်သည်အထိ အတော်လေးကိုမှ အားကောင်းလှပေသည်။

“ဟုတ်တယ်… သူတို့တွေက ဝတ်ရုံဖြူအဖွဲ့ကပဲ…” ထိုလူက ပြန်ပြောလိုက်သည်။ ထို့နောက် တစ်ခုခုအား ချက်ချင်း သတိရသွားပြီး ထအော်လေသည်။ “စီနီယာ… စီနီယာကို ယန်စုဝေးခြင်းမြို့တော်ဆီ ခေါ်လာပေးပြီးသွားပြီ… ဒါကြောင့်…”

ထိုလူမှာ သူ့စကားကို ဆုံးအောင်ပင်မပြောနိုင်ဘဲ သူ့အသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် ထိုအလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

တိုက်ပွဲအား တစ်ခဏမျှ ကြည့်နေလိုက်ပြီးသည့်နောက် ဤတိုက်ပွဲ၏ အနိုင်အရှုံးကို မေးနေစရာပင်မလိုကြောင်း ရန်ကိုင်သဘောပေါက်သွားခဲ့သည်။ ဝတ်ရုံဖြူဂိုဏ်းတွင် လူအတော်လေးများပါသော်ငြား မရဏဂိုဏ်း၏ပြိုင်ဘက်တော့ မဟုတ်ခဲ့ပေ။ အကြောင်းမှာ သူတို့တွင် အားကောင်းသည့်ပညာရှင်များများစားစား မရှိသည့်အတွက်ကြောင့်ပင်။ ဝတ်ရုံဖြူအဖွဲ့သည် လက်ရှိအချိန်၌ အောက်စည်းသို့ ရောက်နေခဲ့ရလေသည်။ နောက်ထပ်နေ့တစ်ဝက်လောက်သာ ဆက်၍ တိုက်ခိုက်နေမည်ဆိုလျှင် ဤနေရာမှ ထွက်ပြေးရပေလိမ့်မည်။ သို့သော်ငြား ထိုကဲ့သို့ထွက်ပြေးနိုင်ရန်အလို့ငှာ သူတို့တွင် ထွက်ပြေးနိုင်စွမ်း ရှိနေသေးရန် လိုအပ်ပေသေးသည်။

လက်ရှိအခိုက်အတန့်တွင် လူတိုင်းမှာ မြို့ထဲ၌ အပြန်အလှန် တိုက်ခိုက်နေခဲ့ကြသည်။ ယန်စုဝေးခြင်းမြို့၏ အကာအကွယ်အစီအရင်မှာလည်း အသက်ဝင်နေကြောင်း ရန်ကိုင်တွေ့ရှိသွားခဲ့ရသည်။ ဘာတွေဖြစ်နေသလဲဆိုသည်ကို သေချာမသိပါသော်ငြား ဝတ်ရုံဖြူအဖွဲ့ ရန်သူ၏ထောင်ချောက်ထဲသို့ ကျသွားခဲ့မှန်းတော့ ခန့်မှန်းမိနိုင်ပေသည်။ ဤအစီအရင်သည်သာ အပြည့်အဝ အသက်ဝင်သွားခဲ့မည်ဆိုလျှင် ဝတ်ရုံဖြူအဖွဲ့သားများ ယန်စုဝေးခြင်းမြို့ထဲ ပိတ်မိသွားပေလိမ့်မည်။

ဝတ်ရုံဖြူအဖွဲ့သားများမှာလည်း ထိုအချက်ကို နားလည်ထားကြသည့်အလား ရန်သူ၏ ဝိုင်းဝန်းပိတ်ဆို့မှုအောက်မှ ထိုးဖောက်ထွက်ပြေးရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ကြသည်။ သို့သော်ငြား မအောင်မြင်နိုင်ခဲ့ဘဲ မြို့ထဲတွင်သာ ဆက်၍ အချိန်ကုန်နေခဲ့ရလေသည်။ ထို့အပြင် ထိုနေရာ၌ မြောက်မြားလှစွာသော ဝိဉာဉ်တစ်သောင်းအလံတိုင်များနှင့် သွေးပင်လယ်အလံတိုင်များ ရှိနေခဲ့ကြပြီး တစ်မြို့လုံးမှာ သွေးနံ့များ ထောင်းထောင်းထနေခဲ့သလို ရက်စက်ကြမ်းကြုတ်လှသည့် ယင်ဝိဉာဉ်များမှာလည်း မြို့အနှံ့ လွတ်လပ်စွာ ကူးကလန်ခတ် သွားလာနေခဲ့လေသည်။

(ငါ အချိန်ကိုက်ကို ရောက်လာတာပဲ…) ရန်ကိုင် ရှေ့သို့တိုးသွားလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ လူအချို့ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ယခုကဲ့သို့သောအခြေအနေမျိုးတွင် အခြားလူများ၏အကူအညီကိုပါ ထပ်ယူရပေလိမ့်မည်။ ရန်ကိုင်တစ်ယောက်တည်း ရှေ့ထွက်သွား၍ အဆင်ပြေပါသော်ငြား သူ့ဘက်တွင် လူများများပိုရှိနေပါက တောင်စိမ်းကြယ်မှ ဒေသခံကျင့်ကြံသူများကို ပို၍များများ ကယ်တင်နိုင်ပေလိမ့်မည်။

ရန်ကိုင်ဘာမျှမပြောရသေးခင်မှာပင် လျို့ယန်သည် ရန်ကိုင်ဆီသို့ ပြေးလာပြီး သူ့အား ခြေထောက်ဖြင့် ကန်ချလိုက်လေသည်။

“နင် ဘာလုပ်နေတာလဲ…” ရန်ကိုင်သည် လျို့ယန်အား စိုက်ကြည့်လိုက်သည်။

လျို့ယန်သည် နှုတ်ခမ်းလေးစူလိုက်လေသည်။ သူမ၏မျက်လုံးများမှာလည်း မျက်ရည်ဝိုင်းလာခဲ့လေသည်။ ကြည့်ရသလောက် လွန်ခဲ့သည့်ရက်များအတွင်း သူမအား လုံးဝလျစ်လျူရှုထားသည့်ရန်ကိုင်ကို အပြစ်တင်နေသည့်ပုံပင်။ ရန်ကိုင်မှာ လျို့ယန်အား ဆူပူပစ်လိုက်ချင်ပါသော်ငြား သူမ၏ပုံစံလေးကိုမြင်ပြီးသည့်နောက် ပြောလက်စစကားများကို ပြန်မျိုချ၍ လျို့ယန်ကို သူ့ပုခုံးပေါ် ကောက်တင်လိုက်လေသည်။ “ဒီလောက်ဆိုရပြီလား…”

လျို့ယန်သည် ရန်ကိုင်၏ခေါင်းကို သူမလက်ဖြင့် ဖက်ထားလိုက်ပြီးသည့်နောက် ယဲ့ယဲ့လေးပြုံးလိုက်လေ၏။

လီကျောက်က လက်သီးဆုပ်၍ မေးလိုက်သည်။ “ရောင်းရင်းရန်…”

ဟဲယွင်ရှန်းကလည်း နှုတ်ဆက်လိုက်သည်။ “ဆရာ…”

ကျောက်တုံးကိုယ်ပွား၊ လျူစန်းနျန်နှင့် ရွမ်ပိတင်တို့မှာ ဘာမျှမပြောပါသော်ငြား သုံးဦးစလုံးသည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။

“ခင်ဗျားတို့ရဲ့ကျင့်ကြံခြင်းကို သေချာဖိနှိပ်ထားပြီးသွားပြီလား… အခု အခြားသူတွေကို တိုက်ခိုက်လို့ရော အဆင်ပြေပြီလား…” ရန်ကိုင်က မေးလိုက်သည်။

“အဆင်ပြေပြီ…” လီကျောက်က ခေါင်းညိတ်လိုက်သည်။ လီကျောက်သည် နဂါးကျွန်းမှ ထွက်လာပြီးသည့်အချိန်မှစ၍ လောကဓာတ်လုံးထဲတွင် တောက်လျှောက်ရှိနေခဲ့ရခြင်းဖြစ်ပြီး ယခုမှသာလျှင် အပြင်သို့ ထွက်လာခဲ့ရခြင်း ဖြစ်လေသည်။

ဟဲယွင်ရှန်းသည် ယန်စုဝေးခြင်းမြို့ဆီသို့ လှမ်းကြည့်၍ မေးလိုက်လေ၏။ “ဆရာ… ကျွန်မတို့ အဲ့တိုက်ပွဲထဲ ဝင်ပါရမှာလား…”

“ဟုတ်တယ်…” ရန်ကိုင်က ရှေ့တည့်တည့်ကို ညွှန်ပြလျက် “အဲ့ အလံတိုင်တွေကို ဝှေ့ယမ်းနေတဲ့လူတွေကို တွေ့တယ်မလား… အဲ့လူတွေအကုန်လုံးကို သတ်ပစ်ရမှာ…”

“သိပါပြီဆရာ…” ဟဲယွင်ရှန်း ခေါင်းညိတ်လိုက်လေသည်။

ရွမ်ပိတင်သည် ဘေးပတ်ဝန်းကျင်အား စိုးရိမ်တကြီးဖြင့် လှည့်ပတ်ကြည့်နေသည်ကိုမြင်သော် ရန်ကိုင်က ရှင်းပြလိုက်လေ၏။ “စုယန်က အခု အခြားတစ်နေရာမှာ…”

ရွမ်ပိတင်အား စုယန်နှင့်အတူထားခဲ့ရန် ရန်ကိုင် အမှန်တကယ်ကို မေ့သွားခဲ့သည်။ သို့သော်ငြား ရွမ်ပိတင်လည်း ဤနေရာသို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် အနည်းဆုံးတော့ သူ့တွင် အကူတစ်ယောက် ထပ်တိုးသွားသည်ဟု ပြော၍ရပေသည်။

ပြောရင်းဆိုရင်းမှ ရန်ကိုင်တို့အဖွဲ့သည် ယန်စုဝေးခြင်းမြို့ဆီသို့ ချဉ်းကပ်လာခဲ့လေသည်။

လက်ရှိအချိန်တွင် မြို့တစ်ခုလုံးကို လွှမ်းခြုံထားသည့် အစီအရင်မှာ တဖြည်းဖြည်းနှင့် ကျုံ့ဝင်လာနေခဲ့ကာ ဝတ်ရုံဖြူအဖွဲ့မှ ကျင့်ကြံသူများကို ဖိအားပေးနေခဲ့လေသည်။ ထိုလူများသည် ဝိုင်းဝန်းပိတ်ဆို့မှုအောက်မှ ရုန်းထွက်ချင်ပါသော်ငြား ထိုသို့မလုပ်နိုင် ဖြစ်နေခဲ့ရသည်။ ထိုအကြောင်းကြောင့် အစီအရင် တဖြည်းဖြည်း ပိတ်နေသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရလေ၏။

ထိုကဲ့သို့သော မျှော်လင့်ချက်မဲ့နေသည့် အချိန်မျိုးတွင် လူစိမ်းအချို့ မြို့အပြင်ဘက်၌ ရောက်လာသည်ကို ထိုလူများ တွေ့ကြရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၃၅)

ဘာသာပြန်သူ_တိမ်တိုက်

ထိုအခိုက်အတန့်မှာပင် ယန်စုဝေးခြင်းမြို့တစ်မြို့လုံး တသိမ့်သိမ့်တုန်ခါလာခဲ့ပြီး မြို့အကာအကွယ်အစီအရင်မှာ အပြည့်အဝ ပိတ်သွားခဲ့လေသည်။

သူတို့ ကံဆိုးမိုးမှောင်ကျပြီမှန်း သဘောပေါက်လိုက်သော် ဝတ်ရုံဖြူအဖွဲ့မှ ကျင့်ကြံသူများ၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားကုန်ကြလေသည်။

လူတိုင်း၏အကြည့်အောက်တွင်ပင် ကျောက်တုံးကိုယ်ပွားသည် ရှေ့သို့တိုး၍ မြို့အကာအကွယ်အစီအရင်အား လက်သီးဖြင့် ထိုးချလိုက်လေသည်။

မည်သည့်ချီစွမ်းအင်ကိုမှ ထုတ်လွှတ်ထားခြင်း မရှိလင့်ကစား ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်သည် လောကတစ်ခုလုံးကို တသိမ့်သိမ့်တုန်ခါသွားစေခဲ့လေသည်။ လက်သီးချက်ထဲ ကိန်းအောင်းနေသည့်စွမ်းအားကို ခံစားမိလိုက်သော် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကုန်ကြလေ၏။

ရှီဟွော့၏အမြုတေကို သန့်စင်ပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွားသည် သာမန်လူတစ်ဦးအရွယ်အစားအဖြစ်သို့ သူ့ခန္ဓာကိုယ်ကို ချုံ့နိုင်သွားခဲ့သည်။ သို့သော်ငြား သူ၏မူရင်းအသွင်မှာ မိုးထိမတတ်မြင့်မားလှသည့် ကျောက်ဘီလူးကြီးတစ်ကောင်ဖြစ်လေရာ သူ့လက်သီးချက်မှာ အားမပြင်းသယောင် ထင်ရပါသော်ငြား တကယ့်တကယ်တွင်တော့ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးချက်တစ်ခု ဖြစ်နေဆဲပင်။

ကျောက်တုံးကိုယ်ပွား၏လက်သီးချက်နှင့် ယန်စုဝေးခြင်းမြို့တစ်မြို့လုံးကို လွှမ်းခြုံထားသော ထွင်းဖောက်မြင်ရသည့် မြို့အကာအကွယ်အစီအရင်မှာ တစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့ရလေသည်။ အကာအရံမျက်နှာပြင်ထက် အက်ကြောင်းများစွာ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အကာအရံတစ်ခုလုံးသည် အလင်းစက်လေးများအသွင်သို့ ကွဲကြေပျောက်ကွယ်သွားခဲ့လေ၏။

ရန်ကိုင် ဘာမှ ထပ်မပြောရသေးခင်မှာပင် လီကျောက်၊ လျူစန်းနျန်၊ ရွမ်ပိတင်၊ ဟဲယွင်ရှန်းနှင့် ကျောက်တုံးကိုယ်ပွားတို့သည် အလင်းတန်းငါးခုအသွင်သို့ ပြောင်းလျက် တိုက်ပွဲမြေပြင်အသီးသီးဆီသို့ ပြေးထွက်သွားကြလေသည်။ သူတို့ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် ရန်သူအားလုံးမှာတော့ ခြွင်းချက်မရှိ အသတ်ခံကြရလေသည်။

ထိုလူငါးဦးအနက် ဟဲယွင်ရှန်း၏ကျင့်ကြံခြင်းမှာ အနိမ့်ဆုံးဖြစ်ပေသည်။ တကယ်တော့ သူမ တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ရောက်သည်မှာ ကြာမှ မကြာသေးလေပဲ။ ထိုသို့ပင်ဖြစ်လင့်ကစား ယန်စုဝေးခြင်းမြို့တော်ထဲတွင် အားအကောင်းဆုံးသောရန်သူဆို၍ တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိပေသည်။ ထိုအဆင့်သို့ရောက်နေသည့် ကျင့်ကြံသူပင်လျှင် တစ်ဦးတည်းသာရှိပြီး ကျန်လူအားလုံးမှာတော့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်နှင့် ပထမအဆင့်များသာ ဖြစ်ကြသည်။ ထို့အပြင် ရန်သူ့အဖွဲ့ထဲ၌ပင်လျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့်လူ များများစားစားမရှိလေရာ ရန်ကိုင်တို့အဖွဲ့ကို မည်ကဲ့သို့များ ပြန်လည်တိုက်ခိုက်နိုင်ပါမည်နည်း။

အရွယ်ရောက်စစ်သားများမှ ကလေးများရန်ဖြစ်နေသည့်ပွဲ၌ ဝင်ပါနေသကဲ့သို့ပင် ရန်ကိုင်တို့အဖွဲ့သည် တစ်ဖက်ရန်သူအဖွဲ့ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်တို့အဖွဲ့ကြောင့် လူအယောက်တစ်ရာကျော်မက သေသွားခဲ့ပြီး ထိုလူများထဲ တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူ အတော်များများပင် ပါဝင်နေခဲ့လေသည်။

ရန်ကိုင်တို့၏ရောက်ရှိလာမှုသည် တိုက်ပွဲရေချိန်ကို တမုဟုတ်ချည်း ပြောင်းလဲသွားစေခဲ့လေသည်။ မူလက သေရန် ဆုံးဖြတ်ထားကြသည့် ဝတ်ရုံဖြူအဖွဲ့သားများမှာလည်း ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်နေခဲ့ကြလေသည်။ အံ့အားသင့်နေရာမှ အသိပြန်ဝင်လာပြီးသည့်နောက်တွင် ရောက်ရှိလာသည့်စစ်ကူများ၏ အကူအညီဖြင့် ရန်သူများကို တန်ပြန်တိုက်ခိုက်ကြတော့လေသည်။ ထိုသို့ဖြင့် ယခင်က အောက်စည်းသို့ ရောက်နေခဲ့သော ဝတ်ရုံဖြူအဖွဲ့သားများမှာ မရဏဂိုဏ်းသားများကို အထက်စည်းမှ ပြန်လည်တိုက်ခိုက်လာနိုင်တော့လေ၏။

“အို…” ရန်ကိုင်သည် ရုတ်တရက် တစ်ခုသောအရပ်ဆီသို့ လှမ်း၍ကြည့်လိုက်လေသည်။ ထိုအရပ်တွင် အဖြူရောင်ဝတ်လူတစ်ဦးသည် အနက်ရောင်ချီမျှင်များ ရုန်းကန်လှုပ်ရှားနေခဲ့လေသည်။ ထိုအနက်ရောင်ချီမျှင်များကို ဖြတ်ကျော်၍ အဖြူရောင်ဝတ်ရုံဝတ်လူ၏မျက်နှာကို မြင်လိုက်ရလေသည်။ ထိုလူကိုမြင်ပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားတော့လေသည်။ ထိုလူအား ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် တကယ်ကို မထင်ထားခဲ့‌ပေ။

တစ်ခဏမျှ စဉ်းစားကြည့်လိုက်သည့်နောက် ထိုလူ မည်သူဖြစ်သလဲဆိုသည်ကို သတိရသွားခဲ့သည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်သည် ထိုလူနှင့် သိပ်မရင်းနှီးပေ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တစ်ကြိမ်မျှလောက်သာ တွေ့ခဲ့ဖူးသည်။ သို့သော်ငြား ထိုလူသည် ထိုစဉ်က ရန်ကိုင်အား ဝင်ကူညီပေးခဲ့သည့်အတွက်ကြောင့် သူတို့နှစ်ဦးမှာ တစ်မျိုးတစ်ဖုံဆက်စပ်သည်ဟု ပြော၍ရပေသည်။

ထိုလူနှင့်ရန်ကိုင် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း ထိုလူမှာတော့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ပင် ရောက်နေခဲ့သည်။ သို့သော်ငြား ထိုလူ၏တပည့်ဖြစ်လေရာ သူ့အရည်အချင်းအား မေးခွန်းထုတ်နေစရာမလိုပေ။

လက်ရှိအချိန်တွင် ထိုလူသည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ ခေါင်းဆောင်ဖြစ်ဟန်တူသော တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်နေခဲ့လေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ရန်သူ၏အရှိန်အဝါမှာ တည်ငြိမ်ခြင်းမရှိကာ ထိုလူသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်ထားသည်မှာ မကြာသေးသည့်ပုံပင်။

တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်ထားသည်မှာ မကြာသေးသည့် ထိုလူမှာတော့ လျော့လျော့ရဲရဲဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုပုကွကွ လူအိုကြီးတစ်ဦး ဖြစ်ပေသည်။ လက်ရှိအချိန်တွင်‌ လူအိုကြီးသည် ဝိဉာဉ်တစ်သောင်းအလံကို ဘယ်ဘက်လက်တွင်ကိုင်ရင်း သွေးပင်လယ်အလံကိုမူ ညာဘက်လက်တွင် ကိုင်ထားခဲ့လေသည်။ ဘယ်ဘက်လက်တွင်ကိုင်ထားသည့် ဝိဉာဉ်တစ်သောင်းအလံတိုင်ထဲမှ ခြောက်ခြားဖွယ်ရာအော်မြည်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး ထိုအော်သံများသည် အဖြူရောင်ဝတ်ရုံဝတ်လူ၏ စိတ်အစုံကို အဆက်မပြတ် နှောင့်ယှက်နေခဲ့လေသည်။ တစ်ချိန်တည်းတွင် လူအိုကြီး၏ ညာဘက်လက်ထဲတွင်ရှိနေသော သွေးပင်လယ်အလံတိုင်ထဲမှ သွေးအလင်းတန်းများ အဆက်မပြတ် ဖြာထွက်လာနေခဲ့လေသည်။

သူတို့နှစ်ဦး၏ကျင့်ကြံခြင်းမှာ အတော်လေးကိုမှ ကွာခြားနေခဲ့သလို အသုံးပြုသည့် မှော်ရတနာများ၏စွမ်းအားမှာလည်း သိသိသာသာကို ကွာခြားလွန်းနေသည့်အတွက်ကြောင့် ဝတ်ရုံဖြူဝတ်လူမှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား လက်ရှိအချိန်တွင်တော့ လူအိုကြီး၏တိုက်ခိုက်မှုများကို ခုခံနေရုံသာ တတ်နိုင်ခဲ့ပြီး တစ်ချက်ကလေးပင် တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိပေ။

ကျောက်တုံးကိုယ်ပွားမှ ယန်စုဝေးခြင်းမြို့၏ အကာအကွယ်အစီအရင်အား ဖျက်ဆီး၍ လူအိုကြီးအား တိုက်ပွဲအပေါ် အပြည့်အဝ အာရုံမစိုက်နိုင်အောင် လုပ်လိုက်သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ယခုအချိန်လောက်ဆိုလျှင် ဝတ်ရုံဖြူဝတ်လူ ရှုံးနိမ့်သွားနေလောက်လေပြီ။

ထို့နောက်တွင် ရန်ကိုင်သည် လေပေါ်သို့ ခုန်တက်၍ ထိုလူနှစ်ဦးဆီသို့ ချဉ်းကပ်လာခဲ့သည်။ သူတို့ဆီသို့ ပျံသန်းလာနေသော ရန်ကိုင်ကိုကြည့်ရင်း လူအိုကြီး၏အမူအယာ သုန်မှုန်သွားခဲ့ပြီး အနည်းငယ် သတိလက်လွတ် ဖြစ်သွားခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဝတ်ရုံဖြူဝတ်လူမှာလည်း အနည်းငယ် အသက်ရှူချောင်သွားခဲ့ရ၏။

မကြာမီ ရန်ကိုင်သည် ထိုလူနှစ်ဦးနှင့် မလှမ်းမကမ်းဆီသို့ ရောက်လာခဲ့လေသည်။

လူအိုကြီးက ချက်ချင်း အော်ပြောလိုက်လေသည်။ “မင်းဘယ်သူလဲ… မင်း ငါတို့ဂိုဏ်းကို ဆန့်ကျင်ချင်နေတာလား…” ထိုလူများသည် တောင်စိမ်းကြယ်မှလူများမဟုတ်ကြမှန်း လူအိုကြီးပြောနိုင်ပေသည်။ သူ ဤကြယ်ပေါ်တွင်နေနေသည်မှာ ဆယ်နှစ်ကျော်မကတော့။ ထိုအချိန်အတောအတွင်း တောင်စိမ်းကြယ်မှ ဒေသခံကျင့်ကြံသူပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ထို့အတွက်ကြောင့် ဤနေရာရှိ ပညာရှင်များအကြောင်းကို ကောင်းကောင်းသိထားပေသည်။ သို့ရာတွင် ယခု အသစ်ရောက်လာသည့် လူများအကြောင်းကိုမူ သူမသိပေ။ သို့သော်ငြား ထိုလူတစ်ဦးချင်းစီတိုင်းသည် သူ့အား အသွေးထဲအသားထဲထိ ကြောက်ရွံ့သွားအောင် လုပ်နိုင်ပေသည်။

ထို့အတွက်ကြောင့် ရန်ကိုင် သူ့အနားသို့ ချဉ်းကပ်လာနေသည်ကိုမြင်သည့်အခါ လူအိုကြီးမှာ တိုက်ပွဲအပေါ် သေချာအာရုံမစိုက်နိုင်တော့ပေ။ ယနေ့တွင် ဝတ်ရုံဖြူအဖွဲ့အား မဖျက်ဆီးနိုင်ရုံသာလျှင်မဟုတ်ဘဲ ယန်စုဝေးခြင်းမြို့ကိုပါ လက်လွှတ်လိုက်ရမည်ကို လူအိုကြီး စိတ်ပူနေခဲ့သည်။ သို့သော်ငြား တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသည့်အတွက်ကြောင့် အလျင်စလို ထွက်မပြေးခဲ့ပေ။ ရောက်လာသည့်လူများ၏ အခြေအနေကို သေသေချာချာ သုံးသပ်ပြီးသည့်နောက်မှသာလျှင် ဂိုဏ်းဆီသို့ ပြန်ကာ အကူအညီတောင်းခံရန် စဉ်းစားထားခဲ့လေသည်။

“လူအိုကြီးရေ… ခင်ဗျား သတိထားပေတော့နော်… ကျုပ်ကတော့ ကျုပ်ရဲ့လျှို့ဝှက်လက်နက်ကို ထုတ်သုံးတော့မှာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အနည်းငယ်မျှပင် အချိန်ဖြုန်းမနေတော့ဘဲ သူ့ခေါင်းဆီမှ တစ်ခုခုကိုဆုပ်ကိုင်၍ ရှေ့တည့်တည့်သို့ လှမ်းပစ်လိုက်လေသည်။

လူအိုကြီးနှင့် ဝတ်ရုံဖြူဝတ်လူမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ဆက်တိုက်ဖို့ကိုပင် မေ့လျော့နေခဲ့ပြီး မင်သက်နေကုန်ကြလေသည်။ ရန်ကိုင် သူတို့ဆီသို့ ပစ်ထည့်လိုက်သည့်အရာမှာ အခြားမဟုတ်။ သူ့ပုခုံးပေါ်တွင် ထိုင်နေသည့် ကောင်မလေးသာ ဖြစ်ပေသည်။

ထိုကောင်မလေးသည် အသက် ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိပေဦးမည်။ သူမ၏ဆံပင်ရှည်များမှာ ခါးထိတိုင် ရောက်နေခဲ့ပြီး မျက်နှာအမူအယာမှာမူ အတော်လေးကိုမှ ချစ်စဖွယ်ကောင်းလှလေသည်။ ထိုကောင်မလေးကို မြင်လိုက်သည့်မည်သူမဆို သူမအား သဘောကျနှစ်သက်သွားနိုင်ပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူတို့ဆီသို့လာနေသည့်လူငယ်လေးသည် ထိုကောင်မလေးအား လက်နက်တစ်ခုသဖွယ် အသုံးချနေလေသည်။ ကောင်မလေးမှာလည်း မင်သက်နေသည့်အမူအယာဖြင့် လူအိုကြီးဆီသို့ တိုးဝင်သွားခဲ့လေ၏။ ထိုသို့ပင်ဖြစ်လင့်ကစား အနည်းငယ်မျှ ရုန်းကန်သည့် အရိပ်အယောင်တော့ မပြ‌ပေ။

လူအိုကြီးမှာ ‘ငါ့ကိုများ လာအထင်သေးရဲတယ်လား’ဟု တွေးလျက် ဒေါသူပုန်ထသွားခဲ့လေသည်။ သူ့စိတ်ထဲ ထိုကောင်မလေးအား သတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာရပါသော်ငြား ကောင်မလေးနှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် လူအိုကြီး အမှန်တကယ်ကို ကြောက်ရွံ့သွားခဲ့ရလေသည်။

ထို့နောက် ပျာယီးပျာယာဖြင့် သူ့လက်ထဲတွင်ရှိနေသော သွေးပင်လယ်အလံတိုင်ကို ဝှေ့ယမ်းချလိုက်သည်။ သွေးပင်လယ်အလံတိုင် အရောင်တလက်လက် တောက်ပလာခဲ့ပြီးသည့်နောက်တွင် ကောင်မလေးအား အလံတိုင်ထဲသို့ ဆွဲခေါ်သွားခဲ့လေသည်။

(ဒီကောင်မလေးဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး… သူ့ကို အရင်ဆုံး ဓါးစာခံလုပ်ထားရမယ်…)

ထိုအချင်းအရာကိုမြင်သော် ဝတ်ရုံဖြူဝတ်လူသည် လူအိုကြီး အခြားကိစ္စတစ်ခုအပေါ် အာရုံရောက်နေသည်ကို အခွင့်ကောင်းယူ၍ တစ်ဖက်လူအား ဖိအားပေးတိုက်ခိုက်ရန် ကြိုးစားလိုက်ပါသော်ငြား အလုပ်မဖြစ်ခဲ့ပေ။ သို့သော်ငြား လူအိုကြီးအား ဖိအားပေး၍ မတိုက်ခိုက်နိုင်ခဲ့သည့်အပြင် သူသည်သာ နောက်သို့ ပြန်ဆုတ်သွားခဲ့ရလေသည်။

“ရောင်းရင်းရှု… မတွေ့ရတာကြာပြီနော်.. မင်းဘယ်လိုနေလဲ..” ရန်ကိုင်သည် လေထဲတွင်ဝဲနေရင်းမှ ဝတ်ရုံဖြူဝတ်လူအား ပြုံးကာ နှုတ်ဆက်လိုက်လေသည်။

“မင်းက…” ရှုပင်းပိုင်သည် ရန်ကိုင်အား မျက်မှောင်ကျုံ့ကာ ကြည့်လိုက်လေသည်။ ဤလူအား သူ့စိတ်ထဲ အနည်းငယ်ရင်းနှီးနေသလို ခံစားနေရသည်။ သို့သော်ငြား သေချာမမှတ်မိနိုင်ခဲ့။ ခဏမျှ စဉ်းစားကြည့်နေပြီးသည့်နောက်မှသာ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က အဖြစ်အပျက်တစ်ခုကို ပြန်သတိရသွားခဲ့ပြီး အထိတ်တလန့်ဖြင့် မေးလိုက်လေသည်။ “မင်းလား…”

ယခု ရန်ကိုင် မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သူ မှတ်မိသွားခဲ့လေသည်။

ရန်ကိုင်က ပြုံးလျက် “ဟုတ်တယ်… ငါပဲ…”

“မင်း ဘယ်လိုလုပ်ပြီးတော့…” ရန်ကိုင် ဤနေရာတွင် ပေါ်လာသည့်အပေါ် ရှုပင်းပိုင်မှာ အမှန်တကယ်ကို မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ တကယ်တော့ သူတို့ကြားထားခဲ့သည့်သတင်းများအရ ရန်ကိုင် ကြယ်စီရင်စုကြီးထဲမှ ထွက်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ မဟုတ်လေလော။ ပြောကြသည်မှာတော့ ရန်ကိုင်သည် မဟာဧကရာဇ်တံဆိပ်ပြားများကို အသုံးပြု၍ ပိုမိုအဆင့်မြင့်သည့် ကမ္ဘာတစ်ခုဆီသို့ ဦးတည်နေသော လေဟာနယ်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးခဲ့သည်ဟူ၍ပင်။

ထိုစဉ်က ရန်ကိုင်နှင့်အတူ လိုက်သွားခဲ့သည့်လူများမှာ ကြယ်စီရင်စုကြီး၏ အားအကောင်းဆုံးသောပညာရှင်များ ဖြစ်ကြသည့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ခေါင်းဆောင် အိုင်းအောင်၊ မွန်းစတားဧကရာဇ်ကြယ်မှ မွန်းစတားဘုရင်ချီယွဲ့၊ ဓါးအဖွဲ့အစည်း၏ အဖွဲ့အစည်းခေါင်းဆောင် ကုချန်းယွင်နှင့် ရှုပင်းပိုင်၏ဆရာ ဝူတောက်တို့ ဖြစ်ကြပေသည်။

ထိုလူများ ထွက်သွားခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ ထွက်သွားပြီးသည့်အချိန်မှစ၍ ထိုလူများနှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မရခဲ့။ ဝူတောက်ထွက်မသွားခင် ရှုပင်းပိုင်အား ကိစ္စများစွာကို ပြောပြခဲ့လေရာ ရှုပင်းပိုင်မှာ ထိုကိစ္စကို သေသေချာချာ သိထားပေသည်။

(သူ ဘာလို့ ဒီကိုရောက်နေတာလဲ… ငါ့ဆရာရော…) ရှုပင်းပိုင်သည် သူ့အား ပြုစုပျိုးထောင်ပေးခဲ့သည့်လူကို တွေ့လို့တွေ့ငြား လှည့်ပတ်ကြည့်လိုက်ပါသော်ငြား ထိုလူကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။

သူ့ရန်သူမှာ သူ့ရှေ့တည့်တည့်တွင်ပင် သူ့ကိုလျစ်လျူရှုလျက် စကားဖောင်ဖွဲ့နေသည်ကိုမြင်သော် မရဏဂိုဏ်းမှလူအိုကြီး ဆက်၍သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ထအော်လေသည်။ “မင်းဘယ်သူလဲကွ…”

ရန်ကိုင်သည် လူအိုကြီးဘက်သို့လှည့်၍ “ခင်ဗျားက မကြာခင်သေရတော့မှာကို ဘာလို့ ဒီလောက်အပိုမေးခွန်းတွေ လာမေးနေရတာလဲ…”

ထိုစကားကိုကြားသော် လူအိုကြီး မျက်နှာပျက်သွားခဲ့ပြီး အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “ငါ မင်းကို မှတ်ထားမယ်… ငါတို့ဂိုဏ်း တစ်နေ့ ဒီကိစ္စအတွက် ကျိန်းသေ မင်းကို လက်စားလာပြန်ချေမယ်…”

ထိုသို့ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားလေ၏။

ရှုပင်းပိုင်မှာတော့ ထိုလူအိုကြီးအား ထွက်သွားခွင့်ပြုလိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် လူအိုကြီးနောက်သို့ လိုက်ဖမ်းရန် လုပ်လိုက်ပါသော်ငြား ရန်ကိုင်က သူ့လက်ကိုမြှောက်၍ တားလိုက်လေသည်။ “လူသေတစ်ယောက်နောက်ကို ဘာဖြစ်လို့ ဆက်လိုက်နေဦးမှာလဲ…”

ရှုပင်းပိုင်သည် ရန်ကိုင်အား ဇဝေဇဝါအမူအယာဖြင့် ကြည့်လာခဲ့လေသည်။ ရန်ကိုင် မည်သည့်ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေသလဲဆိုသည်ကို သူမသိပါသော်ငြား ထိုလူကြီးသည် ရန်ကိုင်၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်းတော့ ရှုပင်းပိုင် သိပေသည်။ ထိုလူအိုကြီးသည် မရဏဂိုဏ်း၏ ခြောက်ယောက်မြောက်အကြီးအကဲ ဖြစ်သည့်အတွက်ကြောင့် ထိုလူအိုကြီးကိုသာ သတ်ပစ်လိုက်နိုင်မည်ဆိုလျှင် မရဏဂိုဏ်း၏ခွန်အားကို ကျိန်းသေ လျော့ကျသွားစေနိုင်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ထိုကဲ့သို့သောလူတစ်ဦးအား ဘာကြောင့် လွှတ်ပေးလိုက်သလဲဆိုသည်ကို ရှုပင်းပိုင် နားမလည်နိုင် ဖြစ်နေရခြင်းပင်။

ရန်ကိုင်အား စိုက်ကြည့်နေရင်းမှ ရန်ကိုင်သည် လူအိုကြီးထွက်သွားသည့်အရပ်ဆီသို့ ကြည့်ရင်းမှ ယဲ့ယဲ့လေးပြုံးနေကြောင်း သတိထားမိသွားခဲ့သည်။

တစ်ခုခုအား သဘောပေါက်သွားသည့်အလား ရှုပင်းပိုင်လည်း လူအိုကြီးရှိရာအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရလေ၏။

လက်ရှိအချိန်တွင် လူအိုကြီးမှာ သူတို့နှင့် မီတာပေါင်းများစွာအကွာသို့ ရောက်နေခဲ့လေပြီ။ သို့သော်ငြား ထိုနေရာသို့ရောက်ပြီးသည့်နောက် တစ်စုံတစ်ခု၏ ထိမှန်ခြင်း ခံလိုက်ရသည့်အလား ရုတ်တရက် ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် သူ့လက်ထဲ၌ရှိနေသော သွေးပင်လယ်အလံတိုင်မှာ စတင်၍ မီးလောင်လာတော့လေသည်။

အစပိုင်းတွင် မီးလောင်နေသည့်နေရာမှာ သိပ်၍မသိသာသေး။ သို့သော်ငြား မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမီးတောက်များသည် သွေးပင်လယ်အလံတိုင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ လူအိုကြီးမှာ သွေးအပွက်ပွက် အန်ထွက်နေရင်းမှ သူ့လက်ထဲတွင် ရှိနေသည့် သွေးပင်လယ်အလံတိုင်ကို လွှင့်ပစ်လိုက်လေသည်။

လူအိုကြီးသည် ဤသွေးပင်လယ်အလံတိုင်ကို သူ့စိတ်စွမ်းအားကိုသုံး၍ သန့်စင်ထားခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် သွေးပင်လယ်အလံတိုင် ထိခိုက်သွားရသည့်နောက်တွင် လူအိုကြီးလည်း တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရခြင်း ဖြစ်လေ၏။

ထိုအခိုက်အတန့်မှာပင် သွေးပင်လယ်အလံတိုင်ထဲမှ မီးပွားလေးတစ်ခု ပျံထွက်လာခဲ့ပြီး ထိုမီးပွားလေးသည် မီးဖီးနစ်အသေးစားလေးအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ မီးဖီးနစ်လေးသည် လက်တစ်ဝါးအရွယ်အစားလောက်သာ ရှိပါသော်ငြား အလွန်ကိုမှ ကျော့ရှင်းလှပေသည်။ ထိုမီးဖီးနစ် သူ့ဆီသို့ ပျံသန်းလာနေသည်ကိုမြင်လိုက်သော် လူအိုကြီးမှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့ဘယ်ဘက်လက်ထဲတွင်ရှိနေသည့် ဝိဉာဉ်တစ်သောင်းအလံတိုင်ကို ဝှေ့ယမ်းရင်း သူ့ပတ်ပတ်လည်၌ အကာအရံတစ်ခု ဖန်တီးလိုက်လေ၏။

သို့ရာတွင် လူအိုကြီးဖန်တီးထားသည့် အကာအကွယ်သည် မီးဖီးနစ်အား တစ်ခဏလေးမျှပင် ခုခံနိုင်ခဲ့ခြင်းမရှိ။ မီးဖီးနစ်နှင့်အတွေ့၌ လူအိုကြီးဖန်တီးထားသည့်အကာအရံသည် တမုဟုတ်ချည်း အငွေ့ပျံသွားခဲ့ရလေသည်။ ထို့နောက်တွင် လူအိုကြီးသည်ပါ မီးစွဲလောင်သွားခဲ့ရလေ၏။ လူအိုကြီး၏ ခြောက်ခြားဖွယ်ရာအော်ဟစ်သံတို့မှာ မီးတောက်များကြားမှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား သူ့အော်သံသည် တစ်ခဏလောက်သာ ကြာခဲ့ပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့ရလေသည်။

ထိုအခိုက်အတန့်မှာပင် ပြာပုံဘဝသို့ရောက်သွားသော သွေးပင်လယ်အလံတိုင်ထဲမှ လက်တစ်ဖက် ထွက်လာခဲ့လေသည်။ ထို့နောက် သွေးသွယ်သွယ်ပုံရိပ်လေးတစ်ခု ခုန်ထွက်လာခဲ့လေ၏။

ထို့နောက်တွင် လေပေါ်သို့ ပျံတက်လိုက်ပြီး သူမ၏အဝတ်အစားများကို ဖုန်ခါလိုက်ပြီးသည့်နောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်သည်။ ရန်ကိုင်ကိုမြင်လိုက်သော် ရန်ကိုင်ရှိရာဆီသို့ အရပ်ဆီသို့ ပျံသန်းလာခဲ့ပြီး အစောပိုင်းကကဲ့သို့ပင် ရန်ကိုင်ပုခုံးပေါ်တွင် တက်ထိုင်ကာ သူမလက်နှစ်ဖက်ဖြင့် ရန်ကိုင်ခေါင်းအား ဖက်ထားလိုက်လေ၏။

ရှုပင်းပိုင်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။ ပုံမှန်အားဖြင့် ရှုပင်းပိုင်မှာ အတော်လေးကိုမှ တည်ငြိမ်သည့်လူတစ်ဦး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ သူ့ကိုယ်သူ အိပ်မက်များ မက်နေသလားဟုပင် တွေးနေခဲ့လေသည်။

(တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်အလွယ်တကူ အသတ်ခံလိုက်ရတာလဲ… ဒီကောင်မလေး ဘယ်အဆင့်ကိုများ ရောက်နေတာလဲ… ပြီးတော့ သူသုံးသွားတဲ့မီးတောက်က ဘယ်လိုမီးတောက်မျိုးကြီးလဲ…)

ရှုပင်းပိုင်၏အကြည့်ကို သတိပြုမိလိုက်သည့်အလား လျို့ယန်သည် ရှုပင်းပိုင်ဆီသို့ လှည့်ကြည့်လာခဲ့သည်။ သူမ၏အကြည့်သည် စမ်းရေစင်ပမာ အကြွင်းမဲ့ ကြည်လင်ရှင်းလင်းနေခဲ့လေသည်။ ရှုပင်းပိုင်မှာတော့ လျို့ယန်၏ စိုက်ကြည့်ခြင်း ခံလိုက်ရပြီးသည့်နောက် စိတ်မသက်မသာဖြစ်လာကာ ချက်ချင်း အကြည့်လွှဲသွားခဲ့လေ၏။

“ရောင်းရင်းရှု… ဒီတိုက်ပွဲကို အရင်အဆုံးသတ်လိုက်ရအောင်…” ရန်ကိုင်က ပြောလိုက်လေသည်။

ထိုအခါမှသာလျှင် ရှုပင်းပိုင် အသိပြန်ဝင်လာခဲ့ပြီး ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီ…”

ထို့နောက်တွင် သူ့လှံတံကိုဝှေ့ယမ်း၍ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ မြို့ထဲသို့ ခုန်ဆင်းသွားခဲ့လေ၏။ တစ်ချိန်တည်းတွင်လည်း အော်ပြောလိုက်လေ၏။ “ဝတ်ရုံဖြူအဖွဲ့သားတွေ… ဒီနေ့ ငါတို့ ဒီမိစ္ဆာကောင်တွေကို ရှင်းပစ်မယ်ကွ…”

သူ့အဖွဲ့သားများမှာလည်း ရှုပင်းပိုင်အော်သည့်အတိုင်း သံယောင်လိုက်ကာ အော်ဟစ်လိုက်ကြလေသည်။ ချက်ချင်းဆိုသလို ယန်စုဝေးခြင်းမြို့ထဲရှိတိုက်ပွဲမှာ ယခင်ကထက် ပိုမိုပြင်းထန်လာတော့လေ၏။

All Chapters