အခန်း (၄၅၇-၄၅၈)
Vol. 46 Ch. 457-458
အခန်း ၄၅၇ - သခင်လေးကို ကြိုဆိုကြ မဟာရှစစ်တပ်ကြီးကို ကြိုဆိုကြ
"ဘာ မဟာရှစစ်တပ်ကြီး ဟုတ်လား"
မြို့အရာရှိ လင်းမှာ အံ့အားသင့်သွားပြီးနောက် အဝေးမှ ချီတက်လာသည့် တပ်မတော်ကြီးကို သေချာစွာ ထပ်မံကြည့်ရှုစစ်ဆေးလိုက်သည်။
သူ၏ မျက်နှာတစ်ခုလုံး ရုတ်တရက် နီမြန်းလာပြီး နွားသိုးတစ်ကောင်ကဲ့သို့ အမောတကော ပြင်းပြင်းထန်ထန် အသက်ရှူနေမိတော့သည်။
"ဒါ ဒါ တကယ်ပဲ ငါတို့ မဟာရှစစ်တပ်ကြီးပဲ ငါတို့ရဲ့ မဟာရှစစ်သည်တော်တွေ ပြန်လာကြပြီ"
"မဟာရှစစ်သည်တော်တို့ ငါနဲ့အတူ အိမ်ပြန်ကြရအောင်"
ဟူသော ဟိန်းဟောက်သံကြီး တစ်ချက် ပေါ်ထွက်လာပြီးနောက် ဖန့်ချန်သည် ဓားအလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
သူသည် မြို့ရိုးပေါ်ရှိ အရာရှိများကို ကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်ပြီး
"မြို့တံခါးတွေကို ဖွင့်ပေးကြပါ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေကို အိမ်ပြန်ပို့ပေးချင်လို့ပါ"
ဟု ဆိုလိုက်သည်။
"ဒါ ဒါ နတ်စစ်သူကြီး ဖန့်ချန်ပဲ"
အရာရှိများအားလုံး စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများ နီမြန်းကာ ဖန့်ချန်ကို ဦးချရင်း အဆက်မပြတ် အရိုအသေ ပေးကြတော့သည်။
အရာရှိလင်းက မြို့အောက်သို့ အသံကုန်ဟစ်၍ အမိန့်ပေးလိုက်သည်။
"မြို့တံခါးတွေကို အမြန်ဖွင့်ကြ နတ်စစ်သူကြီး ဖန့်ချန်က ငါတို့ရဲ့ မဟာရှစစ်သည်တော်တွေကို အိမ်ပြန်ခေါ်လာပြီ ဘယ်သူမှ မတားဆီးကြနဲ့"
"မဟာရှစစ်သည်တော်တွေပါလား"
မြို့စောင့်စစ်သည်တော်များမှာ မှင်တက်နေရာမှ သတိပြန်ဝင်လာကြပြီး မြို့တံခါးကြီးများကို အလောတကြီး ဖွင့်ပေးလိုက်ကြသည်။
သူတို့သည် ကြောက်စိတ်ကို အောင့်အည်းထားရင်း တလှုပ်လှုပ်နှင့် ချီတက်လာသော အရိုးစုများကို အနီးကပ်ကြည့်ရှုကြရာမှ အမှန်တကယ်ပင် မှတ်မိသွားကြတော့သည်။
"ဒါတွေက တကယ်ပဲ မဟာရှစစ်သည်တော်တွေပဲ သူတို့ဝတ်ထားတဲ့ ဝတ်စုံတွေကို ငါမှတ်မိတယ်"
"ဒါဆို ဒါတွေက သုံးလောကတောင်တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ စစ်သည်တော်တွေပေါ့လေ"
"ဟုတ်မှာပေါ့ စစ်နတ်ဘုရား ဖန့်ချန်ကိုယ်တိုင် ပြန်လာပြီး သူတို့ကို အိမ်ပြန်ပို့ပေးနေတာပဲ"
ချက်ချင်းပင် တစ်မြို့လုံး ဆူညံသွားပြီး မရေမတွက်နိုင်သော ပြည်သူများသည် အိမ်ပြင်သို့ အလုအယက် ထွက်လာကြတော့သည်။
မြို့စောင့်တပ်ဖွဲ့နှင့် အစောင့်အရှောက်များမှာ လမ်းကြောင်းမပိတ်စေရန် ပြည်သူများကို ထိန်းသိမ်းပေးရသည်။
စစ်သည်တော် ခြောက်သိန်း၏ အရိုးစုကြီးမှာ မြို့တွင်းလမ်းမများထက်တွင် စနစ်တကျ ချီတက်သွားကြရာ ကြည့်ရှုနေသူ ပြည်သူများမှာ အံ့သြခြင်း၊ ကြောက်လန့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ ရောပြွမ်းနေကြသည်။
ထိုစဉ် လမ်းဘေးတွင် ရပ်နေသော အဘွားအိုတစ်ဦးမှာ အလွန်အမင်း စိတ်လှုပ်ရှားလာပြီး ငိုယိုကာ လူအုပ်ထဲမှ တိုးထွက်လာသည်။
"ဒါ ငါ့သားပဲ ငါ့သား ပြန်လာပြီ သား အမေ ဒီမှာပါ"
"ရပ်လိုက်ကြ"
ဖန့်ချန်၏ အသံထွက်ပေါ်လာသည်။
သွေးအလောင်းဂိုဏ်း ကျင့်ကြံသူများသည် မဟာရှစစ်သည်တော်များ၏ အရိုးစုများကို ချက်ချင်းပင် ရပ်တန့်စေလိုက်သည်။
ဖန့်ချန်သည် အဘွားအို၏ ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
လမ်းဘေးရှိ ရဲရင့်သောဓားစောင့်တပ်အရှောက် များမှာ ဒူးထောက်ကာ
"နတ်စစ်သူကြီး ဖန့်ချန်ကို အရိုအသေပေးပါတယ်ခင်ဗျာ"
ဟု နှုတ်ဆက်ကြသည်။
သူတို့သည် ဒဏ္ဍာရီလာ ဖန့်ချန်ကို ထိုမျှ နီးနီးကပ်ကပ် တွေ့လိုက်ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
"အဘွား ဘယ်သူက အဘွားရဲ့ သားလဲ"
ဖန့်ချန်က ညင်သာစွာ မေးလိုက်သည်။
"သူပါ သူမှ သူစစ်စစ်ပါ ကျွန်မ ဘယ်တော့မှ မမှားနိုင်ဘူး သူ့ခါးမှာ ချိတ်ထားတဲ့ ခေါင်းလောင်းလေးကို ကြည့်ပါဦး သူ စစ်ထွက်ခါနီးမှာ ကျွန်မကိုယ်တိုင် လုပ်ပေးလိုက်တာပါ"
"သားလေး တိုက်ပွဲမှာ ကျဆုံးသွားလို့ ပြန်လာခဲ့ရင်တောင် ဒီခေါင်းလောင်းသံကို ကြားရင် ငါ့သားပြန်လာပြီဆိုတာ သိနိုင်အောင်လို့လေ"
အဘွားအိုသည် အရိုးစုတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
ထိုအရိုးစု၏ ခါးတွင် ကြိုးအထူဖြင့် ချည်ထားသော ခေါင်းလောင်းလေးတစ်ခု ရှိနေပြီး ထိုအရိုးစုမှာ ခေါင်းလောင်းလေး ပျောက်သွားမှာကို စိုးရိမ်သည့်အလား တန်ဖိုးထားစွာ ကိုင်ထားရှာသည်။
ဖန့်ချန်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး
"အဘွား သူ့ကို အိမ်ပြန်ခေါ်သွားနိုင်ပါပြီ"
ဟု ဆိုလိုက်သည်။
အဘွားအိုနှင့် မိသားစုဝင်များသည် ရှေ့သို့တိုးကာ အရိုးစုကို ဂရုတစိုက်နှင့် အိမ်သို့ ပြန်လည် ပင့်ဆောင်သွားကြသည်။
ထိုနည်းတူစွာပင် ပတ်ဝန်းကျင်ရှိ အခြားသူများမှာလည်း မိမိတို့၏ ချစ်ရသူများကို မှတ်မိလာကြတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက် အရိုးစုစစ်တပ်ကြီးသည် မြို့ထဲမှ ထွက်ခွာ၍ မြို့တော် ဆီသို့ ဦးတည်သွားကြသည်။
လမ်းခရီးတစ်လျှောက်တွင် စစ်သည်တော် ထောင်ပေါင်းများစွာမှာ သူတို့၏ မိသားစုဝင်များက အိမ်သို့ ပြန်လည် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
ဖန့်ချန်၏ အစီအစဉ်မှာ ရိုးရှင်းပါသည်။
မိသားစုက မှတ်မိသူများကို အိမ်ပြန်ခွင့်ပေးမည်ဖြစ်ပြီး ကျန်ရှိနေသူများကိုမူ ထာဝရသုသာန် တွင် ထားရှိမည် ဖြစ်သည်။
ထိုနေရာတွင် မဟာရှနိုင်ငံသားများက လာရောက်ရှာဖွေနိုင်ပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သူများကို ထိုနေရာတွင် ဂုဏ်ပြု မြှုပ်နှံပေးမည် ဖြစ်သည်။
အရာရှိလင်းနှင့် လက်အောက်ငယ်သားများသည် အရိုးစုစစ်တပ်ကြီး ထွက်ခွာသွားသည်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ကျန်ရစ်ခဲ့သည်။
"မြန်မြန် နေရာတိုင်းကို သတင်းပို့လိုက်ကြ အားလုံး ပြင်ဆင်ထားကြဖို့နဲ့ လမ်းကြောင်းတွေကို မပိတ်ဆို့ကြဖို့ မှာလိုက်"
အရာရှိလင်းက အမိန့်ပေးလိုက်သည်။
"ခြောက်သိန်း အားလုံး ခြောက်သိန်းတောင်ပဲ သူတို့တွေက ငါတို့ မဟာရှရဲ့ သားကောင်းတွေပဲ အခုတော့ နောက်ဆုံးတော့ သူတို့ အိမ်ပြန်ရောက်ကြပြီပေါ့"
ဟု အရာရှိလင်းက ဆိုရင်း မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။
"အရာရှိမင်း ဒီတစ်ခါ မဟာရှရဲ့ သားကောင်းတွေ ပြန်လာရုံတင်မကဘူး နတ်စစ်သူကြီးဖန့်ချန်ပါ ပြန်ပါလာတာဆိုတော့ ဖန့်စစ်သူကြီးကို အခုဆို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးလို့ သတ်မှတ်လို့ရပြီ မဟုတ်လား"
ဟု လက်အောက်ငယ်သား တစ်ဦးက မေးလိုက်သည်။
အရာရှိလင်းက မျက်ရည်များကို သုတ်လိုက်ပြီး
"ဒါပေါ့ ဟိုမှာပါလာတဲ့ လူရာကျော်ကို မတွေ့ဘူးလား သူတို့ကလည်း ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်ဒါပေမဲ့ သူတို့ ဖန့်စစ်သူကြီးကို ကြည့်တဲ့ အကြည့်တွေက အလွန်ကို ကြောက်ရွံ့ရိုသေမှုတွေနဲ့ ပြည့်နေတာပဲ"
ဟု ဆိုလိုက်သည်။
မဟာရှမြို့တော်ရှိ နန်းဆောင် တွင် ရှယွမ် သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း သူသည် အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။
နန်းဆောင်အတွင်းတွင် ရင်းနှီးပြီးသား မျက်နှာများဖြစ်သည့် ကျန်းယွီရှူး ၊ ဦးလေးငါး၊ စစ်ရေးဝန်ကြီး ရဲ့တုန်းမင်၊ ယဉ်ကျေးမှုဝန်ကြီး ထောင်မင်ရှန့် နှင့် ဟွမ်စီဟိုင် တို့ ရှိနေကြသည်။
ဟွမ်စီဟိုင်သည် အခုဆိုလျှင် ရဲရင့်သောဓားစောင့်တပ်များ၏ တပ်မှူးကြီး ဖြစ်နေပြီး ရှယွမ်ပြီးလျှင် မဟာရှတွင် ဒုတိယ အာဏာအရှိဆုံးသူ ဖြစ်သည်။
သို့သော်လည်း ရှယွမ်သည် ဧကရာဇ်ဖြစ်သော်လည်း မဟာရှ၏ ကံကြမ္မာကို အမှန်တကယ် လွှမ်းမိုးထားသူမှာ နတ်စစ်သူကြီး ဖန့်ချန်သာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
အစီရင်ခံစာများကို ဖတ်ပြီးနောက် ရှယွမ်က ပြုံးလျက်
"မဆိုးဘူး အခုဆို တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေ အားလုံး သာယာဝပြောနေပြီ ပြည်သူတွေလည်း ဝဝလင်လင် စားနေကြရပြီ ချင်းစုန်းနဲ့ လုံတူးအင်ပါယာတွေဆီက ပဏ္ဏာတော်တွေကလည်း မှန်မှန် ရနေတာပဲ"
ဟု ဆိုကာ
"သမိုင်းတစ်လျှောက်မှာ ငါ့လောက် စိတ်အေးရတဲ့ ဧကရာဇ်ဆိုတာ ရှားလိမ့်မယ်"
ဟု နောက်ပြောင်လိုက်သည်။
"အရှင်မင်းကြီး ဒါဟာ ကောင်းတဲ့အချက်ပါပဲ"
ဟု ဝန်ကြီးရဲ့က ပြန်လည် ဖြေကြားသည်။
ရှယွမ်က ခေါင်းညိတ်ပြပြီး ဟွမ်စီဟိုင်ကို ကြည့်ကာ
"တပ်မှူးကြီးဟွမ် နတ်စစ်သူကြီးဖန့်ချန် ဘယ်တော့ ပြန်လာမလဲ ငါ သူ့ကို သတိရတယ်"
ဟု ဆိုလိုက်သည်။
ဟွမ်စီဟိုင်က တည်ငြိမ်စွာဖြင့်
"သခင်လေးက အခု ထာဝရရှင်သန်ခြင်း ကျင့်စဉ်လမ်းပေါ် ရောက်နေတာဆိုတော့ အလုပ်တွေ များနေမှာပါ ကိစ္စတွေ ပြတ်သွားရင်တော့ သူ သေချာပေါက် ပြန်လာမှာပါ"
ဟု ပြန်ပြောသည်။
ဝန်ကြီးကျန်းနှင့် အခြားသူများမှာမူ စိုးရိမ်စိတ်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
၁၂ နှစ်တောင် ရှိပြီဖြစ်သော်လည်း ဖန့်ချန် ပြန်မလာသေးသလို တစ်ခါတစ်ရံ မကောင်းသော သတင်းစကားအချို့ကိုလည်း ကြားနေရသောကြောင့် ဖြစ်သည်။
ထိုစဉ် ရဲရင့်သောဓားစောင့်တပ် တစ်ဦး အပြေးအလွှား ဝင်လာပြီး
"အရှင်မင်းကြီး ဝန်ကြီးတို့ ကျွန်တော်တို့ မဟာရှစစ်တပ်ကြီး ပြန်လာပါပြီ နတ်စစ်သူကြီး ဖန့်ချန်ကိုယ်တိုင် ပြန်ခေါ်လာတာပါ"
ဟု စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
နန်းတွင်းအရာရှိများမှာ ကြောင်အသွားကြပြီး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
ဟွမ်စီဟိုင်မှာ တုန်လှုပ်သွားပြီး
"စိတ်အေးအေးထားပြီး ရှင်းရှင်းလင်းလင်း ပြောစမ်း အခြေအနေကို ပြောပြ"
ဟု အစောင့်ကို ဟောက်လိုက်သည်။
"ဟုတ်ကဲ့ သတင်းရတာကတော့ တစ်စုံတစ်ယောက်က အရိုးစုသောင်းပေါင်းများစွာကို ဦးဆောင်ပြီး မြို့တော်ဆီ ချီတက်လာနေတယ်တဲ့"
" အဲဒီအရိုးစုတွေက သုံးလောကတောင်မှာ ကျဆုံးခဲ့တဲ့ မဟာရှစစ်တပ်ကြီးဖြစ်ပြီး သူတို့ကို ခေါ်လာတာက စစ်သူကြီး ဖန့်ချန်ပါပဲ"
ဟွမ်စီဟိုင်သည် အစောင့်ရှေ့သို့ တိုးသွားကာ
"တစ်ယောက်ယောက်က အတည်ပြုပြီးပြီလား အဲဒါ တကယ်ပဲ သခင်လေးလား"
ဟု မေးရာ အစောင့်က
"တကယ်ပါ အရှင်"
ဟု အတည်ပြုလိုက်သည်။
"ဟားဟားဟား"
ဟွမ်စီဟိုင်သည် ထိန်းမနိုင်သိမ်းမရ အော်ဟစ်ရယ်မောလိုက်ရာ သူ၏ အစွမ်းရှိန်ဝါအချို့ ထွက်ပေါ်လာပြီး နန်းဆောင်အတွင်းရှိ စစ်ဗိုလ်ချုပ်များမှာ အသက်ရှူပင် ကြပ်သွားကြသည်။
သူတို့သည် ဟွမ်စီဟိုင်မှာ သာမန်လူမဟုတ်တော့ဘဲမသေမျိုးလမ်းပေါ် ရောက်နေသည့် အစွမ်းထက်သူဖြစ်ကြောင်း ကောင်းကောင်း နားလည်လိုက်ကြသည်။
"အမိန့်ထုတ်လိုက်စမ်း ရဲရင့်သောဓားစောင့်တပ် တွေ အားလုံး ဘယ်နေရာမှာပဲရှိရှိ ချက်ချင်းပြန်လာပြီး သခင်လေးနဲ့ မဟာရှစစ်တပ်ကြီးကို ကြိုဆိုကြစေ အရှင်မင်းကြီး ကျွန်တော်တို့ သွားကြစို့"
"သွားမယ် သွားမယ်"
ဧကရာဇ် ရှယွမ်သည် ချက်ချင်း ထရပ်ကာ ဟွမ်စီဟိုင်နောက်သို့ အမြန် လိုက်ပါသွားတော့သည်။
အခန်း ၄၅၈ - အလျင်စလို ထွက်မသွားပါနဲ့ဦး
ဖန့်ချန်သည် ဟင်းလင်းပြင်ထဲတွင် ရပ်တန့်နေရင်း အောက်ဘက်ရှိ ချီတက်နေသော မဟာရှစစ်သည်တော်များ၏ အရိုးစုများကို ငေးကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"စိတ်မပူကြပါနဲ့တော့ အခုဆို မင်းတို့ထဲက နှစ်သိန်းလောက်ကတော့ အိမ်ပြန်ရောက်သွားကြပြီပဲ ပြန်စရာအိမ်မရှိတဲ့သူတွေအတွက်လည်း ထာဝရသုသာန် မှာ အမွှေးတိုင်မီးတွေနဲ့ ဂုဏ်ပြုပေးသွားမှာပါ"
သွေးသားရင်းချာတွေရဲ့ သံယောဇဉ်ကို သူ လျှော့တွက်မိခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် မရေမတွက်နိုင်သော ပြည်သူများသည် နည်းလမ်းအမျိုးမျိုးဖြင့် မိမိတို့၏ ဆွေမျိုးသားချင်းများကို မှတ်မိခဲ့ကြပြီး အိမ်သို့ ပြန်လည် ပင့်ဆောင်သွားခဲ့ကြသည်။
သွေးအလောင်းဂိုဏ်းမှ ကျိုးအမည်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် သတ္တိမွေးကာ ဖန့်ချန်ကို မော့ကြည့်လိုက်သည်။
"စီနီယာ ကျွန်တော်တို့ သွားဖို့ ဘယ်လောက်ဝေးသေးလဲခင်ဗျာ"
သူ၏ ရုပ်သွင်မှာ အရင်ကထက် အများကြီး ပိုအိုမင်းသွားခဲ့ပြီ ဖြစ်သည်။
ထိုရက်ပိုင်းအတွင်း အရိုးစုများကို ထိန်းချုပ်ရန် သူ၏ သက်တမ်းစွမ်းအင်များကို အလွန်အမင်း အသုံးပြုခဲ့ရသောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အရိုးစုနှစ်သိန်းခန့် လျော့နည်းသွားသဖြင့် သွေးအလောင်းဂိုဏ်းသား ရာဂဏန်းတို့၏ ဝန်ထုပ်ဝန်ပိုးမှာ အတန်ငယ် ပေါ့ပါးသွားခဲ့သည်။
"မဝေးတော့ပါဘူး"
ဖန့်ချန်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
ကျိုးအဖိုးကြီးမှာ စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။
သူ၏မြေးဖြစ်သူ ကျိုးဟွာယွီ သည် ကောင်းကင်ယံရှိ ဖန့်ချန်ကို ခိုးကြည့်ရင်း အတိတ်က နှင်းရေခဲအင်ပါယာ တွင် ဖန့်ချန်နှင့် ပထမဆုံး ဆုံတွေ့ခဲ့စဉ်က မြင်ကွင်းကို ပြန်လည် အမှတ်ရနေမိသည်။
ထိုစဉ်က သာမန်ဓားကျင့်ကြံသူလေးတစ်ဦးသည် ယခုအခါတွင် တစ်ဒေသလုံး တုန်ဟီနေသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ချီသန့်စင်ခြင်းအဆင့်ဖြင့် ရွှေအမြုတေအဆင့် ပညာရှင်များကို သတ်ဖြတ်ခဲ့ပြီး ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူကိုပင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည့်အပြင် ဝိညာဉ်သွေးဂိုဏ်း၏ ပူးပေါင်းကြံစည်မှုကို တစ်ဦးတည်း လက်နက်မပါဘဲ ဖျက်ဆီးခဲ့သူ...
ထိုသတင်းများကို ကျိုးဟွာယွီ တစ်ယောက် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မရေမတွက်နိုင်အောင် ကြားခဲ့ရပြီး ဖြစ်သည်။
ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးမှာ သေမသွားဘဲ အသက်ရှင်နေရုံတင်မကဘဲ မိမိ၏ ရှေ့တည့်တည့်တွင် ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ အံ့သြမဆုံး ဖြစ်နေရသည်။
"ဘိုးဘေးကတော့ တကယ်ကို ကံဆိုးတာပဲ ဖန့်ချန် အသက်ရှင်နေမှန်းသာ သိရင် သူ့ကို တူးထုတ်ဖို့ မဆိုထားနဲ့ အသည်းနှလုံး အဆ တစ်ရာမက ရှိရင်တောင် လုပ်ရဲမှာ မဟုတ်ဘူး အဆိုးဆုံးကတော့ သူကိုယ်တိုင် သွားရှာမိတာပဲ"
ကျိုးဟွာယွီသည် သူ၏ ဘိုးဘေးကို ကြည့်ကာ သက်တမ်းစွမ်းအင်များ အများကြီး မကုန်ဆုံးသွားသည့်အတွက် စိတ်သက်သာရာ ရနေမိသည်။
သူတို့ နောက်ထပ် မြို့တစ်မြို့သို့ ချဉ်းကပ်လာစဉ် မြို့တံခါးဝမှ လူအုပ်ကြီး တစ်အုပ် အပြေးအလွှား ထွက်လာကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ခြင်္သေ့တစ်ကောင်ကဲ့သို့ ခိုင်မာတောင့်တင်းသည့် အရှိန်အဝါရှိသော ဟွမ်စီဟိုင် ဖြစ်ပြီး သူ့ဘေးတွင် ဧကရာဇ် ရှယွမ် ပါလာသည်။
ထို့အပြင် ရွှီဂီ၊ ထျဲမ၊ ကျောက်ယန် နှင့် မဟာရှ၏ အထူးအစောင့်တပ်ဖွဲ့ဝင်များ အားလုံး ပါဝင်နေကြသည်။
ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည့်အခါ ဖန့်ချန်၏ မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။
ရှယွမ်သည် အရိုးစုစစ်တပ်ကြီးကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုတစ်ခု စိမ့်တက်လာသည်။
သုံးလောကတောင် တိုက်ပွဲအကြောင်းကို သူ ကြားဖူးရုံသာ ရှိခဲ့သော်လည်း ယခု မြင်တွေ့နေရသည့် အရိုးစုပင်လယ်ကြီးက ထိုတိုက်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို သက်သေပြနေသည်။
ဤခြောက်ကပ်နေသော အရိုးစုများသည် တစ်ချိန်က မဟာရှ၏ သွေးသားပြည့်ဖြိုးသော ရဲရင့်သည့် စစ်သည်တော်များ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။
"သခင်လေး"
ဟွမ်စီဟိုင်သည် ကောင်းကင်ယံမှ ဖန့်ချန်ကို မြင်သည်နှင့် မြင်းပေါ်မှ ခုန်ဆင်းကာ ဒူးတိုက်လျက် ကိုက်အတော်ဝေးဝေးအထိ လျှောတိုက်လာခဲ့ပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးနှစ်ခု ဖြစ်သွားခဲ့သည်။
"သခင်လေး"
ရွှီဂီ၊ ထျဲမ၊ ကျောက်ယန်နှင့် အခြားသူများမှာလည်း ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ဝိုင်းလျက် ဒူးထောက် အလေးပြုကြတော့သည်။
ဟွမ်စီဟိုင်၏ အပြုအမူကို မြင်သည့်အခါ ရှယွမ်သည်လည်း မြင်းပေါ်မှ ခုန်ဆင်းကာ ဒူးထောက်ရန် ပြင်လိုက်သည်။
သို့သော်လည်း အမြင်မရသော စွမ်းအားတစ်ခုက သူ့ကို ညင်သာစွာ ထိန်းထားလိုက်သည်။
ဖန့်ချန်၏ အသံက ဟိန်းထွက်လာသည်။
"ရှယွမ် မင်းက အခု ဧကရာဇ် တစ်ပါး ဖြစ်နေပြီရာထူးဂုဏ်ထူး မရှိတဲ့ ငါ့လို လူရှေ့မှာ ဒူးထောက်ဖို့ သင့်တော်ပါ့မလား"
ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်ဝန်းမှ ထိန်းထားရသော မျက်ရည်ပူများသည် အဆက်မပြတ် စီးကျလာတော့သည်။
ထိုအသံ... နှစ်ပေါင်းများစွာ ကြာသွားသော်လည်း သူတို့ သခင်လေး၏ အသံမှာ မပြောင်းလဲသလိုရုပ်ရည်မှာလည်း အရင်အတိုင်း နုပျိုနေဆဲပင်
"ဒါ တကယ်ပဲ စစ်သူကြီး ဖန့်ချန်ပဲ..."
အနောက်တွင် ရပ်နေသော ကျန်းယွီရှူး တို့မှာလည်း အရိုးစုပင်လယ်ကြီးဆီမှ ဖန့်ချန်ဆီသို့ အကြည့်လွှဲလိုက်ကြပြီး စိတ်သက်သာရာရစွာ ပြုံးလိုက်ကြသည်။
ကောလာဟလတွေက အလကားပဲ၊ ဖန့်ချန် အသက်ရှင်နေတာပဲ။
သူရှိနေသရွေ့ မဟာရှသည် စစ်မီးနှင့် ထပ်မံမကြုံတွေ့ရတော့ဘဲ တည်ငြိမ်စွာ တိုးတက်နိုင်တော့မည် ဖြစ်သည်။
ဒူးထောက်၍ မရသဖြင့် ရှယွမ်က ဖန့်ချန်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ
"စစ်သူကြီးဖန့် ကျွန်တော် ခင်ဗျားကို သိပ်သတိရတာပဲ"
ဟု အော်ပြောလိုက်သည်။
ဖန့်ချန်သည် မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး ရှယွမ်၊ ဟွမ်စီဟိုင်နှင့် အခြားသူများကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ ကောင်းပြီ ငါလည်း မင်းတို့ကို သတိရပါတယ် အကုန်ထကြတော့၊ ငါတို့ရဲ့ မဟာရှစစ်သည်တော်တွေ အိမ်ပြန်မယ့် လမ်းကို မပိတ်ကြနဲ့ဦး"
"ဟုတ်ကဲ့ပါ"
ဟွမ်စီဟိုင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာ ထရပ်လိုက်ကြပြီး ဖန့်ချန်ကို ဝိုင်းအုံကာ တစ်ယောက်တစ်ပေါက် စကားတွေ ပြောကြတော့သည်။
ရှယွမ်က ကြားဖြတ်ပြောချင်နေသည်။
"နေဦး ငါ အရင်ပြောပါရစေဦး"
သို့သော်လည်း ထိုလူကြမ်းကြီးများမှာ ဧကရာဇ်ကို မျက်နှာသာမပေးဘဲ လုံးဝ ဥပေက္ခာပြုကာ ဖန့်ချန်နှင့်သာ စကားလက်ဆုံ ကျနေကြသည်။
"စကားတွေ အများကြီး မပြောနဲ့ဦး အရင်တုန်းက ငါတို့ အတူရှိခဲ့စဉ်က ဒီစကားတွေ ပြောလို့ မဝကြသေးဘူးလား မင်းတို့ကတော့ မဝသေးဘူး၊ ငါကတော့ နားငြီးနေပြီ"
"နောက်ပြီး နောက်တစ်ခါ အရက်သောက်ရင် တရားမျှတအောင် သောက်ကြမယ် အဲဒီညက မင်းတို့က ပိဿာ ၆၀ ပဲ သောက်ပြီး ငါတစ်ယောက်တည်း ပိဿာ ၃၀၀ သောက်ခဲ့ရတာ ငါ့ကို အရက်စည်ကြီးလို့ ထင်နေကြတာလား"
ဟု ဖန့်ချန်က ရယ်မောကာ ပြောလိုက်သည်။
ဟွမ်စီဟိုင်နှင့် အခြားသူများမှာ ကြောင်အသွားကြပြီး ဖန့်ချန်ကို မယုံနိုင်သလို ကြည့်လိုက်ကြသည်။
"သခင်လေး အဲဒီညက သခင်လေး ရှိနေခဲ့တာလားအားလုံးကို မြင်နေခဲ့တာလား"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြသည်။
"အင်း ငါ အမြဲတမ်း ရှိနေခဲ့တာပါ မင်းတို့ကသာ တခြားဟာတွေ အာရုံရောက်နေကြလို့ ဒီနှစ်တွေအတွင်း မင်းတို့ ငါ့ဆီ လာလာပြီး စကားပြောပေးနေလို့သာ ငါ မပျင်းဘဲ နေနိုင်ခဲ့တာ"
"သူ ဒီလောက် လွယ်လွယ်နဲ့ မသေပါဘူးလို့ ငါ အမြဲပြောသားပဲ သခင်လေး သက်တော်ရာကျော် ရှည်ပါစေ"
ရွှီဂီက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ဧကရာဇ် ရှယွမ်မှာတော့ ဇဝေဇဝါ ဖြစ်နေရှာသည်။
"မင်းတို့ ဘာတွေ ပြောနေကြတာလဲ ငါ ဘာမှ နားမလည်တော့ဘူး"
ဤလူများမှာ သူ့ကို တစ်ခုခု ဖုံးကွယ်ထားကြပုံရသည်။
သူတို့က စစ်သူကြီးဖန့်နှင့် အမြဲ အဆက်အသွယ် ရှိနေခဲ့ပြီး သူကတော့ ဘာမှ မသိခဲ့ရဘူး မဟုတ်ပါလား။
ဖန့်ချန်သည် အဝေးမှ ကျန်းယွီရှူးတို့ကို ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီး
"အားလုံးပဲ အခု အရေးကြီးဆုံးက စစ်သည်တော်တွေကို အိမ်ပြန်ပို့ဖို့ပဲ ကျန်တာတွေကိုတော့ မြို့တော်ရောက်မှ အသေးစိတ် ပြောကြတာပေါ့"
ဟု ဆိုလိုက်သည်။
ခရီးစဉ်ကြီးသည် ပို၍ပင် ခမ်းနားလာခဲ့သည်။
မူလက ဖန့်ချန် တစ်ဦးတည်း ဖြစ်သော်လည်း ယခုအခါ မဟာရှဧကရာဇ်နှင့် အရာရှိအပေါင်းတို့ပါ ဝန်းရံ လိုက်ပါလာကြသည်။
ထာဝရသုသာန် ဂိတ်ဝသို့ ရောက်သည့်အခါ မူလစစ်သည် ခြောက်သိန်းမှာ ရှစ်သောင်း၊ ကိုးသောင်းခန့်သာ ကျန်တော့သည်။
ကျန်သူများမှာ လမ်းခရီးတွင် မိသားစုဝင်များက လာရောက် ပင့်ဆောင်သွားကြပြီ ဖြစ်သည်။
ကျန်ရှိနေသူများမှာ မှတ်ပုံတင်၍ မရသူများ သို့မဟုတ် ဆွေမျိုးမရှိသူများ ဖြစ်ကြသည်။
ထိုစစ်သည်တော်များအတွက် သုသာန်မှာ သူတို့၏ အိမ်သစ် ဖြစ်လာပေလိမ့်မည်။
ဤဖြစ်ရပ်မှာ တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
မိမိတို့ကိုယ်တိုင် လမ်းလျှောက်လာသည့် အရိုးစုစစ်တပ်ကြီးကို မဟာရှပြည်သူတွေ ဘယ်တုန်းက မြင်ဖူးခဲ့ကြလို့လဲ။
စစ်သည်တော်များ သုသာန်အတွင်း ဝင်သွားသည်ကို ကြည့်ရင်း ဖန့်ချန် စိတ်သက်သာရာ ရသွားသည်။
သူက ဟွမ်စီဟိုင်ကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။
"ဟွမ်စီဟိုင် ရဲရင့်သောဓားစောင့်တပ်တွေကို ညွှန်ကြားလိုက်ပါ မိသားစုဝင်တွေ လာရှာတဲ့အခါ ကူညီပေးကြဖို့နဲ့ အရင်က အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ရဲဘော်တွေကို ခေါ်ပြီး အချက်အလက်တွေ ကူညီစစ်ဆေးပေးဖို့ စီစဉ်လိုက်ပါ"
"စိတ်ချပါ သခင်လေး ရှေ့လျှောက် ကျွန်တော် တခြားဘာမှ မလုပ်ဘဲ ဒီကိစ္စကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားပါ့မယ် ရဲဘော်ရဲဘက်တိုင်း အိမ်ပြန်နိုင်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
ဟု ဟွမ်စီဟိုင်က ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။
"စစ်သူကြီးဖန့် ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စကို ကြီးကြပ်ပေးပါ့မယ်"
ဟု ရှယွမ်က အပြေးအလွှား ဝင်ပြောသည်။
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် သွေးအလောင်းဂိုဏ်းမှ ကျိုးအဖိုးကြီးက
"စီနီယာ အားလုံး ပြီးသွားပြီဆိုတော့ ကျွန်တော်တို့ သွားလို့ရပြီလားခင်ဗျာ"
ဟု ခပ်ရို့ရို့ မေးလိုက်သည်။
"အလျင်စလို ထွက်မသွားပါနဲ့ဦး ငါနဲ့အတူ အရက်သောက်ရင်း ခဏလောက် နေပါဦး"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
"မင်းတို့ ဂိုဏ်းရဲ့ အတတ်ပညာတွေက တော်တော်လေး ထူးခြားတယ် ငါ အဲဒါတွေကို ဆွေးနွေးချင်လို့ပါ"
ဆွေးနွေးချင်တယ်
သွေးအလောင်းဂိုဏ်း တပည့်များ၏ မျက်နှာမှာ ဖြူလျော်သွားကြသည်။
ဆွေးနွေးတယ်ဆိုတာထက် သူတို့ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို အတင်းယူတော့မှာမှန်း သူတို့ ကောင်းကောင်းကြီး သိလိုက်ကြပြီ မဟုတ်ပါလား။