အခန်း (၄၆၉-၄၇၀)
Vol. 47 Ch. 469-470
အခန်း ၄၆၉ - လောကီရေးရာတွေကို အကုန်မမေ့လိုက်ပါနဲ့
လျူပုယွင်၏ ပြောပြချက်အရ ချင်းဟွာဂိတ် နယ်မြေအတွင်းမှာလည်း ကောင်းကင်ရတနာခန်းမ ရှိသော်လည်း ထိုနေရာတွင် အဝါရောင်အဆင့် အနိမ့်စား ပစ္စည်းများကိုသာ ရောင်းချခြင်း ဖြစ်သည်။
ဖန့်ချန်က အဆင့်မြင့် အဝါရောင်အဆင့် ရတနာများကို ဝယ်ယူချင်သည်ဟု သိလိုက်ရသောအခါ လျူပုယွင်မှာ အသက်ရှူပင် မှားသွားတော့သည်။
အဆုံးတွင် သူက နေရာတစ်ခုကို ညွှန်ပြလိုက်ရသည်။
၎င်းမှာ ကိုးဓားဂိုဏ်း ၏ နယ်မြေပင် ဖြစ်သည်။
ကိုးဓားဂိုဏ်းသည် ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ကြီးတစ်ဦး အုပ်ချုပ်သည့် အင်အားကြီးဂိုဏ်းဖြစ်ရာ ထိုနေရာရှိ ကောင်းကင်ရတနာခန်းမတွင် အဆင့်မြင့် ရတနာများကို ဝယ်ယူရရှိနိုင်ခြေ ရှိသည်။
သို့သော် ထိုသို့သော ရတနာမျိုးမှာ အမြဲတမ်း ရှိနေတတ်သည်မဟုတ်ဘဲ ကံတရားအပေါ်တွင်လည်း မူတည်ပေသည်။
လူတိုင်းသည် လျူပုယွင်၏ ပျံသန်းနိုင်သော သင်္ဘောပေါ်သို့ တက်ရောက်ကာ ကိုးဓားဂိုဏ်း နယ်မြေဆီသို့ ဦးတည်ထွက်ခွာလာကြသည်။
လျူပုယွင်သည် ဖန့်ချန်ကို ခိုးကြည့်ရင်း အံ့သြနေမိသည်။
အခုမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ကာစ ကျင့်ကြံသူတစ်ယောက်က အဆင့်မြင့် အဝါရောင်အဆင့် ရတနာများကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။
ပြီးတော့ သူကြားရသလောက်ဆိုလျှင် ဖန့်ချန်က ထိုရတနာကို လက်ဆောင်အဖြစ် ပေးရန် ဝယ်ယူခြင်းပင်။
ရဲ့ချင်ဟဲသည် သင်္ဘောဦးတွင် ရပ်နေသော ဖန့်ချန်အနားသို့ တိုးကပ်လာကာ တိုးတိုးလေး မေးလိုက်သည်။
"စီနီယာဖန့် ဒီနေရာကနေ မဟာရှ ကို ပြန်ဖို့ ဘယ်လောက် ဝေးသလဲဗျ"
"ဒါကို ချင်းဟွာဂိတ်မှာ မမေးခဲ့ဘူးလား"
ဖန့်ချန်က ပြုံးလျက် ပြန်မေးသည်။
ရဲ့ချင်ဟဲ၏ မျက်နှာမှာ ရှုပ်ထွေးသွားကာ
"ကျင့်ကြံခြင်းလောကက အရမ်းကို ကမောက်ကမ နိုင်လွန်းပါတယ် စကားတစ်လုံး မှားလိုက်တာနဲ့တင် ရန်သူတွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တယ်လေ"
" ကျွန်တော့်ရဲ့ ဇာတိမြေကို သိသွားရင် မဟာရှအတွက် ဒုက္ခဖြစ်မှာ စိုးလို့ ကျွန်တော် တစ်ခါမှ မမေးခဲ့တာပါ"
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး
"မင်း ဒါကို နားလည်တယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း မင်းရဲ့ ဘဝက အလဟဿ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတာပေါ့"
ထိုစကားကြောင့် ရဲ့ချင်ဟဲမှာ သူ့ကိုယ်သူ အိုမင်းသွားသလို ခံစားလိုက်ရသည်။
သူသည် အရင်အတိုင်း ရှိနေသေးသော ဖန့်ချန်ကို ကြည့်ကာ သက်ပြင်းချမိသည်။
ဆယ်စုနှစ်တစ်ခုကျော် လေလွင့်ခဲ့ရပြီးနောက် လူဟောင်းတစ်ယောက်နှင့် ပြန်ဆုံရသည်မှာ သူတို့အကြား အတိတ်က ပဋိပက္ခများ ရှိခဲ့သော်လည်း ရဲ့ချင်ဟဲအတွက်တော့ အမှန်တကယ် ဝမ်းသာစရာပင်။
"မဟာရှက ဒီနေရာနဲ့ အရမ်းဝေးတယ် မင်းရဲ့ အခုအင်အားနဲ့ဆိုရင် တစ်ယောက်တည်း ပြန်ဖို့ မဖြစ်နိုင်ဘူး အခုလောလောဆယ် ချင်းဟွာဂိတ်မှာပဲ အာရုံစိုက်ပြီး ကျင့်ကြံပါ"
"တကယ်လို့ နောက်ထပ် အနှစ် ၂၀ ဒါမှမဟုတ် ၃၀ အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်နိုင်ဘူးဆိုရင် ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းကျောင်း ကို သွားပြီး ဖန့်ကျွယ် ဆိုတဲ့ ကျင့်ကြံသူကို ရှာပါ"
" ငါနဲ့ ပတ်သက်မှုရှိကြောင်း သူ့ကို ပြောပြရင် သူက မင်းကို မဟာချန်း ကို ပြန်နိုင်အောင် ကူညီလိမ့်မယ် အဲဒီရောက်ရင်တော့ မဟာရှကို ပြန်ဖို့က ပိုလွယ်သွားပြီ"
ဟု ဖန့်ချန်က အေးဆေးစွာ လမ်းညွှန်လိုက်သည်။
ရဲ့ချင်ဟဲမှာ မှင်တက်သွားသည်။
ခရမ်းရောင်ဝင်ရိုးစာပေသင်တန်းကျောင်း! ဖန့်ချန်က ထိုကျောင်းက တပည့်တွေနဲ့တောင် ရင်းနှီးတာလား။
သူတို့နှစ်ယောက်မှာ ရွယ်တူများ ဖြစ်သော်လည်း ဖန့်ချန်မှာတော့ ကျင့်ကြံခြင်းလောကတွင် အောင်မြင်ကျော်ကြားနေပြီ ဖြစ်သည်။
"စကားမစပ် ငါ မကြာခင်ကပဲ မဟာရှကို ပြန်ခဲ့သေးတယ် မင်းရဲ့ဖခင်က ကျန်းကျန်းမာမာပါပဲ နောက်ထပ် ဆယ်စုနှစ်အနည်းငယ်လောက် စောင့်ဖို့က သူ့အတွက် ပြဿနာ မဟုတ်ပါဘူး"
" မင်းပြန်သွားတဲ့အခါ သက်တမ်းတိုးဆေးလုံး အချို့ ယူသွားတာ အကောင်းဆုံးပဲ မင်းက ကျင့်ကြံသူ ဖြစ်သွားပြီဆိုပေမဲ့ လောကီရေးရာတွေကိုတော့ အကုန်မမေ့လိုက်ပါနဲ့ဦး"
ဟု ဖန့်ချန်က ဆိုသည်။
"လောကီရေးရာတွေကို အကုန်မမေ့လိုက်ပါနဲ့"
ရဲ့ချင်ဟဲက စကားလုံးကို ပြန်ရွတ်ရင်း သူ၏ မဟာရှအပေါ် လွမ်းဆွတ်မှုများ မှေးမှိန်လာသည်ကို သတိပြုမိသွားကာ ချွေးစေးများပင် ထွက်လာတော့သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာဖန့် ကျွန်တော် မမေ့ပါဘူး"
ရက်အနည်းငယ် ကြာပြီးနောက် သူတို့အဖွဲ့သည် ကိုးဓားဂိုဏ်း နယ်မြေသို့ ရောက်ရှိလာကြသည်။
လျူပုယွင်က သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တောင်ပေါ်မြို့တော်ကြီးတစ်ခုထဲသို့ ဝင်ရောက်လာကြသည်။
ထိုမြို့တော်မှာ တောင်တန်းကြီးပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အဝေးတွင် ဓားကိုးစင်းကဲ့သို့ မတ်တပ်ရပ်နေသော တောင်ထိပ်ကိုးခုကို မြင်တွေ့နေရသည်။
"မိတ်ဆွေဖန့် ကိုးဓားဂိုဏ်း နယ်မြေကို ရောက်ပါပြီ"
ဟု လျူပုယွင်က ဆိုကာ သူတို့အားလုံး ကောင်းကင်ရတနာခန်းမ ဆီသို့ ဦးတည်သွားကြသည်။
ကောင်းကင်ရတနာခန်းမမှ အစေခံမှာ ဖန့်ချန်နောက်က မိစ္ဆာသုံးကောင်ကို မြင်သော်လည်း အံ့သြခြင်းမရှိဘဲ ပညာသားပါပါဖြင့် ကြိုဆိုသည်။
လျူပုယွင်က
"ကျွန်တော်က ဝိညာဉ်ဆေးလုံး အချို့နဲ့ အဝါရောင်အဆင့် အနိမ့်စား ရတနာအချို့ ဝယ်ချင်လို့ပါ ပြီးတော့ ဒီမိတ်ဆွေကတော့"
လျူပုယွင် စကားမဆုံးခင်မှာပင် ဝဝဖိုင့်ဖိုင့် လူတစ်ယောက်နှင့် လူငယ်တစ်စု ရောက်လာကြသည်။
ထိုလူသည် လျူပုယွင်ကို မြင်သည်နှင့်
"လျူပုယွင် မင်း ဒီကို ဘာလာလုပ်တာလဲ"
ဟု လှောင်ပြောင်လိုက်သည်။
လျူပုယွင်မှာ စိတ်ပျက်သွားကာ
"မိတ်ဆွေ ကျန်း "
ဟု နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ထိုလူက
"မင်းတို့နယ်မြေက ခန်းမမှာ မဝယ်ဘဲ ဒီကို လာတယ်ဆိုတော့ တစ်ခုခု အကောင်းစား ဝယ်မလို့လား မင်းက သူတောင်းစားလို ဆင်းရဲတာ မဟုတ်လားအခုမှ ဘယ်ကနေ ပိုက်ဆံတွေ ရလာတာလဲ"
ဟု ဆိုကာ တပည့်များရှေ့တွင် လျှာအရိုးမရှိ တိုက်ခိုက်တော့သည်။
လျူပုယွင်၏ မျက်နှာမှာ ပျက်သွားကာ ဖန့်ချန်ကို အားနာစွာဖြင့်
"ကျွန်တော်တော့ အရှက်ကွဲပြန်ပြီ မိတ်ဆွေဖန့်မိတ်ဆွေ လိုချင်တာသာ ဝယ်ပါ ကျွန်တော်တို့ အပြင်မှာ စောင့်နေပါ့မယ်"
ဟု ဆိုသည်။
သူသည် ကိုးဓားဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို မယှဉ်ရဲသဖြင့် ရှောင်ထွက်ရန် ကြိုးစားခြင်းဖြစ်သည်။
"မလိုပါဘူး ကျွန်တော် ဝယ်တာ ပြီးတဲ့အထိ အတူတူ စောင့်ပါ"
ဖန့်ချန်က ခေါင်းခါပြလိုက်ပြီး အစေခံကို လှည့်ပြောလိုက်သည်။
"ဝိညာဉ်စုစည်းဆေးလုံး အလုံး ၂၀ ပေးပါ၊ ပြီးတော့ ဝိညာဉ်တံဆိပ် ၁၂ ခုပါတဲ့ အဝါရောင်အဆင့် အနိမ့်စား ရတနာ ၅ ခုလည်း ပေးပါ"
လျူပုယွင်မှာ အံ့သြသွားပြီး
"မိတ်ဆွေဖန့် ဒါက ဘာလုပ်မလို့လဲ"
ဖန့်ချန်က ရယ်မောလိုက်ပြီး
"မိတ်ဆွေရဲ့ တပည့်တွေအတွက် လက်ဆောင်ဝယ်ပေးမလို့လေ သူတို့က အခုဆို ကျွန်တော့်ကို ဦးလေးလို့ ခေါ်သင့်နေပြီ မဟုတ်လား"
လျူပုယွင်နှင့် တပည့်များမှာ မှင်တက်သွားကြသည်။
ဝိညာဉ်ဆေးလုံး အလုံး ၂၀ နှင့် ရတနာ ၅ ခု၏ ဈေးနှုန်းမှာ နည်းလှသည်မဟုတ်ပေ။
ထိုဝဖိုင့်ဖိုင့် လူကြီးသည် မျက်မှောင်ကြုတ်ကာ ဖန့်ချန်ကို အထက်အောက် ကြည့်လိုက်ပြီး
"သခင်လေး..."
ဟု စကားစရန် ပြင်လိုက်သည်။
"သွားစမ်း "
ဖန့်ချန်က စကားကို ဖြတ်ပြောလိုက်သည်။
"မင်းနဲ့ စကားပြောဖို့ ငါ့မှာ အချိန်မရှိဘူး"
ဝဖိုင့်ဖိုင့်လူကြီးမှာ အံ့သြသွားကာ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး
"စိတ်ဝင်စားစရာပဲ..."
ဟု ခြိမ်းခြောက်သည့် အပြုံးဖြင့် ဆိုကာ ထွက်သွားတော့သည်။
လျူပုယွင်ကတော့ စိုးရိမ်တကြီးဖြင့်
"မိတ်ဆွေဖန့် ဒါ မသင့်တော်ဘူးဗျ သူက အရမ်း အငြိုးကြီးတာ"
ဟု ဆိုသည်။
ရဲ့ချင်ဟဲကတော့ ထိုမြင်ကွင်းကို ကြည့်ကာ ရင်ထဲတွင် ကျေနပ်နေမိသည်။
"မဟာရှမြို့တော်တုန်းကရော အခု ကျင့်ကြံခြင်းလောကမှာရော ဖန့်ချန်ကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးပဲ"
ခဏအကြာတွင် အစေခံက ပစ္စည်းများ ယူလာသည်။
ဖန့်ချန်က ဝိညာဉ်ကျောက်တုံးများဖြင့် အေးအေးဆေးဆေးပင် ရှင်းလိုက်ပြီး ပစ္စည်းများကို တပည့်များအား ပေးလိုက်သည်။
တပည့်များမှာ မယူရဲဘဲ လျူပုယွင်ကိုသာ ကြည့်နေကြတော့သည်။
အခန်း ၄၇၀ - လူသတ်မှု
လျူပုယွင်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး
"ယူထားလိုက်ကြပါ ဒါက စီနီယာဖန့် ပေးတဲ့ လက်ဆောင်ပဲ၊ အားမနာကြနဲ့ နောင်တစ်ချိန်ကျရင် စီနီယာဖန့်ရဲ့ ကျေးဇူးကို မမေ့ကြနဲ့ဦး"
ဟု ဆိုသည်။
တပည့်ငါးယောက်လုံးသည် ဝိညာဉ်ဆေးလုံးများနှင့် ရတနာများကို အလျင်အမြန် လက်ခံလိုက်ကြပြီး ဖန့်ချန်ကို ဦးညွှတ်နှုတ်ဆက်ကြသည်။
"ကျေးဇူးတင်ပါတယ် စီနီယာဖန့်"
မလှမ်းမကမ်းတွင် ရပ်နေသော ကျန်းရှူးကျိုးသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
ဖန့်ချန်သည် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ခန့် တန်ဖိုးရှိသော ရတနာများကို သူစိမ်းများအား လက်ဆောင်ပေးရန်အတွက် မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုမျှ ရက်ရောလွန်းသူမျိုးကို သူ တစ်ခါမျှ မမြင်ဖူးပေ။
"လျူပုယွင်က ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးနဲ့ မိတ်ဆွေဖြစ်သွားတာလဲ "
ကျန်းရှူးကျိုးက တိုးတိုးလေး ကျိန်ဆဲရင်း သူ၏လူများနှင့်အတူ ထွက်ခွာသွားတော့သည်။
"ရဲ့ချင်ဟဲက ကျုပ်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပါ မိတ်ဆွေလျူက သူ့ကို တပည့်အဖြစ် လက်ခံထားတာဆိုတော့ ကျုပ်တို့ကြားမှာ ကံကြမ္မာအကျိုးပေး ရှိလို့ပါပဲ"
"ကျင့်ကြံခြင်းဆိုတာ ကံတရားအပေါ်မှာလည်း မူတည်တာ မဟုတ်လား ဒီ ဝိညာဉ်ကျောက်တုံး အနည်းငယ်အတွက်တော့ မိတ်ဆွေလျူ စိတ်ထဲ သိပ်မထားပါနဲ့"
ဟု ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ထိုစကားကို ကြားသောအခါ လျူပုယွင်မှာ ရင်ထဲတွင် တအံ့တသြ ဖြစ်သွားရသည်။
'ဝိညာဉ်ကျောက်တုံး အနည်းငယ်တဲ့လား ချမ်းသာတဲ့သူတွေရဲ့ စကားပြောပုံက တကယ့်ကို ရိုးရှင်းလွန်းတာပဲ'
လူတိုင်းက ထိုအခြေအနေကို မယုံနိုင်အောင် ဖြစ်နေကြသော်လည်း သူတို့အားလုံးမှာ ရဲ့ချင်ဟဲ၏ ကျေးဇူးကြောင့် အကျိုးခံစားခွင့် ရနေခြင်းဖြစ်ကြောင်း နားလည်ထားကြသည်။
ရဲ့ချင်ဟဲမှာတော့ ရင်ထဲတွင် ရှုပ်ထွေးနေမိသည်။
"ဖန့်ချန်က ငါ့အတွက် လမ်းခင်းပေးနေတာပဲ"
ဖန့်ချန်က သူ့ကို တက်တက်ကြွကြွ ကူညီလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးပေ။
ဖန့်ချန်၏ လုပ်ရပ်ကြောင့် သူ ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ ဆရာဖြစ်သူနှင့် စီနီယာများ၏ အထင်ကြီးလေးစားမှုကို ပိုမိုရရှိတော့မည်မှာ အသေအချာပင်။
နောက်ဆုံးတွင် ကောင်းကင်ရတနာခန်းမမှ အစေခံက
"သခင်လေး တခြား ဘာများ လိုချင်သေးလဲခင်ဗျာ"
ဟု ရိုသေစွာ မေးသည်။
"ကျုပ်ရဲ့ ဒီတပည့် သုံးယောက်အတွက်လည်း ဝိညာဉ်စုစည်းဆေးလုံး တစ်ယောက်ကို ဆယ်လုံးစီ ပေးပါဦး"
ဟု ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ"
နွားချေးတုံးလေးမှာတော့ သူ့အတွက် ဘာမှမပါသဖြင့် စိတ်ပျက်စွာ ခေါင်းငုံ့ထားမိသည်။
ထိုသည်ကို ဖန့်ချန်က မြင်သွားပြီး သူ့ခေါင်းကို အသာအယာ ပွတ်ကာ ရယ်မောလိုက်သည်။
"မင်းက ကျင့်ကြံခြင်းလမ်းစဉ်ထဲ မဝင်ရသေးတော့ ဒီဆေးလုံးတွေက မင်းအတွက် အသုံးမဝင်သေးဘူး"
နွားချေးတုံးလေးမှာ ဝမ်းသာသွားသည်။
နတ်ဆိုးဆရာကြီးက သူ့ကို ပစ်ပယ်လိုက်ပြီဟု ထင်မှတ်နေခဲ့သော်လည်း အမှန်တကယ်တော့ ဖန့်ချန်က အရာရာကို အစီအစဉ်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ထိုစဉ် လျူပုယွင်၏ မျက်လုံးများ တောက်ပသွားကာ အစေခံတစ်ဦးကို ခေါ်၍ အဝါရောင်အဆင့် အနိမ့်စား ရတနာတစ်ခု ဝယ်ချင်ကြောင်း ပြောလိုက်သည်။
ခဏအကြာတွင် အစေခံက ဝိညာဉ်တံဆိပ် ရှစ်ခုသာ ပါသော်လည်း ရှားပါးသည့် ခုခံရေးရတနာတစ်ခုကို ယူလာပေးသည်။
လျူပုယွင်က ထိုရတနာကို နွားချေးတုံးလေးအား ပေးလိုက်ပြီး
"ငါ့တူ စီနီယာဖန့်ရဲ့ တပည့်ဖြစ်ရတာ မင်း တကယ့်ကို ကံကောင်းပါတယ် အစောကလူ ပြောသလိုပဲ ငါက သူတောင်းစားလို ဆင်းရဲပေမဲ့ မင်းအတွက် ဒီရတနာကို လက်ဆောင်ပေးပါရစေ"
ဟု ပြုံး၍ ဆိုသည်။
နွားချေးတုံးလေးမှာ ဖန့်ချန်က ခေါင်းညိတ်ပြမှသာ တုန်ရင်နေသော လက်များဖြင့် ထိုကျောက်စိမ်းဆွဲသီးကို လက်ခံလိုက်တော့သည်။
ခဏအကြာတွင် အစေခံက ဝိညာဉ်ဆေးလုံး အလုံး ၃၀ ယူလာပြန်သည်။
ဖန့်ချန်က ငွေရှင်းပြီးနောက်
"ခင်ဗျားတို့ဆီမှာ အဆင့်မြင့် အဝါရောင်အဆင့် ရတနာတွေ ရှိလား"
ဟု လိုရင်းကို မေးလိုက်သည်။
အစေခံမှာ အံ့သြသွားပြီး ဖန့်ချန်ကို ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦးလားဟုပင် သံသယဝင်သွားသည်။ ဖန့်ချန်က
"လက်ဆောင်ပေးဖို့ပါ"
ဟု ခပ်အေးအေးပင် ဆိုလိုက်သည်။
"ဒီလောက်အထိ ဈေးကြီးတဲ့ အရောင်းအဝယ်မျိုးကို ကျွန်တော် ဆုံးဖြတ်လို့မရလို့ ခဏလောက် စောင့်ပေးပါခင်ဗျာ"
အစေခံ၏ လေသံမှာ အရင်ကထက် ပို၍ ရိုသေသွားတော့သည်။
ခဏအကြာတွင်ခန်းမခွဲမန်နေဂျာ ရောက်လာပြီး ဖန့်ချန်ကို အထူးခန်းသို့ ဖိတ်ခေါ်သည်။
လျူပုယွင်ကတော့ ဖန့်ချန်၏ အလုပ်ကို မနှောင့်ယှက်လိုသဖြင့် တပည့်များကို ခေါ်ကာ မြို့ထဲတွင် ပတ်ကြည့်နေမည်ဟု ဆိုသည်။
မိစ္ဆာသုံးကောင်သည်လည်း သူတို့နှင့်အတူ လိုက်သွားကြသည်။
ဖန့်ချန်သည် နွားချေးတုံးလေးကို ခေါ်ကာ မန်နေဂျာဝေနှင့်အတူ အထူးခန်းသို့ ရောက်လာသည်။
"အဆင့်မြင့် အဝါရောင်အဆင့် ရတနာတွေက ဈေးမပေါဘူးနော် မိတ်ဆွေဖန့်"
ဟု မန်နေဂျာဝေက ဆိုသည်။
ဖန့်ချန်က
"ဝိညာဉ်ကျောက်တုံးအတွက် မပူပါနဲ့ ပစ္စည်းရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကိုသာ ပွင့်ပွင့်လင်းလင်း ပြောပါ"
ဟု ဆိုလိုက်သည်။
မန်နေဂျာဝေ၏ ပြောပြချက်အရ အဆင့်မြင့် ရတနာများကို ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်များက မြင်မြင်ချင်း ဝယ်ယူလေ့ရှိသဖြင့် ဈေးကွက်ထဲတွင် ရှားပါးလှသည်။
ယခု ကောင်းကင်ရတနာခန်းမတွင် ဝိညာဉ်တံဆိပ် ၇၃ ခုစီပါသော အဆင့်မြင့် အဝါရောင်အဆင့် ရတနာ နှစ်ခုရှိပြီး ၎င်းတို့မှာ အနည်းငယ် ပျက်စီးနေသော်လည်း တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး ၈၀၀၀ ခန့် တန်ကြေးရှိသည်။
ဖန့်ချန်က အများကြီး စကားမပြောတော့ဘဲ ထိုရတနာနှစ်ခုအတွက် ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲ ပေးကာ ဝယ်ယူလိုက်သည်။
သူ့ရင်ထဲမှ ဆာလောင်နေသော ဓားငယ်လေး မှာ အားရဝမ်းသာ ဖြစ်သွားသလို၊ မှန်ချပ်လေး ကလည်း သူ့ကို မမေ့ရန် တောင်းဆိုနေသည်။
ဖန့်ချန်က
"မပူနဲ့ ဒီနေ့ အားလုံးကို ကျွေးမယ်"
ဟု ရယ်မောလိုက်သည်။
ပစ္စည်းဝယ်ယူပြီး ထွက်လာသောအခါ ဖန့်ချန်သည် လျူပုယွင်၏ ဒေါသထွက်နေသော အသံကို ကြားလိုက်ရသည်။
"ကိုးဓားဂိုဏ်းကလူတွေမှာ တရားမျှတမှု ရှိရဲ့လားဗျာ ကျွန်တော်က ချင်းဟွာဂိတ်က အုပ်ချုပ်ရေးမှူး လျူပုယွင်ပါ ကျွန်တော့်တပည့်တွေက သူခိုးတွေ မဟုတ်ဘူး"
ဖန့်ချန်က ဝိညာဉ်အာရုံကို ဖြန့်လိုက်သောအခါ လျူပုယွင်တို့အဖွဲ့ကို လူအုပ်ကြီးက ဝိုင်းထားသည်ကို မြင်လိုက်ရသည်။
ကျန်းရှူးကျိုးကတော့ ဘေးကနေ ပြုံးစိစိဖြင့် ကြည့်နေသည်။
ကိုးဓားဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ရှိသော ကျင့်ကြံသူတစ်ဦးက
"ဒီဆိုင်ရှင်က ခင်ဗျားတို့ကို ပစ္စည်းခိုးတယ်လို့ စွပ်စွဲထားတယ် ဟုတ်မဟုတ်ဆိုတာကို ဂိုဏ်းကိုလိုက်ခဲ့ပြီးမှ ရှင်းကြတာပေါ့"
ဟု အေးစက်စွာ ပြောနေသည်။
ဆိုင်ရှင်ကလည်း
"ကျွန်တော် ကိုယ်တိုင် မြင်လိုက်တာဗျ ဒီ မိစ္ဆာသုံးကောင်ကလည်း အပြစ်ကင်းတဲ့ပုံ မပေါ်ဘူး"
ဟု ထပ်လောင်း စွပ်စွဲသည်။
ကျားနှင့် မြွေစိမ်းတို့မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မည့်အချိန်တွင် မျောက်ဖြူက ဖန့်ချန် ရောက်လာသည်အထိ စောင့်ရန် တားထားသည်။
ကိုးဓားဂိုဏ်းမှ ကျင့်ကြံသူက
"မင်းတို့ဆရာ ရောက်လာလည်း ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"
ဟု ဆိုကာ ဖမ်းဆီးရန် ပြင်လိုက်သည်။
ထိုခဏမှာပင် ဓားအလင်းတစ်ခု ဆင်းသက်လာပြီး လူတိုင်းကို စွပ်စွဲနေသော ဆိုင်ရှင်၏ ခန္ဓာကိုယ်မှာ တစ်စစီ ဖြစ်သွားကာ သွေးများ ပန်းထွက်သွားတော့သည်။
လူတိုင်း မှင်တက်သွားကြသည်။
ကိုးဓားဂိုဏ်း နယ်မြေထဲတွင် ထိုမျှ ရဲရဲတင်းတင်း လူသတ်ရဲသူက ဘယ်သူနည်း။
လူအုပ်ကြားထဲမှ ဖန့်ချန်သည် ရိုးရှင်းသော ဓားတစ်စင်းကို ကိုင်ကာ အေးအေးဆေးဆေးပင် လမ်းလျှောက်လာသည်။
ကိုးဓားဂိုဏ်းမှ ကျင့်ကြံသူက
"မင်း ငါ့ရှေ့မှာ လူသတ်ရဲတယ်ပေါ့လေ"
ဟု ဒေါသတကြီး အော်လိုက်သည်။
မိစ္ဆာသုံးကောင်က
"ဆရာ"
ဟု ခေါ်ကာ ဖန့်ချန်အနားသို့ ပြေးလာကြသည်။
လျူပုယွင်ကတော့ အလောင်းကို ကြည့်ကာ ဖန့်ချန်ဘက်သို့ လှည့်ကြည့်မိသည်။
သူ့မျက်နှာမှာ ငိုရခက် ရယ်ရခက်ဖြင့် ထူးဆန်းနေတော့သည်။
ဒီလူက ဘယ်လိုလူလဲ စိတ်များ လွတ်နေတာလား