ညနတ်ဘုရားမ
Vol. 4 Ch. 231
သဲဟိုက်ဒရာနဂါးကြီးနဲ့ ဧရာမအဆိပ်မြွေနဂါးကြီးတို့ဟာ ချောက်အနီးမြေပြင်မှာ ထိပ်တိုက်တွေ့မိကြပြီး မြေပြင်ဟာ ငလျင်လှုပ်သလို တုန်ခါလာပါတယ်။ အယ်မာက အံ့ကိုတင်းတင်းကျိတ်ထားလိုက်တယ်။ ဧရာမ မွန်းစတားကြီးနှစ်ကောင် တိုက်ခိုက်နေချိန်မှာတောင် အီလက်ထရာဟာ နည်းနည်းလေးမှ စိတ်လှုပ်ရှားပုံမရဘူး။
“ပိုပြီးဖိအားပေးရမယ်... ဒီထက်ပိုပြီးတော့ ဖိအားပေးထားမှရမယ်။”
အယ်မာက တစ်ဖက်လူ သူ့ကိုကစားနေမှန်း သိပါတယ်။ ဒါကြောင့် နည်းနည်းလေးမှ မပေါ့ဆဝင့်ဘူး။ မှော်နှင်တံကို ဆက်လက် ဝေ့ယမ်းနေရင်းနဲ့ ရာထောင်ချီတဲ့ ကျောက်စက်ပန်းဆွဲတွေကို လေထုထဲမှာဖွဲ့စည်းလိုက်ပါပြီ။
“ဟားဟားဟား... ငါ့ကိုအရေအတွက်နဲ့အနိုင်ယူမလို့လား။ ဒါပေမဲ့ နင်က မှော်ဂါထာဘယ်နှစ်ခု ဖန်တီးနိုင်မှာမလို့လဲ။ နင့်ရဲ့ မှော်စွမ်းအင်ပမာဏက အကန့်အသတ်ရှိတယ်။ နင်ဘယ်အချိန်ထိ တောင့်ခံနိုင်မှာလဲ။”
အီလက်ထရာကတော့ မြွေကြီးကိုထိန်းချုပ်ရင်း ကျောက်စိုင် ကျောက်ခဲတွေကိုရှောင်ရှားနေတယ်။ အီလက်ထရာပြောတာ မှန်သင့်သလောက်မှန်ပေမဲ့ အယ်မာက လက်မလျှော့သေးဘူး။
“မဂ္ဂမာ တယ်ရာ ဂျိိုင်းရန့်”
သဲဟိုက်ဒရာကြီးအပြင်ကို အယ်မာက နောက်ထပ်ဧရာမမြေသား လူကြီးတစ်ကောင်ကိုဖန်တီးလိုက်ပြန်တယ်။ မြေဘီလူးကြီးက အီလက်ထရာရဲ့မြွေကို လက်နဲ့ထုချဖို့ကြိုးစားနေပြီး ဟိုက်ဒရာက အီလက်ထရာကိုတိုက်ရိုက်သတ်ဖြတ်ဖို့ ကြိုးစားလို့ပေါ့။
“ငါ့ကို မေ့မထားနဲ့လေ....” ရုတ်တရက် ဘန်နီက အယ်မာနားမှာ ပေါ်လာတယ်။ သူ့လက်ထဲမှာတော့ မျက်လှည့်ပြတဲ့တုတ်ရှိနေပြီး အဲဒီတုတ်ရဲ့ထိပ်ဖျားကနေ ထက်ရှလှတဲ့သံဆူးချွန်ကို မြင်ရတယ်။ သံချွန်ဟာ အယ်မာရဲ့လည်မျိုတည့်တည့်ကို ဦးတည်နေပြီး ထိတွေ့မိဖို့ လက်မအနည်းငယ်သာလိုတော့တယ်။
အန္တရာယ်ကို ခံစားမိလိုက်တဲ့အတွက် အယ်မာ့ဦးရေဖျားတွေ ကျိန်းစပ်သွားသလိုမျိုး ခံစားလိုက်ရတယ်။ ရှောင်ရှားဖို့ နောက်ကျလွန်းနေပါပြီ။
“ဒါက အဆုံးသတ်လား...” သူတွေးလိုက်တယ်။
ဟူး...
ပြင်းထန်တဲ့တိုက်လေက အယ်မာကို လမ်းကြောင်းပေါ်ကနေ ညင်သာစွာတွန်းထုတ်လိုက်တယ်။ အဲဒီနောက်တော့ လက်ထဲမှာ ကျာပွတ်ကိုင်ထားတဲ့ ရှားလော့ခ်က ပြေးထွက်လာပြီးတော့ ဘန်နီရဲ့လည်ပင်းကို ကျာပွတ်နဲ့ပတ်လိုက်ပါပြီ။
လှပတဲ့ သက်လတ်ပိုင်းအမျိုးသမီးရဲ့နဖူးကနေ သွေးတွေစီးကျ နေခဲ့ပေမဲ့လို့ သူ့မျက်နှာဟာ ကျားမတစ်ကောင်လိုခက်ထန်လို့။
“ငါပြောပြီးပြီး... ငါ့နယ်မြေမှာ လုပ်ချင်တိုင်းလုပ်လို့ရမယ် မထင်နဲ့”
ဘုန်း...
ရှားလော့ခ်က ဘန်နီကို ကျာပွတ်ကိုသုံး ဆွဲယူလိုက်တယ်။ အက်ကွဲနေတဲ့ခန္ဓာကိုယ်နဲ့ ဒေါ်ရသီကလည်းအပြေးရောက်လာပြီး သူ့လက်တွေခြေတွေက ခရမ်းရောင်သလင်းကျောက်ဓားသွားတွေ အဖြစ်ကိုပြောင်းနေပါပြီ။
“သခင်က အားလုံးကို ကာကွယ်ပေးဖို့ ကျွန်မကိုတာဝန်ပေးခဲ့တာ။ ဒေါ်ရသီအနေနဲ့ သခင့်ကိုစိတ်မပျက်စေရဘူး။”
ဘုန်း....
ဒေါ်ရသီက ဘန်နီရဲ့ဝမ်းဗိုက်ကိုထိုးနှက်လိုက်တယ်။ ဒေါ်ရသီက သူ့ကိုမထိခင်လေးမှာ သူ့ကိုယ်သူရုပ်သေးရုပ်နဲ့အစားထိုးပြီး သီသီလေးလွတ်သွားခဲ့ပေမဲ့ အဝေးတစ်နေရာကနေပြီး သူတို့ကိုမယုံကြည်နိုင်စွာနဲ့ကြည့်နေတယ်။
“မဖြစ်နိုင်တာ... နင်တို့သေသင့်နေပြီလေ....”
အစောပိုင်းက သူတို့နှစ်ယောက်ခံခဲ့ရတဲ့တိုက်ကွက်က သိပ်ကို ပြင်းထန်တယ်။ ဒါပေမဲ့ ရှားလော့ခ်က ဒဏ်ရာအနည်းငယ်ပဲ ရခဲ့ပြီးတော့ ဒေါ်ရသီကလည်းပျက်စီးမသွားဘူး။
“ဒေါ်ရသီ... တိုက်ကွက်အများစုကို ငါ့အတွက်ကာပေးတဲ့အတွက် ကျေးဇူးပဲ။”
ရှားလော့ခ်က ဒေါ်ရသီကိုချီးကျူးလိုက်ပြီး ကျာပွတ်ကို လေထဲချာလည်လှည့်လိုက်တယ်။ နတ်ဘုရားခန္ဓာကိုယ် သုံးခုကလေထဲမှာလွင့်မျောနေပြီး တိုက်ပွဲဝင်တေးသီချင်းကို စတင်သီဆိုတယ်။ ဒီတစ်ခါတော့ရန်သူကိုတားဆီးဖို့မဟုတ်ဘဲ ရှားလော့ခ်ရဲ့အမြန်နှုန်းနဲ့တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့ပါ။
“အယ်မာ... ဒီတစ်ယောက်ကို ငါ့တာဝန်ထားလိုက်။ နင်က အဲဒီမိစ္ဆာကိုခဏထိန်းထား....”
ရှားလော့ခ်က အချိန်ထက်မဖြုန်းတော့ဘဲ အသံထက်မြန်တဲ့ နှုန်းထားမျိုးနဲ့ ဘန်နီဆီကိုပြေးဝင်သွားတယ်။ ဒေါ်ရသီကလည်း နောက်ကလိုက်လို့။
အားလပ်သွားပြီဖြစ်တဲ့အယ်မာကတော့ နှုတ်ခမ်းကိုဖိကိုက်ရင်း တစ်ချက်မှတောင်ဒဏ်ရာမရသေးတဲ့ အီလက်ထရာကို ကြည့်လိုက်တယ်။ အချိန်တွေကြာလာတိုင်း သူ့မှော်စွမ်းအင် ပမာဏကလျော့နည်းလာနေတယ်။ ဒီတိုက်ပွဲကိုမြန်မြန် အဆုံးမသတ်နိုင်ရင် အားလုံးသေကုန်လိမ့်မယ်။
“ပျင်းဖို့ကောင်းလိုက်တာ... နင်တို့တွေအားလုံးက စိတ်ပျက်စရာကောင်းလောက်အောင် အားနည်းတာပဲ။”
အီလက်ထရာက ငြီးငွေ့တဲ့လေသံနဲ့ပြောလိုက်တယ်။ အဲဒီနောက်မှာတော့ တိုက်ပွဲအခြေအနေက နေနဲ့လလို ပြောင်းပြန်ဖြစ်သွားတယ်။
ဧရာမမြွေကြီးက အက်စစ်ဓာတ်ပါတဲ့အဆိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး အဆိပ်ငွေ့တွေက အယ်မာရဲ့ဟိုက်ဒရာနဲ့ မြေတိုက်တန်ကြီးကို အရည်ပျော်ကျသွားစေတယ်။
အယ်မာကိုယ်တိုင်လည်း အဆိပ်ငွေ့တွေကို ရှူသွင်းမိပြီး ဒူးထောက်ကျသွားတော့တာပဲ။
“ကလေး... မဖြစ်ဘူး....” သူတွေးလိုက်မိပေမဲ့ နောက်ကျသွားပြီ။ တစ်ချိန်တည်းမှာပဲ ရှားလော့ခ်လည်းလဲကျသွားပြီး ဒေါ်ရသီက အဆိပ်ငွေ့တွေရဲ့တိုက်စားမှုကြောင့် သံချေးတက်နေတဲ့ စက်ရုပ်တစ်ရုပ်လိုမျိုး တစ်စစီပြုတ်ထွက်သွားတယ်။ အဂ္ဂိရတ်ကျောက်တုံးသာလျင် အကောင်းအတိုင်းကျန်ခဲ့လို့ပေါ့။
အဆိပ်ငွေ့တွေက ဆယ်ဗီနဲ့မိုနီကာတို့ကိုမထိဘဲ သီးသန့်ချန်ထားတယ်။ စက္ကန့်အနည်းငယ်အကြာမှာတော့ အီလက်ထရာက မိုနီကာရှေ့မှာရပ်နေပြီး ခါးကိုကိုင်းကာ ဦးညွှတ်ပြီး လက်ကမ်းပေးလိုက်လေရဲ့။
“ကဲ... သခင်မလေး၊ နေမထွက်ခင် လင်ဘိုဘုံကို ပြန်ကြစို့။” ဒါက တောင်းဆိုတာမဟုတ်ဘဲ အတင်းအကြပ်အမိန့်ပေးတာပါပဲ။
...
“မင်းက ဒီအထိတောင် လျှောက်လာနိုင်တာပဲ။”
အနက်ရောင်ဝတ်စုံနဲ့ အပြာရောင်မျက်လုံးတွေရှိတဲ့ လူငယ်က နက်ဆန်ရဲ့ရှေ့မှာရပ်နေပြီး နက်ဆန်ကိုပြောလိုက်ပါတယ်။ နက်ဆန်က အံ့အားသင့်သွားပြီး သူ့ပါးစပ်ကိုဟလိုက်ပေမဲ့ မကြာခင်မှာပဲ ပါးစပ်ကိုပြန်တင်းတင်းစေ့ထားပြီး ပြုံးလိုက်တယ်။ သူပိန်းပိန်းပိတ်အမှောင်ထုထဲမှာ ဦးတည်ရာမဲ့ လျှောက်နေခဲ့တာ အချိန်အတော်ကြာပြီ။
နာရီနေ့ရက်တွေတင်မကတော့ဘဲ လပိုင်းများစွာ၊နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ ပုံမှန်ဆိုရင်တော့ အမှောင်ထုထဲမှာ သူ့ကိုယ်သူ မေ့လျော့သွားနိုင်တဲ့အန္တရာယ်ရှိပေမဲ့ အခုအချိန်မှာတော့ သူ့နှလုံးသားထဲမှာ မီးတောက်တစ်ခုတောက်လောင်နေတယ်။
‘ငါဟာ တစ်ယောက်တည်းမဟုတ်ဘူး' ဆိုတဲ့အတွေးက သူ့ကို တွန်းအားပေးနေပါတယ်။ အမှောင်ထုထဲမှာ တစ်ဦးတည်း ဖြစ်တည်နေပေမဲ့ ဆယ်ဗီ၊ မိုနီကာ၊ မော်လီ၊ နာတာရှာ၊ အိုလီရာနာ အစရှိတဲ့သူတွေက သူနဲ့အတူတူ အထ်ီးကျန်လမ်းကို အတူ လျှောက်လှမ်း နေခဲ့သလိုပါပဲ။
“မင်း အဆုံးမဲ့အမှောင်ထုထဲမှာ ပိတ်မိနေတာ ရာစုနှစ်သုံးခု ရှိသွားပြီ။ အပြင်လောကကြီးကိုပြန်သွားပြီး အရာအားလုံး နောက်ကျသွားပြီလို့ မထင်ဘူးလား။”
နက်ဆန်မဟုတ်တဲ့နက်ဆန်က ပျက်ရယ်ပြုတဲ့လေသံနဲ့ ပြောလိုက်တယ်။ နက်ဆန်ကလည်း တူညီတဲ့အပြုံးနဲ့ သူ့ကိုပြန်လှောင်ပြောင်လိုက်လေရဲ့။
“ရာစုနှစ်ဟုတ်လား... ငါ့အတွက်တော့ စက္ကန့်အနည်းငယ်လိုပါပဲ။ သူတို့ငါနဲ့အတူရှိနေသမျှ ဒီအတုအယောင်တွေက အလုပ်မဖြစ်ဘူး။”
ဟားဟားဟား....
တခြားနက်ဆန်က ရယ်မောလိုက်တယ်။ နက်ဆန်အစစ်ကလည်း ရယ်မောလိုက်လေရဲ့။
“မင်းက ငါ့ရဲ့အိပ်မက်တွေကိုတောင် ထွင်းဖောက်မြင်နိုင်တာလား၊ ညီငယ်လေး။”
ညီငယ်လေးလို့ အခေါ်ခံလိုက်ရတဲ့အတွက် နက်ဆန်အတော်လေး အံ့အားသင့်သွားပြီး သူ့ရှေ့ကလူငယ်ကိုကြည့်လိုက်ပါတယ်။ သူကနက်ဆန်နဲ့တူသေးပေမဲ့ သူ့မျက်လုံးတွေကရီဝေဝေဖြစ်နေပြီး အိပ်ရင်းယောင်နေသလိုပါပဲ။
“ခင်ဗျားက ဘယ်သူလဲ...”
“ငါ့နာမည်က မော်ဖီးယပ်... အိပ်စက်ခြင်းနတ်ဘုရားပဲ။”
မော်ဖီးယပ်၊ အိပ်စက်ခြင်းနဲ့အိပ်မက်တွေရဲ့နတ်ဘုရား။ ဂရိပါသီနွန်မှာ အရေးမပါလှတဲ့ နတ်ဘုရားတစ်ပါးပေါ့။ ဇုစ်တို့ ဟီရာတို့ရဲ့နာမည်တွေကို လူတိုင်းသိကြပေမဲ့ မော်ဖီးယပ်ကို လူတိုင်းသိဖို့တော့ခက်တယ်။ ဂရိဒဏ္ဍာရီဝါသနာပါသူ တချို့တလေတောင်မှ မော်ဖီးယပ်အကြောင်း လေ့လာဖူးတာရှားပြီး ရှိတယ်ဆိုတာလောက်ပဲမှတ်မိကြတယ်။ မော်ဖီးယပ်အကြောင်း ရေးသားထားတဲ့စာပေဆိုလို့ အိုဗစ်ရဲ့မီတာမော်ဖိုးဆက်စာအုပ်သာ ရှိတာကြောင့်လည်းပါတယ်။
ဒါပေမဲ့ နက်ဆန်ကတော့ သူ့ရှေ့ကလူကို သတိကြီးစွာနဲ့ ကြည့်လိုက်တယ်။
“ဒီနေရာက အသွင်သဏ္ဍာန်တို့၏သားတော်တွေ ဖန်တီးထားတာများလား”
မော်ဖီးယပ်မှာ အိပ်မက်နဲ့အိပ်စက်ခြင်းရဲ့အရှင်သခင်ဆိုတာထက် ပိုပြီးလူသိနည်းတဲ့ နာမည်တစ်ခုရှိတယ်။ အသွင်သဏ္ဍာန်တို့၏ သားတော်များဆိုတာပါပဲ။ ဟုတ်ပါတယ်၊ သားတော်မဟုတ်ဘဲ သားတော်များပါ။ မော်ဖီးယပ်ဟာ လူသားတွေရဲ့စိတ်ကူးနဲ့ လောကကြီးကိုရှုမြင်ပုံကိုအုပ်စိုးတဲ့ နာမပညတ်နတ်ဘုရားတစ်ပါး ဖြစ်ပါတယ်။ လူသားတွေသိမြင်တဲ့ ရေမြေ၊ သစ်ပင်၊ သမုဒ္ဒရာ၊ ကောင်းကင် စတဲ့အဓိပ္ပါယ်ဖွင့်ဆိုမှု ပညတ်မှန်သမျှဟာ မော်ဖီးယပ်ကိုယ်တိုင်ပဲ ဖြစ်နေပြန်တယ်။ ဒါကြောင့် သူ့ကိုအဓိပ္ပါယ်ဖွင့်ဆိုဖို့ နည်းလမ်းများစွာရှိနေပြီး အသွင်ကွဲများစွာ ဖြစ်တည်လာတော့တယ်။
“ဒဏ္ဍာရီတွေအဆိုအရ အရှင်မော်ဖီးယပ်မှာ အစစ်အမှန် အသွင်သုံးပါး ရှိတယ်ဆိုတယ်။ အခုရှေ့ကသူက....”
မော်ဖီးယပ်က နက်ဆန်ရဲ့စကားကိုကြားရချိန်မှာ ဆက်မပြောဖို့ အချက်ပေးတဲ့အနေနဲ့သူ့ပခုံးပေါ်ကို လက်တင်လိုက်ပါတယ်။
“ညီငယ်လေး... မင်းရောငါရောက အမှောင်နတ်ဘုရားမရဲ့ သားတော်တွေပါ။ ငါ့ကိုနောင်တော်လို့ ခေါ်ရင်ရပါပြီ။”
နက်ဆန်က အလိုလိုခေါင်းညိတ်လိုက်မိတယ်။ နက်ဆန်ရဲ့ ခေါင်းကိုင် နတ်မိဘဖြစ်တဲ့ အမှောင်နတ်ဘုရားမနက်ဆီကနေ မော်ဖီးယပ်ပေါက်ဖွားလာတာ အမှန်ပါပဲ။
“မင်းရှေ့မှာရှိနေတဲ့ငါက ငါ့ရဲ့အသွင်သုံးပါးလုံးပေါင်းစပ်ထားတဲ့ စစ်မှန်တဲ့ အိပ်မက်ကိုယ်ပွားတစ်ခုပဲ။ ငါအစစ်အမှန်ကိုတော့ နှစ်ပေါင်းများစွာကတည်းက သန်းနတို့စ်က ခေါ်သွားခဲ့ပါပြီ။”
အဲဒီနောက်တော့ မော်ဖီးယပ်က သူ့အကြောင်းသူပြောနေတာ ရပ်လိုက်တယ်။ သူက ဘေးပတ်ဝန်းကျင်အမှောင်ထုကြီးကို ပြသလိုက်ပြီး
“အခုမင်းမြင်နေရတဲ့အရာက ငါဖန်တီးထားတဲ့အမှောင်လောက ဟုတ်သလိုလိုနဲ့မဟုတ်ဘူး... ဒါက မယ်တော်အရှင်မဖန်တီးခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ငါကပြန်လည်ပြသထားတာပဲ။ မင်းကလွဲလို့ သေမျိုးတွေ အားနည်းလွန်းလို့ အပြည့်အဝကိုမမြင်နိုင်ပေမဲ့ပေါ့။”
နက်ဆန်ဟာ မော်ဖီးယပ်ရဲ့စကားကြောင့် ထပ်ပြီးနားမလည်နိုင် ဖြစ်ရပြန်ပါတယ်။ နောက်ပြီးတော့ ဒီစကားရဲ့ဒုတိယတစ်ပိုင်းက
“အပြည့်အဝမမြင်နိုင်ဘူး... ကျွန်တော့်အရင်က ဒီနေရာကို ရောက်လာတဲ့သူတွေလည်း ရှိတယ်မဟုတ်ဘူးလား....”
ပြောရရင် နက်ဆန်ကိုယ်တိုင်တောင်မှ အဲဒီထဲကတစ်ယောက်ရဲ့ လမ်းညွန်မှုကြောင့် ဒီအထိရောက်လာတာလေ။ မော်ဖီးယပ်က ပိုပြီးကြင်ကြင်နာနာပြုံးလိုက်တယ်။
“အေး... သူတို့ထဲကတစ်ယောက်မှ ရာစုနှစ်သုံးနှစ်ကြာအောင် ဒီနေရာမှာမလျှောက်လှမ်းနိုင်ခဲ့ဘူး။ အတော်ကြာကြာနေခဲ့တဲ့သူ ရှိတယ်ဆိုပေမဲ့လို့ မင်းစံချိန်ကိုတော့မမီဘူး။
သူတို့က ဒီအိပ်မက်ရဲ့အစိတ်အပိုင်းတချို့ကိုနားလည်လာပြီး ငါ့ထားခဲ့တဲ့မျက်နှာဖုံးကို အချိန်အကန့်အသတ်နဲ့သုံးနိုင်တယ် ဆိုပေမဲ့လို့ မင်းကတော့ သူတို့ထက် ပိုကြောက်စရာ ကောင်းလာလိမ့်မယ်။”
မော်ဖီးယပ်ရဲ့ကျောနောက်မှာ တောင်ပံတွေထွက်ပေါ်လာခဲ့တယ်။ အဲဒီတောင်ပံတွေက ပုံစံအမျိုးမျိုးပြောင်းလဲနေပြီး ဘယ်လိုပုံပန်း ရှိတယ်ဆိုတာကို အဓိပ္ပါယ်ဖော်ကြည့်ဖို့ခက်ခဲတယ်။ အစစ်အမှန် ပုံစံကိုမမြင်ရပေမဲ့ အဖြူရောင်လို့တွေးရင် တောင်ပံက အဖြူဖြစ်သွားပြီး အနက်လို့တွေးမိတဲ့အချိန် အနက်ဖြစ်သွားတယ်။ မော်ဖီးယက်အစိုးရတဲ့ နာမပညတ်နိယာမပါပဲ။
“ကဲ... ဒီအိပ်မက်ရဲ့အစစ်အမှန်ပုံစံကို မြင်တွေဖို့အသင့်ဖြစ်ပြီလား။”
နက်ဆန်က ခေါင်းညိတ်ပြလိုက်ချိန် မော်ဖီးယပ်က နက်ဆန်ကို ဆွဲမြှောက်လိုက်တယ်။ အမှောင်ထုကနောက်မှာကျန်ရစ်ခဲ့ပြီး ကြောက်စရာကောင်းတဲ့မြင်ကွင်းကြီးကို နက်ဆန် စတင်မြင်ရတယ်။
မျက်လုံးထဲမှာ အချိန်စွမ်းအားနိယာမတွေနဲ့ပြည့်နက်နေတဲ့ ကမ္ဘာကြီးထက်တောင်ကြီးတဲ့အရွယ်အစားရှိတဲ့ တိုက်တန်ကြီး တစ်ကောင်က ဖန်ဆင်းခြင်းမြစ်ရေရဲ့ဖြစ်တည်မှုနိယာမကို ထိန်းချုပ်ထားတဲ့ နောက်ထပ်ဧရာမနတ်ဘုရားကြီးကို တံစဥ်နဲ့ခုတ်ဖြတ်တိုက်ခိုက်နေတယ်။
အဲဒီနတ်ဘုရားနှစ်ပါးရဲ့အထက်မှာတော့ နက်မှောင်တဲ့ ဝတ်ရုံခြုံလွှာကိုဖြန့်ကျက်ပြီး နတ်ဘုရားနှစ်ပါးလုံးကို လွှမ်းမိုးထားတဲ့ နောက်ထပ်နတ်ဘုရားမတစ်ပါးကို မြင်တွေ့ရတယ်။
အဲဒီနတ်ဘုရားမရဲ့အသားအရေက လူမမာလိုဖြူဖျော့ပေမဲ့ ည ရေကန်ပြင်မှာထင်ဟပ်နေတဲ့ လမင်းလိုမျိုး နှစ်လိုဖွယ်ရှိတယ်။ အနက်ရောင်ဆံပင်တွေက ရေတံခွန်ကိုဖြာစင်းနေပြီးတော့ နဂါးငွေ့တန်းကြီးနဲ့အပြိုင်ဖြစ်တည်လို့။ သူ့ရဲ့တောက်ပတဲ့ မျက်လုံးတွေထဲမှာတော့ စကြဝဠာကြီးတစ်ခုလုံး ရှိနေသယောင်။
“မယ်တော်....” အဲဒါက ဘယ်သူလဲဆိုတာ နက်ဆန်ရိပ်မိသွားတယ်။ အမှောင်နတ်ဘုရားမ... ရွှေလဝန်းမျက်နှာဖုံးထဲမှာ အမှောင်နတ်ဘုရားမပါဝင်ခဲ့တဲ့ တိုက်ပွဲတစ်ခုကို မှတ်တမ်းတင်ထားတာပဲ။
“လူသားတွေက မေ့လျော့လွယ်ကြတယ်... တိုက်တန်တွေ မပြောနဲ့ အိုလံပီယာနတ်ဘုရားတွေရဲ့နာမည်တွေကိုတောင် မေ့စပြုလာပြီ။ ကမ္ဘာလောကကြီးဖြစ်တည်မလာခင် ဖန်ဆင်းခြင်းမြစ်ရေထဲမှာ အုပ်စိုးခဲ့ကြတဲ့ ရှေးဦးနတ်ဘုရားကြီးတွေရှိခဲ့တဲ့အကြောင်း မသိကြတော့ဘူး။”
မော်ဖီးယပ်က ညနတ်ဘုရားမကို လေးစားအားကျတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ နက်ဆန်ကတော့ သူ့ရှေ့ကမြင်ကွင်းကြောင့် ဦးခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မလိုခံစားနေရတုန်းပဲ။
“မယ်တော်ရဲ့ညခြုံလွှာတစ်ခုတည်းကတင် နေအဖွဲ့အစည်း တစ်ခုစာလောက်ရှိတဲ့ ရှေးနတ်ဘုရားကြီးတွေကို အမှောင်ချ ထားခဲ့တာလား။”
ဂရိဒဏ္ဍာရီတွေကို လေ့လာခဲ့တဲ့သူဖြစ်တာနဲ့အညီ နက်ဆန်ဟာ သူ့ရှေ့ကတိုက်ပွဲကြီးအကြောင်းကိုသိနေခဲ့တယ်။ တိုက်တန်ဘုရင် ဖြစ်လာမယ့် အချိန်နတ်ဘုရားခရိုနော့ခ်က ကောင်းကင်ကြီး ယူရေးနပ်ကို သင်းကွပ်ခဲ့တဲ့တိုက်ပွဲလေ။
“ယူရေးနပ်စ်က ဂရိပါသီနွန်ကိုပထမဆုံးအုပ်စိုးခဲ့တဲ့ မဟာနတ်မင်းကြီးတစ်ပါးဖြစ်ခဲ့ပေမဲ့ နန်းလုမှာစိုးလို့ ဆိုက်ကလော့တွေ အပါအဝင်သူ့ရဲ့တခြားကလေးတွေကို ရက်ရက်စက်စက် အကျဥ်းချထားခဲ့တယ်။
မယ်တော်က သူ့ကိုပုန်ကန်မယ့် အချိန်တိုက်တန်ခရိုနော့ခ်ကို ကူညီခဲ့လို့ ခရိုနော့ခ်က တိုက်တန်ဘုရင်ဖြစ်လာခဲ့တာ။ ဒါပေမဲ့ အဲဒီကောင်ကလည်း ထူးမခြားနားဖြစ်နေခဲ့တာလေ။”
အချိန်အတော်ကြာအောင် နတ်ဘုရားတစ်ပါးရဲ့ကြွင်းကျန် ဝိညာဥ်ဖြစ်တဲ့မော်ဖီးယပ်နဲ့နက်ဆန်တို့က အဲဒီမြင်ကွင်းကြီးကို ကြည့်ရှုနေရင်းကနေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောခဲ့ကြတယ်။ မော်ဖီးယပ်က ထူးထူးခြားခြားသင်ပေးတာမျိုးမရှိပေမဲ့လို့ ဒီမြင်ကွင်းကိုမြင်ရရုံနဲ့တင် နက်ဆန်ရဲ့နတ်ဘုရားခန္ဓာက ကြီးထွားလာခဲ့တယ်။
“မင်းတို့လူသားတွေက အတုမြင်အတတ်သင်တဲ့နေရာမှာ နတ်ဘုရားတွေထက်တောင်သာလွန်တယ်။ မယ်တော်ရဲ့ စွမ်းအားကိုမြင်ရပြီးနောက် မင်းရဲ့စွမ်းအားတွေကို အသုံးချဖို့အတွက် နည်းလမ်းသစ်တွေကိုလည်း စဥ်းစားမိလောက်ရောပေါ့....”
မော်ဖီးယပ်စကားဆုံးတော့ နက်ဆန်က ပြုံးလိုက်တယ်။ အဟုတ်ပဲလေ။
...
“သခင်... ကျွန်မတို့ဒီထက်ပိုပြီး ထိန်းမထားနိုင်တော့ဘူး။”
အပြင်လောကမှာတော့ မိနစ်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီ။ မြေပေါ်လဲကျနေတဲ့ မော်လီမှာ လက်နှစ်ဖက်လုံးမရှိတော့ဘဲ ခြေတစ်ဖက်လည်း ပိုင်းဖြတ်ခံထားရတယ်။ နာတာရှာကတော့ တောင်နံရံမှာ ဒိုင်းနဲ့အဖိခံထားရပြီး ပါစီဗယ်ကတော့ ထုံးစံအတိုင်း လီချင်းချင်းရဲ့ဒေါက်ဖိနပ်အောက်မှ ခေါင်းကို အနင်းခံဘဝ ရောက်နေပြန်ပါပြီ။
အဲဒိအချိန်မှာပဲ မျက်နှာဖုံးစွပ်ထားတဲ့နက်ဆန်က ထရပ်တယ်။ သူ့မျက်လုံးတွေထဲမှာ စင်္ကြဝဋ္ဌာကြီးရဲ့ပုံရိပ်ထင်ဟပ်နေပြီး သူ့ခန္ဓာကိုယ်က အနက်ရောင်အရိပ်ကြီးအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
အမှောင်နတ်ဘုရားခန္ဓာက လူသားခန္ဓာကိုယ်ကိုဖုံးအုပ်ထားတာ မဟုတ်ဘဲ သူ့ခန္ဓာကိုယ်က အမှောင်ထုဖြစ်လာခဲ့တာပါ။ မျက်နှာဖုံးတပ် ညအရှင်ရဲ့ပခုံးပေါ်မှာတော့ ရောမအရာရှိတွေ ဝတ်ဆင်လေ့ရှိတဲ့ ဆေဂန်ဝတ်ရုံရှည်ပုံစံမျိုး အနက်ရောင်ဝတ်ရုံတစ်ခု ထွက်ပေါ်လို့လာခဲ့ပါပြီ။
“မယ်တော်... ချစ်ရသူတွေကိုကာကွယ်ဖို့ ဒီသားတော်က မယ်တော်ရဲ့စွမ်းအားတွေကို တုပပါရစေ။”