အခန်း (၄၈၇-၄၈၈)
Vol. 49 Ch. 487-488
အခန်း ၄၈၇ ခွန်လုံစစ်သူကြီး၏ ကိုယ်ထည် ပျက်စီးသွားပြီလား
သူ၏ အခန်းသို့ ပြန်ရောက်သောအခါ ကျင့်ကြံသူအချို့ သူ့နောက်သို့ လိုက်ပါလာသည်ကို ဖန့်ချန် သတိပြုမိသည်။
သူ အခန်းထဲဝင်၍ တံခါးပိတ်လိုက်သည့်တိုင် ထိုသူများက အနီးအနားတွင် ရှိနေပြီး သူ့ကို စောင့်ကြည့်နေကြဆဲ ဖြစ်သည်။
ခန့်မှန်းထားသည့်အတိုင်းပင် ထိုကျင့်ကြံသူများသည် စောစောက သူကိုင်တွယ်ခဲ့သည့် ခါးပိုက်နှိုက်ဂိုဏ်းနှင့် ဆက်နွှယ်နေသူများ ဖြစ်သည်။
မန်နေဂျာ ချီယွီရွှမ်က ထိုအကြောင်းကို ရှောင်ဖယ်ပြောဆိုခဲ့ပုံအရ ဤသူခိုးများနှင့် သင်္ဘောပိုင်ရှင်တို့ကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေနိုင်ကြောင်း အရိပ်အမြွက် ပြနေသည်။
"ထိုက်ချူကို ရောက်ဖို့က လေးနှစ်ကျော်တောင် လိုသေးတာ တစ်နေကုန် သူခိုးတွေရဲ့ စောင့်ကြည့်တာကို ခံနေရတာကတော့ သိပ်မကောင်းဘူး"
ဟု ဖန့်ချန်က ရေရွတ်လိုက်ရင်း သူ၏ ဝိညာဉ်အာရုံ ကို အခန်းအသီးသီးသို့ ဖြန့်ကြက်ကာ ထောက်လှမ်းလိုက်သည်။
အထပ် (၆၀) အောက်ရှိ အခန်းများကို လူသားအဆင့်၊ (၆၁) မှ (၉၀) ကို မြေကမ္ဘာ အဆင့်ဟု သတ်မှတ်ပြီး ထိပ်ဆုံး (၁၀) ထပ်တွင်မူ ကောင်းကင် အဆင့် အခန်းပေါင်း (၂၀) ခန့် ရှိသည်။
ဖန့်ချန်၏ ဝိညာဉ်အာရုံသည် လူသားနှင့် မြေကမ္ဘာအဆင့်များကို ချက်ချင်းကျော်ဖြတ်ကာ ကောင်းကင်အဆင့် ဧရိယာသို့ ရောက်ရှိသွားသည်။
အခန်းတစ်ခုအတွင်း၌ သူ၏ ပစ်မှတ်ကို ရှာတွေ့သွားတော့သည်။
ကောင်းကင်အဆင့် အခန်းထဲတွင် ဝိညာဉ်စွမ်းအင်များ သိပ်သည်းနေပြီး လူသားအဆင့်ထက် ဆယ်ဆမက ပိုများသည်။
ထိုအခန်းထဲတွင် တည်ငြိမ်သော မျက်နှာပေးနှင့် လူငယ်တစ်ဦး ထိုင်နေသည်။
သူ၏ အရှိန်အဝါအရ ရွှေအမြုတေအဆင့် အစောပိုင်းသို့ ရောက်နေပြီဖြစ်ကြောင်း သိသာလှသည်။
သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် အမျိုးသမီး ကျင့်ကြံသူနှစ်ဦးက ပြုစုနေကြပြီး သူ၏ရှေ့တွင်မူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ကြောက်ရွံ့စွာ ဒူးထောက်နေသည်။
လူငယ်က ရုတ်တရက် စကားစလိုက်သည်။
"ဝမ်အို မင်း ငါ့နောက်ကို လိုက်လာတာ ဘယ်နှနှစ် ရှိပြီလဲ"
"သခင်လေး ၃၈ နှစ် ရှိပါပြီ"
ဟု ထိုကျင့်ကြံသူက တုန်ရီစွာ ဖြေသည်။
"ကြာလှပေါ့"
လူငယ်က သက်ပြင်းချလိုက်သည်။
"၃၈ နှစ်တောင် ရှိပြီဆိုတာတောင် မင်း ငါ့ရဲ့ စိတ်နေစိတ်ထားကို မသိသေးဘူးလား ငါ့လူတွေကို သတ်တဲ့သူရဲ့ ခေါင်းကို မယူလာနိုင်ဘဲ ပြန်လာရင် နောက်ခါ မင်းကို ငါ ဘယ်လို ယုံကြည်ရတော့မလဲ"
" ငါ ရွှေအမြုတေအဆင့် ရောက်လာတာကလည်း ဒီလို သယံဇာတတွေကို မမောနိုင်မပန်းနိုင် ရှာဖွေခဲ့လို့ပဲ"
"ငါတို့လုပ်ငန်းကို လူတွေက အထင်သေးကြပေမဲ့ ငါ့ရဲ့ အတွေ့အကြုံအရတော့ သူတို့ ကြောက်ရွံ့တုန်လှုပ်သွားတဲ့အထိ သတ်ပြီးရင်း သတ်နေရမှာပဲ ဒါမှ ငါတို့ကို လာမစော်ကားဝံ့မှာ"
"နားလည်ပါပြီ သခင်လေး အဲဒီလူရဲ့ ခေါင်းကို ယူလာပြီး ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပါ့မယ်"
ဟု ဝမ်အိုက ကပျာကယာ ကတိပေးလိုက်သည်။
လူငယ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။
"သူက ဒဏ်ငွေ ကျောက်တုံး ၅,၀၀၀ ကို မျက်တောင်မခတ်ဘဲ ပေးနိုင်တယ်ဆိုတော့ တော်တော်လေး ချမ်းသာမယ့်ပုံပဲ"
"နောက်တစ်လနေရင် သင်္ဘောက ဆိပ်ကမ်းတစ်ခုမှာ ရပ်နားမယ် သူ့ကို ကုန်းပေါ်ရောက်အောင် တစ်နည်းနည်းနဲ့ လုပ်ပြီး အဲဒီမှာပဲ အပြတ်ရှင်းလိုက်"
"တကယ်လို့ သူက အခန်းထဲကနေ မထွက်ဘဲ အောင်းနေရင်ကော"
"ဒါဆိုရင်လည်း အခန်းထဲကို အတင်းဝင်ပြီး သတ်ပစ်လိုက်ပေါ့ အဲဒါကို ငါက သင်ပေးနေရဦးမှာလား"
ဟု လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ သင်္ဘောပိုင်ရှင်က"
"သူတို့ကတော့ ဘာမှ မဖြစ်သလိုပဲ မျက်စိမှိတ်နေမှာပါ အရမ်းကြီး ဆူဆူပူပူ မဖြစ်စေနဲ့ပေါ့"
ဖန့်ချန်က ထိုအခြေအနေကို စောင့်ကြည့်ရင်း
"အခန်းထဲဝင်ပြီး သတ်မယ် ဟုတ်လား ဒီရွှေအမြုတေအဆင့် ကျင့်ကြံသူက သင်္ဘောပိုင်ရှင်နဲ့ အတော်လေး ပတ်သက်မှုရှိပုံရတယ်"
ဟု တွေးလိုက်သည်။
ထိုစဉ် အခန်းတံခါး ပွင့်သွားပြီး ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဝင်လာကာ
"ချန်ရှန့် ဒီလအတွက် ပေးရမယ့် ကျောက်တုံးတွေ အဆင်သင့်ဖြစ်ပြီလား"
ဟု မေးလိုက်သည်။
ရွှေအမြုတေအဆင့် လူငယ် ချန်ရှန့် က ပြုံးလျက် ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ကို ထုတ်ပေးလိုက်သည်။ ထိုလူငယ်က ကျောက်တုံးများကို သိမ်းယူရင်း
"ဒါနဲ့ မင်း ပြဿနာတစ်ခုခု တက်နေတယ်လို့ ကြားတယ် သန့်သန့်ရှင်းရှင်း ကိုင်တွယ်နော် မဟုတ်ရင် ငါ့ဦးလေးကို ရှင်းပြရခက်လိမ့်မယ်"
ဟု သတိပေးကာ ထွက်သွားသည်။
ထိုလူငယ် ထွက်သွားသည်နှင့် ချန်ရှန့်၏ မျက်နှာမှာ အေးစက်သွားသည်။
"သူ့မှာ အင်အားကြီးတဲ့ ဦးလေးရှိလို့သာ ငါ သည်းခံနေရတာ"
"သခင် သူတို့ ရှာခိုင်းထားတဲ့သူကိုရော ရှာတွေ့ပြီလား"
ဟု အမျိုးသမီးတစ်ဦးက မေးသည်။
ချန်ရှန့်က နှာခေါင်းရှုံ့လိုက်သည်။
"အဲဒီလူက ရွှေအမြုတေအဆင့်တွေကို ကြက်ကလေး ငှက်ကလေးလို သတ်နေတဲ့သူ ငါကိုယ်တိုင် သွားရှာပြီး အသေခံရမှာလား"
"သူ ဒီသင်္ဘောပေါ်မှာ ရှိမနေတာကမှ ငါတို့အတွက် ကံကောင်းတာ ငါကတော့ အေးအေးဆေးဆေး ကျောက်တုံးလေး ရှာစားချင်ရုံပဲ ပြဿနာထဲ ဝင်မပါချင်ဘူး"
ဖန့်ချန်သည် ထိုလူငယ်နောက်သို့ ဝိညာဉ်အာရုံဖြင့် ဆက်လိုက်သွားရာ အခြား ကောင်းကင်အဆင့် အခန်းတစ်ခုသို့ ရောက်သွားသည်။
ထိုနေရာတွင် ဝတ်စုံပြာနှင့် လူလတ်ပိုင်းတစ်ဦးကို တွေ့လိုက်ရသည်။
လူငယ်က ကျောက်တုံးများကို အပ်နှံရာ လူလတ်ပိုင်းက ကျောက်တုံး ၅၀ ကို လူငယ်အား ပြန်ပေးလိုက်ပြီး
"ချန်ရှန့်ကို ပြောလိုက်ဦး သိပ်ပြီး ဆူဆူပူပူ မလုပ်စေနဲ့ ပိုင်ရှင်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်ရင် သူ မခံနိုင်ဘူး"
ဟု မှာကြားလိုက်သည်။
"တစ်လကို ကျောက်တုံး ၁,၀၀၀ ဆိုတော့ တကယ်ကို အရင်းအနှီးမလိုဘဲ မြတ်တဲ့ စီးပွားရေးပဲ"
ဟု ဖန့်ချန်က သက်ပြင်းချမိသည်။
သူ၏ ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းရန် ပြင်စဉ် ဝိညာဉ်သုတ်သင်ရေး ဌာန မှ အဖွဲ့ဝင်အချို့၏ စကားသံကို ကြားလိုက်ရသည်။
"သတင်းကောင်းဟေ့ ခွန်လုံစစ်သူကြီး က ငါတို့ဌာနက ကျွမ်းကျင်သူတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာ ခံရပြီး ကိုယ်ထည် ပျက်စီးသွားပြီတဲ့ သူ့ရဲ့ မူလဝိညာဉ် ပဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကြားတယ်"
"နှမြောစရာပဲဗျာ မူလဝိညာဉ်ပါ ဖမ်းမိလိုက်ရင် ပိုကောင်းမှာ"
ခွန်လုံစစ်သူကြီး၏ ကိုယ်ထည် ပျက်စီးသွားပြီ ဟုတ်လား
ဖန့်ချန်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။
လအတော်ကြာအတွင်း ထိုသတင်းမှာ သူကြားဖူးသမျှ အကောင်းဆုံး သတင်းပင် ဖြစ်တော့သည်။
အခန်း ၄၈၈ - ပျက်စီးနေသော နဂါးရိုးကောင်းကင်မီးအိမ်
ခွန်လုံစစ်သူကြီးသည် လုံချင်းစစ်သူကြီးကို အသုံးချ၍ ဖန့်ချန်ကို သတ်ရန် ကြိုးစားခဲ့သလို၊ ဖန့်ချန်ကလည်း ဝိညာဉ်သုတ်သင်ရေးဌာနကို အသုံးချ၍ ခွန်လုံစစ်သူကြီး၏ တည်နေရာကို သတင်းပေးခဲ့သည်။
နှစ်ဦးလုံးမှာ သူတစ်ပါးလက်ကို ငှား၍ တစ်ဖက်လူကို ရှင်းရန် ကြိုးစားခဲ့ကြသော်လည်း ရလဒ်မှာ ဖန့်ချန်သည် သင်္ဘောပေါ်တွင် အန္တရာယ်ကင်းကင်း ရှိနေပြီး ခွန်လုံစစ်သူကြီးမှာမူ သူ၏ ကိုယ်ထည်ပျက်စီးသွားခဲ့ရသည်။
သူ သေဆုံးမသွားသော်လည်း ဝိညာဉ်သန္ဓေသားအဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် ကိုယ်ထည်ဆုံးရှုံးရခြင်းမှာ အလွန်နာကျင်ဖွယ်ကောင်းလှသည်။
သူသည် အချိန်အတော်ကြာအောင် ဒုက္ခပေးနိုင်တော့မည် မဟုတ်ပေ။
"ဝိညာဉ်ကျောက်တုံး နှစ်သောင်း သုံးလိုက်ရတာ မနှမြောတော့ပါဘူး"
ဟု ဖန့်ချန်က ရေရွတ်လိုက်ရင်း စစ်မှန်သော မီးတောက်အဆောင် များ ရေးဆွဲရန် ပြင်ဆင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ကုန်လွန်သွားခဲ့သည်။
ဖန့်ချန်သည် အခန်းထဲမှ ခြေတစ်လှမ်းပင် မထွက်ခဲ့သလို၊ သူ့ကို စောင့်ကြည့်နေသူများလည်း တစ်လလုံးလုံး အခန်းပြင်၌ ရှိနေခဲ့ကြသည်။
ယနေ့တွင် သင်္ဘောကြီးသည် သင်္ဘောပေါင်း ထောင်သောင်းမက ရှိနေသည့် စည်ကားသော ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်တော့မည် ဖြစ်သည်။
တစ်နှစ်ပတ်လုံး သင်္ဘောပေါ်၌သာ နေခဲ့ရသော ကျင့်ကြံသူများသည် လိုအပ်သည်များ ဝယ်ယူရန်နှင့် အနားယူရန် စိတ်လှုပ်ရှားစွာဖြင့် ကုန်းပေါ်သို့ ဆင်းရန် ပြင်နေကြသည်။
"အစ်ကိုကြီး ကုန်းပေါ်ဆင်းပြီး တစ်ချက်လောက် မကြည့်ချင်ဘူးလား"
ဟု ဝိညာဉ်မှန်ချပ်က မေးလိုက်သည်။
ဖန့်ချန်က စူးစမ်းလိုက်သည်။
"ဒီဆိပ်ကမ်းမှာ ဘာထူးခြားလို့လဲ"
"တကယ်တော့ ထူးခြားတာ မရှိပါဘူး ဒါပေမဲ့ ဒီဒေသမှာ ဒီတစ်ခုပဲ ရှိတာဆိုတော့ နေရာအနှံ့က ကျင့်ကြံသူတွေ စုဝေးနေကြလိမ့်မယ်"
"သူတို့လက်ထဲမှာ ကောင်းတဲ့ပစ္စည်းတွေ ပါလာနိုင်တယ် ဟိုကလေး (ဓားငယ်လေး) အတွက် ရတနာတွေ ရှာနေတာ မဟုတ်လား ဒီမှာ တစ်ခုခု တွေ့နိုင်မလားလို့ပါ"
ဟု မှန်ချပ်က ဆိုသည်။
"ဒီတစ်ခါတော့ သူ့စကားက ဟုတ်တယ်"
ဟု ဓားငယ်လေးကပါ ဝင်ထောက်ခံသည်။
ဖန့်ချန်က ပြုံးလိုက်သည်။
"မင်းတို့ ပြောစရာမလိုပါဘူး ငါ ဆင်းဖို့ စိတ်ကူးပြီးသားပါ"
နဂါးပျံဆောင်တွင် အဝါရောင်အဆင့်မြင့် ရတနာများ မရှိသဖြင့် ယခု သူပိုင်ဆိုင်ထားသော ဝိညာဉ်ကျောက်တုံး ငါးသောင်းကျော်ကို အသုံးချ၍ သူ၏ ဓားခန္ဓာစွမ်းအားကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် သူ့ကို စောင့်နေသည့် ခါးပိုက်နှိုက်များကိုလည်း စိတ်ပျက်အောင် မလုပ်ချင်ပေ။
ဖန့်ချန် အခန်းထဲမှ ထွက်လာသည်နှင့် စောင့်ကြည့်နေသူများက ချက်ချင်းပင် အချက်ပေးအဆောင်ကို အသက်သွင်းကာ သတင်းပို့လိုက်ကြသည်။
ဝမ်အို သည်လည်း သူ၏လူများကို ဦးဆောင်ကာ ဖန့်ချန်နောက်သို့ လိုက်ပါလာသည်။
မကြာမီမှာပင် ချန်ရှန့် သည်လည်း အမျိုးသမီး နှစ်ဦးနှင့်အတူ သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။
"ငါ့ရဲ့ သိုလှောင်လက်စွပ် ခွေးသူခိုးတွေ ငါ့ပစ္စည်းကို ခိုးရဲတယ်ပေါ့ ထွက်ခဲ့စမ်း"
ဖန့်ချန် ကုန်းပေါ်ရောက်ပြီး မကြာမီမှာပင် အနီးနားမှ အော်ဟစ်သံကို ကြားလိုက်ရသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ၏ သိုလှောင်လက်စွပ်ကို အခိုးခံလိုက်ရခြင်း ဖြစ်သည်။
ပင်လယ်ရပ်ခြားတွင် မည်မျှ ရှုပ်ထွေးသည်ကို ဤအချက်က သက်သေပြနေသည်။
ဖန့်ချန်သည် ဆိပ်ကမ်းတစ်ဝိုက် လှည့်ပတ်ကြည့်ရှုနေစဉ်အတွင်း ခါးပိုက်နှိုက်အဖွဲ့လေးဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့သော်လည်း သူတို့မှာ ချန်ရှန့်၏ လူများ မဟုတ်ကြပေ။
သူစိမ်းနယ်မြေဖြစ်သဖြင့် တစ်ဦး၏ နောက်ခံကို တစ်ဦး မသိနိုင်သောကြောင့် ထိုသူခိုးများမှာ ပို၍ ရဲတင်းနေကြခြင်း ဖြစ်သည်။
"အားလုံးပဲ လာကြည့်ကြပါဦး တန်ဖိုးရှိတဲ့ ရတနာတွေ ရှိပါတယ်"
ဟု ဆိုင်ခန်းတစ်ခုမှ အော်ဟစ်သံ ကြားလိုက်ရသည်။
"ခင်ဗျားဆီက ပစ္စည်းတွေက ပျက်စီးနေတာပဲ ဒီမီးအိမ်ပျက်ကြီးကို ကျောက်တုံး ၅၀၀ တောင်းရဲတယ်ပေါ့ မျက်နှာက တော်တော် ပြောင်တာပဲ! ဒီဓားပျက်ကလည်း ဓားရိုးပဲ ကျန်တော့တာကို ကျောက်တုံး ၃၀၀ တဲ့လား"
ဟု လူတစ်ဦးက ဝေဖန်နေသည်။
"မိတ်ဆွေ အဲလိုမပြောပါနဲ့ ဒီ နဂါးရိုးကောင်းကင်မီးအိမ် က အဝါရောင်အဆင့်မြင့် ရတနာဗျ"
"ပြုလုပ်နည်းကတောင် ပျောက်ဆုံးသွားပြီ မပျက်စီးဘူးဆိုရင် ကျောက်တုံး ၃,၀၀၀ တောင် တန်တာပါ"
ဟု ဆိုင်ရှင်က ပြန်ပြောသည်။
နဂါးရိုးကောင်းကင်မီးအိမ် ဖန့်ချန်၏ ဝိညာဉ်အာရုံမှာ ချက်ချင်းပင် ထိုဆိုင်သို့ ရောက်သွားသည်။
ကြေးညိုရောင် မီးအိမ်ဟောင်းလေးမှာ တစ်ဝက်ခန့် ပျက်စီးနေပြီး မီးစာပင် မရှိတော့ပေ။
ဖန့်ချန် တစ်ချက်ကြည့်လိုက်ရုံနှင့် ဤမီးအိမ်မှာ အတိတ်က ကျွယ်ဝူတိ ထံမှ သူရရှိခဲ့သည့် မီးအိမ်ဖြစ်ကြောင်း သေချာသွားသည်။
သူ သေဆုံးပြီးနောက် ထိုမီးအိမ်မှာ ဖေယွီယွဲ့ လက်ထဲသို့ ရောက်သွားခဲ့သည် မဟုတ်လား
ဘာလို့ ဒီကို ရောက်နေတာလဲ
ဖန့်ချန်သည် တည်ငြိမ်သယောင် ရှိသော်လည်း စိတ်ထဲတွင်မူ အလွန် စိုးရိမ်ပူပန်သွားသည်။
"ဒီ နဂါးရိုးကောင်းကင်မီးအိမ်ကို ကျုပ် ယူမယ်"
ဟု သူက ဆိုလိုက်သည်။
မီးအိမ် ထိုမျှ ပျက်စီးနေပုံအရ ဖေယွီယွဲ့ တစ်ခုခု အန္တရာယ်ကြုံခဲ့ရပုံရသည်။
သူ ပေးပို့ခဲ့သော အချက်ပြမှု များကို ပြန်မဖြေခဲ့သည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
သူသည် ကျောက်တုံး ၅၀၀ ပေးကာ မီးအိမ်ကို ဝယ်ယူလိုက်ပြီး မီးအိမ်၏ အရင်းအမြစ်ကို မေးမြန်းသော်လည်း ဆိုင်ရှင်မှာ တစ်ဆင့်ခံ ရောင်းချသူသာဖြစ်ပြီး ရောင်းချသူမှာ အလယ်ပိုင်းတိုက်ကြီး အင်ပါယာ မှ ဖြစ်ကြောင်းသာ သိရသည်။
ဖန့်ချန်သည် ဖေယွီယွဲ့ ထံသို့ အချက်ပြမှုများ ထပ်မံပေးပို့သော်လည်း ဘာမှ ပြန်မလာပေ။
"တစ်ခုခုတော့ မှားနေပြီ"
ဟု သူ ရေရွတ်လိုက်သည်။
ထိုစဉ် ဝမ်အိုသည် ဖန့်ချန်၏ အနားသို့ လျှောက်လာကာ ပြုံးလျက် ဆိုသည်။
"မိတ်ဆွေ ကျုပ်တို့နဲ့ လိုက်ခဲ့ပါ ကျုပ်တို့ သခင်လေးက မင်းနဲ့ တွေ့ချင်နေတယ် သူ ဒီနေ့ စိတ်ကောင်းဝင်နေတုန်း မင်းက လိမ်လိမ်မာမာနဲ့ လုပ်မယ်ဆိုရင် အသက်ရှင်ခွင့် ရနိုင်ပါသေးတယ်"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ကျုပ်လည်း ဒီနေ့ စိတ်မကြည်နေတာနဲ့ အတော်ပဲ လမ်းပြစမ်း"
ဖန့်ချန်၏ တည်ငြိမ်မှုကြောင့် ဝမ်အိုမှာ အံ့သြသွားသော်လည်း ဂရုမစိုက်ဘဲ ဖန့်ချန်ကို ဦးဆောင်ခေါ်သွားတော့သည်။