← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့

IC -5

အခန်း ၅ ။ ထူးခြားသော လက္ခဏာရပ်များ

မိဖုရားခေါင်ကြီး၏ မျိုးရိုးအမည်မှာ ရှဲ့ဖြစ်ပြီး ကိုယ်ပိုင်အမည်မှာ ရွှမ်ဖြစ်သည်။ သူမသည် နင်ချန်နှင့် အသက်အရွယ်တူပြီး အသက်နှစ်ဆယ်သာရှိသေးသော်လည်း အလွန်တည်ကြည်စွာ ဝတ်စားဆင်ယင်လေ့ရှိသော သူမ၏အသွင်ကြောင့် သူမကို ပို၍ ငြီးငွေ့ဖွယ်ကောင်းစေပြီး ရှိရင်းဆွဲအသက်ထက် ကြီးနေသလိုဖြစ်နေသည်။သူမ၏ မူလနူးညံ့သော မျက်နှာသည်လည်း ထိုအပြင်အဆင်များကြောင့် ဆွဲဆောင်မှုအချို့ကိုဆုံးရှုံးခဲ့ရသည်။

"ညီမတော်တွေ ဘာတွေပြောနေကြတာလဲ။ အတွင်းထဲကနေတောင် စွန်းရှိုးရီရဲ့ ရယ်သံအကျယ်ကြီးကို ကြားလိုက်တယ်။" မိဖုရားခေါင်ကြီးသည် နွေးထွေးသောမျက်နှာအမူအရာဖြင့် သူမ၏ဇာမဏီပလ္လင်ပေါ်တွင် နေရာယူလိုက်သည်။

"မိဖုရားခေါင်ကြီး၊ ချန်းချဲ့ကို အပြစ်မတင်ပါနဲ့။ တကယ်တော့ ယဲ့ဝမ်ရုန်က တော်တော်လေး ဆွဲဆောင်မှုရှိလို့ပါ။ ချန်းချဲ့ သူ့ကို တော်တော်လေး သဘောကျမိတယ်။" စွန်းရှိုးရီက သူမ၏နှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ကာ သူမ၏ဖီးနစ်မျက်လုံးများဖြင့် ပြုံးရင်း ပြောလိုက်သည်။

မိဖုရားခေါင်ကြီးသည် ယဲ့ယွင်ကိုကြည့်ကာ အနည်းငယ်ခေါင်းညိတ်လိုက်သည်။ "ယဲ့ဝမ်ရုန်က တကယ်ကို အလှလေးပဲ။ စုချင်၊ အဲ့ဒီ နီလာကျောက်လက်ကောက်ကို ယူခဲ့။ ယဲ့ဝမ်ရုန်ကို ဆုအဖြစ် ပန်ကုန်းချီးမြှင့်မယ်။"

"ဆုချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ် မိဖုရားခေါင်ကြီး။" ယဲ့ယွင်သည် ထရပ်လိုက်ပြီး လှပစွာ အရိုအသေပေးလိုက်သည်။

မြင့်မားသောအဆင့်အတန်းရှိသော မိသားစုမှ လာသောကြောင့် သူမ၏ အမူအကျင့်နှင့် ကျင့်ဝတ်များမှာ အပြစ်ပြောစရာမရှိဘဲ ယဲ့ယွင်သည် ဂုဏ်သိက္ခာရှိစွာ ပြုမူခဲ့သည်။

ဆုလက်ခံရရှိပြီးနောက် ယဲ့ယွင်သည် မိဖုရားခေါင်ကြီး၏ ဆုံးမစကားများကို နားထောင်ခဲ့ရသည်။ အဓိကအားဖြင့် ဧကရာဇ်ကို ကောင်းမွန်စွာ အမှုတော်ထမ်းရန်နှင့် သားသမီးမွေးထုတ်ရန် အစရှိသော ကိုယ်လုပ်တော်တစ်ယောက်၏ အခြေခံဝတ္တရားများပင်ဖြစ်သည်။

မိဖုရားခေါင်ကြီးသည် ယခုအချိန်တွင် ယဲ့ယွင်ကို အထင်ကြီးမနေပေ၊ သူမကို နတ်ရွာစံဧကရာဇ်မင်းကြီးက အတင်းအကျပ်နေရာချထားခဲ့သော အမျိုးသမီးတစ်ဦးအဖြစ်သာ သတ်မှတ်ထားသည်။

အကယ်၍ စစ်သူကြီးယဲ့သာ အသက်ရှင်နေသေးပါက အနည်းငယ်သတိထားရမည်ဖြစ်သော်လည်း ယခုအခါ စစ်သူကြီးယဲ့၏သားတွင် စစ်အင်အားမရှိဘဲ အဆင့် ၅ စစ်ဘက်ရာထူးသာ ရှိသည့်အတွက်ကြောင့် မိဖုရားခေါင်ဖြစ်သော သူမအနေဖြင့် ဝမ်ရုန်ငယ်လေးအား ဂရုစိုက်စရာမလိုပေ။

အမှန်တကယ် ဦးစားပေးစောင့်ကြည့်ရမည့်သူများမှာ အိမ်ရှေ့စံမင်းသမီးကို မွေးဖွားခဲ့သော ရှူးဖေးနှင့် လက်ရှိကိုယ်ဝန်ဆောင်နေသော ဝမ်ဖေးတို့ဖြစ်သည်။

မိဖုရားခေါင်ကြီးက စိုးရိမ်သောမျက်နှာအမူအရာဖြင့် မေးလိုက်သည်။

“မနေ့ညက အကြီးဆုံးမင်းသမီးလေးက မငြိမ်မသက်ဖြစ်ပြီး ခဏခဏငိုတယ်လို့ ကြားတယ်။ သူ နေမကောင်းဘူးလား။"

"ပန်ကုန်းကိုယ်တိုင် ကလေးမမွေးဖူးပေမယ့် တိုင်းပြည်ရဲ့မိခင်တစ်ယောက်အနေနဲ့ ဒီကိစ္စတွေကို ပန်ကုန်းဂရုစိုက်ရမယ်။ ရှူးဖေး၊ ပန်ကုန်း သိချင်မိတဲ့အတွက် စိတ်မဆိုးပါနဲ့။"

ရှူးဖေးသည် ပြန်မပြောဝံ့ပေ။ သူမသည် အံကြိတ်လိုက်ပြီး အနည်းငယ်အဆင်မပြေသောမျက်နှာအမူအရာဖြင့် ပြန်ဖြေသည်။

"မိဖုရားခေါင်ကြီးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ မကြာသေးခင်က ရာသီဥတုပူလာလို့ အကြီးဆုံးမင်းသမီးလေးက မသက်မသာဖြစ်ပြီး အိပ်မပျော်တာပါ။ တော်ဝင်သမားတော်တွေ စစ်ဆေးပြီးပါပြီ။ ကလေးတွေမှာအဖြစ်များတဲ့ကိစ္စလို့ပဲပြောပါတယ်။ ချန်းချဲ့တို့ ဆေးမှုန့်အချို့လိမ်းပေးထားပြီး အခုဆိုရင် အများကြီးသက်သာသွားပါပြီ။"

သို့သော် ရှူးဖေးသည် အသာစီးမခံလိုပေ။ သူမသည် ပြုံးရင်း စကားလမ်းကြောင်းပြောင်းလိုက်သည်၊ "မိဖုရားခေါင်ကြီးက ငယ်ပါသေးတယ်။ ကလေးရလာတဲ့အခါ ဒီအရာတွေကို နားလည်လာမှာပါ။ လက်ရှိမှာ ဧကရာဇ်ရဲ့ သားတော်သမီးတော်တွေက ရှားပါးနေပါသေးတယ်။ မိဖုရားခေါင်ကြီးက တရားဝင်သားတော်တစ်ပါးကို မကြာခင်မှာ ဖွားမြင်နိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။"

"ဟုတ်တာပေါ့။ တရားဝင်သားတော်ကတော့ တကယ်ပဲ ကွာခြားတာပေါ့။"

မိဖုရားခေါင်ကြီးက ဘာမျှမဖြစ်သလို မျက်နှာထားဖြင့် ပြန်ဖြေသည်။ သူမသည် သူမ၏လက်ဖက်ရည်ကို တစ်ငုံသောက်

လိုက်ပြီး ရှင်းလင်းစွာပင် စိတ်မချမ်းမြေ့ဖြစ်နေသည်။

သူမသည် နင်ချန်နှင့် ဆယ့်ခြောက်နှစ်

အရွယ်တွင် လက်ထပ်ခဲ့ပြီး လေးနှစ်ကြာအိမ်ထောင်သက်ရှိခဲ့ပြီဖြစ်သော်လည်း ကိုယ်ဝန်မဆောင်နိုင်ခဲ့ပေ။ မောင်းမဆောင်ထဲတွင် တစ်ဦးတည်းသောကလေးမှာ ရှူးဖေး၏အကြီးဆုံးမင်းသမီးလေးဖြစ်သည့်အပြင် ထိုအရာကပင် သူမကို သီလမရှိသူဟု အပြင်လူများက ဝေဖန်ရန် လုံလောက်နေသည်။

(T/N- အခုခေတ်အယူအဆရဆို မြုံနေတာလို့ပြောရမလား၊ သားအိမ်မကောင်းတယ်လို့ပဲပြောရမလား၊ အဲ့လိုသဘောပါ)

ထိုကိစ္စကြောင့်သာမဟုတ်ပါက သူမသည် သူမ၏မိသားစုကို ယန်ချိုက်နွီအား နန်းတော်ထဲသို့ပို့ရန် အလျင်စလိုလုပ်ဆောင်မည်မဟုတ်ပေ။

ရောက်တက်ရာရာစကားများပြောဆိုပြီးနောက် မိဖုရားခေါင်ကြီးသည် အဆင့် ၅ နှင့်အထက် ကြင်ယာတော်များကို ခေါ်ဆောင်ကာ ချီနင်နန်းဆောင်သို့ မယ်တော်ကြီးအား အရိုအသေပေးရန် သွားခဲ့သည်။

အဆင့်ခြောက် ဝမ်ရုန်အဖြစ် ရာထူးသတ်မှတ်ခံထားရသော ယဲ့ယွင်သည် သွားခွင့်မရှိဘဲ မိမိဘာသာသာ ထွက်ခွါခဲ့သည်။

......

ဖုန်းရှီးနန်းဆောင်နှင့် မနီးမဝေးတွင် ယဲ့ယွင်ကို လီမိန်ရန်က တားလိုက်သည်။

လီမိန်ရန်သည်လည်း ရာထူးနိမ့်ပြီး ချီနင်နန်းဆောင်သို့ သွားခွင့်မရှိပေ။

"ဒီနေ့ ယဲ့ဝမ်ရုန် ဘယ်လောက်စကားထက်လဲဆိုတာ တို့မြင်ခဲ့ရပြီ။ ဒါပေမဲ့ နန်းတော်ထဲရောက်တာနဲ့တစ်ပြိုင်နက် ဘာစကားကပြောသင့်လဲ ဘာစကားကမပြောသင့်ဘူးလဲဆိုတာ မင်းသိသင့်တယ်။ ဒီနေ့ တို့ မင်းကို နားလည်အောင် နည်းနည်းသင်ခန်းစာပေးရမယ်။ ယင်ဟွေ၊ သူ့ကို ပါးရိုက်လိုက်။"

လီမိန်ရန်သည် မေးကိုမော့လိုက်ပြီး အဆင့်မြင့်နန်းတွင်းအစေခံတစ်ဦးကို အမိန့်ပေးလိုက်သည်။

အစေခံသည် ချက်ချင်းတုံ့ပြန်ပြီး ချဉ်းကပ်လာသော်လည်း နန်ကျစ်သည် တုန်လှုပ်စွာဖြင့် အလျင်အမြန်ကြားဝင်တားဆီးလိုက်သည်။

"လီမိန်ရန်၊ နန်းတော်ထဲမှာ ကိုယ့်စိတ်နဲ့ကိုယ်အပြစ်ပေးခွင့်မရှိပါဘူး၊ ပြီးတော့ ကြင်ယာတော်တစ်ဦးရဲ့ ရုပ်ရည်ကို ထိခိုက်စေတာ လက်မခံနိုင်ပါဘူး။ ကျေးဇူးပြုပြီး သတိထားပါ။"

"နင်တို့လို အောက်တန်းကျတဲ့အစေခံက ဘယ်တုန်းက စကားပြောခွင့်ရသွားတာလဲ။ ယင်ဟွေ၊ ယဲ့ဝမ်ရုန်က သူ့အထက်လူကြီးကို မလေးမစားလုပ်နေတယ်။ သူ့ကို ပါးရိုက်လိုက်။"

စူးရှသောအသံတစ်သံ ထွက်ပေါ်လာသော်လည်း ပါးရိုက်ချက်သည် ယဲ့ယွင်၏မျက်နှာပေါ်သို့ မကျရောက်ဘဲ ယင်ဟွေဟုခေါ်သော အစေခံကိုသာ ထိမှန်သွားသည်။

"ဒီချန်းချဲ့မှာ အမှားတွေရှိရင်တောင် အဲ့ဒါကို လီမိန်ရန်က ပြုပြင်ပေးဖို့မလိုပါဘူး။ ဒီလိုကိစ္စတွေကို စီမံခန့်ခွဲဖို့ မိဖုရားခေါင်ကြီး ရှိပြီးသားပဲ၊ ဒါကြောင့် ရှင့်ရဲ့ကြိုးပမ်းမှုတွေက မလိုအပ်ပါဘူး။" ယဲ့ယွင်သည် တည်ငြိမ်စွာဖြင့် လက်ကိုင်ပုဝါတစ်ထည်ထုတ်ကာ သူမ၏လက်များကို သုတ်လိုက်ပြီး နန်ကျစ်ထံသို့ ပေးလိုက်သည်။

လီမိန်ရန်သည် အစပိုင်းတွင် တုန်လှုပ်သွားပြီးနောက် ဒေါသကြောင့် မျက်နှာနီရဲသွားကာ ယဲ့ယွင်ကို လက်ညှိုးထိုးရင်း ပြန်ပြောရန် စကားလုံးများရှာမတွေ့နိုင်တော့ပေ။

"အပြင်မှာ အပူချိန်က ပြင်းတယ်။ ချန်းချဲ့ မခံနိုင်တော့ဘူး။ ဆိုတော့ ချန်းချဲ့ကို ခွင့်ပြုပါဦး။"

ယဲ့ယွင်သည် ထပ်မံရန်စရန် စိတ်မဝင်စားတော့ပေ။ လီမိန်ရန်၏ရာထူးသည် ပိုမြင့်ပြီး ယခုလောလောဆယ်တွင် လျင်မြန်စွာ အရေးယူပြီး သူမကို ခြိမ်းခြောက်နိုင်သည်။ အကယ်၍ လီမိန်ရန် သတိပြန်ဝင်လာပြီး နောက်မှသူမကို အပြစ်ပေးရန် ဆုံးဖြတ်ပါက လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သခင်မနှင့်အစေခံနှစ်ဦးသည် ယွီရှို့အဆောင်သို့ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အမြန်ပြန်လာခဲ့ကြသည်။

နန်ကျစ်သည် ကြောက်လန့်နေသော်လည်း သူမသခင်မ၏ တည်ငြိမ်သောအမူအရာကိုမြင်သောအခါ တိတ်ဆိတ်စွာနေပြီး သူတို့ရောက်ရှိသွားသောအခါမှသာ သက်ပြင်းချနိုင်တော့သည်။

"မိုက်လိုက်တဲ့ကောင်မလေး၊ ဘာလို့ ဒီလောက်စိုးရိမ်နေရတာလဲ။" ယဲ့ယွင်သည် ညင်သာစွာ ရယ်မောလိုက်သည်။

ဟွေယွဲ့သည် စိတ်ရှုပ်ထွေးစွာဖြင့် ရောက်လာပြီး နန်ကျစ်က စုဝေးပွဲအတွင်း ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်သည်။ ဟွေယွဲ့သည်လည်း တုန်လှုပ်သွားသည်။

လီမိန်ရန်သည် မျက်နှာသာပေးခံနေရဆဲဖြစ်ပြီး အစကတည်းက သူမနှင့် ရန်ဖြစ်ခြင်းသည် စိုးရိမ်စရာဖြစ်သည်။

မည်သို့ပင်ဆိုစေ ဧကရာဇ်မင်းကြီးသည် သူမ၏သခင်မကို မကြိုက်ပေ။ ဤကိစ္စသာ သူ၏နားသို့ရောက်သွားပါက...

မိန်းကလေးနှစ်ဦး၏ ပြောင်းလဲနေသော မျက်နှာအမူအရာများကိုမြင်သောအခါ ယဲ့ယွင်သည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး သူတို့၏စိုးရိမ်သော အတွေးများကို အလျင်အမြန် ဖြတ်တောက်လိုက်သည်။

"တော်ပြီ၊ တော်ပြီ။ မင်းတို့နှစ်ယောက် ဘာလို့ ဒီလောက်ကြောက်နေရတာလဲ။ ငါက စစ်သူကြီးမျိုးရိုးက မွေးဖွားလာတာပါ၊ အဲ့တာကြောင့် သူများတွေထက် ငါ နည်းနည်းပိုရဲတင်းပြီး သတ္တိရှိတာ ပုံမှန်မဟုတ်ဘူးလား။"

နန်ကျစ်နှင့် ဟွေယွဲ့တို့သည် တုန်လှုပ်နေဆဲဖြစ်သောကြောင့် ယဲ့ယွင်သည် မျက်လုံးများကို နှိမ့်ချကာ ဆက်ပြောသည်။

"နန်းတော်ထဲမှာ ဝမ်ဖေးက ယဉ်ကျေးပြီး ကြင်နာတယ်၊ စွန်းရှိုးရီက တက်ကြွပြီး ရက်ရောတယ်၊ ကျောက်ကျယ်ယွီက နူးညံ့ပြီး နွေးထွေးတယ်၊ လီမိန်ရန်က မောက်မာပြီး ဗိုလ်ကျတယ်။ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်လက္ခဏာရပ်တွေရှိတယ်။ ငါ့အတွက်ကတော့ စစ်သူကြီးမျိုးရိုးက လာတာဖြစ်လို့ သဘာဝအတိုင်း နည်းနည်းတော့ စစ်သွေးကြွရမှာပေါ့၊ ဒါမှ ဧကရာဇ်က ငါက ဘယ်သူဆိုတာကောင်းကောင်းမှတ်မိနေမှာ။"

အခြားသူများထက် ထင်ရှားပေါ်လွင်ပြီး အာရုံစိုက်မှုရရှိရန်အတွက် ထူးခြားသောလက္ခဏာရပ်တစ်ခု ရှိရမည်ဖြစ်သည်။

ထို့အပြင် ဤသည်မှာ ဖခင်မရှိသော်လည်း သူမသည် စိတ်ဓာတ်မကျကြောင်း အခြားကြင်ယာတော်များကို ပြသရန်ဖြစ်ပြီး အနာဂတ်တွင် မည်သူမျှ သူမကို အလွယ်တကူ အနိုင်ကျင့်နိုင်မည်ဟု မထင်စေရန်ဖြစ်သည်။

ထို့အပြင် သူမသည် နန်းတော်မဝင်မီက သတင်းအချက်အလက်အချို့ ရရှိထားသည်။ လီမိန်ရန်၏ဖခင် သခင်ကျင်းသည် အထူးအရည်အချင်းမရှိသော်လည်း သူ၏လက်အောက်ခံမဟာဗျူဟာမှူးမှာ ကျွမ်းကျင်သည်။

သို့သော် ဤမဟာဗျူဟာမှူးသည် မကြာသေးမီကပင် သခင်ကျင်း၏ မျက်နှာသာပေးမှုကို ဆုံးရှုံးခဲ့ပြီး အလုပ်များကို ကောင်းမွန်စွာမလုပ်ဆောင်

နိုင်ခဲ့ပေ။ ယခုနှစ် ကွမ်ကျိုးရှိ နွေရာသီရေကြီးမှုများသည် မနှစ်ကထက် စီမံခန့်ခွဲမှုညံ့ဖျင်းသောကြောင့် လီမိန်ရန်၏ မျက်နှာသာပေးခံရသော အနေအထားသည် ကြာရှည်ခံမည်မဟုတ်ပေ။

သူမကို ပစ်မှတ်အဖြစ်အသုံးပြုခြင်းသည် အတော်လေး အဆင်ပြေသည်။

အစေခံမလေးများသည် နောက်ဆုံးတွင် နားလည်သွားသော်လည်း စိုးရိမ်နေဆဲဖြစ်သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-6

အခန်း ၆ ။ ယုန်ပုံစံမုန့်

တစ်နေ့လုံးစောင့်ဆိုင်းပြီးနောက် လီမိန်ရန် ကျိုချန်နန်းဆောင်သို့ တိုင်ကြားသည့်

သတင်းကို မကြားခဲ့ရပေ၊ အိပ်ဆောင်ဝင်ခဲ့သော ကိုယ်လုပ်တော်အတွက် ဆုလာဘ်များက်ို ညနေတွင် ဧကရာဇ်အမိန့်ဖြင့်သူမ၏နန်းဆောင်သို့ လာရောက်ပို့ပြီးမှသာလျှင် ယဲ့ယွင်သည် စိတ်လျော့နိုင်ခဲ့သည်။

ယနေ့ညတွင် ဧကရာဇ်သည် မယ်တော်မိဖုရား၏ တူမကို လျစ်လျှူရှုထားဆဲဖြစ်ပြီး ဝူဝမ်ရုန်ကိုရွေးချယ်ခဲ့သည်။

ဧကရာဇ်သည် နောက်တစ်နေ့၌ ဝူဝမ်ရုန်အပေါ် သူ၏မျက်နှာသာပေးမှုကို ရှင်းလင်းစွာဖော်ပြခဲ့ပြီး သူမအား 'ယိ' ဘွဲ့ကို ချီးမြှင့်ကာ ဆုလာဘ်များစွာကို ရက်ရက်ရောရော ပေးသနားခဲ့သည်။

၎င်းသည် အံ့ဩစရာမဟုတ်ပေ၊ အကြောင်းမှာ ဝူမိသားစုတွင် အလွန်ကောင်းမွန်သော နောက်ခံရှိသောကြောင့်ဖြစ်သည်။ သူမ၏မိခင်သည် ဂုဏ်သတင်းကြီးသော ချင်းရှန်ကျောင်းတော်အကြီးအကဲ၏ တရားဝင်သမီးဖြစ်ပြီး နန်းတွင်းမှ ပညာရှင်များစွာသည် ချင်းရှန်ကျောင်းတော်တွင် ပညာသင်ယူခဲ့ကြသူများဖြစ်သည်။ နန်းတက်စ နင်ချန်အတွက် ဝူမိသားစုသည် အမှန်တကယ် အသုံးဝင်သည်။

ဧကရာဇ်၏ ရှင်းလင်းသော ရပ်တည်ချက်ကြောင့် ယိဝမ်ရုန်သည် ရှားပါးသော ညီလာခံအတွင်း အနှောင့်အယှက်များစွာ မခံခဲ့ရပေ။

(T/N - ဝူဝမ်ရုန်ကနေ ဧကရာဇ်က “ယိ” ဘွဲ့ချီးမြှင့်လိုက်တဲ့အတွက် ယိဝမ်ရုန်ဖြစ်သွားတာပါ၊ ဝမ်ရုန်အဆင့်ချင်းတူရင်တောင် ယိဝမ်ရုန်က တစ်ဆင့်ပိုမြှင့်ပါတယ်နော် ဘာလို့ဆို ဧကရာဇ်ကိုယ်တိုင်ချီးမြှင့်ထားတဲ့ဘွဲ့နာမည်ရှိလို့ပါ)

ယဲ့ယွင်သည် အတော်လေး မနာလိုဖြစ်သွားသည်။

ဒါက "ချမ်းသာသူက ပိုချမ်းသာလာခြင်း" ဆိုတဲ့စကားအတိုင်း မျက်နှာသာပေးခံရတာပဲ!

နောက်နေ့ညများတွင် ချန်ပေါင်လင်နှင့်ယောင်ပေါင်လင်တို့သည် တစ်လှည့်စီဧကရာဇ်အား ခစားခွင့်ရခဲ့သည်။ အရှင်မင်းကြီးသည် မယ်တော်ကြီး၏ မျက်နှာကို ထောက်ထားနေဆဲဖြစ်ပုံရသည်။

ထို့နောက် ဧကရာဇ်သည် ရက်ပေါင်းများစွာ မောင်းမဆောင်သို့ မလာရောက်ခဲ့ပေ။ ဇွန်လ ၁၅ ရက်နေ့တွင် သူသည် စည်းမျဉ်းအတိုင်း ဖုန်းရှီးနန်းဆောင်သို့ သွားပြီး ရှူးဖေးနှင့် ကိုယ်ဝန်ဆောင် ဝမ်ဖေးတို့ကို သွားရောက်တွေ့ဆုံခဲ့သည်။

၎င်းသည် ကြင်ယာတော်အသစ်များအတွက် ကာလကုန်ဆုံးသွားပြီဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဧကရာဇ်သည် ရာထူးနိမ့်ပြီး ဩဇာလွှမ်းမိုးမှုမရှိသော နောက်ခံမှလာသော အသစ်ရောက်လာသူများကို မှတ်မိတော့မည်မဟုတ်ပေ။

ယဲ့ယွင်သည် ကိုယ်တိုင်မုန့်တစ်မျိုးလုပ်ပြီး ကျိုချန်နန်းဆောင်သို့ ပို့ဆောင်ရန်ဆုံးဖြတ်လိုက်သည်။

"ဝမ်ရုန်၊ ဒီမုန့်လေးတွေက အရမ်းလှတာပဲ။" ဟွေယွဲ့၏ မျက်လုံးများသည် ပန်းကန်ပေါ်မှ မုန့်များကို ကြည့်ရင်း တောက်ပလာသည်။

ယဲ့ယွင်သည် နန်ကျစ်ကို သူမ၏လက်များသုတ်ခိုင်းရင်း ပြုံးကာ ပြောလိုက်သည်။

"ငါအိမ်မှာနေတုန်းက ဒီမုန့်တွေကို လုပ်ဖို့ အများကြီးကြိုးစားခဲ့ရတာ။ နောက်ဆုံးတော့ အသုံးဝင်လာပြီ။ ဒါကို မင်းကိုယ်တိုင်ကျိုချန်နန်းဆောင်ကိုသွားပို့လိုက် ဧကရာဇ်က စားသည်ဖြစ်စေ မစားသည်

ဖြစ်စေ ဒီမုန့် သေချာပေါက် သူ့လက်ထဲကို ရောက်ရမယ်၊ နားလည်တယ်မလား!”

ဟွေယွဲ့သည် ခေါင်းညိတ်ပြီး ဗီရိုထဲမှ အိတ်ကြီးတစ်လုံးနှင့်အတူ အလျင်အမြန်ထွက်သွားသည်။

ကျိုချန်နန်းဆောင်သို့ ရောက်သောအခါ သူမသည် ဦးစွာ တံခါးစောင့်မိန်းမစိုးအား ငွေစအချို့ပေးပြီးနောက် အိတ်ကြီးကို ဟွိုက်အန်းထံသို့ ပေးအပ်လိုက်သည်။

ဟွိုက်အန်းသည် ၎င်းကို ချိန်တွယ်ကြည့်ပြီး ငွေလက်မှတ်တစ်ရွက်ပါမည်ဟု ခန့်မှန်းလိုက်သည်၊ အကြောင်းမှာ ငွေစများကို အသုံးနည်းသောကြောင့်ဖြစ်သည်။ အငယ်ဆုံးငွေလက်မှတ်မှာ ငွေစငါးဆယ်တန်ဖိုးရှိရာ ယဲ့ဝမ်ရုန်သည် အတော်လေး ရက်ရောကြောင်း ပြသနေသည်။

သူသည် ကျိုချန်နန်းဆောင်တွင် ဒုတိယအကြီးဆုံးဖြစ်သော်လည်း ဟွိုက်အန်းသည် သူ၏အထက်လူကြီး ယွမ်ကျိုက အမြဲလိုလိုဆုလာဘ်အများစုကို ယူလိုက်သောကြောင့် အကျိုးအမြတ်များစွာမရရှိခဲ့ပေ။ ယခုကဲ့သို့ အကျိုးအမြတ်များရရှိခြင်းသည် သူ့ကို ကူညီလိုစိတ်ဖြစ်စေသည်။

ထိုအချိန်တွင် ယွမ်ကျိုသည် ချီနင်နန်းဆောင်ရှိ မယ်တော်ကြီးထံသို့ ပစ္စည်းများပို့ရန် ထွက်သွားနေသည်။ ဟွိုက်အန်း တစ်ယောက်တည်းဖြစ်နေသောကြောင့် ယုန်ပုံစံမုန့်များသည် နင်ချန်ထံသို့ ချောမွေ့စွာရောက်ရှိသွားသည်။

အကျိုးအမြတ်များရရှိထားသောကြောင့် ဟွိုက်အန်းသည် သူ၏အလုပ်ကို စေ့စပ်စွာလုပ်ဆောင်ခဲ့ပြီး မုန့်ကို သေတ္တာထဲတွင်မဟုတ်ဘဲ ပန်းကန်ပေါ်တင်ကာ သေချာပို့ဆောင်ပေးခဲ့သည်။

"အရှင်မင်းကြီး၊ ယဲ့ဝမ်ရုန်က ဒီမုန့်တွေကို ကိုယ်တိုင်လုပ်ထားတာပါ။ နေ့လယ်ကတည်းက စာရွက်စာတမ်းတွေ ကြည့်ရှုနေရတာဆိုတော့ ဒါလေးတွေကို မြည်းရင်း အနားယူပါဦးလား။"

"သွားတော့၊ ငါမဆာဘူး။" နင်ချန်သည် မော့မကြည့်ပေ။

ဟွိုက်အန်းသည် ဦးညွှတ်ပြီး အလျင်အမြန်ပြန်ဖြေသည်၊

"ဟုတ်ကဲ့ပါ ဒီယုန်ပုံစံမုန့်က တကယ်ကိုလက်ရာမြောက်လှပါတယ်။ ကျွန်တော်မျိုး တစ်ခါမှ ဒီလိုမျိုးမမြင်ဖူးပါဘူး။ ဖြစ်နိုင်ရင်

မုန့်ကိုမြည်းစမ်းပြီး ဆက်လုပ်တာပိုမကောင်းဘူးလား အရှင်မင်းကြီး”

စိတ်အနှောင့်အယှက်ဖြစ်နေပြီးသား နင်ချန်သည် အေးစက်သောအကြည့်ဖြင့် မော့ကြည့်လိုက်သည်။

"ဟွိုက်အန်း၊ မင်းဒီနေ့ စကားများနေတာပဲ။ ဒီစကားကို နောက်တစ်ခါမကြားချင်တော့ဘူး။"

"အရှင်မင်းကြီး၊ စိတ်လျှော့တော်မူပါ။ ကျွန်တော်မျိုး အပြစ်ကို ဝန်ခံပါတယ်၊ နောက်တစ်ခါ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။" ဟွိုက်အန်း၏ နှလုံးသားထဲတွင် အေးစက်သွားပြီး သူ၏နဖူးကို အေးစက်သောကြမ်းပြင်ပေါ်တွင် ဖိကပ်ကာ ဒူးထောက်လိုက်ရာ သူ၏ကျောပြင်သည် ချွေးစေးများဖြင့် စိုရွှဲသွားသည်။

နင်ချန်သည် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ယုန်ပုံစံမုန့်များသည် သူ၏ရှေ့တွင် ကျန်နေခဲ့သည်။

၎င်းတို့သည် လုံးဝိုင်းပြီး ချစ်စရာကောင်းသော ယုန်လေးကောင်ပုံစံပြုလုပ်ထားပြီး ဖြူဖွေးနူးညံ့ကာ အခွံခွာထားသော ကြက်ဥလေးများနှင့်တူပြီး ပဲနီစေ့မျက်လုံးများနှင့် နားရွက်များပေါ်တွင် ပန်းနုရောင် မက်မွန်ပန်းမှုန့်အနည်းငယ်ပါရှိသည်။ အမှန်ကို အသက်ဝင်နေသကဲ့သို့ပင်။

အောက်ခြေကို အစိမ်းရောင်အရွက်အနည်းငယ်ဖြင့် အလှဆင်ထားရာ တည်ခင်းမှုကို ပိုမိုလှပသွားစေသည်။

တော်ဝင်စားဖိုဆောင်တွင် ထိုကဲ့သို့သော အရာများမရှိဘဲ နင်ချန်သည်လည်း တစ်ခါမျှမမြင်ဖူးခဲ့ပေ။

ခဏကြာ စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် သူသည် ဘာကြောင့်မှန်းမသိ ငွေဇွန်းတစ်ချောင်းကို ကောက်ယူပြီး တစ်ကိုက်မြည်းစမ်းကြည့်လိုက်သည်။

နို့ရည်၏ ကြွယ်ဝသောအရသာသည် လန်းဆန်းသော ပူဒီနာအရသာအနည်းငယ်နှင့် ရောစပ်နေပြီး အေးမြပြီး လန်းဆန်းသောအရသာကို ပေးစွမ်းသည်။ အသားမှာ အမဲသားဂျယ်လီကဲ့သို့ နူးညံ့ပြီး စားလို့ကောင်းသည်။

ထို့အပြင် ၎င်းတွင် ပါးပါးလှီးထားသော သစ်သီးစများပါဝင်ပြီး ကြွပ်ရွကာ အရည်ရွှမ်းသောကြောင့် တစ်ကိုက်စားရုံဖြင့် မမေ့နိုင်သောအရသာကို ချန်ထားခဲ့သည်။

နင်ချန်သည် ထိုအမျိုးသမီး၏ ကျွမ်းကျင်မှုကို အံ့ဩသွားမိသည်။

ဤကွဲပြားခြားနားမှုသည် သူ့ကို စိတ်ဝင်စားစေပြီး ယဲ့ယွင်တွင် အခြားမည်သည့်ကျွမ်းကျင်မှုများ ရှိနိုင်သေးသည်ကို သိလိုစိတ်ဖြစ်ပေါ်လာသည်။

ဟွိုက်အန်းသည် ခဏကြာဒူးထောက်နေပြီး ဧကရာဇ်မင်းကြီးထံမှ ဘာမျှမကြားရသောအခါ ပို၍စိုးရိမ်လာသည်။

နောက်ဆုံးတွင် နင်ချန်က ပြောလိုက်သည်၊ "မုန့်တွေကို ထားခဲ့လိုက်။ မင်းသွားနိုင်ပြီ။"

ဟွိုက်အန်းသည် အလျင်အမြန်ထွက်သွားပြီး နောက်ပြန်လှည့်ကြည့်လိုက်ရာ မုန့်တစ်လုံးပျောက်နေသည်ကို တွေ့လိုက်ရသည်။ ယဲ့ဝမ်ရုန် အောင်မြင်သွားပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။

နင်ချန်သည် အစားအသောက်ကို ခုံမင်သူမဟုတ်ဘဲ အမှန်တကယ်အလုပ်များနေပြီး မုန့်နှစ်လုံးသာစားပြီးနောက် ဘေးချထားကာ သူ၏စာရွက်စာတမ်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

.....

ဇွန်လအစောပိုင်းတွင် ကွမ်ကျိုးမှ စာချွန်လွှာတစ်စောင်ရောက်ရှိလာပြီး ဆက်တိုက်ရွာသွန်းခဲ့သောမိုးများကြောင့် လယ်ကွင်းများနှင့် သီးနှံများပျက်စီးသွားခဲ့ကြောင်း တင်ပြထားသည်။ မိုးမရွာတော့သည်မှာ တစ်လနီးပါးရှိပြီဖြစ်သော်လည်း မြစ်များရေလျှံကာ မရေမတွက်နိုင်သော လယ်ကွင်းများပျက်စီးခဲ့သည်။

ကံကောင်းစွာဖြင့် လူသေဆုံးမှုများစွာမရှိသော်လည်း နွေရာသီတွင် သီးနှံများပျက်စီးခြင်းသည် ဆောင်းဦးရိတ်သိမ်းချိန်ကို အန္တရာယ်ဖြစ်စေပြီး အငတ်ဘေးဖြစ်ပေါ်နိုင်ခြေရှိသည်။

"အရှင်မင်းကြီး၊ မယ်တော်ကြီးက အရှင်မင်းကြီးအတွက် မှိုဖြူနဲ့ ကြာစေ့ဟင်းချိုတစ်ပန်းကန် ပို့လိုက်ပါတယ်။ ကျေးဇူးပြုပြီး ခနလောက်အနားယူပါဦး။"

ယွမ်ကျိုသည် အပြင်မှပြန်လာပြီး သူ၏နဖူးတွင် ချွေးစက်များသီးနေဆဲဖြစ်ရာ အပြင်ဘက်တွင် အပူချိန်ပြင်းကြောင်း ညွှန်ပြနေသည်။

"မလိုတော့ဘူး။ ငါမုန့်နည်းနည်းစားပြီးပြီ။ လောလောဆယ်ထားလိုက်တော့။" နင်ချန်သည် အလုပ်ကိုရပ်လိုက်ပြီး သူ၏ပင်ပန်းနွမ်းနယ်နေသော နဖူးကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပွတ်သပ်လိုက်သည်။ "မယ်တော်ကြီးက ဘာပြောလိုက်သေးလဲ။"

နံနက်ခင်းညီလာခံအပြီးတွင် မယ်တော်ကြီးသည် ကွမ်ကျိုးရေဘေးအကြောင်းကို မေးမြန်းခဲ့ပြီး အရေးယူဆောင်ရွက်ရန် စီစဉ်နေပုံရသည်။ နင်ချန်သည် ဤအခွင့်အရေးကိုအသုံးချကာ ဖြည့်စွက်ဆေးဝါးပစ္စည်းများပို့ဆောင်ခဲ့ပြီး ယွမ်ကျိုကို ချီနင်နန်းဆောင်သို့ သွားရောက်ရန် ညွှန်ကြားခဲ့သည်။

"အရှင်မင်းကြီးကို ပြန်လည်လျှောက်တင်ပါတယ်။ မယ်တော်ကြီးက မြို့စားကြီးရဲ့ သားအကြောင်းကို ပြောပါတယ်။ မယ်တော်ကြီးရဲ့ ညီအစ်ကိုဝမ်းကွဲတွေက သဘာဝအတိုင်း ပိုရင်းနှီးပြီး ကိစ္စတွေကို ကိုင်တွယ်ရတာ ပိုစိတ်ချရတယ်လို့ ပြောလိုက်ပါတယ်။"

ယွမ်ကျိုသည် ဧကရာဇ်မင်းကြီး၏ မျက်နှာအမူအရာကို အကဲခတ်ရင်း သတိထားကာပြောလိုက်သည်။

အမှန်ပင် နင်ချန်၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်သွားသည်။ သူသည် မထီမဲ့မြင်ပြုံးလိုက်ပြီး ထရပ်လိုက်သည်၊ "မယ်တော်က ချန်မိသားစုအကြောင်းကိုပဲ အမြဲစဉ်းစားနေတာ။ ငါ့ရဲ့ညီအစ်ကိုဝမ်းကွဲက ဘယ်လိုလူစားလဲဆိုတာ သူ မသိဘူးလား။ လူအတစ်ယောက်ပဲ၊ ဒါတောင် ရေဘေးကာကွယ်ရေးမှာ နာမည်ကြီးအောင်လုပ်ဖို့ အိပ်မက်မက်နေတယ်။ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းကို ထည့်စဉ်းစားသင့်တယ်။"

***

All Chapters