ဒီဇာတ်လမ်းကတော့ ဉာဏ်ပညာနဲ့ဇွဲလုံ့လကို အသုံးပြုပြီး နန်းတွင်းမှာ ရပ်တည်ဖို့ ကြိုးစားတဲ့ ကိုယ်လုပ်တော်လေး ယဲ့ယွင်ရဲ့အကြောင်းကို ရေးဖွဲ့ထားပါတယ်။ သူမဟာ အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခံခဲ့ရပေမယ့် ဧကရာဇ်ဟောင်း ကွယ်လွန်သွားတာကြောင့် နန်းတော်ထဲဝင်ခွင့်ကို တစ်နှစ်ကျော် စောင့်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ ကိုယ်လုပ်တော်အသစ်တွေနဲ့အတူ နန်းတော်ထဲကို ဝင်ရောက်ခွင့်ရခဲ့ပေမယ့် သူမမျှော်မှန်းထားလို ရာထူးကြီးကြီးမားမားမရဘဲ အဆင့်နိမ့်တဲ့ အဆင့်ခြောက် ကိုယ်လုပ်တော် "ဝမ်ရုန်" အဖြစ်သူ ခန့်အပ်ခံခဲ့ရတယ်။ အေးစက်ပြီး ခွင့်လွှတ်မှုမရှိတဲ့ နန်းတော်နံရံများကြားမှာ ဧကရာဇ်ရဲ့မျက်နှာသာပေးမှုမရှိဘဲ ရှင်သန်ဖို့ဆိုတာမဖြစ်နိုင်မှန်း သူမ ကောင်းကောင်းသိတယ်။ ဒါကြောင့် သူမဟာ မာနကြီးပြီး ဆက်ဆံရခက်တဲ့ ဧကရာဇ်အသစ်ရဲ့ အကြိုက်ကိုရအောင် ကြိုးစားပြီး သူ့ရဲ့မျက်နှာသာပေးမှုကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့ ပန်းတိုင်ကတော့ ဒီနန်းတော်ကြီးထဲမှာ တခြားသူတွေရဲ့ဖိနှိပ်မှုကို မခံရဘဲ လွတ်လပ်ပျော်ရွှင်စွာနဲ့ ခေါင်းမော့ရင်ကော့ပြီး နေထိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

