← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 15 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 15 Ch. 233-234

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -233

အခန်း ၂၃၃ ။ မှန်ကန်သော ရပ်တည်မှု

"ဒီချန်းချဲ့... ရှိုးရုန်မယ်မယ့်ကို ဂါရဝပြုပါတယ်"

ကျိုးချိုက်ရန်သည် ဝင်လာသည်နှင့် အရိုအသေ ပြုလိုက်သည်။

ယဲ့ယွင် လက်ကာပြလိုက်သည်။

"မယ်မယ်လို့ မခေါ်ပါနဲ့။ ထိုင်ပါ"

ကျိုဖင်အဆင့် ကိုယ်လုပ်တော်များသည် 'မယ်မယ်' ဟု အခေါ်ခံပိုင်ခွင့်၊ 'ပန်ကုန်း' ဟု သုံးနှုန်းပိုင်ခွင့် ရှိသော်လည်း သူမထက် ရာထူးမြင့်သူများ ရှိနေသေးသဖြင့် ဤသို့ ခေါ်ဝေါ်ခြင်းသည် မောက်မာရာ ကျနေပေမည်။

ထို့ကြောင့် ကျိုဖင်အဆင့် ကိုယ်လုပ်တော်များသည် ထိုသို့ သုံးနှုန်းလေ့မရှိဘဲ အဆင့်နှစ် ဖေးအဆင့်ရောက်မှသာ တရားဝင် သုံးလေ့ရှိကြသည်။

ကျိုးချိုက်ရန် ခေါင်းညိတ်ပြီး အောက်ဘက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

နန်ကျစ် လက်ဖက်ရည် လာချပေးမှ စိတ်အေးသွားသည်။

ခုနလေးတင်က ဖုန်းရှီးနန်းဆောင် အပြင်ဘက်တွင် မင်ရှိုးရုန် နှင့် စုကျယ်ယွီ ပြဿနာတက်ကြသည်ကို မြင်ခဲ့ရပြီး ဤနေရာသို့ ရောက်သောအခါ ယဲ့ယွင် မျက်နှာမကောင်းသဖြင့် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စိတ်ကျေနပ်စေရန် ရည်ရွယ်ပြီး 'မယ်မယ်' ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။

ယဲ့ယွင်က သူမကို စိတ်မဆိုးမှန်း သိလိုက်ရမှ စိတ်သက်သာရာ ရသွားသည်။

"ငါ ခေါ်လိုက်တာက ကျန်းပေါင်လင်အကြောင်း မေးချင်လို့ပါ။ နင်နဲ့အတူ ရွေးချယ်ခံရပြီး ဝင်လာတာဆိုတော့ သိမလားလို့ပါ"

ယဲ့ယွင်က မေးလိုက်သည်။

ဒီမေးခွန်းကို မမျှော်လင့်ထားသဖြင့် ကျိုးချိုက်ရန် ခဏစဉ်းစားပြီးမှ ဖြေလိုက်သည်။

"ရွေးချယ်ပွဲတုန်းကတော့ ကျန်းပေါင်လင်က သွက်လက်ပြီး ရယ်မောတတ်တဲ့သူပါ။ မိသားစုနောက်ခံ မမြင့်သလို ရုပ်ရည်ကလည်း အရမ်းကြီး ထူးချွန်တာမျိုး မဟုတ်ပါဘူး။ ဘယ်သူနဲ့မှ ရင်းနှီးတာမျိုး၊ ရန်ဖြစ်တာမျိုး မရှိပါဘူး။ အရွေးခံရမယ်လို့ မထင်ထားတဲ့ပုံစံနဲ့ သာမန်အတိုင်းပဲ နေပါတယ်"

"ဒီချန်းချဲ့နဲ့ သူက နောက်ဆုံးအဆင့်မှာ တစ်သုတ်တည်း အတူပါပါတယ်။ ခြောက်ယောက်တစ်ဖွဲ့မှာ နှစ်ယောက် အရွေးခံရပါတယ်။ မိဖုရားခေါင်ကြီးက သူ့အပြုံးလေးက မင်္ဂလာရှိတယ်လို့ ပြောလိုက်လို့ အရှင်မင်းကြီးက ရွေးလိုက်တာပါ။ နန်းတွင်းရောက်ရင် မျက်နှာသာရမယ် ထင်ပေမဲ့ မိဖုရားခေါင်ကြီးကလည်း ဆွဲမခေါ်သလို အရှင်မင်းကြီးကလည်း သဘောမကျပါဘူး။ တစ်ခါပဲ အိပ်ဆောင်ဝင်ရပြီး နောက်ထပ် အခွင့်အရေး မရတော့ပါဘူး"

"ဒီချန်းချဲ့နဲ့ သူကလည်း သိပ်မရင်းနှီးပါဘူး"

ကျိုးချိုက်ရန်က သိသမျှ အကုန်ပြောပြလိုက်သည်။

"နင့်အမြင်အရ ကျန်းပေါင်လင်ကို သုံးလို့ရမလား"

လက်ဖက်ရည်ခွက်ကို ကိုင်ပြီး ယဲ့ယွင် ဖြည်းဖြည်းချင်း မှုတ်သောက်လိုက်သည်။

"ဒီချန်းချဲ့ အမြင်ကတော့... အခု သူက မျက်နှာမရတဲ့အပြင် စုကျယ်ယွီနဲ့လည်း မတည့်ဘူးဆိုတော့ ရှိုးရုန်သာ ကာကွယ်ပေးမယ်ဆိုရင် သူ အလုပ်လုပ်ပေးချင်မှာပါ"

ကျိုးချိုက်ရန်က ပြောလိုက်သည်။ သူမ၏စကားသည် ကျိုးပေါင်လင်သည်ယဲ့ယွင်ဘက်တော်သားတစ်ယောက်ဖြစ်ရန်အဆင်ပြေကြောင်းအရိတ်အမြွတ်ပြနေခြင်းပင်။

ကျန်းပေါင်လင်ကို သိမ်းသွင်းပြီး စုကျယ်ယွီကို စောင့်ကြည့်ခိုင်းချင်တာပဲ မဟုတ်လား။

ယဲ့ယွင် မျက်လွှာချလိုက်ခြင်းက သဘောတူသည်ဟု အဓိပ္ပာယ်ရသည်။

.....

ကျိုးချိုက်ရန်သည် ယွီရှို့အဆောင်တွင် နေ့လည်စာ စားပြီးမှ ပြန်သွားသည်။

ပြန်ခါနီးတွင် ယဲ့ယွင်က ရာထူးတိုးမည့်အကြောင်း သွယ်ဝိုက်ပြောပြလိုက်သည်။

ဆိုလိုသည်မှာ နှစ်သစ်ကူးတွင် သူမကို ရာထူးတိုးပေးရန် ကူညီပေးမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ရာထူးတိုးခြင်းသည် ကောင်းသောကိစ္စဖြစ်သည်။ အထူးသဖြင့် အခြားမိန်းမများနှင့် အသေအလဲ မပြိုင်ဆိုင်ရဘဲ ရာထူးတိုးခြင်းသည် ပို၍ သက်သောင့်သက်သာ ရှိလှသည်။

ယခုအချိန်တွင် ကျိုးချိုက်ရန်အတွက် ရာထူးတိုးခြင်းသည် အရှင်မင်းကြီး၏ အချစ်ကို ရရန်မဟုတ်ဘဲ ဘဝနေထိုင်မှု အဆင့်အတန်း မြင့်မားလာစေရန်သာ ဖြစ်သည်။

မှန်ကန်သော ဘက်တွင် ရပ်တည်လိုက်ခြင်းက အများကြီး သက်သာစေသည်။

.....

ကျိုချန်နန်းဆောင်။

အခြားတစ်ဖက်တွင် ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့ နေ့လည်စာ အတူစားနေကြသည်။

မိဖုရားခေါင်ကြီး လာရခြင်းမှာ ကိစ္စနှစ်ခု ရှိသည်။

ပထမတစ်ခုက လင်ရှိုးရုန် ကိစ္စဖြစ်ပြီး ဒုတိယတစ်ခုက ယဲ့ယွင် ကိစ္စဖြစ်သည်။

နေ့လည်စာ စားပြီးမှ စကားစပြောကြသည်။

"အရှင်မင်းကြီး... သမားတော်တွေ လာလျှောက်တင်ပါတယ်။ လင်ရှိုးရုန်ရဲ့ ကျန်းမာရေးက ဒီဆောင်းရာသီကို ကျော်နိုင်ဖို့ မလွယ်ဘူးတဲ့။ အတွင်းကလီစာတွေ ပျက်စီးနေပြီတော့ ဟိုးအရင်က ရောဂါတွေ ကုမရဘဲ စုပုံနေတာ ကြာပြီလို့ပြောတယ်။စိတ်ဓာတ်ကျနေတာလည်း ပါတော့ ကျန်းမာရေး ပြန်ကောင်းဖို့ မလွယ်တော့ဘူး။ အခုကိုယ်လုပ်တော်လင်လည်းတော်တော်အားကုန်နေပါပြီ။ နန်းတွင်းရေးရာဌာနကို ကြိုတင်ပြင်ဆင်ခိုင်းထားရင် ကောင်းမလားလို့ပါ"

"လင်ရှိုးရုန်က အရှင်မင်းကြီး နန်းမတက်ခင်ကတည်းက ပြုစုလာခဲ့တာပါ။ ကိုယ်ဝန်လည်း ဆောင်ဖူးပါတယ်။ အခုလိုကျန်းမာရေးမကောင်းနေတာဆိုတော့ ရာထူးတိုးပေးပြီး စိတ်ဖြေရာ ရစေရင် ကောင်းမလား"

မိဖုရားခေါင်ကြီးသည် သဘောထားကြီးပြီး ကြင်နာတတ်သော ဇနီးသည်ပီပီ သံယောဇဉ်ဟောင်းများကို ထောက်ထား၍ ပြောဆိုလိုက်သည်။

"သမားတော်ချုပ်ကျန်းလည်း ဒီမနက် လာလျှောက်တင်ပါသေးတယ်။ ကိုယ်လုပ်တော်လင်ကို ကုလို့ မရတော့ဘူးတဲ့။ ဘာစားစား မထူးတဲ့အပြင်ကိုယ်တိုင်ကလည်း လက်ခံပြီးပုံရပါတယ်လို့ပြောတယ်။ အဲ့တာကြောင့် အားရှိအောင် ဆေးနည်းနည်း တိုက်ပြီး သက်သောင့်သက်သာ ဖြစ်အောင်အတတ်နိုင်ဆုံးလုပ်ခိုင်းထားပါတယ်။”

နင်ချန် မျက်မှောင်ကြုတ်လျက် အတိတ်ကို ပြန်သတိရလိုက်သည်။

လင်ရှိုးရုန် စရောက်တုန်းက နူးညံ့သိမ်မွေ့သော အမျိုးသမီးလေး ဖြစ်သည်။ တည်ငြိမ်အေးဆေးသော အန်းရှီနှင့် ယှဉ်လျှင် အိမ်နီးချင်း ညီမလေးတစ်ယောက်ကဲ့သို့ ချစ်စဖွယ် ကောင်းသည်။

ထို့ကြောင့် တစ်ချိန်က အချစ်တော် ဖြစ်ခဲ့ဖူးသည်။

သို့သော် ကိုယ်ဝန်ပျက်ကျပြီးနောက် စိတ်သဘောထား ပြောင်းလဲသွားသည်။ နေ့တိုင်း ညည်းညူနေပြီး မိဖုရားခေါင်ကြီးနှင့် နင်ချန်ကိုပင် ရိုင်းစိုင်းသော စကားများ ပြောဆိုလာသည်။

ထိုစဉ်က နင်ချန် ငယ်ရွယ်သေးပြီး စိတ်လိုက်မာန်ပါရှိသေးသဖြင့် သည်းမခံနိုင်ခဲ့ပေ။

စိတ်ရှည်လက်ရှည် ချော့မော့သော်လည်း မထူးခြားသဖြင့် နောက်ဆုံးတွင် လစ်လျူရှုလိုက်သည်။

သို့သော် မျက်နှာသာမပေးတော့သည့်တိုင် အစေခံများ အနိုင်မကျင့်စေရန် ဂရုစိုက်ပေးခဲ့သည်။ သို့သော်တစ်သီးတစ်သန့်တော့မဟုတ်ပေ။

ကိုယ်ဝန်ပျက်ကျဖူးသော ကျင်းဖေးသည် ငြိမ်သက်စွာ နေခဲ့သဖြင့် အဆင့်နှစ် ဖေး ရာထူး ရခဲ့သည်။

ယခု ပြန်စဉ်းစားကြည့်လျှင် နင်ချန် စိတ်မကောင်း ဖြစ်မိသည်။ သို့သော် ဧကရာဇ် ဖြစ်လာသည်မှာ ကြာပြီဖြစ်၍ စိတ်ဓာတ်မာကျောလာပြီး နောင်တရစိတ် သိပ်မကျန်တော့သဖြင့် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"လင်ရှိုးရုန်ကို ရှိုးရီရာထူး တိုးပေးလိုက်ပါ။ ဝမ်ရှိုးရီက ဒုတိယမင်းသမီးကို မွေးထားတာဆိုတော့ သူ့ထက် ကျော်ပြီး ရာထူးပေးလို့ မဖြစ်ဘူး"

သေဆုံးပြီးမှ ပေးမည့် ဘွဲ့ထူးဂုဏ်ပုဒ်များကိုကြိုက်သလို ပေးနိုင်သဖြင့်မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။

"ဒီချန်းချဲ့လည်း အဲ့လိုပဲ သဘောရပါတယ်။ ခဏနေ အမိန့်ပြန်တမ်း ထုတ်ခိုင်းလိုက်ပါ့မယ်"

ပြီးနောက် ဆက်ပြောသည်။

"နောက်ထပ် ကိစ္စတစ်ခုက မင်ရှိုးရုန် ကိစ္စပါ"

"ဘာကိစ္စလဲ"

နင်ချန် လက်ဖက်ရည် သောက်ရင်း မေးလိုက်သည်။

မိဖုရားခေါင်ကြီး ပြုံးလိုက်သည်။

"ယဲ့မျိုးရိုးက အခု ကျိုဖင်အဆင့် ရောက်နေပြီ။ စည်းကမ်းအရ သီးသန့်အဆောင်တစ်ခုမှာ နေခွင့်ရှိတယ်။ ယွီရှို့အဆောင်က သေးငယ်လွန်းတော့ နေရာရွှေ့ပေးသင့်တယ် ထင်ပါတယ်။ ဒါပေမဲ့ ဒီချန်းချဲ့ ရွေးရခက်နေလို့ အရှင်မင်းကြီး ကြည့်ပေးပါဦး"

ပြောပြီးသည်နှင့် တင်းမားမား လက်ထဲမှ စာအုပ်ကို ယူလိုက်သည်။

ဖွင့်ကြည့်လိုက်ရာ နေရာသုံးခုကို အနီရောင်ဖြင့် ဝိုင်းပြထားသည်။

ပထမတစ်ခုက ကျိုချန်နန်းဆောင်နှင့် နီးသော်လည်း လူမနေတာ ကြာပြီဖြစ်၍ မပြင်ဆင်ရသေးပေ။ ဒုတိယတစ်ခုက ဝေးသော်လည်း ကျယ်ဝန်းသည်။ တတိယတစ်ခုကတော့ အသစ်ဖြစ်ပြီး အရွယ်အစား သင့်တော်သော်လည်း ဖုန်းရှီးနန်းဆောင်နှင့် ကပ်လျက် ဖြစ်နေသည်။

နင်ချန် ကြည့်လိုက်ပြီး ဘယ်နေရာကိုမှ သဘောမကျပေ။

"လင်းရှိုးရီ အခြေအနေ မကောင်းတော့ ယဲ့မျိုးရိုးကို နေရာရွှေ့ပေးတာ ခဏထားလိုက်ဦး။ သိပ်မကြာခင် နန်းတွင်းမှာ အသုဘ အခမ်းအနား လုပ်ရဦးမှာ။ ယွီရှို့အဆောင်က သာမန်အဆောင်တွေထက် အခန်းတစ်ခန်း ပိုပါတော့ သူတစ်ယောက်တည်း နေဖို့ လုံလောက်ပါတယ်"

မိဖုရားခေါင်ကြီးသည် ထိုစကားကြောင့်အံ့ဩသွားသည်။ ဧကရာဇ်သည် သူ၏ချစ်လှစွာသောကိုယ်လုပ်တော်ကို နေရာရွှေ့ပေးရန် အစီအစဉ်ရပုံမရပေ။

သို့သော် အရှင်မင်းကြီး ပြောပြီးပြီဖြစ်၍ မငြင်းဆန်တော့ပေ။

နောက်မှပဲ ဆက်ကြည့်တာပေါ့။ ယဲ့မျိုးရိုး ဆက်ပြီး အချစ်ခံရမလား ဆိုတာ မသေချာသေးဘူးလေ။ မရွှေ့ရင်လည်း နေပါစေတော့။

တကယ်တမ်းတွင် မိဖုရားခေါင်ကြီးက နင်ချန်သည် ဖုန်းရှီးနန်းဆောင်နားက နေရာကို ရွေးမည်ဟု ထင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းရှီးနန်းဆောင်သည် ကျိုချန်နန်းဆောင်နှင့် နီးသောကြောင့် ဖြစ်သည်။

ယဲ့မျိုးရိုးသာ အဲ့ဒီမှာနေပါကသူမ မျက်စိအောက်တွင်ရှိနေမည့်အပြင် စောင့်ကြည့်ရတာ ပိုလွယ်ကူမည်။

ယခု နင်ချန်၏ စကားကြောင့် သူမ၏ အစီအစဉ် ပျက်သွားသည်။

နင်ချန်၏ အတွေးမှာမူ ယဲ့ယွင်သည် သေချာပေါက် ကလေးမွေးလိမ့်မည်။

ယခု ပြထားသော နေရာများသည် မကောင်းပေ။ ယဲ့ယွင် ကိုယ်ဝန်ရလျှင် ရာထူးတိုးပေးမည်။ မွေးပြီးလျှင် ထပ်တိုးပေးမည်။ အဆင့်သုံး ရွှင်ရုန်အဆင့်ရောက်မှ ပိုကြီးတဲ့နေရာကို ပြောင်းပေးလိုက်ရင် နှစ်ခါ ပြောင်းစရာ မလိုတော့ပေ။

......

ယဲ့ယွင်သည် အရှင်မင်းကြီးက သူမ၏ အနာဂတ်အတွက် စီစဉ်ထားပြီးဖြစ်ကြောင်း မသိပေ။ ယခုအချိန်တွင် သူမသည် ကျန်းပေါင်လင်ထံသို့ မည်သို့ သတင်းပို့ရမည်ကို စဉ်းစားနေသည်။

စောင့်ကြည့်ခိုင်းမှာဆိုတော့ တိတ်တဆိတ် လုပ်မှရမည်။ စုကျယ်ယွီ သို့မဟုတ် ဖန်းရှိုးယွမ် သိသွား၍ မဖြစ်ပေ။

သူများတွေ သိသွားရင် သတိထားနေကြမှာမို့ စောင့်ကြည့်လို့ မရတော့ဘူးလေ။

နောက်ဆုံးတွင် စဉ်းစားပြီး သမားတော်ဆောင်ကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။

နန်းတွင်း ကိုယ်လုပ်တော်များသည် ရာထူးအနိမ့်အမြင့် မရွေး ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူရသည်။ ဘယ်သမားတော်က ဘယ်သူ့ကို စစ်ဆေးပေးလဲ ဆိုတာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ပေ။

ထို့ကြောင့် သမားတော်ရှန်ကို သတင်းပို့ခိုင်းရန်ဆုံးဖြတ်လိုက်သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -234

အခန်း ၂၃၄ ။ သေဒဏ်

ရာထူးတိုးမြှင့်ကြောင်း အမိန့်တော်စာ ရောက်ရှိလာသော်လည်း လင်မျိုးရိုး၏ စိတ်နှလုံးသည် တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။

ကျိုချန်နန်းဆောင်မှ လူများ ပြန်သွားကြပြီး အခန်းပြည့်နေသော အစေခံများက ဂုဏ်ပြုစကားပင် မဆိုနိုင်သေးခင်မှာပင် အားလုံးကို မောင်းထုတ်လိုက်သည်။

လင်းရှိုးရီသည် အခန်းထဲတွင် တစ်ယောက်တည်း ထိုင်လျက် လက်ထဲမှ အမိန့်တော်စာကို ကြည့်ကာ ငေးငိုင်နေသည်။

အတိတ်က အဖြစ်အပျက်များသည် မီးအိမ်ရှင်ကဲ့သို့ ခေါင်းထဲတွင် တစ်ရစ်ပြီးတစ်ရစ် ပေါ်လာသည်။

အပျိုစင်ဘဝတွင် နန်းတွင်းရွေးချယ်ပွဲဝင်ရောက်ခဲ့စဉ်က သူမ၏ ဖခင်အရွယ်ရှိသော ယခင်ဧကရာဇ်ကို ပြုစုရမည်ဟု ထင်မှတ်ခဲ့သော်လည်း ချန်ဖေးမယ်မယ်က သဘောကျပြီး တတိယမင်းသား နင်ချန်အတွက် ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ပေးခဲ့သည်။

သူမက နယ်မြို့လေးမှ လာသူဖြစ်၍ တတိယမင်းသားကို မမြင်ဖူးခဲ့ပေ။

သို့သော် လူငယ်တစ်ယောက်ဖြစ်သည့်အပြင် အရှင်မင်းကြီးနှင့် ချန်ဖေးမယ်မယ်တို့ ရုပ်ရည်ချောမောကြသဖြင့် မင်းသားသည်လည်း ဆိုးမည်မဟုတ်ဟု တွေးခဲ့သည်။

နန်းတော်သို့ ရောက်သောအခါ တတိယမင်းသားက တကယ်ပင် ချောမောခန့်ညားပြီး သူမကို အလွန်နှစ်သက်ခဲ့သည်။

တတိယမင်းသားက သူမကို "ကျောက်စိမ်းကဲ့သို့ ကြည်လင်သူ" ဟု ချီးကျူးပြီး အမြတ်တနိုး ထားခဲ့သည်။

ထိုအချိန်က မင်းသားအိမ်တော်သည် သာယာငြိမ်းချမ်းသည်။ မင်းသား၏ ကြင်ယာတော် (ယခု မိဖုရားခေါင်ကြီး) မှာ သားသမီး မထွန်းကားသော်လည်း သဘောထားကြီးပြီး သိမ်မွေ့သည်။ လူအနိုင်ကျင့်တတ်သူဟူ၍ ကိုယ်လုပ်တော်ယန် (ယခု ရှူးဖေး) တစ်ယောက်သာ ရှိသည်။

သို့သော် ယန်မျိုးရိုးသည် ဉာဏ်သိပ်မကောင်းသဖြင့် သူမ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

ထို့နောက် သူမတွင် ကိုယ်ဝန်ရလာသည်။ ဒါက သူမ၏ ပထမဆုံး ကလေးဖြစ်၍ အလွန် ပျော်ရွှင်ခဲ့ရသည်။

သို့သော်လည်း ကြောက်ရွံ့မှုများ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမကဲ့သို့ ကိုယ်လုပ်တော်ဖြစ်သော ဆောင်မျိုးရိုး (ယခု ကျင်းဖေး) သည်လည်း ကိုယ်ဝန်ရဖူးသော်လည်း ပျက်ကျခဲ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော် တတိယမင်းသားက သူမကို ကာကွယ်ပေးမည်ဟု ပြောသလို ကြင်ယာတော်ကလည်း ကောင်းကောင်း စောင့်ရှောက်ပေးမည်၊ မကြာခဏ လာကြည့်မည်ဟု ဂတိပေးခဲ့သည်။

ခြောက်လအရောက်တွင် သမားတော်က သွေးစမ်းကြည့်ပြီး ဗိုက်ထဲတွင် ယောက်ျားလေး ဖြစ်နိုင်ကြောင်း တိုးတိုးတိတ်တိတ် ပြောပြသည်။

ထိုအချိန်တွင် အိမ်တော်တွင် ကလေးတစ်ယောက်မှ မရှိသေးပေ။ သားယောက်ျားလေး ဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့။

လုပ်ကြံခံရမည်ကို စိုးရိမ်သဖြင့် ဒီသတင်းကို သူမ ထုတ်မပြောခဲ့ပေ။

သို့သော် မည်မျှပင် ကာကွယ်သော်လည်း တစ်ည ညစာစားပြီးချိန်တွင် ရုတ်တရက် ဗိုက်နာလာပြီး လက်ဖက်ရည်တစ်အိုး မကုန်ခင်မှာပင် သွေးဆင်းလာသည်။

ထိုနေ့က တိုက်ဆိုင်စွာပင် လပြည့်နေ့ ဖြစ်နေသဖြင့် တတိယမင်းသား၊ ကြင်ယာတော်နှင့် ကိုယ်လုပ်တော်ယန်တို့သည် နန်းတော်သို့ စားပွဲတက်ရောက်ရန် သွားနေကြပြီး အိမ်တော်တွင် အကြီးအကဲ တစ်ယောက်မှ မရှိပေ။

အိမ်တော်သမားတော် လာကြည့်သော်လည်း မကယ်နိုင်ခဲ့ပေ။ ခြောက်လသားအရွယ် ကလေးသည် လူပုံစံ ပေါ်နေပြီဖြစ်သည့်အတွက် သူမ အားယူပြီး ကြည့်လိုက်မိသည်။

သွေးအလိမ်းလိမ်းနှင့် အသားတုံးလေး... အဲ့ဒါ သူမရဲ့ ကလေးလေး။

အကြီးအကဲများ ပြန်ရောက်လာပြီး စုံစမ်းစစ်ဆေးသော်လည်း သဲလွန်စများ ပျောက်ကွယ်နေပြီ ဖြစ်သည်။

သို့သော် ကိုယ်ဝန်ပျက်ကျစေသော ဆေးစားမိကြောင်း သမားတော်က ပြောပြခဲ့သည်။ သေချာပေါက် တစ်ယောက်ယောက် လုပ်ကြံခြင်းပင်။

နောက်ဆုံးတွင် သူမနှင့် ခြံဝင်းတူတူနေသော ကိုယ်လုပ်တော် လီမျိုးရိုးကို မနာလိုဝန်တိုမှုကြောင့်ဟုဆိုကာ အပြစ်ပုံချလိုက်သည်။

ကြင်ယာတော်က ဒေါသတကြီးဖြင့် လီမျိုးရိုးကို ရိုက်သတ်ရန် အမိန့်ပေးခဲ့ပြီး တတိယမင်းသားကလည်း သဘောတူခဲ့သည်။

အပြစ်ပေးသောနေ့က သူမ ကိုယ်ဝန်ပျက်ကျပြီး လေးရက်မြောက်နေ့ ဖြစ်သည်။ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။ သူမ သွားကြည့်ချင်သော်လည်း ကြင်ယာတော်က အပြင်ထွက်ခွင့် မပြုပေ။

သူမသည် ပထမဆုံးအကြိမ် အာခံပြီး အစေခံမလေးပုံစံ ဝတ်ဆင်ကာ ကွပ်မျက်ကွင်းသို့ သွားရောက်ခဲ့သည်။

ယခုထက်ထိ သူမ မှတ်မိနေသေးသည်။ သေလုမျောပါးဖြစ်နေသော လီမျိုးရိုးက သူမကို မှတ်မိသွားပြီး တိုးညှင်းသော အသံဖြင့် "တောင်းပန်ပါတယ်" ဟု ပြောခဲ့သည်။ ထို့နောက် အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံမျှဖြင့် ပြောသွားသော စကားမှာ... "ကြင်ယာတော်ကို သတိထား" ဟူ၍ ဖြစ်သည်။

အတိတ်ကို ပြန်တွေးမိတိုင်း အဆုံးမဲ့သော နာကြည်းမုန်းတီးမှုများ စုဝေးလာသည်။

ရုတ်တရက် လက်ဖမိုးပေါ်သို့ အေးစက်သော အရာတစ်ခု ကျလာသည်။

လင်းရှိုးရီ ငုံ့ကြည့်လိုက်ရာ မျက်ရည်ကျနေမှန်း သတိထားမိလိုက်သည်။

လက်ထဲမှ အမိန့်တော်စာကို ပြန်ကြည့်ပြီး ရယ်ချင်စိတ် ပေါက်လာသည်။

သူမက သေခါနီးလူမှန်း အားလုံး သိနေကြပြီကိုး။

ဒါပေမဲ့ သူမ အလကား မသေနိုင်ဘူး။ တစ်ခုခုတော့ လုပ်ရမယ်။

ထို့ကြောင့် အစေခံမလေးတစ်ယောက်ကို ခေါ်လိုက်သည်။

"ဖုန်းရှီးနန်းဆောင်ကို သွားပြီး မိဖုရားခေါင်ကြီးကို ပင့်လိုက်ပါ။ ငါ နေမကောင်းလို့ မထနိုင်တော့ဘူး။ ယန်မျိုးရိုးနဲ့ ပတ်သက်တဲ့ ကိစ္စတချို့ ပြောပြစရာရှိလို့ လာခဲ့ပါလို့ ပြောလိုက်"

အစေခံမလေး ကြောင်သွားသည်။ ယန်မျိုးရိုး ဆိုတာက ကွယ်လွန်သွားတဲ့ ဒုတိယမင်းသားရဲ့ မယ်တော်ရင်း မဟုတ်လား။

စိတ်ထဲတွင် ထူးဆန်းနေသော်လည်း အမိန့်အတိုင်း သွားရောက် လျှောက်တင်လိုက်သည်။

နာရီဝက်ခန့်အကြာတွင် မိဖုရားခေါင်ကြီး ရောက်ရှိလာသည်။

မိဖုရားခေါင်ကြီး၏ ဝေါယာဉ်သည် အဆောင်ပြင်ပတွင် ရပ်တန့်လိုက်သည်။ လင်းရှိုးရီ ထွက်မကြိုနိုင်သဖြင့် အနီးကပ်အစေခံက လာရောက်ပြီး ရောဂါသည် ထမရကြောင်း လျှောက်တင်သည်။

မိဖုရားခေါင်ကြီးက အပြစ်မယူဘဲ အခန်းထဲသို့ တန်းဝင်သွားသည်။

"ဒီချန်းချဲ့... မယ်မယ့်ကို ဂါရဝပြုပါတယ်။ မထနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ"

လင်းရှိုးရီသည် ဆံပင်များ ဖရိုဖရဲ၊ မျက်နှာဖြူဖျော့ပြီး မျက်ကွင်းများ ညိုမဲနေသည်။ နှုတ်ခမ်းများ သွေးရောင်မရှိဘဲ ပါးချိုင့်များ ခွက်ဝင်နေကာ ပိန်ချုံးနေသည်။

အိပ်ရာမှ ထရန် ကြိုးစားသော်လည်း မထနိုင်ပေ။

ကြည့်ရသည်မှာ တကယ်ပင် သေလူတစ်ယောက်နှင့် တူနေသည်။

"မင်း အားနည်းနေတာပဲ လှဲနေပါ။ ဟန်ဆောင်လုပ်ထုံးလုပ်နည်းတွေ မလိုပါဘူး"

မိဖုရားခေါင်ကြီးက ပြောလိုက်ပြီးမျက်နှာတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ အပြည့်ရှိပြီး ဟာကွက်မရှိပေ။

ပါလာသော တင်းမားမားက ကုတင်ဘေးတွင် ခွေးခြေခုံ ချပေးပြီး မိဖုရားခေါင်ကြီးကို ထိုင်စေသည်။

လင်းရှိုးရီသည် တင်းမားမားကို ကြည့်ပြီး ပြောချင်သလိုလိုနှင့် တွန့်ဆုတ်နေသည်။

မိဖုရားခေါင်ကြီး သဘောပေါက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"တင်းမားမားက ပန်းကုန်းရဲ့ နို့ထိန်းလေ။ အပြင်လူ မဟုတ်ပါဘူး။ ရှောင်နေစရာ မလိုပါဘူး။ မင်း ပြောစရာရှိတာ ပြောပါ"

"မယ်မယ်က အဲ့ဒီလိုပြောပေမဲ့ ဒီကိစ္စက သေးငယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ လူအများကြီးကို မသိစေချင်ပါဘူး"

လင်းရှိုးရီ အတင်းတောင်းဆိုလိုက်သည်။

သူမ၏ အားနည်းနေသော ပုံစံကိုကြည့်ပြီး အန္တရာယ်မရှိလောက်ဟု တွေးမိသလို၊ သေခါနီးလူ ပြောသည့်စကားက မှန်ကန်တတ်သည်ဟု ယူဆသဖြင့် မိဖုရားခေါင်ကြီး သဘောတူလိုက်သည်။

တင်းမားမားကို အပြင်ခန်းသို့ ထွက်ခိုင်းလိုက်သည်။

လင်းရှိုးရီ လက်ယပ်ခေါ်ပြီး မိဖုရားခေါင်ကြီးကို အနားတိုးခိုင်းလိုက်သည်။

နှစ်ယောက်သား နီးကပ်သွားချိန်တွင် လင်းရှိုးရီသည် စောင်အောက်တွင် ဝှက်ထားသော လက်ကို ရုတ်တရက် ထုတ်လိုက်ပြီး မိဖုရားခေါင်ကြီးကို ထိုးစိုက်လိုက်သည်။

သူမလက်ထဲတွင် ကပ်ကြေးတစ်လက် ပါလာသည်။

လင်းရှိုးရီသည် ရူးသွပ်သွားသကဲ့သို့ လက်တစ်ဖက်က မိဖုရားခေါင်ကြီး၏ ရင်ဘတ်အင်္ကျီစကို ဆွဲထားပြီး ကျန်လက်တစ်ဖက်က အားကုန် ထိုးစိုက်လိုက်သည်။

မမျှော်လင့်ထားသော တိုက်ခိုက်မှုဖြစ်၍ မိဖုရားခေါင်ကြီး ရှောင်တိမ်းချိန် မရလိုက်ဘဲ ထိုးစိုက်ခံလိုက်ရကာ နာကျင်စွာ အော်ဟစ်လိုက်သည်။

ကံကောင်းသည်မှာ လင်းရှိုးရီသည် ရောဂါကြောင့် အားမရှိသဖြင့် ဒဏ်ရာ သိပ်မနက်ဘဲ မိဖုရားခေါင်ကြီး ရုန်းထွက်နိုင်လိုက်သည်။

တင်းမားမား အသံကြား၍ ပြေးဝင်လာသောအခါ လင်းရှိုးရီသည် သွေးများပေကျံနေသော ကပ်ကြေးကို ကိုင်လျက် မိစ္ဆာမတစ်ကောင်ကဲ့သို့ ကုတင်ပေါ်မှ ကုန်းထနေသည်ကို တွေ့လိုက်ရသည်။

မိဖုရားခေါင်ကြီးမှာမူ အဝေးသို့ ဆုတ်ခွာသွားပြီး လက်တစ်ဖက်က စားပွဲကို ကိုင်ကာ ကျန်လက်တစ်ဖက်က ဝမ်းဗိုက်ဒဏ်ရာကို ဖိလျက် မျက်နှာဖြူဖျော့နေသည်။

"ရှဲ့ဟွမ်... ငါ့ကလေးရဲ့ အသက်ကို ပြန်ပေး။ နှစ်ပေါင်းများစွာ နင့်ရဲ့ ဘုရားလိုစကားပြောပြီး မြွေလိုကောက်ကျစ်တဲ့ပုံစံကို ငါ ရွံမုန်းလွန်းလို့... ဒါပေမဲ့နင် ငါ့ကို ကိုယ်ဝန်ပျက်

ကျအောင် လုပ်ခဲ့ပေမဲ့ နင့်ကလေးလည်း ဘယ်တော့မှမမြဲဘူး ဟုတ်တယ်မဟုတ်လား... ဟားဟားဟား"

"နင် ဘာလို့ အမြဲတမ်းကလေးမမြဲလဲ သိလား။ ဘာလို့လဲဆိုတော့ ကျောက်မျိုးရိုးလေ... ကျောက်မျိုးရိုးရဲ့ အစေခံကို ငါ ငွေပေးပြီး သူနေ့တိုင်းသုံးတဲ့ ရေမွှေးထဲမှာ ကတိုး ထည့်ခိုင်းထားလို့လေ။ နင်က သူ့ကို စာရင်းစာအုပ်ကြည့်ဖို့ ဖုန်းရှီးနန်းဆောင်ကို နေ့တိုင်းခေါ်တော့ အဲ့ဒီအနံ့တွေ ရှူမိပြီး ကိုယ်ဝန်ပျက်ကျတာပေါ့"

"ဩော်... ပြီးတော့ ကျောက်မျိုးရိုးက ယန်မျိုးရိုးကို လုပ်ကြံတာလည်း ငါခိုင်းထားတဲ့ အစေခံက မြှောက်ပေးလိုက်လို့လေ။ နင်က စိတ်သဘောထား သေးသိမ်ပြီး ကျောက်မျိုးရိုးကို ရာထူးတိုးမပေးဘဲ ထားခဲ့လို့၊ ပြီးတော့ စုကျယ်ယွီကလည်း စကားနာထိုးတော့ ကျောက်မျိုးရိုးက မြှောက်ပေးတာ ခံလိုက်ရတာပေါ့"

"ပြောရရင် အားလုံးက နင်ပဲ... ရှဲ့ဟွမ်... နင့်ရဲ့ မကောင်းမှုတွေကြောင့်ပဲ။ နင့်ကလေး သေတာ၊ နင် အထီးကျန်ဖြစ်ရတာ အားလုံး နင့်ကြောင့်ပဲ"

"ငါ သေသွားရင်တောင် နင် ကောင်းကောင်းနေရမယ် မထင်နဲ့"

လင်းရှိုးရီသည် ရူးသွပ်နေပြီဖြစ်ပြီး ကပ်ကြေးဖြင့် လိုက်လံထိုးခုတ်နေသည်။

တင်းမားမားသည် အသက်ကြီးပြီဖြစ်သော်လည်း အသက်နှင့်ရင်းပြီး ရူးသွပ်နေသော လင်းရှိုးရီကို ရှေ့တိုးကာကွယ်ရင်း မိဖုရားခေါင်ကြီးကို အပြင်သို့ ဆွဲထုတ်ကာ လူအော်ခေါ်ရသည်။

နေရာသည်လင်းရှိုးရီ၏ အဆောင်ဖြစ်သော်လည်း သူမ၏ အနီးကပ်အစေခံ တုန်းချင်းနှင့် ပိယွင်တို့က လူများကို အစောကတည်းက အပြင်ထုတ်ထားပြီးဖြစ်၍ အထဲသို့ ဝင်ကူညီရန် နှောင့်နှေးနေကြသည်။

နောက်ဆုံးတွင် မိဖုရားခေါင်ကြီး၏ ဝေါယာဉ်ထမ်းသော မိန်းမစိုးများ ဝင်ရောက်လာပြီး လင်းရှိုးရီကို ဝိုင်းချုပ်လိုက်ကြသည်။

မိဖုရားခေါင်ကြီး ဒဏ်ရာရသွားသဖြင့် အားလုံး ရှုပ်ထွေးကုန်သည်။ သမားတော် သွားခေါ်သူခေါ်၊ ဖုန်းရှီးနန်းဆောင်သို့ ပြန်ပို့ရန် ပြင်သူပြင်နှင့် ဖြစ်နေသည်။

တင်းမားမားက လင်းရှိုးရီကို ကြိုးတုပ်ပြီး ဖမ်းခေါ်သွားရန် အမိန့်ပေးလိုက်သည်။

မိဖုရားခေါင်ကြီးကို လုပ်ကြံခြင်းသည် သေဒဏ်ထိုက်သော အပြစ်ဖြစ်သည်။

***

All Chapters