အခန်း (၃၀၅-၃၀၆)
Vol. 20 Ch. 305-306
အခန်း ၃၀၅ ။ အသက်ဆုံးရှုံးခြင်း
"စစ်သူကြီး... ကျွန်တော်မျိုးတို့ သူတို့ကို တားထားပါ့မယ်၊ စစ်သူကြီး အမြန်ထွက်ပြေးတော့၊ ကျွန်တော်တို့မှာ နောက်ထပ် တပ်ဖွဲ့နှစ်ဖွဲ့ ရှိသေးတယ်၊ သူတို့နဲ့ ဆုံရင် စစ်သူကြီး ဘေးကင်းသွားမှာပါ!"
မြင်းစီးစစ်သည် တစ်ဦးသည် လက်ထဲမှ ဓားကြီးကို တင်းတင်းဆုပ်ကိုင်ထားပြီး သေပျော်ပြီဟု ဆုံးဖြတ်ထားသည့် အမူအရာဖြင့် ပြောလိုက်သည်။
"မဖြစ်ဘူး၊ ငါက ဘယ်လိုလုပ် မင်းတို့ကို ထားခဲ့ပြီး ကိုယ့်လွတ်လမ်းကိုယ် ရှာရမှာလဲ" ယဲ့ကျယ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
အခြားတစ်ဦးကလည်း ချက်ချင်းပင် ကန့်ကွက်ပြန်သည်။
"စစ်သူကြီး... ကျွန်တော်တို့ သေသွားရင် စစ်သည်နှစ်ယောက် လျော့သွားရုံပဲ ရှိမယ်၊ စစ်သူကြီး သေသွားရင်တော့ နန်ချီတိုင်းပြည်တစ်ခုလုံးဆုံးရှုံးရမှာပါ၊ အကယ်၍ ပေလင်နယ်စပ်မှာ စစ်သူကြီး မရှိရင် ဒီထက်မကတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေ သေဆုံးရပါလိမ့်မယ်၊ ကျွန်တော်တို့နဲ့ ငြင်းမနေပါနဲ့တော့၊ အခွင့်အရေးရတုန်း ထွက်ပြေးပါ၊ သူရဲကောင်းဆိုတာ နောင်တစ်ချိန်အတွက် စောင့်ရတာပါ၊ ကျွန်တော်တို့အတွက် စစ်သူကြီး သေချာပေါက် လက်စားချေပေးမယ်လို့ ယုံကြည်ပါတယ်!"
ဤစကားက ယဲ့ကျယ်ကို ဆုံးဖြတ်ချက် ခိုင်မာသွားစေသည်။ သို့ဖြစ်ရာ နှစ်ဖက်တိုက်ခိုက်နေစဉ်အတွင်း ယဲ့ကျယ်သည် လူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် မတွန့်ဆုတ်တော့ဘဲ ထိုဟောင်းလောင်းပွင့်သွားသော နေရာမှနေ၍ အတင်းဖောက်ထွက်ကာ ထွက်ပြေးခဲ့တော့သည်။
ဤသည်ကို မြင်သောအခါ ယောင်ရွှီသည် ချက်ချင်း မြင်းစီး၍ လိုက်လံဖမ်းဆီးတော့သည်။ ကျန်ရစ်သော စစ်သည်နှစ်ဦးကိုမူ သူ့ကိုယ်ရံတော်များက ကိုင်တွယ်ရန် ချန်ထားခဲ့သည်။
လိုက်လံဖမ်းဆီးနေစဉ်အတွင်း ယောင်ရွှီသည် သူ၏ နောက်ဆုံး ဒူးလေးမြှား ကို ယဲ့ကျယ်၏ ညာဘက်ပုခုံးနောက်ဆီသို့ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်သည်။
တစ်ချက်တည်းနှင့် ထိမှန်သွားပြီး ယဲ့ကျယ်၏ လုံးဝမကျက်သေးသော ဒဏ်ရာမှာ ပြန်လည်ပွင့်ထွက်သွားကာ ဆူးတောင်ပါသော မြှားခေါင်းမှာ အသားထဲသို့ စိုက်ဝင်သွားခဲ့သည်။ နာကျင်လွန်းသဖြင့် ယဲ့ကျယ်သည် ဇက်ကြိုးကို လွှတ်လိုက်မိပြီး မြင်းပေါ်မှ ပြုတ်ကျသွားတော့သည်။
ယောင်ရွှီသည် ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ ဓားကိုဝှေ့ယမ်းကာ ခုတ်ချလေတော့သည်။ သူက မြင်းပေါ်မှ အထက်စီးဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယဲ့ကျယ်မှာမူ ဒဏ်ရာဖြင့် ပြုတ်ကျနေသူဖြစ်ရာ လိမ့်ကာ လူးကာဖြင့်သာ ရှောင်တိမ်းနေရသည်။
ဤအတိုင်းဆိုလျှင် မဖြစ်တော့မှန်း သိသဖြင့် ယဲ့ကျယ်သည် နာကျင်မှုကို အံကြိတ်ကာ အသားစများ ပါလာသည့် မြှားကို ဆွဲနှုတ်လိုက်ပြီး အားယူ၍ ထကာ ပြန်လည်တိုက်ခိုက်သည်။ အကြိမ်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ပြီးနောက် ယောင်ရွှီ၏ မြင်းနောက်ခြေထောက်ကို ခုတ်လိုက်နိုင်သည့် အခွင့်အရေးကို သူ ရရှိသွားသည်။
မြင်းမှာ နာကျင်လွန်းသဖြင့် လဲကျသွားရာ ယောင်ရွှီပါ မြင်းပေါ်မှ လွင့်စဉ်ကျလာသည်။ သို့သော် အနီးကပ် တိုက်ပွဲဖြစ်သောကြောင့် ယဲ့ကျယ်၏ ခါးတွင်လည်း ပြင်းထန်စွာ ဓားရှပ်ထိသွားပြီး သွေးများ တောက်လျှောက် ထွက်လာတော့သည်။
သူက ဘယ်လက်ဖြင့် ဓားကိုင်ထားရသူ ဖြစ်သလို ဒဏ်ရာကလည်း ပြင်းထန်လှသဖြင့် ယောင်ရွှီ၏ ကြမ်းတမ်းရက်စက်သော တိုက်စစ်ကို မည်သို့မျှ မယှဉ်နိုင်တော့ပေ။ ခဏအတွင်းမှာပင် အရေးနိမ့်သွားပြီး သတိလက်လွတ် ဖြစ်သွားစဉ်အတွင်း ယောင်ရွှီက သူ၏ဓားကို ရိုက်ချလိုက်နိုင်သည်။
လက်နက်မဲ့ ဖြစ်သွားသော ယဲ့ကျယ်ကို ကြည့်ကာ ယောင်ရွှီ၏ သွေးစွန်းနေသော မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာပြီး လက်ထဲမှ ဓားရှည်ဖြင့် တဖြည်းဖြည်းချင်း တိုးကပ်လာသည်။ သူက ဓားဖြင့် ယဲ့ကျယ်၏ ပေါင်ကို တစ်ချက်ထိုးလိုက်ရာ ယဲ့ကျယ် မတ်တတ်မထနိုင်တော့ပေ။
နောက်ဆုံးတွင် ယောင်ရွှီသည် ဓားကို ယဲ့ကျယ်၏ လည်ပင်းပေါ် တင်လိုက်သည်။ ယခုအချိန်တွင် အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် ယဲ့ကျယ် အသက်ပျောက်သွားပေတော့မည်။
သို့သော် ဤအသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အချိန်မှာပင် လေကိုခွဲထွက်လာသည့် မြှားသံတစ်ခု ပေါ်ထွက်လာသည်။ ဝုန်းကနဲ မြည်သံနှင့်အတူ အဖြူရောင် ငှက်မွေးမြှားတစ်စင်းသည် ယောင်ရွှီ၏ ကျောလယ်တည့်တည့်သို့ စိုက်ဝင်သွားတော့သည်။
ယောင်ရွှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ထဲမှ ဓားမှာ ကုန်းပေါ်သို့ အသံမြည်ကာ ကျသွားသည်။ နောက်တစ်စက္ကန့်တွင် သူကိုယ်တိုင်လည်း မှောက်လျက် လဲကျသွားတော့သည်။ သူသည် ကျောပေါ်က မြှားကို ဆွဲနှုတ်ရန် အသည်းအသန် ကြိုးစားနေမိသည်။
ထိုစဉ် မြင်းခွာသံများမှာ နားထဲသို့ ရောက်ရှိလာသည်။ လာသူသည် မြင်းပေါ်မှ ဆင်းလိုက်ရာ ယောင်ရွှီ၏ မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ အမျိုးသမီးတစ်ဦး ဝတ်ဆင်လေ့ရှိသည့် ပန်းပွင့်ဖော် အောက်ခံပျော့ ဖိနပ်တစ်စုံပင် ဖြစ်သည်။
"ယဲ့ကျယ် ယဲ့ကျယ် ရှင်ဘယ်လိုနေသေးလဲ" ယင်ရှီသည် စိုးရိမ်တကြီးဖြင့် ငုံ့ကာ ယဲ့ကျယ်ကို တွဲထူလိုက်သည်။ သူ၏ ဒဏ်ရာများမှာ အသက်အန္တရာယ်မရှိကြောင်း မြင်မှသာ သူမ၏ မျက်နှာ အနည်းငယ် ပြေလျော့သွားသည်။
ယဲ့ကျယ်သည် နာကျင်မှုကို အောင့်ကာ ထိုင်လိုက်ပြီးမေးလိုက်သည်။
"ကိုယ်အဆင်ပြေပါတယ်၊ ကိုယ့်ရဲ့စစ်သူကြီးနှစ်ယောက်ကိုကော... မြင်ခဲ့သေးလား"
"ကျွန်မတောင်းပန်ပါတယ်၊ သူတို့ မခံနိုင်တော့ဘူး၊ ကျွန်မ ရောက်လာတဲ့အချိန်မှာ သူတို့ အသက်မရှိတော့ဘူး" ယင်ရှီ၏ အသံမှာ အနည်းငယ် တိမ်ဝင်သွားသည်။
ဤသတင်းကို ကြားသောအခါ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ယဲ့ကျယ်မှာ အလွန် စိတ်မကောင်းဖြစ်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
ထိုစဉ် မြေပြင်ပေါ်တွင် မှောက်နေသည့် ယောင်ရွှီက ပါးစပ်မှ သွေးများ ထွက်နေရင်း ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်သည်။
"သူတို့ကတော့ သေတာပေါ့၊ မင်း ငါ့ကို သတ်ရင်တောင် မင်းလည်း အသက်ရှင်ရမှာ မဟုတ်ဘူး!"
"မင်း ဘာဆိုလိုတာလဲ" ယဲ့ကျယ်၏ မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် အေးစက်သွားသည်။
ယောင်ရွှီမှာ အသက်ထွက်လုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် အနည်းငယ်မျှ မကြောက်တော့ဘဲ ရူးသွပ်စွာ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲဒီ သစ္စာဖောက် သုံးယောက်စလုံးက မင်းရဲ့လက်အောက်ငယ်သားတွေ မဟုတ်လား၊ သူတို့ ကိုယ်ပေါ်မှာ ပါသွားတာက မင်းကိုယ်တိုင် လျောင်ဘုရင်ဆီ ရေးထားတဲ့ စာတွေလေ၊ ရန်သူနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်တဲ့ သက်သေက ခိုင်လုံနေပြီ၊ အကယ်၍ ကျန်တဲ့ နှစ်ယောက်ကို ဖမ်းမိသွားပြီဆိုရင် အခုအချိန် စခန်းထဲမှာ မင်း လျောင်ဘုရင်နဲ့ တိတ်တဆိတ် ပတ်သက်နေတာကို လူတိုင်း သိနေကြလောက်ပြီ၊ ငါ့ကို သတ်တာကလည်း မင်းရဲ့ အမှုပေါ်သွားမှာ စိုးလို့ နှုတ်ပိတ်တာပဲ ဖြစ်သွားမှာပေါ့!"
ဤစကားများကို နားထောင်ပြီးနောက် ယင်ရှီက ရုတ်တရက် အေးစက်စက် ရယ်မောလိုက်သည်။
"ယောင်အမတ်မင်းက တကယ်ကို အစီအစဉ်တွေ အများကြီး ဆွဲထားတာပဲ၊ နှမြောစရာကောင်းတာက အကုန်လုံး အလကား ဖြစ်သွားမှာကိုပဲ"
"မင်း... မင်း ဘာကို ဆိုလိုတာလဲ!" ယောင်ရွှီ၏ နားထင်မှ သွေးကြောများ ထောင်ထလာပြီး ထရန် ကြိုးစားသော်လည်း အင်အား မရှိတော့ပေ။ ဒေါသထွက်လွန်းသဖြင့် ပါးစပ်မှ သွေးများ ပိုမိုထွက်လာသည်။
"ကျွန်မရဲ့ ယောကျာ်းက စစ်မြေပြင်မှာ အလုပ်များနေလို့ တစ်ခုခုလွဲနေတာကို မရိပ်မိပေမဲ့ ကျွန်မကတော့ ထူးဆန်းနေတာကို ကြိုသိပြီးသား၊ ဒီသစ္စာဖောက်မှုက ရုတ်တရက်ကြီး ဖြစ်လွန်းတယ်လေ၊ အဲဒါကြောင့် ကျွန်မရဲ့ အဖေနဲ့ အစ်ကိုကို ကြိုပြီး စောင့်ခိုင်းထားတာ၊ ပြီးတော့အဲဒီ လူနှစ်ယောက်ကို ဖမ်းမိလို့ချက်ချင်း သတ်
ပစ်လိုက်တာကြာရာပေါ့၊ သူတို့ ကိုယ်ပေါ်က ပစ္စည်းတွေကိုလည်း ဘယ်သူ့ကိုမှ မြင်ခွင့်မပေးဘူး"
မနက်ပိုင်းတွင်ယဲ့ကျယ်သည်အလောတကြီးထွက်သွားရသဖြင့်နံနက်စာ ဝဝလင်လင်မစားရသောကြောင့်လျောင်စစ်တပ် အခြေအနေကို ကြည့်ကာ စောစောပြီးမည်ဟု တွေးပြီး ယင်ရှီသည်အစားအသောက်များကို ထုပ်ပိုးကာ ယဲ့ကျယ်ရှိရာစစ်စခန်းဆီသို့ လိုက်ပို့ခိုင်းခဲ့သည်။ သို့သော် ယဲ့ကျယ် ပြန်လာမည့် သတင်းကို မကြားရဘဲ ယောင်အမတ်မင်း၏ မြေပုံကို တစ်စုံတစ်ယောက်က ခိုးယူသွားသည်ဟူသော သတင်းကိုသာ ကြားခဲ့ရသည်။
ယခင်က ယောင်မိသားစု ဒုတိယသခင်လေး ရိက္ခာပို့ဆောင်မှု နောက်ကျခဲ့ခြင်းကြောင့် သူမသည် ယောင်မိသားစုကို သံသယရှိနေခဲ့ရာ ယခုကိစ္စမှာ တိုက်ဆိုင်လွန်းသည်ဟု ယူဆပြီးနောက်လူများကို ခေါ်၍ ချက်ချင်း လိုက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ယဲ့ကျယ်ကို အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"အခုကိစ္စတွေလည်း ရှင်းသွားပြီဆိုတော့ ရှင်လည်း အမှောင်ထဲမှာ သေရမှာ မဟုတ်တော့ဘူး၊ ရှင့်ရဲ့ယုတ်မာမှုကြောင့်သေသွားရတဲ့ နန်ချီရဲ့စစ်သည်တွေအတွက် အဖော်အဖြစ် လိုက်သွားလိုက်တော့!"
ယင်ရှီ၏ လှပသော မျက်ဝန်းများ အေးစက်သွားကာ ယောင်ရွှီ၏ ကျောပေါ်က မြှားကို ကိုင်၍ အထဲသို့ ပိုမို နက်ရှိုင်းစွာ ထိုးစိုက်လိုက်သည်။
ခဏအတွင်းမှာပင် ယောင်ရွှီသည် မျက်လုံးများ ပြူးကျယ်သွားကာ အသက်ရှူ ရပ်တန့်သွားတော့သည်။
ငယ်စဉ်ကတည်းက နယ်စပ်စစ်စခန်းတွင် ကြီးပြင်းလာသူဖြစ်သဖြင့် ယင်ရှီသည် ပြတ်သားရက်စက်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်မနှေးပေ။ ယဲ့ကျယ်သည် ဘာမှမပြောဘဲ ဇနီးဖြစ်သူ၏ တွဲထူမှုကို ခံယူကာ မေးလိုက်သည်။
"နောက်ထပ် ဘာဆက်လုပ်ရမလဲလို့ မင်း ထင်လဲ"
"အခုချိန်သူ အတုလုပ်ထားတဲ့ စာတွေကို လဲဖို့အတွက် တခြားစာတွေ ပြင်ဆင်ဖို့ အချိန်မရတော့ဘူး၊ ဒီအတုတွေကို အကုန် မီးရှို့ပစ်တာပဲ အကောင်းဆုံးပဲ၊ သူကိုယ်တိုင်လည်း သစ္စာဖောက်တွေရှိတယ်လို့ ပြောခဲ့တာပဲ မဟုတ်လား၊ ဒါကြောင့် သူ့ကို သစ္စာဖောက်တွေက လျောင်လူမျိုးတွေနဲ့ ပေါင်းပြီး သတ်သွားတာလို့ပဲ ပြောကြတာပေါ့"
"ဒါပေမဲ့ သူက ဒီလိုအောက်တန်းကျတာတွေ လုပ်ထားတာကို ဒီအတိုင်း လွှတ်ပေးရမှာလား!" ယဲ့ကျယ်က အံကြိတ်ကာ ဆိုသည်။
ယင်ရှီက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။
"အခုချိန် ကျွန်မတို့မှာတခြားနည်းလမ်း မရှိဘူး၊ ဒီယောင်ရွှီက အလုပ်လုပ်တာ သိပ်ပြီး သတိကြီးတယ်၊ ပေလင်နယ်စပ်ကို ရောက်လာကတည်းက သူ့အကြောင်း မကောင်းပြောတဲ့သူ တစ်ယောက်မှ မရှိဘူး၊ သူနဲ့အတူ ပါလာတဲ့ ကိုယ်ရံတော်တွေနဲ့ သူ သိမ်းသွင်းထားတဲ့ လူတွေကလွဲရင် တခြားဘယ်သူမှ သူ ကြံစည်နေတာကို သိမှာ မဟုတ်ဘူး။”
"ဒါ့အပြင် ရှင်နဲ့ ကျွန်မမှာလည်း သက်သေမရှိဘူး၊ ပြောင်းပြန်အနေနဲ့ သူက သေသွားတာလေ၊ တကယ်လို့ ပြဿနာကို ကြီးအောင်လုပ်ရင် ရှင့်ကို ပြန်ပြီး စွပ်စွဲလာနိုင်တယ်၊ အခု ရှင်က စစ်သူကြီးဖြစ်နေပြီး ဒဏ်ရာကလည်း ပြင်းထန်နေတော့ စစ်သည်တွေရဲ့ စိတ်ဓာတ် ပျက်ပြားသွားမှာ စိုးရတယ်၊ ဒီအချိန်မှာ ပြည်တွင်းရေး ပြဿနာ မတက်စေသင့်ဘူး၊ အခုတော့ ဒီလိုပဲ ဖြေရှင်းလိုက်ပြီး ကွယ်ရာမှာပဲ အသေးစိတ် ထပ်စုံစမ်းကြတာပေါ့"
ဇနီးဖြစ်သူ၏စကားကို နားထောင်ပြီးနောက် ယဲ့ကျယ် စိတ်အနည်းငယ် တည်ငြိမ်သွားသည်။ အခုတော့ ဤဒေါသကို မျိုသိပ်ထားရုံသာ ရှိတော့သည်၊ မည်သို့ပင်ဆိုစေကာမူ ယောင်ရွှီ သေဆုံးသွားခြင်းကပင် အကြွေးဆပ်ပြီးသား ဖြစ်သွားခဲ့ပြီ။
ခဏအကြာတွင် ယင်မိသားစုမှ လူများ ရောက်လာပြီး ဇနီးမောင်နှံ နှစ်ဦးကို ခေါ်ဆောင်သွားကြသည်။
....
ယောင်မိသားစု၏ သားကြီး ယောင်ရွှီ အသက်ဆုံးရှုံးသွားသည့် သတင်းသည် မြို့တော်ဆီသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။ တစ်ချိန်တည်းမှာပင် ယဲ့ကျယ်သည်လည်း လျှို့ဝှက်စာတစ်စောင်ကို မြို့တော်ရှိ ယဲ့မိသားစုဆီသို့ ပေးပို့လိုက်ပြီး နန်းတော်ထဲရှိ ယဲ့ယွင်ထံသို့ နည်းလမ်းရှာ၍ ပေးပို့ခိုင်းလိုက်သည်။
ယောင်မိသားစုက ဆက်တိုက် ပြဿနာတက်နေသဖြင့် နန်းတော်ထဲရှိ ထိုယောင်မိသားစုဝင် အမျိုးသမီးသည်လည်း လူကောင်းတစ်ယောက် ဖြစ်ဟန်မတူရာ ညီမဖြစ်သူကို သတိထားရန် အသိပေးရပေမည်။
စစ်ရေးသတင်းများမှာ နေ့ရောညပါ အပြင်းနှင်၍ ပေးပို့ခဲ့ရာ ခြောက်ရက်အတွင်းမှာပင် ဧကရာဇ်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ယောင်မိသားစု၏ သားကြီး ယောင်ရွှီသည် သစ္စာဖောက်များ၏ သတ်ဖြတ်ခြင်းကို ခံရသည်ဟူသော သတင်းမှာ ပျံ့နှံ့သွားခဲ့သည်။
နန်းတွင်းတွင် ယောင်ရှန်းသည် ဤသတင်းကို ကြားသည်နှင့် အသက်ရှူ မှားသွားကာ နေရာမှာတင် မေ့လဲသွားတော့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-306
အခန်း ၃၀၆ ။ တစ်မြေတည်း အတူမနေနိုင်ခြင်း
“ရှိုးရုန်... ရှိုးရုန်... ဘယ်လိုဖြစ်တာလဲ”
ကျီကျူးက အလန့်တကြားဖြင့် ယောင်ရှန်းကို တွဲထားရင်း အော်ဟစ်တော့သည်။
“သမားတော်သွားပင့်ကြ! အမြန် သမားတော်သွားပင့်ကြစမ်း!”
ခဏအတွင်းမှာပင် ဝေ့ရွယ်ဆောင်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားတော့သည်။
ကျိုချန်နန်းဆောင်တွင် ရှိနေသော နင်ချန်သည် သတင်းကြားသည်နှင့် လာရောက်ကြည့်ရှုခဲ့သည်။ သမားတော်က စစ်ဆေးပြီးနောက် စိတ်လှုပ်ရှားလွန်းသဖြင့် သွေးလေချောက်ချားကာ ခန မေ့လဲသွားခြင်းဖြစ်ပြီးပြင်းထန်သော စိတ်ဒဏ်ရာကို ရုတ်တရက် မခံစားနိုင်ခြင်းပင်ဖြစ်ကြောင်းလျှောက်တင်ခဲ့သည်။
“အရှင်မင်းကြီး... ဖန်းရှိုးရုန်က တတိယမင်းသမီးလေးကို မွေးတုန်းက အခက်အခဲရှိခဲ့လို့ ခန္ဓာကိုယ်က အားနည်းနေတာပါ၊ နောက်ပိုင်းမှာလည်း မီးဖွားပြီးကာလမှာ ကောင်းကောင်း အနားမယူခဲ့တာကြောင့် ခန္တာကိုယ်ကအရင်ကတည်းက အားနည်းနေတာပါ၊ အခုလို သတင်းဆိုးမျိုး ကြားရတော့ စိတ်ဒဏ်ရာ ပြင်းထန်ပြီး မခံနိုင်ဖြစ်သွားရတာပါ၊ ဒါက ဆေးနဲ့ ကုရုံနဲ့ မရပါဘူး၊ ကျွန်တော်မျိုးကတော့ သွေးအားကောင်းစေမယ့် ဆေးတွေပဲ ဖော်စပ်ပေးနိုင်ပြီး ရှိုးရုန်ကိုယ်တိုင်ပြန်လည် နာလန်ထူအောင်လုပ်ရမှာပါ။”
နင်ချန်က မျက်မှောင်ကြုတ်ကာပြန်ပြောလိုက်သည်။
“ကျန်း သိပြီ၊ ဖန်းရှိုးရုန်ရဲ့ ကျန်းမာရေးကို မင်းပဲ တာဝန်ယူရမယ်၊ သေချာ ဂရုစိုက်
လိုက်ပါ။”
“ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ဤအချိန်တွင် အရှေ့ရုံးတော်၌ အလုပ်များရှိနေသေးသဖြင့် နင်ချန်သည် ယောင်ရှန်း နိုးလာသည်အထိ စောင့်မနေနိုင်ဘဲ ပြန်သွားခဲ့သည်။ သို့သော် မပြန်မီ တတိယမင်းသမီးလေးကို သွားကြည့်ပြီး ကလေးကို မည်သူမျှ မနှိပ်စက်ရန် နို့ထိန်းများကို သတိပေးခဲ့သေးသည်။ ထို့နောက်မှ ဝေ့ရွယ်ဆောင်မှ ထွက်ခွာသွားတော့သည်။
ယဲ့ကျယ် ပေးပို့ထားသော အစီရင်ခံစာတွင် စစ်တပ်အတွင်း သူလျှိုရှိနေကြောင်း ဖော်ပြထားရာ ဤသည်မှာ သေးငယ်သော ကိစ္စမဟုတ်သဖြင့် သေချာစွာ ကိုင်တွယ်ရမည်ဖြစ်သည်။ ယခု ယောင်ရွှီ သေဆုံးသွားခြင်းမှာ သူ၏ ကိုယ်ရံတော်များ သစ္စာဖောက်ခြင်းကြောင့် ဖြစ်သည်ဟု တင်ပြထားသည်။
အစပိုင်းတွင် နင်ချန် သံသယဝင်မိသော်လည်း နောက်ပိုင်းတွင် အခြားအရာရှိများ ပေးပို့သော အစီရင်ခံစာများ၌ ယဲ့ကျယ်၏ဒဏ်ရာမှာလည်း အသက်အန္တရာယ်နီးပါး ပြင်းထန်ကြောင်း ဖော်ပြထားသည်ကို မြင်မှသာ သံယယများ ပျောက်ကွယ်သွားခဲ့သည်။
ယောင်ရွှီသည် လူရွေးမတတ်ခြင်းနှင့် လက်အောက်ငယ်သားကို မထိန်းနိုင်ခြင်းကြောင့် ဤကဲ့သို့သော အကျိုးဆက်ကို ခံစားရခြင်းဖြစ်သဖြင့် နင်ချန်လည်း စိတ်ပျက်မိသည်။ အကယ်၍ ယင်ရှီသာ အချိန်မီ ရောက်မလာပါက ပေလင်နယ်စပ်၏ စစ်သူကြီးပါ အသက်ဆုံးရှုံးသွားရမည် မဟုတ်ပါလား။
ထို့ကြောင့် ဆုလာဘ်များ ချီးမြှင့်ခြင်း မပြုတော့သော်လည်း ယောင်မိသားစုမှာ မျိုးဆက်အလိုက် အမှုထမ်းခဲ့သော မိသားစုဖြစ်သဖြင့် အနည်းငယ်တော့ နှစ်သိမ့်ပေးရပေမည်။ ထို့ကြောင့် ယွမ်ကျိုကို ယောင်အိမ်သို့ ကိုယ်တိုင် သွားရောက် ဈာပနကိုတက်ခိုင်းပြီး လက်ရှိ ယောင်မိသားစု၏ တစ်ဦးတည်းသော သားဖြစ်သူ ယောင်ရှင်းကို ရာထူး တစ်ဆင့် တိုးမြှင့်ပေးလိုက်သည်။
သို့သော် ဤသည်မှာ ဘာမှ ထူးခြားမှု မရှိပေ။ ယောင်ရွှီကဲ့သို့ နှလုံးရည်နှင့်လက်ရုံးရည်ပြည့်စုံသော သားကြီးမှာ ယောင်မိသားစုက နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် ပျိုးထောင်ထားခဲ့သည့် ဆက်ခံသူ ဖြစ်သဖြင့် ယောင်ရှင်းမှာ သူ၏ အစ်ကိုဖြစ်သူ၏ ခြေဖျားပင် မမီပေ။
...
ယောင်ရှန်းသည် မေ့လဲနေရာမှ နှစ်ရက်တိုင်တိုင် နိုးမလာခဲ့ပေ။ ထိုအတောအတွင်း ယဲ့ယွင်သည် မိခင်ဖြစ်သူဆီမှတစ်ဆင့် ယဲ့ကျယ် ရေးပေးလိုက်သော လျှို့ဝှက်စာကို လက်ခံရရှိခဲ့သည်။
စာထဲတွင် ယောင်ရွှီသည် မိမိကို အရင်ဆုံး လုပ်ကြံရန် ကြိုးစားခဲ့သဖြင့် ပြန်လည်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ညီမဖြစ်သူအနေဖြင့်လည်း အထူးသတိထားရန်နှင့် မိမိဘက်မှလည်း ဤကိစ္စကို ကွယ်ရာတွင် ဆက်လက်စုံစမ်းနေပြီး အမှန်တရား ပေါ်ပေါက်လာသည့်အခါ ယောင်မိသားစုတစ်ခုလုံးကို ရုံးတော်သို့ တိုင်ကြားမည်ဖြစ်ကြောင်း ရေးသားထားသည်။
ယဲ့ယွင် စာဖတ်ပြီးနောက် ချက်ချင်း ရိပ်မိလိုက်သည်။ ယောင်ရွှီသည် အစီအစဉ်ကို အသေးစိတ် ဆွဲထားသဖြင့် သူ့ကို အပြစ်ပေးရန် သက်သေရှာရ ခက်ခဲနေခြင်းဖြစ်ရမည်။ စစ်ရေးကလည်း အရေးကြီးနေသဖြင့် မြို့တော်သို့ အမြန်တင်ပြရရာ ယောင်ရွှီသည် သစ္စာဖောက်များ၏ လက်ချက်ဖြင့် သေဆုံးရသည်ဟု လိမ်လည် ပြောဆိုခဲ့ခြင်းဖြစ်ရမည်။
သို့သော် ယဲ့ကျယ်နှင့် ယင်ရှီတို့သည် နက်နက်ရှိုင်းရှိုင်း မစဉ်းစားမိကြပေ။ နောင်တစ်ချိန်တွင် အမှန်တရားကို စုံစမ်းတွေ့ရှိပြီးမှ ဧကရာဇ်ကို တင်ပြလျှင် ဧကရာဇ်ကို အစကတည်းက လိမ်လည်ခဲ့သည်မှာ ထင်ရှားသွားပေလိမ့်မည်။ ဧကရာဇ်ကို လိမ်လည်လှည့်ဖြားသည့် ပြစ်မှုမှာ အကြောင်းပြချက် မည်မျှပင် ခိုင်လုံစေဦးတော့ ဧကရာဇ်၏အမြင်တွင် မိမိကို မယုံကြည်သဖြင့် ဤသို့ လုပ်ဆောင်သည်ဟု ထင်မြင်သွားနိုင်သည်။
ဧကရာဇ်သည် အမတ်ကို မယုံကြည်နိုင်သော်လည်း အမတ်သည် ဧကရာဇ်ကို အပြည့်အဝ ယုံကြည်ရမည်။ သို့မဟုတ်ပါက နောက်နောင်တွင် မိမိအသက်ဘေးအတွက် ဤသို့ လိမ်လည်နိုင်လျှင် အခြားကိစ္စများတွင်ကော ဘာတွေထပ်လုပ်နိုင်မည်နည်းဟု ဧကရာဇ်က တွေးတောသွားနိုင်သည်။
ယောင်ရွှီသည် သေသွားသည့်တိုင် သူ၏ မိသားစုကို မထိခိုက်အောင် ရက်စက်ပြီး တိကျစွာ လုပ်ဆောင်သွားခဲ့သည်မှာ ငြင်းမရပေ။ အကယ်၍ ယင်ရှီသာ ထိုသစ္စာဖောက်များကို ချက်ချင်း မသတ်ဘဲနှင့် အတုလုပ်ထားသော စာများ စစ်စခန်းတွင် ပျံ့နှံ့သွားပါက ယောင်ရွှီ ပြောသကဲ့သို့ ယဲ့ကျယ်က အမှုပေါ်မှာစိုး၍ နှုတ်ပိတ်လိုက်သည်ဟု လူတိုင်းက သံသယဝင်သွားကြမည် ဖြစ်သည်။
ရန်သူနှင့် ရင်ဆိုင်နေရချိန်တွင် စစ်သူကြီး ဒဏ်ရာရနေခြင်းကြောင့် စစ်မြေပြင်သို့ မထွက်နိုင်ခြင်းမှာပင် အခက်အခဲ ဖြစ်နေချိန်တွင် စစ်သည်များ၏ စိတ်ဓာတ် ပျက်ပြားသွားခြင်းမှာ အလွန်စိုးရိမ်ရသည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် ယဲ့မိသားစုအနေဖြင့် ဤနစ်နာမှုကို မျိုသိပ်ထားရုံမှတစ်ပါး အခြားမရှိဘဲ နောင်မှသာ လက်စားချေရန် အခွင့်အရေး ရှာရမည်။
သို့သော်လည်း ယောင်ရွှီကို ယင်ရှီက သတ်လိုက်နိုင်ခြင်းမှာပင် ဒေါသပြေစရာတစ်ခု ဖြစ်ခဲ့ပါသည်။
ယဲ့ယွင် သေချာ စဉ်းစားပြီးနောက် ယဲ့ကျယ်ထံသို့ စာပြန်ရေးလိုက်သည်။ ဤကိစ္စကို သေချာ ရှင်းလင်းထားရန်နှင့် ထပ်မံ စုံစမ်းခြင်း၊ ပြောဆိုခြင်း မပြုရန် သတိပေးလိုက်သည်။ ယောင်ရွှီက အရာရှိကို လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း ယဲ့ကျယ်ဘက်မှလည်း ဧကရာဇ်ကို လိမ်လည်ခဲ့သည့် သံသယရှိနေသဖြင့် ဤကိစ္စကို ထပ်မံ မဖော်ထုတ်ခြင်းက ပိုကောင်းပါသည်။
“ယောင်မိသားစုရဲ့ ဒုတိယသားက အပျော်အပါးမက်တဲ့ သားမိုက်တစ်ယောက်လို့ ကြားတယ်၊ အခု သူ့အစ်ကိုလည်း မရှိတော့ဘူးဆိုတော့ သူက ယောင်အိမ်ရဲ့တစ်ဦးတည်းသော သားဖြစ်သွားပြီ၊ နောင်ကျရင် ရွှမ်းယွမ်နယ်စားဘွဲ့ကို သူပဲ ဆက်ခံရမှာ သေချာသလောက်ပဲ။”
ယဲ့ယွင်က လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အေးအေးဆေးဆေး ဆိုသည်။
ဟွေယွဲ့က ခေါင်းခါကာ “ကျွန်တော်မျိုးမ ထင်တာတော့ မသေချာပါဘူး၊ ယောင်ရွှီက အိမ်ထောင်ကျပြီးသားပါ၊ သုံးနှစ်အရွယ် သားလေးတစ်ယောက်လည်း ရှိတယ်၊ လမ်းလွဲနေတဲ့ သားတစ်ယောက်ကို ပျိုးထောင်တာထက် မြေးအရင်းကို ပျိုးထောင်တာက ပိုပြီး စိတ်ချရတယ် မဟုတ်လား။”
“ဟုတ်သားပဲ၊ ရွှမ်းယွမ်နယ်စားက အားအင်ပြည့်ဖြိုးတုန်းပဲ၊ ယောင်မိသားစုအတွက် နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် ထပ်ပြီး စီစဉ်ပေးလို့ ရသေးတာပဲ၊ အဲဒီအချိန်က ဆက်ခံသူအသစ် ပျိုးထောင်ဖို့ လုံလောက်ပါတယ်၊ ဒါပေမဲ့... ယောင်ရှင်းကရော မြို့စားဘွဲ့ကို ဆက်ခံချင်တဲ့စိတ် မရှိဘူးဆိုတာသေချာလို့လား?”
ယဲ့ယွင်က အေးစက်စက် ပြုံးလိုက်သည်။ “အတူကြီးပြင်းလာတဲ့ အစ်ကိုအရင်းရဲ့ လက်အောက်မှာ နေရတာနဲ့ တူလေး (မြေး) ရဲ့ လက်အောက်မှာ နေရတာက အများကြီး ကွာခြားတယ်လေ။”
ပြောပြီးသည်နှင့် သူမက ဟွေယွဲ့ကို အနားလာရန် လက်ယပ်ခေါ်ကာ တိုးတိုးလေး အမိန့်ပေးလိုက်သည်။
ယောင်မိသားစုက ပြဿနာရှာရတာ ဝါသနာပါနေမှတော့ ကောင်းပြီလေ၊ သူတို့အိမ်ထဲမှာတင် အချင်းချင်း သတ်ကြဖြတ်ကြအောင် လုပ်ပေးလိုက်ရုံပေါ့။ အိမ်တွင်းမငြိမ်မသက် ဖြစ်နေတာတောင်အပြင်က ကိစ္စတွေကို ဝင်ရှုပ်ဖို့ စိတ်ကူးနိုင်ဦးမလား ကြည့်ကြသေးတာပေါ့။
.....
သတင်းများ နန်းပြင်သို့ ရောက်ရှိသွားသောအခါ မိခင်ဖြစ်သူသည် ခနစဉ်းစားပြီးနောက် ဒုတိယအိမ်တော်မှ တူဖြစ်သူ ယဲ့ဟွိုက်နှင့် ညီမဝမ်းကွဲ ယန်ရှီတို့ကို ဖိတ်ခေါ်လိုက်သည်။ မြို့တော်က သူဌေးသား အသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့နိုင်သူမှာ ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အရွယ်ရှိ ယဲ့ဟွိုက်က အသင့်တော်ဆုံး ဖြစ်သည်။
ယဲ့ယွင်၏ စာထဲက အကြောင်းအရာများကို အကျဉ်းချုပ် ပြောပြလိုက်ရာ ယဲ့ဟွိုက်က ပြဿနာမရှိကြောင်း ပြန်ပြောသည်။ ယောင်ရွှီနှင့် ယဲ့ကျယ်တို့၏ အသက်အန္တရာယ် ကိစ္စကိုမူ ထည့်မပြောခဲ့ပေ။ တစ်မိသားစုတည်းသားဖြစ်စေဦးတော့ ဤကဲ့သို့သော လျှို့ဝှက်ချက်မှာ လူသိနည်းလေ ကောင်းလေပင်။
ဘယ်လိုလုပ်ရမလဲ ဆိုတာကတော့ ရိုးရှင်းပါသည်။ ယောင်ရှင်းကို မြှောက်ပေးရန်၊ အမွှမ်းတင်ပေးရန်သာ ဖြစ်သည်။ ယခုအချိန်တွင် ယောင်မိသားစု တစ်ခုလုံးမှာ ထူးချွန်သော သားကြီးကို ဆုံးရှုံးလိုက်ရသဖြင့် ဝမ်းနည်းပူဆွေးနေကြရာ ဒုတိယသားသည် သူငယ်ချင်းများ၏ မြှောက်ပေးမှုကြောင့် ရွှမ်းယွမ်နယ်စားနေရာကို မိမိအပိုင်ဟု မှတ်ယူနေသည်ကို မည်သူမျှ သတိမထားမိကြပေ။
.....
နှစ်ရက်အကြာ၊ ညနေခင်းတစ်ခုတွင်...
ယောင်ရှန်းသည် နောက်ဆုံးတွင် သတိပြန်လည်လာခဲ့သည်။ လည်ချောင်းမှာ ခြောက်ကပ်နေပြီး နားထဲတွင်လည်း အသံများ မြည်ဟီးနေကာ ခေါင်းကလည်း အလွန် ကိုက်ခဲနေသည်။
“ကျီကျူး... ကျီကျူး!” ယောင်ရှန်းက နှစ်ခွန်းခန့် အော်လိုက်သည်နှင့် ချောင်းဆိုးတော့သည်။
“ကျွန်တော်မျိုးမ ရှိပါတယ်၊ ရှိုးရုန် နိုးလာပြီပဲ၊ အမြန်... သမားတော်သွားခေါ်ကြစမ်း”
အသံကြား၍ ပြေးဝင်လာသော ကျီကျူးသည် လက်ထဲတွင် ဆေးပန်းကန်ကို ကိုင်ထားရင်း မျက်လုံးများ နီမြန်းနေရှာသည်။ သူမသည် ဆေးကို ခုတင်ဘေးက စားပွဲပေါ် အမြန်တင်ကာ ယောင်ရှန်းကို တွဲထူပေးလိုက်သည်။
“ရှိုးရုန်... နောက်ဆုံးတော့ နိုးလာပြီပဲ၊ ကျွန်တော်မျိုးမမှာ စိုးရိမ်လိုက်ရတာ” ကျီကျူးက မျက်ရည်သုတ်ရင်း ပြောရှာသည်။
ယောင်ရှန်းက မသက်မသာဖြင့် လည်ချောင်းကို စမ်းလိုက်ရာ ကျီကျူးက သဘောပေါက်ကာ ရေနွေးတစ်ခွက်ကို တိုက်လိုက်သည်။ ရေနွေးသောက်ပြီးမှ ယောင်ရှန်းက တိုးညှင်းသော လေသံဖြင့် မေးလိုက်သည်။
“ငါ့ရဲ့ အစ်ကိုကြီးကော?”
ကျီကျူးမှာ ခနမျှ ကြောင်သွားပြီး ခေါင်းငုံ့ကာ စကားမပြောရဲဘဲ ရှိနေသည်။
“ငါ နင့်ကို မေးနေတယ်လေ၊ ငါ့အစ်ကိုကြီးကောလို့! မြန်မြန်ပြောစမ်း!”
ယောင်ရှန်းက အိပ်ရာဘေးက ခေါင်းအုံးကို ကောက်ကိုင်ကာ ကြမ်းပြင်ပေါ်သို့ ပေါက်ချလိုက်သည်။
“ရှိုးရုန်... စိတ်ဖြေပါဦး၊ အကြီးဆုံးသခင်လေးက... သူက သစ္စာဖောက်တွေရဲ့ လုပ်ကြံမှုကို ခံလိုက်ရပါတယ်၊ အလောင်းကိုတော့ မြို့တော်ဆီ ပြန်သယ်လာနေပါပြီ” ဟု ကျီကျူးက ငိုသံဖြင့် ဖြေလိုက်သည်။
ခဏအတွင်းမှာပင် ယောင်ရှန်းသည် ကမ္ဘာပျက်သွားသလို ခံစားလိုက်ရပြီး ထပ်မံ မေ့လဲလုနီးပါး ဖြစ်သွားသည်။ သူမသည် ခေါင်းအုံးကို မှီကာ အသက်ကို ပြင်းပြင်းရှူနေရပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေကာ နှုတ်ခမ်းများမှာလည်း ညိုမည်းနေတော့သည်။
“ယဲ့မိသားစု... ယဲ့ယွင်! ငါ ယောင်ရှန်းက နင်တို့နဲ့ တစ်မြေတည်း အတူမနေနိုင်အောင် ရန်ငြိုးဖွဲ့လိုက်ပြီ! နင်ရှင်ရင် ငါသေရင် ဒါပေမဲ့ ငါရှင်ရင် နင်သေချာပေါက်သေရမယ်။”
***