အခန်း (၂၆၃-၂၆၄)
Vol. 17 Ch. 263-264
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-263
အခန်း ၂၆၃ ။ အကျင့်ပျက်အောင် မွေးမြူခြင်း
ယခုနှစ်တွင် နှင်းကျနောက်ကျသော်လည်း ပုံမှန်ထက် ပို၍ များပြားလှသည်။
အထူးသဖြင့် နှစ်သစ်ကူးအကြိုညတွင် နှင်းပွင့်များမှာ ငှက်မွေးများကဲ့သို့ တဖွဲဖွဲ ကျဆင်းနေတော့သည်။ သို့သော်လည်း ယခုနှစ်တွင် မင်္ဂလာရှိသော နှင်းများဖြစ်၏။ နေရာတိုင်းတွင် အေးချမ်းသာယာနေပြီး နှင်းဘေးအန္တရာယ်မျိုးလည်း မရှိပေ။
နှစ်ကုန်ပိုင်းတွင် နန်းတွင်း၌ ကိုယ်လုပ်တော်နှစ်ဦး ကိုယ်ဝန်ရှိနေသဖြင့် နင်ချန်၏ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေသည်။ စားသောက်ပွဲ စတငချိန်တွင် ပထမမင်းသမီးက ဦးဆောင်၍ မင်းသားနှင့် မင်းသမီးများက နှစ်သစ်ကူး ဂါရဝပြုကြလေသည်။
ဧကရာဇ်၊ မိဖုရားခေါင်ကြီးနှင့် မယ်တော်ကြီးတို့မှာ ပြုံးရွှင်လျက် ဆုလာဘ်များစွာ ချီးမြှင့်ကြသဖြင့် ပွဲလမ်းသဘင်မှာ အလွန်စည်ကားတက်ကြွလာတော့သည်။ ထိုစည်ကားနေချိန်ကို အခွင့်ကောင်းယူ၍ နင်ချန်က ယဲ့ယွင်အား ရာထူးတိုးမြှင့်ပေးသည့် သတင်းကို ကြေညာလိုက်သည်။
မကြာသေးမီက ၉လပိုင်းတွင်အခြားသူများ ရာထူးတိုးပြီးဖြစ်သဖြင့် ယခုတစ်ကြိမ်တွင်မူ ယဲ့ယွင် တစ်ဦးတည်းသာ ထင်ပေါ်နေတော့သည်။ ကိုယ်ဝန်လည်းရှိ၊ အချစ်လည်းခံရသည့်အပြင် မိသားစုနောက်ခံကလည်း ရှိနေသဖြင့် ခဏချင်းမှာပင် ယဲ့ယွင်၊ ယဲ့မိသားစုနှင့် ချူမိသားစုတို့မှာ လူတိုင်းကပ်ဖားမျက်နှာပန်းလှကာ အရေးပါသူများ ဖြစ်လာကြသည်။
"အခု မင်ရှိုးယွမ်နဲ့ ဖန်းကျယ်ယွီတို့က ကိုယ်ဝန်နဲ့ဆိုတော့ အနားယူရမှာပဲ၊ အရှင်မင်းကြီးအနေနဲ့ တခြားကိုယ်လုပ်တော်တွေဆီကို များများသွားသင့်တယ်၊ ဧကရာဇ်ဟောင်းမှာ သားသမီးနည်းပါးခဲ့တော့ အရှင်မင်းကြီးကတော့ မျိုးဆက်တွေ အများကြီးပွားအောင် ကြိုးစားရမယ်နော်" ဟု မယ်တော်ကြီးက အလေးအနက် တိုက်တွန်းလေသည်။
နင်ချန်က လိုက်လျောညီထွေစွာ ခေါင်းငြိမ့်ပြပြီး ပြန်ပြောလိုက်သည်။
“မယ်တော်ကြီး မိန့်ကြားတဲ့အတိုင်းပါပဲ၊ သားတော် မှတ်သားထားပါ့မယ်"
နှုတ်ကသာ ကတိပေးလိုက်သော်လည်း လက်တွေ့လုပ်မလုပ်မှာမူ နောက်ကိစ္စသာဖြစ်သည်။
"ဒါနဲ့ ဒုတိယမင်းသားနဲ့ တတိယမင်းသားက အခုထိ နာမည်မရှိသေးဘူးပဲ၊ တတိယမင်းသားဆိုရင် အသက်တစ်နှစ်တောင် ပြည့်တော့မယ်၊ အရှင်မင်းကြီး သေချာစဉ်းစားပြီး ပေးသင့်နေပြီနော်"
မိဖုရားခေါင်ကြီးက သဘောထားကြီးသော မိခင်ရင်းသဖွယ် နူးညံ့စွာ ပြောလိုက်သည်။ သူမသည် ဤမင်းသားများကို မိမိကိုယ်တိုင် မွေးဖွားထားသကဲ့သို့ ဂရုစိုက်ဟန် ပြနေခြင်း ဖြစ်သည်။
"မိဖုရားခေါင်ကြီး သတိပေးတာ တော်သေးတာပေါ့၊ ကျန်း လည်း အတော်ကြာ စဉ်းစားထားတာ ရှိတယ်၊ ဒီနေ့ပဲ နာမည်
ပေးလိုက်ကြတာပေါ့။”
နင်ချန်သည် စိတ်ကြည်လင်စွာဖြင့် သားငယ်နှစ်ဦးကို ကြည့်ရင်း ဆိုလိုက်သည်။
"ဒုတိယမင်းသားကို ယွီချွန်း၊ တတိယမင်းသားကို ယွီဟန် လို့ ခေါ်မယ်။”
အမည်ရရှိသွားသော မင်းသားနှစ်ပါးကို နို့ထိန်းများက ချီမကာ ကျေးဇူးတင်ရှိကြောင်း ဂါရဝပြုကြသည်။ အမည်ရရှိပြီးမှသာ တော်ဝင်ဆွေစဉ်မျိုးဆက်စာရင်းတွင် တရားဝင် ထည့်သွင်းနိုင်ပြီး သမိုင်းမှတ်တမ်း၌ ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။ နန်းတွင်းတွင် တော်ဝင်ကလေးများကို ပြုစုပျိုးထောင်ရန်ခက်ခဲပြီး သေဆုံးနှုန်း မြင့်မားသဖြင့် ပုံမှန်အားဖြင့် အသက်တစ်နှစ်ပြည့်မှသာ အစဉ်လိုက် နာမည်စာရင်း သွင်းလေ့ရှိကြသည်။
အမှန်တွင် နင်ချန်ကိုယ်တိုင်မှာလည်း တတိယမင်းသား စစ်စစ် မဟုတ်ပေ၊ သူ့ရှေ့တွင် အသက်တစ်နှစ် မပြည့်မီ သေဆုံးသွားသော မင်းသားနှစ်ပါး ရှိခဲ့ဖူးသည်။ ထိုကလေးများမှာ နာမည်မရလိုက်သဖြင့် တော်ဝင်ဆွေစဉ်မျိုးဆက်စာရင်းတွင် နင်ချန်ကိုသာ ဧကရာဇ်ဟောင်း၏ တတိယမြောက် သားတော်အဖြစ် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
အားလုံးက မင်းသားနှစ်ပါးအတွက် ဝမ်းမြောက်နေကြစဉ် စားပွဲဝိုင်းအတွင်းမှ ငိုယိုသံတစ်ခု ထွက်ပေါ်လာသည်။
"ငါ စားချင်တယ်၊ ငါ စားချင်တယ်လို့! ဟီး... ဟီး..."
"ယွီရုံ... ဘာဖြစ်လို့ ငိုနေတာလဲ၊ လာ... ဘွားတော်ဆီ လာခဲ့ဦး"
မယ်တော်ကြီးက မျက်မှောင်ကြုတ်လျက် အောက်သို့ လက်လှမ်းလိုက်သည်။
ပထမမင်းသား (ယွီရုံ) မှာ နို့ထိန်း၏ လက်ကိုဆွဲကာ လမ်းလျှောက်မတတ်တတတ်ဖြင့် မယ်တော်ကြီးအနားသို့ ရောက်လာသည်။
"ဘာဖြစ်လို့လဲ ကလေးရယ်၊ ဘာလို့ ငိုနေတာလဲ... ကဲ... ဘာလိုချင်လဲ ဘွားတော်ကို ပြော"
မယ်တော်ကြီးသည် ပထမမင်းသားကို တကယ်ပင် အသည်းစွဲ ချစ်ရှာသည်။ သူမသည် ကလေးကို ရင်ခွင်ထဲထည့်ကာ ပဝါဖြင့် မျက်ရည်သုတ်ပေးနေတော့သည်။
"အဲဒါ စားချင်တယ်" ပထမမင်းသားက နှုတ်ခမ်းလေးစူကာ တစ်နေရာကို လက်ညှိုးထိုးပြသည်။ လူတိုင်း ကြည့်လိုက်ကြရာ သူ့ဘေးတွင် ထိုင်နေသော ပထမမင်းသမီး၏ စားပွဲပေါ်ရှိ ပန်းကန်တစ်ခု ဖြစ်နေသည်။ ၎င်းမှာ စားဖိုဆောင်မှ ပြုလုပ်ထားသော "ဖူ" စာလုံးပုံစံ သကြားပန်းချီမုန့်လေး ဖြစ်သည်။ ထိုမုန့်မှာ လူတစ်ဦးလျှင် တစ်ခုစီသာရရှိပြီး ကံကောင်းခြင်းအထိမ်းအမှတ်အဖြစ် မြည်းစမ်းရန်သာ ဖြစ်သည်။
"မယ်တော်ကြီး... ပထမမင်းသားက တစ်ခု စားပြီးပါပြီ၊ သမားတော်က မင်းသားလေးရဲ့ ခန္ဓာကိုယ်က အားနည်းတာမို့ သကြားတွေ အများကြီး မစားသင့်ဘူးလို့ မှာထားပါတယ်" ဟု နို့ထိန်းက အခက်တွေ့စွာ လျှောက်တင်သည်။
ထိုစကားအဆုံးတွင် ပထမမင်းသားမှာ အသံကုန်ဟစ်ကာ ငိုပါလေတော့သည်။ မယ်တော်ကြီး၏ ပုခုံးပေါ် ခေါင်းတင်ကာ ရှိုက်ငိုနေသည်မှာ သနားစရာပင်။
မယ်တော်ကြီးမှာ ဗျာများသွားတော့သည်။ တစ်ဖက်ကလည်း မြေးကို သနားသည်၊ တစ်ဖက်ကလည်း သမားတော်က တားထားသည်။ နောက်ဆုံးတွင် မြေးကို ချစ်သည့်စိတ်က အနိုင်ရသွားသည်။
"နောက်ထပ် တစ်ခုလောက် စားရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး၊ သွား... နောက်တစ်ခု သွားယူပေးလိုက်၊ ကလေးက ငိုလွန်းလို့ အသက်ရှူတောင် ကြပ်နေပြီ။”
မယ်တော်ကြီးက ထိုသို့ပြောမှ ပထမမင်းသား၏ငိုသံမှာ တဖြည်းဖြည်း တိတ်သွားပြီး နို့ထိန်းကို မျက်တောင်မခတ် စိုက်ကြည့်နေတော့သည်။ သို့သော် နို့ထိန်း မသွားရသေးခင်မှာပင် နင်ချန်က ဆက်မကြည့်နိုင်တော့ပေ။
"ယွီရုံ... ခမည်းတော်ဆီ လာခဲ့။”
မင်းသားလေးက ခေါင်းမော့ကြည့်လိုက်ရာ ခမည်းတော်၏ တည်တင်းသော မျက်နှာကို မြင်သဖြင့် ကြောက်လန့်တကြား နောက်သို့ ဆုတ်လိုက်မိသည်။
"အရှင်မင်းကြီး... ကလေးက ငယ်သေးတာကို..." မယ်တော်ကြီး စကားမဆုံးခင် နင်ချန်က ကြားဖြတ်ပြောလိုက်သည်။
"လာခဲ့"
သူ့ပုံစံက ပြတ်သားနေသဖြင့် မယ်တော်ကြီးလည်း ဘာမှမပြောသာတော့ဘဲ နို့ထိန်းကို ကလေးခေါ်သွားခိုင်းလိုက်ရသည်။ မင်းသားလေးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ တွန့်ဆုတ်နေသော်လည်း ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။
နင်ချန်က သူကြောက်နေသည်ကို သိသဖြင့် အသံကို တတ်နိုင်သမျှ လျှော့ကာ ညင်သာအောင် လုပ်လိုက်သည်။ သူက ကလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်၏။
"ယွီရုံ... သမားတော် ပြောထားတယ်လေ၊ မင်း သကြားတွေ အများကြီး မစားရဘူးလို့၊ ဒီနေ့ တစ်ခု စားပြီးပြီဆိုတော့ ထပ်စားလို့ မရတော့ဘူး၊ မဟုတ်ရင် ဖျားနာသွားပြီး နေလို့မကောင်း ဖြစ်နေလိမ့်မယ်၊ သိပြီလား?"
မင်းသားလေရက နှုတ်ခမ်းစူကာ ငိုတော့မည့်ဟန် ပြသည်။ နင်ချန်က မျက်မှောင်ကြုတ်ကာ သူ့ပုခုံးကို ကိုင်လိုက်ပြီး -
"မင်းက ယောက်ျားလေးလေ၊ ပြီးတော့ကျန်းရဲ့ သားဦး သကြားမုန့်လေး တစ်ခုအတွက်နဲ့ ဒီလို ငိုယိုနေလို့ ဘယ်ဖြစ်မလဲ၊ ခမည်းတော်က မကျွေးချင်တာမဟုတ်ဘူး၊ ဒီနေ့အတွက် ထပ်မစားရတော့တာ၊ စားချင်ရင် မနက်ဖြန်အထိ စောင့်ရမယ်၊ မင်းသားတစ်ယောက်ကကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်ဖို့သင်ယူရမယ် စိတ်အလိုမလိုက်ရဘူး။”
မင်းသားလေးမှာ တစ်ခါမျှ ထိုကဲ့သို့ အပြောမခံရဖူးသဖြင့် ကြောင်အမ်းအမ်းနှင့် ကြောက်နေမိသည်။ ခဏကြာမှ နှာခေါင်းလေး ရှုံ့ကာ ခေါင်းငြိမ့်လိုက်တော့သည်။ နင်ချန်က သူ့လက်ကလေးကို ဆုပ်ကိုင်လျက် ပြုံးပြလိုက်ပြီးမှ နို့ထိန်းကို ပြန်ခေါ်သွားခိုင်းလိုက်သည်။
သို့သော် မုန့်မစားရသဖြင့် မင်းသားလေးမှာ တစ်ချိန်လုံး စိတ်မကြည်မလင် ဖြစ်နေတော့သည်။ မူလကပင် ကျန်းမာရေးမကောင်းသည့်အပြင် အားရပါးရ ငိုထားသဖြင့် သိပ်မကြာခင်မှာပင် အိပ်ချင်လာတော့သည်။ ထို့ကြောင့် မယ်တော်ကြီးက မင်းသားလေးကို ခေါ်ကာ အရင်ပြန်နှင့်မည်ဟု ဆိုသည်။
...
ထိုမြေးအဘွားနှစ်ယောက်ထွက်သွားပြီးနောက် ယဲ့ယွင်သည်လည်း အပြင်ထွက်၍ လေညင်းခံချင်လာသည်။ ယနေ့ နှင်းကျသဖြင့် အေးသော်လည်း နန်းဆောင်အတွင်း၌ မီးသွေးများ အလွန်အကျွံ ထည့်ထားသဖြင့် သူမ ဝတ်လာသော အဝတ်အစားများနှင့်ဆိုလျှင် အတော်လေး အိုက်စပ်စပ် ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့်မိဖုရားခေါင်ကြီးကို ခွင့်ပန်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သို့သော် အပြင်သို့ ရောက်ချိန်တွင် မဝေးလှသော နေရာမှ မင်းသားလေးက မယ်တော်ကြီးထံ သကြားမုန့်တောင်းကာ ငိုယိုနေသည့်အသံကို ပြန်ကြားလိုက်ရသည်။
"အင်း... အရှင်မင်းကြီးကလည်း၊ ယွီရုံက ငယ်သေးသလို ကျန်းမာရေးကလည်း မကောင်းဘူး၊ ဘာလို့ ကလေးကို ငိုအောင် လုပ်ရတာလဲ၊ မင်း... မြန်မြန် စားဖိုဆောင်ကို သွားလိုက်၊ စားဖိုမှူးကို မုန့်အသေးလေး တစ်ခု လုပ်ခိုင်းလိုက်၊ နည်းနည်းလေး စားတာကတော့ ဘာမှမဖြစ်ပါဘူး" ဟု မယ်တော်ကြီးက ဆိုသည်။
မယ်တော်ကြီးက ဝေါယာဉ်ပေါ်တွင် ထိုင်နေပြီး မင်းသားလေးက သူမဘေးတွင် ကပ်နေသည်။ နို့ထိန်းမှာလည်း သက်ပြင်းချကာ မတတ်နိုင်သည့်အဆုံး မှာကြားသည့်အတိုင်း လုပ်ရန် ထွက်သွားတော့သည်။
မယ်တော်ကြီး၏ ဝေါယာဉ် ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးမှ ယဲ့ယွင်သည် နန်းဆောင်အပြင်ရှိ တိုင်နီကြီးနောက်မှ ထွက်လာကာ ထိုဘက်သို့ လှမ်းကြည့်လိုက်မိသည်။ သူမ ခေါင်းကို ခါလိုက်မိ၏။
ဤအတိုင်းသာ ဆက်သွားလျှင် ပထမမင်းသားမှာ မယ်တော်ကြီး၏ လက်ထဲတွင် အကျင့်ပျက်သွားတော့မည်မှာ သေချာသည်။ နောင်အရေးကို မဆိုထားနှင့်၊ ယခုပင် အစပျိုးနေပြီ ဖြစ်သည်။
တွေးကြည့်လျှင်လည်း သနားစရာပင်။ မယ်တော်ကြီးသည် မိခင်ဘဝတုန်းက သားတော် (နင်ချန်) အပေါ် စိတ်မနှစ်ခဲ့ဘဲ အခု အသက်ကြီးမှ သားအမိဆက်ဆံရေးက မပြေလည်သောကြောင့် မေတ္တာငတ်မွတ်နေရသည်။ ဆွေမျိုးရင်းချာ မေတ္တာကို ချန်မိသားစုဘက်က ရယူသွားသဖြင့် သူမ၏ ချစ်ခြင်းတရားအားလုံးကို ပထမမင်းသားအပေါ် ပုံအောထားခြင်း ဖြစ်နိုင်သည်။
နောင်တစ်ချိန်တွင် သားအမိဆက်ဆံရေး မည်သို့ဖြစ်လာမည်ကို မသိနိုင်ပေ။ သို့သော် ယဲ့ယွင်အနေဖြင့် သက်ပြင်းချရုံသာ တတ်နိုင်သည်။ အလွန်ဆုံးမှ နင်ချန်ကို သတိပေးရုံသာ တတ်နိုင်မည်ဖြစ်ပြီး မယ်တော်ကြီးကို သွားရောက် စွက်ဖက်ရန်မှာ သူမကဲ့သို့ ကိုယ်လုပ်တော်လေးအတွက် မဖြစ်နိုင်သော ကိစ္စပင်။
"ပြန်ဝင်ကြရအောင်၊ အကြာကြီး ပျောက်နေရင် မကောင်းဘူး"
ဟွေယွဲ့က ခေါင်းငြိမ့်ကာ သူမကို တွဲ၍ နန်းဆောင်ထဲသို့ ပြန်ဝင်ခဲ့ကြသည်။
....
နန်းဆောင်ထဲ ပြန်ရောက်ချိန်တွင် လူတိုင်း အလုပ်ရှုပ်နေကြသည်ကို တွေ့လိုက်ရသည်။ သူမ ဝင်လာသည်နှင့် ဘေးမှ ယိရွှင်ရုန်က စကားစလိုက်သည်။
"အို... ခုနတင် ပြောနေကြတာ၊ မင်ရှိုးယွမ် ပြန်လာပြီပဲ"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -264
အခန်း ၂၆၄ ။ တစ်ဦးတည်းသော အထူးအခွင့်အရေး
"ချန်းချဲ့အကြောင်း ဘာတွေများ ပြောနေကြတာလဲ၊ ယိရွှင်ရုန်က တကယ်ကို စိတ်
ဝင်တစား ရှိနေပါလား။”
ယဲ့ယွင်က မျက်ခုံးလေးပင့်ကာ အေးအေးလူလူပင် ထိုင်ချလိုက်သည်။ ဘေးမှ လီချိုက်ရန်က ချက်ချင်းပင် စိတ်အားထက်သန်စွာ ရှင်းပြလေသည်။
"ခုနတင် ချီဝမ်ရုန်က ကဗျာတစ်ပုဒ် ရွတ်ပြလို့ အားလုံးက ဝိုင်းချီးကျူးနေကြတာလေ၊ ယိရွှင်ရုန်ကလည်း အရင်တုန်းက ရှိုးယွမ်တို့ ကျားစခ် မြက်ခင်းပြင်မှာ မြားပစ်စွမ်းရည်ပြပြီး နယ်စပ်မင်းသမီးကို အနိုင်ယူခဲ့တဲ့ အကြောင်းတွေကို ပြန်ပြောပြနေတာပါ၊ ရှိုးယွမ်နဲ့ ချီဝမ်ရုန်ကို တစ်ဦးက စာပေ၊ တစ်ဦးက အတတ်ပညာနဲ့ တစ်ခေတ်မှာ တစ်ယောက်ဆိုပြီး ချီးကျူးနေကြတာပါ"
"ဟုတ်လား" ယဲ့ယွင်က နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်ပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ယိရွှင်ရုန်ကတော့လေချန်းချဲ့ကို ချီးကျူးလွန်းလို့ အားတောင်နာရတော့မယ်၊ စာပေနဲ့ အတတ်ပညာကို ချန်းချဲ့နဲ့ ချီဝမ်ရုန်ကပဲ ယူထားတယ်ဆိုရင် ယိရွှင်ရုန်ကိုယ်တိုင်ကရော ဘာမှမတော်ဘူးလား၊ ကိုယ့်ကိုယ်ကိုယ် အရေအတွက်ဖြည့်ရုံသက်သက် လူတစ်ယောက်လိုတော့ မပြောပါနဲ့ဦး"
ဤခေတ်ကာလသည် အမျိုးသမီးများ ကိုယ်ခံပညာတော်သည်ကို ချီးကျူးလေ့ရှိသော ခေတ်မဟုတ်ပေ။ ထို့ကြောင့်ပင် ဖခင်ဖြစ်သူမှာ နာမည်ကြီး စစ်သူကြီးဖြစ်သော်လည်း ယဲ့ယွင်ကို မြားပစ်နှင့် မြင်းစီးကိုသာ သင်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းကိုပင် အိမ်တွင်းလေ့ကျင့်ကွင်း၌ ဖခင်နှင့် အစ်ကိုဖြစ်သူတို့၏ အနီးကပ်စောင့်ကြပ်မှုအောက်တွင်သာ လေ့ကျင့်ရပြီး သူစိမ်းများ မြင်တွေ့၍မရပေ။
ထိုစဉ်က ကျားစခ်တွင် သူမ လက်စွမ်းပြခဲ့ခြင်းမှာ နင်ချန်၏ မျက်နှာကိုထောက်ထား၍လည်းကောင်း၊ မိမိကိုယ်မိမိ ထင်ပေါ်စေရန်အတွက်လည်းကောင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ယခုမူ ထိုသို့လုပ်ရန် မလိုအပ်တော့ပေ။
သို့သော် ယိရွှင်ရုန်က စစ်ဘက်၊ နယ်ဘက် အရာရှိကြီးများရှေ့တွင် သူမနှင့် ချီရှီအား 'တစ်ဦးက စာပေ၊ တစ်ဦးက အတတ်ပညာ' ဟု နှိုင်းယှဉ်ပြောဆိုခြင်းမှာ သူမတို့အား လက်ဝဲလက်ယာ ကိုယ်ရံတော်များသဖွယ် ပြောဆိုနေခြင်းဖြစ်သည်။
စာပေတော်ခြင်းကိုမူ ရှေးယခင်ကတည်းက ပညာရှိအမျိုးသမီးများအဖြစ် အမွှမ်းတင်လေ့ရှိသော်လည်း မည်သည့်အမျိုးသားက လက်ရုံးရည်ကိုသာ အားကိုးသော အမျိုးသမီးကို နှစ်သက်ပါ့မလဲ။ ထို့ကြောင့် ဤအပြုအမူမှာ ချီးမွမ်းခြင်းမဟုတ်ဘဲ မိမိအားသွယ်ဝိုက်၍ နှိမ့်ချခြင်းသာ ဖြစ်သည်။
ရှင်းပြပေးသော လီချိုက်ရန်မှာမူ... ဤလူသစ်စုထဲတွင် မိသားစုနောက်ခံကောင်းသော်လည်း မျက်နှာသာပေးမခံရဆုံးသူ ဖြစ်ရာ ယိရွှင်ရုန်၏ အုပ်စုထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ပုံရသည်။
"မင်ရှိုးယွမ်က တကယ် နောက်ပြောင်
တတ်တာပဲနော်"
ယိရွှင်ရုန် မျက်နှာ ပျက်သွားသော်လည်းအလျင်အမြန်ထိန်း၍ သူမက အရင်ဦးဆုံး ချီးကျူးခဲ့သူဖြစ်သောကြောင့်ပြန်လည်ချေပရန် စကားလုံး ရှာမရဖြစ်သွားခဲ့သည်။
ဘေးတွင် ထိုင်နေသော ဝမ်ဝမ်ရုန်က ပြုံးလျက် ဝင်ပြောလိုက်သည်။
"ချန်းချဲ့ မှတ်မိသလောက်တော့ ယိရွှင်ရုန်ကလက်ရေးလှရုံတင်မကဘူး၊ ပန်းချီလည်း ဆွဲတတ်သေးတယ်လေ၊ အဲ့ဒါကိုမှ အရေအတွက်ဖြည့်ရုံလို့ပြောရင် တခြားသူတွေ ဘယ်လိုမျက်နှာရှိတော့မှာလဲ၊ ဒါပေမဲ့ ပြောရင်းဆိုရင်းနဲ့ မင်ရှိုးယွမ်တစ်ယောက်တည်းကပဲ တကယ်ကို ထူးခြားတယ်ပြောရမယ်နော် ချန်းချဲ့တို့ မသင်ဖူးတဲ့ အတတ်ပညာတွေကို တတ်မြောက်ထားသောအံ့ဩစရာပဲ။”
သို့သော် ဤတစ်ကြိမ်တွင် ယဲ့ယွင် ပြန်မပြောရသေးခင်မှာပင် စစ်သူကြီးမိသားစုမှ ဆင်းသက်လာသော ဟိုချိုက်ရန်က အရင်ဝင်ပြောတော့သည်။
"မသင်ဖူးဘူးဆိုရင်လည်း ခဏခဏ ထုတ်မပြောမနေနဲ့အုံး ဝမ်ဝမ်ရုန်သာ တစ်နေ့နေ့မှာ သင်ယူလို့ မင်ရှိုးယွမ်ရဲ့ ခြေဖျားတောင် မှီလာဦးမလား မသိဘူးနော်။”
ဟိုရှီသည်လည်း စစ်သူကြီးမိသားစုမှ သမီးပျိုပင် ဖြစ်သည်။ ယဲ့ယွင်နှင့်မတူညီစွာသူမမှာ ကိုယ်ခံပညာကို စနစ်တကျတတ်မြောက်ထားသူ ဖြစ်သည်။ ဟိုမိသားစုမှာ သူမ၏ အစ်ကိုဖြစ်သူ စစ်မြေပြင်တွင် အမှုထမ်းရာမှ ရာထူးတက်လာခြင်းဖြစ်ပြီးမူလက သာမန်မိသားစုသာဖြစ်သည်။ သူမသည် သူဌေးသမီးလေးမဟုတ်ဘဲ ဖခင်နှင့် အစ်ကိုဖြစ်သူတို့ထံမှ များစွာသင်ယူခဲ့ရသူဖြစ်သည်။
ထို့ကြောင့် သူမသည် စစ်သူကြီးသမီးများကို ရိုင်းစိုင်းသည်ဟု သွယ်ဝိုက်၍ ကဲ့ရဲ့ခြင်းကို ယဲ့ယွင်ထက်ပင် ပို၍ မခံမရပ်နိုင် ဖြစ်နေခြင်းပင်။
ဝမ်ရှီမှာ အချေခံလိုက်ရသဖြင့် မျက်နှာ ညိုသွားကာ "ဟိုချိုက်ရန်က ဒေါသကြီးလှချေလား၊ ညီအစ်မတွေကြား စနောက်နေတာကို ဒီလောက်အထိ အတည်ပေါက် လုပ်နေရလား။”
"နန်းတွင်းက လူတွေကိုအလကားတင်ကျွေးတဲ့နေရာမဟုတ်ဘူးနော်၊ ဝမ်ဝမ်ရုန်လည်း နောက်နောင် အတင်းအဖျင်းတွေ လျှော့ပြောပါဦး"။”
ယဲ့ယွင်က သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းထဲတွင် သတိပေးသည့် အရိပ်အရောင်များ ပါဝင်နေသဖြင့် ဝမ်ရှီမှာ အငိုက်မိသွားကာ ငြိမ်ကျသွားတော့သည်။
ဤပဋိပက္ခကြားတွင် အမည်အမြဲပါနေသော ချီဝမ်ရုန်မှာမူ အစမှအဆုံး တစ်ခွန်းမျှ မပြောပေ။ သူမသည် တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်နေသည်။ တကယ့်ကို အထက်တန်းဆန်ပြီး မောက်မာသောပုံစံဖြင့် မည်သည့်အငြင်းအခုံတွင်မျှ ပါဝင်ခြင်းမရှိပေ။ ၎င်းကပင် ယဲ့ယွင်ကို သူမအား နှစ်ချက်မျှ စိုက်ကြည့်မိစေသည်။
ထိုစဉ် စကားဝိုင်းထဲ ဝင်မပြောရသေးသော ရှူးဖေးက မဆီမဆိုင် ဝင်ပါလာပြန်သည်။
"အရင်ကတော့ မင်ရှိုးယွမ် တစ်ယောက်တည်းပဲ စကားတတ်တယ် ထင်နေတာ၊ အခုတော့ ဟိုချိုက်ရန်ပါ တိုးလာပြီပဲ၊ ဒါက 'ဆရာထက် တပည့်လက်စောင်းထက်' ဆိုတဲ့အတိုင်းပဲလား၊ မောက်မာရိုင်းစိုင်းပြမှပဲ မျက်နှာသာပေးခံရမယ်လို့ ထင်နေကြတာလား?"
သူမသည် လူသစ်ရွေးချယ်စဉ်ကတည်းက ဟိုရှီကို ကြည့်မရဖြစ်နေခဲ့ရာ အခွင့်အရေးရသည်နှင့် နှိပ်ကွပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် ရှူးဖေးမှာ အခြေအနေကို လုံးဝ နားမလည်သေးပေ။ သူများတွေက စကားဝိုင်းပြီးသွားပြီဖြစ်သော်လည်း သူမပြီးမှ တကူးတက လာ၍ ပြဿနာရှာနေသကဲ့သို့ ဖြစ်နေသည်။
နင်ချန် မျက်နှာ ညိုမည်းသွားကာ အသံကို နှိမ့်၍ ပြောလိုက်သည်။
"ရှူးဖေး... မင်း ဗိုက်ဝပြီဆိုရင်လည်း အရင်ပြန်နားလိုက်တော့၊ ဒီနေ့ ဝိုင်တွေ အများကြီး သောက်ထားပုံရတယ်၊ စားပွဲပေါ်မှာ လျှောက်မပြောနဲ့ဦး။”
ရှူးဖေး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ ခေါင်းကို ချက်ချင်း ငုံ့လိုက်ရတော့သည်။
"ဒီချန်းချဲ့ ဘာမှမဖြစ်ပါဘူး"
သူမ ငြိမ်သွားသည်ကို မြင်မှ နင်ချန်က အကြည့်လွှဲကာ ယဲ့ယွင်ကို တစ်ချက် ကြည့်လိုက်သည်။ ယဲ့ယွင်မှာမူ ဘာမှမဖြစ်သကဲ့သို့ ပြုံးလျက် သူမရှေ့ရှိ နို့ပူပူလေးထည့်ထားသော ခွက်ကလေးကို မြှောက်လိုက်သည်။ ဝိုင်သောက်သကဲ့သို့ ဟန်ပန်ဖြင့် တစ်ကျိုက်တည်း မော့ပစ်လိုက်၏။
ခုနက မိန်းမများ၏ အငြင်းပွားမှုကြောင့် စိတ်ရှုပ်နေသော နင်ချန်မှာ သူမ၏ ထိုအပြုအမူကြောင့် ချက်ချင်းပင် ရယ်မောမိသွားတော့သည်။ သူသည်လည်း ဝိုင်ခွက်ကို မြှောက်ကာ အတူတူ သောက်လိုက်လေသည်။ ဤသို့ဖြင့် ထိုပဋိပက္ခမှာ အပြီးတိုင် ငြိမ်းအေးသွားတော့သည်။
....
စားသောက်ပွဲ တစ်ဝက်ကျော်ချိန်တွင် ယဲ့ယွင် အိပ်ချင်လာသည်။ သူမမှာ အတင်းအကျပ် အောင့်မထားဘဲ အခြေအနေကို ရှင်းပြကာ အရင်ဦးဆုံး ပြန်လာခဲ့သည်။ မိဖုရားခေါင်ကြီးကလည်း ယောင်ရှန်းကိုပါ တစ်ပါတည်း ပြန်
ခိုင်းလိုက်၍ ကိုယ်ဝန်ဆောင်နှစ်ဦးကို ဘက်လိုက်သည်ဟု နောက်ကွယ်တွင်လျှောက်မပြောစေရန်ဖြစ်သည်။
....
ဒုတိယနေ့သည် ထိုက်မြောက် (နတ်ကွန်း) တွင် ဒူးထောက်ဂါရဝပြုရမည့် နေ့ဖြစ်သည်။ ထိုအချိန်တွင် ကိုယ်ဝန်ရှိခြင်း၏ အကျိုးကျေးဇူးများ ထင်ရှားလာသည်။ တော်ဝင်သွေးသားလွယ်ထားရသော ယဲ့ယွင်မှာ သွားရန်မလိုပေ။ မနေ့ညက စောပြန်လာသည့်တိုင် အိပ်ချိန်နောက်ကျခဲ့သဖြင့် ယနေ့တွင် အိပ်ရေးဝဝအိပ်ကာအားပြန်ဖြည့်လိုက်သည်။
ထိုနေ့တွင်ပင် ကျိုချန်းနန်းဆောင်မှ သေတ္တာလေးတစ်လုံး ရောက်လာသည်။ ဖွင့်ကြည့်လိုက်ရာ အထဲတွင် အကြီးတစ်လုံး၊ အသေးတစ်လုံးဖြစ်သော ဖူအိတ် (ကံကောင်းခြင်းအိတ်) နှစ်လုံးကို တွေ့ရသည်။
ဟွိုက်အန်းက ပြုံးလျက် ရှင်းပြလေသည်။
"ဒီဖူအိတ်တွေက အရှင်မင်းကြီးကိုယ်တိုင် မင်သွေးပြီး ကိုယ်တိုင် စုတ်တံကိုင်ပြီး ရေးပေးထားတဲ့ 'ဖျင်အန်း' (ဘေးကင်းလုံခြုံခြင်း) အဆောင်လက်ဖွဲ့တွေပါ အထဲမှာ ထည့်ထားပေးပါတယ်၊ ပြီးတော့ တရားပြဆရာကြီးဆီမှာလည်း ပရိတ်ရွတ်ပြီး သိဒ္ဓိတင်ထားပြီးသားပါ၊ ရှိုးယွမ်အနေနဲ့ ဒါကို ကုတင်ခေါင်းရင်းမှာ ချိတ်ထားပေးဖ်ို့မမေ့ပါနဲ့၊ ၁ လပိုင်းကုန်လောက်မှပြန်
ဖြုတ်ပေးပါ၊ အဆောင်လေးကရှိုးယွမ်နဲ့ ဗိုက်ထဲက သခင်လေးကို ဘေးကင်းပျော်
ရွှင်စေမှာပါ။”
ယဲ့ယွင်က လှမ်းယူလိုက်ပြီး အိတ်ကြီးကို ဖွင့်ကြည့်လိုက်ရာ နင်ချန်၏ လက်ရေးစစ်စစ် ဖြစ်နေသည်ကို တွေ့လိုက်ရပြီးသူမ မျက်နှာတွင် အပြုံးများ လွှမ်းသွားတော့သည်။ သူမသည် ပစ္စည်းကို ဟွေယွဲ့အား သိမ်းခိုင်းလိုက်ပြီးမှ မေးလိုက်သည်။
"အမ် ကျွန်မတစ်ယောက်တည်းရတာလား၊ တခြားသူတွေလည်း ရကြလား?"
"အို... ရှိုးယွမ်မယ်မယ်လို တခြားသူတွေမှာ ဘယ်မှာ ဒီလိုကံကောင်းခြင်းမျိုး ရှိမှာလဲ၊ ဒါက အရှင်မင်းကြီးက မယ်မယ့်အတွက် သီးသန့် ပြင်ဆင်ပေးထားတာပါ" ဟု ဟွိုက်အန်းက လက်ထဲရှိ ယပ်တောင်ကို ခါယမ်းရင်း ဝမ်းသာအားရ ပြောပြသည်။
"မယ်မယ့်ရဲ့ မွေးနေ့တုန်းကတည်းက ရေးပြီးသားပါ၊ ဘုန်းတော်ကြီးဆီမှာ သိဒ္ဓိတင်
ခိုင်းထားလို့ နည်းနည်းနောက်ကျသွားတာပါ၊ ကျောင်းထဲမှာ အချိန်အကြာကြီး ထားပြီးမှ အခု ပို့ပေးလိုက်တာပါ"
ဤတစ်ကြိမ်တွင်မူ သူမအတွက်သာ ဖြစ်သော 'တစ်ဦးတည်းသော အထူးအခွင့်အရေး' အစစ်အမှန်ပင် ဖြစ်သည်။
ယဲ့ယွင် စိတ်အခြေအနေမှာ ချက်ချင်းပင် ထိပ်ဆုံးသို့ ရောက်သွားပြီး ခေါင်းပေါ်ရှိ ဆံထိုးတစ်ချောင်းကို ဆွဲထုတ်ကာ ဟွိုက်အန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ကုန်းကုန်း လာရတာ ပင်ပန်းသွားပြီ၊ ဒါကကျွန်မပေးတဲ့ နှစ်သစ်ကူးလက်ဆောင်လို့ သဘောထားလိုက်ပါ။”
သူမ ဆံပင်ပေါ်ရှိ ပစ္စည်းများမှာ သာမန်လက်ဝတ်လက်စားများမဟုတ်ပေ။ ဟွိုက်အန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ဆုတောင်းစကားများစွာ ပြောဆိုကာ ပြန်သွားတော့သည်။
သူထွက်သွားပြီးနောက် ဟွေယွဲ့နှင့် နန်ကျစ်တို့လည်း ဝမ်းသာနေကြသည်။ သူတို့သည် ထိုဖူအိတ်ကို အမြန်ပင် ချိတ်လိုက်ကြတော့သည်။
"အရမ်းတန်ဖိုးကြီးတဲ့ အရာမျိုးမဟုတ်ပေမဲ့ အရှင်မင်းကြီးရဲ့ စေတနာကတော့ အပြည့်ပဲနော်၊ အခုဆို အရှင်မင်းကြီးက ရှိုးယွမ်အပေါ် တကယ်ကောင်းတာပဲ၊ ဖန်းကျယ်ယွီမှာလည်း ကိုယ်ဝန်ရှိတာပဲ၊ ဒါပေမဲ့ ဖူအိတ်ကိုတော့ ရှိုးယွမ်တစ်ယောက်တည်းပဲ ရတာလေ" ဟု ဟွေယွဲ့က ဝမ်းသာအားရ ဆိုသည်။
ယဲ့ယွင်သည် ကုတင်ထောင့်တွင် ချိတ်ဆွဲထားသော အကြီးအသေး ဖူအိတ်နှစ်လုံးကို ကြည့်ရင်း မျက်ဝန်းထဲတွင် အပြုံးရိပ်များသန်းနေသည်။ ကလေးရလာခြင်းက တကယ့်ကို ထူးခြားသော အဆင့်တစ်ခုပင် ဖြစ်သည်။
အရင်တုန်းက သူမဆီမှာ ရှိတာတွေက တခြားသူတွေဆီမှာလည်း ရှိနေတတ်သော်လည်း ယခုမူ တကယ့်ကို ထူးခြားလာခဲ့ပြီ ဖြစ်သည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးပေ။ နင်ချန်က သူမအပေါ် ရံဖန်ရံခါ အထူးဂရုစိုက်ခြင်းကို အကျင့်တစ်ခုဖြစ်သွားအောင် သူမ ဖြည်းဖြည်းချင်း လုပ်ဆောင်သွားရမည် ဖြစ်သည်။
ထိုသို့ဖြစ်မှသာ မည်သည့်အခါမျှ ရှုံးနိမ့်ခြင်းမရှိသော နေရာတွင် ရပ်တည်နိုင်မည် မဟုတ်လား။
***