← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 7 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 7 Ch. 103-104

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-103

အခန်း ၁၀၃ ။ ကံကြမ္မာအလှည့်အပြောင်း

ထင်ထားသည့်အတိုင်းပင် ငါးရက်အကြာတွင် နင်ချန်သည် အနောက်ဆောင်သို့ ပြန်လည် ခြေချလာခဲ့သည်။

ပထမဆုံးညကို မိဖုရားခေါင်ကြီး၏အဆောင်တွင် ကုန်ဆုံးခဲ့သည့်အတွက် မိဖုရားခေါင်ကြီးအား အတော်လေး မျက်နှာသာပေးသည်ဟုသက်မှတ်နိုင်ပေသည်။

ရှချိုက်ရန်ကိစ္စကြောင့် အရှင်မင်းကြီး သူမဆီ မလာတော့မည်ကို မိဖုရားခေါင်ကြီး စိုးရိမ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အရှင်မင်းကြီး ထိုသို့ မလုပ်ခဲ့ပေ။

ဒုတိယညတွင်မူ ဝမ်သယ့်ဖေးထံသို့ ကြွမြန်းလေသည်။ ၎င်းမှာလည်း ပြစ်တင်စရာ မရှိပေ။

ဝမ်သယ့်ဖေးသည် အစဉ်အမြဲ အချစ်တော်ဖြစ်ခဲ့ပြီး ပထမမင်းသားကို မွေးဖွားထားသူဖြစ်ရာ အရှင်မင်းကြီး အလေးထားသည်မှာ သဘာဝကျပေသည်။

ပထမမင်းသားသည် ယခုတိုင် ချူချာနေဆဲဖြစ်သော်လည်း အရှင်မင်းကြီး၏ ပထမဆုံးသား ဖြစ်နေသည်မှာ အမှန်တရားဖြစ်သည်။

တတိယမြောက်မှာ ဖန်းရှိုးရီ ဖြစ်သည်။

ဤသည်ကို ယဲ့ယွင် မအံ့သြပေ။ သူမသည် အရှင်မင်းကြီး၏အသက်ကို ကယ်တင်ခဲ့သူအဖြစ် ယောင်မျိုးနွယ်၏စွမ်းဆောင်မှုကို အရှင်မင်းကြီး အောက်မေ့သတိရနေသမျှ ကာလပတ်လုံး သူမသည် နင်ချန်အတွက် ထူးခြားသော ဖြစ်တည်မှုတစ်ခု ဖြစ်နေမည်သာ။

"အရှင်မင်းကြီး ဒီဘက်ကို ကြွလာလောက်တော့မယ်လို့ ထင်မိပါတယ်" ဟွေယွဲ့က တိုးတိုးလေး ပြောလိုက်သည်။

ယဲ့ယွင် ပြုံးလိုက်၏။ "ငါ့အလှည့်မရောက်ခင် ရှေ့မှာ လာစရာတွေ ရှိနေသေးတယ်"

ပုံမှန်အားဖြင့် ယိမိန်ရန်သည် သူမထက် ပို၍ မျက်နှာသာပေးခံရလေ့ ရှိသည်။ ယခု ရှူးဖေး၏အဆောင်သို့ မသွားရသေးပေ။ ရှူးဖေးသည် မင်းသမီးကြီးကို မွေးဖွားထားသူဖြစ်ရာ နင်ချန် မျက်နှာသာမပေးဘဲ မနေနိုင်ပေ။ ဝမ်ကျယ်ယွီမှာလည်း ကိုယ်ဝန်ရှိနေသေးသည်။

ထင်ထားသည့်အတိုင်းပင် နှစ်ရက်သုံးရက်ကြာပြီးနောက် နင်ချန်သည် အနောက်ဆောင်သို့ ဝင်ရောက်လာပြီး ရှူးဖေး၏ ချန်ချွမ်းနန်းဆောင်သို့ သွားရောက်ခဲ့သော်လည်း ညအိပ်ခြင်း မရှိခဲ့ပေ။ ထို့နောက် ဝမ်ကျယ်ယွီကို သွားရောက်ကြည့်ရှုခဲ့ပြီး ညအိပ်ခြင်း မရှိခဲ့ပေ။

လူတိုင်းက မင်ကျယ်ယွီနှင့် ယိမိန်ရန်တို့အနက် မည်သူအရင် အိပ်ဆောင်ဝင်ရမလဲဟု စောင့်ကြည့်နေကြစဉ် နင်ချန်သည် အနောက်ဆောင်သို့ ၅ ရက်၊ ၆ ရက်ခန့် ဝင်ရောက်ခြင်း မရှိဘဲ နေလိုက်ပြန်သည်။

နောက်ဆုံးတွင် ယွီရှို့အဆောင်သို့ ဧကရာဇ် ရောက်ရှိလာချိန်သည် ၅ လပိုင်း အစသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဒီတစ်ကြိမ်တွင် ယဲ့ယွင်သည် ယိမိန်ရန်ထက် ဦးသွားခဲ့သည်။

တကယ့်ကို ကံကြမ္မာ အလှည့်အပြောင်းပင်။ ယခင်က ကိုယ်လုပ်တော်အသစ်များထဲတွင် ယိမိန်ရန်သည် ထိပ်ဆုံးက ဖြစ်ခဲ့သော်လည်း ယခုအခါ ဖန်းရှိုးရီ တက်လာပြီး မင်ကျယ်ယွီလည်း နေရာရလာသဖြင့် အစောဆုံး အချစ်တော်ဖြစ်ခဲ့သော ယိမိန်ရန်မှာ နောက်ကောက်ကျသွားခဲ့ရသည်။

"ကျွတ်... အရှင်မင်းကြီး ရောက်လာတယ်ဆိုတော့ ဒီချန်းချဲ့ရဲ့ဒဏ်ရာ ပျောက်ပြီလို့ သတ်မှတ်လိုက်တာပေါ့။ မနက်ဖြန် ဂါရဝပြုဖို့ သွားရတော့မယ်"

ယဲ့ယွင် နှုတ်ခမ်းသပ်လိုက်သည်။ မနက်စောစောထပြီး ဂါရဝပြုရမည်ကို တွေးပြီး စိတ်ပျက်နေခြင်း ဖြစ်သည်။

"မင်းက ကျန်းကို မလိုလားဘူးဆိုရင်လည်း ကျန်း ပြန်တော့မယ်။”

နင်ချန်က နှာမှုတ်လိုက်ပြီး ခြေလှမ်းလှမ်းကာ ပြန်တော့မည့်ဟန် ပြုလိုက်သည်။

သို့သော် ယဲ့ယွင်က မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ပြုံးကာ သူ့ကို ကြည့်နေပြီး တားမည့်ပုံ မပေါ်သည်ကို တွေ့လိုက်ရသည်။

နင်ချန် စိတ်တိုသွားပြီး ပြန်လှည့်လာကာ မိန်းမလှလေး၏တင်ပါးကို ဖြန်းခနဲ ရိုက်ထည့်လိုက်လေသည်။

ဒီခွေးဧကရာဇ်ကတော့ …..

"နာလိုက်တာ" ယဲ့ယွင် အော်ဟစ်လိုက်ပြီး နင်ချန်၏ရင်ဘတ်ကို ခေါင်းဖြင့် တိုက်လိုက်သည်။

"ဒီချန်းချဲ့ ဒဏ်ရာရနေတုန်းကလည်း အရှင်မင်းကြီး လာမကြည့်ဘူး။ အခု ရောက်လာတော့လည်း ရိုက်တယ်၊ တကယ်ပါပဲ။”

သူမ ထိုသို့ကလေးဆိုးကြီးလုပ်လိုက်သောကြောင့် နင်ချန်မှာနေရခက်သွားလေသည်။

"ကျန်း တမင် မလာတာမဟုတ်ပါဘူး။ တိုင်းရေးပြည်ရာတွေ များနေလို့ပါ။ လိမ္မာစမ်းပါကွာ။”

နင်ချန်က သူမကိုတွဲပြီး အခန်းထဲခေါ်သွားလိုက်သည်။

ဒီရက်ပိုင်းတွေမှာ ဖန်းရှိုးရီဆီလည်း သူ မသွားဖြစ်ခဲ့ပေ။ သို့သော် နှစ်နေရာစလုံးသို့ လူလွှတ်ပြီး မကြာခဏ မေးမြန်းစေခဲ့သည်၊ လုံးဝ ပစ်ထားခဲ့သည်တော့ မဟုတ်ပေ။

ယဲ့ယွင်လည်း အလိုက်သင့်ပင် သူ့လက်မောင်းကို ဖက်တွယ်လိုက်သည်။

"အရှင်မင်းကြီး အလုပ်ရှုပ်နေတာကို ဒီချန်းချဲ့ သိပါတယ်။ ညည်းညူနေတာ မဟုတ်ပါဘူး။ ဒီအတိုင်းအရှင်မင်းကြီးကို မကြာခဏ လာစေချင်ယုံပါ။”

သူမသည် ချွဲနွဲ့ရာတွင် အလွန်ကျွမ်းကျင်သူဖြစ်ရာ နင်ချန်၏စိတ်ကို ယားယံသွားစေသည်။

ထိုင်လိုက်သည်နှင့် နင်ချန်သည် သူမလက်တွင် ဝတ်ဆင်ထားသော နန်းတွင်းလက်ရာနှင့် မတူသည့် ထွင်းထုထားသော လက်ကောက်တစ်ကွင်းကို တွေ့လိုက်ရသည်။

"လက်ကောက်ဒီဇိုင်းက လက်ရာမြောက်လှချည်လား၊ နန်းတွင်းက ပစ္စည်းနဲ့ မတူဘူး"

"အရှင်မင်းကြီးလည်း လှတယ်လို့ ထင်တယ်မလား၊ ဒါက ဒီချန်းချဲ့ရဲ့ ဦးလေး ပို့ပေးလိုက်တာပါ၊ ဝမ်းကွဲအစ်ကိုနှစ်ယောက် စာမေးပွဲဖြေတုန်းက ချန်းချဲ့အိမ်မှာ တည်းခိုခဲ့ကြတာလေ။ အဲ့ဒါကြောင့် ဦးလေးက လူလွှတ်ပြီး ဒီချန်းချဲ့နဲ့ အမေ့အတွက် ပစ္စည်းတချို့ ပို့ပေးလိုက်တာပါ" ယဲ့ယွင် ပြောလိုက်သည်။

သေချာသည်မှာ ဤလက်ကောက်ကို သူမ စိတ်ကူးပေါက်၍ ဝတ်ထားခြင်း မဟုတ်ပေ။ တမင်သက်သက် ဝတ်ဆင်ထားခြင်းဖြစ်ရာ ရည်ရွယ်ချက်ရှိသည်။

ဥပမာအားဖြင့် ယခု နင်ချန်သည် သဘာဝကျကျပင် ချူမိသားစုကို သတိရသွားပြီး နန်းတွင်းကုန်သည် ကိစ္စကိုလည်း တွေးမိသွားသည်။

"မင်းရဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက်လုံး ရာထူးကြီးကြီး ရကြတယ်။ နှစ်တွေအများကြီး ကြိုးစားခဲ့ရတာ အလကား မဖြစ်ဘူးပဲ။ ကျန်းက မင်းရဲ့အစ်ကိုကြီးကို မြို့တော်မှာပဲထားပြီး ဟန်လင်ကျောင်းတော်ကို ဝင်ခိုင်းမယ်၊ ဒုတိယအစ်ကိုကိုတော့ ပျန့်ကျိုးကို ပြန်လွှတ်ပြီး ဒေသအရာရှိ ခန့်လိုက်မယ်"

ယဲ့ယွင်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီးက ဒီချန်းချဲ့ကို ဒါတွေ လာပြောမနေပါနဲ့၊ ဒီချန်းချဲ့က ဒါတွေ နားမလည်ပါဘူး။ အရှင်မင်းကြီးရဲ့တပည့်တွေ ဖြစ်သွားမှတော့ အရှင်မင်းကြီး သဘောပါပဲ။”

ဤအစီအစဉ်က သင့်လျော်ပေသည်။ ချူယွင်ဟွိုက်က အရည်အချင်းပိုရှိသဖြင့် မြို့တော်တွင် ထားရန် သင့်တော်ပြီး ချူယွင်ဟုန်ကမူ အစ်ကိုဖြစ်သူလောက် မတော်သဖြင့် ဒေသန္တရအုပ်ချုပ်ရေးတွင် အတွေ့အကြုံယူခိုင်းလိုက်ခြင်းဖြစ်သည်။

အရှင်မင်းကြီးက သူ့ကို ပျန့်ကျိုးကို ပြန်လွှတ်လိုက်သည် ဆိုရာတွင် ထိုနေရာ၌ ချူမိသားစုက သြဇာရှိသဖြင့် သူ့ကို ကာကွယ်ပေးရာရောက်သည်။

ဤဆုံးဖြတ်ချက်သည် ယဲ့မိသားစု၏မျက်နှာသာမက ယဲ့ယွင်၏မျက်နှာလည်း ပါဝင်နေသည်။

"လွန်ခဲ့တဲ့တစ်ခေါက် ကျန်း လုပ်ကြံခံရတဲ့ကိစ္စကို စုံစမ်းကြည့်တော့ အဲ့ဒီမန်ချူးလူမျိုးတွေက ကောက်ကျစ်စဉ်းလဲပြီး သူတို့က ပုန်ကန်သူတွေပါလို့ ပြောကြတယ်။ နိုင်ငံချင်း စစ်မဖြစ်အောင် ရှောင်လွှဲချင်တဲ့ သဘောပေါ့။ တကယ့်ကို အရှက်မရှိတဲ့ကောင်တွေ!”

နင်ချန်သည် စကားစပ်မိပြီး ပြောလိုက်ရာ မျက်ဝန်းထဲတွင် ရွံရှာမှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။

"လျောင်နိုင်ငံမှာ ပုန်ကန်သူတွေရှိရင် နန်ချီမှာလည်း ရှိနိုင်တာပဲလေ။ အရှင်မင်းကြီးက နန်းတက်တာ မကြာသေးတော့ ရန်သူတွေကို အကုန် မရှင်းလင်းနိုင်သေးတာ ပုံမှန်ပါပဲ" ယဲ့ယွင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ဒီစကားရဲ့အဓိပ္ပာယ်က သူတို့လုပ်သလို ပြန်လုပ်လိုက်ပေါ့ ဟူ၍ ဖြစ်သည်။

"နန်ချီလို နိုင်ငံကြီးက ဒီလို ကြွက်စုတ်တွေသုံးတဲ့ ကောက်ကျစ်တဲ့ နည်းလမ်းမျိုးသုံးလို့ဖြစ်ပါ့မလား" နင်ချန် တကယ်တမ်းတွင်လည်း တွေဝေနေမိသည်။

အမှန်တော့ သူ ဒေါသထွက်နေစဉ်က ဒီနည်းလမ်းကို တွေးမိခဲ့သော်လည်း သူ သင်ယူခဲ့ရသော မင်းကျင့်တရားများက ဒီလိုလုပ်ရပ်မျိုးကို ရှက်စရာဟု သတ်မှတ်ထားစေသည်။

ယဲ့ယွင်သည် သူ့စိတ်ကို ချက်ချင်း ရိပ်မိလိုက်ပြီး မျက်လုံးလှန်ကြည့်ကာ တဲ့တိုးပင် ပြောလိုက်သည်။

"အရှင်မင်းကြီး... တကယ်လို့ တစ်ဖက်လူက အကျိုးအကြောင်း သင့်မြတ်ရင်တော့ ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့ ရတာပေါ့။ ဒါပေမဲ့ သူတို့က လူမိုက်တွေလေ၊ အရှင်မင်းကြီးမှာ ဘယ်လောက်ပဲ အကျိုးအကြောင်းကောင်းကောင်းပြောလည်း မရဘူးလေ။ ဒီတစ်ခါကိစ္စကို အရှင်မင်းကြီးက လွယ်လွယ်လေး ခွင့်လွှတ်လိုက်ရင် လျောင်နိုင်ငံက အရှင်မင်းကြီးကို နန်းတက်ကာစမို့လို့ ကြောက်နေတယ် လုပ်ရဲမှာ မဟုတ်ဘူးလို့ ထင်သွားပြီး တတိယအကြိမ် ထပ်လုပ်လာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီချန်းချဲ့ကတော့ စိတ်မြန်လက်မြန် ရှိသူမို့ ဒီချန်းချဲ့ကို လာထိလို့ကတော့ မှတ်လောက်သားလောက်အောင် ပြန်လုပ်ပြမှာ။ ဒါမှ နောက်ပိုင်းကြ အေးအေးဆေးဆေး နေရမှာ"

ထိုအရာမှာ နင်ချန်၏အားနည်းချက်ပင် ဖြစ်သည်။ သူသည် ရိုးသားဖြောင့်မတ်သူဖြစ်သော်လည်း ဧကရာဇ် ဖြစ်လာလျှင် ညစ်ပတ်သော နည်းလမ်းများကို သုံးရသည်မှာ ရှောင်လွှဲမရနိုင်ပေ။

တင်းလွန်းရင် ပြတ်တတ်သည်ဟုဆိုကြသည် မဟုတ်လား။

သို့သော် ယခုအချိန်တွင် အရင်ကထက် အများကြီး တော်လာပြီဖြစ်သည်။ နင်ချန် သည် နန်းတက်ကာစတွင် အမှားအမှန်ကို အလွန်အမင်း ခွဲခြားလွန်းသဖြင့် အထိနာခဲ့ရပြီးမှ တဖြည်းဖြည်း ရင့်ကျက်လာခြင်း ဖြစ်သည်။

ယဲ့ယွင်၏ ရန်လိုသော စကားများကို ကြားရသောအခါ သွေးဆူလွယ်သော ဧကရာဇ်ငယ်သည် နောက်ဆုံးတွင် လက်ခံလိုက်လေသည်။

......

နောက်ပိုင်း ကျိုချန်နန်းဆောင်သို့ ပြန်ရောက်သောအခါ လင်ကျိုးရှိ ယဲ့ကျယ်ထံသို့ စာတစ်စောင် ရေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျားစခ်မှ ပထမမင်းသား အောက်ချီထံသို့လည်း စာတစ်စောင် ပေးပို့လိုက်သည်။

....

လက်ရှိအချိန်သို့ပြန်သွားကြလျှင်...

စိတ်ရှုပ်စရာကိစ္စတစ်ခု ဖြေရှင်းပြီးသွားပြီဖြစ်သဖြင့် ဧကရာဇ်၏စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး ယဲ့ယွင်ကိုခေါ်ကာ လမ်းလျှောက်ထွက်လေသည်။

ယဲ့ယွင်သည် ဒဏ်ရာကုသနေရသဖြင့် ယွီရှို့အဆောင်တွင် အောင်းနေရသည်မှာ ကြာပြီဖြစ်ရာ အပြင်ထွက်လမ်းလျှောက်ရမည်ကို သဘောကျနေသည်။

ယဲ့ယွင်သည် အစေခံများကို အဝတ်အစား လဲခိုင်းပြီး ရိုးရှင်းသော ဆံထုံးတစ်ခုထုံးကာ နင်ချန်နှင့်အတူ ဥယျာဉ်တော်ထဲသို့ ထွက်လာခဲ့သည်။

ဧကရာဇ် ထွက်လာသည်နှင့် တခြားသူများလည်း လှုပ်ရှားလာကြသည်။ နန်းတွင်းသို့ ရောက်သည်မှာ တစ်လကျော်ရှိပြီ ဖြစ်သော်လည်း ဧကရာဇ်ကို မတွေ့ရသေးသော စုဝမ်ရုန်သည် အပြေးအလွှား ရောက်လာလေသည်။

နင်ချန်နှင့် ယဲ့ယွင်တို့ ဥယျာဉ်တော်သို့ ရောက်ပြီး မကြာမီ ခရမ်းနုရောင် ခါးသိမ်းပိုးသားဂါဝန်ကို ဝတ်ဆင်ထားသော မိန်းမလှတစ်ဦးသည် အစေခံမလေး၏လက်ကို တွဲလျက် လျှောက်လာသည်ကို လှမ်းတွေ့လိုက်ရသည်။

"အရှင်မင်းကြီးက တကယ့်ကို ရေပန်းစားတာပဲ။ ထွက်လာတာ ဘာမှမကြာသေးဘူး၊ မိန်းမလှလေးတစ်ယောက် အရောက်လာရှာနေပြီ။ ခဏနေကျရင် ဒီချန်းချဲ့ဆီကနေ လာလုရင်တော့ ဒီချန်းချဲ့ လက်မခံဘူးနော်" ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။

အနိုင်ကျင့်ရတာ မလုပ်ဖြစ်သည်မှာ ကြာပြီမို့ ယဲ့ယွင်တစ်ယောက်လက်ယားနေမိသည်။

နင်ချန်က သူမကို မျက်စောင်းထိုးလိုက်သည်။

"ကျန်းက ပစ္စည်းဥစ္စာမို့လို့လား၊ လုလိုက်ရလိုက် လုပ်နေရအောင်လို့။ ဒီနေ့ ကျန်းက မင်းကို အဖော်ပြုပေးဖို့ လာတာ၊ ဘယ်ကိုမှ မသွားဘူး။”

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-104

အခန်း ၁၀၄ ။ မှတ်လောက်သားလောက် ဖြစ်စေခြင်း

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ မင်ကျယ်ယွီကို ဂါရဝပြုပါတယ်"

စူးဒီယာသည် အနားသို့ လျှောက်လာပြီး ကျွမ်းကျင်မှု သိပ်မရှိလှသောဟန်ပန်ဖြင့် ဒူးညွှတ်ဂါရဝပြုလိုက်သည်။

"မလိုပါဘူး"

နင်ချန်သည် လက်ကာပြပြီး ထိုစကားတစ်ခွန်းသာ ပြောကာ ဆက်မပြောတော့ပေ။ ယဲ့ယွင်ကလည်း လူဆိုးမလေးပီပီ လိမ္မာယဉ်ကျေးသော ပုံစံဖမ်းကာ မျက်လွှာချပြီး ဘာမှဝင်မပြောဘဲ နေလိုက်သည်။

ထိုအခါ စူးဒီယာမှာ ချက်ချင်းပင် အနေခက်သွားရသည်။

သို့သော် ဤနေရာအထိ ရောက်လာပြီးမှတော့ အလကား ပြန်မသွားနိုင်ပေ။ ထို့ကြောင့် သတ္တိမွေးပြီး ထပ်မံ ပြောဆိုလိုက်သည်။

"ဒီနေ့ ရာသီဥတု ကောင်းတာနဲ့ ဥယျာဉ်တော်ထဲ လမ်းလျှောက်ထွက်လာတာပါ။ အရှင်မင်းကြီးနဲ့ မင်ကျယ်ယွီကို တွေ့ရမယ်လို့ ထင်မထားမိပါဘူး။ အရှင်မင်းကြီး မငြိုငြင်ဘူးဆိုရင် ဒီချန်းချဲ့လည်း အတူတူလိုက်လျှောက်လို့ ရမလားဟင်"

ဘာပဲပြောပြော သူမသည် ကျားစခ်မှ မင်းသမီးတစ်ပါး ဖြစ်သည်။ ယခင်က ကျားစခ်တွင် ဖခင်ဖြစ်သူ ကျော်လီခယ့်ထူကို ကိုယ်စားပြုသော်လည်း ယခုမြို့တော်သို့ ရောက်လာချိန်တွင်မူ ကျားစခ်တစ်ခုလုံးကို ကိုယ်စားပြုနေသည်။

ထို့ကြောင့် မျက်နှာသာပေးရမည်ဖြစ်သဖြင့် နင်ချန် ခေါင်းညိတ်လိုက်သည်။

သို့သော် သိပ်ပြီး ဂရုစိုက်ပုံမရပေ။ ကျော်လီခယ့်ထူသည် ရည်မှန်းချက်ကြီးလွန်းသဖြင့် နင်ချန်တွင် အခြားအစီအစဉ်များ ရှိပြီးသားဖြစ်သည်။

ခွင့်ပြုချက်ရလိုက်သဖြင့် စူးဒီယာသည် ဝမ်းသာအားရဖြင့် သူတို့နှစ်ဦး၏နောက်မှ လိုက်ပါလာခဲ့သည်။

ယဲ့ယွင်သည် သဘောထား သေးသိမ်သူ မဟုတ်ပေ။ နန်းတွင်းသို့ ရောက်လာသူတိုင်း အချစ်တော် ဖြစ်ချင်ကြသည်မှာ ထုံးစံပင်။ မျက်နှာပြရုံလောက်က ပြဿနာမရှိသော်လည်း သူမလက်ထဲမှ လူကို လာလုလျှင်တော့ လက်ခံမည် မဟုတ်ပေ။

သို့သော် စူးဒီယာတွင် အကြံအစည်ရှိနေသည်မှာ သိသာသည်။ ယဲ့ယွင်က ပိုင်ရှုကို နှင်းဆီပန်းများ ခူးခိုင်းနေစဉ်တွင် စူးဒီယာသည် ကိုယ့်သေတွင်း ကိုယ်တူးလေတော့သည်။

"လူတွေက မယ်ဟွာပန်းကိုပဲ အပင်ထက်မှာ မွှေးပျံ့စွာ သေဆုံးရတယ်လို့ တင်စားကြပေမဲ့ ဒီချန်းချဲ့အမြင်ကတော့ ပန်းတွေအားလုံးက လှတာချင်း အတူတူပါပဲ။ မင်ကျယ်ယွီက ဘာလို့ ခူးပစ်ရတာလဲ။ အပင်ပေါ်မှာပဲ ထားပြီး အားလုံးကြည့်လို့ရအောင် လုပ်ပေးတာက ပိုမကောင်းဘူးလား။”

စကားဆုံးသည်နှင့် ယဲ့ယွင် ရွံရှာသွားရုံသာမက နင်ချန်၏အမူအရာပါ တင်းမာသွားသည်။

သို့သော် စူးဒီယာသည် လုံးဝ သတိမထားမိဘဲ သူတော်ကောင်း မိခင်ကြီး လုပ်ကွက်ကို ဆက်လက် ကပြနေလေသည်။

"ဒီချန်းချဲ့က အရင်တုန်းက မြက်ခင်းပြင်မှာ ပန်းတွေ သိပ်မမြင်ဖူးပါဘူး။ အခုလို ပန်းတွေဝေနေတာမြင်ရတော့ အရမ်းတန်ဖိုးထားမိလို့ပါ"

"အရှင်မင်းကြီး ကြည့်ပါဦး။ ဒီနန်းတွင်းထဲက လူတိုင်းက ဒီချန်းချဲ့ကို လက်ရဲတယ်လို့ ထင်နေကြတာ။ မနှစ်ကကျတော့ ဖန်းရှိုးရီက ဒီချန်းချဲ့ မယ်ဟွာပန်း ခူးတာ မကောင်းဘူး ပြောတယ်။ ဒီနှစ်ကျတော့ စုဝမ်ရုန်က နှင်းဆီပန်း မခူးရဘူး ပြောပြန်ရော။ နန်းတော်တစ်ခုလုံးမှာ ဒီချန်းချဲ့တစ်ယောက်တည်းပဲ ပန်းထိုးတာ ဝါသနာပါပြီး ကျန်တဲ့ကိုယ်လုပ်တော်တွေက ပန်းအိုးကိုပဲထိုင်ကြည့်နေကြတာလား မသိဘူး"

ယဲ့ယွင် အေးစက်စွာ ပြောလိုက်သည်။

ပြောရင်းဖြင့် စူးဒီယာကို မဲ့ပြုံး ပြုံးပြလိုက်၏။

နင်ချန်သည် ဘာမှ ဝင်မပြောဘဲ လှပစွာပွင့်လန်းနေသော နှင်းဆီတစ်ပွင့်ကို ကိုယ်တိုင်ရွေးချယ်ခူးယူလိုက်ပြီး သူမ၏ဆံထုံးပေါ်တွင် ပန်ဆင်ပေးလိုက်သည်။

ဒီနေ့ သူမသည် လက်ဝတ်ရတနာ သိပ်မဝတ်ထားသဖြင့် ပန်းတစ်ပွင့်ပန်လိုက်ရာ ပို၍လှပသွားသည်။

"မင်းက သူနဲ့ ဘာလို့ ဖက်ဖြစ်နေတာလဲ။ မြက်ခင်းပြင်မှာ ဒီလိုပန်းတွေမရှိတော့ သူ မမြင်ဖူးလို့ အဆန်းလုပ်နေတာဖြစ်မှာပါ"

ဤစကားသည် စူးဒီယာကို လုံးဝ မျက်နှာသာ မပေးခြင်းပင်။ သူမက တောသူမို့လို့ ဘာမှမမြင်ဖူးဘဲ နှင်းဆီပန်းလေး တစ်ပွင့်

နှစ်ပွင့်လောက်ကို အဟုတ်ကြီးထင်နေသည်ဟု တဲ့တိုးပြောလိုက်ခြင်း ဖြစ်သည်။

စူးဒီယာ၏မျက်နှာ ချက်ချင်းရဲတက်သွားပြီး ကပျာကယာ ဒူးညွှတ်လိုက်ရသည်။

"ဒီချန်းချဲ့ စကားမှားသွားပါတယ်။ မင်ကျယ်ယွီ ခွင့်လွှတ်ပေးပါ။ ကျယ်ယွီက ပန်းအိုးထိုးဖို့ ခူးနေမှန်း မသိလို့ပါ"

ပန်းအိုးထိုးတာက ဘာလုပ်တာလဲ ဆိုတာတောင် သူမ မသိပေ။

စူးဒီယာ၏ မိခင်မှာ အလယ်ပိုင်းလွင်ပြင်သူဖြစ်သော်လည်း အထက်တန်းလွှာမှ မဟုတ်သဖြင့် ပန်းအိုးထိုးခြင်း၊ လက်ဖက်ရည် ပြင်ဆင်ခြင်း စသည့် အနုပညာများကို လုံးဝ မသိရှိပေ။ သူမကိုလည်း သင်မပေးခဲ့ပေ။

"အရှင်မင်းကြီး... စုဝမ်ရုန်က နန်းတွင်းစည်းကမ်းတွေကို သိပ်နားမလည်သေးဘူးလို့ ထင်တယ်။ နောင်တစ်ချိန် ကိုယ်လုပ်တော်ဖြစ်လာရင် သင်သင့်တာ သင်ထားရမယ်လေ။ မတတ်ရင်တောင် လုံးဝ မသိတာမျိုး မဖြစ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် အခုက တော်ဝင်မိသားစုဝင်ဖြစ်နေပြီဆိုတော့ တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေသင့်ဘူး"

ယဲ့ယွင်သည် စူးဒီယာကြောင့် စိတ်ပျက်သွားပြီဖြစ်သဖြင့် သူမကိုဒုက္ခပေးရန် ဆုံးဖြတ်လိုက်သည်။

စည်းကမ်းသင်ကြားခြင်းသည် လူကိုနှိပ်စက်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သင်ကြားရေးမားမားများတွင် စကားမပြောနိုင်လောက်အောင် နာကျင်စေမည့် နည်းလမ်းပေါင်းစုံရှိသည်။

နန်းတွင်းရောက်တာနဲ့ သူမရှေ့လာပြီး ဆရာလုပ်ချင်သူကို မှတ်လောက်သားလောက် ဖြစ်အောင် ပညာမပေးလျှင် မဖြစ်ပေ။

သို့သော် လျှောက်ပြောနေခြင်းလည်း မဟုတ်ပေ။ စူးဒီယာသည် အလယ်ပိုင်းလွင်ပြင်၏ ယဉ်ကျေးမှုထုံးစံများကို တကယ်ပင် ကောင်းစွာမတတ်မြောက်ပေ။

နန်းတွင်း ရောက်လာစဉ်က ဧကရာဇ် ဘာမှမမှာကြားခဲ့သဖြင့် မိဖုရားခေါင်ကြီးကလည်း တမင်သက်သက် လူလွှတ်ပြီး မသင်ပေးခဲ့ရာ သူမ လက်ရှိတွင် ဘာမှ မသိပေ။

"မင်ကျယ်ယွီပြောတာ အကြောင်းသင့်တယ်။ ယွမ်ကျို၊ ဖုန်းရှီးနန်းဆောင်ကို သွားပြီး မိဖုရားခေါင်ကြီးကို ပြောလိုက်။ စုဝမ်ရုန်ကို နန်းတွင်းစည်းမျဉ်းတွေ သင်ပေးဖို့ လူလွှတ်လိုက်လို့။ နောက်နှစ်ရက်ဆို နဂါးလှေပွဲတော် ရောက်တော့မယ်။ စားသောက်ပွဲကျရင် ကျန်းကို အရှက်မကွဲစေနဲ့" နင်ချန် တဲ့တိုးပင် အမိန့်ပေးလိုက်သည်။

စူးဒီယာ ရင်ထဲဆို့နင့်သွားပြီး နေရခက်သွားသော်လည်း ကျေနပ်သလို ဟန်ဆောင်ပြီး ခေါင်းညိတ်လိုက်ရသည်။

"အရှင်မင်းကြီးကို ခစားရတာ အင်မတန်စေ့စပ်သေချာဖို့ လိုတယ်။ စုဝမ်ရုန်အနေနဲ့ သင်ကြားရေးမားမားဆီမှာ ကောင်းကောင်း သင်ယူပါ။ ဒါမှ နောက်ကျရင် အရှင်မင်းကြီးကို ကောင်းကောင်း ပြုစုနိုင်မှာ" ယဲ့ယွင်က မဲ့ပြုံးလေးဖြင့် ဝင်ထောက်လိုက်သည်။

နင်ချန်သည် သူမ၏ဉာဏ်များမှုကို ရိပ်မိသော်လည်း စူးဒီယာကို မကြိုက်သဖြင့် သူမ လှေကားထောင်ပေးသည်ကို တက်လိုက်လေသည်။

"အင်း... နန်းတော်စည်းကမ်းက တင်းကျပ်တယ်။ ယဉ်ကျေးမှု မရှိလို့ မဖြစ်ဘူး။စုဝမ်ရုန် စည်းကမ်းတွေ သေချာတတ်မြောက်မှပဲ အိပ်ဆောင်ဝင်တော့"

"အရှင်မင်းကြီး!" စူးဒီယာ မျက်လုံးပြူးသွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။

စည်းကမ်းတွေ သေချာတတ်မြောက်မှ အိပ်ဆောင်ဝင်ရမယ်ဆိုတော့ ဘယ်အချိန်မှလဲ။ ဒါဆို လက်ရှိမှာ သူမ အိပ်ဆောင်ဝင်ခွင့် မရှိတော့ဘူးပေါ့။

ယဲ့ယွင် သူမကို ကြည့်လိုက်သည်။ "ဘာလဲ... စုဝမ်ရုန်က သဘောမတူချင်လို့လား"

စူးဒီယာ ဝမ်းနည်းလွန်းသော်လည်း နင်ချန်၏ အေးစက်သောမျက်နှာထားကိုကြည့်ပြီး ထပ်မပြောရဲတော့ပေ။

ခေါင်းငုံ့ကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။

"မရဲပါဘူး၊ ဒီချန်းချဲ့ သေချာပေါက် ကောင်းကောင်း သင်ယူပါ့မယ်။ ဒီချန်းချဲ့ကို ခွင့်ပြုပါဦး၊ အရှင်မင်းကြီးနဲ့ မင်ကျယ်ယွီ ပန်းကြည့်တာကို မနှောင့်ယှက်တော့ပါဘူး"

သူမ ထွက်ခွာသွားသောအခါ နင်ချန်သည် ဘေးနားရှိ မိန်းကလေး၏လက်ကို ဆွဲညှစ်လိုက်သည်။

မျက်ခုံးပင့်ကာ မေးလိုက်၏။ "ဘာလို့ ဒီလောက်တောင် လူကို အနိုင်ကျင့်ရတာ ကြိုက်နေတာလဲ"

"ဘာလို့လဲဆိုတော့ ဒီချန်းချဲ့က ဆိုးတယ်လေ။ ဒီချန်းချဲ့က ဒီလိုကြာပန်းဖြူလေးတွေကို အနိုင်ကျင့်ရတာ အကြိုက်ဆုံးပဲ။ စုဝမ်ရုန်တင် မကဘူး၊ ကျန်းပေါင်လင်ရောပဲ။ နောက်ကျရင် နန်းတွင်းထဲ နောက်ထပ် ရှိလာရင်လည်း ဒီချန်းချဲ့က အနိုင်ကျင့်ဦးမှာပဲ" ယဲ့ယွင် နှာမှုတ်လိုက်သည်။

မေးစေ့လေး မော့ထားပုံက ဗိုလ်ကျလွန်းလှသည်။

နင်ချန် နားမလည် ဖြစ်သွားသည်။ "ကြာပန်းက မြင့်မြတ်စင်ကြယ်တာလေ။ ဘာလို့ သူတို့ကို တင်စားရတာလဲ"

ယဲ့ယွင် ရယ်မောလိုက်မိသည်။ ဒီခွေးဧကရာဇ်လေးကို ဘယ်လို ရှင်းပြရပါ့မလဲ။

နောက်ဆုံးတွင် ဝေ့လည်ကြောင်ပတ်ဖြင့် ရှင်းပြလိုက်ရာ နင်ချန်သည် နောက်ပိုင်းတွင် လူတစ်ဖက်သားကို ကြာပန်းနှင့် တင်စားသည်ကို သိပ်လက်မခံနိုင်တော့ပေ။

အခြားတစ်ဖက်တွင်မူ စူးဒီယာသည် အစေခံနှင့်အတူ အရှက်ရစွာ ပြန်လှည့်လာခဲ့သည်။ သူမ နေထိုင်သော ဖေးဟုန်နန်းဆောင်သည် အနည်းငယ် ဝေးကွာပြီး ကျန်းပေါင်လင်၏ ဖူယွင်အဆောင်နှင့် အနည်းငယ်နီးကပ်သည်။

ကျန်းပေါင်လင်သည် ယဲ့ယွင်တို့နှင့် တစ်သုတ်တည်း ဝင်လာသူဖြစ်သော်လည်း ရုပ်ရည်မှာ သန့်ရှင်းရုံသာရှိပြီး အခြားမိန်းမလှများကြားတွင် မထင်ရှားလှပေ။ တစ်ကြိမ်သာ အိပ်ဆောင်ဝင်ဖူးပြီး နောက်ထပ် အခွင့်အရေး မရတော့ပေ။

သူမသည် ခြံဝင်းထဲတွင် ထိုင်နေစဉ် စူးဒီယာ ဒေါသတကြီး ပြန်လာသည်ကို တွေ့လိုက်ရသည်။ လက်ဖက်ရည် တစ်အိုးကုန်သောအချိန် မကြာမီတွင် မိဖုရားခေါင်ကြီး၏ အနီးကပ်အစေခံ စုအာသည် သင်ကြားရေးမားမား နှစ်ယောက်ကို ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသဖြင့် အခြေအနေကို သဘောပေါက်လိုက်သည်။

"အရင်တုန်းက ငါ စေတနာနဲ့ မသွားဖို့ တားခဲ့သားပဲ။ သူမှ နားမထောင်တာ၊ အခုတော့ ပြဿနာ တက်လာပြီ။ မင်ကျယ်ယွီက လွယ်လွယ်နဲ့ ရန်စလို့ရတဲ့သူ မှတ်လို့လား" ကျန်းပေါင်လင်က လှောင်ပြောင်လိုက်သည်။

မူလက စူးဒီယာသည် ကျားစခ်မှမင်းသမီးဖြစ်ပြီး နောက်ခံတောင့်တင်းသဖြင့် သူမအနေဖြင့် အချစ်တော် မဖြစ်လျှင်တောင် စူးဒီယာနှင့်ပေါင်းသင်းထားပါက အားကိုးရမည်ဟု တွေးခဲ့ဖူးသည်။

သို့သော် စူးဒီယာသည် မာနကြီးပြီး သူမကို အဖက်မလုပ်သဖြင့် ကျန်းပေါင်လင်လည်း မျက်နှာပူမခံတော့ဘဲ နေလိုက်သည်။

အစေခံမလေး ဖေချွီက နှာခေါင်းရှုံ့လိုက်သည်။

"ဒီတစ်ယောက်က နန်းတွင်းရောက်တာတောင် သူ့ကိုယ်သူ မင်းသမီး မှတ်နေတုန်း။ ကိုယ့်ကိုယ်ကိုယ် ရွှေမင်းသမီးလေး ထင်နေတာ။ အထိနာမှပဲ ကိုယ့်အဆင့်ကိုယ်သိမှာ"

ကျန်းပေါင်လင် ပြုံးလိုက်သည်။ သူမကတော့ စူးဒီယာ ဘယ်လိုနေနေ ဂရုမစိုက်ပေ။ သူမ အေးအေးဆေးဆေးနေရရင်ပြီးတာပဲ။

သူမသည် ရုပ်ရည်မချောမောကြောင်း သိသဖြင့် နန်းတွင်းဝင်ခွင့်ရသည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူထားရာ ရည်မှန်းချက်ကြီးကြီးမားမား မထားတော့ပေ။

ဘေးအဆောင်မှ ရည်မှန်းချက်ကြီးသော စူးဒီယာကမူ သင်ကြားရေးမားမားများသည် စည်းကမ်းသင်ပေးရုံသက်သက်လာသည်ဟု ရိုးအစွာထင်မှတ်နေဆဲပင်။

....

တခြားလူတွေ ဘယ်လိုနေနေ ယဲ့ယွင်ကတော့ သက်သောင့်သက်သာ ရှိလှသည်။

ဒီနေ့ နင်ချန် သေချာပေါက် ညအိပ်မည်ဖြစ်ရာ ယဲ့ယွင် လက်ယားလာသဖြင့် စစ်တုရင် ကစားရန် ခေါ်လိုက်သည်။

စစ်တုရင်ခုံပေါ်တွင် ယဲ့ယွင်က အသာစီးရခဲ့သော်လည်း ညဘက် ကုတင်ပေါ်ရောက်သောအခါ ငိုရသည်အထိ အနိုင်ကျင့်ခံလိုက်ရသဖြင့် နင်ချန်တစ်ယောက် အခဲကြေသွားလေသည်။

***

All Chapters