အခန်း (၃၁၇-၃၁၈)
Vol. 20 Ch. 317-318
အခန်း ၃၁၇ ။ ရုတ်တရက် အကြံရခြင်း
မိဖုရားခေါင်ကြီးသည် နင်ချန်၏ဘေးတွင် ထိုင်နေရင်း သူ့အကြည့်များမှာ တစ်နေရာတည်းသို့ စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ အကြည့်အတိုင်း လိုက်ကြည့်လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်း ယဲ့ယွင် ဖြစ်နေ၏။
ခနမျှ မိဖုရားခေါင်ကြီး စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်သွားမိသည်။ ယခင်က အန်းရှီ အချစ်တော်ဖြစ်စဉ်ကပင် ဧကရာဇ်သည် လူအများရှေ့တွင် ဤမျှအထိ စိုက်ကြည့်နေခြင်းမျိုး မရှိခဲ့ဖူးပေ။ အန်းရှီတစ်ယောက် သေဆုံးသွားသော်လည်း ယဲ့ရှီဆိုသူ ထပ်ရောက်လာပြန်သည်။ ယဲ့ရှီက အန်းရှီထက်ပင် ပို၍ပင် သာလွန်နေသေးသည်။ ဤသို့ဆိုလျှင် အန်းရှီ သက်ရှိထင်ရှား ရှိနေသေးသည်က ပိုကောင်းဦးမည်။
သို့သော် ယခုအချိန်တွင် ထိုသို့တွေးနေခြင်းမှာ အပိုပင် ဖြစ်သည်။ သေသောသူသည် ပြန်မရှင်နိုင်တော့ပေ။
ပွဲတော်စတင်သောအခါ ဧကရာဇ်သည် တက်ရောက်လာသူ အားလုံးနှင့်အတူ ခွက်မြှောက်၍ သောက်ပြီးနောက် ကပွဲများ စတင်လေသည်။
"အရှင်မင်းကြီး... ချန်းချဲ့က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ချန်းချဲ့တို့ နန်ချီပြည်ကြီး စည်ပင်ဝပြောပါစေ၊ အရှင်မင်းကြီးရဲ့ အုပ်ချုပ်မှုလည်း ထာဝရ တည်တံ့ပါစေကြောင်း ဆုတောင်းပေးပါတယ်" မိဖုရားခေါင်ကြီးက ခွက်မြှောက်၍ ဆိုသည်။
နင်ချန်က မျက်နှာသာပေးသည့်အနေဖြင့် သောက်လိုက်ပြီးနောက် - "မိဖုရားခေါင်ကြီးလည်း ဒီနှစ်တွေအတွင်း ကျန်းအတွက် နန်းတွင်းကိစ္စတွေကို စီမံပေးရတာ တကယ်ကို ပင်ပန်းလှပါတယ်။ ကျန်းလည်း မိဖုရားခေါင်ကြီးကို ပြန်ပြီး ဂါရဝပြုပါတယ်"
"ဒါတွေက ချန်းချဲ့ လုပ်ဆောင်သင့်တဲ့ တာဝန်တွေပါပဲ" မိဖုရားခေါင်ကြီးက နူးညံ့စွာ ပြုံးလိုက်သည်။
ဇနီးမောင်နှံနှစ်ဦးသည် ခွက်အနည်းငယ် သောက်လိုက်ကြပြီး ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့၏ သဟဇာတဖြစ်မှုကို လူအများရှေ့တွင် ပြသခဲ့ကြသည်။
ထို့နောက်တွင် အဆင့်အတန်းရှိသူများက အဆင့်အလိုက် တစ်ဦးချင်းစီ ထ၍ ဂါရဝပြုကြသည်။ ဟွေ့ရွှင်ရီပြီးနောက် ယဲ့ယွင်၏အလှည့် ရောက်လာသည်။ သူမသည် ထရပ်ကာ ပြုံးလျက် ခွက်မြှောက်လိုက်သော်လည်း ခမ်းနားထည်ဝါသော စကားလုံးများ မသုံးခဲ့ပေ။
"ချန်းချဲ့က ဒီတစ်ခွက်ကို သောက်ပြီး အရှင်မင်းကြီး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ၊ အပြုံးများနဲ့ အမြဲတမ်း ပြည့်စုံပါစေကြောင်း ဆုတောင်းပေးပါတယ်" ဟုသာ ဆိုလိုက်သည်။
နင်ချန်က ကြားသောအခါ ရယ်မောလိုက်ပြီး - "မင်းကတော့ ကလေးတစ်ယောက်လိုပဲ၊ အမြဲတမ်း ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ စကားလုံးတွေကိုပဲ ပြောတတ်တယ်"
တကယ်လည်း ရိုးရှင်းလှသည်။ ခြောက်နှစ်အရွယ် ပထမမင်းသမီးလေးပင်လျှင် "နဂါးသားတော် ကျန်းမာပါစေ၊ သက်ရှည်ကျန်းမာပါစေ" ဟု ပြောတတ်နေပြီ ဖြစ်သည်။
"ချန်းချဲ့က အသိပညာ နည်းပါးတာမို့ အရှင်မင်းကြီး မရယ်ပါနဲ့ဦး" ယဲ့ယွင်က ပြုံးလျက် ဆိုသည်။
နင်ချန်က မတတ်သာသလို ခေါင်းခါကာ - "မိဖုရားခေါင်ကြီး... သူ့ကို ကြည့်ပါဦး။ သူသာ အသိပညာ နည်းပါးတယ်ဆိုရင် ဒီထက် ထက်မြက်တဲ့သူ ဘယ်နှစ်ယောက် ရှိဦးမလဲ"
"မင်ရွှင်ယွမ်က အမြဲတမ်း တက်ကြွဖျတ်လတ်တတ်သူပါ။ ကလေးအမေ ဖြစ်လာရင်တောင် ကလေးတစ်ယောက်လို ချစ်စရာကောင်းနေတုန်းပါပဲ" မိဖုရားခေါင်ကြီးက အနည်းငယ် တွန့်ဆုတ်စွာ ပြုံးလျက် ပြောလိုက်သည်။
ဟွေ့ရွှင်ရီကလည်း ဝင်ပြောသည် ။
"ဟုတ်ပါတယ်၊ စိတ်နှလုံးဖြူစင်လို့လည်း မင်ညီမလေးက ဒီလိုမျိုး အမြဲတမ်း လန်းဆန်းတောက်ပနေတာ ဖြစ်မှာပါ"
"လူတိုင်းက မင်းကို ချီးမွမ်းနေကြတာပဲ။ ဒီလောက်တောင် ကောင်းနေမှတော့ ကျန်းကလည်း မင်းကို မျက်ကွယ်ပြုထားလို့ မဖြစ်ဘူး။ ကျန်းရဲ့ အမိန့်ကို ကြေညာစေ... မင်ရွှင်ယွမ်ကို ရွှင်ရီအဆင့်သို့ တိုးမြှင့်
ခန့်အပ်လိုက်တယ်။”
နင်ချန်က လက်ကို ဝှေ့ယမ်းကာ ရုတ်တရက် အံ့သြဖွယ်ကောင်းသော အမိန့်ကို ထုတ်ပြန်လိုက်သည်။ ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားသဖြင့် မိဖုရားခေါင်ကြီးမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားတော့သည်။ သို့သော် သူမကိုယ်တိုင်ကပင် နင်ချန်၏ စကားကို ထောက်ခံပြီး ယဲ့ယွင်ကို ချီးမွမ်းထားပြီးဖြစ်ရာ ယခုမှ ပြန်ကန့်ကွက်ရန်လည်း မဖြစ်နိုင်တော့ပေ။ စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း အပြင်ပန်းတွင်မူ ဟန်ဆောင်နေရုံသာ ရှိတော့သည်။
မိဖုရားခေါင်ကြီးတင်မကဘဲ ယဲ့ယွင်ကိုယ်တိုင်ပင် ကြောင်အသွားခဲ့သည်။
အမှန်တော့ နင်ချန်သည် ရုတ်တရက် အကြံရကာ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ယဲ့ယွင်၏ လှပထက်မြက်မှုကို မြင်တွေ့ရသောအခါ သူမအား ပိုမိုမြင့်မားသော နေရာသို့ တင်ပေးချင်သည့် စိတ်ဆန္ဒ ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤမျှ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုးမှာ ကိုယ်လုပ်တော်အဆင့်တွင်သာ ရှိနေရန် မသင့်တော်ဟု သူ ယူဆလိုက်ခြင်းပင်။ ယခုလောလောဆယ်တွင် အမြင့်ဆုံးအဆင့်သို့ တစ်ခါတည်း မတင်ပေးနိုင်သော်လည်း လက်ရှိထက် ပိုမြင့်ရပေမည်။
"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ခံယူပါတယ်" ယဲ့ယွင် သတိပြန်ဝင်လာသောအခါ စနစ်တကျ ဂါရဝပြုလိုက်သည်။ သူမ၏ တည်ငြိမ်လှပသော အမူအရာကြောင့် လူအများက သူမသည် ထိုနေရာနှင့် ထိုက်တန်သူဟုပင် ထင်မှတ်သွားကြသည်။
ယဲ့ယွင်၏ ထင်ပေါ်ကျော်ကြားမှုကြောင့် နောက်မှလိုက်၍ ဂါရဝပြုသော ယိရွှင်ရုန်မှာ လုံးဝပင် မှေးမှိန်သွားတော့သည်။ သူမမှာလည်း အလွန်ပင် ဒေါသထွက်နေရသည်။ သို့သော် နင်ချန်က ယိရွှင်ရုန်ကိုလည်း ရွှင်ယွမ်အဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ သို့သော် ယဲ့ယွင်ထက် တစ်ဆင့် နိမ့်နေသေးသည်။ မူလက သူမသည် ယခုနှစ်သစ်ကူးတွင် အဆင့်တက်ကာ ယဲ့ယွင်နှင့် တန်းတူဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ယခုတော့ ယဲ့ယွင်၏ အောက်တွင်သာ ရှိနေဆဲ ဖြစ်သဖြင့် စိတ်ပျက်နေမိသည်။
ထို့နောက်တွင် ယောင်ရှန်းက ဂါရဝပြုကာ ရှိုးယွမ်အဆင့်သို့ တိုးမြှင့်ခံရသည်။ ဤမျှနှင့် ကလေးရှိသူများ အားလုံး ဂါရဝပြုပြီးသွားပြီ ဖြစ်သည်။ ကျန်ရှိသူများမှာ ဂါရဝပြုရန် အဆင့်အတန်းမမီသဖြင့် နင်ချန်က နန်းတွင်း အဆင့်တိုးမြှင့်မှုများကို တစ်ခါတည်း ပြောကြားလိုက်သည်။ နှစ်ကုန်ပိုင်းတွင် အဆင့်တိုးမြှင့်ပေးခြင်းမှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ဟွေ့ရွှင်ရီကို ဟွေ့ကျောင်းရုန် အဖြစ်လည်းကောင်း၊ ချီဝမ်ရုန်၊ ဝမ်ဝမ်ရုန်နှင့် ကျိုးဝမ်ရုန်တို့ကို တစ်ဆင့်စီ တိုး၍ မိန်ရန် အဖြစ်လည်းကောင်း၊ ကျန့်ချိုက်ရန်၊ လီချိုက်ရန်နှင့် ချွေ့ချိုက်ရန်တို့ကို ဝမ်ရုန်အဖြစ်လည်းကောင်း အသီးသီး တိုးမြှင့်ပေးခဲ့သည်။
ဤတစ်ကြိမ်တွင် အရှက်အရဆုံးမှာ ဟိုမိန်ရန် ဖြစ်သည်။ သို့သော် သူမတစ်ယောက်တည်းသာ အရှက်ရနေခြင်း ဖြစ်သည်။ အခြားသူများ၏ အမြင်တွင် သူမသည် အဆင့်ကျော်ကာ တိုးမြှင့်ခံထားရသူဖြစ်ပြီး ကလေးလည်း မရှိသေးသဖြင့် နှစ်ကုန်ပိုင်းတွင် အဆင့်ထပ်မတက်ခြင်းမှာ သဘာဝကျလှသည်။ သို့သော် သူမကိုယ်တိုင် သိသည်မှာ ယခင်က သူမ လုပ်ခဲ့သော အမှားသာ မရှိလျှင် ဧကရာဇ်သည် ဟိုမိသားစု၏ မျက်နှာကို ထောက်ထား၍ သူမကိုပါ အဆင့်တိုးပေးဦးမည် ဖြစ်သည်။ သို့သော်ယခုအခါဧကရာဇ်သည် သူမအပေါ် ငြီးငွေ့နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် သူမထက် ပို၍ စိတ်ဆင်းရဲနေသူမှာ ယောင်ရှန်း ဖြစ်သည်။ ယခင်ဘဝက ဤအချိန်တွင် ရွှင်ရီနေရာတွင် ရှိနေရမည့်သူမှာ သူမ ဖြစ်သော်လည်း ယခုမူ ယဲ့ယွင် ဖြစ်နေသည်။ သူမသည် ယဲ့ယွင်ကို အလွန်ပင် မုန်းတီးနေမိသည်။ သို့သော် ကျောက်ချွန်းအဆောင်မှာ အလွန်ပင် လုံခြုံလှသဖြင့် သူမ အကြိမ်ကြိမ် ကြိုးစားသော်လည်း အနားသို့ မကပ်နိုင်ခဲ့ပေ။ ယခုတော့ အခြားနေရာမှ စတင်ရန်သာ ရှိတော့သည်။ ဥပမာ မိဖုရားခေါင်ကြီးကို ရာထူးမှ ဖယ်ရှားခြင်းမျိုးဖြစ်သည်။
မိဖုရားခေါင်ကြီးမှာ အလွန်အသုံးဝင်သူ မဟုတ်သော်လည်း သူမ၏ရာထူးကြောင့် အခြေအနေကို ထိန်းချုပ်ထားနိုင်သည်။ မိဖုရားခေါင်ကြီးသာ ပြုတ်ကျသွားလျှင် နန်းတွင်းမှာ ရှုပ်ထွေးသွားပေလိမ့်မည်။ ထိုအခါ ရှူးဖေးနှင့် ကျင်းသယ့်ဖေး တို့က နန်းတွင်းကိစ္စများကို ခွဲဝေစီမံကြရမည်ဖြစ်ပြီး ဟွေ့ကျောင်းရုန်လည်း ပါဝင်လာပေမည်။ ထိုသို့ အခြေအနေ ရှုပ်ထွေးနေချိန်တွင် အကွက်ချရန် အခွင့်အရေး ပိုများလာမည် ဖြစ်သည်။
လျှို့ဝှက်စွာ မည်သို့ပင် ကြံစည်နေကြပါစေ၊ အပေါ်ယံတွင်မူ အားလုံးသည် အေးချမ်းစွာဖြင့် ဤနှစ်သစ်ကူးအကြိုနေ့ကို ကုန်ဆုံးစေခဲ့ကြသည်။
.....
နောက်တစ်နေ့ နှစ်သစ်ကူးပထမရက်တွင် ရှုပ်ထွေးလှသော ကျင့်ဝတ်များကို ဆောင်ရွက်ပြီးနောက် နောက်ဆုံးတွင် မိသားစုနှင့် တွေ့ဆုံရမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။ ယခုနှစ်တွင် နန်းတွင်းသို့ ဝင်ရောက်လာသူများမှာ ချူရှီနှင့် ဒေါ်လေးဖြစ်သူ ယန်ရှီတင်မကဘဲ မရီးဖြစ်သူ ယင်ရှီ လည်း ပါဝင်သည်။ ယဲ့ကျယ်သည် ကျုံးယုံဟို ဘွဲ့ကို ရရှိထားသဖြင့် ဇနီးဖြစ်သူ ယင်ရှီသည်လည်း ဘွဲ့ထူးဂုဏ်ထူးများ ရရှိထားရာ နန်းတွင်းသို့ ဝင်ရောက်ခွင့် ရှိခြင်း ဖြစ်သည်။
"မရီးက မြို့တော်ကို ပြန်လာပြီး နှစ်ကူးရတာပဲ။ မရီးရဲ့ လက်မှာ ဘာလို့ အမာရွတ်တွေ ရှိနေတာလဲ၊ လင်ကျိုးမှာတုန်းက ဒဏ်ရာရခဲ့တာလား"
နှုတ်ဆက်ပြီးနောက် ယဲ့ယွင်သည် ထိုအသေးစိတ်အချက်လေးကို သတိပြုမိသွားသည်။ ယင်ရှီက အနည်းငယ် ရှက်ပြုံးပြုံးကာ အမာရွတ်ကို ဖုံးကွယ်ရန် အင်္ကျီလက်ကို အနည်းငယ် ဆွဲချလိုက်သည်။
"ဒါတွေက ကိစ္စသေးသေးလေးတွေပါ၊ အဲဒီတုန်းက စစ်တိုက်နေတော့ ကျွန်မလည်း ဝင်ကူညီပေးရင်းနဲ့ မတော်တဆ ထိခိုက်မိတာပါ။ ဟို့ရယ် (ယဲ့ကျယ်) က ကျွန်မကို အပြစ်မမြင်လို့သာပေါ့၊ အမာရွတ်ကျန်ခဲ့တော့ ကျွန်မကတော့ ကြည့်ရဆိုးတယ်လို့ ထင်နေတာ"
"ဘာလို့ အဲဒီလို ပြောရတာလဲ၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။ ကျွန်မတို့ ယဲ့မိသားစုက ဒါတွေကို ဂရုမစိုက်ပါဘူး"
ချူရှီက မျက်မှောင်ကြုတ်ကာ ဆိုသည်။ သူမသည် ချွေးမဖြစ်သူ၏ လက်ကို ဆွဲယူကာ သေချာကြည့်ပြီး သက်ပြင်းချလိုက်သည်။
"ဒီကလေးကတော့... မင်းက ဘာလို့ ပုံမှန်ဆို ဘယ်ဘက်လက်ကို ထုတ်မပြတာလဲလို့ ငါက တွေးနေတာ၊ ဒါကို စိုးရိမ်နေတာကိုး။ မကောင်းပြောရရင် ငါတောင် ကုန်သည်မိသားစုကနေ ဆင်းသက်လာပြီး မင်းရဲ့ ယောက္ခမဆီကို စစ်သူကြီးကတော်အဖြစ် ရောက်လာခဲ့တာပဲ မဟုတ်လား။ မင်းက ပညာတတ်မိသားစုက ဆင်းသက်လာတဲ့ သမီးပျို၊ စစ်သူကြီးရဲ့ သမီးပဲလေ။ တိုင်းပြည်အတွက် ဒဏ်ရာရတာကို ဘာလို့ စိတ်ထဲ ထားနေရတာလဲ"
မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ယဲ့ယွင်လည်း စိတ်အေးသွားရသည်။ ယခင်က ယောက္ခမနှင့် ချွေးမကြား အဆင်မပြေဖြစ်မှာကို သူမ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
"မရီး... ကျွန်မတို့ မိသားစုကို အယူအဆဟောင်းတွေနဲ့ လူတွေလို့ မထင်ပါနဲ့။ ကျွန်မတို့က ဒါတွေကို အရေးမစိုက်ပါဘူး၊ မိသားစုဝင်တွေရှေ့မှာ ဖုံးကွယ်ထားဖို့ မလိုပါဘူး" ယဲ့ယွင်က ဆိုသည်။
ယောက္ခမနှင့် ခယ်မဖြစ်သူတို့၏ နှစ်သိမ့်စကားကြောင့် ယင်ရှီ စိတ်ထဲတွင် အလွန်ပင် ဝမ်းသာသွားရသည်။ ယောက္ခမနှင့် ခယ်မတို့မှာ စိတ်ထားကောင်းမှန်း သိသော်လည်း ယခင်က အဆက်အသွယ် သိပ်မရှိခဲ့သောကြောင့်ယခုမှ ပို၍ ရင်းနှီးသွားကြခြင်းဖြစ်သည်။
ဒုတိယအိမ်တော်မှ ယန်ရှီကတော့ အခြားသူများ၏ အိမ်တွင်းရေးတွင် ဝင်မပြောဘဲ ပြုံး၍သာ နေလေသည်။ မိသားစုဝင်များ အားလုံးသည် အလွန်ပင် သဟဇာတဖြစ်စွာ ရှိနေကြသည်။
သို့သော် ယခုတစ်ကြိမ် နန်းတွင်းသို့ လာရောက်ရာတွင် ယင်ရှီသည် ကိစ္စတစ်ခုကို ပြောပြခဲ့သည်။ သူမနှင့် ယဲ့ကျယ်တို့သည် သမီးဖြစ်သူကို မြို့တော်တွင်သာထားခဲ့ပြီး ကျွေးမွေးပြုစုရတော့မည် ဖြစ်သည်။ နင်ချန်က အတင်းအကျပ် တောင်းဆိုခြင်း မဟုတ်သော်လည်း စည်းမျဉ်းအရ အပြင်ထွက်၍ စစ်တိုက်နေရသော စစ်သူကြီးများတွင် သားသမီးရှိလျှင် တစ်ဦး သို့မဟုတ် နှစ်ဦးကို မြို့တော်တွင် ထားရှိရမည်ဖြစ်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-318
အခန်း ၃၁၈ ။ အစီအစဉ်များ
ထို့အပြင် ဤစစ်ပွဲကို ဖြတ်သန်းပြီးနောက် ယင်ရှီနှင့် ယဲ့ကျယ်တို့သည် နယ်စပ်ဒေသမှာ မြို့တော်ကဲ့သို့ မအေးချမ်းကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသဖြင့် ကလေးကို မြို့တော်မှာ ကျွေးမွေးပြုစုခြင်းက ပို၍ ဘေးကင်းမည်ဟု ယူဆကြသည်။
အခြားတစ်ချက်မှာ ယဲ့မိသားစု၏ လက်ရှိအဆင့်အတန်းအရ နောင်တွင် ကလေးမှာ နိမ့်ကျသော နေရာသို့ အိမ်ထောင်ပြုရမည် မဟုတ်ပေ။ ထို့ကြောင့် ငယ်စဉ်ကတည်းက ကလေး၏ အမူအရာနှင့် စည်းကမ်းများကို ပျိုးထောင်ပေးရန် လိုအပ်သည်။ နယ်စပ်ဒေသ၏ အခြေအနေမှာ မြို့တော်နှင့် မယှဉ်နိုင်ပေ။
ထို့ကြောင့် အဖန်ဖန် စဉ်းစားပြီးနောက် ကလေးကို မြို့တော်၌ပင် ချူရှီနှင့်အတူ ထားခဲ့ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ကလေးအား ချူရှီ၏အနားတွင် အဖော်အဖြစ် ထားရှိလိုသော ဆန္ဒလည်း ပါဝင်သည်။ ယဲ့ယွင်နှင့် ယဲ့ကျယ် မောင်နှမနှစ်ဦးစလုံးမှာ မိခင်အနားတွင် မရှိနိုင်ကြဘဲ ဒေါ်လေးဖြစ်သူ ယန်ရှီမှာမူ သားတစ်ယောက် သမီးတစ်ယောက်နှင့် အနားမှာ ရှိနေသဖြင့် တစ်ဦးတည်းရှိနေသော ချူရှီမှာလည်း အားကျနေရရှာသည်။
ယင်ရှီ၏ အမျိုးမျိုးသော စဉ်းစားချက်များကို ကြားပြီးနောက် ယဲ့ယွင်သည် အစ်ကိုနှင့် မရီး၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်မစွက်ဖက်ဘဲ ကလေးကို နာမည်ပေးပြီးပြီလားဟုသာ မေးလိုက်သည်။
ယင်ရှီက ခေါင်းညိတ်ကာ - "တစ်နှစ်ပြည့်တုန်းက ပေးပြီးပါပြီ။ ရှုရန် တဲ့၊ ယဲ့ရှုရန် ပါ"
"ရှုရန်... 'ရှု' က ဖြည်းညင်းတည်ငြိမ်ခြင်း အဓိပ္ပာယ်ရှိပြီး 'ရန်' ကတော့ သစ်ပင်ပန်းမန်တွေ ဝေဆာရှင်သန်ခြင်း အဓိပ္ပာယ်ရှိတယ်။ အစ်ကိုက ကလေးကို အေးအေးချမ်းချမ်းနဲ့ ကြီးပြင်စေချင်တာပဲ၊ နာမည်လေးက ကောင်းလိုက်တာ" ယဲ့ယွင်က ပြုံးလျက် ဆိုသည်။
"ဟုတ်တယ်၊ အဲဒီအဓိပ္ပာယ်ပါပဲ။ နောင်ကျရင် ရန်အာက မြို့တော်မှာပဲနေပြီး ကျွန်မနဲ့ ဟို့ရယ်ရဲ့ ကိုယ်စား အမေ့အနားမှာ ပြုစုပေးမှာပါ" ယင်ရှီက ပြောသည်။
ချူရှီ၏ မျက်ဝန်းများ အနည်းငယ် နီမြန်းလာကာ ချွေးမဖြစ်သူ၏ လက်ကို ပုတ်ပေးလိုက်သည်။ ဘာမှတော့ မပြောဖြစ်တော့ပေ။ ယခုအချိန်တွင် မတတ်သာမှုနှင့် ဝမ်းသာကြည်နူးမှုတို့ ရောပြွမ်းနေသဖြင့် ဘာပြောပြော ပိုနေပေလိမ့်မည်။
ထို့နောက် ယဲ့ယွင်သည် ဝမ်းကွဲမောင်နှမများ၏ အကြောင်းကို မေးမြန်းခဲ့သည်။ ယခုနှစ်တွင် စစ်ပွဲကြောင့် ဆောင်းဦးစာမေးပွဲကို မကျင်းပနိုင်ခဲ့သော်လည်း နွေဦးစာမေးပွဲကို ကျင်းပရန် သေချာနေပြီဖြစ်ရာ ယဲ့ဟွိုက်မှာ ဝင်ရောက်ဖြေဆိုရဦးမည် ဖြစ်သည်။
သူ၏ အိမ်ထောင်ရေးမှာလည်း လင်းမိသားစုမှ တရားဝင်သမီးနှင့် စေ့စပ်ထားပြီး ဖြစ်သည်။ ထိုမိန်းကလေးမှာ အကျင့်စာရိတ္တနှင့် ရုပ်ရည် ပြည့်စုံသူ ဖြစ်၏။ ယန်ရှီနှင့် ချူရှီတို့ ညီအစ်မနှစ်ဦးမှာ နေရာအနှံ့ စုံစမ်းပြီးမှ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ယဲ့လျန်၏ အိမ်ထောင်ရေးမှာလည်း အတော်အတန် သေချာနေပြီ ဖြစ်သည်။ ထျန်းကျန်းကဲမှ ပညာရှိကြီး လူကြီးမင်းစုန့်၏ ဒုတိယသား စုန့်ယိရှို့ နှင့် ဖြစ်သည်။ ယဲ့လျန်၏ စိတ်ထားမှာ နူးညံ့လွန်းသဖြင့် အိမ်ထောင်ဦးစီးကတော်အဖြစ် အိမ်ကို ထိန်းချုပ်ရန်မှာ သူမအတွက် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ကောင်းမွန်သော မိသားစုမှ ဒုတိယသားနှင့်သာ ပေးစားခြင်းက ဂုဏ်သရေလည်း ရှိသလို အလွန်အမင်း ပင်ပန်းစရာလည်း မလိုတော့ပေ။ ဤမိသားစုနှစ်ခုလုံးမှာ သန့်ရှင်းစင်ကြယ်သော မိသားစုများဖြစ်ကြောင်း ယဲ့ယွင် သိရှိထားသဖြင့် စိတ်အေးသွားရသည်။
တစ်နာရီခန့် စကားပြောပြီးနောက် အချင်းချင်း သတင်းဖလှယ်ကာ စိတ်ချသွားကြသည်။ ထိုအတောအတွင်း စတုတ္ထမင်းသားလေး နိုးလာသဖြင့် သူတို့အား ပြသရန် ခေါ်ထုတ်လာခဲ့သည်။ ချူရှီမှာ မြေးလေးကို အလွန်ချစ်သဖြင့် မလွှတ်တမ်း ပွေ့ချီထားတော့သည်။ သမီးဖြစ်သူ နန်းတွင်း၌ အဆင်ပြေနေသည်ကို မြင်ရသော်လည်း သူမမှာ စိုးရိမ်နေဆဲ ဖြစ်သည်။ အခြားသူများက ယဲ့ယွင်၏ ခမ်းနားထည်ဝါမှုကို မြင်ကြသော်လည်း မိခင်ဖြစ်သူကမူ သမီး၏ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရမှုကိုသာ မြင်တွေ့ရခြင်း ဖြစ်သည်။ တစ်နှစ်လျှင် တစ်ကြိမ်သာ တွေ့ဆုံရသဖြင့် ထိုအချိန်လေးကို အလွန်တန်ဖိုးထားကြသည်။
သို့သော် ဆုံစည်းမှုတိုင်းတွင် အချိန်ကန့်သတ်ချက် ရှိသည်မဟုတ်ပါလား။ ခွဲခွာကြရပြန်သည်။ သို့သော် ကလေးရှိနေခြင်းကြောင့်လား မသိ၊ ယဲ့ယွင်မှာ ယခင်ကထက် ခွဲခွာရသည်မှာ စိတ်သက်သာရာ ရနေသည်။ သူမ၏ဘေးတွင် မိမိ၏သွေးသားရင်းချာဖြစ်သော ကလေးငယ်လေး ရှိနေသည် မဟုတ်ပါလား။
.....
နှစ်သစ်ကူးပြီးနောက် နှင်းများ ထပ်မံကျလာပြန်သည်။ နှစ်သစ်ကူး ၅ ရက် ညမှ စတင်ကျလာကာ ၆ ရက်နေ့ မနက်အထိ မရပ်သေးပေ။ နှင်းကျသည်မှာ အလွန်များပြားလှသဖြင့် မိဖုရားခေါင်ကြီးက နံနက်ခင်း ဂါရဝပြုခြင်းကို ဖျက်သိမ်းလိုက်သည်။ တစ်ဖက်တွင် နှင်းကြောင့် သွားလာရ ခက်ခဲသလို၊ အခြားတစ်ဖက်တွင်လည်း သူမကိုယ်တိုင် ရက်အတော်ကြာ အလုပ်များခဲ့သဖြင့် နားယူလိုသောကြောင့် ဖြစ်သည်။
သို့သော် ထိုနေ့ နေ့လည်တွင် နှင်းခနရပ်သွားချိန်၌ နင်ချန် ရောက်လာခဲ့သည်။ သူသည် အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ကာ အပေါ်မှ မြေခွေးနက်သားဖြင့် ပြုလုပ်ထားသော ဝတ်ရုံကို ခြုံထားသဖြင့် နှင်းတောထဲတွင် အလွန်ထင်ပေါ်နေသည်။ အေးစက်သော ရာသီဥတုကြောင့် နင်ချန်၏ မျက်နှာမှာ ပုံမှန်ထက် ပို၍ ဖြူဝင်းနေကာ ပါးပြင်နှင့် နှုတ်ခမ်းများမှာ နီမြန်းနေသဖြင့် အလွန်ကြည့်ကောင်းနေတော့သည်။
ယဲ့ယွင်က ပြုံးလျက် ထွက်ကြိုသော်လည်းသူမ တံခါးဝသို့ မရောက်မီမှာပင် နင်ချန်က တားလိုက်သည်။
“အပြင်မှာ အေးတယ်၊ ထွက်မလာနဲ့"
သူသည် အိမ်ထဲသို့ အမြန်ဝင်လာကာ ဝတ်ရုံကို ချွတ်လိုက်သည်။ အစေခံများက ဖိနပ်ပေါ်မှ နှင်းများကို ခါပေးကြသည်။ သူသည် မီးဖိုဘေးတွင် အအေးဒဏ် ပျောက်သွားသည်အထိ ခနကပ်နေပြီးမှ ယဲ့ယွင်၏ ဘေးသို့ လာထိုင်သည်။
ထိုအချိန်တွင် ယဲ့ယွင်က ဇီးပန်းလက်ဖက်ရည်ကို ဖျော်ပြီးကာစဖြစ်သဖြင့် ပူပူနွေးနွေး ကမ်းပေးလိုက်သည်။ ၎င်းကို သောက်လိုက်ရသောအခါ တစ်ကိုယ်လုံး နွေးထွေးသွားတော့သည်။
"ဒါ လင်ရှီးဥယျာဉ်က ကိုယ်တို့အတူခူးခဲ့တဲ့ ပန်းတွေလား" နင်ချန်က မေးသည်။
ယဲ့ယွင်က ခေါင်းညိတ်ကာပြန်ဖြေလိုက်သည်။
“အဲဒီနေ့က အများကြီး ခူးခဲ့တာလေ။ ချန်းချဲ့က လူတွေကို အခြောက်ခံခိုင်းပြီး သေတ္တာထဲ သိမ်းထားတာ၊ နောက်ထက်
ရက်နည်းနည်းတော့သောက်လို့ ရပါသေးတယ်"
ပန်းပွင့်တိုင်းက လက်ဖက်ရည်ထဲထည့်ရန် မသင့်တော်သဖြင့် လှပပြီး ပြည့်စုံသော ပွင့်ချပ်များကိုသာ ရွေးချယ်ရသည်။ ထို့ကြောင့် ပန်းအများကြီးထဲမှ အနည်းငယ်သာ ကျန်တော့ခြင်း ဖြစ်သည်။
နင်ချန်က နောက်ထပ် တစ်ငုံသောက်ပြီးမှ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
"နေ့လည်စာ ဘာစားမလဲ။ မနက်က ဆန်ပြုတ်ပဲ သောက်ထားတာဆိုတော့ အခု ဗိုက်ဆာနေပြီ"
ယဲ့ယွင်က အပြင်ဘက်ကို တစ်ချက်ကြည့်ကာ - "ဟော့ပေါ့ စားရအောင်။ ဒီနေ့ အရမ်းအေးနေတာဆိုတော့ ဟော့ပေါ့စားတာ အကောင်းဆုံးပဲ။ မီးဖိုဆောင်ကို ဆိတ်သားနဲ့ ဂိုဂျီဘယ်ရီသီးတွေ ထည့်ခိုင်းလိုက်မယ်၊ ခန္ဓာကိုယ်အတွက် အားဖြစ်စေတယ်လေ"
နင်ချန်က ဘာမှကန့်ကွက်စရာမရှိဘဲ ခေါင်းညိတ်သည်။ ယခုအခါ ယဲ့ယွင်နှင့်အတူ စားရလျှင် ဘာစားစား သူ စိတ်မပူတော့ဘဲ ယဲ့ယွင်၏ အစီအစဉ်အတိုင်းသာ လိုက်လုပ်တော့သည်။
"စတုတ္ထမင်းသားလေးကို ပွေ့လာခဲ့ဦး၊ မတွေ့တာ ကြာပြီ" နင်ချန်က ဆိုသည်။
ဟွေယွဲ့က ချက်ချင်း သွားခေါ်သည်။
ယဲ့ယွင်က သူ့ကို စောင်းကြည့်ကာ - "အရှင်မင်းကြီးက ကလေးကိုပဲ သတိရနေတာ၊ ချန်းချဲ့ကိုကြ မတွေ့တာ ကြာပြီလို့ ဘာလို့ မပြောတာလဲ။”
"ကျင့်အာ (စတုတ္ထမင်းသားလေး) နဲ့တောင် သဝန်တိုနေတာလား" နင်ချန်က ရယ်မောကာ သူမ၏ လက်ကို ဆွဲပြီး ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်။
ရင်ခွင်ထဲ ရောက်နေသော်လည်း ယဲ့ယွင်က ငြိမ်မနေဘဲ နင်ချန်၏ နားရွက်လေးကို ဆွဲညှစ်လိုက်သည်။ "ချန်းချဲ့က အမြဲတမ်း သဝန်တိုတတ်တဲ့သူပဲ။ ဘယ်သူ့ကိုမဆို သဝန်တိုတာ၊ ကျင့်အာလည်း မလွတ်ဘူး"
"ကောင်းပါပြီ... မင်းကို သတိရတယ်လို့ အရင်မပြောမိတာ ကျန်းအမှားပါ။”
နင်ချန်က မတတ်သာသလို သူမကို ငုံ့ကြည့်ကာ နဖူးပြင်လေးကို နမ်းလိုက်သည်။ "ကျန်းလည်း ချစ်လှစွာသော ချင်းချင်းကို သတိရနေပါတယ်"
ဤအမူအရာမှာ ယဲ့ယွင်ဆီမှ သင်ယူထားခြင်း ဖြစ်သည်။ ယဲ့ယွင်သည် စတုတ္ထမင်းသားလေးကို ထိုသို့ အမြဲနမ်းတတ်သည်ကို နင်ချန်က မြင်ရဖန်များသဖြင့် တတ်မြောက်သွားခြင်း ဖြစ်သည်။
အချော့ခံလိုက်ရသော ယဲ့ယွင်မှာ ကျေနပ်သွားကာ ဆိုးနွဲ့မနေတော့ပေ။ တစ်ခါတစ်ရံတွင် ထိုသို့လေး ဆိုးနွဲ့ပြခြင်းကလည်း အချစ်အတွက် အရသာတစ်မျိုးပင် ဖြစ်သည်။
ထိုအချိန်တွင် ဟွေယွဲ့သည် နို့ထိန်းနှင့်အတူ ဝင်လာသည်။ စတုတ္ထမင်းသားလေးမှာ အဝတ်အစားများဖြင့် အထပ်ထပ်ထုပ်ပိုးထားခြင်း ခံထားရသည်။ အပြင်မှာ အေးနေသဖြင့် အနောက်ဆောင်မှ လာရာတွင် အအေးမိမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။ အိမ်ထဲရောက်သောအခါ မီးရှိန်ကြောင့် အဝတ်အစားများကို လျှော့ချပေးလိုက်သည်။
ရှစ်လသားအရွယ် စတုတ္ထမင်းသားလေးမှာ ယခင်ကထက် ပို၍ ဖော်ဖော်ရွေရွေရှိလာသည်။ သူသည် အပြုံးသန်သူဖြစ်ရာ နင်ချန်ကို မြင်သည်နှင့် ပြုံးပြတော့သည်။ သားဖြစ်သူမှာ ချစ်စရာကောင်းလှသဖြင့် နင်ချန်က သူ့ကို မြှောက်ပင့်ကာ ကစားပေးပြန်သည်။ သို့သော် စတုတ္ထမင်းသားလေးမှာ အတော်လေး လေးလာသဖြင့် ခနမြှောက်ပြီးနောက် အတော်လေး လေးသွားသည်ကို သတိပြုမိလိုက်သည်။
ကလေးကို ခုတင်ပေါ်တင်ပေးလိုက်သောအခါ သူသည် သူ့ဘာသာသူ တည်ငြိမ်စွာ ထိုင်နိုင်နေပြီဖြစ်သည်။ ဆောင်းတွင်း အဝတ်အစား ထူထူများကြောင့် ဝမ်းလျားမထိုးနိုင်သဖြင့် ထိုင်၍သာ ကစားနေရရှာသည်။
...
နေ့လည်စာ စားချိန်တွင် ဟော့ပေါ့နှင့်အတူ စတုတ္ထမင်းသားလေးအတွက် ပန်းကန်လုံးလေး တစ်လုံး ပါလာသည်။ ၎င်းမှာ ဟင်းသီးဟင်းရွက်နှင့် အသားများ ပါဝင်သော ကြက်ဥပေါင်း ဖြစ်သည်။ ကလေးအတွက် ဖြစ်သဖြင့် အလွန်နူးညံ့အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။
ယဲ့ယွင်နှင့် နင်ချန်တို့ ဟော့ပေါ့စားနေစဉ် နို့ထိန်းက ဘေးရှိ စားပွဲငယ်လေးတွင် စတုတ္ထမင်းသားလေးကို ကျွေးမွေးနေသည်။ စတုတ္ထမင်းသားလေးမှာလည်း ၎င်းကို အလွန်နှစ်သက်စွာ စားနေ၏။
နင်ချန်သည် ကလေးကို ကြည့်လိုက်၊ ယဲ့ယွင်ကို ကြည့်လိုက်ဖြင့် - ဤအမျိုးသမီးထံတွင် ကလေးထိန်းကျွမ်းကျင်သည့် အချက်သစ်ကို ထပ်မံတွေ့ရှိလိုက်ရသည်ဟု ခံစားလိုက်ရသည်။
ကလေးထိန်းတော်မှတော့ နောက်ထပ် အများကြီး ထပ်မွေးပစ်ရမည်၊ တစ်ယောက်တည်းနှင့် မလုံလောက်ပေ။
သို့သော် စတုတ္ထမင်းသားလေးကို မွေးထားသည်မှာ မကြာသေးသဖြင့် ယခုချက်ချင်း ကိုယ်ဝန်ထပ်ရရန် မသင့်တော်သေးဘဲ နှစ်အနည်းငယ်ကြာမှသာ ထပ်မံပြင်ဆင်ရမည်ဟု သူ တွေးလိုက်သည်။
ယဲ့ယွင်မှာမူ မြိန်ယှက်စွာ စားနေသဖြင့် တစ်စုံတစ်ယောက်က သူမ၏ ဗိုက်အတွက် အစီအစဉ်များ ကြိုတင်ဆွဲနေသည်ကို သတိမထားမိလိုက်ရှာပေ။
***