အခန်း (၉၃-၉၄)
Vol. 6 Ch. 93-94
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -93
အခန်း ၉၃ ။ မြင်းပေါ်မှ ပြုတ်ကျခြင်း
"ချီဝမ်... သွားစုံစမ်းကြည့်စမ်း! ဒီနေ့ ငါ့ပါးစပ်ထဲ ဝင်သွားသမျှအစားအသောက်တွေကို တစ်ခုမကျန် အသေးစိတ် စစ်ဆေးကြည့်၊ ဒီကိစ္စမှာ မသင်္ကာစရာ တစ်ခုခုတော့ ရှိနေမှာ သေချာတယ်။"
လူကြားထဲအရှက်ကွဲတာကို သည်းခံလိုက်ရပေမဲ့ နောက်ကွယ်ကသူကိုတော့ရှင်းရှင်းလင်းလင်း သိအောင်လုပ်ရမယ်။
ဧကရာဇ်က ငါ့ကို တမင်အပြစ်မပေးခဲ့ပေမဲ့ ဒီနေ့အပြင်မထွက်ဖို့ထိတောင်ပြောခဲ့တာဆိုတော့ စိတ်ထဲမှာသဘောမကျဖြစ်နေတယ်ဆိုတာ အသိအသာချည်းပဲ။
နင်ချန်နှင့် ဘဝနှစ်ခုစာ ပတ်သက်ခဲ့ဖူးသဖြင့် နင်ချန်သည် သန့်ရှင်းမှုကို အလွန်အမင်း ကြိုက်နှစ်သက်သူ ဖြစ်ကြောင်း ယောင်ရှန်း သိနေသည်။
လူအများရှေ့တွင် ထိုကဲ့သို့ အော့အန်ခဲ့မိရာ သူမအား ဘယ်လောက်တောင် ရွံရှာနေမလဲ။
တစ်ဖက်တွင်လည်း စားသောက်ပွဲ ဆက်လက် ကျင်းပလျက်ရှိရာ ယဲ့ယွင်သည် ယိမိန်ရန်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သောအခါသူမ၏စိတ်အခြေအနေ ကောင်းမွန်နေပုံရသည်ကို တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ သူမ လက်ချက်ပင် ဖြစ်လောက်သည်။
ကျွတ်... ဒီနည်းလမ်းကတော့ သူများကြံသလို ကိုယ်ပြန်ခံရသည်ဟုပင် နာမည်တပ်ရပေမည်။
သို့သော် အရှင်မင်းကြီး မသိသွားစေရန်တော့ ဆုတောင်းရမည်။ မည်သို့ပင်ဆိုစေကာမူ ယောင်ရှန်းသည် လက်ရှိတွင် နန်းတော်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသူ ဖြစ်သည်။ ယိမိန်ရန်၏ လုပ်ရပ်မှာ ပုဂ္ဂိုလ်ရေး အာဃာတကိုသာ ရှေ့တန်းတင်ပြီး ကျန်တာကို ဂရုမစိုက်ခြင်း ဖြစ်ရာ နင်ချန်သာ သိသွားပါက အခြေအနေအချိန်အခါကို မချင့်ချိန်တတ်သူဟု ထင်သွားနိုင်ပေသည်။
တကယ်တမ်းတွင်လည်း ယိမိန်ရန်သည် စစ်ဆေးမည်ကို မကြောက်ပေ။ ဤကိစ္စကို သူမက ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ခြင်း မဟုတ်ဘဲ ဗြောင်ကျကျလုပ်ခဲ့ခြင်း ဖြစ်သည်။
တော်ဝင်မုန့်ပဲသရေစာများထဲတွင် သစ်အယ်သီးမုန့်မှာ ပုံမှန်ပါဝင်လေ့ ရှိသည်။ ယခုအချိန်သည် သစ်အယ်သီးပေါ်ချိန် မဟုတ်သော်လည်း စားတော်ကဲများက အမှုန့်ကြိတ်ပြီး သိမ်းဆည်းထားတတ်သဖြင့် အချိန်မရွေး စားသုံးနိုင်သည်။
ယနေ့တွင် လူတိုင်း ပုံမှန်အတိုင်း လက်ဖက်ရည်သောက် မုန့်စားကြရာ ယောင်ရှန်း စားသော မုန့်များထဲတွင် သစ်အယ်သီးမှုန့်များ ထည့်ထားခဲ့သည်။
ဆိတ်သားနှင့် အမဲသားတို့သည် သစ်အယ်သီးနှင့် တွဲဖက်စားသုံးရန် မသင့်တော်ဘဲ စားမိပါက အော့အန်တတ်သည်။
ယောင်ရှန်းသည် သစ်အယ်သီးမှုန့် ပါဝင်သော မုန့်များကို များစွာ စားသုံးခဲ့ပြီးနောက် စားသောက်ပွဲတွင် အမဲသား၊ ဆိတ်သားများကို ထပ်မံ စားသုံးခဲ့ပြန်သည်။ ထိုနှစ်မျိုး ဓာတ်မတည့် ဖြစ်သွားသဖြင့် အာနိသင် ပြသွားခြင်း ဖြစ်လေသည်။
အမှန်တကယ်တော့ ယောင်ရှန်းတွင် ရှောင်လွှဲနိုင်မည့် အခွင့်အရေးရှိခဲ့သည်။
ထိုစဉ်က အစာစားပြီးပြီးချင်း အစာအိမ် မကောင်းသလို ခံစားခဲ့ရသော်လည်း အသားများ အစားများပြီး ရင်မချောင်ခြင်းဖြစ်မည်ဟုသာ ထင်မှတ်ခဲ့ကာ နက်နက်နဲနဲ မတွေးခဲ့မိပေ။ စားသောက်ပွဲ စတင်ခါစတွင် ထွက်ခွာသွားပါက စည်းကမ်းနားမလည်သူ ဖြစ်မည်စိုးသဖြင့် မထွက်ခွာရဲခဲ့ချေ။
ဘယ်သူ ထင်ထားမှာလဲ။ စောင့်ဆိုင်းရင်းဖြင့် အရှက်ကွဲစရာ ဖြစ်လာခဲ့ရသည်။
သို့သော် ဤတစ်ကြိမ်တွင် ယောင်ရှန်းသည် ပြဿနာကို ရှာမတွေ့ခဲ့ပေ။ ယိမိန်ရန်က သေသေချာချာ စီစဉ်ထားခဲ့သဖြင့် အပေါ်ယံကြည့်လျှင် မုန့်များမှာ မည်သည့် ပြဿနာမျှ မရှိကြောင်း တွေ့ရပြီး စစ်ဆေး၍လည်း အလကားသာ ဖြစ်နေသည်။
ဤပြဿနာမှာ ကြည့်ကောင်းလှသည် မဟုတ်သဖြင့် မည်သူမျှ ပြန်မပြောရဲကြဘဲ ပြီးဆုံးသွားလေသည်။
.....
နောက်ပိုင်း ရက်များတွင် ယဲ့ယွင်သည် အိပ်ဆောင်သို့ ဝင်ရောက်ခစားခြင်း မရှိတော့ပေ။ နင်ချန်သည် သူမတစ်ယောက်တည်းကိုသာ အလိုလိုက်နေ၍ မဖြစ်ချေ။
ယိမိန်ရန်က ယဲ့ယွင်နေရာကိုဆက်ခံပြီး သုံးရက်ဆက်တိုက် ဝင်ရောက် အမှုတော်ထမ်းလေသည်။
ထိုရက်များအတွင်း နင်ချန်သည် အမဲလိုက်ရုံ သက်သက်သာ မဟုတ်ဘဲ မင်းသားများနှင့်အတူ နိုင်ငံရေးရာ ကိစ္စအဝဝကို ဆွေးနွေးတိုင်ပင်ခဲ့ရာ အဓိက အကြောင်းအရာများသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
တစ်ခေါက်လာလျှင် လဝက်ခန့်နေရန် ရည်ရွယ်ထားသဖြင့် ပျော်ပါးနေ၍သာ မဖြစ်ပေ။
သို့သော် နေ့တစ်နေ့၏ နေ့လယ်ခင်းတွင် နင်ချန်နှင့် မင်းသားလေးပါးတို့ တဲအတွင်း၌ နယ်စပ်စစ်ရေး ကိစ္စများ ဆွေးနွေးနေကြစဉ် မင်းသမီး ယွင်ရုန် မြင်းပေါ်မှ ပြုတ်ကျကာ လက်မောင်းကျိုးပြီး မျက်နှာတွင် ကျောက်ခဲစများဖြင့် ခြစ်မိကာ ဒဏ်ရာရသွားကြောင်း သတင်း ရောက်ရှိလာလေသည်။
"တော်လန်က ငယ်ငယ်ကတည်းက မြင်းစီးလေးပစ် ကျွမ်းကျင်တာ၊ ဘယ်လိုလုပ် မြင်းပေါ်က ပြုတ်ကျရတာလဲ။"
အောက်ချီသည် ဒေါသအကြီးအကျယ် ထွက်သွားပြီး ဧကရာဇ် ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထရပ်လိုက်လေသည်။
သတင်းလာပို့သော ကိုယ်ရံတော်သည် မြေပြင်ပေါ် ဒူးထောက်လျက် တုန်ရီစွာဖြင့် လျှောက်တင်လေသည်။
"ဒီနေ့... ဒီနေ့ သခင်လေးတွေနဲ့ မင်းသမီးတွေ မြင်းယဉ်ပါးအောင် လုပ်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ အဲ့ဒါနဲ့ မြင်းကောင်းအသစ်တွေ ရောက်နေတာနဲ့ အံကိုက်ဖြစ်ပြီး ပြိုင်ကြမယ်ဆိုပြီး ထွက်လာကြတာပါ။ မင်းသမီး ယွင်ရုန် မြင်းကို ယဉ်ပါးအောင် လုပ်နေတုန်း မတော်တဆ မြင်းပေါ်က ပြုတ်ကျပြီး မြေကြီးပေါ်က ကျောက်ခဲစတွေနဲ့ မျက်နှာကို ခြစ်မိသွားတာပါ"
ရုတ်တရက် ကြုံလိုက်ရသဖြင့် အောက်ချီ၏မျက်နှာမှာ မည်းမှောင်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
ဧကရာဇ်ကို ခစားမည့် မိန်းကလေး တစ်ယောက်အနေဖြင့် ခန္ဓာကိုယ်ပေါ်တွင် အမာရွတ် အနည်းငယ်မျှပင် ရှိ၍ မဖြစ်ပေ။ ယခုမူ တော်လန်၏မျက်နှာတွင် ဒဏ်ရာရသွားခြင်း ဖြစ်သည်။
"သမားတော်ကို ခေါ်ပြီး မင်းသမီးကို ကုသခိုင်းလိုက်၊ ကျန်းလည်း လိုက်ကြည့်မယ်"
နင်ချန် မတ်တတ်ရပ်လိုက်၏။ ယခုအချိန်တွင် ဘာမှ မသိချင်ယောင်ဆောင်နေ၍ မဖြစ်ချေ။
....
သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကျင်းဖေးသည်လည်း ကိုယ်လုပ်တော်များကို ခေါ်ဆောင်ကာ တော်လန်၏တဲဆီသို့ ရောက်လာလေသည်။
ရောက်သွားသောအခါ အပြင်ဘက်တွင် လူငယ်သခင်လေးများနှင့် သခင်မလေး အများအပြား ဒူးထောက်နေကြသည်ကို တွေ့လိုက်ရသည်။
လက်ရှိတွင် အယ်အာထုန်နှင့် ကျော်လီခယ့်ထူတို့သည် အိမ်ရှေ့စံ မသတ်မှတ်ရသေးပေ။ ယနေ့ မြင်းယဉ်ပါးအောင် ပြုလုပ်ရာတွင် ပါဝင်ခဲ့သော ထိုမင်းသားကြီး နှစ်ပါး၏ သားများသည် နောင်တကြီးစွာ ရနေကြပြီဖြစ်သည်။ ဤကိစ္စကြောင့် နောင်တွင် မင်းသားရာထူး ဆက်ခံခွင့်နှင့် လွဲသွားမည်ကို စိုးရိမ်နေကြသည်။
သူတို့က သားသမီးအရင်းများဖြစ်၍ တော်သေးသည်။ အချို့မှာ အောက်ချီနှင့် ချင်းကော်အာထိုက်တို့၏ မောင်နှမများဖြစ်ကြရာ ဖခင်လက်အောက်တွင် နေရသည်ထက် ညီအစ်ကိုလက်အောက်တွင် နေရသည်က ပိုဆိုးရွားသဖြင့် အခြေအနေမှာ ရင်လေးစရာ ကောင်းနေသည်။
အောက်ချီ၏ ဖအေတူမအေကွဲ ညီမနှစ်ယောက်ဆိုလျှင် လန့်ပြီး ငိုနေကြပြီ ဖြစ်သည်။
သို့သော် လောလောဆယ်တွင် သူတို့ကို မည်သူမျှ ဂရုမစိုက်နိုင်ပေ။ တဲအတွင်း၌ သမားတော်က တော်လန်၏အရိုးကို ဆက်ပေးနေသည်။
ကံဆိုးချင်တော့ ဒဏ်ရာရသွားသည်မှာ ညာဘက်လက်မောင်း ဖြစ်နေသည်။ ကောင်းမွန်အောင် မဆက်နိုင်ပါက လူရာမဝင် ဖြစ်သွားပေလိမ့်မည်။
ကံကောင်းသည်မှာ သမားတော်က စွမ်းရည်ရှိသဖြင့် အရိုးပြန်ဆက်ပေးနိုင်ခဲ့သည်။
"သမားတော်... မင်းသမီးရဲ့ ဒဏ်ရာက ဘယ်လိုနေလဲ" နင်ချန်က မေးလိုက်သည်။
"အရှင်မင်းကြီး... မင်းသမီးရဲ့ လက်မောင်းက လအနည်းငယ်လောက် ကောင်းကောင်း အနားယူလိုက်ရင်၊ ပြီးတော့ စိတ်လိုလက်ရ မလှုပ်ရှားဘဲ၊ အားမစိုက်ဘဲနေရင် ပြဿနာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ မျက်နှာပေါ်က ဒဏ်ရာကတော့..." သမားတော်က စကားကို ရပ်လိုက်၏။
"ဒဲ့ပြောစမ်းပါ၊ ငါ့ညီမရဲ့ မျက်နှာက ဘယ်လိုဖြစ်သွားတာလဲ" အောက်ချီ၏ မျက်လုံးများ မှောင်မိုက်သွားသည်။
သမားတော်က သူ့ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
"မင်းသမီး မျက်နှာပေါ်က ဒဏ်ရာက ရှည်လွန်းပါတယ်။ ဘယ်ဘက်နားရွက်ကနေ ပါးစပ်ထောင့်အထိ ရောက်ပါတယ်။ ပါးရိုးနေရာက ဒဏ်ရာက နည်းနည်းနက်တယ်။ ပြီးတော့ ကျောက်ခဲစနဲ့ ခြစ်မိတာဆိုတော့ ဒဏ်ရာထဲမှာ သဲတွေမြေကြီးတွေ အများကြီး ဝင်သွားပါတယ်။ အမာရွတ် ကျန်ခဲ့ပါလိမ့်မယ်"
အတွင်းဘက် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာတွင် ပတ်တီးစည်းထားသော တော်လန်သည် ဤစကားကို ကြားသောအခါ ငိုသံ မထွက်အောင် အံကိုတင်းတင်းကြိတ်ထားလိုက်လေသည်။
"အမာရွတ် မကျန်အောင် လုပ်လို့ရတဲ့ တခြားနည်းလမ်း မရှိဘူးလား။ အကောင်းဆုံးဆေးတွေ သုံးပေးလိုက်ပါ"
နင်ချန် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာမကောင်း ဖြစ်သွား၏။
အောက်ချီကို သူ သဘောကျသည်။ အောက်ချီ၏ညီမ နန်းတွင်းဝင်လာလျှင် ကျားစခ်ကို ထိန်းချုပ်နိုင်သလို အယ်အာထုန်နှင့် ကျော်လီခယ့်ထူတို့ကိုလည်း ဖိနှိပ်ထားနိုင်မည်ဖြစ်ရာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်သည်။
သမားတော်က ခေါင်းခါလိုက်သည်။ "အကောင်းဆုံးဆေး သုံးရင်တောင် ဒဏ်ရာက ရှည်လွန်းပြီး နက်လွန်းတဲ့အတွက် အမာရွတ် ပါးသွားရုံလောက်ပဲ ရှိမှာပါ။ အရာကတော့ ထင်ကျန်နေမှာပါပဲ"
"စစ်ဆေး... ငါ့ကို စစ်ဆေးပေးစမ်း၊ တော်လန်က မြင်းရိုင်းတွေ ဘယ်လောက်တောင် ယဉ်ပါးအောင် လုပ်ခဲ့ဖူးလဲ။ ဘယ်လိုလုပ်ပြီး မတော်တဆ ဖြစ်ရမှာလဲ" အောက်ချီသည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ဒီအခြေအနေ ရောက်မှတော့ တော်လန်၏မျက်နှာတွင် အမာရွတ်ကျန်တော့မည်ဖြစ်ရာ နန်းတွင်းဝင်ရန် မဖြစ်နိုင်တော့ပေ။ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ရသဖြင့် မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
ကျော်လီခယ့်ထူက မျက်လုံးကို အသာမှေးကာ ပြောလိုက်သည်။
"အရှင်မင်းကြီး ဒီမှာ ရှိနေတာပဲ။ ဒီကိစ္စ ဘယ်လိုလုပ်မလဲဆိုတာ ပထမမင်းသားကြီးအနေနဲ့ အရှင်မင်းကြီးရဲ့ သဘောထားကို အရင် နားထောင်သင့်တယ် မဟုတ်လား။"
"မင်း ဝင်မပါနဲ့၊ မင်း ဘာကြံနေလဲ ငါ မသိဘူး မထင်နဲ့။"
အောက်ချီသည် အံကြိတ်ထားသဖြင့် နဖူးမှ သွေးကြောများ ထောင်ထလာသော်လည်း နင်ချန်ဘက်သို့ လှည့်ကာ ဒူးထောက်လိုက်သည်။
"ကျွန်တော်မျိုး ထင်မြင်မိတာကတော့ ဒီကိစ္စမှာ မသင်္ကာစရာ ရှိပါတယ်။ ကျွန်တော်မျိုးရဲ့ ညီမက ဒီလောက်အထိ ပေါ့ဆမှာ မဟုတ်ပါဘူး။ ဒီကိစ္စကို အသေးစိတ် စစ်ဆေးခွင့်ပြုဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်"
"ကောင်းပြီ... မင်းသမီးရဲ့ မြင်းစီးလေးပစ် စွမ်းရည်ကို ကျန်းကိုယ်တိုင်လည်း တွေ့ဖူးပါတယ်။ တကယ်ပဲ ထူးချွန်ပါတယ်။ ပထမမင်းသားကြီး စိတ်မချရင် စစ်ဆေးကြည့်ပါ။ လိုအပ်တာရှိရင် ကျန်းကို လာပြောပါ"
နင်ချန်က ငြင်းပယ်မည် မဟုတ်ပေ။ ကျားစခ်က မင်းသားကြီး လေးပါးကြားက ပတိပက္ခများကို သူ မြင်တွေ့နေရသည်။
ဒီတစ်ကြိမ်တော်လန်၏မျက်နှာ ဒဏ်ရာရတာကလည်း တစ်ယောက်ယောက်ကြံစည်လိုက်တာ ဖြစ်နိုင်သည်။
ဖြစ်ပျက်ခဲ့သောကိစ္စများကြောင့် နိုင်ငံရေးဆွေးနွေးသည့် ကိစ္စများကိုရပ်စဲလိုက်သည်။
တော်လန်ကို ဆေးဝါးများစွာ ပေးသနားပြီးနောက် လူတိုင်း ထွက်လာခဲ့ကြသည်။
ယဲ့ယွင် ပြန်ရန် ပြင်လိုက်စဉ် ယွမ်ကျိုက လှမ်းတားလိုက်၏။
"ကျယ်ယွီ... အရှင်မင်းကြီးက စကားပြောချင်လို့တဲ့ ခေါ်ခိုင်းလိုက်ပါတယ်။"
ယဲ့ယွင် မျက်လွှာချလိုက်ပြီး စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိလိုက်ကာ ခေါင်းညိတ်ပြီး ယွမ်ကျိုနောက်သို့ လိုက်ပါသွားလေသည်။
နောက်ဘက်မှ ယောင်ရှန်းသည် သူမ၏ကျောပြင်ကို စိုက်ကြည့်ရင်း မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ယှက်သန်းနေ၏။
"ကြည့်နေတုန်းလား၊ နင် ဘယ်လောက်ပဲ အားကျနေပါစေ၊ နင့်အလှည့် မရောက်ပါဘူး။"
ယိမိန်ရန်က မဲ့ရွဲ့ပြောဆိုပြီး သူမဘေးမှ ဖြတ်လျှောက်သွားလေသည်။
ယောင်ရှန်း အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဒေါသကို မြိုသိပ်ကာ ပြန်မပြောဘဲ နေလိုက်သည်။
အချိန်အခါကောင်း ရောက်တော့မည်။ သူမ သည်းခံထားရမည်။
ယဲ့မျိုးရိုး၊ ဝူမျိုးရိုး... တစ်ယောက်ပြီး တစ်ယောက် သူမထပ်အရင်အရှင်းခံရမည့်သူတွေချည်းသာ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-94
အခန်း ၉၄ ။ လက်ထပ်ပွဲ ချီးမြှင့်၍ နှစ်သိမ့်ခြင်း
"ဒီနေ့ဖြစ်တဲ့ ကိစ္စကို မင်း ဘယ်လိုမြင်လဲ"
နင်ချန်သည် ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကိုကိုင်ကာ ရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။
"အရှင်မင်းကြီးက ဒီချန်းချဲ့ကို အမြဲမေးနေတာပဲ။ ဒီချန်းချဲ့က အကြောင်းစုံမှ မသိတာ။ လျှောက်ပြောမိလို့ မှားသွားရင် ဘယ်လိုလုပ်မလဲ။"
ယဲ့ယွင်သည် စကားဆက်မပြောနိုင်တော့ပေ။ သိတာများလွန်းလျှင် သေတာမြန်သည်ဟု ဆိုကြသည် မဟုတ်လား။ သူမက ထိုကဲ့သို့ ပြဿနာကိုဝေးဝေးကရှောင်ချင်ပေသည်။ အထူးတလည် ဆက်ဆံခံရတာမျိုး မလိုချင်ပေ။
နင်ချန်က ပြုံးလျက် လက်ယပ်ခေါ်ပြီး သူမကို သူ့နား လာထိုင်ရန် အမူအရာပြလိုက်သည်။
"မင်း ပြောချင်တာ ပြောလို့ရပါတယ်။ ကျန်း အပြစ်မယူဘူး။"
မူလက သူ့စိတ်အခြေအနေ သိပ်မကောင်းသော်လည်း ယဲ့ယွင်က ဤသို့ အရွှန်းဖောက်လိုက်သဖြင့် စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
"အရှင်မင်းကြီးက နားထောင်ချင်မှတော့ ဒီချန်းချဲ့က ပွင့်ပွင့်လင်းလင်း ပြောတာကို စိတ်မရှိနဲ့နော်။ ချန်းချဲ့အမြင်ကတော့ မင်းသမီး မြင်းပေါ်က ပြုတ်ကျတာက တစ်ယောက်ယောက် တမင်သက်သက် လုပ်တာ သေချာပါတယ်။ အနည်းဆုံးတော့ ဟို စူးဒီယာမင်းသမီးနဲ့ မကင်းနိုင်ဘူး။"
ယဲ့ယွင် ပြောလိုက်၏။
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ကျော်လီခယ့်ထူက ဒီလောက်အထိ မလုပ်ရဲလောက်ပါဘူး။ သူသာ လက်လွန်တာဆိုရင် ဒါက ကျန်းကို အာခံတာပဲ။ ပြီးတော့ အောက်ချီကိုလည်း အသေအလဲ ရန်စတာပဲလေ။ သူ့သမီး နန်းတွင်းထဲ ဝင်လာရင်တောင် အချစ်ခံရမယ်လို့ မသေချာဘူး။ စွန့်စားရတာ အရမ်းများတယ်။ စစ်ဆေးလို့ ပေါ်သွားတာနဲ့ အရှုံးက အမြတ်ထက် များသွားမှာ။"
"ကျော်လီခယ့်ထူ လုပ်တာ မဟုတ်ရင် သံသယမဝင်နိုင်ဘူးလား၊ ဟိုမင်းသမီး ကိုယ်တိုင်ကရော စည်းစိမ်ဥစ္စာ လိုချင်တာ မဖြစ်နိုင်ဘူးလား။ အဲ့ဒီမင်းသမီး အရှင်မင်းကြီးကို ကြည့်တဲ့ အကြည့်တွေကို ဒီချန်းချဲ့ မြင်ဖူးတယ်။ တော်တော်လေးကို မြတ်နိုးနေတဲ့ ပုံစံမျိုးလေ။ မိန်းကလေးတွေရဲ့ မနာလိုဝန်တိုစိတ်ကို အရှင်မင်းကြီး လျှော့မတွက်နဲ့နော်။"
ယဲ့ယွင် နှုတ်ခမ်းဆူလိုက်သည်။
"အစက အောက်ချီက ဘာလို့ သူ့ညီမအရင်းကိုပဲ တွန်းပို့ချင်နေရတာလဲဆိုတာ ဒီချန်းချဲ့ နားမလည်ခဲ့ဘူး။ ဒီနှစ်ရက်အတွင်းမှ အတွင်းရေးတချို့ကို သိလာရတာ။ အဲ့ဒီမင်းသားမှာ မင်းသမီး ယွင်ရုန်ကလွဲရင် အရွယ်ရောက်တဲ့ ညီမ မရှိတော့ဘူးတဲ့။ ကျန်တဲ့နှစ်ယောက်က တစ်ယောက်က ၁၃ နှစ်၊ တစ်ယောက်က ၁၀ နှစ်ဆိုတော့လေ၊ အခု မင်းသမီး ယွင်ရုန် နန်းတွင်းထဲ မဝင်နိုင်တော့ဘူးဆိုတော့ အရှင်မင်းကြီးအနေနဲ့ အောက်ချီကို နှစ်သိမ့်ပေးရဦးမယ်။ ကျားစခ်ကိုလည်း သိမ်းသွင်းရဦးမယ်။ တကယ့်ကို ခက်တာပဲနော်။"
"ကျန်း ခက်ခဲနေတာသိသားနဲ့ မင်းလေးက မျက်ကွယ်ပြုပြီးအကြံမပေးဘဲ နေတော့မလို့လား။”
နင်ချန် လက်ယားလာသဖြင့် လှမ်းပြီး သူမပါးကို ဆွဲလိုက်လေသည်။
ယဲ့ယွင်သည် ဒီခွေးဧကရာဇ်က သူမကို ဆွဲဆိတ်ရတာ ပိုပိုပြီး ကြိုက်လာသည်ကို တွေးပြီး မကျေမနပ် ဖြစ်သွားကာမကောင်းဆိုးဝါးလက်ကို ပုတ်ထုတ်ပြီး ပါးကို ပွတ်လိုက်၏။
"အရှင်မင်းကြီး နောက်ဆိုဒီလိုကိစ္စမျိုးတွေ လျှော့မေးပါ။ အနောက်ဆောင်က နိုင်ငံရေး ဝင်မစွက်ဖက်ရဆိုတဲ့ စည်းမျဉ်းက အလကား ဖြစ်နေပြီ။ ဒီချန်းချဲ့က အသက်
ရှည်ရှည် နေချင်ပါသေးတယ်။"
"ကျွတ်... ကျန်း ပြောပြီးပြီပဲ။ မင်းကိုအပြစ်မယူပါဘူးဆို"
ဤမိန်းကလေး၏ရဲတင်းမှုကို နင်ချန် ပိုပြီး သဘောကျလာသည်။ အပုတ်ခံရခြင်းကြောင့်စိတ်မဆိုးသည့်အပြင် ပျော်
တောင်ပျော်နေသေးသည်။
ယောက်ျားများ၏ဗီဇအရ ထိုကဲ့သို့ပင် ညစ်တီးညစ်ပတ်နိုင်ပေသည်။ ဟင်းရွက်ပြုတ်တွေ စားရတာ များလာတော့ ငရုတ်သီးစိမ်းလေးကို သဘောကျလာတတ်သည်။ စပ်လို့ နာနေတာတောင် ပိုစားချင်နေတတ်သည်။
ယဲ့ယွင်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး အသက်ရှူမှန်အောင်ညှိကာ ပြောလိုက်သည်။
"လက်ရှိ အခြေအနေအရဆိုရင် အရှင်မင်းကြီးက အောက်ချီကို သေချာပေါက် ထောက်ခံပေးရမှာပဲ။ သူက ငယ်သေးတယ်၊ အခြေခံအုတ်မြစ် မခိုင်မာသေးဘူး။ အရှင်မင်းကြီးကို တကယ် မှီခိုဖို့ လိုအပ်နေတာ။ ဒါမှ အရှင်မင်းကြီးက သူ့ကို ထိန်းချုပ်ထားနိုင်မှာ။ သူ့ကို အသုံးချပြီး ကျန်တဲ့ မင်းသားတွေကို ဖိနှိပ်ထားလို့ ရမှာလေ။ အယ်အာထုန်နဲ့ ကျော်လီခယ့်ထူက မရိုးသားကြဘူး။ ဒါပေမဲ့ အယ်အာထုန်က ငြိမ်ပါသေးတယ်။ လက်ခံပေးလို့ ရတယ်။ ကျော်လီခယ့်ထူကတော့ ရည်မှန်းချက်ကြီးလွန်းတယ်။ ဒီချန်းချဲ့ အမြင်အရဆိုရင်တော့ အရှင်ထားလို့ မဖြစ်ဘူး။"
နင်ချန်သည် ဒီအထိ နားထောင်ပြီးသောအခါ မသိမသာ ပြုံးလိုက်မိသည်။ ဒီမိန်းကလေးက သူတွေးထားတာနဲ့ တစ်ထပ်တည်း ကျနေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
ယဲ့ယွင်က သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
"ကျော်လီခယ့်ထူကို သေစေချင်ရင် လွယ်ပါတယ်။ ဒါပေမဲ့ သူသေသွားရင် မူလက အားနည်းနေတဲ့ အောက်ချီက အသာစီးရသွားလိမ့်မယ်။ အခု မင်းသမီး ယွင်ရုန်က နန်းတွင်းထဲ မဝင်နိုင်တော့ဘူး။ စူးဒီယာက နန်းတွင်းထဲ ဝင်ချင်နေမှတော့ အရှင်မင်းကြီး သူ့ကို လက်ခံလိုက်ပါလား။ ပြီးရင် တတိယမင်းသား နေရာကို တခြားတစ်ယောက်နဲ့ အစားထိုးလိုက်။ ဒါဆိုရင် သူတို့ အချင်းချင်း အားပြိုင်နေကြဦးမှာပဲ။"
"အောက်ချီအတွက်ကျတော့ သူ့ညီမကို အရှင်မင်းကြီးဆီ မဆက်သနိုင်တော့ဘူးဆိုတော့ အရှင်မင်းကြီးဆီမှာ ညီမတွေ အများကြီး ရှိတာပဲ။ ဆွေတော်မျိုးတော်တွေထဲက သင့်တော်တဲ့တစ်ယောက် ရွေးပြီး သူ့ဆီ ပို့ပေးလိုက်ပေါ့။ အောက်ချီမှာ အခုထိ ကြင်ယာတော်ကြီး မရှိသေးဘူးမလား၊ သိပ်ကွက်တိပဲလေ။"
အဲ့ခွေးဧကရာဇ်က သူ့ညီမအရင်းကိုစိတ်ကူးနဲ့တောင်ပေးမှာ မဟုတ်ဘူးဆိုတာလောင်းရဲတယ်။
"မင်းက ယောက်ျားလေး မဟုတ်တာ နှမြောစရာပဲ။ ဒီလောက် ဉာဏ်ပညာကြီးတာ။ နောင်တစ်ချိန်ကျရင် အမတ်ချုပ် ဖြစ်မယ့်သူပဲ"
နင်ချန် ရယ်မောလိုက်၏။ သူမကို ကြည့်သည့် အကြည့်များက ပို၍ ပြင်းပြလာသည်။
"ဒီချန်းချဲ့က မလုပ်ချင်ပါဘူး။ ယောက်ျားလေး ဖြစ်သွားရင် ဒီလို လှပတဲ့ လက်ဝတ်ရတနာတွေ အဝတ်အစားတွေ ဘယ်ဝတ်ရတော့မလဲ။"
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး ထိုင်ရာမှထကာ နင်ချန်၏ရင်ခွင်ထဲသို့ အလိုက်ကမ်းဆိုး မသိ ဝင်ထိုင်လိုက်လေသည်။
"ဒီချန်းချဲ့ကလေ... ဆန်ပိုးကောင်လေးပဲလုပ်ပြီး အရှင်မင်းကြီး ကျွေးတာကို တစ်သက်လုံး ထိုင်စားချင်တာ။"
"မင်းတစ်ယောက်စာကိုတော့ ကျန်း ကျွေးနိုင်ပါသေးတယ်။”
နင်ချန်က အလိုက်သင့်ပင် သူမကို ဖက်ထားလိုက်သည်။
"တောင်ဘက်က လာမယ့် ပိုးထည်တွေ ရောက်ခါနီးပြီ၊ ရောက်ရင် မင်းကို ပိုပေးမယ်။”
"ဒါဆိုရင် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီချန်းချဲ့ ခေါင်းပေါ်က ဆံထိုးတွေ၊ လက်ကောက်တွေကလည်း ဟောင်းနေပြီ။”
ယဲ့ယွင်က မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ဗြောင်လိမ်ကာ ချွဲနေခဲ့သည်။ ဒီနေ့ သူမ ဝတ်ဆင်ထားသည်များမှာ ဒီနှစ်မှ ရထားသည်များ ဖြစ်ပြီး မဝတ်ရသေးသောလက်ဝတ်ရတနာများလည်း အများကြီး ကျန်သေးသည်။
"လောဘကြီးလိုက်တာ"
နင်ချန်က သူမ နှာခေါင်းကို ဆွဲလိုက်သည်။
"ကျန်းက မင်းကို လျှော့ပေးမှာမို့လို့လား။"
ယဲ့ယွင် တခစ်ခစ် ရယ်မောပြီး ရှက်သွားသည့်ဟန်ဖြင့် သူ့ရင်ခွင်ထဲ မျက်နှာအပ်လိုက်လေသည်။
မင်းသမီး ယွင်ရုန် မြင်းပေါ်မှ ပြုတ်ကျပြီး မျက်နှာပျက်စီးသွားသည့်ကိစ္စမှာ နောက်ဆုံးထိ သဲလွန်စ တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် ကိုယ့်ဘာသာ ပြုတ်ကျသည်ဟုသာ သတ်မှတ်လိုက်ရသည်။
တော်လန်သည် မျက်နှာတွင် ဒဏ်ရာရသွားသဖြင့် လူသူမတွေ့လိုတော့ပေ။ သူများအကွက်ထဲ ဝင်သွားပြီး နန်းတွင်းထဲ မဝင်ရောက်နိုင်တော့သဖြင့် နောင်တရနေသလို၊ နောက်ကွယ်မှ တရားခံအား သူမမျက်နှာ ပျက်စီးသွားသည်အထိ ရက်စက်လွန်းသဖြင့်လည်း နာကျည်းမုန်းတီးနေမိသည်။
မိန်းကလေးတစ်ယောက်အတွက် ရုပ်ရည်အဆင်းက အလွန်အရေးကြီးသည်ဟုခံယူထားချင်ဖြစ်သည်။ ယခုကဲ့သို့အပြစ်အနာအဆာရှိနေသဖြင့် နောင်တွင် သူမအား လက်ထပ်ချင်သူရှိမည်မဟုတ်တော့ပေ။
အောက်ချီသည် ညီမဖြစ်သူအတွက် စိတ်မကောင်း မဖြစ်သည်တော့ မဟုတ်ပေ။ သို့သော် နောက်ကွယ်မှ လက်သည်က အစအန မကျန်အောင် သန့်ရှင်းလွန်းသဖြင့် သူ ဘာမှမတတ်နိုင်ဘဲ လက်ခံလိုက်ရသည်။
နင်ချန်သည် အောက်ချီကို နှစ်သိမ့်သည့်အနေဖြင့် ဆွေတော်မျိုးတော် မင်းသားတစ်ပါး၏ ကိုယ်လုပ်တော်မှ မွေးဖွားသော သမီးကို ကုလွမ်မင်းသမီးဘွဲ့ ပေးကာ သူ့အား တရားဝင် ဇနီးသည်အဖြစ် လက်ထပ်စေခဲ့သည်။ သို့မှသာ အောက်ချီ၏စိတ်ကို အနည်းငယ် ပြေလျော့စေခဲ့သည်။
သို့သော် ထိုကိစ္စမှလွဲ၍ နင်ချန်ဘက်မှ ထပ်မံလှုပ်ရှားခြင်း မရှိသဖြင့် မျှော်လင့်နေသူများကို စိတ်ပူပန်စေခဲ့သည်။
သခင်မဟန်နှင့် သမီးဖြစ်သူ စူးဒီယာတို့သည် နေ့တိုင်း ရင်တမမ ဖြစ်နေရသော်လည်း အပြင်ပန်းတွင်မူ အရိပ်အယောင်မျှ မပြရဲကြပေ။ ဤကိစ္စကို သားအမိနှစ်ယောက် ကျော်လီခယ့်ထူ မသိအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ မအောင်မြင်ပါက အကျိုးဆက် လှပမည် မဟုတ်ချေ။
အောက်ချီအား လက်ထပ်ပွဲ ချီးမြှင့်ပြီး နှစ်ရက်အကြာတွင် နင်ချန်က အမိန့်တော်ပြန်တမ်း ထုတ်ပြန်လိုက်သည်။ တတိယမင်းသား ကျော်လီခယ့်ထူ၏သမီး စူးဒီယာကို နန်းတွင်းသို့ ဝင်ရောက် အမှုထမ်းစေပြီး အဆင့် ၆ ဝမ်ရုန် ရာထူး ပေးသနားလိုက်သည်။
သူမ၏နာမည်က ရှည်လွန်းပြီး ခေါ်ရခက်သဖြင့် ဟန်မျိုးရိုးအမည် "စု" ကို ပေးသနားလိုက်ရာ နောင်တွင် "စုဝမ်ရုန်" ဖြစ်လာလေသည်။
စူးဒီယာသည် အမိန့်တော်ကို လက်ခံရရှိသောအခါ အလွန် ဝမ်းမြောက်သွားသည်။ ဆက်လက်ပြီး အိပ်ဆောင် ဝင်ရောက်ခစားရမည်ဟု ထင်မှတ်ခဲ့သော်လည်း နင်ချန်က စည်းကမ်းထုံးစံများ ရှိသေးသည်ဟုဆိုကာ မြို့တော်သို့ ပြန်ရောက်မှသာ အစီအစဉ်များ ပြုလုပ်မည်ဟု ပြောလိုက်သည်။ လက်ရှိတွင် ဝမ်ရုန် ဖြစ်နေပြီ ဖြစ်သော်လည်း မိဘများနှင့်သာ ဆက်လက်နေထိုင်ရလေသည်။
မူလကတည်းက အဆင့် ၆ သာ ပေးသဖြင့် နိမ့်ကျနေပြီး အိပ်ဆောင်ဝင်ခွင့်လည်း မပြုသေးသဖြင့် စူးဒီယာ၏အနေအထားမှာ အူကြောင်ကြောင်ဖြစ်နေလေသည်။
အရှင်မင်းကြီးသည် ဤစုဝမ်ရုန်ကို သိပ်ပြီး သဘောမကျကြောင်း လူတိုင်း မြင်သာစေခဲ့သည်။
သို့သော် စူးဒီယာအတွက်မူ ဤမျှဆိုလျှင် လုံလောက်နေပြီဖြစ်သည်။ အနည်းဆုံးတော့ သူမသည် မြက်ခင်းပြင်မှလွတ်မြောက်ကာ သူမ မျှော်လင့်တောင့်တခဲ့သော ဘဝကို သွားရောက် နေထိုင်ရတော့မည်။ ငယ်ရွယ်ချောမောသော ခင်ပွန်းသည်လည်းရှိနေပြီဖြစ်ရာ သူမ၏ အလှအပကို အသုံးချပြီး သေချာပေါက် အချစ်တော် ဖြစ်လာအောင် လုပ်နိုင်မည်ဟု ယုံကြည်နေသည်။
မင်ကျယ်ယွီလိုမျိုးပေါ့။
ကျားစခ်သို့ ရောက်ရှိသည်မှာ ဆယ်ရက်သာ ရှိသေးသော်လည်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ နောက်ထပ် ငါးရက်နေလျှင် မြို့တော်သို့ ပြန်ကြတော့မည်ဖြစ်ရာ လူတိုင်း ပင်ပန်းနွမ်းနယ်နေကြပြီး လာကာစကကဲ့သို့ စိတ်လှုပ်ရှားမှုများ မရှိကြတော့ပေ။
နောက်တစ်ချက်က ဤနေရာရှိ အစားအသောက်များမှာ နန်းတော်ထဲရှိ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် စုံလင်မှုနှင့် ယှဉ်လျှင် နည်းပါးလွန်းလှပြီး ဤရက်များအတွင်း အမဲသား၊ ဆိတ်သားများသာ စားခဲ့ရသဖြင့် လူတိုင်း မနေတတ် မထိုင်တတ် ဖြစ်လာကြသည်။
ထို့ကြောင့် ငါးမျှားစားလျှင် ကောင်းမည်ဟု ရုတ်တရက် စိတ်ကူးမိကြသည်။ တောင်ဘက်တွင် မြစ်တစ်စင်း ရှိသည်ကို လူတော်တော်များများ သိထားကြသည်။
ထိုမြစ်က မကျယ်လှပေ။ ခြောက်မီတာ၊ ခုနစ်မီတာခန့်သာ ရှိသော်လည်း မည်သည့်နေရာမှ စီးဆင်းလာမှန်း မသိရဘဲ အလွန်ရှည်လျားသည်ဟု ဆိုသည်။
မြစ်၏ ဘယ်ဘက်ကမ်းတွင် နွားနှင့် မြင်းများကို ရေတိုက်လေ့ရှိပြီး မြေပြင်မှာညီညာပြန့်ပြူးသည်။ တစ်ဖက်ကမ်းတွင်မူ လူတစ်ရပ်ခွဲခန့် မြင့်သော ခြုံပုတ်များ စိမ်းစိုစွာ ပေါက်ရောက်နေသည်။
ဧကရာဇ် ငါးမျှားထွက်မည် ဆိုပါက ချက်ချင်း ထသွား၍ မရပေ။ တစ်ရက် ကြိုတင်ပြီး လူလွှတ်ကာ ပြင်ဆင်ခိုင်းထားရပေသည်။
ငါးမျှားခြင်းသည် အမဲလိုက်သလို ခက်ခဲခြင်း မရှိသဖြင့် အမျိုးသမီးများပါ လိုက်ပါပျော်ပါးနိုင်ရာ လူတိုင်း ပြန်လည် တက်ကြွလာကြသည်။
အပျော်မက်သော ယဲ့ယွင်မှလွဲလျှင် ယောင်ရှန်းသည် အပျော်ဆုံး ဖြစ်လောက်သည်။ နှုတ်မှ ထုတ်မပြောသော်လည်း မျက်လုံးထဲရှိ မျှော်လင့်ချက်များကို အတိုင်းအတာ တစ်ခုအထိ မြင်တွေ့နေရသည်။
သို့သော် ဤအချိန်တွင် သူမကို မည်သူမျှ အာရုံမစိုက်ခဲ့ကြပေ။
***