← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 10 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 10 Ch. 147-148

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-147

အခန်း ၁၄၇ ။ ကန့်လန့်ကာ

နေ့လယ်စာ သုံးဆောင်ချိန်တွင် သူမကြိုက်နှစ်သက်သော ဟင်းပွဲများ ပြည့်နေသည်ကိုကြည့်ပြီး ချူရှီ မျက်ရည်ဝဲလာခဲ့သည်။

သမီးဖြစ်သူ၏ သိတတ်နားလည်မှုက သူမကို ပို၍ စိတ်ထိခိုက်စေသည်။

ထိုအချိန်အတွင်း နင်ချန်သည် အထူးဟင်းပွဲနှစ်ပွဲကို လက်ဆောင်ပေးလိုက်သဖြင့် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ပြသရာရောက်လေသည်။

သမီးဖြစ်သူသည် အချစ်တော်ဖြစ်နေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် ချူရှီ စိတ်အေးသွားရသည်။

......

ယွီရှို့အဆောင်တွင် ပျော်ရွှင်နေကြသော်လည်း အခြားသူများမှာမူ မနာလိုဝန်တိုစိတ်များဖြင့် ပြည့်နှက်နေကြ၏။

ဝမ်သယ့်ဖေးသည် ဒေါသထွက်လွန်းသဖြင့် လက်ဖက်ရည်ပန်းကန် တစ်စုံလုံးကို ရိုက်ခွဲပစ်လိုက်သည်။

သူမ၏မွေးနေ့တွင် မိသားစုဝင်များကို ခေါ်ယူခွင့်မရခဲ့ဘဲ ယဲ့ယွင်ကဲ့သို့ ကျယ်ယွီအဆင့်သာရှိသော မိန်းမတစ်ယောက်က ဘာအရည်အချင်းနဲ့ခေါ်ယူခွင့်ရနေတာလဲဟုသာ တွေးနေမိသည်။

သို့သော် သူမ၏ မိသားစုသည် မြို့တော်နှင့် ဝေးကွာသောနေရာတွင် ရှိနေသည်ကိုမူ သူမ မတွေးမိပေ။

လူတစ်ယောက်သည် အစွဲအလမ်းကြီးလာလျှင် ပို၍ နက်ရှိုင်းစွာ နစ်မွန်းသွားတတ်သည်။

....

သို့သော် ဤအရာများသည် ယဲ့ယွင်၏စိတ်ခံစားချက်ကို ထိခိုက်စေခြင်း မရှိပေ။ မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေ့လယ်စာစားပြီးမှ နှုတ်ဆက်လိုက်သည်။

သူမသည် ဧကရာဇ်၏ကိုယ်လုပ်တော်ဖြစ်၍ ယခင်ကကဲ့သို့ မဟုတ်ဘဲ စည်းမျဉ်းများရှိသောကြောင့် ဝေးဝေးလိုက်မပို့နိုင်ပေ။ ဟွေယွဲ့နှင့် ပိုင်ရှုကိုသာ မိသားစုဝင်များနှင့် ပြင်ဆင်ထားသော ပစ္စည်းများကို လိုက်ပို့ခိုင်းလိုက်ရသည်။

နှစ်ယောက်သား ပြန်ရောက်လာသောအခါ စာအိတ်နှစ်ခုကို သူမအား ပေးလေသည်။ တစ်ခုက ထူထဲပြီး တစ်ခုက ပါးသည်။

"ကျယ်ယွီ၊ ဒါက သခင်မကြီးနဲ့ ဝမ်းကွဲသခင်မလေး ပေးလိုက်တာပါ။"

ဟွေယွဲ့က တိုးတိုးလေး ပြောလိုက်သည်။

ယဲ့ယွင် ကြောင်အသွားပြီး စိတ်ထဲတွင် တစ်ခုခုကို ရိပ်မိလိုက်သည်။

ဖွင့်ကြည့်လိုက်သောအခါ တစ်အိတ်တွင် ငွေစက္ကူ ဆယ်ရွက်၊ တစ်အိတ်တွင် ငါးရွက် ပါဝင်ပြီး တစ်ရွက်လျှင် ငွေစတစ်ရာတန် ဖြစ်သည်။

ချူရှီပေးသည်က များသောစာအိတ်ဖြစ်သည်မှာ သေချာသော်လည်း ကျန်းရှီကပါ ငွေစငါးရာ ပေးလိုက်လိမ့်မည်ဟု ယဲ့ယွင် မထင်ထားခဲ့ပေ။

သူတို့လင်မယားသည် သီးခြားအိမ်ထောင်ခွဲနေပြီဖြစ်၍ ငွေကြေးမချို့တဲ့သော်လည်း ယခင် ပျန့်ကျိုးတွင်နေထိုင်စဉ်ကကဲ့သို့ သူမကို ငွေပေးနေဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ယွင် စိတ်လှုပ်ရှားသွားရသည်။

"ဒီနေ့က မင်းမွေးနေ့လေ၊ ဘာလို့ အခန်းထဲမှာ တိတ်ဆိတ်နေရတာလဲ။"

နောက်ကျောဘက်မှ ခြေသံကြားလိုက်ရပြီး လှည့်ကြည့်လိုက်သောအခါ အပြာရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

ယဲ့ယွင် ထရပ်ကာ ဂါရဝပြုလိုက်၏။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

"ထပါ။"

နင်ချန်သည် သူမ၏ နူးညံ့သောလက်ကို ဆွဲယူကာ ထူပေးလိုက်သော်လည်း မျက်မှောင်ကြုတ်သွားသည်။

"ဘာလို့ ငိုနေတာလဲ ချင်းချင်း။"

မိန်းကလေး၏ မျက်လုံးများ နီရဲနေပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်နေသည်မှာ သနားစရာ ကောင်းလှသည်။

"မယ်မယ်နဲ့ ခွဲရတာ ဝမ်းနည်းလို့ပါ။ ဒါပေမယ့် အရှင်မင်းကြီး ရောက်လာတော့ မဝမ်းနည်းတော့ပါဘူး။"

ယဲ့ယွင် နှာခေါင်းရှုံ့လိုက်သည်။

နင်ချန် သူမကို စိုက်ကြည့်နေပြီး ဘာမှမပြောဘဲ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူ့ရင်ဘတ်ပေါ်တွင် မှီစေလိုက်သည်။ ခဏကြာမျှ ဖက်ထားပေးလိုက်၏။

အမှန်တကယ်ပင် သက်သာသွားသော်လည်း ယဲ့ယွင် စိတ်ငြိမ်သွားသောအခါ အနည်းငယ် ရှက်သွားမိသည်။

"အရှင်မင်းကြီးက ညကျမှ လာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ အခု ရောက်လာတာလဲ။ ဒီချန်းချဲ့ အဝတ်အစားတောင် မလဲရသေးဘူး။ စောစောက ထမင်းစားထားတော့ အနံ့တွေ နံနေမှာပဲ။"

"ကျန်း မင်းကို လွမ်းလို့လေ၊ မကောင်းဘူးလား။"

နင်ချန် ပြောလိုက်သောအခါ နားရွက်ဖျားများ ရဲသွားသည်။ သူလည်း ဤကဲ့သို့ ကလူမြူစကားများကိုမကျွမ်းကျင်သေးပေ။ သို့သော် ယဲ့ယွင်၏ လက်ကိုတော့ ဆွဲထားဆဲပင်။

"ဒီချန်းချဲ့ကတော့ ဝမ်းသာတာပေါ့။ ဒါပေမယ့် အခု အဝတ်အစား သွားလဲချင်တယ်။ အရှင်မင်းကြီးက ချန်းချဲ့လက်ကို ဆွဲထားတော့..."

ယဲ့ယွင် သူတို့နှစ်ယောက်၏ လက်ကို ငုံ့ကြည့်လိုက်ပြီး ရှေ့မှအမျိုးသားကိုကြည့်ကာ မျက်လုံးမှိတ်ပြလိုက်သည်။

"ချန်းချဲ့နဲ့ အဝတ်အစားအတူတူလဲချင်လို့လား။"

"အဟမ်း... အဟမ်း... မြန်မြန်သွား၊ ကျန်း အပြင်မှာ စောင့်မယ်။"

နင်ချန် အလျင်အမြန် လက်လွှတ်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။

ယဲ့ယွင် ပြုံးစစဖြင့် သူ့ကိုကြည့်ပြီးမှ အတွင်းခန်းသို့ ဝင်သွားလေသည်။

စောစောက မိခင်ဖြစ်သူနှင့် တွေ့စဉ် သူမ အဆင်မပြေဟုထင်မည်ကို စိုးရိမ်သောကြောင့် တန်ဖိုးကြီး အဝတ်အစားနှင့် လက်ဝတ်ရတနာများကို ဝတ်ဆင်ထားခဲ့သည်။ လှပသော်လည်း လေးလံလှ၏။ ရွှေငွေအစစ်များ ဖြစ်သည်လေ။

ယခုအချိန်တွင် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မနေတော့ဘဲ ခရမ်းရောင် ဝတ်စုံရိုးရိုးလေးကိုသာ လဲဝတ်လိုက်သည်။

ပြန်ထွက်လာသောအခါ နင်ချန်သည် လက်ဖက်ရည်သောက်နေပြီး ညန်ကောင်းလေးက သူ့ခြေရင်းတွင် ဝပ်နေသည်။

အပြင်ဘက်တွင် ယွမ်ကျိုက မိန်းမစိုးလေးများကို ပစ္စည်းသယ်ရန် ညွှန်ကြားနေသည်။

အနီရောင်ပိုးစဖြင့် အုပ်ထားသဖြင့် အထဲတွင်ဘာရှိမှန်း မသိရပေ။

ခြေသံကြားလိုက်သဖြင့် နင်ချန် မော့ကြည့်လိုက်ရာ မိန်းကလေး၏ သေးသွယ်သော ခါးလေးအပေါ်တွင် အကြည့်ရပ်တန့်သွားသည်။

ဆယ်လပိုင်းလယ် ရောက်နေပြီဖြစ်၍ အဝတ်အစားများ ထူထဲလာသော်လည်း မိန်းကလေး၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို မဖုံးကွယ်နိုင်ပေ။ ယခင်ကထက် ပို၍ ပြည့်ဖြိုးလာသယောင် ရှိသည်။

တစ်ခုခုကို တွေးမိသွားပုံရပြီး နင်ချန်၏မျက်နှာ အနည်းငယ် ရဲသွားသည်။ လက်ဖက်ရည် နှစ်ငုံခန့် ဆက်တိုက်သောက်လိုက်ပြီးမှ ပန်းကန်လုံးကို ချလိုက်၏။

"လာကြည့်၊ ကျန်းပေးတဲ့ မွေးနေ့လက်ဆောင်။"

"ဘာမို့လို့ ဒီလောက် လျှို့ဝှက်ထားရတာလဲ။ ဖုံးတောင် ဖုံးထားသေးတယ်။"

ယဲ့ယွင်လည်း စိတ်ဝင်စားသွားပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

ယွမ်ကျိုက ပစ္စည်းကို နေရာချပြီးနောက် အနီရောင်ပိုးစကို ဖယ်လိုက်ရာ ရှိနေသူအားလုံး အံ့သြမှင်သက်သွားကြသည်။

၎င်းသည် ရာသီလေးပါး ပန်းများပုံဖော်ထားသော ကန့်လန့်ကာတစ်ခုဖြစ်သည်။ ဘောင်ကို အဝါရောင် သစ်တော်သားဖြင့် ပြုလုပ်ထားသည်။ အဝါရောင် သစ်တော်သားသည် တန်ဖိုးကြီးပြီး ခိုင်ခံ့သော်လည်း ဤဘောင်ကို တိမ်ပုံစံ အကွက်ဖော် ထွင်းထုထားရာ လက်ရာမှာ အလွန်ရှားပါးလှသည်။

ဘောင်ကပင် ဤမျှ တန်ဖိုးကြီးနေလျှင် အဓိကဖြစ်သော ကန့်လန့်ကာကို ပြောနေစရာမလိုတော့ပေ။ အရောင်ဖျော့ လျှိုကွမ်းပိုးသားဖြင့် ပြုလုပ်ထားသည်။

လျှိုကွမ်းပိုးသား ဆိုသည်မှာ အလင်းရောင် စီးဆင်းနေသကဲ့သို့ တောက်ပသော ပိုးသားဖြစ်သည်။

အရောင်ဖျော့ လျှိုကွမ်းပိုးသားသည် အရောင်စုံလောက် တန်ဖိုးမကြီးသော်လည်း အလင်းရောင်ကျရောက်မှုအပေါ် မူတည်ပြီး ကွဲပြားသော အရောင်အဆင်းကို ပေးစွမ်းနိုင်သဖြင့် ဤကန့်လန့်ကာကို ရှုထောင့်အမျိုးမျိုးမှ ကြည့်လျှင် မတူညီသော အလှတရားကို ခံစားရစေသည်။

ရာသီလေးပါး ပန်းများပုံတွင် နွေ၊ မိုး၊ ဆောင်း၊ နွေဦး ရာသီအလိုက် ပန်းများကို ထိုးထားသော်လည်း ပန်းတစ်မျိုးတည်း မဟုတ်ဘဲ ရာသီတူ ပန်းအမျိုးမျိုးကို ပေါင်းစပ်ထိုးထားသဖြင့် ထူးခြားလှပနေသည်။

"ဒီကန့်လန့်ကာကို အရှင်မင်းကြီးက အထူးအမိန့်နဲ့ လုပ်ခိုင်းထားတာပါ။ ကျန်းနန်က ပန်းထိုးပညာရှင်တွေကို ခေါ်ပြီး ထိုးခိုင်းထားတာ။ ပုံကြမ်းကိုလည်း အရှင်မင်းကြီးကိုယ်တိုင် ဆွဲပေးထားတာပါ။ ဒါတင်မကသေးဘူး၊ ကျယ်ယွီ နောက်တစ်ဖက်ကို ကြည့်ပါဦး။"

ယွမ်ကျိုက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။

ယဲ့ယွင် နင်ချန်ကို ကြည့်လိုက်ရာ သူကလည်း မေးငေါ့ပြလိုက်သည်။

သံသယများနှင့်အတူ လှည့်ကြည့်လိုက်သောအခါ ပို၍ အံ့သြသွားရသည်။

"ဒါ နှစ်ဖက်မြင် ပန်းထိုးလက်ရာပဲ!"

"သေချာတာပေါ့!"

ယွမ်ကျိုက ပန်းပွင့်လေးလို ပြုံးဖြီးနေသည်။

"နောက်ကျောဘက်က ရာသီလေးပါး ရှုခင်းပုံပါ။"

နှစ်ဖက်မြင် ပန်းထိုးခြင်းသည် ခက်ခဲသော ပညာရပ်ဖြစ်သည်။ ပစ္စည်းသေးသေးလေး လုပ်လျှင် ကိစ္စမရှိသော်လည်း ကန့်လန့်ကာကဲ့သို့ အကြီးကြီးကို နှစ်ဖက်မြင်ထိုးရန်မှာ အလွန်ကျွမ်းကျင်သောလက်ရာလိုအပ်သည်။

ဤကန့်လန့်ကာသည် ရွှေတစ်ထောင်ပေး၍ပင် ဝယ်မရနိုင်သော ပစ္စည်းဖြစ်သည်။

ဤမျှ တန်ဖိုးကြီးသော ပစ္စည်းကို မွေးနေ့လက်ဆောင်ပေးခြင်းသည် သူမကို အလေးထားကြောင်း ပြသနေသဖြင့် ယဲ့ယွင် သဘောကျမိသည်။

ချက်ချင်းပင် ကန့်လန့်ကာအဟောင်းကို ဖယ်ရှားပြီး ဤအသစ်ကို အစားထိုးခိုင်းလိုက်သည်။

"မင်း ပန်းတွေ၊ မြက်ပင်တွေ ပုံဆွဲရတာ ကြိုက်တယ်ဆိုလို့ ကျန်း ဒီကန့်လန့်ကာကို လုပ်ခိုင်းလိုက်တာ။"

နင်ချန် ပြုံးလိုက်သည်။

ဒီကိုယ်လုပ်တော်ငယ်လေးက ချက်ချင်းထုတ်သုံးလိုက်သည့် လုပ်ရပ်ကို သူ သဘောကျသွားသည်။

ပေးလိုက်တာက သုံးဖို့ပဲလေ၊ သိမ်းထားရင် ဘာအဓိပ္ပာယ် ရှိမှာလဲ။

ယခင်က အခြားကိုယ်လုပ်တော်များကို ပစ္စည်းပေးဖူးသော်လည်း သူတို့က သိမ်းထားတတ်ကြသည်။ အရှင်မင်းကြီးပေးသနားသော ပစ္စည်းပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ကြာလာတော့ သူလည်း မပေးချင်တော့ပေ။

ယဲ့ယွင် ခါးလေးနွဲ့ကာ လျှောက်သွားပြီး ဧကရာဇ်မင်းမြတ်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

"အရှင်မင်းကြီးက ဒီချန်းချဲ့ကို ဒီလောက်ကောင်းတဲ့ ပစ္စည်းပေးတော့ တခြားလူတွေ မနာလိုဖြစ်ကုန်ကြတော့မှာပဲ။ နောက်ကျရင် ဒီချန်းချဲ့ကို ဝိုင်းအနိုင်ကျင့်ကြလိမ့်မယ်။ အရှင်မင်းကြီးက ဒီချန်းချဲ့ကို ကာကွယ်ပေးရမယ်နော်။"

"မင်းလို အကျင့်မျိုးနဲ့ ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ။"

နင်ချန်က မိန်းကလေး၏ခါးကို ဖက်လိုက်သည်။

နန်းတွင်းထဲက မျက်နှာသာပေးခံရသူဖြစ်စေ၊ မခံရသူဖြစ်စေ ဘယ်သူက ဒီမိန်းကလေးနဲ့ ထိပ်တိုက်မတွေ့ဖူးလို့လဲ။

ယိကျယ်ယွီဆိုလျှင် အခုထိ ငါးမစားရဲတော့ဘူး။ ဒီမိန်းကလေး ခြောက်လှန့်ထားလို့လေ။

"ဟွန်း... ဒီချန်းချဲ့က မိန်းမသားလေးပါနော်။ အရှင်မင်းကြီးပြောသလောက် ဘယ်မှာကြမ်းလို့လဲ။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက ဒီချန်းချဲ့ကို ကာကွယ်ပေးမယ်လို့ ကတိပေးရမယ်။"

မြေခွေးမလေး ချွဲနွဲ့လာလျှင် ဘယ်သူမှ မခံနိုင်ကြပေ။

အခန်းထဲမှ အစေခံများ ခေါင်းငုံ့ကာ အပြင်ထွက်သွားကြလေသည်။

နင်ချန်ပင်နေရခက်သွားသည်။ ဒီမိန်းကလေး၏ရဲတင်းမှုကို မနေတတ်သလိုလို ဖြစ်နေသော်လည်း တစ်ဖက်တွင်လည်း သဘောကျနေမိသည်။

နောက်ဆုံးတွင် သဘောတူလိုက်ရသည်။

ထိုအချိန်တွင် ဝေ့ရွယ်ဆောင်မှ လူရောက်လာသည်။ ဖန်းရှိုးရီ၏ အပါးတော်မြဲ ချီဝမ်က လက်ဆောင် လာပို့ခြင်းဖြစ်သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-148

အခန်း ၁၄၈ ။ လက်ထပ်မင်္ဂလာ

"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ မင်ကျယ်ယွီကို ဂါရဝပြုပါတယ်။"

ချီဝမ်သည် သဘောထားကြီးစွာဖြင့် အရိုအသေပြုလိုက်သည်။

ယဲ့ယွင် လက်ကာပြလိုက်၏။

"ထပါတော့၊ ချီဝမ်က ဘာလို့ ကိုယ်တိုင်လာရတာလဲ။ တစ်ယောက်ယောက် လွှတ်လိုက်လည်း ရသားနဲ့။"

ချီဝမ် ပြုံးလိုက်သည်။

"ရှိုးရီက မင်ကျယ်ယွီနဲ့အတူတူ နန်းတွင်းဝင်လာခဲ့တာဆိုတော့ သံယောဇဉ်က မတူဘူးလို့ ပြောပါတယ်။ မနှစ်က ကျယ်ယွီရဲ့မွေးနေ့ကို ရှိုးရီ မသိလိုက်လို့ ဒီနှစ်တော့ သိသိချင်း လက်ဆောင်ပြင်ဆင်ပြီး လာပေးတာပါ။ လက်ခံပေးပါနော်။"

ပြောပြီးသည်နှင့် သေတ္တာကို ဖွင့်ပြလိုက်ရာ အတွင်း၌ အပြာရောင်ရေကန်အသွင် ပန်းပွင့်ပုံ ကြွေအိုးနှစ်လုံး ပါရှိသည်။ အရောင်အသွေးမှာ အလွန်ကောင်းမွန်ပြီး ရှားပါးပစ္စည်းဖြစ်ကြောင်း သိသာလှသည်။

"ဖန်းရှိုးရီရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။ ပင်ပန်းခံပြီး လာပေးတဲ့အတွက် ဒီလက်ဆောင်လေးကို ယူပြီး လက်ဖက်ရည်သောက်ပါဦး။"

ယဲ့ယွင်သည် တည်ငြိမ်စွာ ပြုံးလျက် နန်ကျစ်ကို မျက်ရိပ်ပြလိုက်ရာ နန်ကျစ်က ငွေထုပ်လေးတစ်ခု ပေးလိုက်သည်။ ထို့နောက် ဒုတိယတန်းစားအစေခံ လုဟယ်ကို လိုက်ပို့ခိုင်းလိုက်၏။

နင်ချန်သည် အစမှအဆုံး စကားဝင်မပြောခဲ့ပေ။

နှစ်ယောက်သား အခန်းထဲ ပြန်ဝင်သွားပြီးနောက် အပြင်ဘက်ရှိ တတိယတန်းစားအစေခံ လုကျစ်က လုဟယ်ကို လှမ်းတားလိုက်သည်။

"အရှင်မင်းကြီး အထဲမှာ ရှိနေတော့ အစ်မက အချိန်မရွေး ဝင်ပြုစုရမှာ။ ကျွန်မပဲ အစ်မအစား လိုက်ပို့ပေးလိုက်ပါ့မယ်။"

လုဟယ် အတွင်းခန်းသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ညစာစားရန် ပြင်ဆင်ရမည့်အချိန် ဖြစ်နေ၍ လူလိုနေသည်မှာ အမှန်ပင်။ အခြားနန်းဆောင်မှ အစေခံကို လိုက်ပို့ရခြင်းမှာ အရေးကြီးကိစ္စ မဟုတ်သဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။

ချီဝမ် ပြုံးလိုက်ပြီး ဘာမှမပြောဘဲ လုကျစ် လိုက်ပို့သည်ကို လက်ခံလိုက်သည်။

လိုက်ပို့ခြင်းက အချိန်အတော်ကြာသွားပြီး နာရီဝက်ခန့်ကြာမှ ပြန်ရောက်လာသည်။

လုကျစ်က သူမ လေတိုက်မိပြီး နေမကောင်းဖြစ်ချင်နေသဖြင့် ဆေးခန်းသွားရင်း ကြာသွားသည်ဟု အကြောင်းပြသည်။

ဤကဲ့သို့သော သေးငယ်သည့်ကိစ္စများကို မည်သူမျှ ဂရုမစိုက်ကြပေ။

အတွင်းခန်းတွင် နင်ချန်နှင့် ယဲ့ယွင်တို့သည် ကျားရို့မင်းသမီး နင်လင်၏ မင်္ဂလာကိစ္စကို ပြောဆိုနေကြသည်။

"ဒီနှစ် ချုံးယန်ပွဲတော်မှာ လင်းအာက ဖိန်ယန်နယ်စားရဲ့သား ဖုန်းကျစ်ဟွမ်းနဲ့ ရင်းနှီးသွားပုံရတယ်။ ထိုက်ကွေ့ဖေးရဲ့ သဘောထားအရလည်း ဖုန်းမိသားစုကို သဘောကျနေပုံပါပဲ။"

"ဖုန်းမိသားစု... ဖိန်ယန်နယ်စားက ချမ်းသာပြီး အေးဆေးနေတတ်တဲ့သူပါ။ နယ်စားမင်းသားလေးက ပညာတတ်တယ်လို့ ကြားဖူးပါတယ်။ ဒီနှစ် စာမေးပွဲလည်း ဝင်ဖြေတယ်မလား။ အသက် ဘယ်လောက်ရှိပြီလဲ။"

ယဲ့ယွင် မေးလိုက်သည်။

နင်ချန် စဉ်းစားလိုက်ပြီး ပြန်ဖြေ၏။

"ဒုတိယအဆင့် အောင်မြင်သူတွေထဲမှာ ပါတယ်။ ဒီနှစ် ၁၈ နှစ်၊ အရွယ်ရောက်မင်္ဂလာတောင် မဆောင်ရသေးဘူး။ ရွယ်တူတွေထဲမှာတော့ ထူးချွန်တဲ့သူပါပဲ။"

"ဒါဆို အရှင်မင်းကြီး ဘာကို မကျေနပ်တာလဲ။"

ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။

"မင်းသမီးကလည်း ကြိုက်တယ်၊ ဖုန်းကျစ်ဟွမ်းကလည်း မိသားစုနောက်ခံ၊ ပညာအရည်အချင်း အကုန်ကောင်းတယ်။ ရုပ်ရည်လည်း မဆိုးလောက်ပါဘူး။ တော်တော်လေး လိုက်ဖက်ပါတယ်။"

"ကျန်းက မင်းအစ်ကိုကို ပိုသဘောကျတာ။"

နင်ချန် သက်ပြင်းချလိုက်သည်။

ဤစကားမှာ လိမ်ညာခြင်း မဟုတ်ပေ။

ယဲ့ကျယ်သည် ငယ်ရွယ်စဉ်ကတည်းက စစ်အာဏာကို ကိုင်စွဲထားပြီး သစ္စာရှိသူဖြစ်သည်။ သို့သော် ဤသစ္စာတရားကို ဆွေမျိုးတော်စပ်မှုဖြင့် ပေါင်းစပ်လိုက်လျှင် ပို၍စိတ်ချရမည်။

တစ်နည်းအားဖြင့်ဆိုသော် နင်လင်ကို ယဲ့ကျယ်နှင့် လက်ထပ်ပေးလိုက်ခြင်းသည် ယဲ့မိသားစုအတွင်း နင်ချန်၏သူလျှိုတစ်ယောက် ထားရှိလိုက်ခြင်းပင်။

ရှေးယခင်ကတည်းက ဧကရာဇ်များသည် အာဏာကို ကစားတတ်ကြသည်။ မည်မျှပင် ရင်းနှီးပြီး ယုံကြည်ရသော မှူးမတ်ဖြစ်ပါစေ၊ လုံးဝ စိတ်ချလေ့မရှိကြပေ။ အထူးသဖြင့် စစ်အာဏာကို ကိုင်စွဲထားသော မှူးမတ်ဆိုလျှင် ပိုဆိုးသည်။

ထို့ပြင် ဓလေ့ထုံးစံအရ သမက်တော်များသည် အာဏာမရှိရပေ။ ထို့ကြောင့် ယဲ့ကျယ် သမက်တော်ဖြစ်လာလျှင် နင်ချန်က အာဏာပေးလျှင်လည်း ချီးမြှောက်ရာရောက်သလို စစ်အာဏာကို ပြန်ရုပ်သိမ်းလျှင်လည်း ဘိုးဘေးစဉ်ဆက် ဥပဒေအရဖြစ်၍ အပြစ်ပြောစရာ မရှိတော့ပေ။ ပို၍ လွယ်ကူသွားသည်။

ယဲ့ယွင် ဤအချက်ကို နားမလည်ဘဲ မနေနိုင်ပေ။ သို့သော် နင်ချန်သည် ဤမျှ သွေးအေးသူမဟုတ်ကြောင်းလည်း သူမ သိသည်။

ညီမဖြစ်သူ၏ဆန္ဒကို ဂရုမစိုက်ပါက တိုက်ရိုက်လက်ထပ်ပေးလိုက်ပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ယခု ပြောနေခြင်းမှာ ညည်းညူခြင်း သက်သက်သာဖြစ်သည်။

စိတ်ထဲတွင် ခဏမျှ စဉ်းစားပြီးနောက် သူ့ကို စိတ်သက်သာရာ ရစေရန် ရေလိုက်ငါးလိုက် ပြောလိုက်သည်။

"ဒီချန်းချဲ့ရဲ့အစ်ကိုက ကံမကောင်းရှာပါဘူး။ မင်းသမီးရဲ့မျက်လုံးထဲ မဝင်ခဲ့ဘူးလေ။ ဒါပေမယ့် ဒီနေ့ မယ်မယ် နန်းတွင်းဝင်လာတုန်းက အစ်ကို့မင်္ဂလာကိစ္စ ပြောသွားပါတယ်။ လင်ကျိုးက အမျိုးသမီးတစ်ယောက်ကို သဘောကျနေတယ်တဲ့။ အဆင့်လေး စစ်ဗိုလ်ချုပ်ရဲ့ တရားဝင်သမီး ယင်းရှီပါ၊ အသက် ၁၇ နှစ် ရှိပါပြီ။"

လင်ကျိုးဒေသခံ အဆင့်လေး စစ်ဗိုလ်ချုပ်ဆိုသည်မှာ ဘာမှမဟုတ်ပေ။ ယဲ့မိသားစု၏ အရှိန်အဝါဖြင့် မြို့တော်မှ မည်သည့်အရာရှိကြီး၏ သမီးကိုမဆို လက်ထပ်ယူနိုင်သည်။

နင်ချန်၏မျက်ဝန်းများ မှိန်ဖျော့သွားပြီး သူမကို ခဏမျှ စိုက်ကြည့်နေကာ အမှန်ဟုတ်မဟုတ် အကဲခတ်နေသည်။

ယဲ့ယွင်လည်း တည်ငြိမ်စွာပင် ပြန်ကြည့်နေလိုက်၏။

ကြာမြင့်စွာ ကြည့်ပြီးမှ နင်ချန် အကြည့်လွှဲလိုက်သည်။

"အိမ်ထောင်ရေးဆိုတာ မိဘစကား နားထောင်ရတာပဲလေ။ မင်းအမေက ကောင်းတယ်လို့ ထင်ရင် တကယ် ကောင်းမှာပါ။ မင်းအစ်ကိုလည်း ငယ်တော့တာ မဟုတ်ဘူး၊ စောစောစီးစီး အိမ်ထောင်ပြုတာ ကောင်းပါတယ်။"

"ဟုတ်ပါတယ်၊ ဒီချန်းချဲ့တောင် အိမ်ထောင်ကျနေပြီ၊ အစ်ကိုက လင်ကျိုးမှာ အဝေးကြီး ရောက်နေတာ၊ သူ့ကို ဂရုစိုက်ပေးမယ့်သူ ရှိသင့်နေပါပြီ။"

ယဲ့ယွင် ပြုံးလိုက်သည်။

ယင်းရှီအကြောင်းကို ယဲ့ကျယ်ကိုယ်တိုင် ပြောပြဖူးခြင်းဖြစ်သည်။ ယခု နင်ချန်ရှေ့တွင် ပြောလိုက်ပြီဖြစ်၍ အတည်ဖြစ်သွားပေပြီ။ နောက်ရက်ကျမှ အမေ့ကို သတင်းပို့ပြီး ယဲ့ကျယ်၏ မင်္ဂလာကိစ္စကို စီစဉ်ခိုင်းရမည်။

နှစ်ယောက်သား စကားပြောနေရင်း ညစာစားချိန် ရောက်လာသည်။

ယနေ့သည် ယဲ့ယွင်၏မွေးနေ့ဖြစ်ပြီး ဧကရာဇ်ကိုယ်တိုင်ရှိနေသဖြင့် ဟင်းပွဲများ ကြွယ်ဝမှုမှာ ပြောနေစရာ မလိုတော့ပေ။

စားပွဲအပြည့် ဟင်းကောင်းများဖြင့် နှစ်ယောက်စလုံး ကျေနပ်အားရစွာ စားသောက်ကြသည်။

.....

သူတို့ ကျေနပ်နေကြသော်လည်း မကျေနပ်သူ တစ်ဦးရှိနေသည်။

ယင်းယန်ဆောင်တွင် ကိုယ်ဝန်ဆောင် အော့အန်ခြင်း သက်သာစပြုလာသော ယိကျယ်ယွီသည် ညစာစားပွဲတွင် ဝက်သားနီချက်ကိုမြင်လိုက်ရသဖြင့် ပြန်အန်ချင်လာပြီး နေ့လည်က သောက်ထားသော ဆန်ပြုတ်များပါ အကုန်ပြန်အန်ထွက်လာသည်။

ဒေါသထွက်လွန်းသဖြင့် ဝက်သားနီချက်လာပို့သော အစေခံကို ခြံဝင်းထဲ ဆွဲထုတ်ကာ ကြိမ်ဒဏ် ၁၅ ချက် ရိုက်စေသည်။

အသက်အန္တရာယ် မရှိသော်လည်း ရိုက်ချက်တိုင်းက ပြင်းထန်သဖြင့် ထိုအစေခံမှာ အော်ဟစ်ငိုယိုကာ လမ်းပင် မလျှောက်နိုင်တော့ချေ။

"ယဲ့မျိုးရိုးက မွေးနေ့ကျင်းပတယ်၊ မိသားစုဝင်တွေကို ခေါ်တွေ့တယ်၊ အရှင်မင်းကြီးက ကိုယ်တိုင်သွားတွေ့တယ်။ ငါကတော့ ကိုယ်ဝန်လွယ်ထားရလို့ ထမင်းတောင် ကောင်းကောင်းမစားနိုင်ဘူး။ ဘုရားသခင်က သူ့ဘက်ပါနေတာလား၊ ငါ့ကို စိတ်ချမ်းသာခွင့် မပေးဘူးလား။"

"ကျယ်ယွီ စိတ်လျှော့ပါ၊ ဗိုက်ထဲက ကလေးကို ငဲ့ပါဦး။"

ယွင်ရှို့က အလျင်အမြန် ဖျောင်းဖျပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

"ကျယ်ယွီက ကိုယ်ဝန်ရှိနေတော့ အိပ်ရာထဲမှာ ပြုစုလို့မရဘူးလေ။ အဲဒါကြောင့် အရှင်မင်းကြီးက မင်ကျယ်ယွီဆီ သွားတာပါ။ ပြီးတော့ သူ့မိသားစုဘက်ကလည်း အသုံးဝင်နေတော့ နည်းနည်းပါးပါး မျက်နှာသာပေးရတာပေါ့။ ဒါပေမယ့် ဘယ်လောက်ပဲ မျက်နှာသာပေးပေး ကျယ်ယွီက ဧကရာဇ်ရဲ့သွေးသားကို လွယ်ထားရတာလေ၊ ဒါက သူ လိုချင်တုန်းမရတဲ့ ကံကောင်းခြင်းပဲ။"

"ဟုတ်ပါတယ်၊ ကျယ်ယွီသာ သားတော်လေး မွေးဖွားပြီးရင် ကိုးပါးအဆင့်ဝင်တော့မှာ။ ဒီအသုတ် ဝင်လာတဲ့သူတွေထဲမှာ ကျယ်ယွီက ထိပ်ဆုံးပဲ။"

ယွင်ရှီးကလည်း ဝင်ပြောသည်။

အစေခံနှစ်ယောက် ဝိုင်းချော့လိုက်မှ ယိကျယ်ယွီ ဒေါသပြေသွားသည်။

အမှန်တော့ သူမသည် မအပါပေ။ ယဲ့ယွင်က သူမကိုယ်ဝန်ရှိကြောင်း ဖွင့်ချလိုက်ခြင်းမှာ သူမကို လှိုင်းထိပ်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိသည်။ သို့သော် ယခုအခါ မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေပြီဖြစ်၍ သူမအပေါ် အာရုံစိုက်မှု လျော့နည်းသွားနိုင်သည်။

ဒါက အခွင့်ကောင်းပဲ။ သူမ သိုသိုသိပ်သိပ်နေရမည်။ ကလေးမွေးပြီး အင်အားတောင့်တင်းလာမှ စာရင်းရှင်းလည်း နောက်မကျသေးပေ။

.......

ထိုကိစ္စများသည် ယဲ့ယွင်နှင့် မသက်ဆိုင်ပေ။

ညစာစားပြီးနောက် လူစားရတော့မည့်အချိန်ရောက်လာခဲ့သည်။

ယခင်က နင်ချန်သည် ယဲ့ယွင် နောက်နေ့မနက် ဂါရဝပြုရန် သွားရမည်ကို ထောက်ထားညှာတာခဲ့သော်လည်း ယခုအခါ မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေ၍ မည်သူ့ကိုမျှ လာရောက်နှောင့်ယှက်ခွင့် မပေးတော့သလို မယ်တော်ကြီးကိုလည်း လူမမာမေးစရာ မလိုတော့ပေ။ ဒီမိန်းကလေး သက်တောင့်သက်သာ ရှိလွန်းနေသည်ကို တွေးမိတိုင်း နင်ချန် အမြင်ကပ်လာသည်။

ထို့ပြင် အတူမနေရသည်မှာလည်း ကြာပြီဖြစ်၍ ဒီညတော့ သေချာပေါက် ကြမ်းတမ်းပေလိမ့်မည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ယဲ့ယွင်သည် နေ့လည်စာ စားချိန်နီးမှ အိပ်ရာထနိုင်တော့သည်။

နန်ကျစ်နှင့် ဟွေယွဲ့ ဝင်လာသောအခါ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီကွက်၊ အညိုကွက်များကို တွေ့လိုက်ရသဖြင့် ရှက်လွန်း၍ မကြည့်ရဲကြပေ။

ယဲ့ယွင်လည်း အလွန်ပင်ပန်းနေသဖြင့် ထမင်းနည်းနည်းစားပြီးသည်နှင့် စောင်ပုံထဲပြန်ဝင်သွားလေသည်။

ရာသီဥတုက အေးလာပြီဖြစ်၍ ပို၍ ပျင်းရိလာသည်။

နောက်တစ်လဆိုလျှင် ယန်ချိုက်ရန် မွေးဖွားတော့မည်။ မိဖုရားခေါင်ကြီးလည်း ကိုယ်ဝန်တည်ငြိမ်သွားလျှင် ပြန်ထွက်လာတော့မည်။ နှစ်ကုန်ခါနီးပြီ ဖြစ်သလို ချီနင်နန်းဆောင်တွင်လည်း ဧကရာဇ်၏ ဝမ်းကွဲညီမတစ်ယောက် ရောက်နေပြန်သည်။

ကိစ္စတစ်ခုပြီးတစ်ခု ရှုပ်ထွေးလာတော့မည်။

ဟူး... ဒီရက်ပိုင်း အားတုန်း အိပ်ရေးဝဝ အိပ်ထားမှ။ မိဖုရားခေါင်ကြီး ကိုယ်ဝန်ငြိမ်သွားရင် နန်းတွင်းကြီး ပိုရှုပ်ဦးမှာ။

All Chapters