အခန်း (၃၇၅-၃၇၆)
Vol. 24 Ch. 375-376
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-375
အခန်း ၃၇၅ ။ ကိုယ့်ကိုယ်ကိုယ် သနားပါ
တစ်မနက်လုံး ဘိုးဘွားစင်မြင့်တွင် ဒူးထောက်ခြင်းနှင့် အမျိုးမျိုးသော အခမ်းအနားများ ပြီးဆုံးသွားပြီးနောက်၊ နောက်ဆုံးတွင် ကိုယ်လုပ်တော်များ မိမိတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံရမည့် အချိန်သို့ ရောက်ရှိလာသည်။
မိဖုရားခေါင်ကြီး မရှိတော့ကတည်းက နှစ်စဉ် ဤအချိန်သို့ ရောက်တိုင်း အခြေအနေမှာ အတော်လေး စိတ်ကသိကအောက် ဖြစ်ရသည်။ ယခင်က သွားစရာမရှိသော အရာရှိကတော်များသည် မိဖုရားဆောင်တွင် စုဝေးနိုင်ကြသော်လည်း၊ ယခုမူ မိဖုရားခေါင်ကြီး မရှိတော့သလို မယ်တော်ကြီးကလည်း ရောဂါအနားယူနေသဖြင့် တစ်ခါတည်းနှင့် သွားစရာ နေရာပျောက်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့မှာ ကိုယ်လုပ်တော် တစ်ပါးပါး၏ အဆောင်ကို ရွေးချယ်၍ သွားကြရရာ၊ ၎င်းမှာ မည်သည့်ဘက်တော်သား ဖြစ်သည်ကို ပြသရာ ရောက်နေတော့သည်။
ယဲ့ယွင်သည် အမြဲတမ်း မျက်နှာသာပေးခံရသူ ဖြစ်သဖြင့်၊ ဒီရက်ပိုင်း ချန်းရှိုးရီက သူမ၏ အရှိန်အဝါကို အနည်းငယ် လွှမ်းမိုးထားစေကာမူ သူမအား ဖားယားလိုသူများမှာ နည်းပါးမသွားပေ။ ယိကျောင်းရုန်၏ မိသားစုမှာလည်း တော်ဝင်ရုံးတော်၏ အင်အားသစ် ဖြစ်နေသဖြင့် လာရောက် ဂါရဝပြုသူ များပြားလှသည်။ ရှူးဖေး နှင့် သယ့်ဖေးတို့မှာလည်း ရာထူးကြီးသူများ ဖြစ်သဖြင့် လာသူရှိသော်လည်း အနည်းငယ်သာ ရှိတော့သည်။ ဝမ်ရှိုးယွမ်ထံသို့မူ မည်သူမျှ မသွားကြပေ၊ သူမ၏ မိသားစုမှာ မြို့တော်တွင် မရှိသလို၊ မင်းသားကြီးမှာလည်း အနာဂတ်အတွက် လောင်းကြေးထပ်ရန် မထိုက်တန်ဟု ယူဆကြသောကြောင့် ဖြစ်သည်။
လက်ရှိ အနေအထားအရ အမတ်များ၏ ထောက်ခံမှုမှာ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့ အင်အားချင်း တန်းတူ ဖြစ်နေကြသည်။ ဤအရာရှိကတော်များသည် မိသားစု၏ ညွှန်ကြားချက်မပါဘဲ လျှောက်မလုပ်ကြပေ။
အရာရှိကတော်များကို ဧည့်ခံရခြင်း၏ ဆိုးကျိုးမှာ မိသားစုဝင်များနှင့် သီးသန့် စကားပြောရန် အချိန်မရှိခြင်းပင်။ အခန်းပြည့် ထိုင်နေသော ဧည့်သည်များကို မောင်းထုတ်ရန်လည်း မဖြစ်နိုင်ပေ။ ကံကောင်းသည်မှာ ထိုသူများမှာ အခြေအနေကို သိတတ်ကြသဖြင့် စောစောစီးစီး ပြန်သွားကြရာ၊ ယဲ့ယွင်နှင့် သူမ၏ မိသားစုဝင်များ နာရီဝက်ခန့် သီးသန့် စကားပြောခွင့် ရခဲ့သည်။
"မင်း နန်းပြင်ထွက် ဆုတောင်းရမယ်ဆိုတာ ကြားတော့ အမေက အရမ်း စိတ်ပူနေတာ။ ကံကောင်းလို့ အရှင်မင်းကြီးက အတူလိုက်သွားပေးလို့ပေါ့။ ဒါနဲ့ စတုတ္ထမင်းသားလေးက... ထားပါတော့၊ အဲဒီကိစ္စ မပြောတော့ဘူး။ မင်းနဲ့ မင်းသားလေး အဆင်ပြေကြရဲ့လား"
ချူရှီက သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး မေးမြန်းသည်။
ယဲ့ယွင်က ပြုံးလျက် နှစ်သိမ့်ပေးသည်။
"အမေ စိတ်ချပါ၊ သမီး ဘာမှမဖြစ်ပါဘူး။ ကျင့်အာလည်း ဘေးကင်းပါတယ်။ အရှင်မင်းကြီးက သမီးတို့ သားအမိကို အမြဲ ကာကွယ်ပေးထားတာပဲ။ ဒါနဲ့ ရန်အာကို ဘာလို့ ခေါ်မလာတာလဲဟင်"
သူမ မေးသည်မှာ ယဲ့ကျယ်၏ သမီး ‘ယဲ့ရှုရန်’ ဖြစ်ပြီး၊ ယခုအခါ သုံးနှစ်ခွဲ ရှိပြီ ဖြစ်သည်။
"ရန်အာက ငယ်သေးတော့ အိပ်ပုတ်ကြီးတာလေ၊ မနက်စောစော ထရမှာဆိုတော့ မခေါ်လာတော့တာ"
ချူရှီက အပြုံးလေးဖြင့်ရှင်းပြသည်။
ယဲ့ယွင်ကလည်းပြုံးကာခေါင်းညိတ်သည်။
"ကောင်းပါပြီ၊ နန်းတော်ထဲ ဝင်ရတာကလည်း အလကားနေရင်း ပင်ပန်းရတဲ့ ကိစ္စပဲဟာ"
ပြောပြီးနောက် သူမက နန်ကျစ်အား လက်ယမ်းပြကာ - "ငါ အိမ်အတွက် ပြင်ထားတဲ့ ပစ္စည်းတွေ ယူလာခဲ့ပါ။ သေသေချာချာ စစ်ဆေးပြီး အမေနဲ့ ဒေါ်လေးတို့ ပြန်ရင် တစ်ခါတည်း ထည့်ပေးလိုက်မယ်"
"မယ်မယ်က အမြဲတမ်း ဆုချနေတာပဲ။ ကိုယ့်အတွက်လည်း ကောင်းတာလေးတွေ ချန်ထားဦးမှပေါ့"
ဘေးမှ ရန်ရှီ (ယဲ့ယွင်၏ဒေါ်လေး) က ဆိုသည်။
ယဲ့ယွင်က နူးညံ့စွာ ပြုံးသည်။
"ဒေါ်လေး သမီးအတွက် စိတ်မပူပါနဲ့။ သမီးဆီမှာ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ညီမလေးနဲ့ မောင်လေးတို့အတွက်လည်း ပါတယ်နော်"
ဤသို့ ဆိုသဖြင့် ရန်ရှီမှာ များစွာ ကျေးဇူးတင်နေမိသည်။ ထို့နောက် စတုတ္ထမင်းသားလေးကို ခေါ်ထုတ်ကာ ခန တွေ့ဆုံစေပြီးနောက် အချိန်ပြည့်သွားခဲ့သည်။ ထိုအတောအတွင်း ချူရှီက စတုတ္ထမင်းသားလေးအား ‘ခြင်္သေ့က ဘောလုံးနှင့် ဆော့ကစားနေသည့် ပုံစံ’ ကျောက်စိမ်း ဆွဲသီးလေး တစ်ခု လက်ဆောင်ပေးခဲ့သည်။ အလွန် လက်ရာမြောက်လှသဖြင့် မင်းသားလေးက သဘောကျကာ ပိုင်ရှုအား သူ့ခါးတွင် ချက်ချင်း ချိတ်ပေးခိုင်းတော့သည်။
ထုံးစံအတိုင်း ချူရှီသည် သမီးဖြစ်သူအား သုံးစွဲရန်အတွက် ငွေစ ငါးသောင်းတန် ငွေလွှဲစာရွက်နှင့် ရွှေရွက်များ ထည့်ထားသော သေတ္တာတစ်လုံးကို တိတ်တဆိတ် ပေးခဲ့ပြန်သည်။ ယခုအခါ ယဲ့မိသားစုတွင် လူဦးရေ နည်းပါးသလို၊ ချူရှီ၏ လက်ဝယ်တွင် လယ်ယာနှင့် ဆိုင်ခန်းများစွာ ရှိနေသည့်အပြင် မိခင်ဘက်မှလည်း အမြဲ ပံ့ပိုးပေးနေသဖြင့်၊ သူမနှင့် မြေးမလေး နှစ်ဦးတည်းအတွက် သုံးစွဲရန်မှာ အပိုအလျှံ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် သူမ၏ သားနှင့် သမီးအတွက် များစွာ ပံ့ပိုးပေးနေခြင်းပင်။ ယခု ယဲ့ယွင်အား ပေးသော ငွေများထဲတွင် ချူမိသားစုဝင်များ၏ ဝေစုလည်း ပါဝင်နေလေသည်။
……
ကျောက်ချွန်းဆောင်တွင် ပျော်ရွှင်စရာ ကောင်းနေသော်လည်း၊ ယောင်ကွမ်းဆောင်တွင်မူ ထိုမျှအထိ အဆင်မပြေပေ။
ချန်းရှိုးရီသည် မိခင် ဝမ်ရှီ နှင့် မရီး မေရှီတို့ကို ပြန်လည် ပို့ဆောင်ပေးလိုက်ပြီ ဖြစ်သော်လည်း၊ မိခင်၏ စကားများကြောင့် သူမ၏စိတ်မှာ ငြိမ်သက်၍ မရတော့ပေ။
အရှင်မင်းကြီး၏ ယခုရက်ပိုင်း မျက်နှာသာပေးမှုများမှာ တစ်ခုခု ထောင်ချောက်ဖြစ်နိုင်ကြောင်း သူမ သိသော်လည်း၊ သူမ၏ မိသားစုကမူ - ဤအခွင့်အရေးကို အသုံးချကာ ကိုယ်ဝန်ရအောင် ကြိုးစားရန်၊ နောင်တစ်ချိန်တွင် အရှင်မင်းကြီး၏ အချစ် မရှိတော့လျှင်ပင် ကလေးရှိလျှင် အားကိုးရမည်ဟု တိုက်တွန်းခဲ့ကြသည်။
၎င်းမှာ ကောင်းမွန်သော စကားဟု ဆိုနိုင်သော်လည်း၊ သူမ၏ မိခင်က - မင်းသားလေး မွေးဖွားနိုင်လျှင် အကောင်းဆုံး ဖြစ်ကြောင်း၊ ထိုအခါမှသာ ချန်မိသားစုအတွက် နောက်ထပ် မယ်တော်ကြီးတစ်ဦး ထပ်မံ ထွက်ပေါ်လာနိုင်မည် ဖြစ်ကြောင်း၊ သို့မဟုတ် ချန်မိသားစု၏ ပံ့ပိုးမှုဖြင့် သူမ မိဖုရားခေါင်ကြီး ဖြစ်လာနိုင်ကြောင်း ထပ်ဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အကယ်၍ ကျွန်မ မင်းသား မွေးပြီးမှ၊ နောက်ဆုံးမှာ အရှင်မင်းကြီးရဲ့ အမုန်းကို ခံရရင်ကော။ ကျွန်မနဲ့ ကလေး ဘယ်လို အသက်ရှင်ရမှာလဲ" ချန်းရှိုးရီက မနေနိုင်ဘဲ ပြန်မေးခဲ့သည်။
ဝမ်ရှီကမူ ခပ်အေးအေးသာပြန်ဖြေခဲ့သည်။
”မင်းရဲ့ အဖေရှိနေသရွေ့၊ မယ်တော်ကြီး ရှိနေသရွေ့၊ အရှင်မင်းကြီးက မင်းကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ အရင် နှစ်တွေတုန်းကလည်း ကြည့်ပါဦး... အရှင်က မင်းကို မချစ်ပေမဲ့လည်း ဘယ်တော့မှ နှိပ်စက်တာမျိုး မလုပ်ခဲ့ဘူး မဟုတ်လား"
ထိုစကားတစ်ခွန်းက ချန်းရှိုးရီ၏ ရင်ကို နာကျင်စေခဲ့သည်။ မိမိ၏ မိဘအရင်းများမှာ အာဏာနှင့် ဂုဏ်သရေကိုသာ ကြည့်ကြပြီး၊ မိမိ၏ ဘဝကိုတော့ တစ်ခါမှ ထည့်မစဉ်းစားပေးခဲ့ကြပေ။ အသက်ရှင်နေရုံနှင့် လုံလောက်သည်ဟုသာ သူတို့ ယူဆနေကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် မေရှီက မနေနိုင်ဘဲ သူမအား တိုးတိုးလေး ဖျောင်းဖျခဲ့သည်။
"မိန်းကလေး တစ်ယောက် လက်ထပ်လိုက်ပြီဆိုရင် ကိုယ့်ဆန္ဒအတိုင်း ဖြစ်ရတာ ရှားပါတယ်။ အဆင်ပြေ၊ မပြေ ဆိုတာကတော့... ကိုယ့်ကိုယ်ကိုယ်ပဲ သနားပါ။ တခြားလူတွေရဲ့ စိတ်ဆန္ဒကိုပဲ မကြည့်ပါနဲ့"
မေရှီသည် သူမ၏ ခယ်မအပေါ်တွင် မိမိ၏ ယခင်ပုံစံကို မြင်နေရသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။ ထိုစဉ်က ချန်ရှန်ဝမ်မှာ လက်ထပ်ရန် မသင့်တော်သော အမျိုးသားမှန်း သိသော်လည်း၊ ‘ယင်းကော်ကုန်း အိမ်တော်၏ အမွေဆက်ခံသူ’ ဟူသော ဂုဏ်ပုဒ်ကြောင့် မိသားစုက သူမအား အတင်း လက်ထပ်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အမွေဆက်ခံခွင့် ဆုံးရှုံးသွားသဖြင့် ချန်ရှန်ဝမ်မှာ ဘာမှ မဟုတ်တော့ပေ။ သူမမှာ ပင်ပန်းဆင်းရဲခဲ့ရသလို၊ ကလေးအတွက်ပါ ကြိုးစား ရုန်းကန်နေရသည်။ ကံကောင်းသည်မှာ ယောက္ခမ ဖြစ်သူက သူမ၏ သားအား အမွေပေးရန် စိတ်ကူးရှိနေသဖြင့်၊ သူမမှာ ရှိုးရီထက်တော့ မျှော်လင့်ချက် ပိုရှိနေခြင်းပင်။
သို့သော် မေရှီ မသိရှိသည်မှာ - ၁လပိုင်း (၁) ရက်နေ့မှ (၅) ရက်နေ့အထိ သူမနှင့် ယောက္ခမတို့ နန်းတွင်းသို့ လာရောက်နေစဉ်အတွင်း၊ သူမ၏ အသုံးမကျသော ခင်ပွန်းမှာ အပြင်၌ ပန်းချီရောင်းသော အမျိုးသမီး တစ်ဦးနှင့် ငြိစွန်းနေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူသည် လျှို့ဝှက်စွာ ငွေသုံး၍ အိမ်ငယ်လေး တစ်လုံး ဝယ်ယူကာ ထိုအမျိုးသမီးအား ‘ရွှေအိမ်နန်းနှင့် သိမ်းထား’ ခဲ့ပြီ ဖြစ်သည်။
ဤအရာအားလုံးကို စီစဉ်သူမှာ အမှန်တကယ်တော့ ယဲ့ယွင်ပင် ဖြစ်သည်။ ထိုအမျိုးသမီးမှာ သူမ၏ မိခင်ဘက်မှ မိသားစုအား အပူကပ်၍ နေရာအနှံ့ ရှာဖွေခိုင်းရာမှ တွေ့ရှိခဲ့သော သင့်တော်သူတစ်ဦး ဖြစ်သည်။ ရုပ်ရည်၊ ပညာ၊ အကွက်ချမှု - အားလုံးမှာ ထိပ်တန်း အဆင့်များပင်။ ယခုအခါ ငါးစာကို ဟပ်လိုက်ပြီဖြစ်ရာ၊ သင့်တော်သော အချိန်ရောက်လျှင် နောက်ထပ် တစ်လှမ်း တက်လှမ်းရန်သာ ကျန်တော့လေသည်။
…….
၁လပိုင်းမှာ အလုပ်များစွာဖြင့် ကုန်ဆုံးသွားခဲ့သည်။ ယခုနှစ်၏ ယွမ်ရှောင် - မီးထွန်းပွဲတော်ကို တော်ဝင်မိသားစုဝင်များသာ သီးသန့် တွေ့ဆုံခဲ့ကြပြီး အကြီးအကျယ် မကျင်းပခဲ့ပေ။ တစ်ချက်မှာ နန်းတွင်း၌ အုပ်ချုပ်မည့် မယ်မယ် မရှိသဖြင့် မည်သူက တာဝန်ယူရမည်ကို မသိခြင်းကြောင့် ဖြစ်သလို၊ အခြားတစ်ချက်မှာ မယ်တော်ကြီး ဖျားနာနေသဖြင့် သားသမီးများ ပျော်ပါးနေရန် မသင့်တော်ခြင်းကြောင့် ဖြစ်သည်။
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားရာ ၂လပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်သမားတော်ဆောင်မှ သတင်းတစ်ခု ရောက်လာခဲ့သည်။
ထိုက်ကွေ့ဖေးမှာ အခြေအနေ မဟန်တော့ကြောင်းပင်။ ၎င်းမှာ ထူးဆန်းလှသည်။ ဆောင်းတွင်း ကျော်သွားလျှင် ခန တောင့်ခံနိုင်မည်ဟု ပြောခဲ့သော်လည်း၊ ယခု ဘာကြောင့် ရုတ်တရက် အသက်အန္တရာယ် ဖြစ်ရတာလဲ။
သို့သော် ထိုက်ကွေ့ဖေး ကိုယ်တိုင်သာလျှင် သိရှိသည်။ သူမ၏ ခန္ဓာကိုယ်မှာ ကုန်ဆုံးနေပြီဖြစ်သလို၊ စိတ်ထဲမှ စွဲလမ်းမှုများလည်း ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။ ချန်မယ်တော်ကြီးအား သူမ၏ သားအရင်းက အကျယ်ချုပ် ချလိုက်သည်ကို မြင်ရခြင်းမှာ ချန်ရှီ သေဆုံးသွားသည်ထက်ပင် ပို၍ စိတ်ကျေနပ်စရာ ကောင်းလှသည်။ သူမသည် ချန်ရှီအား အသက်ရှင်လျက်နှင့် ငရဲကျစေလိုခြင်းပင်။ မိမိ ရသင့်ရထိုက်သော နေရာကို လုယူခဲ့သည့် ထိုမိုက်မဲသော အမျိုးသမီးအား သူမ နာကျင်စေလိုသည်။
…..
ကျောက်ချွန်းဆောင်။
နင်ချန်သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ကုလားထိုင်တွင် ထိုင်လျက်၊ စာပွဲဘေး၌ အကြီးတစ်ဦးနှင့် အငယ်တစ်ဦးတို့ ပန်းချီဆွဲနေသည်ကို ကြည့်နေသည်။ ပန်းချီဆွဲသည် ဆိုသည်ထက် - စတုတ္ထမင်းသားလေးက တွေ့ရာလျှောက်ဆွဲနေပြီး၊ ယဲ့ယွင်ကမူ ထိုဆွဲထားသော နေရာများကို ပြုပြင်ပြောင်းလဲပေးနေခြင်း ဖြစ်သည်။
စတုတ္ထမင်းသားလေး ဆွဲထားသော ‘ကြက်ကလေး ဆန်ကောက်နေသည့် ပုံ’ မှာ ယဲ့ယွင်၏ လက်ရာဖြင့် ‘ပန်းတောထဲမှ ဥဒေါင်း’ ပုံစံသို့ တစ်လှမ်းချင်း ပြောင်းလဲသွားခဲ့သည်။ လှပတောက်ပသော ပန်းကြီးများမှာ ယဲ့ယွင်၏ စရိုက်ကဲ့သို့ပင် ရဲတင်းကာ ထင်ရှားလှပေသည်။
‘ပန်းချီနှင့် စာကိုကြည့်၍ လူ၏ စရိုက်ကို သိနိုင်သည်’ ဟူသော စကားမှာ အမှန်ပင် ဖြစ်၏။ ယဲ့ယွင်၏ ပန်းချီကားများတွင် အေးဆေးသော လက်ရာ ရှားပါးလှပြီး အမြဲတမ်း ပူပြင်း မြှူဆွယ်သော ရိပ်ယောင်များ ပါရှိနေတတ်သည်။ စာလုံးများမှာ လှပသော်လည်း ရေးသားဟန်မှာမူ စူးရှ ထက်မြက်လှသည်။
နင်ချန်၏ မျက်ဝန်းထဲတွင် သတိမထားမိဘဲ အပြုံးများ ပြည့်နှက်နေမိသည်။ ထိုသားအမိ နှစ်ဦးကို ကြည့်ရင်း - စတုတ္ထမင်းသားလေးမှာ ရုပ်ရည်အားဖြင့် မိမိနှင့် တူသော်လည်း၊ အမူအရာနှင့် စရိုက်မှာမူ ယဲ့ယွင်နှင့် ပို၍ တူနေသည်ဟု သူ ခံစားလိုက်ရတော့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-376
အခန်း ၃၇၆ ။ မကြီးပြင်းသေးဘူး
“အရှင်မင်းကြီးကတော့ ကြည့်ပြီးရယ်မနေပါနဲ့၊ ချန်းချဲ့တို့သားအမိနဲ့အတူ ဆော့ပေးပါဦးလား။”
ယဲ့ယွင်က လှည့်ကြည့်ကာ မျက်ခုံးလေးပင့်လျက် စုတ်တံတစ်ချောင်းကို သူ့ထံ ကမ်းပေးလိုက်သည်။
စတုတ္ထမင်းသားလေးကလည်း လိုက်
ပြောသည်။
“ခမည်းတော်လည်း အတူတူ ဆွဲရအောင်!”
နင်ချန်၏ မျက်နှာထက်မှ အပြုံးက ပို၍တောက်ပလာကာ လက်ဖက်ရည်ခွက်ကို ချပြီး အနားသို့ လာရောက်ကာ သားဖြစ်သူ၏ ပါးလေးကို ဆွဲလိုက်သည်။
“ဘာလို့ ‘အဖေ’ လို့ မခေါ်တော့တာလဲ။”
“နို့ထိန်းက ပြောတယ်၊ ကြီးလာရင် ခမည်းတော်လို့ ခေါ်ရမယ်တဲ့။” စတုတ္ထမင်းသားလေးက အလေးအနက် ပြန်ဖြေသည်။
နင်ချန်က သူ့ကို စနောက်သည်။
“ဒါဆို ကျင့်အာက ကြီးလာပြီပေါ့? ခမည်းတော်လို ဒီလောက်အထိ အရပ်ရှည်မှ ကြီးလာတာလို့ ခေါ်တာနော်။”
သေးငယ်လှသော စတုတ္ထမင်းသားလေးသည် မိမိ၏ ခမည်းတော်ကို မော့ကြည့်လိုက်သည်။ ဝါး... မေမေ့ထက်တောင် အများကြီး ပိုမြင့်နေတာပဲ။
သူ့မျက်ခုံးလေးများက အလိုလို တွန့်ချိုးသွားကာ ခနမျှ တွေဝေသွားပြီးမှ ချစ်စဖွယ်လေသံလေးဖြင့် - “မကြီးပြင်းသေးဘူး။”
“ဒါဆို ဘယ်လို ခေါ်ရမလဲ။”
“အဖေ!”
စတုတ္ထမင်းသားလေးက တောက်ပစွာ ပြုံးလျက် အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်တော့သည်။
နင်ချန်သည် ကလေး၏ ချစ်စဖွယ် အပြုအမူကို ကြည့်ကာ ရယ်မောရင်း သားငယ်ကို ပွေ့ချီကာ အပေါ်သို့ မြှောက်ဆော့လိုက်သည်။ မွေးကတည်းက ယခုအချိန်အထိ ၎င်းမှာ စတုတ္ထမင်းသားလေး အကြိုက်ဆုံး ကစားနည်းပင် ဖြစ်၏။ အစေခံများက မမြှောက်ရဲ၊ မေမေက မမြှောက်နိုင်၊ အဖေကသာ အတော်ဆုံး ဖြစ်သည်။
သေးငယ်သော စတုတ္ထမင်းသားလေးမှာ သူ၏ အဖေအား အလွန်ပင် ကြည်ညိုလေးစားပြီး ချစ်မြတ်နိုးလှသည်။
ယဲ့ယွင်ကတော့ ဘေးမှကြည့်ရင်း ဆွံ့အလို့ နေတော့သည်။ မည်သည့် ဧကရာဇ်ကများ မင်းသားကို မိမိအား ‘အဖေ’ ဟု ခေါ်ရန် သင်ပေးပါမည်နည်း။ ယခုနှစ်လယ်တွင် စာသင်ဆရာနှင့် တွေ့လျှင်တော့ ကျင့်ဝတ်သင်ပေးရမည့် ဆရာမှာ အတော်လေး ခေါင်းခဲရပေတော့မည်။
ခနမျှ ဆော့ကစားပြီးနောက် သုံးဦးသား အတူတူ ပန်းချီဆွဲကြသည်။ စတုတ္ထမင်းသားလေးက ထိုင်ခုံပုလေးပေါ် တက်၍ အလယ်တွင် ရပ်ကာ အဖေနှင့် အမေက ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်ကြသည်။
သို့သော် မကြာမီမှာပင် စတုတ္ထမင်းသားလေးမှာ စိတ်မပါတော့ပေ။ အကြောင်းကတော့ အဖေနှင့် အမေက အလွန်တော်လွန်းသဖြင့် စုတ်တံ တစ်ချက်နှစ်ချက် ဆွဲလိုက်ရုံနှင့် သူဘာဆွဲထားသည်ကို သူကိုယ်တိုင်ပင် မသိတော့သောကြောင့် ဖြစ်သည်။ သုံးနှစ်သား ကလေးမှာ စိတ်ရှည်မှု မရှိလှသဖြင့် ပျင်းသွားကာ ဆက်မဆွဲတော့ပေ။
သူသည် ပိုင်ရှုအား သူ့ကို ပွေ့ချီခိုင်းကာ အောက်သို့ ဆင်းပြီး ညန်ကောင်းကို ခေါ်၍ ဒုတိယမင်းသမီးလေးနှင့် သွားဆော့တော့သည်။ စတုတ္ထမင်းသားလေး၏ အမြင်တွင် ဒုတိယမမကသာ သူ့အဆင့်အတန်းနှင့် အနီးစပ်ဆုံး ဖြစ်သည်။
(စင်စစ် သူထက် သုံးနှစ်ကြီးသော ဒုတိယမင်းသမီးလေးမှာ မိမိကိုယ်ကိုယ် လူကြီးဟု သတ်မှတ်နေပြီ ဖြစ်ရာ... အင်း... ညန်ကောင်း နှင့် စတုတ္ထမင်းသားလေးသာ အဆင့်တူမည် ထင်ပါသည်လေ။)
ကြားထဲတွင် ခံနေသော သားဖြစ်သူ မရှိတော့သဖြင့် နင်ချန်သည် ထိုထိုင်ခုံပုလေးကို ဖယ်ရှားလိုက်ကာ ယဲ့ယွင်၏ နောက်ကွယ်မှနေ၍ သူမကို သိမ်းကျုံးဖက်ထားလိုက်သည်။
“ချင်းချင်းက ဥဒေါင်းတစ်ကောင်တည်း ဆွဲထားတာဆိုတော့ အရမ်းကို တစ်ကိုယ်တည်း ဖြစ်မနေဘူးလား။”
ယဲ့ယွင်က မျက်ဝန်းလေးများကို လှုပ်
ခတ်လျက် နောက်သို့ လှည့်ကြည့်လိုက်
သည်။
“ဒါပေမဲ့ ချန်းချဲ့က တစ်ကောင်တည်းပဲ ဆွဲတတ်တာကိုး။ အဲဒီတော့... အရှင်မင်းကြီးကပဲ ချန်းချဲ့ကို သင်ပေးပါဦးလား။”
“ချင်းချင်းက ပြောမှတော့ ကျန်း ဘယ်ငြင်းရက်ပါ့မလဲ။” နင်ချန်က မျက်ခုံးလေး ပင့်လိုက်သည်။
နောက်တစ်ခဏတွင် သူသည် ယဲ့ယွင်၏ စုတ်တံကိုင်ထားသော လက်ကလေးကို လှမ်းဆုပ်လိုက်သည်။ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်မှာ ထိကပ်နေကြပြီး လက်ထဲမှ စုတ်တံ၊ စက္ကူပေါ်မှ ပန်းချီကားတို့မှာလည်း ရုတ်တရက် အပူရှိန် ရလာသကဲ့သို့ပင်။ အစေခံများမှာလည်း အလိုက်သိစွာဖြင့် အပြင်သို့ ထွက်သွားကြသည်။
ယဲ့ယွင်နှင့် နင်ချန်မှာ ပန်းချီဆွဲသည် ဆိုသည်ထက် အချစ်နယ်ကျွံနေကြခြင်း ဖြစ်သည်။ သူတို့သည် ဆော့ကစားရင်း ဥဒေါင်းနှစ်ကောင်ကို ဆွဲလိုက်ကြသည်။ လည်ချင်းယှက်ကာ အလွန်ပင် ချစ်ခင်မြတ်နိုးနေကြသော ပုံစံပင်။
“ဒီပန်းချီကိုတော့ ချန်းချဲ့က သေသေချာချာ သိမ်းထားခိုင်းရမယ်။ သူများတွေ မြင်သွားရင် ရှက်လို့ သေလိမ့်မယ်။”
ယဲ့ယွင်က နင်ချန်၏ လက်ဖမိုးကို တို့လိုက်သည်။ ၎င်းမှာ သူ့အား သူမကို လွှတ်ပေးရန် ပြောလိုက်ခြင်းပင်။ သို့သော် နင်ချန်က မလွှတ်ချင်ဘဲ သူမကို မိမိဘက်သို့ မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်လိုက်သည်။
“သေသေချာချာ သိမ်းထားမယ်ဆိုတာက... ကျန်း ရောက်လာတဲ့အခါမှ တိတ်တဆိတ် ထုတ်ပြီး အတူတူ ကြည့်ဖို့လား။”
“အရှင်မင်းကြီးက ကျောက်ချွန်းဆောင်ကို ရောက်လာရင် ပန်းချီပဲ ကြည့်ချင်တာလား၊ ချန်းချဲ့ကိုရော မကြည့်ချင်ဘူးလားဟင်။”
ယဲ့ယွင်က ပြန်လည် မြှူဆွယ်လိုက်ရင်း နင်ချန်၏ မေးစေ့ကို လက်ဖြင့် အသာအယာ ပင့်လိုက်သည်။ သူမ၏ မျက်နှာထားမှာ အလှလေးကို စနောက်နေသည့် မင်းသားပျိုလေးတစ်ဦးကဲ့သို့ပင်။
“သားတစ်ယောက် မွေးထားတာတောင် မလိမ္မာသေးဘူးပဲ။” နင်ချန်က သူ၏ ဖီးနစ်မျက်ဝန်းများကို မှေးစင်းလိုက်သည်။
သူသည် သူမ၏ လက်ထဲမှ ရုန်းထွက်ကာ ထိုလက်ကလေးကို ဖမ်းဆုပ်၍ လက်ချောင်းလေးကို အသာအယာ ကိုက်လိုက်သည်။
“နာတယ်!” ယဲ့ယွင်က ခပ်တိုးတိုး အော်လိုက်ရင်း လက်ကို ပြန်ရုတ်လိုက်ကာ သူ့ကို မျက်စောင်းထိုးလိုက်သည်။
နင်ချန်က အလွန်ပင် စိတ်ကြည်လင်စွာ ရယ်မောလိုက်ပြီး ယဲ့ယွင်၏ ခါးကို ဖက်ကာ အရှိန်ဖြင့် ပတ်ချာလည် မြှောက်လိုက်သည်။ ဤရုတ်တရက် အပြုအမူကြောင့် ယဲ့ယွင်မှာ လန့်သွားကာ သူ၏ ပုခုံးကို မြဲမြဲဆုပ်ကိုင်ရင်း သူမကိုယ်တိုင်လည်း လိုက်လံ ရယ်မောမိတော့သည်။
ခနမျှ ဆော့ကစားပြီးနောက် အထဲမှာ ထိုင်နေရသည်မှာ ပျင်းလာသဖြင့် အပြင်ထွက် လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ယနေ့ နေရောင်ကောင်းသလို အပြင်မထွက်ရသည်မှာလည်း ကြာပြီဖြစ်သောကြောင့်တော်ဝင်ဥယျာဉ်ဘက်သို့ လျှောက်လာခဲ့ကြသည်။
ထိုသို့ လျှောက်လာရင်းမှ ကျန့်ဝမ်ရုန်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ အမှန်တကယ်တော့ တွေ့သည်ဆိုသည်ထက် ဝေးဝေးမှ သူမ၏ ကျောပြင်ကိုသာ မြင်လိုက်ရခြင်း ဖြစ်၏။ သခင်ရော အစေခံပါ ဝတ်ဆင်ထားသော အဝတ်အစားများမှာ မတောက်ပတော့သလို လူကလည်း နွမ်းနယ်နေပုံရသည်။
၎င်းမှာ လူမှားရွေးခဲ့မိပြီး ဘက်မှားရပ်တည်ခဲ့မိသည့် အကျိုးဆက်ပင် ဖြစ်ပေလိမ့်မည်။ ရည်မှန်းချက်ကြီးသော်လည်း ကံမကောင်းခဲ့ရှာပေ။ အစပိုင်းတွင် ရှူးဖေး နောက်သို့ လိုက်ခဲ့သလို၊ နောက်ပိုင်းတွင် မိဖုရားခေါင်ကြီးရှဲ့ဘက်သို့ ရပ်တည်ခဲ့သည့် ကျန့်ရှီ၏ အမြင်မှာ တကယ်ပင် မမှန်ကန်ခဲ့ပေ။
အမှန်တကယ်တွင် ဤဘဝ၌ ယဲ့ယွင်၏ ပါဝင်ပတ်သက်မှုကြောင့် အခြေအနေများ ပြောင်းလဲသွားခဲ့ခြင်းလည်း ပါဝင်သည်။ ယဲ့ယွင်သည် အစကတည်းက နင်ချန်အား ကျန့်ရှီ၏ အပြုအမူများကို မနှစ်သက်အောင် ပြောဆိုခဲ့သဖြင့်၊ နန်းတွင်း၌ ကိုယ်လုပ်တော်များ မရှားပါးလှရာ နင်ချန်သည် သူမအား လုံးဝ မျက်နှာသာ မပေးတော့ခြင်းပင်။
စင်စစ် ယခင်ဘဝ၌ ကျန့်ရှီမှာ အောင်မြင်စွာ ရာထူးတက်ခဲ့သလို ကလေးလည်း မွေးဖွားခဲ့ပြီး ယောင်ရှန်းအတွက်ပင် အတော်လေး အနှောင့်အယှက် ဖြစ်စေခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ယခုဘဝတွင် ယောင်ရှန်းသည်လည်း သူမအား တိုက်ခိုက်ရန် ကြိုးစားခဲ့ဖူးသည်။ အကြောင်းရင်းများစွာ ပေါင်းစပ်လိုက်သောအခါ သူမမှာ လုံးဝ နာလန်မထနိုင်တော့ဘဲ နန်းတွင်း၌ ပိတ်လှောင်ခံထားရသော သနားစရာ အမျိုးသမီးတစ်ဦး ဖြစ်သွားခဲ့ရတော့သည်။
အမှန်တကယ်တော့ သူမကြောင့် သေဆုံးခဲ့ရသော လျိုရှီမှာလည်း သနားစရာပင်။ လျိုရှီမှာ နန်းတွင်း၌ အသိအချာမသိရဘဲ သေဆုံးခဲ့သူ ဖြစ်သည်။ နှင်းကျသောနေ့တွင် သံဂေါ်ပြားပေါ် လဲကျကာ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သော်လည်း၊ သူမဘာသာ ချော်လဲခြင်းလား သို့မဟုတ် တစ်စုံတစ်ယောက်က တွန်းချလိုက်ခြင်းလား ဆိုသည်မှာ ယနေ့တိုင် မည်သူမျှ မသိရှိကြပေ။ နန်းတွင်း၌ လက်မစွန်းသူမှာ အလွန်ပင် ရှားပါးလှသည်။
“ဘာတွေ ကြည့်နေတာလဲ။” နင်ချန်၏ အသံက သူမ၏ အတွေးများကို ရုပ်သိမ်းစေခဲ့သည်။
ယဲ့ယွင်က ပြုံးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး၊ ခုနက ကျန့်ဝမ်ရုန် လမ်းလျှောက်သွားတာကို မြင်လိုက်လို့ပါ။”
“အော်။” နင်ချန်က ဘာမှ မခံစားရသလို အေးဆေးစွာ ပြန်ထူးသည်။ ရှဲ့မိဖုရားခေါင် သေဆုံးပြီးနောက် နောက်လိုက် ကိုယ်လုပ်တော်များမှာလည်း အေးစက်လှသော အဆောင်များ၌ ပစ်ထားခံရသကဲ့သို့ ဖြစ်သွားရာ နင်ချန်ကတော့ သူတို့ကို လုံးဝ မေ့လျော့နေခဲ့ပြီ ဖြစ်သည်။
သူသည် ယဲ့ယွင်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း - “ပန်းဥယျာဉ်က လူတွေက ပြောတယ်၊ ဒီရက်ပိုင်း ကာမဲလီယာနဲ့ ခရစ္စမတ်ပန်းတွေ တကယ်လှအောင် ပွင့်နေတယ်တဲ့။ ကျန်းတို့တွေ သွားရွေးပြီး မင်းရဲ့ ဝင်းထဲကို သွားရွှေ့ကြရအောင်။”
“ကောင်းပါပြီ၊ ချန်းချဲ့ရဲ့ အဆောင်မှာလည်း ပန်းတွေ နည်းနည်း လစ်ဟာနေတာနဲ့ အတော်ပဲ။” ယဲ့ယွင်က ခေါင်းညိတ်ကာ ဆက်ပြောသည်။
“သုံးလပိုင်းဆိုရင် မက်မွန်ပန်းတွေ ပွင့်တော့မယ် ထင်တယ်၊ နန်းတော်ထဲမှာတော့ သိပ်မမြင်ရဘူးနော်။”
“အင်း၊ နန်းတွင်းမှာ ဒါတွေကို သိပ်မစိုက်ကြဘူး။ မင်း တကယ်ကြိုက်ရင် ကျောက်ချွန်းဆောင်ရဲ့ နောက်က ဥယျာဉ်ငယ်လေးထဲမှာ ကျန်း လူလွှတ်ပြီး စိုက်ပေးမယ်။”
ယဲ့ယွင်က ခေါင်းခါသည်။
“စကားစပ်မိလို့ ပြောလိုက်တာပါ၊ ဒါလေးအတွက်နဲ့ အပင်ပန်းခံဖို့ မတန်ပါဘူး။”
ယွမ်ကျိုက နောက်မှနေ၍ အလိုက်သိစွာ ဝင်ပြောသည်။
“လင်ရှီးဥယျာဉ်မှာတော့ ရှိပါတယ်။ အဲဒီက မက်မွန်တော အနားမှာဆိုရင် ၃လပိုင်းမှာ ပန်းတွေပွင့်ရင် အင်မတန် လှတာပါ။”
ထိုသို့ ပြောမှသာနန်းတော်ထဲ၌ထိုကဲ့သို့လှပသောနေရာ ရှိသည်ကို သတိရသွားကြသည်။ လင်ရှီးဥယျာဉ်သို့ သွားတိုင်း ယိကျောင်းရုန်သည် မက်မွန်တော အနားရှိ အဆောင်တွင် နေထိုင်လေ့ရှိသည်။
“မသွားရတာလည်း ကြာပြီပဲ။ မင်း ကြည့်ချင်တယ်ဆိုရင် ကျန်းတို့တွေ သွားကြတာပေါ့။” နင်ချန်က ခပ်တိုးတိုး ဆိုသည်။
ယဲ့ယွင်က ပြုံးလျက် သူ့ကို မော့ကြည့်
လိုက်သည်။
“အရှင်မင်းကြီးက ချန်းချဲ့အပေါ် အရမ်းကောင်းတာပဲ။ ဒါပေမဲ့ တကယ့်ကို သွားစရာ မလိုပါဘူး။ ချန်းချဲ့က ပျိုနီပန်းနဲ့ ကြွေပန်း လို တောက်ပတဲ့ ပန်းတွေကိုပဲ ပိုကြိုက်တာပါ။ အရှင်မင်းကြီးက ချန်းချဲ့ကို ပျော်စေချင်ရင် အဲဒါလေးတွေပဲ ပိုပြီး ဆုချပေးပါဦး။”
ယခုအခါ နင်ချန်၏ သူမအပေါ် ထားရှိသည့် အချစ်မှာ ထင်ထင်ရှားရှားပင် ဖြစ်နေပြီး ဘာမှ ဖုံးကွယ်မထားတော့ပေ။ သူမသည် ထိုအချစ်ကို လက်ခံသော်လည်း အချိန်တိုင်း တည်ငြိမ်စွာ ဆင်ခြင်နေဆဲ ဖြစ်သည်။
ဥယျာဉ်ထဲတွင် တစ်ပတ်ပတ်ပြီးနောက် ကျောက်ချွန်းဆောင်သို့ ပြန်လာခဲ့ကြသည်။ ညဘက်တွင် နင်ချန်သည် ထုံးစံအတိုင်း ထိုနေရာမှာပင် အိပ်စက်ခဲ့ပြီး နှစ်ဦးသား သန်းခေါင်ကျော်မှ အိပ်ပျော်ခဲ့ကြသည်။
သို့သော် အိပ်ပျော်ပြီး နှစ်နာရီပင် မပြည့်သေးမီမှာပင် ယွမ်ကျိုက အပြေးအလွှား လာရောက် ခေါ်ယူတော့သည်။
အရေးကြီးကိစ္စတစ်ခု ရှိလာခဲ့ပြီ။ ချီအန်းနန်းဆောင်မှ ထိုက်ကွေ့ဖေး ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
***