← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 19 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 19 Ch. 299-300

အခန်း ၂၉၉ ။ အလျှော့ပေးခြင်းဖြင့် အသာစီးရယူခြင်း

နင်ချန် ထွက်ခွာသွားပြီး မကြာမီမှာပင် စားဖိုဆောင်မှ ဟင်းလျာများ ရောက်ရှိလာသည်။ အောက်ကျင်းစားပွဲပေါ်ရှိ ကောင်းပေ့လှပေ့ ဟင်းလျာများကို ကြည့်ပြီး ယဲ့ယွင်က သက်ပြင်းချလိုက်သည်။

“နေ့လည်စာတောင် မစားရသေးဘူး၊ အလျင်စလိုနဲ့ ပြန်သွားရပြန်ပြီ”

နောက်ကွယ်မှ စကားစုဖြစ်သည့် “ဒါကြောင့် ဒီတစ်စားပွဲလုံးကို ကျွန်မပဲအားနာနာနဲ့ အပြတ်ရှင်းလိုက်တော့မယ်” ဆိုသည်ကိုမူ သူမ ထုတ်မပြောလိုက်ပေ။ သို့မဟုတ်ပါက သူမတွင် အသည်းနှလုံး မရှိသယောင် ဖြစ်နေပါလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်ကို အလွန်ချစ်မြတ်နိုးသည့်ပုံစံကို နေ့စဉ်ရက်ဆက် ပီပြင်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ ဘေးလူများ ယုံကြည်မှသာ မိမိအတွက် အလုပ်လုပ်ရ ပိုမိုအဆင်ပြေပေလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေကို ဖန်တီးထားရန်မှာ အလွန်အရေးကြီးပါသည်။

ထင်သည့်အတိုင်းပင် လျန်မားမားက လာရောက်ဖျောင်းဖျတော့သည်။

“ကျွန်တော်မျိုးမတို့ သိပါတယ်၊ ရှိုးရုန်က အရှင်မင်းကြီးအတွက် စိုးရိမ်နေတာပဲ၊ ဒါပေမဲ့ အရှင်မင်းကြီးက ရှိုးရုန်ရဲ့ ကျန်းမာရေးကို ပိုပြီး စိတ်ပူနေတာ မဟုတ်လား? ကျိုချန်နန်းဆောင်မှာကတော့ ပြုစုပေးမယ့် အစေခံတွေ အပြည့်ရှိတာမို့ ရှိုးရုန် သိပ်ပြီး မပူပါနဲ့၊ ကိုယ်ကိုယ်သာ ဂရုစိုက်ပါ၊ အခုတလော တကယ်ပဲ ကိုယ်အလေးချိန် ကျသွားတာမို့ အားရှိအောင် ပြန်စားရပါမယ်”

“ဟူး... ကျွန်မက စိတ်ပူလို့ပါ၊ အရှင်က အလုပ်များပြီဆိုရင် နေ့ရောညပါ မနားတမ်း လုပ်တတ်တာကိုး” ယဲ့ယွင်က မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးနောက် “မားမား... ခဏနေရင် ဟွေယွဲ့ကို မီးဖိုချောင်မှာ ချိုးသားစွပ်ပြုတ် တစ်ခွက် သွားချက်ခိုင်းလိုက်ပါ၊ ညနေကျရင် အရှင်မင်းကြီးဆီ ပို့ပေးဖို့လေ”

အချစ်ရေး အချစ်ရာများကို ခဏဖယ်ထားလျှင်ပင် နင်ချန်သည် အလွန်အလုပ်ကြိုးစားသည့် ဧကရာဇ်တစ်ပါး ဖြစ်သည်မှာ ငြင်းမရပေ။ ငယ်ရွယ်သော အုပ်စိုးသူတစ်ဦးအနေဖြင့် မည်မျှအထိ ကောင်းမွန်အောင် လုပ်ဆောင်နိုင်သလဲဆိုသည်မှာ အပထားဦး၊ လက်ရှိတွင်မူ သူသည် နန်ချီပြည်ကို ကောင်းမွန်စွာ အုပ်ချုပ်ရန် စိတ်အားထက်သန်မှု အပြည့်ရှိနေသည်မှာ အမှန်ပင်။

ဤစွပ်ပြုတ်တစ်ခွက်ကို ယဲ့ယွင် ပို့ကိုပို့ရမည်။ ပထမအချက်မှာ သံယောဇဉ်ကို အချိန်အခါကိုက် ပိုမိုခိုင်မာစေရန်ဖြစ်ပြီး ဒုတိယအချက်မှာ တိုင်းပြည်အကျိုးကို ကြိုးပမ်းနေသည့် နင်ချန်ကို ကျေးဇူးတင်ခြင်း တစ်မျိုးပင် ဖြစ်သည်။

....

ကျောင်းချွန်းနန်းဆောင်တွင် အခြေအနေများ သာယာနေသော်လည်း ဝေ့ရွယ်ဆောင်တွင်မူ အခြေအနေက ဆိုးရွားနေသည်။ တတိယမင်းသမီးလေးမှာ ရာသီဥတု ပူပြင်းလွန်းသဖြင့် တစ်ကိုယ်လုံး ချွေးမိတ်များ ထွက်နေကာ ငိုယိုသောင်းကျန်းနေတော့သည်။

“နင်တို့ ကလေးကို ဘယ်လို ပြုစုစောင့်ရှောက်နေကြတာလဲ! ဒီဝေ့ရွယ်ဆောင်မှာ ရေခဲတွေ၊ ယပ်တောင်တွေ မရှိဘူးလား? မင်းသမီးလေးမှာ တစ်ကိုယ်လုံး ချွေးမိတ်တွေနဲ့၊ ဒီကျောပြင်ကို ကြည့်စမ်း! သမားတော်ကို အမြန်သွားပင့်စမ်း!”

ယောင်ရှန်းသည် စိတ်တိုတိုဖြင့် နို့ထိန်းများကို ကြိမ်းမောင်းကာ ကလေးကို ချီလိုက်သည်။ သူမ၏ ကလေးမှာ မင်းသားမဟုတ်သဖြင့် စိတ်ပျက်မိသည်မှာ မှန်သော်လည်း လက်ရှိတွင်မူ မင်းသမီးလေးကို ကျန်းမာအောင် ပြုစုပျိုးထောင်ရမည်ကို သူမ သိပါသည်။

နင်ချန်နှင့် ဘဝနှစ်ခုစာ ပတ်သက်ခဲ့ဖူးသဖြင့် နင်ချန်သည် သားသမီးများကို မည်မျှ တန်ဖိုးထားကြောင်း သူမ ကောင်းကောင်းသိသည်။ ထို့အပြင် ကလေးမှာ သွေးသားရင်းဖြစ်၍ စိတ်ပျက်သည် ဆိုစေဦးတော့၊ မိခင်နှင့်သမီး သံယောဇဉ်မှာ လုံးဝမရှိဘဲ မနေပေ။ မင်းသားလေးသာ ဖြစ်ခဲ့လျှင် ပို၍စိတ်တိုင်းကျမည်ဟုသာ ဆိုလိုခြင်း ဖြစ်သည်။

ခဏအကြာတွင် သမားတော် ရောက်လာသည်။ စစ်ဆေးပြီးနောက် ဆေးမှုန့်များ လိမ်းရန် ညွှန်ကြားခဲ့သည်။ နို့ထိန်းများက မင်းသမီးလေးကို ရေချိုးပေးကာ ဆေးမှုန့်လိမ်းပေးလိုက်မှသာ ငိုသံတိတ်သွားတော့သည်။

“ကျွန်တော်မျိုး မင်းသမီးလေး ဝတ်ထားတဲ့ အဝတ်အစားကို ကြည့်ပြီးပါပြီ၊ အထည်သားက လေဝင်လေထွက် မကောင်းသလို ချွေးလည်း မစုပ်ပါဘူး၊ ရာသီဥတုပူတဲ့အခါ ဒီလိုအဝတ်အစားတွေက ချွေးမိတ်ထွက်လွယ်စေပါတယ်၊ မင်းသမီးလေးရဲ့ အဝတ်အစားတွေကို လဲပေးရပါမယ်” ဟု သမားတော်က ဆိုသည်။

ထိုအခါမှ ယောင်ရှန်းသည် မိမိသမီးတော် ဝတ်ထားသည့် အဝတ်အစားမှာ အကောင်းစား အထည်သား မဟုတ်သည်ကို သတိပြုမိသွားသည်။ သူမ၏ မျက်ဝန်းများ ချက်ချင်း မှောင်ကျသွားတော့သည်။

သမားတော်ကို ပြန်လွှတ်ပြီးနောက် အစေခံများကို ဒေါသထွက်တော့သည်။ “မင်းသမီးလေးရဲ့ အဝတ်အစားတွေက ဘာဖြစ်နေတာလဲ!”

နို့ထိန်းတစ်ဦးက တုန်တုန်ရင်ရင်ဖြင့် ရှေ့တိုးလာကာ အသာအယာ ပြောရှာသည်။ “ရှိုးရုန်ကို တင်ပြရရင်... နန်းတွင်းရေးရာဌာနက သတ်မှတ်ထားတဲ့အတိုင်း ခွဲတမ်းချပေးတဲ့ အထည်ကောင်းတွေက အတွင်းခံအင်္ကျီ ငါးထည်စာပဲ ရှိပါတယ်၊ ကလေးဆိုတော့ အညစ်အကြေး ပေကျံတာ မြန်တော့ခဏခဏလည်း လဲပေးရပါတယ်၊ အဲဒီအင်္ကျီတွေက မလောက်တော့တာမို့... ဒါကြောင့်... ဒါကြောင့် အဆင့်နိမ့်တဲ့ အထည်တွေကိုပဲ ဝတ်ပေးလိုက်ရတာပါ”

“မိုက်မဲလိုက်တာ!” ယောင်ရှန်းက ဒေါသတကြီးဖြင့် လက်ဘေးက လက်ဖက်ရည်ခွက်ကို လှမ်းပေါက်လိုက်သည်။ “နန်းတွင်းရေးရာဌာနက ပေးတာမရှိရင် ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲမှာ မရှိဘူးလား? အခုချက်ချင်း အထည်လိပ်အချို့ကို အပ်ချုပ်ဆောင်ကို ယူသွားပြီး အမြန်ချုပ်ခိုင်းလိုက်၊ မင်းသမီးလေးကို ချက်ချင်း လဲပေးရမယ်”

“ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော်မျိုးမ အခုပဲ သွားလိုက်ပါ့မယ်” နို့ထိန်းက အကြိမ်ကြိမ် ဦးချကာ ထွက်သွားတော့သည်။

ယောင်ရှန်းသည် နန်းပြင်က ကိစ္စများအတွက်လည်း ခေါင်းခဲနေရသည်။ မနေ့က အစ်ကိုကြီး ယောင်ရွှီဆီက လာသည့် လျှို့ဝှက်စာကို လက်ခံရရှိပြီးနောက် ဒုတိယအစ်ကို ယောင်ရှင်း၏ လုပ်ရပ်ကြောင့် ဒေါသထွက်လုနီးပါး ဖြစ်ခဲ့ရသည်။ ဤအကြံအစည်မှာ မအောင်မြင်ရုံတင်မကဘဲ ယဲ့မိသားစုကိုပင် အခွင့်ကောင်းပေးလိုက်သလို ဖြစ်သွားခဲ့သည်။ ဤသို့ဆိုလျှင် ယဲ့မိသားစုက ပိုမိုအခြေခိုင်သွားတော့မည်ကိုစိုးရိမ်ရသည်။

အခြားတစ်နေရာမှ ထပ်မံ ကြံစည်ရန် နည်းလမ်းရှာရဦးမည်။ ယဲ့ယွင် ရှိနေခြင်းမှာ ဤဘဝ၏ အကြီးမားဆုံးသော အပြောင်းအလဲပင် ဖြစ်သည်။ သူမကို ဆက်တိုက် ရိုက်ခတ်မှုများ ပေးနေပြီး သူမ၏ ကြိုတင်ခန့်မှန်းချက်များကိုပါ အချည်းနှီး ဖြစ်စေသည့်အတွက် ယဲ့ယွင်ကို အရင်ဆုံး ဖယ်ရှားပစ်ရမည်။

“ရှိုးရုန်... လက်ဖက်ရည်လေး သောက်ပြီး ဒေါသဖြေပါဦး၊ ကျန်းမာရေး ထိခိုက်ပါဦးမယ်” နျန်ဝမ်က ရှေ့တိုးလာသည်။

ယောင်ရှန်းက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ သူမကို ကြည့်လိုက်သည်။ “ကျီကျူး ဘယ်သွားလဲ?”

“အစ်မကျီကျူးက ဘဏ္ဍာတိုက်သော့ကို တာဝန်ယူထားရတာမို့ နို့ထိန်းက အထည်သွားထုတ်တော့ လိုက်သွားပေးတာပါ” ဟု နျန်ဝမ်က ဖြေသည်။

ဤအကြောင်းကို ပြောလိုက်သည်နှင့် ယောင်ရှန်း ထပ်မံ ဒေါသထွက်လာပြန်သည်။ “ဦးနှောက်မရှိတဲ့ အကောင်တွေ၊ မင်းသမီးလေးရဲ့ ကိစ္စကိုတောင် ပေါ့ဆရဲကြတယ်၊ နန်းတွင်းရေးရာဌာနက ရွေးပေးလိုက်တဲ့ လူတွေကလည်း တနေ့တခြား ပိုပြီး အသုံးမကျလာတော့ဘူး”

ထိုစကားကို ကြားသောအခါ နျန်ဝမ်၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် ဝေ့သီသွားပြီး ခေါင်းငုံ့ကာ သတိထား၍ ပြောလိုက်သည်။ “ရှိုးရုန်... ကျွန်တော်မျိုးမမှာ ပြောစရာ စကားတစ်ခွန်း ရှိပါတယ်၊ ပြောသင့်မပြောသင့်တော့ မသိပါဘူး”

“ပြောစရာရှိတာသာ ပြောစမ်းပါ” ယောင်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။

နျန်ဝမ်က “တတိယမင်းသမီးလေး မွေးကတည်းက ရှိုးရုန်က သိပ်ပြီး မမေးမြန်းသလို သွားလည်း မကြည့်ဖြစ်ပါဘူး၊ ဒါကြောင့် အောက်က အစေခံတွေက ရှိုးရုန်က မင်းသမီးလေးကို အရေးမစိုက်ဘူးလို့ ထင်ပြီး အခုလိုတွေ လုပ်ရဲကြတာ ဖြစ်မှာပါ”

ဟုတ်တယ်မဟုတ်လား၊ မိခင်ဖြစ်သူကိုယ်တိုင်က စိတ်မဝင်စားလျှင် တခြားသူတွေက ဘာလို့ ဂရုစိုက်နေဦးမှာလဲ။ အရင်က အရှင်မင်းကြီး အလုပ်မများစဉ်က ရက်ခြားတစ်ခါ လူလွှတ်ကာ မေးမြန်းတတ်သဖြင့် အဆင်ပြေသော်လည်း ယခု အရှင်မင်းကြီးက အလုပ်များနေသလို မိခင်အရင်းကလည်း အေးစက်နေသဖြင့် နန်းတွင်းက မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သည့် လူလည်များက မည်သို့ စိတ်နှစ်၍ လုပ်ဆောင်ပေးတော့မလဲ။

“နျန်ဝမ်... ငါပြောတဲ့ စကားတစ်ခွန်းကို မှတ်ထား၊ အောက်ကလူတွေကိုလည်း လိုက်ပြောပြထားလိုက်”

ယောင်ရှန်း၏ မျက်ဝန်းများက အေးစက်သွားပြီး လက်ထဲက လက်ဖက်ရည်ခွက်ကို တင်းတင်းဆုပ်ကာ စိုက်ကြည့လိုက်သည်။

“ငါ့ရဲ့ သမီးတော်ကို ငါက ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ငါ့ရဲ့ အသည်းနှလုံးပဲ၊ ငါက မမေးမြန်းဘဲ နေနိုင်ပေမဲ့ ဘယ်သူကမှ သူ့ကို ပေါ့ဆဖို့ ဒါမှမဟုတ် နှိမ်ချဖို့ မကြိုးစားနဲ့၊ အဲဒါ ငါ့မျက်နှာကို ရိုက်တာနဲ့ အတူတူပဲ၊ သူတို့အိမ်မှာ ခေါင်းဘယ်နှလုံးရှိလို့ ခုတ်ခံချင်နေလဲဆိုတာ သွားမေးလိုက်စမ်း!”

သူမသည် တတိယမင်းသမီးလေးကို မနှစ်သက်စေဦးတော့၊ မိမိ၏ သွေးသားဖြစ်နေသည့်အတွက် မည်သူ့ကိုမျှ အနိုင်ကျင့်ခွင့် မပြုနိုင်ပေ။

“ဟုတ်ကဲ့၊ ကျွန်တော်မျိုးမ မှတ်သားထားပါပြီ၊ အောက်ကလူတွေကို အခုပဲ သွားပြောလိုက်ပါ့မယ်” နျန်ဝမ်က အမြန်ခေါင်းငြိမ့်ကာ ဦးညွှတ်၍ ထွက်သွားတော့သည်။

ထိုအချိန်တွင် ကျီကျူး ဝင်လာသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကျော်ဖြတ်သွားကြစဉ် နျန်ဝမ်၏ မျက်နှာပျက်နေသည်ကို မြင်ရသဖြင့် အတွင်းက သခင်မ ဒေါသထွက်နေပြန်ပြီဖြစ်ကြောင်း ကျီကျူး ရိပ်မိလိုက်သည်။ သူမ စိတ်ကို တည်ငြိမ်အောင် ထားပြီးမှ အခန်းထဲ ဝင်သွားသည်။

ယောင်ရှန်းက သူမကို ဘာမှပြန်မပြောသေးဘဲ လင်ကျိုးသို့ လျှို့ဝှက်စာတစ်စောင် ပို့ရန် အမိန့်ပေးလိုက်သည်။ လျှို့ဝှက်စာဆိုသော်လည်း ကြည့်လိုက်လျှင် ရိုးရိုး အိမ်စာနှင့်သာ တူသော်လည်း အတွင်းက အဓိပ္ပာယ်ကိုမူ ယောင်မိသားစုဝင်များသာ နားလည်နိုင်မည်ဖြစ်သည်။

စာထဲက အဓိပ္ပာယ်မှာ “စစ်ပွဲကို နိုင်အောင်တိုက်ရမည်၊ ယဲ့ကျယ် သေရမည်” ဆိုသည့် တစ်ချက်တည်းပင်။

စကားကို အရောက်ပို့လိုက်ပြီဖြစ်ရာ နောက်ဆုံး မည်သို့ လုပ်ဆောင်မည် ဆိုသည်မှာ အစ်ကိုကြီး၏ အစီအစဉ်အပေါ်မှာသာ မူတည်သည်။ ယောင်ရွှီသည် ယောင်ရှင်းထက် အဆပေါင်းများစွာ ပိုမို အားကိုးရသူဖြစ်သဖြင့် သူမ ယုံကြည်သည်။

ဒုတိယအစ်ကို ယောင်ရှင်း မည်မျှပင် အသုံးမကျပါစေဦးတော့၊ သူမ ဂရုမစိုက်ဘဲ မနေနိုင်ပေ။ ထို့ကြောင့် နည်းလမ်းတစ်ခု ပေးလိုက်သည်။ မြို့တော်သို့ ပြန်ရောက်လာသည်နှင့် သူ့ကို အပြင်းအထန် ရိုက်နှက်ပြီးမှ အရှင်မင်းကြီးရှေ့သို့ ခေါ်သွားကာ ရာထူးမှ နုတ်ထွက်ခွင့် တောင်းခိုင်းရန် ဖြစ်သည်။

ယောင်ရှင်းတစ်ယောက်တည်း သွားရုံတင်မကဘဲ ဖခင်ဖြစ်သူ အခွန်ဝန်ကြီးဌာနမှ ယောင်အမတ်ကြီးပါ အတူတူသွား၍ နုတ်ထွက်ခွင့် တောင်းရမည်။ အလျှော့ပေးခြင်းဖြင့် အသာစီးရယူခြင်း ဗျူဟာအတိုင်း အပြစ်ကို ဝန်ခံတောင်းပန်ရမည်။ စစ်ဖြစ်နေသည့် အချိန်တွင် အရှင်မင်းကြီးသည် အပြစ်ပေးချင်စေဦးတော့၊ အမတ်ကြီးများ၏ စိတ်ကို ငဲ့ကွက်ရသဖြင့် ပြင်းထန်သော အပြစ်ဒဏ်ကို ပေးမည်မဟုတ်ပေ။

အပြင်လူများ အမြင်တွင် ယောင်မိသားစုသည် ရာသီဥတုကြောင့်သာ ရိက္ခာပို့ဆောင်ရန် နောက်ကျခဲ့ခြင်း ဖြစ်ပြီး အခြားအကြောင်းရင်း မရှိဟု ထင်မြင်စေမည် ဖြစ်သည်။

သို့သော် ယောင်အမတ်ကြီးသည် သမီးဖြစ်သူထက်ပင် ပို၍ ရက်စက်သည်။ သူ၏ ဒုတိယသားကို ခုတင်ပေါ်က မထနိုင်အောင် ရိုက်နှက်လိုက်ပြီးမှ မိမိကိုယ်တိုင်လည်း အမတ်ဝတ်စုံနှင့် အမတ်ဦးထုပ်ကို ချွတ်ကာ အစေခံများကို သားဖြစ်သူအား ထမ်းစင်ဖြင့် ထမ်းခိုင်းပြီး အပြစ်ဝန်ခံရန် သွားရောက်ခဲ့သည်။

အခြေအနေများမှာ ယောင်ရှန်း ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ နင်ချန်သည် ယောင်ရှင်း၏ ပေါ့ဆမှုကြောင့် ဒေါသထွက်နေသော်လည်း ဝန်ကြီးဟောင်း ယောင်အမတ်ကြီး၏ မျက်နှာကို ထောက်ထားရပေမည်။ ယောင်မိသားစုကလည်း နှိမ့်ချစွာဖြင့် အပြစ်ကို အမြန်ဝန်ခံခဲ့သဖြင့် အပျော့စား အပြစ်ဒဏ်ကိုသာ ပေးလိုက်ရတော့သည်။

ဤသည်မှာ ယောင်မိသားစု အရှက်ကွဲသည်ကို စောင့်ကြည့်နေကြသည့် နန်းတွင်းရှိ လူများအတွက်မူ စိတ်တိုင်းမကျစရာ ကိစ္စတစ်ခု ဖြစ်သွားခဲ့ရလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -300

အခန်း ၃၀၀ ။ နှလုံးသားမာကျောသူ

နောက်တစ်နေ့၊ ဖုန်းရှီးနန်းဆောင်။

မိဖုရားခေါင်ကြီးသည် အဓိကနေရာတွင် ပြုံးလျက် ထိုင်နေပြီး ကိုယ်လုပ်တော်များ၏ ဂါရဝပြုမှုကို လက်ခံလိုက်သည်။

"အားလုံး ထိုင်ကြပါ၊ ဒီနှစ်ရက်မှာ နယ်စပ်စစ်ရေး အနည်းငယ် တည်ငြိမ်သွားပြီမို့ အရှင်မင်းကြီးလည်း နန်းတွင်းဆောင်တွေကို လာဖို့ အချိန်ရလာပြီ၊ ငါတို့ ညီအစ်မတွေလည်း စိတ်အေးလက်အေး ရှိနိုင်ပြီပေါ့"

"ဟုတ်ပါ့၊ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ အစ်ကိုရှိတော့ မတူဘူးပေါ့၊ အရှင်မင်းကြီးက မနေ့က နန်းတွင်းကို ခဲခဲယင်းယင်း ကြွလာတာတောင် ကျောက်ချွန်းနန်းဆောင်ကိုပဲ သွားခဲ့တာကိုး၊ ကျွန်တော်မျိုးမ ကြားတာတော့ ဟိုချိုက်ရန်ရဲ့ အစ်ကိုလည်း ပေလင်နယ်စပ်မှာ ရှိနေတာပဲ မဟုတ်လား၊ အဲဒီမှာ စစ်နိုင်ခဲ့တာတောင် အရှင်က ကျန်ရှင်းဆောင်ကို ဘာလို့ မကြွတာလဲမသိဘူး"

ရှူးဖေးက နှာခေါင်းရှုံ့လျက် ပုဝါဖြင့် ပါးစပ်ကိုအုပ်ကာ ဟိုချိုက်ရန်ကို မလိုတမာမျက်လုံးဖြင့် ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"အရှင်မင်းကြီးက ဒီစကားကို ကြားရင် ဟိုမိသားစုပဲ လင်ကျိုးမှာ ရှိနေသလိုမျိုး ထင်နေပါဦးမယ်၊ ကျွန်တော်မျိုးမ မှတ်မိသလောက်ဆိုရင် ရှူးဖေးရဲ့ ဖခင်နဲ့ မောင်လေးလည်း စစ်တပ်ဦးဆောင်ပြီး ယွီကျိုးကနေ ချင်းချန်းနယ်စပ်မှာရှိတဲ့ စစ်သူကြီးရှန်းကို ကူညီဖို့ သွားခဲ့ကြတာပဲ မဟုတ်လား"

ဟိုချိုက်ရန်က သူမကို အေးစက်စက် တစ်ချက်ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ဒါဆို အရှင်မင်းကြီးက ဘာလို့ ချန်ချွန်းနန်းဆောင်ကို မကြွတာလဲ"

"ငါကတော့ အသက်ကြီးပြီး ရုပ်ရည်ကလည်း နွမ်းပါးသွားပြီမို့ အရှင်မင်းကြီး မကြွတာက ပုံမှန်ပါပဲ၊ ဒါပေမဲ့ ဟိုချိုက်ရန်ကတော့ ငယ်ရွယ်နုပျိုနေတုန်းပဲ မဟုတ်လား၊ အခုပဲ မျက်နှာသာ မရတော့တာလား" ရှူးဖေးက နှာခေါင်းရှုံ့ကာ ဆိုသည်။

ဤနှစ်ယောက်မှာ တစ်နန်းတော်လုံး သိထားသည့် ရန်သူတော်များ ဖြစ်ကြပြီး ယခုအခါတွင်မူ မိမိကိုယ်ကိုယ် ထိခိုက်ရစေဦးတော့ ရန်သူကို အနာရစေရန် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

အမှန်စင်စစ် ရှူးဖေးသည် အဆင့်မြင့်ရာထူးရှိသူ ဖြစ်သဖြင့် မျက်နှာသာ သိပ်မရလှသော ဟိုချိုက်ရန်ကို အနိုင်ကျင့်ရန်မှာ လက်ဖျောက်တစ်ချက်တီးသလောက် လွယ်ကူပါသည်။ သို့သော် ဟိုချိုက်ရန်သည်လည်း ယဲ့ယွင်နှင့် ဆင်တူသော မာကျောသည့် စရိုက်ရှိသူ ဖြစ်နေသည်။

ယခင်က ရှူးဖေးသည် ဟွေယွဲ့ကို ရိုက်နှက်ခိုင်းခဲ့သဖြင့် ယဲ့ယွင်က အလျှော့မပေးဘဲ တုံ့ပြန်ခဲ့ရာ အရှင်မင်းကြီးက သူမကို နန်းဆောင်သို့ ပြန်ပို့စေခဲ့သည့် သင်ခန်းစာ ရှိထားသောကြောင့် ယခုအခါတွင်မူ လက်ပါရန် မဝံ့တော့ဘဲ နှုတ်လှန်ထိုးရုံသာ တတ်နိုင်တော့သည်။

ဟိုချိုက်ရန်သည်လည်း ဤတစ်နှစ်ကျော်အတွင်း ရှူးဖေး၏ စရိုက်ကို သိမြင်သွားပြီဖြစ်ရာ ပြန်လည် တုံ့ပြန်မနေတော့ပေ။ ထို့ပြင် ဤကိစ္စမှာ ပြန်ပြောရန် ခက်ခဲလှသည်။ မျက်နှာသာ ရခြင်း၊ မရခြင်းမှာ အရှင်မင်းကြီး၏ စိတ်ဆန္ဒသာ ဖြစ်ရာ ကိုယ်လုပ်တော်များ ငြင်းခုံနေ၍ ဘာထူးမည်နည်း။

ဟိုချိုက်ရန်က စကားပြန်မပြောတော့သည်ကို မြင်သောအခါ ရှူးဖေးက အောင်နိုင်သူတစ်ဦးကဲ့သို့ မေးကို ပင့်လိုက်သည်။ ကျန်သည့် ကိုယ်လုပ်တော်များမှာမူ ဤနှုတ်တိုက်ပွဲတွင် ပါဝင်ရန် စိတ်မဝင်စားကြပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ယဲ့ယွင်ကို အပြစ်ပြုရန် မသင့်သလို ဟိုချိုက်ရန် တစ်ယောက်တည်းကို အနိုင်ကျင့်နေခြင်းမှာလည်း အဓိပ္ပာယ် မရှိလှပေ။

ဟိုချိုက်ရန်သည် အပြင်ပန်းတွင် ဘာမှမပြောသော်လည်း စိတ်ထဲတွင်မူ မကျေမနပ် ဖြစ်နေမိသည်။ ပေလင်နယ်စပ်တွင် ယဲ့ကျယ်နှင့် ဟော့ဖင်းပေတို့ အတူတူ ခုခံကာကွယ်နေကြခြင်း ဖြစ်သော်လည်း သတင်းများ ရောက်လာသည့်အခါတိုင်း ယဲ့မိသားစုကသာ အကုန်လုံး ကောင်းမှုပြုသလို ဖြစ်နေသည်။

အကယ်၍ သူမ၏အစ်ကိုက စစ်ကူသွားမပေးလျှင် ဒီလောက်အဆင်ပြေပါ့မလား။ သို့သော်လည်း မင်ရှိုးရုန် (ယဲ့ယွင်) က ကလေးမွေးထားသဖြင့် အရှင်မင်းကြီးက ပိုမိုသံယောဇဉ်ရှိနေခြင်းကြောင့် ဖြစ်မည်ဟုသာ မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်ရသည်။ သို့သော် ဤကဲ့သို့သော နှစ်သိမ့်မှုမှာ မည်မျှအထိ ခံနိုင်ရည်ရှိမည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

"ကဲ... တစ်မိသားစုတည်းသားတွေပဲ၊ ဒီအချိန်မှာ ဘာလို့ ငြင်းခုံနေကြတာလဲ" မိဖုရားခေါင်ကြီးက နောက်ဆုံးတွင် ဝင်ရောက် တားမြစ်လိုက်သည်။ "မင်ရှိုးရုန်ရဲ့ အစ်ကိုက အပြင်းအထန် ဒဏ်ရာရထားသလို စတုတ္ထမင်းသားလေးကလည်း ငယ်သေးတော့ အရှင်မင်းကြီးက ပိုပြီး ဂရုစိုက်တာကလည်း ဖြစ်သင့်တာပါပဲ"

ထို့နောက် သူမက အခြားတစ်ဖက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

"ကျင်းသယ့်ဖေး၊ ယိရှိုးရုန်၊ ဒုတိယမင်းသားနဲ့ တတိယမင်းသားက အသက်ချင်း ခြောက်လပဲ ကွာတာ၊ နောက်ထပ် သိပ်မကြာခင် သူတို့ သုံးနှစ်ပြည့်ရင် ပညာစသင်ဖို့ ဆရာတွေ ငှားရတော့မယ်၊ ပထမမင်းသားကတော့ ကျန်းမာရေး အားနည်းလို့ မယ်တော်ကြီးက စိတ်ပူနေတာကြောင့် ပညာသင်တာ တစ်နှစ် နောက်ကျမယ်၊ အဲဒီအချိန်ကျရင် ကလေးသုံးယောက်စလုံး စာကြည့်ဆောင်ကို အတူတူ သွားကြရမယ်"

နှစ်ယောက်စလုံးက ခေါင်းငြိမ့်ကာ အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီး၏ အစီအစဉ်အတိုင်း လိုက်နာမည့်အကြောင်း ပြောကြသည်။ ယခုချက်ချင်း ပြင်ဆင်ရမည့် ကိစ္စမဟုတ်သဖြင့် အချိန်ရပါသေးသည်။

သို့သော် မိဖုရားခေါင်ကြီး၏ နောက်ထပ်စကားမှာမူ လူများကို တစ်မျိုးတစ်ဖုံ စဉ်းစားမိစေသည်။ "တတိယမင်းသားက ဉာဏ်ရည်ထက်မြက်တယ်၊ စကားပြောတာတောင် တခြားကလေးတွေထက် စောတယ်၊ ဒုတိယမင်းသားတုန်းကတော့ နည်းနည်း နောက်ကျခဲ့တယ်၊ စတုတ္ထမင်းသားလေးကျရင် ဘယ်လိုနေမလဲ မသိဘူး၊ ဒါပေမဲ့ စတုတ္ထမင်းသားလေးက အရှင်မင်းကြီးနဲ့ တူတယ်ဆိုတော့ အရှင်မင်းကြီးလိုပဲ ထူးချွန်မှာ သေချာပါတယ်"

ယဲ့ယွင် စိတ်ထဲတွင် မသက်မသာဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ "စကားပြောစောတာ၊ နောက်ကျတာက လူတစ်ယောက်ချင်းစီအပေါ်မှာပဲ မူတည်တာပါ၊ ရုပ်ရည်နဲ့ ဉာဏ်ရည်ကလည်း ဆက်စပ်ချင်မှ ဆက်စပ်မှာပါ၊ ချန်းချဲ့တို့ နန်ချီရဲ့ မင်းသားတွေအားလုံးက နဂါးသွေးသားတွေပဲလေ၊ ကလေးတွေက ငယ်ပါသေးတယ်၊ မိဖုရားခေါင်ကြီးက ဘာလို့ အနိမ့်အမြင့် နှိုင်းယှဉ်နေရတာလဲ၊ ယီရှိုးရုန်... အစ်မလည်း အဲဒီလိုပဲ ထင်တယ် မဟုတ်လား"

ယဲ့ယွင်က စကားကို လွှဲပြောင်းကာ တစ်ဖက်မှ ယီရှိုးရုန်ကို မျက်ရိပ်ပြလိုက်သည်။ ယီရှိုးရုန်ကလည်း ယဲ့ယွင်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။ ကလေးတွေက အလွန်ငယ်ပါသေးသည်၊ အားပြိုင်ရန် အချိန်မကျသေးဘဲ ဘေးကင်းစွာ ကြီးပြင်းလာရန်က ပိုအရေးကြီးသည်။ မိဖုရားခေါင်ကြီးက ယခုကတည်းက သူတို့ကို စကားနာထိုးကာ ရန်တိုက်ပေးနေခြင်း ဖြစ်သည်။ မည်သည့်ဘက်က ရှုံးရှုံး၊ ကျန်သည့်တစ်ဖက်ကရော အဆုံးထိ ပြုံးနိုင်မည်ဟု အာမခံနိုင်ပါမည်လော။

ရန်တိုက်ပေးနေသည့် မိဖုရားခေါင်ကြီးသာလျှင် ထိုင်ရာမထဘဲ အကျိုးအမြတ် ရရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် ယီရှိုးရုန်က သဘာဝကျကျပင် စကားကို ဆက်လိုက်သည်။ "ဟုတ်တာပေါ့၊ ဒီလောက် ကလေးအသေးလေးတွေ စာတောင် သေချာမသင်ရသေးတာ၊ ဘယ်သူက ဉာဏ်ကောင်းတယ်၊ မကောင်းဘူးဆိုတာ ဘယ်သိနိုင်ပါ့မလဲ၊ မိဖုရားခေါင်ကြီးက မင်းသားလေးတွေကို အရမ်းမျှော်လင့်နေတာကြောင့် စိတ်စောသွားတာဖြစ်မှာပါ"

မိဖုရားခေါင်ကြီး၏ မျက်ဝန်းများ အေးစက်သွားသည်။ ဤနှစ်ယောက် အေးအေးဆေးဆေး လက်တွဲသွားသည်ကို သူမ မမြင်လိုပေ။ သို့သော် သူတို့က အကွက်ထဲ မဝင်လာသဖြင့် ဘာမှမတတ်နိုင်ဘဲ အေးဆေးစွာ ပြုံးပြလိုက်ရုံသာ ရှိတော့သည်။ "မိဘဆိုတာ ကလေးတွေအပေါ် မျှော်လင့်ချက် ထားရှိတတ်ကြတာပဲလေ"

ဤစကားက နားထောင်ရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း လက်ရှိတွင် မိဖုရားခေါင်ကြီးသည် ကိုယ်လုပ်တော်များမှ မွေးဖွားသမျှ ကလေးအားလုံး၏ တရားဝင်မိခင်ဖြစ်နေသဖြင့် သူမကို မိခင်တစ်ယောက်အဖြစ် သတ်မှတ်ရမည်သာ ဖြစ်သည်။

ယဲ့ယွင်နှင့် ယီရှိုးရုန်၏ မျက်နှာများ အေးစက်သွားသည်ကို မြင်ရသောအခါ မိဖုရားခေါင်ကြီး စိတ်ကျေနပ်သွားပုံရသည်။ ထို့နောက်တွင်မူ မည်သူမျှ စကားမပြောတော့သဖြင့် အခြေအနေမှာ တိတ်ဆိတ်သွားသည်။

နောက်ဆုံးတွင် ကျင်းသယ့်ဖေးက ရှေ့ထွက်ကာ အားလုံး စိတ်ဝင်စားမည့် ကိစ္စတစ်ခုကို မေးလိုက်သည်။ "နောက်နှစ်ရက်ဆိုရင် လမုန့်ပွဲတော်ရောက်တော့မယ်၊ နန်းတော်ထဲမှာ ပွဲတော် ကျင်းပဦးမလား"

"ပန်ကုန်း အရှင်မင်းကြီးကို မေးကြည့်ပြီးပါပြီ၊ ဒီနှစ်တော့ မကျင်းပတော့ဘူး၊ အားလုံးပဲ လမုန့်စားရင်း ကျော်ဖြတ်လိုက်ရင် ရပြီ၊ နယ်စပ်က စစ်သည်တော်တွေဆိုရင် ထမင်းတစ်နပ်ကို အေးအေးဆေးဆေး ထိုင်စားဖို့တောင် အခွင့်အရေး မရကြရှာဘူး၊ ပန်ကုန်းတို့မှာလည်း ပွဲတော်ကျင်းပဖို့ စိတ်မရှိဘူး၊ ဒုတိယအချက်ကတော့ ပွဲတော်မကျင်းပဘဲ ရှောင်လိုက်ရင် ရိက္ခာတွေ ပိုစုမိတာပေါ့၊ ဒါကလည်း ရှေ့တန်းကစစ်သည်အတွက် ပန်းကုန်းတို့လုပ်ပေးနိုင်တဲ့ စေတနာတစ်ခုပါပဲ"

ထိုကိစ္စကို ပြောလိုက်သည်နှင့် ယဲ့ယွင်၏ စိတ်ထဲတွင် ဒေါသက ဝုန်းကနဲ ထွက်လာတော့သည်။ မိဖုရားခေါင်ကြီး၏ ဆိုလိုရင်းက ဘာပဲဖြစ်ဖြစ်၊ ယဲ့ယွင်သည် လက်ရှိတွင် ယောင်ရှန်းကို ကြည့်ရသည်မှာ အလွန်ပင် မျက်စိစပါးမွှေး ထနေသည်။

ယဲ့ယွင်က ယောင်ရှန်းကို ခနဲ့တဲ့တဲ့ တစ်ချက်ကြည့်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။ "မိဖုရားခေါင်ကြီးက တကယ်ကို ကြင်နာတတ်တာပဲ၊ ဒါပေမဲ့ နယ်စပ်က စစ်သည်တော်တွေက ထမင်းစားဖို့ အခွင့်အရေး မရတာတင် မဟုတ်ဘူး၊ ထမင်းငတ်လုနီးပါးတောင် ဖြစ်ခဲ့တာ၊ အကယ်၍ အရှင်မင်းကြီးက နည်းလမ်းကောင်း မရှာခဲ့ရင် ပေလင်နယ်စပ်က မြေတစ်လက်မချင်းစီမှာ သွေးတွေချင်းချင်းနီနေလောက်ပြီ၊ ရိက္ခာပို့တာ ဒီလောက် နှေးကွေးနေတာက တမင်တကာ လုပ်နေသလိုပဲ"

ဤစကားမှာ အလွန်ပင် ပြင်းထန်လှပြီး ယောင်ရှန်း၏ မျက်နှာ ချက်ချင်း ပျက်သွား

ကာ ပြန်လည် ချေပတော့သည်။

"မင်ရှိုးရုန်က အစ်ကိုဖြစ်သူအတွက် စိတ်ပူပြီး ဒေါသထွက်နေတာကို ချန်းချဲ့ နားလည်ပါတယ်၊ ဒါပေမဲ့ ချန်းချဲ့ရဲ့ အစ်ကိုလည်း ပေလင်နယ်စပ်မှာ ရှိနေတာပဲ၊ ချန်းချဲ့ကရော စိတ်မပူဘူးလို့ ထင်နေတာလား၊ မိုးသည်းထန်လို့ ခရီးနှောင့်နှေးခဲ့တာကြောင့် ချန်းချဲ့ရဲ့ ဒုတိယအစ်ကိုလည်း ပြန်

ရောက်တာနဲ့ အဖေဖြစ်သူရဲ့ အရိုက်ခံရလို့ ခုတင်ပေါ်က မထနိုင်ဘူး၊ ရာထူးကနေလည်း နုတ်ထွက်ခဲ့ပြီ၊ အရှင်မင်းကြီးကလည်း ပြစ်ဒဏ်ပေးပြီးပြီပဲ၊ မင်ရှိုးရုန်က ချန်းချဲ့တို့ မိသားစုတစ်စုလုံး သေသွားမှ ကျေနပ်မှာလား"

“ အဲ့လိုဖြစ်မယ်ဆိုရင်လည်း မဆိုးပါဘူး" ယဲ့ယွင်က အေးစက်စက် မျက်ဝန်းဖြင့် ကြည့်လိုက်သည်။

"ငါ့ကို ဒီစကားတွေနဲ့ လာမပိတ်နဲ့၊ ငါက မွေးကတည်းက အသည်းမာတဲ့သူဖြစ်သလို ကိုယ့်လူကိုယ်လည်း အရမ်းကာကွယ်

တတ်တယ်၊ တခြားသူတွေသေသေရှင်ရှင်ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါတန်ဖိုးထားတဲ့လူကို ထိခိုက်ဒဏ်ရာရအောင်လုပ်ရင်တော့ အဆပေါင်း သောင်းနဲ့ချီပြီး ပြန်ပေးဆပ်ရမယ်ဆိုတာသာ မှတ်ထားလိုက်"

ဤစကားကို ယဲ့ယွင်သည် လုံးဝ ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်ခြင်း ဖြစ်သည်။ ယောင်ရှန်းကို ပြောခြင်းဖြစ်သလို အခြားသူများကိုလည်း သတိပေးလိုက်ခြင်းပင်။ မည်သူက ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သတ္တိရှိလျှင် လာစမ်းကြည့်နိုင်သည်။

ယောင်ရှန်းမှာ စကားပြန်မပြောနိုင်ဘဲ လည်ပင်းတောင့်ကာ နှုတ်ဆိတ်သွားရတော့သည်။ မိဖုရားခေါင်ကြီးက ယဲ့ယွင်ကို အချိန်အခါမတော် စကားပြောသည်ဟု ကြိမ်းမောင်းရန် ကြိုးစားသော်လည်း တင်းမားမားက သူမကို တားဆီးလိုက်သည်။

စကားဝိုင်းမှာ ဤမျှအထိ တင်းမာသွားပြီဖြစ်ရာ ဆက်ပြောရန် မဖြစ်နိုင်တော့ပေ။ မိဖုရားခေါင်ကြီးသည် အားလုံးကို ပြန်ခိုင်းလိုက်ရုံသာ တတ်နိုင်တော့လေသည်။

***

All Chapters