အခန်း (၂၃၉-၂၄၀)
Vol. 15 Ch. 239-240
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -239
အခန်း ၂၃၉ ။ ပန်းနီကြီး
သို့သော် အပြင်ထွက်ခြင်း ဆိုသည်မှာ ကိုယ်စိတ်ကြိုက် ဆုံးဖြတ်၍ ရသည့်အရာ မဟုတ်ပေ။
ခုနစ်ရက်၊ ရှစ်ရက်ခန့်အကြာတွင် ယဲ့ယွင်သည် အရှင်မင်းကြီး၏ ဖိတ်ကြားစာကို ရရှိလိုက်သည်။
ဟွိုက်အန်းက ပြုံးရွှင်စွာဖြင့် လျှောက်တင်သည်။
"တော်ဝင်ဥယျာဉ်တော်ထဲမှာ သစ်ခွပန်းတွေ လှလှပပ ပွင့်နေတယ်ဆိုလို့ အရှင်မင်းကြီးက ရှိုးရုန်ကို လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
"ကျေးဇူးတင်ပါတယ် ဟွိုက်အန်း။ ကျွန်မ အဝတ်အစား သွားလဲလိုက်ဦးမယ်"
ယဲ့ယွင် ပြုံးပြလိုက်သည်။
ပိုင်ရှုက ဟွိုက်အန်းကို လိုက်ပို့ရင်း တိုးတိုးလေး မေးလိုက်သည်။
"အရှင်မင်းကြီးက ကျွန်တော်တို့ ရှိုးရုန် တစ်ယောက်တည်းကိုပဲ ဖိတ်တာလား၊ တခြားလူတွေလည်း ပါသေးလား"
"ရှိုးရုန် တစ်ယောက်တည်းပါပဲ။ တခြားလူတွေကတော့ ရှိုးရုန်လောက်ဘယ်ကံကောင်းပါ့မလဲ"
ဟွိုက်အန်းက ရယ်မောလိုက်သည်။
ထိုစကားကို ကြားလိုက်ရမှ ပိုင်ရှု စိတ်ချသွားသည်။
ယဲ့ယွင်သည်အဝတ်အစားလဲပြီး ထွက်လာသောအခါ ပိုင်ရှုက ပြန်ပြောပြလိုက်သည်။
"လူနည်းတာ ကောင်းပါတယ်။ ကြယ်တွေဝိုင်းနေတဲ့ လမင်းကြီး မဖြစ်ချင်ပါဘူး"
ယဲ့ယွင် ပြောလိုက်သည်။
အဝတ်အစား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီး ဝေါယာဉ်ပေါ် တက်လိုက်သည်။
နင်ချန်က ဖိတ်ခေါ်သူ ဖြစ်သဖြင့် အရင်ရောက်နှင့်နေပြီ ဖြစ်သည်။
သို့သော် ယဲ့ယွင် ရောက်သွားသောအခါ ကျန်းချိုက်ရန် နှင့် ချွေ့ပေါင်လင် တို့ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။
ဟွိုက်အန်းက သူမတစ်ယောက်တည်းကိုပဲ ဖိတ်တာပါလို့ ပြောထားပြီးတော့ ကျစ်ကြည့်ရတာ ဒီနှစ်ယောက်က အနံ့ခံပြီး ရောက်လာကြတာ ဖြစ်မယ်။
၎င်းက ယဲ့ယွင်ကို စိတ်မကြည်မလင် ဖြစ်သွားစေသည်။
ကြည်နူးဖွယ်ကောင်းမည့် ချိန်းတွေ့မှုလေးသည် ရုတ်တရက်ဈေးတန်းကြီး ဖြစ်သွားသလို ခံစားရသည်။
သို့သော် ရောက်သွားသည်နှင့် ယဲ့ယွင်သည် နင်ချန်ကို အရိုအသေပြုလိုက်သည်။ ထို့နောက် ကျန်းချိုက်ရန်နှင့် ချွေ့ပေါင်လင်တို့၏ ဂါရဝပြုခြင်းကို လက်ခံလိုက်သည်။
"ဒီဝတ်စုံက လှလိုက်တာ။ ဆူကျိုးပန်းထိုးလား"
နင်ချန် သူမကို အထက်အောက် ကြည့်လိုက်သည်။
မြူပြာရောင် ဂါဝန်ဖားဖားကြီးသည် ထင်ရှားလှပြီး အပေါ်မှ အဖြူရောင် အင်္ကျီပါးလေး ထပ်ဝတ်ထားသဖြင့် တည်ငြိမ်သော်လည်း သွက်လက်တက်ကြွပုံ ပေါ်နေသည်။
ယဲ့ယွင် ပြုံးလိုက်သည်။
"အရှင်မင်းကြီးက ပန်းကြည့်ဖို့ ဖိတ်ခေါ်ထားတာဆိုတော့ ပန်းတွေထက် မလှရင် ရှက်စရာကြီး ဖြစ်နေမှာပေါ့။ အဲ့ဒါကြောင့် သေချာ ပြင်ဆင်လာတာပါ။ ဒါပေမဲ့..."
စကားရပ်လိုက်ပြီး အနောက်မှ နှစ်ယောက်ကို ဝေ့ကြည့်လိုက်သည်။
"အရှင်မင်းကြီးက ဒီချန်းချဲ့အပြင် တခြားအလှလေးတွေကိုပါ ဖိတ်ထားမယ်လို့ မထင်ထားမိဘူး။ ပန်းတွေထက် လှအောင် ကြိုးစားထားပေမဲ့ တခြားအလှလေးတွေကို ယှဉ်နိုင်ပါ့မလား မသိဘူး"
ကျန်းချိုက်ရန်က ပါးနပ်သူပီပီ အမြန် ပြောလိုက်သည်။
"မင်ရှိုးရုန် နောက်နေပါပြီ။ ဒီချန်းချဲ့တို့လို သာမန်ရုပ်ရည်မျိုးကို အလှလေးလို့ ခေါ်စရာ မလိုပါဘူး။ ရှိုးရုန်ကမှ တကယ့် အလှလေးပါ"
"ဟုတ်လို့လား။ ကျန်းချိုက်ရန်ရဲ့ ဝတ်စုံက အရမ်း တောက်ပနေတာပဲ။ မပြောရင် ဒီချန်းချဲ့နဲ့ အလှပြိုင်ဖို့ လာတယ်လို့တောင် ထင်မိတော့မယ်။ ဟုတ်တယ်မလား ချွေ့ပေါင်လင်"
ယဲ့ယွင် ပြုံးနေသော်လည်း စကားလမ်းကြောင်း လှည့်ပြီး ချွေ့ပေါင်လင်ကို ဆွဲထည့်လိုက်သည်။
ထို့နောက် အံ့ဩဟန်ဆောင်ကာ ပြောလိုက်သည်။
"အို... သတိမထားမိလိုက်ဘူး။ ချွေ့ပေါင်လင်လည်း ဒီနေ့ အရမ်း လှနေပါလား"
ပြီးမှ နင်ချန်ကို မျက်စောင်းထိုးလိုက်သည်။
"အရှင်မင်းကြီးမှာ အဖော်ပြုပေးမယ့် အလှလေးတွေ ရှိနေပြီပဲဟာ။ ဒီချန်းချဲ့ကို ဘာလို့ ခေါ်နေသေးလဲ။ ခုနကမှ သေချာ ပြင်ဆင်လာပါတယ်လို့ ပြောမိတာ။ အခုတော့ ညီမလေးနှစ်ယောက်ရှေ့မှာ အရှက်ကွဲရတော့မယ်"
သူမ တမင် သက်သက် ရစ်နေမှန်း သိသော်လည်း နင်ချန်သည် သူမ၏ ဟန်ဆောင်မှုလေးကို သဘောကျနေသည်။
ကျန်းချိုက်ရန်နှင့် ချွေ့ပေါင်လင်တို့က ကိုယ့်သဘောနဲ့ကိုယ် ရောက်လာကြခြင်းဖြစ်ပြီး သူ မခေါ်ခဲ့ပေ။ ထို့ကြောင့် ယဲ့ယွင်၏ စကားကို အခွင့်ကောင်းယူပြီး လွှတ်ပေးလိုက်သည်။
"မင်းက နှိမ့်ချလွန်းနေပါပြီ။ မင်းသာ မလှဘူးဆိုရင် ကမ္ဘာပေါ်က မိန်းကလေးတွေ ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ။ ကဲ... မင်းတို့နှစ်ယောက် ပြန်ကြတော့။ ကျန်း မင်ရှိုးရုန်နဲ့ လမ်းလျှောက်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ဒီချန်းချဲ့တို့ ပြန်ပါတော့မယ်"
ကျန်းချိုက်ရန်က လိမ္မာစွာ ပြန်ဖြေလိုက်သည်။
သူမက မျက်နှာပြရုံ သက်သက် လာခြင်းဖြစ်ပြီး ပြဿနာ ရှာချင်စိတ် မရှိပေ။
အရင်တုန်းက လုယူဖို့ ကြိုးစားဖူးသော်လည်း အဆင်မပြေခဲ့သဖြင့် နောက်ထပ် မစွန့်စားရဲတော့ပေ။
ချွေ့ပေါင်လင်ကမူ မကျေမနပ် ဖြစ်နေသော်လည်း အရှင်မင်းကြီး၏ မျက်လုံးများက ယဲ့ယွင်အပေါ်မှာသာ ရှိနေပြီး ကျန်းချိုက်ရန်ကလည်း ထွက်ခွာသွားပြီဖြစ်၍ လိုက်သွားရတော့သည်။
လမ်းလျှောက်လာရင်း ချွေ့ပေါင်လင် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"ကျန်းချိုက်ရန် နန်းတွင်းရောက်နေတာ ကြာပြီပဲ။ မင်ရှိုးရုန်ကို တွေ့တာနဲ့ ဘာလို့ ကြောက်နေရတာလဲ။ စကားတစ်ခွန်းတောင် မပြောရဲဘူး"
ကျန်းချိုက်ရန်သည် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"နင် သတ္တိရှိရင် ဘာလို့ ငါ့နောက် လိုက်လာသေးလဲ။ အရှင်မင်းကြီး ဟိုမှာ ကျန်ခဲ့တယ်လေ။ သွားပြီး ကပ်ချွဲလိုက်ပါလား"
ချွေ့ပေါင်လင်သည် ထိုစကားကြောင့်ဆွံ့အသွားရပြီး လက်ကိုင်ပဝါကို ဆွဲဆောင့်ကာ သူမ၏ အစေခံများနှင့်အတူ ဘေးလမ်းကြားထဲသို့ဝင်သွားလိုက်သည်။
ကျန်းချိုက်ရန်သည်ဥယျာဉ်တော်ဘက်ကို ပြန်လှမ်းကြည့်လိုက်သည်။
အဝေးမှ လှမ်းကြည့်လိုက်ရာ အရှင်မင်းကြီးက ယဲ့ယွင်၏ လက်ကို ဆွဲကိုင်ထားပြီး နှစ်ယောက်သား ရင်းနှီးစွာ လမ်းလျှောက်နေကြသည်။
ထိုမြင်ကွင်းကိုအကြည့်လွှဲလိုက်ပြီးနောက်ကျန်းချိုက်ရန် စိတ်ဓာတ်ကျသွားသည်။ သူမ ထိုကဲ့သို့ဘယ်တော့မှ နေရာရလာမလဲ မသိတော့ပေ။
အစကတည်းက ရှူးဖေးဘက်မှာ ရပ်တည်ခဲ့တာ မှားသွားသလား။
ဒါပေမဲ့ အဲ့ဒီတုန်းက သူမမှာရှူးဖေးပဲ အားကိုးစရာ ရှိခဲ့တာလေ။
အခုတော့ မတူတော့ဘူး။ မိဖုရားခေါင်ကြီးဘေးမှာ လူယုံ မရှိတော့ဘူး။ သူမသာ မိဖုရားခေါင်ကြီးဘက် ကူးပြောင်းလိုက်ရင် ကောင်းမလား။
မိဖုရားခေါင်ကြီး ဆိုတာ ကိုယ်လုပ်တော်တွေထက် အာဏာရှိတာပဲလေ။ မယားငယ်တွေကို အားကိုးရတာ အန္တရာယ်များတယ်။
လုဝမ်ရုန်ကို ကြည့်လေ။ အရင်တုန်းက အချစ်တော် စွန်းမျိုးရိုးကို အားကိုးခဲ့တယ်။ စွန်းမျိုးရိုး သေသွားတော့ နောက်လူကို အချိန်မီ မကပ်နိုင်လိုက်လို့ အခု ဒုက္ခရောက်နေပြီ။
အဆင့်ခြောက် ရာထူး ရှိပေမဲ့ သူမလို ချိုက်နွီလောက်တောင် နေထိုင်မှု အဆင့်အတန်း မရှိဘူး။
ဝမ်သယ့်ဖေးတောင် ပြိုလဲသွားနိုင်သေးတာပဲ။ ဉာဏ်မရှိ၊ အချစ်မခံရတဲ့ ရှူးဖေးက ဘာပြောစရာ ရှိတော့မလဲ။
ဒါပေမဲ့ မိဖုရားခေါင်ကြီးကတော့ အလွယ်တကူ ပြိုလဲမှာ မဟုတ်ဘူး။
စဉ်းစားလေလေ သူမ၏ ဆုံးဖြတ်ချက် ခိုင်မာလေလေ ဖြစ်လာသည်။
သူမ တကယ် နေရာရချင်သည်။ အခွင့်အရေးကို လက်လွတ်မခံချင်ပေ။
ကျန်းချိုက်ရန်၏ အတွေးကို မည်သူမျှ မသိကြပေ။ ယခုအချိန်တွင် ယဲ့ယွင်သည် နင်ချန်က သူမခေါင်းပေါ် ပန်းပန်ပေးနေသည်ကို ငြင်းဆန်နေရသည်။
"အရှင်မင်းကြီးက ကလေးကျနေတာပဲ။ ဒီချန်းချဲ့ ခေါင်းပေါ်မှာ လက်ဝတ်ရတနာတွေ အများကြီး ရှိနေတာကို ဒီပန်းက ဘယ်နေရာ သွားထိုးရမှာလဲ"
ယဲ့ယွင်သည် အလွန်စိတ်ပျက်နေသည်။
နင်ချန် ကိုင်ထားသော ပန်းမှာ "ဘာဘီရုပ်လို ပန်းရောင်" ဖြစ်နေသဖြင့် လုံးဝ မပန်ချင်ပေ။
သို့သော် အရှင်မင်းကြီးက ဇွတ်အတင်း လုပ်နေသည်။
"ဒီပန်းပုံစံက လှပါတယ်။ ကျန်းတော့ မင်းနဲ့ လိုက်မယ်ထင်တယ်။”
နင်ချန်က ထိုမျှစိတ်အားထက်သန်နေသဖြင့်ငြင်းလို့မရတော့ဘဲ ငြိမ်ခံလိုက်ရသည်။
သို့သော် နင်ချန်က နေရာရှာမရသဖြင့် နောက်ဆုံးတွင် ဘယ်ဘက်နားရွက် အပေါ်ဘက်တွင် ထိုးစိုက်လိုက်သည်။
ယဲ့ယွင် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ လှပသော မျက်နှာနှင့် "အောင်သွယ်တော်" ရုပ်ပေါက်နေမှုကို ဆက်စပ်မတွေးမိအောင် ကြိုးစားလိုက်
သည်။ သို့သော်သူမ၏မျက်နှာသည်အလွန်ဝမ်းနည်းပက်လက်ဖြစ်နေခဲ့သည်။
သူမ၏ ဝမ်းနည်းပက်လက် ဖြစ်နေသော ပုံစံကို ကြည့်ပြီး နင်ချန် ရယ်ချင်စိတ် ပေါက်နေသည်။
တကယ်တမ်းတွင် နင်ချန်သည် တမင်စနောက်ချင်၍ လုပ်လိုက်ခြင်း ဖြစ်သည်။
ပျော်စရာကောင်းလိုက်တာ။
အကယ်၍ နင်ချန်၏ စိတ်ထဲက စကားကို ကြားလိုက်လျှင် ယဲ့ယွင် သေချာပေါက် ဆဲမိမှာ သေချာသည်။ "ပျော်စရာကောင်းတာကတော့ ဟုတ်ပါပြီ" ပေါ့။
သို့သော် "ကိုယ့်ရှူးကိုယ်ပတ်" မူဝါဒအရ ယဲ့ယွင် သည်းခံလိုက်သည်။
လှည့်ထွက်သွားပြီး တူညီသော ပန်းတစ်ပွင့် ခူးလိုက်ကာ နင်ချန်၏ ခေါင်းပေါ်တွင် ပြန်ပန်ပေးရန် ကြိုးစားလိုက်သည်။
"ဒီလောက်လှတဲ့ပန်းကို ချန်းချဲ့ တစ်ယောက်တည်း ပန်လို့ မဖြစ်ဘူးလေ။ တခြားနေရာတွေမှာ ယောက်ျားလေးတွေ ပန်းပန်တာ ရှိတယ်တဲ့။ စာအုပ်ထဲမှာ ဖတ်ဖူးပေမဲ့ အပြင်မှာ မမြင်ဖူးဘူး။ အရှင်မင်းကြီး ဒီနေ့ လုပ်ပြပါလား"
ချွဲနွဲ့ပြီး ကပ်သွားကာ နင်ချန် သတိလွတ်နေစဉ် ခေါင်းပေါ်တွင် ထိုးစိုက်ပေးလိုက်သည်။
နောက်ဆက်တွဲ မြင်ကွင်းမှာ အရှင်မင်းကြီးနှင့် မင်ရှိုးရုန်တို့သည် ခေါင်းပေါ်တွင် ပန်းနီကြီး တစ်ပွင့်စီ ပန်လျက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ယဲ့ယွင်က အရင် ရယ်မောလိုက်သည်။
ဗိုက်ကို နှိပ်ပြီး ခါးကိုင်းသွားသည်အထိ ရယ်မောနေသည်။
နင်ချန် အံကြိတ်ကာ သူမကို ရိုက်ချင်စိတ် ပေါက်သွားသည်။
ချက်ချင်းပင် ခေါင်းပေါ်မှ ပန်းကို ဖြုတ်လိုက်ပြီး ယဲ့ယွင် ခေါင်းပေါ်ကဟာလည်း ကြည့်ရဆိုးသည်ဟု ဆိုကာ ဖြုတ်ပစ်လိုက်သည်။
ပြီးနောက် မျက်နှာထား တင်းမာစွာဖြင့် ရှေ့သို့ လှမ်းထွက်သွားသည်။
ထိုအမျိုးသား ရှက်စိတ်ဝင်ပြီး စိတ်ဆိုးသွားမှန်း သိသဖြင့် ယဲ့ယွင် အမြန် လိုက်
သွား၍ချော့ရတော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -240
အခန်း ၂၄၀ ။ သတိပေးခြင်း
"အရှင်မင်းကြီး ဘာလို့ စိတ်ဆိုးနေတာလဲ။ ဒီချန်းချဲ့က အရှင်မင်းကြီးကို တောင်းပန်ပါတယ်"
ယွီရှို့အဆောင်တွင် မိန်းမလှလေးတစ်ဦးက အရှင်မင်းကြီး၏ လက်မောင်းကို ကိုင်လှုပ်ကာ ချွဲနွဲ့နေသည်။
"ဟွန့်... ကျန်းက ဧကရာဇ်ပဲ။ စိတ်ဆိုးလို့ မရဘူးလား"
နင်ချန် ခေါင်းလွှဲလိုက်သည်။
ယဲ့ယွင်က ခါးလေးကို လှုပ်ခါလိုက်ပြီး သူ့ရှေ့သို့ ရောက်လာသည်။ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သနားစရာ မျက်နှာလေးဖြင့် ကြည့်နေသည်။
"အရှင်မင်းကြီး စိတ်ဆိုးတော့ ဒီချန်းချဲ့ ရင်ထဲ အေးစက်သွားလို့ လက်တွေတောင် အေးစက်ကုန်ပြီ။ စမ်းကြည့်ပါဦး"
ဖြူဝင်းနုဖတ်သော လက်ကလေးနှစ်ဖက်က မျက်လုံးရှေ့တွင် ယိမ်းနွဲ့နေသည်။
နင်ချန်သည်တစ်ချက်ဝေ့ကြည့်
လိုက်သော်လည်း ခေါင်းလွှဲကာ ငြင်းဆန်နေဆဲဖြစ်သည်။
ရိုးရိုးသားသားနည်းဖြင့် ချော့မရတော့သည်ကိုနားလည်ပြီးနောက် ယဲ့ယွင်သည်မျက်ခုံးပင့်လိုက်ပြီး နင်ချန်၏ ပါးပြင်ပေါ်သို့ လက်ဖမိုးဖြင့် ဖျတ်ခနဲ ကပ်လိုက်သည်။
ယဲ့ယွင်၏ ဖြူဖွေးဥနေသောလက်ကလေးသည် အမှန်တကယ်အေးစက်နေခဲ့သည်။ ထိုအေးစက်သော အထိအတွေ့ကြောင့် နင်ချန် မျက်မှောင်ကြုတ်သွားသည်။
"ဘာလို့ လက်တွေ ဒီလောက် အေးနေတာလဲ။ အဝတ်အစား ပါးနေလို့လား"
နောက်ဆုံးတွင် စိတ်ပျော့သွားပြီး လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
ယဲ့ယွင် ပြုံးလိုက်သည်။
"ဒီရက်ပိုင်း အခန်းထဲမှာပဲ အောင်းနေတော့ ဥယျာဉ်တော်ထဲမှာ လေတိုက်နေမှန်း မသိလိုက်ဘူး။ ဒီနေ့ဝတ်ထားတဲ့ ဂါဝန်က နည်းနည်း ပါးနေတယ်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ လက်တွေက နွေးထွေးလိုက်တာ"
"ကဲပါ... ကျန်း မစတော့ပါဘူး။ သွားပြီး အဝတ်ထပ်ဝတ်လိုက်။ အအေးမိသွားလိမ့်မယ်"
နင်ချန် စိတ်ပူကာ အမြန်ပြောလိုက်သည်။
တကယ်တမ်းတွင် သူ သိပ်မဆိုးခဲ့ပါဘူး။ ထိုကဲ့သို့စနောက်ပြီး သူမဆီကအချော့ခံရခြင်းသည် အလွန်ကြည်နူးစရာ ကောင်းပေသည်။
မကြာမီ ယဲ့ယွင်သည် ခရမ်းရောင် ဂါဝန်တစ်ထည် လဲဝတ်ပြီး ထွက်လာသည်။
နင်ချန်က လက်ယပ်ခေါ်ပြီး ဘေးတွင် ဝင်ထိုင်စေသည်။
"လက်ဖက်ရည် ဖျော်ပေးပါဦး။ မင်းဖျော်တာ မသောက်ရတာ ကြာပြီ"
"တကယ် ကြာပြီပဲ။ ဒီချန်းချဲ့က ပျင်းရိတတ်တော့ လက်ရာ ပျက်နေမလား မသိဘူး။ အရှင်မင်းကြီး သည်းခံပေးပါနော်"
ယဲ့ယွင် ပြုံးကာပြောလိုက်သည်။ ထို့နောက် ဟွေယွဲ့က လက်ဖက်ရည် ပစ္စည်းကိရိယာများ ယူလာပေးသည်။
နှစ်ယောက်သား ပြတင်းပေါက်ဘေးတွင် လက်ဖက်ရည် ကျိုကြသည်။
ခရမ်းရောင် ရွှံ့စေးနှင့် ပြုလုပ်ထားသော လက်ဖက်ရည်အိုးလေးသည် ချစ်စရာကောင်းပြီး မီးဖိုပေါ်တွင် "ပွက်ပွက်" မြည်သံ ထွက်ပေါ်နေသည်။
နင်ချန်သည် မုန့်စားရင်း ယဲ့ယွင်၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ရှုကာ စိတ်ကျေနပ်နေသည်။
မိန်းမလှလေးနှင့် အတူရှိရခြင်းသည် ထိုကဲ့သို့ ဖြစ်မည်။
သို့သော် သူသည် အလုပ်ကြားထဲမှ ခိုးထွက်လာခြင်း ဖြစ်သည်။ မနက်ခင်း တစ်ခုလုံး အချိန်ကုန်ဆုံးခဲ့ပြီး ယွီရှို့အဆောင်တွင် နေ့လည်စာ စားပြီးနောက် ပြန်သွားပြီး အလုပ်လုပ်ရဦးမည်။
နိုဝင်ဘာလ ရောက်နေပြီဖြစ်၍ နှစ်ကုန်ပိုင်းတွင် အလုပ်များလေ့ရှိသည်။
ယဲ့ယွင်သည် နင်ချန်၏ မျက်လုံးအောက်တွင် ညိုမဲနေသည်ကို တွေ့လိုက်ရသဖြင့် နေ့လည်ခင်း တစ်နာရီခန့် အိပ်စက်ရန် အတင်းအကျပ် တိုက်တွန်းလိုက်သည်။
အမှန်တကယ် အိပ်လိုက်ရသဖြင့် ထလာသောအခါ လန်းဆန်းသွားသည်။
ပြန်ပို့သောအခါ ယဲ့ယွင် ကိုယ်တိုင် အဝတ်အစား ပြင်ဆင်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
"အရှင်မင်းကြီး... ကျန်းမာရေး ဂရုစိုက်ပါဦး။ တိုင်းပြည်အရေးက အရေးကြီးပေမဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ ညဘက်တွေ နောက်ကျတဲ့အထိ မနေပါနဲ့။ ခန္ဓာကိုယ် ထိခိုက်သလို မျက်လုံးလည်း ထိခိုက်တတ်တယ်"
ယခုခေတ်တွင် ဖယောင်းတိုင်မီးသာ ရှိသဖြင့် ဘယ်လောက်ပဲ ထွန်းထွန်း မှောင်နေတတ်သည်။
ဒီလို စကားမျိုး တခြားနေရာမှာ ကြားဖူးသော်လည်း ယဲ့ယွင်ဆီက ကြားရတော့ ပိုပြီး နားဝင်ချိုနေသကဲ့သို့ ခံစားရသည်။
စိတ်ဆတ်တဲ့ ငရုတ်သီးလေးသည်သူ့ကိုတော့ နူးညံ့သိမ်မွေ့စွာ ဆက်ဆံနေသလို ခံစားရသည်။
ထိုအခါယဲ့မျိုးရိုးက သူ့ကိုတော်တော် ချစ်တာပဲဟု နင်ချန် တွေးလိုက်မိသည်။
ထို့ကြောင့် ယွီရှို့အဆောင်မှ ထွက်ခွာသွားသောအခါ စိတ်ပျော်ရွှင်နေပြီး ညနေစောင်းအထိ ပြုံးနေမိသည်။
....
အရှင်မင်းကြီး ထွက်သွားမှ လုကျီ ဝင်လာပြီး လျှောက်တင်သည်။
"ရှိုးရုန်... ခုနက ကျိုးချိုက်ရန် လာသွားပါတယ်။ အရှင်မင်းကြီး ရှိနေလို့ မဝင်တော့ဘူးတဲ့။ စကားတစ်ခွန်း ပါးလိုက်ပါတယ်"
"ဘာပြောလိုက်လဲ"
"ဒီနေ့ ဖန်းရှိုးယွမ်ရဲ့ အနီးကပ်အစေခံ နျန်ဝမ်က ဖေးဟုန်နန်းဆောင်ကို သွားပြီး နာရီဝက်လောက် ကြာအောင် နေခဲ့ပါတယ်။ ပြီးတော့ ဖေးဟုန်နန်းဆောင်က ပိုင်ချောင်က စားဖိုဆောင် အပြင်ဘက်မှာ ယိရှိုးယွမ်ရဲ့ အစေခံ ယွင်ရှီးနဲ့ တွေ့ပြီး စကားများ ရန်ဖြစ်ကြပါတယ်တဲ့"
ဒါကို ကြားလိုက်ရသောအခါ ယဲ့ယွင် မျက်လုံးများ မှေးကျဉ်းသွားသည်။
ယွင်ရှီးက ယွီရှို့အဆောင်က အစေခံတွေနဲ့လည်း မတည့်ပြန်ဘူး။ သူမနဲ့ ယိရှိုးယွမ် ပြဿနာတက်တိုင်း အဲ့ကောင်မလေးကအမြဲတမ်းကြားက ကန့်လန်ကန့်လန်။ တကယ်ပြဿနာတတ်တဲ့အစေခံပဲ။
ပုံမှန်အချိန်ဆိုလျှင် ယွင်ရှီးသည်သူများနဲ့ ရန်ဖြစ်တာက ကိစ္စမရှိပေ။ သို့သော် ယခုအချိန်တွင် ယောင်ရှန်းနှင့်စုကျယ်ယွီ တို့နှင့် ပတ်သက်သမျှကို ယဲ့ယွင်သည်အလွန်
သတိထားကာ တွေးတောနေခဲ့သည်။
"နောက်ထပ် နှစ်ရက်လောက် စောင့်ကြည့်လိုက်ပါ။ ဖေးဟုန်နန်းဆောင်ကလူတွေနဲ့ လန်ဟွာနန်းဆောင်က လူတွေ ဆက်သွယ်မှု ရှိမရှိ ကြည့်လိုက်ပါဦး"
လုကျီသည်ခေါင်းညိတ်ပြီး ထွက်သွားတော့သည်။
နန်ကျစ်က မေးလိုက်သည်။
"ရှိုးရုန်... ယိရှိုးယွမ် အကွက်ဆင်ခံရတော့မယ်လို့ ထင်နေတာလား"
"မသေချာသေးဘူး"
ယဲ့ယွင် မျက်လွှာချလိုက်သည်။
"ဒီကာလအတွင်း အပြင်မထွက်ဘဲ သတိထားနေကြ။ မဟုတ်ရင် ငါတို့ကို ပစ်မှတ်ထားလာနိုင်တယ်။ အနောက်ဆောင်မှာ အကွက်ဆင်ခံရနိုင်တဲ့လူက လက်ချိုးရေလို့ ရနေပြီ"
သူမက ရှောင်တိမ်းနေသဖြင့် စုကျယ်ယွီက ယိရှိုးယွမ်ကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်နိုင်သည်။
ဤနန်းတော်ထဲတွင်ကိုယ်လွတ်ရုန်းခြင်းသည်အကောင်းဆုံးဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အရင် ကာကွယ်ရမယ်။
ယဲ့ယွင် စဉ်းစားပြီးနောက် ဝမ်ရှိုးရီ၊ ကျိုးချိုက်ရန် နှင့် ကျန်းပေါင်လင်တို့ထံ သတင်းပို့ပြီး စောင့်ကြည့်ခိုင်းလိုက်သည်။
ဝမ်ရှိုးရီက နန်းတွင်းကိစ္စများကို ကိုင်တွယ်ဖူးသဖြင့် သူလျှိုအချို့ ရှိနေပြီး အရင်ဆုံး သတင်းပြန်ပို့လာသည်။
......
လွန်ခဲ့သော နှစ်ရက်အတွင်း ယိရှိုးယွမ်၏ အစေခံ ယွင်ရှီးနှင့် ပိုင်ချောင်တို့ မကြာခဏ တွေ့ဆုံခဲ့ကြသည်။
တွေ့တိုင်း ၁၅ မိနစ်ခန့် စကားပြောကြသည်။
ရန်ဖြစ်နေသလိုလို ရှိသော်လည်း မရိုးသားပေ။
ဒီအချက်တွေကြောင့် ယဲ့ယွင် သေချာသွားသည်။ ယိရှိုးယွမ်သည် စုကျယ်ယွီနှင့် ယောင်ရှန်းတို့၏ ပစ်မှတ် ဖြစ်နေပြီဖြစ်သည်။
ထောက်ချောက်ကတော့ ပြောစရာမလိုအောင်ပင်ခန့်မှန်းနိုင်သည်။ စုကျယ်ယွီ ဗိုက်ထဲမှာ ဗုံးတစ်လုံး အဆင်သင့် ရှိနေတာပဲကို။
ကလေးအသက်ကို အသုံးချပြီး အကွက်ဆင်ခြင်းသည်ရွံစရာ ကောင်းလှသည်။
ယဲ့ယွင် စားပွဲကို လက်ချောင်းဖြင့် ခေါက်ရင်း သတိပေးသင့်၊ မပေးသင့် စဉ်းစားနေသည်။
ယောင်ရှန်းသည် သူမကိုလိုသည်ထက်ပို၍ မုန်းတီးနေပုံရသည်။ အစေခံတစ်ယောက် သေဆုံးရုံလောက်နဲ့ သူမကိုထိုမျှအငြိုးထားခြင်းသည် အမှန်စစ်စစ်သံသယဝင်စရာပင်။
ယှဉ်ကြည့်လိုက်လျှင် ယိရှိုးယွမ်နဲ့ သူမက အမြဲတမ်း ရန်ဖြစ်နေပေမဲ့ သူတစ်ပါး၏ အသက်အန္တရာယ်ဖြစ်စေသောလုပ်ရပ်များကို လွန်လွန်ကြူးကြူးမကျူးလွန်းခဲ့ပေ။
ယောင်ရှန်းကတော့ လှုပ်ရှားလိုက်တာနဲ့ ရက်စက်လွန်းတယ်။
ယဲ့ယွင်အမြင်အရ စုကျယ်ယွီတွင် ထိုကဲ့သို့လုပ်ရဲသည့် သတ္တိနှင့်ဉာဏ်ရည် မရှိပေ။ယောင်ရှန်းသည် နောက်ကွယ်က ကြိုးကိုင်နေသည်မှာ သေချာသလောက်ပင်။
လူသစ်တွေ ဝင်လာတော့မယ်။ သူမလည်း ကလေးယူဖို့ ပြင်ဆင်နေပြီ။ ဒီအခွင့်အရေးကို အသုံးချပြီး ယောင်ရှန်းကို ခဏလောက် ဖိနှိပ်ထားလိုက်ရင် ကောင်းမလား။
ဒါမှ နှစ်သစ်ကူးကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်မှာပေါ့။
"ငါ တခြားသူတွေဆီကို သွားလည်ခဲတယ်။ ဒီနေ့ လန်ဟွာနန်းဆောင်ကို သွားလည်လိုက်ဦးမယ်။ အတူတူ ဝင်လာကြတာပဲ။ ယိရှိုးယွမ်နဲ့ သံယောဇဉ်က မတူဘူးလေ"
ယဲ့ယွင် မတ်တတ်ရပ်လိုက်သည်။ မျက်ဝန်းထဲတွင် အရောင်တစ်ချက် လက်သွားသည်။
အစေခံများ နားမလည်သော်လည်း လိုက်ပါသွားကြသည်။
သို့သော် လန်ဟွာနန်းဆောင်အတွက်မူ ယဲ့ယွင် ရောက်လာခြင်းသည် မလိုလားအပ်သော ဧည့်သည် ဖြစ်နေသည်။
နေ့လည်ခင်းတွင် ယိရှိုးယွမ်သည် ကလေးနှင့် ကစားနေသည်။
ခုနစ်လအရွယ်တွင် ထိုင်တတ်ပြီး ရှစ်လအရွယ်တွင် တွားသွားတတ်သည်။ တတိယမင်းသားသည် ရှစ်လနီးပါး ရှိပြီဖြစ်၍ တွားသွားသင်နေသည်။
ဆောင်းရာသီဖြစ်၍ အဝတ်အစား ထူထူဝတ်ထားသော်လည်း ယောက်ျားလေးပီပီ သွက်လက်ပြီး ဆိုဖာပေါ်တွင် လှိမ့်နေသည်။
ယိရှိုးယွမ် စိတ်ပျော်ရွှင်နေစဉ် တံခါးစောင့် မိန်းမစိုးလေးက မင်ရှိုးရုန် ရောက်လာကြောင်း လျှောက်တင်လိုက်သည်။
"ယဲ့မျိုးရိုး... သူ ဘာလာလုပ်တာလဲ"
ချက်ချင်းပင် မျက်နှာပျက်သွားသည်။
ယွင်ရှို့ မျက်မှောင်ကြုတ်လိုက်သည်။
"ပြဿနာ လာရှာပြန်ပြီလား။ လွန်လွန်းနေပြီ"
"ကျွန်တော်မျိုး ကြည့်ရတာတော့ မင်ရှိုးရုန်က ကလေးကစားစရာတွေ ယူလာပါတယ်။ လာကြည့်တာ ထင်ပါတယ်။ အကယ်၍ ရှိုးယွမ် မတွေ့ချင်ရင် ကျွန်တော်မျိုး ပြန်လွှတ်လိုက်ပါ့မယ်"
မိန်းမစိုးလေးက ရိုးသားစွာ ပြောလိုက်သည်။
ယွင်ရှီးက ချက်ချင်း နှာမှုတ်လိုက်သည်။
"မတွေ့ဘူး... မတွေ့ဘူး။ ငါတို့ ရှိုးယွမ်က ရာထူးမြင့်တဲ့သူပါ။ လန်ဟွာနန်းဆောင်ကို သူ လာချင်တိုင်း လာလို့ ရမလား"
***