← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 15 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 15 Ch. 225-226

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -225

အခန်း ၂၂၅ ။ ကောင်းကင်မှ မိုးကြိုးနှင့် မြေပြင်မှ မီးတောက်

"ဒီလောက်ရက်ရောနေတာ၊ ကျန်းကိုရော တစ်ခုခု ဆုမချဘူးလား"

ရုတ်တရက် နောက်ကျောဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

ယဲ့ယွင် လှည့်ကြည့်လိုက်ရာ နင်ချန်သည် ရွှေနဂါးပုံထိုးထားသော အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

အရပ်ရှည်ပြီး ပခုံးကျယ်၊ ခါးသိမ်သော ခန္ဓာကိုယ်အချိုးအစား ရှိသည်။ ဆံနွယ်နက်များကို ခရမ်းရောင်ရွှေဆံထိုးဖြင့် စုစည်းထားပြီး ကျောက်စိမ်းစီရွှေခါးပတ်က သူ၏ ခန္ဓာကိုယ်အချိုးအစားကို ပိုမို ပေါ်လွင်စေသည်။

တံခါးပေါက်တွင် ရပ်နေသဖြင့် အလင်းရောင်က သူ့နောက်ကျောဘက်မှ ကျရောက်နေပြီး ကိုယ်ရောင်ခြည် ဖြာထွက်နေသကဲ့သို့ ထင်ရသည်။

အထူးသဖြင့် ဖီးနစ်ငှက်မျက်ဝန်းများက ပြုံးရိပ်သန်းနေပြီး နူးညံ့သိမ်မွေ့သော်လည်း အနည်းငယ် ခပ်တန်းတန်းနိုင်ကာ ဆွဲဆောင်မှု ရှိလှသည်။

ဤမျှ ချောမောခန့်ညားပြီး အမြင့်မြတ်ဆုံး ဧကရာဇ်ဖြစ်နေခြင်းက ကမ္ဘာပေါ်ရှိ ယောက်ျားအားလုံးကို မနာလိုဖြစ်စေလောက်သည်။

ယဲ့ယွင်သည် သူမ၏ အံ့ဩမှုကို ဖုံးကွယ်မထားဘဲ အထက်အောက် စုန်ဆန်ကြည့်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် နင်ချန်သည် ကိုယ်လုပ်တော်လေးက သူ့ကို ကြည့်နေပုံမှာ... တဏှာစိတ်ပါနေသလို ခံစားလိုက်ရသည်။

"အဟမ်း... ဘာလို့ စကားမပြောတာလဲ။ ကျန်းကို မြင်ပြီး ကြောင်သွားတာလား"

နင်ချန်သည် လက်သီးဆုပ်ပြီး နှုတ်ခမ်းနားတွင် တင်ကာ ချောင်းဟန့်လိုက်သည်။

"အရှင်မင်းကြီးက အရမ်း ချောမောလွန်းလို့ ဒီချန်းချဲ့ ခဏလောက် ငေးမောမိသွားတာပါ။”

ယဲ့ယွင် ပြုံးလိုက်ပြီး ကိုယ်ကို လှည့်ကာ ရှေ့တိုးသွားပြီး သူမ၏ လက်သေးသေးလေးကို အမျိုးသား၏ လက်ဖဝါးကြီးထဲသို့ ထည့်ပေးလိုက်သည်။

"ဒီအလှလေးကို မိတ်ကပ်လိမ်းပေးဖို့အခွင့်အရေး အရှင်မင်းကြီးကို ဆုချလိုက်ပါ့မယ်။ ဒီချန်းချဲ့ ထင်တာကတော့ မျက်ခုံးနှစ်ခုကြားမှာ ပန်းပွင့်ပုံလေး လိုနေသလိုပဲ"

နင်ချန်သည် သူမ ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားပြီး မှန်တင်ခုံရှေ့တွင် ထိုင်လိုက်သည်။

အနောက်သို့ တစ်ချက်ကြည့်လိုက်ရာ ယွမ်ကျိုသည် သဘောပေါက်ပြီး ခေါင်းငုံ့ကာ အခန်းထဲရှိ အစေခံအားလုံးကို ခေါ်ထုတ်သွားလိုက်သည်။

ယဲ့ယွင်သည် အမွှေးနုစုတ်တံတစ်ချောင်းကို ယူလိုက်ပြီး မိတ်ကပ်ဗူးများကို ရှာဖွေကာ နင်ချန်ရှေ့တွင် စီထားလိုက်သည်။

"ကြိုက်တဲ့ ပန်းပုံစံ ရှိလား"

စုတ်တံကို ကိုင်လိုက်သော်လည်း ဘယ်ကစရမှန်း မသိသဖြင့် နင်ချန် မေးလိုက်သည်။

ယခုကဲ့သို့ဆွဲပေးရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

"အရှင်မင်းကြီးက ဒီချန်းချဲ့နဲ့ ဘာလိုက်ဖက်မယ် ထင်လဲ၊ အဲ့ဒါပဲ ဆွဲပေးပါ"

ယဲ့ယွင် ပြုံးလိုက်သည်။

ပြောရင်း မျက်နှာကို ရှေ့တိုးပေးလိုက်သည်။

ကြည်လင်တောက်ပသော မျက်ဝန်းများသည် ဆွဲဆောင်မှုရှိလှသည်။

နူးညံ့ချောမွေ့သော အသားအရေဆိုသည်မှာ ဒါမျိုးကို ပြောတာနေမှာဟု နင်ချန် တွေးလိုက်မိသည်။ ဒီမိန်းကလေးရဲ့ အသားအရေက တကယ်ပင်ဖြူဝင်းနုဖတ်နေသည်။

အနောက်ဆောင်တွင် လှပသော အမျိုးသမီးများ များပြားသော်လည်း ဘယ်သူကများ ဒီလို ရဲရဲတင်းတင်း အနားကပ်ပြီး အကြည့်ခံရဲသနည်း။

အကွာအဝေးက အလှတရားကို ဖန်တီးပေးသည် ဆိုသော်လည်း မူလကတည်းက လှပသော ရုပ်ရည်သည် အနီးကပ်ကြည့်လေ ပိုမို အံ့ဩဖွယ်ကောင်းလေ ဖြစ်သည်။

လည်ချောင်းထဲမှ တံတွေးတစ်ချက် မြိုချလိုက်ပြီး နင်ချန် အကြည့်လွှဲကာ ပြောလိုက်သည်။

"ပင်လယ်ကံ့ကော်ပန်းပုံပဲ ဆွဲလိုက်မယ်။ ပင်လယ်ကံ့ကော်က နုနယ်ပြီး မင်းနဲ့ လိုက်ဖက်တယ်"

စုတ်တံကို အနီရောင်ဆေးတွင် နှစ်လိုက်ပြီး နင်ချန်သည် သတိထား၍ မိန်းမပျိုလေး၏ နဖူးပေါ်တွင် ပုံဖော်လိုက်သည်။

ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော ကင်းဗတ်စကို အနည်းငယ်မျှ အမှားမခံနိုင်ပေ။

ပုံဆွဲပြီးသွားသောအခါ အမှားပါမပါ ပြန်စစ်ဆေးနေစဉ် လက်သေးသေးလေးနှစ်ဖက်က သူ့မျက်နှာကို အုပ်ကိုင်လိုက်သည်။

ထို့နောက် နွေးထွေးနူးညံ့သော နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းကို ဖိကပ်နမ်းရှိုက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

မိန်းမပျိုလေး၏ အပြုံးက တောက်ပလွန်း၍ မျက်စိမခွာနိုင်အောင် ဖြစ်နေသည်။

နင်ချန်၏ နှလုံးခုန်သံ နှေးကွေးသွားပြီး ရင်ထဲတွင် ကြောင်ကလေး ကုတ်နေသကဲ့သို့ ယားယံလာကာ မကျေနပ်နိုင် ဖြစ်လာသည်။

ဖီးနစ်ငှက်မျက်ဝန်းများ မှေးကျဉ်းသွားပြီး မိန်းမပျိုလေး၏ ခေါင်းနောက်ပိုင်းကို ထိန်းကိုင်ကာ ပြန်လည်နမ်းရှိုက်လိုက်သည်။

အတော်ကြာအောင် နမ်းရှိုက်ပြီးမှ မခွာချင်ခွာချင်ဖြင့် ခွာလိုက်သည်။

"ချင်းချင်း... မင်းက ယဉ်ကျေးလွန်းနေပြီ"

ရှေ့မှ အမျိုးသမီး၏ နှုတ်ခမ်းများ ပိုမို နီရဲလာသည်ကို ကြည့်ပြီး စိတ်ထဲတွင် ကျေနပ်အားရသွားသည်။

ယဲ့ယွင်၏ မျက်နှာတွင် ရှက်သွေးဖြာလာပြီး အကြည့်လွှဲကာ ရှက်ရွံ့နေဟန် ပြလိုက်သည်။

"ဒီချန်းချဲ့ ဒီနေ့ အိပ်ရာထ နောက်ကျလို့ မနက်စာ မစားရသေးဘူး။ အခု နေ့လည်စာ စားချိန်နီးနေပြီဆိုတော့ စောစောစားလိုက်ကြမလား"

"အင်း... ဘာစားချင်လဲ စားဖိုဆောင်ကို ပြောလိုက်"

နင်ချန် စိတ်ပျော်ရွှင်နေသည်။

ဒီမနက် မိဖုရားခေါင်ကြီးဆီမှာ စားခဲ့ရတာ သိပ်အဆင်မပြေခဲ့ပေ။ မိဖုရားခေါင်ကြီး ပြင်ဆင်ပေးတာတွေက စည်းကမ်းအတိုင်းသာ ဖြစ်ပြီး သူကြိုက်တာ သိပ်မပါပေ။

ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး ဟွေယွဲ့ကို ခေါ်ကာ မှာကြားလိုက်သည်။

မီးဖိုချောင်က ချက်ချင်း ပြီးနိုင်မည် မဟုတ်သဖြင့် နာရီဝက်ခန့် စောင့်ရဦးမည်။ ဒီအချိန်အတောအတွင်း ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်ပေ။

မှန်ထဲတွင် နဂါးလက်ဖြင့် ဆွဲပေးထားသော ပန်းပုံစံကို ကြည့်ရှုပြီးနောက် လုပ်စရာ မရှိတော့ပေ။

ထိုစဉ် ဘေးနားရှိ ဗီရိုပေါ်မှ စာရွက်လိပ်များကို မြင်လိုက်ရသဖြင့် ယဲ့ယွင် အကြံရသွားသည်။

"အရှင်မင်းကြီးရဲ့ ပန်းချီလက်ရာက ဒီလောက်ကောင်းတာဆိုတော့ ဒီချန်းချဲ့နဲ့အတူ ပုံဆွဲပေးပါလား"

"ဘာဆွဲချင်လို့လဲ"

နင်ချန်သည် လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မျက်လွှာချကာ ပျင်းရိစွာ မေးလိုက်သည်။

ယဲ့ယွင် သူ့မျက်လုံးတွေကို ကလော်ထုတ်ပစ်ချင်စိတ် ပေါက်သွားသည်။

ယောက်ျားတစ်ယောက်က ဘာလို့ ဒီလောက် ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေ ပိုင်ဆိုင်ထားရတာလဲ။ သူမအရမ်းကိုမနာလိုတယ်နော်။

"ငှက်ပုံဆွဲမယ်လေ။ ဒီချန်းချဲ့ ဆွဲပြီး အရှင်မင်းကြီးကို ပြမယ်"

နင်ချန် ခေါင်းညိတ်လိုက်သည်။ ကိုယ်လုပ်တော်လေးနဲ့ ကစားပေးရသည့်အတွက် ဘာပဲဆွဲဆွဲ ကိစ္စမရှိပေ။

သူ ထပင်မထဘဲ ဘေးမှာ ထိုင်ကြည့်နေလိုက်သည်။

ယဲ့ယွင် ကျွမ်းကျင်စွာဖြင့် စာရွက်ဖြန့်၊ မှင်သွေးပြီး စဉ်းစားကာ စတင်ရေးဆွဲသည်။

လက်ဖက်ရည် နှစ်ခွက်ကုန်ပြီးနောက် သူမ အာရုံစိုက် ဆွဲနေသည်ကို တွေ့ရသဖြင့် နင်ချန် ထကြည့်လိုက်သည်။

ဘာဆွဲမှန်း မသဲကွဲသဖြင့် စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ယူဖတ်လိုက်သည်။

ယဲ့ယွင် ဖတ်လေ့ရှိသော အချစ်ဝတ္ထုများ ဖြစ်သည်။

နင်ချန်သည် ယောက်ျားဖြစ်ပြီး ဧကရာဇ်

လည်း ဖြစ်သဖြင့် ထိုကဲ့သို့စာအုပ်မျိုး တစ်ခါမှ မဖတ်ဖူးပေ။ ဖတ်ကြည့်လိုက်သောအခါ စိတ်ဝင်စားစရာ ကောင်းနေသည်။

နံ့သာတိုင် နှစ်တိုင်စာခန့် ကြာသောအခါ ယဲ့ယွင် ပြီးသွားသည်။

သူမ၏ လက်ရာကို ကျေနပ်အားရစွာ ကြည့်ရှုပြီး လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"အရှင်မင်းကြီး လာကြည့်ပါဦး။ ဒီချန်းချဲ့ လက်ရာ ဘယ်လိုနေလဲ"

"ဩော်... အင်း"

နင်ချန် လက်ထဲမှ စာအုပ်ကို စင်ပေါ်သို့ အမြန်ပြန်ထိုးထည့်လိုက်သည်။

ယခုကဲ့သို့စာအုပ်မျိုး ဖတ်နေတာကို ကိုယ်လုပ်တော်လေး မြင်သွားရင် ရှက်စရာ ကောင်းနေမည်။

စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး သွားကြည့်လိုက်သည်။

စာရွက်ပေါ်တွင် ငှက်နှစ်ကောင် သစ်ကိုင်းပေါ်တွင် ယှဉ်တွဲနားနေပြီး လည်ပင်းချင်း ယှက်နွှယ်ကာ ချစ်ခင်စုံမက်နေပုံကို ဆွဲထားသည်။

နင်ချန် ကြည့်ရင်း စိတ်ထဲတွင် ထူးဆန်းသလို ခံစားလိုက်ရသည်။ အထူးသဖြင့် ပုံအောက်တွင် စာလုံးသေးသေးလေးများဖြင့် ရေးထားသော စာကြောင်းနှစ်ကြောင်းကို တွေ့လိုက်ရသောအခါ ပို၍ ခံစားသွားရသည်။

"ကောင်းကင်မှာအတောင်ပံချင်း ယှက်နွှယ်ပြီး ပျံသန်းတဲ့ ငှက်မောင်နှံ ဖြစ်ချင်တယ်။ မြေပြင်မှာဆိုရင် အကိုင်းချင်း ဆက်နွှယ်နေတဲ့ သစ်ပင် ဖြစ်ချင်တယ်"

သူ့နှလုံးသားထဲသို့ နွေးထွေးမှု တစ်ခု စီးဝင်သွားပြီး အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

"ဒီချန်းချဲ့ ဆွဲတာ ဘယ်လိုနေလဲ"

ယဲ့ယွင် သူ့ဝတ်ရုံစကို ဆွဲလိုက်သည်။

နင်ချန် အကြည့်လွှဲလိုက်ပြီး "အရမ်း ကောင်းတယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားမှလွဲ၍ ဘာပြောရမှန်း မသိတော့ပေ။

ကံကောင်းသည်မှာ ထိုအချိန်တွင် အပြင်ဘက်မှ ယွမ်ကျိုက ထမင်းစားပွဲ ပြင်ဆင်ပြီးပြီဖြစ်ကြောင်း လျှောက်တင်လိုက်သည်။

"အရင် စားကြတာပေါ့"

နင်ချန် ယဲ့ယွင်၏ လက်ကို ညှစ်လိုက်သည်။ ထို့နောက် ယွမ်ကျိုကို အမိန့်ပေးလိုက်သည်။

"ဒီပန်းချီကားကို ခြောက်သွားရင် ဘောင်သွင်းပြီး ကျန်းရဲ့ အိပ်ဆောင်မှာ ချိတ်ထားလိုက်"

"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး စီစဉ်လိုက်ပါ့မယ်"

ယွမ်ကျို အမြန် ခေါင်းညိတ်လိုက်သည်။

ယဲ့ယွင် အနည်းငယ် အံ့ဩသွားသော်လည်း ဘာမှ မပြောဘဲ အပြင်သို့ လိုက်ပါသွားသည်။

....

နင်ချန်သည် ပါးစပ်က ပြောရုံသက်သက် မဟုတ်ဘဲ နောက်တစ်နေ့ ပြန်သွားသောအခါ ပန်းချီကားကို အမှန်တကယ် ယူသွားခဲ့လေသည်။

ထွက်ခွာခါနီးတွင်လည်း နှမြောတသ ဖြစ်နေပုံရသည်။ ယဲ့ယွင် နားမလည်နိုင် ဖြစ်သွားသည်။

သူမကတော့ ရည်ရွယ်ချက်ရှိရှိ ငှက်မောင်နှံပုံ ဆွဲပြလိုက်ပြီး ရာထူးတိုးသွားပြီဖြစ်၍ အရှင်မင်းကြီး၏ ခံစားချက်ကို မြှင့်တင်ပေးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ သို့သော် ရလဒ်က မျှော်လင့်ထားသည်ထက် ပိုကောင်းနေသလိုပင်။

သေချာသည်မှာ မနေ့က နင်ချန် ဘာစာအုပ် ဖတ်ခဲ့သလဲ ဆိုတာကို ယဲ့ယွင် မသိခဲ့ပေ။

ထိုဝတ္ထုထဲတွင် တစ်သက်လုံး တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးသော ဇာတ်လမ်း ပါရှိသည်။

ထိုစာအုပ်ကို ဖတ်ပြီးနောက် ယဲ့ယွင် ဆွဲထားသော ငှက်မောင်နှံပုံနှင့် စာသားများကို တွေ့လိုက်ရသောအခါ နင်ချန်သည် ကိုယ်လုပ်တော်လေးက သူ့ကို အလွန် ချစ်မြတ်နိုးနေသည်ဟု ထင်မှတ်သွားခြင်း ဖြစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ နန်းတော်ထဲတွင် နေထိုင်ရပြီး ဧကရာဇ်လည်း ဖြစ်နေသဖြင့် တစ်သက်လုံး တစ်ယောက်တည်း ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ လုပ်ပေးနိုင်သည်မှာ သူမကို အချိန်ပိုပေးခြင်းသာ ရှိသည်။

ထိုသို့ တွေးမိပြီး နင်ချန်သည် ယဲ့ယွင်၏ အချစ်ကို တန်ဖိုးထားမိလာပြီး စိတ်ကျေနပ်မှု ရရှိလာသည်။

ထိုစိတ်ခံစားချက်ကြောင့် နောက်ပိုင်း ရက်များတွင် နင်ချန်သည် ကျောက်ထန်ခြံဝင်းသို့ နေ့တိုင်းနီးပါး ရောက်လာတော့သည်။

ယဲ့ယွင်၏ ကျော်ကြားမှုသည် အနောက်ဆောင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။

အရှင်မင်းကြီး၏ စိတ်အားထက်သန်မှုကို ယဲ့ယွင် နားမလည်နိုင် ဖြစ်နေသည်။

နည်းနည်းလေး မြှူလိုက်ရုံနဲ့ ကောင်းကင်က မိုးကြိုးပစ်ပြီး မြေပြင်မှာ မီးတောက်သွားတာလား?

( ခွေးစာလေးပြလိုက်တာနဲ့ အမြှီးလေးနန့်ပြီးပါလာတဲ့နင်ချန်🤣)

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -226

အခန်း ၂၂၆ ။ မျှတသော ချစ်ခြင်း

ပုအန်းခန်းမ

ဤသည်မှာ လင်ရှီးဥယျာဉ်တော်အတွင်းရှိ မယ်တော်ကြီး၏ နေထိုင်ရာ နေရာဖြစ်သည်။ ဆောင်းဦးလယ်ပွဲတော် ပြီးသွားပြီဖြစ်သော်လည်း ချုံးယန်ပွဲတော် မကြာမီ ရောက်တော့မည်ဖြစ်၍ မယ်တော်ကြီး နန်းတော်သို့ ပြန်စရာမလိုတော့ပေ။

နင်ချန်၏ ဆန္ဒအရ ယခုနှစ် ချုံးယန် ပွဲတော်ကို ဥယျာဉ်တော်တွင် ကျင်းပမည်ဖြစ်သည်။

"ဖုမားမား... ကျီရွှမ်းပြန်ရောက်ပြီလား"

မယ်တော်ကြီးသည် ဘုရားရှေ့တွင် ဒူးထောက်နေရင်း လက်ထဲမှ စန္ဒကူးပုတီးလုံးများကို နှိပ်နယ်နေသည်။

"သွားတာ နည်းနည်းကြာနေပြီ။ နောက်ထပ် လက်ဖက်ရည်တစ်အိုးသောက်ချိန်လောက်ဆိုရင် ပြန်ရောက်လောက်ပါပြီ။ ကျွန်တော်မျိုးမ မယ်တော်ကြီးကို တွဲထူပေးပါ့မယ်။ ခဏ နားပါဦး"

ဖုမားမားက ပြောလိုက်သည်။

မယ်တော်ကြီး ခေါင်းညိတ်လိုက်ပြီး လက်ကမ်းပေးလိုက်သည်။

ထလိုက်စဉ် ဒူးခေါင်းကို အနည်းငယ် ဖိလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အိုက်ကျား တကယ်အသက်ကြီးနေပြီပဲ။ဟိုတုန်းက ချော်လဲဖူးတာ အခုထိ ဒူးက သိပ်မကောင်းသေးဘူး။ ခဏလေး ဒူးထောက်လိုက်တာနဲ့ နာနေပြီ"

"ဒါဆို ကျွန်တော်မျိုးမ ဆေးသွားယူပြီး လိမ်းပေးလိုက်ပါ့မယ်"

ဖုမားမားက စိုးရိမ်တကြီး ပြောလိုက်သည်။

"အင်း... အဲ့ဒီဆေးက ကောင်းပါတယ်။ လိမ်းလိုက်ရင် ပူနွေးသွားပြီး သက်သာတယ်။ ဆေး ကုန်ခါနီးပြီ ထင်တယ်။ ကျီရွှမ်းကို နောက်ထပ် သွားယူခိုင်းလိုက်ပါဦး"

မယ်တော်ကြီး ကုလားထိုင်ပေါ် ထိုင်လိုက်ပြီး မှီချလိုက်သည်။

သူမ၏ ခြေထောက် ဒဏ်ရာသက်သာသွားသော်လည်း မိုးရွာသည့် ရက်များတွင် ကိုက်ခဲတတ်သည်။

ဆေးရည်များ သောက်သော်လည်း လိမ်းဆေးလောက် မထိရောက်ပေ။

နန်းတွင်းမှ ရရှိသော တိုင်းရင်းဆေးနည်း ဖြစ်သော်လည်း သမားတော်များ စစ်ဆေးပြီး ပြဿနာမရှိကြောင်း အတည်ပြုထားသဖြင့် စိတ်ချလက်ချ သုံးစွဲနေခြင်း ဖြစ်သည်။

နာကျင်သည့်အခါတိုင်း တစ်နာရီ၊ နှစ်နာရီခန့် လိမ်းလိုက်လျှင် သက်သာသွားလေ့ရှိသည်။

"မယ်တော်ကြီး... ကျွန်တော်မျိုး ပြန်ရောက်ပါပြီ"

သူမတို့ စကားပြောနေစဉ် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး ကျီရွှမ်း ဝင်လာခဲ့ပြီး ချွေးများ ရွှဲနစ်နေသည်။

"ဥယျာဉ်တော်က ကျယ်လွန်းတော့ ကျွန်တော်မျိုး ခြေလှမ်းတွေ နှေးသွားပါတယ်။ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်တော်မူပါ"

"ကိစ္စမရှိပါဘူး။ အ်ိုက်ကျားတောင် အသက်ကြီးနေပြီ။ မင်းနဲ့ ဖုမားမားကအအိုက်ကျားထက်တောင် အသက်ကြီးကြသေးတာပဲ။ ပစ္စည်း ပါလာလား"

မယ်တော်ကြီး လက်ကာပြလိုက်သည်။

ကျီရွှမ်း ချွေးသုတ်လိုက်ပြီး ခေါင်းညိတ်ကာ လက်ထဲမှ အနောက်ဆောင် မှတ်တမ်းစာအုပ်ကို ကမ်းပေးလိုက်သည်။

မယ်တော်ကြီးသည် ဇွန်လမှစ၍ ဥယျာဉ်တော်သို့ ရောက်ရှိလာသည့် အချိန်မှစပြီး ကြည့်လိုက်ရာ မင်ရှိုးရုန် (ယဲ့ယွင်) ၏ နာမည်ကို အများဆုံး တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ဆက်ကြည့်လိုက်ရာ ယိရှိုးယွမ်၊ အခု ချိုက်နွီဖြစ်သွားသော အန်းရှီ၊ ဖန်းရှိုးယွမ်၊ ရှမိန်ရန်နှင့် ချွေ့ပေါင်လင်တို့၏ နာမည်များကို တွေ့ရသည်။

သို့သော် နောက်ပိုင်းတွင် ယဲ့ယွင်၏နာမည်ကသာ နေရာယူထားသည်ကို တွေ့လိုက်ရသည်။

ဒီနေ့အထိ ရေတွက်ကြည့်လိုက်လျှင် ယဲ့ယွင်က အကြိမ်ရေ အများဆုံး ဖြစ်နေလေသည်။

"စူးယွီ (ချန်စူးယွီ) က ဥယျာဉ်တော် ရောက်နေတာ ကြာပြီ။ တစ်ခါမှ အိပ်ဆောင်ဝင်ခွင့် မရဘူးလား"

စာအုပ်ပိတ်လိုက်ပြီး မယ်တော်ကြီး၏မျက်နှာ မဲပုပ်သွားသည်။

ကျီရွှမ်း ဒီမေးခွန်း မေးခံရမည်ကို သိထားသဖြင့် အားတင်းပြီး ဖြေလိုက်သည်။

"ကျွန်တော်မျိုး မေးကြည့်ပါပြီ။ အရှင်မင်းကြီးက ချန်ကျယ်ယွီဆီကို မသွားသလို၊ ချန်ကျယ်ယွီကလည်း အပြင်မထွက်ပါဘူးတဲ့"

"အသုံးမကျတဲ့မိန်းမ”

မယ်တော်ကြီး စားပွဲကို ရိုက်လိုက်သည်။

"အိုက်ကျားက သူ့ရှေ့ရေးအတွက် အရာရာ သည်းခံနေရတာ။ သူက ဒီလောက် အသုံးမကျဖြစ်ရသလား။ အရှင်မင်းကြီး မလာရင် သူက ကျင်းကန်နန်းဆောင်ကို သွားမတွေ့တတ်ဘူးလား။ ဒါမှမဟုတ် အရှင်မင်းကြီးက သူ့ကို အတွေ့တောင်မခံတော့တာလား"

"မယ်တော်ကြီး... စိတ်လျော့ပါဦး"

"စိတ်လျော့ရမလား။ အိုက်ကျားဘယ်လိုလုပ် စိတ်လျော့နိုင်မှာလဲ။ သူ့အဖေက အခု နိုင်ငံရေးလောကမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ။ သူကတော့ အေးအေးဆေးဆေး ထိုင်နေနိုင်တယ်ပေါ့။ တကယ့်ကို ကျေးဇူးကန်းတဲ့မိန်းမ။”

ပြောရလျှင် မယ်တော်ကြီးသည် သူမ၏ မိဘဆွေမျိုးများကို လုံးဝ လစ်လျူရှု၍ မရနိုင်ပေ။

အထူးသဖြင့် ဆောင်းဦးလယ်ပွဲတော် မတိုင်မီ နှစ်ရက်အလိုတွင် အစ်ကိုဖြစ်သူက သူမအတွက် ပစ္စည်းများ ပို့ပေးခဲ့သဖြင့် ပို၍ သံယောဇဉ် တွယ်နေမိသည်။

သို့သော် နိုင်ငံရေးတွင် ဝင်မပါတော့ဟု အရှင်မင်းကြီးကို ကတိပေးထားသဖြင့် သူမ ကိုယ်တိုင် ဘာမှမလုပ်နိုင်ဘဲ တူမဖြစ်သူက အရှင်မင်းကြီးကို နားချပေးရန်သာ မျှော်လင့်နေရသည်။

ယခု တူမဖြစ်သူက အသုံးမကျသဖြင့် ဒေါသထွက်နေခြင်း ဖြစ်သည်။

"အရှင်မင်းကြီးကို သွားလျှောက်တင်လိုက်။ ဒီနေ့ နေ့လည်စာကို အိုက်ကျားဆီမှာ လာစားပါလို့။ ပြီးတော့ မူတန်းအဆောင်ကို သွားပြီး ချန်ကျယ်ယွီကို ပြောလိုက်။ သူ့အဖေနဲ့ အစ်ကို သေတာကို ထိုင်ကြည့်ချင်ရင်တော့ အခုလိုပဲ ဆက်ပြီး ပုန်းနေလိုက်လို့ ပြောလိုက်"

မယ်တော်ကြီး ဒေါသထွက်နေသဖြင့် အစေခံများ ဝင်မပြောရဲကြဘဲ အမိန့်အတိုင်း သွားရောက်ဆောင်ရွက်ကြသည်။

....

နင်ချန်သည် ယနေ့ ကျောက်ထန်ခြံဝင်းသို့ မသွားဘဲ ရှမိန်ရန်ထံတွင် နေ့လည်စာ စားရန် စီစဉ်ထားသော်လည်း မယ်တော်ကြီး ခေါ်သဖြင့် လိုက်သွားရသည်။

အစပိုင်းတွင် သတိထားနေသော်လည်း မယ်တော်ကြီးက ဘာမှ မပြောပေ။

နေ့လည်စာစားပြီးနောက် အချိုပွဲအဖြစ် ဗာဒံစေ့အနှစ် ရောက်လာသည်။

နင်ချန်သည် ထိုအနှစ်ကိုကြိုက်နှစ်သက်ပြီး နေ့လည်စာက အနည်းငယ် ငန်နေသဖြင့် တစ်ခွက်စားပြီး မဝသဖြင့် နောက်တစ်ခွက် ထပ်တောင်းလိုက်သည်။

မစားရသေးခင်မှာပင် မယ်တော်ကြီး တားလိုက်သည်။

"အရှင်မင်းကြီးက ဒါကို ကြိုက်တယ်ဆိုပေမဲ့ ချင့်ချိန်သင့်တယ်။ ငယ်ငယ်တုန်းက အငမ်းမရ နှစ်ခွက်စားလိုက်လို့ ဗိုက်အောင့်ဖူးတာ မမှတ်မိတော့ဘူးလား။ ကြီးလာတော့ မေ့သွားပြီလား"

နင်ချန်၏လက်သည်အနည်းငယ် တုန်သွားပြီး တစ်လုပ်စားလိုက်ပြီးမှ ပြန်ဖြေသည်။

"မယ်တော် စိတ်ပူနေပါပြီ။ သားတော်က ကြီးပြီလေ။ ငယ်ငယ်တုန်းကလို အားမနည်းတော့ပါဘူး။ တစ်ခွက်ပိုစားတာ ကိစ္စမရှိပါဘူး။ သားတော် ဆင်ခြင်ပါ့မယ်"

"အရှင်မင်းကြီး သိရင် ပြီးတာပါပဲ"

မယ်တော်ကြီး သူ့ကို ကြည့်လိုက်သည်။

"မယ်တော်က မပြောချင်ပေမဲ့ အရှင်မင်းကြီး သိသင့်တာက အနောက်ဆောင်မှာ မျှမျှတတ မျက်နှာသာပေးသင့်တယ်။ မင်ရှိုးရုန်ကို သဘောကျတယ်ဆိုပေမဲ့ တခြားလူတွေကို လစ်လျူရှုမထားသင့်ဘူး"

နင်ချန် စိတ်မသက်မသာ ဖြစ်သွားသည်။

သို့သော် ဒီရက်ပိုင်း သူ ကျောက်ထန်ခြံဝင်းကို အသွားများနေသည်မှာ အမှန်ဖြစ်၍ ပြန်မပြောတော့ပေ။

"သားတော် နားလည်ပါပြီ"

ပုအန်းခန်းမမှ ထွက်လာပြီးနောက် နင်ချန်၏ မျက်နှာထား တင်းမာနေသည်။

ကျင်းကန်နန်းဆောင်သို့ ရောက်သည်နှင့် ယွမ်ကျိုကို ဒီရက်ပိုင်း မယ်တော်ကြီးထံ ဘယ်သူတွေ သွားသလဲဆိုတာ စုံစမ်းခိုင်းလိုက်သည်။

နောက်ဆုံးတွင် ယွမ်ကျို ပြန်လာပြီး မည်သူမျှ မသွားကြောင်း၊ သို့သော် မယ်တော်ကြီးက မနက်ပိုင်းတွင် မူတန်းအဆောင်သို့ လူလွှတ်လိုက်ကြောင်း လျှောက်တင်သည်။

နောက်ဆုံးတော့ ချန်မိသားစုအတွက်ပါပဲ။

သို့သော် ဤတစ်ကြိမ်တွင် နင်ချန် ဒေါသမထွက်ပေ။

မကြာသေးမီက ချန်မိသားစု၏ အင်အားကို လျှော့ချခဲ့ပြီးဖြစ်၍ တစ်ဖက်ကိုပြန်ပြီး နှစ်သိမ့်ပေးရန် လိုအပ်သည်။ အလွန်အမင်း ဖိအားပေးလိုက်လျှင် မကောင်းပေ။

အကယ်၍ ယင်းကော်ကုန်းက သည်းမခံနိုင်တော့ဘဲ တစ်ခုခု လုပ်လာလျှင် လက်ရှိ နင်ချန်၏ အင်အားဖြင့် တောင့်ခံနိုင်မည် မဟုတ်သေးပေ။

.....

မူတန်းအဆောင်။

ချန်ကျယ်ယွီသည် ပြတင်းပေါက်တွင် ထိုင်ပြီး ငေးငိုင်နေသည်။

ချွန်းယွီသည် သေတ္တာတစ်လုံး ကိုင်ဆောင်လာပြီး ဖွင့်ပြလိုက်သည်။ ရွှေချည်ထိုး ကျောက်မျက်စီ ခေါင်းဘီးကုံး ဖြစ်သည်။

"ကျယ်ယွီ ကြည့်ပါဦး။ ကျယ်ယွီရဲ့ အစိမ်းရောင် ဝတ်စုံနဲ့ လိုက်ဖက်တယ်နော်"

"နင်တို့ သဘောပဲ"

ချန်ကျယ်ယွီ တစ်ချက်ကြည့်လိုက်ပြီး မျက်နှာလွှဲသွားသည်။

ချွန်းယွီ ဆက်ပြောချင်သော်လည်း ဝင်လာသော ချောင်ယွီက တားလိုက်သည်။

"ကျယ်ယွီ စိတ်မပါတာ ကျွန်တော်မျိုးမ သိပါတယ်။ ဒါပေမဲ့ မယ်တော်ကြီးရဲ့ စကားကို လုံးဝ နားမထောင်လို့ မဖြစ်ပါဘူး။ မြို့စားကြီးနဲ့ သခင်လေးအတွက် မဟုတ်ရင်တောင် သခင်မကြီးအတွက် စဉ်းစားပေးပါဦး။ အခု အိမ်ရှေ့စံနေရာ လစ်လပ်နေပြီဆိုတော့ မယားငယ်တွေက သားနေရာ လုနေကြမှာ။ သခင်မကြီးကို ဒုက္ခပေးကြတော့မှာ။ ကျယ်ယွီက သခင်မကြီးရဲ့ တစ်ခုတည်းသော အားကိုးရာပါ"

ဒီစကားတွေက ချန်ကျယ်ယွီကို သတိဝင်လာစေသည်။

တန်ဖိုးကြီး အဝတ်အစားနှင့် လက်ဝတ်ရတနာများကို ကြည့်လိုက်သည်။ ဒါတွေက အရင်တုန်းက သူမ လိုချင်ခဲ့သော အရာများ ဖြစ်သည်။

သို့သော် ကြိုးစားသမျှ အရာမထင်ဘဲ ဝမ်းကွဲအစ်ကိုဖြစ်သူ ဧကရာဇ်က သူမကို မုန်းတီးနေမှန်း သိလိုက်ရသောအခါ စိတ်ကုန်သွားခဲ့သည်။

သူမသည် အရှင်မင်းကြီးကို အစကတည်းက မချစ်ခဲ့ဘဲ မိသားစုဂုဏ်သိက္ခာကို မြှင့်တင်ချင်ရုံ သက်သက် ဖြစ်ပုံရသည်။

သို့သော် သူမ မိသားစုအတွက် လုပ်ပေးနိုင်သည်မှာ ဂုဏ်ရှိန်ဝါတက်စေရုံသာရှိကြောင်း သိလိုက်ရသောအခါ ဆက်မကြိုးစားချင်တော့ပေ။

သို့သော် ယခုအခြေအနေအရ မကြိုးစား၍ မရတော့ပေ။ မကြိုးစားလျှင် မိသားစု ပြိုကွဲသွားနိုင်သည်။

"သခင်လေးယွီ လက်ထပ်ပြီးပြီလားလို့ နင်တို့ ထင်လား... "

ချန်ကျယ်ယွီ ရုတ်တရက် မေးလိုက်သည်။

ချွန်းယွီ မျက်နှာပျက်သွားပြီး အမြန် ပြောလိုက်သည်။

"သူက နန်းပြင်ကအမျိုးသားလေ။ ကျယ်ယွီ စိတ်မဝင်စားသင့်ပါဘူး"

"ဒီအတိုင်း မေးကြည့်တာပါ"

ချန်ကျယ်ယွီ ပြုံးလိုက်သည်။

"ကျိုချန်နန်းဆောင်ကို သွားကြရအောင်။ ကြီးဒေါ် ကျေနပ်အောင်တော့ လှုပ်ရှားပြရဦးမယ်"

ယွီမိသားစု... အကယ်၍ နင်ချန် နန်းမတက်ခဲ့လျှင် သူမသည် ယွီမိသားစုနှင့် လက်ထပ်ပြီး တရားဝင် ဇနီးမယား ဖြစ်လာရမည်ဖြစ်သည်။

သခင်လေးယွီသည် ရုပ်ရည်ချောမောပြီး အရည်အချင်းရှိသည်ဟု ကြားဖူးသည်။

သို့သော် တစ်ခါမှတော့ မဆုံဖူးခဲ့ပေ။

***

All Chapters