← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 7 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 7 Ch. 101-102

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-101

အခန်း ၁၀၁ ။ သတိပေးချက်

ဆက်လက်၍ ခရီးဆက်ခဲ့ကြသော်လည်း အရှင်မင်းကြီး၏စိတ်မကြည်လင်မှုကြောင့် လမ်းခရီးတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

နောက်ဆုံးတွင် စတုတ္ထလ၏ ၅ ရက်နေ့တွင် မြို့တော်သို့ ရောက်ရှိခဲ့သည်။

အရှင်မင်းကြီး လုပ်ကြံခံရသော သတင်းသည် စောစီးစွာ ရောက်ရှိနှင့်ပြီးဖြစ်သဖြင့် နန်းတွင်းအရာရှိများ၊ မယ်တော်ကြီး၊ မိဖုရားခေါင်ကြီးနှင့် ကိုယ်လုပ်တော်များအားလုံး မြို့တံခါးဝတွင် လာရောက်ကြိုဆိုကြသည်။

"သားတော်..." မယ်တော်ကြီးသည် အရှင်မင်းကြီး မြင်းလှည်းပေါ်မှ ဆင်းလာသည်ကို မြင်သည်နှင့် အစေခံများ၏အကူအညီဖြင့် အမြန်လျှောက်လာခဲ့ပြီး အော်ခေါ်လိုက်သည်နှင့် မျက်ရည်များ တွင်တွင်ကျလာတော့သည်။

"မယ်တော် ကြည့်ပါရစေဦး။ ဒဏ်ရာရသေးလား။ ဘယ်နေရာ နေမကောင်းဖြစ်သေးလဲ။ ကောင်းကောင်းမွန်မွန်သွားနေရင်း ဘယ်လိုလုပ် လုပ်ကြံခံရတာလဲ။ ပါသွားတဲ့ လူတွေက ဘယ်လိုလုပ်နေကြတာလဲ"

မယ်တော်ကြီးသည် တကယ် စိုးရိမ်ပူပန်နေသော်လည်း ဟန်ဆောင်မှုအချို့ ပါဝင်နေသည်။ မည်သို့ပင်ဖြစ်စေ မျက်နှာပေါ်တွင် အလွန်အမင်း စိုးရိမ်ပူပန်နေသောပုံစံမျိုး ပေါ်လွင်နေသည်။

"မယ်တော် စိတ်မပူပါနဲ့။ သားတော် ဒဏ်ရာမရပါဘူး။ ဒီတစ်ခါ ကျင်းလူမျိုးတွေက လုပ်ကြံတာပါ။ ကံကောင်းလို့ သူတို့ မအောင်မြင်ခဲ့ဘူး။ ဖန်းချိုက်ရန်က အသက်နဲ့လဲပြီး ကာကွယ်ပေးခဲ့လို့ သားတော် သူ့ကို ရှို့ယီ ရာထူး တိုးမြှင့်ပေးလိုက်ပါပြီ။" နင်ချန် ပြောလိုက်သည်။

"သူ့မှာ စွမ်းဆောင်မှုရှိတာပဲ ထိုက်တန်ပါတယ်" မယ်တော်ကြီး မျက်လုံးများ အရောင်လက်သွားသည်။ ယောင်မျိုးနွယ်အကြောင်း ပြောလိုက်တိုင်း စိတ်ထဲတွင် မကျေနပ်မှုများဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် မိဖုရားခေါင်ကြီး လျှောက်လာသည်။ သူမ၏မျက်လုံးများတွင်လည်း လွမ်းဆွတ်မှုများ ပြည့်နှက်နေသည်။ "အရှင်မင်းကြီး လမ်းခရီးပင်ပန်းလာမှာပဲ။ နန်းတော်ထဲ ပြန်နားလိုက်ပါဦး။ မယ်တော်ကြီး ပြောစရာရှိတာ နောက်မှပြောလည်းရပါတယ်"

မယ်တော်ကြီး ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောတော့ပေ။

နင်ချန် ခေါင်းညိတ်လိုက်ပြီးမှ ထပ်ပြောသည်။ "ဒီတစ်ခေါက် ဖန်းရှို့ယီနဲ့ မင်ကျယ်ယွီတို့ ဒဏ်ရာရထားတယ်။ ယန်ပေါင်လင်ကလည်း ကိုယ်ဝန်ရှိနေတယ်။ သူတို့ လမ်းခရီး ပင်ပန်းလာကြတော့ မြင်းလှည်းနဲ့ တန်းပြီး ပြန်ပို့ခိုင်းလိုက်မယ်။ ကိုယ်နဲ့ မိဖုရားခေါင်ကြီးက ဖုန်းရှီးနန်းဆောင်ကို သွားမယ်။ ကျန်တဲ့လူတွေ လူစုခွဲလိုက်ကြတော့"

ထိုအချိန်ကျမှ လူတိုင်းသိလိုက်ရသည်မှာ ယဲ့ယွင် ရာထူးတိုးသွားကြောင်းနှင့် ယန်ပေါင်လင် ကိုယ်ဝန်ရှိနေကြောင်းပင်။

ယန်မျိုးနွယ်သည် ဘယ်သူလဲ။ မိဖုရားခေါင်ကြီးကို မမှီခိုလျှင် အရှင်မင်းကြီးကို ပြုစုခွင့်ရမည် မဟုတ်ပေ။ ဒီတစ်ခေါက်လိုက်ပါသွားပြီး ကိုယ်ဝန်ရလာသည်ကို ကြားလိုက်ရသဖြင့် လူတိုင်း မနာလို ဖြစ်သွားကြသည်။

သတင်းကြားရသောအခါ မိဖုရားခေါင်ကြီး ဝမ်းသာသွားသော်လည်း စိတ်ထဲတွင် ဝမ်းနည်းမှုအချို့ ရှိနေသည်။ အကြောင်းအရင်းမှာ သူမကိုယ်တိုင် ကိုယ်ဝန်မရနိုင်သောကြောင့်ပင်။

သို့သော် ယန်မျိုးနွယ် မွေးဖွားပေးနိုင်လျှင်လည်း ကောင်းပါသည်။ မွေးဖွားလာသော ကလေးကို သူမ မွေးစားလိုက်လျှင် သားသမီးရရှိသကဲ့သို့ဖြစ်နေမည်။

နင်ချန်နှင့် မိဖုရားခေါင်ကြီးတို့သည် မယ်တော်ကြီးကို နန်းဆောင်သို့ ပြန်ပို့ပြီးနောက် ဖုန်းရှီးနန်းဆောင်သို့ အတူတူ သွားကြသည်။

"ရှမျိုးရိုးကိစ္စ ဘယ်လိုလဲ"

"အရှင်မင်းကြီး... ရှချိုက်ရန် စားလိုက်တာက ပြင်းထန်တဲ့ ကိုယ်ဝန်ဖျက်ဆေးပါ။ မုန့်ထဲမှာ ရောထည့်ထားတာ။ မုန့်က စားဖိုဆောင်က လာတာဆိုတော့ ကိုင်တွယ်တဲ့လူတွေ များတယ်။ ဒီချန်းချဲ့ အကုန်လုံးကို စစ်ဆေးမေးမြန်းကြည့်တော့ သံသယရှိစရာတစ်ယောက်ပဲ တွေ့တယ်" မိဖုရားခေါင်ကြီး၏အမူအရာမှာ မကောင်းပေ။

အချိန်အကြာကြီး စုံစမ်းသော်လည်း အသုံးဝင်သော သတင်းအချက်အလက် မရရှိခဲ့သောကြောင့် ဖြစ်သည်။

နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်သူလဲ... အမှန်အတိုင်း ပြော"

"ရှချိုက်ရန် အပ်ချုပ်ဌာနမှာရှိတုန်းကရင်းနှီးတဲ့ အပ်ချုပ်သမလေး တစ်ယောက်ရှိတယ်။ နာမည်က ရုန်အာ တဲ့။ ရှချိုက်ရန် အရှင်မင်းကြီးကို ပြုစုပြီးနောက်ပိုင်း အဲဒီ ရုန်အာ ဆိုတဲ့ အစေခံမလေးက အပြစ်လုပ်မိလို့ စားဖိုဆောင်မှာ အလုပ်ကြမ်းလုပ်ဖို့ အပို့ခံရတယ်။ ရှချိုက်ရန်ကို ကူညီဖို့ တောင်းဆိုဖူးပေမယ့် ရှချိုက်ရန်က ရာထူးနိမ့်တော့ မကူညီနိုင်ခဲ့ဘူး။ ဒါကြောင့် အငြိုးထားနေတာ ဖြစ်နိုင်တယ်" မိဖုရားခေါင်ကြီးက အမှန်အတိုင်းပြောပြသည်။

ရုန်အာလုပ်တာ ဟုတ်မဟုတ် မသေချာသော်လည်း သူမသည် ရှမျိုးရိုးနှင့် ရန်ငြိုးရှိပြီး စားဖိုဆောင်တွင် အလုပ်လုပ်နေသူဖြစ်သဖြင့် ဖြစ်နိုင်ခြေများသည်။

"တခြားလူ မရှိတော့ဘူးလား။” နင်ချန် မယုံကြည်နိုင် ဖြစ်နေသည်။

နောက်ကွယ်တွင် ကြိုးကိုင်သူ ရှိနေသည်ဟု ခံစားရသည်။

မိဖုရားခေါင်ကြီးသည် လက်ကိုပဝါကို ဆုပ်ကိုင်ကာ သတိထားပြီး ပြောလိုက်သည်။ "ဒီချန်းချဲ့ စုံစမ်းရသလောက်တော့ ဒါအကုန်ပါပဲ"

အချိန်အတော်ကြာမှ နင်ချန် သက်ပြင်းချလိုက်သည်။ "ဒီကိစ္စကို ကိုယ်တိုင် ပြန်စုံစမ်းကြည့်မယ်။ အရင်တုန်းက ဒီလို ပြင်းထန်တဲ့ စကားမျိုး မပြောချင်ပေမယ့် ဒီနေ့ ဒုတိယအကြိမ် ထပ်ပြောမယ်။ ကလေးတွေကို ထိခိုက်အောင် လုပ်တဲ့သူကို ခွင့်မလွှတ်ဘူး။ မင်းက မိဖုရားခေါင်ကြီး တစ်ယောက်အနေနဲ့ နန်းတွင်းကို ကောင်းကောင်းထိန်းသိမ်းသင့်တယ်။”

"အမိန့်တော်အတိုင်းပါ။ နောက်ပိုင်း ပိုပြီး သတိထားပါ့မယ်။ ယန်ပေါင်လင်ရဲ့ ကိုယ်ဝန်ကိုတော့ ထိခိုက်မှု မရှိစေရပါဘူး။” မိဖုရားခေါင်ကြီးသည် တရားဝင်ဇနီးမယားဖြစ်ပါလျှက် ဧကရာဇ်ရှေ့မှောက်တွင်ဒူးထောက်လိုက်သည်။

သူမသည် စိတ်မကောင်းဖြစ်သော်လည်း သဘောထားကို ပြသရပေမည်။

ဒီတစ်ခါတော့ အရှင်မင်းကြီး သူ့မကိုသတိပေးလိုက်ပြီဲဖြစ်သည်။

နင်ချန် သိသည်မှာ ယခုတစ်ခေါက်

လုပ်ကြံမှုသည်မိဖုရားခေါင်ကြီး၏ လက်ချက် မဟုတ်လောက်ပေ။ သို့သော် မိဖုရားခေါင်ကြီး၏စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းသည်။

အရင်က ယိမိန်ရန် ကိုယ်ဝန်ပျက်ကျတုန်းကလည်း တိတ်တဆိတ် လုပ်ကြံခံရပြီး သူမပြောပြ၍သာ ဘယ်သူမှ မသိလိုက်ရခြင်း ဖြစ်သည်။ ယခု ရှမျိုးရိုး ကိုယ်ဝန် ၉ လ ရောက်မှ ပြဿနာတက်ခြင်းသည် မိဖုရားခေါင်ကြီး ကောင်းစွာ မစောင့်ရှောက်နိုင်ခြင်းကြောင့်ဖြစ်သည်။

မိဖုရားခေါင်ကြီးကိုယ်တိုင် မလုပ်သော်လည်း ရှမျိုးရိုး၏ကိုယ်ဝန်ကို ဂရုမစိုက်ခြင်း၊ တော်ဝင်မျိုးဆက်ကို လစ်လျူရှုခြင်းတို့သည် မိဖုရားခေါင်ကြီး ရာထူးနှင့် မသင့်တော်သော အပြစ်ကြီးဖြစ်သည်။

နင်ချန်သည် ယန်ရှို့ယီကိုလည်း မေ့မထားပေ။ သို့သော် ရှချိုက်ရန် မွေးလာမည့် ကလေးကို ယန်ရှို့ယီက မွေးစားရမည်ဖြစ်သဖြင့် သူမ လုပ်ကြံမည် မဟုတ်ပေ။

ဖုန်းရှီးနန်းဆောင်မှ ထွက်လာပြီးနောက် နင်ချန်သည် ချွေ့ကျူဆောင်သို့ သွားရောက်ကာ ရှမျိုးရိုးကို ကြည့်ရှုရန်ပြင်ဆင်နေစဉ် ယွမ်ကျို ရောက်လာသည်။

"အရှင်မင်းကြီး... စူးဝမ်ရုန်ရဲ့နေရာကို မစီစဉ်ရသေးပါဘူး။ ဘယ်လို လုပ်မလဲ"

ယွမ်ကျို သတိမပေးလျှင် နင်ချန်သည် စူးဒီယာကို မေ့လုနီးပါး ဖြစ်နေပြီဖြစ်သည်။ တကယ်တမ်းတွင် စူးဒီယာသည်လည်း အနေခက်နေပြီး ဘယ်သွားရမှန်း မသိသဖြင့် ကျိုချန်နန်းဆောင် အပြင်ဘက်တွင် စောင့်နေရသည်။

ကျားစခ်မှလာသော မင်းသမီးဖြစ်သဖြင့် နင်ချန် လုံးဝ လစ်လျူရှုထား၍ မရပေ။

"မိဖုရားခေါင်ကြီးကို စီစဉ်ခိုင်းလိုက်ပါ။ အရမ်းမဆိုးရင်ပြီးရော"

အရမ်းမဆိုးရင်ပြီးရောဆိုသည်မှာ အရမ်းကောင်းစရာ မလိုဘူးဟု ဆိုလိုခြင်းဖြစ်သည်။

ယွမ်ကျို သက်ပြင်းချလိုက်သည်။ ဘာလို့များ ဒီလောက်တောင် အဲ့ကောင်မလေးကတစ်ဇွတ်ထိုးလုပ်ရတာလဲ။ အကယ်၍ မင်းသမီး ယွင်ရုန်သာ လိုက်လာခဲ့ရင် ဝင်

ဝင်ချင်း 'ဖင်' ရာထူးလောက် ရနိုင်ပေမည်။

နောက်ဆုံးတွင် မိဖုရားခေါင်ကြီးက သူမအတွက် ဖေးဟုန်ဆောင်ကို ရွေးချယ်ပေးလိုက်သည်။ အရှင်မင်းကြီးနှင့် ဝေးကွာသော်လည်း မနှစ်ကမှ ပြန်လည်ပြုပြင်ထားသဖြင့် အသုံးအဆောင် ပစ္စည်းများ မဆိုးလှပေ။

အခြားတစ်ဖက်တွင် နင်ချန်သည် ချွေ့ကျူဆောင်သို့ ရောက်ရှိနေခဲ့သည်။

ရှမျိုးရိုးသည် ယခင်က ချိုက်ရန်ဖြစ်သဖြင့် တစ်ယောက်တည်း နေခွင့်မရှိဘဲ အနောက်ဆောင်တွင် နေရသည်။ နင်ချန်က သူမကို မီးဖွားပြီးသည်နှင့် ယွင်ချီဆောင်သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်လိုက်သည်။

"ဒီချန်းချဲ့ အပြစ်ရှိပါတယ်။ အရှင်မင်းကြီးအတွက် သားတော်လေးကို ကောင်းကောင်း မမွေးပေးနိုင်ခဲ့ပါဘူး။ ခွင့်လွှတ်ပေးပါ"

ရှချိုက်ရန်သည် ထထိုင်ရန် ကြိုးစားလိုက်သည်။ မျက်နှာတွင် သွေးရောင်မရှိဘဲ မျက်ဝန်းများ နီရဲဖောင်းကားနေသည်မှာ ငိုထားကြောင်း သိသာသည်။

နင်ချန်က သူမကို ပြန်လှဲခိုင်းလိုက်ပြီး စောင်ကို သေချာ ခြုံပေးလိုက်သည်။ "ကျန်း မင်းကို အပြစ်မတင်ပါဘူး။ အရမ်း ဝမ်းနည်းမနေပါနဲ့။ ကျန်းမာရေး ကောင်းအောင် အရင်လုပ်ပါ။ ကျန်တာတွေ ကိုယ် တာဝန်ယူပေးမယ်"

"ဒီချန်းချဲ့ ကိုယ်ဝန် ၉ လ လွယ်ထားရတာ... ရုတ်တရက်ကြီး... ပျောက်သွားတော့... အီး... ဟီး..." ရှမျိုးရိုးသည် စိတ်မထိန်းနိုင်တော့ဘဲ သတိလစ်မတတ် ငိုကြွေးလေသည်။

သူများလုပ်ကြံတာဆိုရင် ခံသာသေးသည်။ သူမ ကိုယ်တိုင်... သူမ ကိုယ်တိုင် သူမသွေးသားကို သတ်ပစ်ခဲ့ရပေသည်။

သို့သော် ဒီကိစ္စသည် သေရာပါ သူမနှင့်လျန်ချောင်သာ သိမည်ဖြစ်ပြီး တစ်သက်လုံး ဖုံးကွယ်ထားယုံသာတတ်နိုင်တော့သည်။

နင်ချန်သည် သူမ ငိုနေသည်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေသည်။ အချိန်အကြာကြီး နှစ်သိမ့်ပေးလိုက်သည်။

နောက်ဆုံးတွင် ရှမျိုးရိုး ငိုရလွန်း၍ မောပန်းကာ အိပ်ပျော်သွားသည်။

"ရှချိုက်ရန်ကို သေချာဂရုစိုက်ပါ။ ကျန်း အားရင် လာကြည့်မယ်" နင်ချန်သည် ရှမျိုးရိုး၏မျက်နှာပေါ်မှ မျက်ရည်စများကို သုတ်ပေးပြီး ထွက်ခွာရန် ပြင်လိုက်သည်။

ထိုအချိန်တွင် လျန်ချောင် ရုတ်တရက် ဒူးထောက်လိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ သတ္တိမွေးပြီး တစ်ခုလောက် လျှောက်တင်ပါရစေ။ နားထောင်ပေးပါ"

နင်ချန် လက်ပြပြီး ဆက်ပြောရန် ခွင့်ပြုလိုက်သည်။

လျန်ချောင်က ငိုသံပါကြီးဖြင့် ပြောလိုက်သည်။ "ကျွန်မက ငယ်သေးတော့ ဘာမှ မသိပါဘူး။ ဝမ်ရုန်လည်း အတူတူပါပဲ။ ဒါပေမဲ့ သမားတော်တွေက ဝမ်ရုန်ရဲ့ဗိုက်က သာမန် ကိုယ်ဝန်ဆောင်တွေထက် ပိုကြီးနေတာကိုမြင်ရက်နဲ့ ဘာမှမပြောကြဘူး။ ယန်ရှို့ယီကလည်း နေ့တိုင်း အားဆေးတွေ လာပို့ပြီး ဝမ်ရုန် သောက်တာကို စောင့်ကြည့်တယ်။ တကယ်လို့ ကလေးက အရမ်းကြီးလွန်းလို့ မွေးရခက်တာ မဟုတ်ရင်၊ အဆိပ်ခတ်ခံရရင်တောင် ကောင်းကောင်း မွေးနိုင်မှာပါ။”

"သခင်ကို အပြစ်တင်တာ သေဒဏ်ပဲ။ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်"

နင်ချန်က သူမကို ကြည့်ပြီး ပြောလိုက်သော်လည်း အမူအရာမှာတော့ ရှုပ်ထွေးနေခဲ့သည်။ စကား တစ်ခွန်းတည်းပြောပြီးနောက် လှည့်ထွက်သွားတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-102

အခန်း ၁၀၂ ။ ဧကရာဇ်၏ဒေါသ

ဤစတုတ္ထလသည် သာမန်မဟုတ်သော လတစ်လ ဖြစ်ခဲ့သည်။

ဧကရာဇ်သည် မြောက်ဘက်သို့ လှည့်လည်သွားလာစဉ် လုပ်ကြံခံရခြင်း၊ နန်းတွင်း၌ မွေးဖွားလုဆဲဆဲ ဆက်ခံသူတစ်ပါး ဆုံးရှုံးလိုက်ရခြင်းနှင့် ဧကရာဇ် နန်းတက်ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသော နွေဦးစာမေးပွဲတို့ကြောင့် နန်းတော်တစ်ခုလုံး၏လေထုမှာ အလွန်အမင်းတင်းမာနေခဲ့သည်။

ရှချိုက်ရန်ကို အဆိပ်ခတ်သော တရားခံအစစ်အမှန်ကို နောက်ဆုံးထိ ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် နင်ချန်သည် ဒေါသအလျောက် စားတော်ဆောင်မှ အစေခံတစ်သိုက်နှင့် ရှချိုက်ရန်၏ ကိုယ်ဝန်ကို စောင့်ရှောက်သော သမားတော်ကို ကွပ်မျက်လိုက်လေသည်။

ဤကိစ္စများမှာ ပြောပလောက်သည် မဟုတ်ပေ။ အကြီးမားဆုံးကိစ္စမှာ ယန်ရှိုးရီ ရာထူးမှ ဖယ်ရှားခံရခြင်းဖြစ်သည်။ ၎င်းမှာ မျက်နှာသာ လုံးဝမပေးခြင်းပင်။

သို့သော် နှစ်ပေါင်းများစွာ သံယောဇဉ်ကို ထောက်ထားသောအားဖြင့် နင်ချန်သည် သူမက ရှမျိုးရိုးကို တမင်သက်သက် အားဆေးများ ပိုမိုတိုက်ကျွေးပြီး ကလေးကို အလွန်အကျွံကြီးထွားစေခဲ့ကြောင်း လူသိရှင်ကြား ထုတ်မပြန်ခဲ့ပေ။ ရှချိုက်ရန်၏ကိုယ်ဝန်ကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်သဖြင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် မျိုးဆက်ပြတ်စေသည်ဟုဆိုကာ ပြစ်ဒဏ်အနေဖြင့် ရာထူးချလိုက်ခြင်းဖြစ်သည်။

ဧကရာဇ်၏ဒေါသသည် သွေးချောင်းစီးစေသည်ဟု ဆိုကြသည်။

နင်ချန်သည် နန်းတော်တစ်ခုလုံးကို သွေးချောင်းစီးအောင် မလုပ်ခဲ့သော်လည်း နန်းတက်လာပြီးနောက်ပိုင်း အစေခံအများအပြားကို ကွပ်မျက်လိုက်ခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် အနောက်ဆောင်ရှိ အစေခံများသည် သိသိသာသာ ငြိမ်ကုပ်သွားကြသည်။

မိဖုရားခေါင်ကြီးသည် ဤအခွင့်အရေးကို အသုံးချကာ ယန်ပေါင်လင်ကို ဖုန်းရှီးနန်းဆောင်သို့ ခေါ်ဆောင်သွားပြီး ကိုယ်ဝန်စောင့်ရှောက်ရန်ဟူသော ခေါင်းစဉ်ဖြင့် သူမ၏ဘေးနားတွင် ထားလိုက်သည်။ သို့မှသာ ပိုမိုလုံခြုံစိတ်ချရမည်ဟုဆိုလေသည်။

မယ်တော်ကြီးသည် မိဖုရားခေါင်ကြီးက ကိုယ့်ဝမ်းကွဲညီမအပေါ် မျက်နှာသာပေးလွန်းသည်ဟု ပြောချင်သော်လည်း နင်ချန်က သဘောတူလိုက်သဖြင့် ဝင်မပြောတော့ပေ။

သို့သော် စိတ်ထဲတွင် အလွန်ဒေါသထွက်နေသဖြင့် ချန်ဝမ်ရုန်ကို ချီနင်နန်းဆောင်သို့ ခေါ်ယူလိုက်လေသည်။

"နင့်ကို ကြည့်စမ်း... ယောင်မျိုးနွယ်က အသက်စွန့် ကာကွယ်ခွင့်ရလို့ တစ်ရှိန်ထိုး အဆင့် ၄ ရှိုးရီ ဖြစ်သွားပြီ၊ ယဲ့မျိုးရိုးကလည်း ကျယ်ယွီ ဖြစ်သွားပြီ။ ယန်မျိုးနွယ်တောင် ကိုယ်ဝန်ရနေပြီ။ နင်က ဘာလို့ ဒီလောက် အသုံးမကျရတာလဲ"

"ဒီချန်းချဲ့ အသုံးမကျလို့ မယ်တော်ကြီး စိတ်ပျက်အောင် လုပ်မိပါပြီ"

ချန်ဝမ်ရုန်သည် အောက်တွင် ဒူးထောက်လျက် ခေါင်းငုံ့ထားလေသည်။

သူမသည် ယခုအခါ အချစ်တော် ဖြစ်လာမည့်အရေးကို ဂရုမစိုက်တော့သလို မျှော်လည်းမလင့်တော့ပေ။ မျှော်လင့်ချက်မရှိလေ မယ်တော်ကြီးနှင့် ချန်မိသားစုအပေါ် ပို၍စိတ်ပျက်လေဖြစ်နေသည်။

ဤလူများသည် သူမဆီမှအကျိုးအမြတ်ကိုသာ လိုချင်ကြပြီး သူမကို တစ်ခါမျှ ဂရုမစိုက်ခဲ့ကြပေ။ သွေးသည် ရေထက်ပျစ်သည်ဟု ဆိုကြသော်လည်း သူမကမူ လုံးဝ မခံစားရပေ။

ဖူကျစ်က အခြေအနေကို ဝင်ရောက် ဖြန်ဖြေပေးသည်။

"မယ်တော်ကြီး စိတ်လျှော့ပါ၊ အသက်စွန့် ကာကွယ်ခွင့်ရတယ်ဆိုတာက ရခဲလှတဲ့ အခွင့်အရေးပါ။ ဝမ်ရုန် လိုချင်တိုင်း ရတာမှ မဟုတ်တာ။ မင်ကျယ်ယွီရဲ့အစ်ကိုက အခု အရှင်မင်းကြီး သဘောကျတာခံနေရတော့ ညီမဖြစ်သူကိုပါ မျက်နှာသာပေးတာပါ။ ပြီးတော့ ကိုယ်ဝန်ကိစ္စကလည်း အနောက်ဆောင်မှာ အရှင်မင်းကြီးကို နှစ်ပေါင်းများစွာ ခစားလာပြီး ကိုယ်ဝန်မရသေးတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ ဒါတွေက လောလို့ရတာ မဟုတ်ပါဘူး။ မယ်တော်ကြီးနဲ့ အရှင်မင်းကြီးရဲ့ ဆက်ဆံရေးက အခုမှပြန်အဆင်ပြေလာတာဆိုတော့ ဖြည်းဖြည်းချင်း ကြိုးစားရမှာပါ။”

မယ်တော်ကြီး သက်ပြင်းချလိုက်သည်။ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း လက်ကာပြကာ အောက်မှ မိန်းကလေးကို ထခိုင်းလိုက်၏။

ဖူကျစ်သည် ကိုယ်တိုင်သွားရောက်ကာ ချန်ဝမ်ရုန်ကိုတွဲထူပြီး ဘေးတွင် ထိုင်စေလိုက်သည်။

"စူးယွီ... အိုက်ကျားက အသက်ကြီးပါပြီ။ ဘယ်လောက်အထိနေရဦးမလဲ မသိတော့ဘူး။ အိုက်ကျားတို့ ချန်မိသားစုရဲ့ ဂုဏ်ကျက်သရေအားလုံးက မင်းအပေါ်မှာ မူတည်နေတာ။ ဒီနေ့အိုက်ကျား ဒေါသထွက်မိတာကို စိတ်မဆိုးပါနဲ့ကွယ်။ အိုက်ကျားလည်း စိတ်လောနေမိလို့ပါ"

မယ်တော်ကြီး၏လေသံက နောက်ဆုံးတွင် ပျော့ပြောင်းသွားလေသည်။

ဤစကားများကို ကြားရသောအခါ ချန်စူးယွီသည် ရင်ထဲတွင် နာကျင်ခံစားရသော်လည်း ဟန်ဆောင်လိုက်ရသည်။

"အရီးတော်ရဲ့ စေတနာကို တူမတော် သိပါတယ်. အခု အရှင်မင်းကြီးမှာ သားသမီး နည်းပါးနေတော့ တူမတော် သေချာပေါက် ကြိုးစားပါ့မယ်။ အရှင်မင်းကြီး နှစ်သက်အောင် သေချာပေါက်ကြိုးစားပြီး သားသမီးမွေးဖွားပြီး ချန်မိသားစုရဲ့

ဂုဏ်ကို ဆက်လက်ထိန်းသိမ်းပါမယ်။”

ထိုအခါမှ မယ်တော်ကြီး ကျေနပ်သွားပြီး ဗီရိုထဲမှ ကြွေပုလင်းတစ်လုံး ယူလာရန် ဖူကျစ်ကို အမူအရာ ပြလိုက်သည်။

"ဒါကအိုက်ကျား အပြင်ကနေ ရှာထားတဲ့ ဆေးလုံးပဲ.ကိုယ်ဝန်ရဖို့ အထိရောက်ဆုံးပဲတဲ့။ အိပ်ဆောင်ဝင်ပြီးတာနဲ့ တစ်လုံး သောက်လိုက်။ ဒါဆိုရင် မြန်မြန်ကိုယ်ဝန်ရလာလိမ့်မယ်"

ချန်ဝမ်ရုန်သည် ဆေးပုလင်းကို ယူပြီး ရင်ဘက်ထဲထည့်လိုက်သည်။ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း ဘာမှ မပြောခဲ့ပေ။

လက်ရှိတွင် အနောက်ဆောင်အခြေအနေတင်းမာနေသဖြင့် မယ်တော်ကြီးလည်း သူမကို ကြာကြာ မထားရဲဘဲ စကားပြောပြီးသည်နှင့် ပြန်ခိုင်းလိုက်သည်။

နေထိုင်ရာအဆောင်သို့ပြန်ရောက်သောအခါ ချန်မျိုးနွယ်သည် ထိုဆေးပုလင်းကို ဗီရိုအနက်ပိုင်းသို့ ထိုးထည့်လိုက်ပြီး သုံးစွဲရန် အစီအစဉ် မရှိသည့်ပုံ ပေါက်နေသည်။

အနီးကပ်ပြုစုသော အစေခံမလေး ချောင်ယွီလင်းက သံသယဖြင့် မေးလိုက်၏။

"ဝမ်ရုန်... မသောက်ဘူးလားဟင်"

"အခု မိဖုရားခေါင်ကြီးတောင် သားသမီးအရင်း မမွေးရသေးတာ။ ငါ့လို အဆင့်အတန်းနဲ့က ဘာထူးခြားမှာမို့လို့လဲ" ချန်ဝမ်ရုန်က အေးစက်စွာ ပြောလိုက်သည်။

ချွန်းယွီက ဉာဏ်ကောင်းသူမို့ သက်ပြင်းချလိုက်ပြီး သခင်မလေးအတွက် စိတ်မကောင်း ဖြစ်သွားသည်။

...

ချန်မိသားစု တူဝရီးနှစ်ယောက်၏ စိတ်ပျက်အားငယ်မှုနှင့်ယှဉ်လျှင် ယောင်ထိုက်ကွေ့ဖေးနှင့် ယောင်ရှန်းတို့ကမူ များစွာ ကျေနပ်အားရနေကြသည်။

မနေ့က ထိုက်ကွေ့ဖေးသည် ယောင်ရှန်းကို ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့သည်။

သူမသည် ယခုအခါ ဖန်းရှိုးရီ ဖြစ်နေပြီဖြစ်ရာ ဝေ့ရွယ်ဆောင်၏ အနောက်ဆောင်မှ ပင်မဆောင်သို့ ပြောင်းရွှေ့နေထိုင်ခွင့် ရရှိခဲ့သည်။ ဒဏ်ရာရထားသော်လည်း စိတ်ဓာတ် တက်ကြွနေသည်။

"ဒီလို ရှားပါးတဲ့ အခွင့်အရေးမျိုး မင်းကြုံလိုက်ရတာ တကယ့်ကို ကောင်းကင်ဘုံက မျက်နှာသာပေးတာပဲ။ အရှင်မင်းကြီးက ကြည့်ရတာ စိတ်ကြီးပေမဲ့ သံယောဇဉ်ကြီးတဲ့သူပါ။ အိမ်ရှေ့စံဘဝတုန်းက ခစားခဲ့တဲ့သူတွေ နန်းတွင်းရောက်တော့ ဒုက္ခမရောက်ကြတာကြည့်ရင် သိနိုင်တယ်။ အရှင်မင်းကြီးက သံယောဇဉ်ကို တန်ဖိုးထားတယ်။ မင်းမှာ အသက်ကယ်ခဲ့တဲ့ ကျေးဇူးတရား ရှိနေတော့ နောင်လျှောက်မယ့်လမ်းက အများကြီး ဖြောင့်ဖြူးသွားပြီ"

ထိုက်ကွေ့ဖေးက တူမဖြစ်သူ၏လက်ကို ပြုံးလျက် ဆုပ်ကိုင်ထားပြီး ယောင်ရှန်းကို ပို၍ သဘောကျနေသည်။

သို့သော် သူမ၏သားဖြစ်သူသာ ထက်မြက်ပြီး ထီးနန်းရခဲ့လျှင် ယောင်ရှန်းကို မိဖုရားခေါင်ကြီး တင်မြှောက်လို့ရသည်ဟုတွေးမိကာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ကံဆိုးစွာဖြင့် မင်းသားဖိန် နင်ဟောက်သည် သူ့ဘွဲ့နာမည်အတိုင်းပင် အေးချမ်းမှုကို နှစ်သက်သူ ဖြစ်ပြီး မိခင်ဖြစ်သူ ယောင်ထိုက်ကွေ့ဖေး၏ ရည်မှန်းချက်ကြီးမှုကို လုံးဝ အမွေမရရှိခဲ့ပေ။

ထိုအကြောင်းပြချက်ကြောင့်ပင် ယောင်ထိုက်ကွေ့ဖေး ရှိနေသည့်ကြားမှ နင်ဟောက်နှင့် နင်ချန်၏ဆက်ဆံရေးမှာ မဆိုးလှပေ။

"အဒေါ် စိတ်ချပါ။ ကောင်းကင်ဘုံကတောင် ကျွန်မကို မျက်နှာသာပေးနေမှတော့ ယောင်မိသားစု ပိုင်ဆိုင်သင့်တဲ့ အရာအားလုံးကို ကျွန်မ ပြန်ယူရမှာပေါ့။ ရှိုးရီဆိုတာ အစပဲ ရှိပါသေးတယ်"

ယောင်ရှန်း ပြုံးလိုက်ရာ မျက်ဝန်းထဲမှ ရက်စက်မှုသည် သူမ၏လက်ရှိအသက်အရွယ်နှင့် မလိုက်ဖက်အောင်ပင်ဖြစ်နေသည်။

ထိုက်ကွေ့ဖေးသည် ဒါကို သတိမထားမိဘဲ သူမ၏တိုက်ခိုက်လိုစိတ်နှင့် ရည်မှန်းချက်ကိုသာ သဘောကျနေသည်။

သူမ မိဖုရားခေါင်ကြီး မဖြစ်ခဲ့ရလျှင် သူမ၏တူမကို ထိုနေရာတွင် ထိုင်စေရမည်။

နန်းတွင်း နက်နက်ထဲသို့ ရောက်လာပြီးမှတော့ ဘယ်နှယောက်ကများ မပြိုင်ဆိုင်ဘဲ နေနိုင်မှာလဲ။ ယဲ့ယွင်ဆိုလျှင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အချစ်တော်ဖြစ်အောင် ကြိုးစားနေတာပဲ မဟုတ်လား။ အဲ့ဒါတွေအားလုံးက ကိုယ်တိုင် ကောင်းကောင်းမွန်မွန် နေရဖို့အတွက်ပဲလေ။

.....

အနောက်ဆောင်၏အခြေအနေအပြောင်းအလဲသည် ဧကရာဇ်၏ခြေလှမ်းများအပေါ် မူတည်နေသည်။ ယခုနှစ်၏ စာမေးပွဲ ပထမဆုရှင် ထွက်ပေါ်လာသည်အထိ နင်ချန်သည် အနောက်ဆောင်သို့ ခြေဦးမလှည့်ခဲ့ပေ။

တစ်လခန့် အနားယူပြီးနောက် ယဲ့ယွင်၏ ဒဏ်ရာမှာ အနာကျက်သွားပြီ ဖြစ်သော်လည်း အနာဖေးများ မကွာသေးပေ။

သမားတော်က ရေမထိရန်၊ အနာဖေးများကို မခွာရန်၊ မဟုတ်လျှင် အမာရွတ်ကျန်မည်ဟု အထူး မှာကြားထားသည်။ သို့သော် အနာကျက်ချိန်တွင် ယားယံသဖြင့် အလွန်ခံရခက်လှသည်။

ဟွေယွဲ့နှင့် နန်ကျစ်တို့အပြင် လုကျီ၊ လုဟယ်၊ လုမေ့တို့ သုံးဦးသည် အလှည့်ကျစောင့်ကြပ်နေပြီး ယဲ့ယွင်၏လက်ကို ဒဏ်ရာနှင့် မထိမိအောင် တားဆီးထားကြသည်။

ယားလာလျှင် လက်ဖြင့် ဖွဖွလေး ပွတ်ပေးကြသည်။ အလိုလိုက်ခံရသော သခင်မလေးက လက်ဆော့ပြီး ကုတ်မိကာ အမာရွတ်ကျန်ခဲ့မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ကံကောင်းစွာဖြင့် အစေခံမလေးများ၏ ကြိုးစားမှု အရာထင်ခဲ့သည်။ အနာဖေးကွာသွားသော နေရာများတွင် မူလအသားအရေထက် အနည်းငယ်ဖြူသော အရာလေးများသာ ကျန်ရှိပြီး သေချာ မကြည့်လျှင် မသိသာပေ။

ဟွေယွဲ့မှာမူ ရင်နာလွန်း၍ သေမတတ်ဖြစ်ရသည်။ ပြန်ရောက်ရောက်ချင်း ယဲ့ယွင်ကို မြင်လိုက်ရသောအခါ ကွယ်ရာတွင် အကြိမ်ကြိမ်ငိုကြွေးခဲ့ရသည်။

သို့သော် ယဲ့ယွင်၏အာရုံစိုက်မှုက ဤကိစ္စပေါ်တွင် မရှိပေ။ သူမသည် နန်းတော်ပြင်ပသို့ လူလွှတ်ကာ ဝမ်းကွဲအစ်ကို နှစ်ယောက်၏ရလဒ်ကို စုံစမ်းခိုင်းထားရာ ယနေ့တွင် သတင်း ရောက်လာလေသည်။

"အစ်ကိုကြီးက ဒုတိယတန်းစား အဆင့် ၃၇၊ အစ်ကိုလတ်က တတိယတန်းစား အဆင့် ၉၅ ဆိုတော့ နှစ်ယောက်လုံး အောင်ကြတာပဲ" ယဲ့ယွင် စာကိုကြည့်ရင်း စိတ်အခြေအနေ ကောင်းမွန်နေသည်။

ဒီနှစ် နွေဦးစာမေးပွဲတွင် ပထမတန်းစား ၃ ဦး၊ ဒုတိယတန်းစား ၄၇ ဦး၊ တတိယတန်းစား ၇၀ ဦး ရွေးချယ်ခဲ့ရာ စုစုပေါင်း ၁၂၀ ဖြစ်သည်။ ဤအရေအတွက်သည် နန်ချီ၏ ယခင်နှစ်များနှင့် ယှဉ်လျှင် အလယ်အလတ်ဖြစ်သည်။

"ကြည့်ရတာ နောက်ရက်လောက်ဆို အရှင်မင်းကြီး အနောက်ဆောင်ဘက် ကြွလာလောက်ပြီ။ ပညာရှင်အသစ်တွေ ရထားတော့ စိတ်အခြေအနေ ကောင်းနေမှာပဲ" ယဲ့ယွင် ပြုံးလိုက်ပြီး ကိုယ်လက်လှုပ်ရှားရန် ထရပ်လိုက်သည်။

အိပ်ရာထဲတွင် လှဲနေပြီး မနက်ခင်း ဂါရဝပြုခွင့် ပျက်ကွက်ရသည့် နေ့ရက်များကို နှစ်သက်သော်လည်း အနောက်ဆောင်ရှိ တိမ်မဲများ လွင့်စင်သွားသင့်လေပြီ။

All Chapters