← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 13 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 13 Ch. 195-196

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -195

အခန်း ၁၉၅ ။ မျက်နှာလိုက်ခြင်း

ကောက်ညှင်းထုပ်များကို ပြုတ်ထားသော်လည်း နောက်ဆုံးတွင် ယဲ့ယွင် တစ်လုံးသာ စားဖြစ်လိုက်သည်။

ယနေ့ထုပ်ထားသည်များမှာ ကောက်ညှင်းထုပ် အချိုများဖြစ်ပြီး သူမက အငန်ကြိုက်သူ ဖြစ်နေသောကြောင့်ပင်။

ကောက်ညှင်းထုပ် သိပ်မစားဖြစ်သော်လည်း ယနေ့ စားဖိုဆောင်မှ ချက်ပေးသော ရှဉ့်ငါးဟင်းမှာ အရသာ အလွန်ရှိသဖြင့် သူမတစ်ယောက်တည်း ငါးတစ်ခြမ်းကျော် စားလိုက်မိသည်။

"ဒီစားဖိုမှူးက ငါးချက်တာ တော်တော်လက်ရာမြောက်တာပဲ။ နောက်နေ့ကျရင် ချိုချဉ်ငါးကြော်လေး ချက်ခိုင်းပြီး မြည်းကြည့်ရမယ်"

ဟွေယွဲ့က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ဒီချန်းချဲ့ ခဏနေကျရင် စားဖိုဆောင်ကို သွားပြောထားလိုက်ပါ့မယ်"

ညစာစားပြီးနောက် သူတို့နှစ်ဦးသည် အစာကြေစေရန် ခြံဝင်းထဲတွင် လမ်းလျှောက်နေကြသည်။ ညန်ကောင်းသည်လည်း ဘေးနားတွင် ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလွှားနေသည်။

ယဲ့ယွင်သည် ညန်ကောင်းကို ခဏမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

"ခွေးသားက အရသာ ဘယ်လိုနေမလဲ မသိဘူးနော်"

"မင်း တကယ်..."

နင်ချန် ကြောင်သွားပြီးနောက် သူမကို အားမလိုအားမရ မျက်စောင်းထိုးလိုက်သည်။

"ဒီချန်းချဲ့က စတာပါ။ ညန်ကောင်းက ဒီလောက်ချစ်စရာကောင်းတာကို ဘယ်လိုလုပ် စားရက်မှာလဲ"

ယဲ့ယွင်သည် မျက်ခုံးပင့်ကာ မြူးထူးစွာ ပြုံးလိုက်သည်။

ညန်ကောင်းသည် သူ၏ နာမည်ကို ကြားလိုက်ရသဖြင့် ဝမ်းသာအားရ အမြီးနန့်ကာ "ဝုတ် ဝုတ်" ဟု နှစ်ချက် ဟောင်လိုက်လေသည်။

နင်ချန်သည် ခေါင်းခါလိုက်ပြီး "ခွေးအ" ဟု ရေရွတ်လိုက်၏။

"အရှင်မင်းကြီး လင်ရှီးဥယျာဉ်တော်ကို ဘယ်တော့လောက် သွားဖို့ စိတ်ကူးထားလဲဟင်"

ယဲ့ယွင်က သူ၏ လက်မောင်းကို တွဲခိုလိုက်သည်။

"ဥယျာဉ်တော်မှာ ရေပေါများတော့ ပုစွန်တွေ ကဏန်းတွေ လတ်ဆတ်မှာပဲနော်"

"ဇွန်လလောက် သွားကြတာပေါ့။ ကျားဟယ်ရဲ့ မင်္ဂလာပွဲ ပြီးမှပဲ သွားတော့မယ်"

နင်ချန်က ပြောလိုက်သည်။

"ဒီလိုတွက်ကြည့်ရင် ဒီချန်းချဲ့ အစ်ကိုရဲ့ မင်္ဂလာပွဲနဲ့ မင်းသမီးရဲ့ မင်္ဂလာပွဲက တိုက်နေတာပဲ"

ဟုတ်ပေသည်။ ယဲ့ကျယ်သည် မေလကုန်၊ ဇွန်လဆန်းလောက်တွင် မြို့တော်သို့ ရောက်ရှိမည်ဖြစ်သည်။ အိမ်ပြန်ရောက်သည့်အခါ မိသားစုနှင့် တိုင်ပင်ပြီး မင်းသမီး၏ မင်္ဂလာရက်နှင့် မတိုက်ဆိုင်စေရန် ရှောင်ရပေမည်။

ခြံဝင်းထဲတွင် နှစ်ပတ်ခန့် လမ်းလျှောက်ပြီးနောက် ညလေပြည် တိုက်ခတ်လာသဖြင့် သက်သောင့်သက်သာ ဖြစ်သွားကြသည်။

ယွီရှို့အဆောင်တွင် ပန်းပင်များစွာ စိုက်ပျိုးထားရာ ယခုအခါ အများစုမှာ ပွင့်နေကြပြီဖြစ်သည်။ သင်းပျံ့သော ရနံ့များက စိတ်ကြည်နူးဖွယ် ကောင်းလှသည်။

အစေခံများက ရေချိုးရန် ပြင်ဆင်ထားကြပြီး ယဲ့ယွင်သည် သီးခြားစီ ရေချိုးရန် ပြင်ဆင်သော်လည်း နင်ချန်က လက်မခံဘဲ သူမကို ပွေ့ချီခေါ်ဆောင်သွားလေတော့သည်။

ရေနွေးငွေ့များ ဝေဆာနေသော ရေချိုးဆောင်အတွင်း ရောင်စုံဖန်သား ကန့်လန့်ကာ နောက်ကွယ်၌ လူရိပ်များ လှုပ်ရှားနေသည်ကို တွေ့မြင်နိုင်သည်။

"ချစ်ရတဲ့သူကို အရိုးထဲစွဲအောင် လွမ်းတယ်ဆို၊ ကျန်း ကြည့်ရအောင်... ဒီအရိုးထဲမှာ တကယ်ပဲ အလွမ်းတွေ ရှိနေသလားလို့"

အမျိုးသား၏ နက်ရှိုင်းအက်ရှသော အသံက နားနားကပ်၍ ပြောဆိုလိုက်သဖြင့် နားရွက်ဖျားမှတဆင့် တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားကာ အရိုးများပင် အရည်ပျော်မတတ် ခံစားလိုက်ရသည်။

ရေချိုးကန်မှသည် ကုတင်ပေါ်အထိ အချစ်နယ်ကျွံခဲ့ကြရာ ကိုယ်ခန္ဓာမှ ရေစက်များကိုပင် သုတ်သင်ရန် အချိန်မရခဲ့ချေ။ စိုစွတ်နေသော အဝတ်အစားများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး စောင်များလည်း ဘေးသို့ ကန်ထုတ်ခံထားရသည်။

ယဲ့ယွင်၏ တက်ကြွစွာ တုံ့ပြန်မှုက လပေါင်းများစွာ အောင့်အီးထားခဲ့သော နင်ချန်ကို ပိုမို စိတ်ထကြွစေခဲ့သည်။

(T/N- ရှေ့နှစ်ရက်လုံးမအိပ်ခဲ့ရဘူးထင်

ဒီမှာ လာအပူထုတ်နေတာ😩)

မင်္ဂလာညဉ့်ဦးယံသည် တိုတောင်းလှပေစွ။ သူတို့နှစ်ဦး မောပန်းနွမ်းနယ်စွာ ပွေ့ဖက်အိပ်စက်ကြချိန်တွင် နောက်ထပ် လေးနာရီခန့်အကြာ၌ အိပ်ရာထရတော့မည် ဖြစ်သည်။

စိတ်ဆန္ဒများ ပြည့်ဝသွားပြီးနောက် ယဲ့ယွင်သည် နင်ချန် အလွန်အမင်း အနိုင်ကျင့်ခဲ့သည်ဟု ယူဆကာ အိပ်ကောင်းခြင်းမအိပ်ရသဖြင့် သူ့ခြေထောက်ကို ကန်ကျောက်လိုက်လေသည်။

သို့သော် သူမတွင် အားအင်မကျန်တော့သဖြင့် ကန်ချက်များမှာ ပျော့ဖတ်နေပြီး ဆွဲဆောင်နေသကဲ့သို့ပင် ဖြစ်နေသည်။

နင်ချန်သည် သူမ၏ ခြေထောက်သွယ်သွယ်လေးကို ဖမ်းဆွဲလိုက်ပြီး သူ၏ ခါးပေါ်သို့ တင်လိုက်သည်။ မှောင်မိုက်နေသော်လည်း သူ၏ မျက်ဝန်းများမှာ တောက်ပနေဆဲပင်။

"ထပ်ကန်ရင် ဒီည အိပ်မနေနဲ့တော့"

"ဒီချန်းချဲ့ အိပ်ပျော်သွားပါပြီ"

ယဲ့ယွင်သည် ကိုယ်ကို ကျုံ့လိုက်ပြီး မျက်လုံးများကို အမြန်မှိတ်လိုက်သည်။

ထိုချစ်စဖွယ်ပုံစံလေးကြောင့် နင်ချန် ရယ်မောလိုက်မိပြီး သူမကို ရင်ခွင်ထဲ ထည့်ကာ အတူတကွ အိပ်စက်လိုက်ကြလေသည်။

......

ကာမဂုဏ်၌ အလွန်အကျွံ ပျော်ပါးခြင်း၏ နောက်ဆက်တွဲရလဒ်မှာ နောက်တစ်နေ့ မနက် ညီလာခံတက်ရမည့်အချိန်တွင် နင်ချန် လုံးဝ မထချင်တော့ခြင်းပင်ဖြစ်သည်။

အိပ်ရေးဝစေရန်အတွက် မနက်စာစားချိန်ကိုပင် အိပ်ချိန်အဖြစ် ပြောင်းလဲလိုက်ရသည်။

ထို့ကြောင့် နှစ်ယောက်လုံး ညီလာခံနှင့် နှုတ်ဆက်ဂါရဝပြုပွဲသို့ နောက်ကျလုနီးပါး ဖြစ်ခဲ့ကြသည်။

ယဲ့ယွင်သည် ဖုန်းရှီးနန်းဆောင်သို့ နောက်ဆုံးမှ ရောက်လာသူဖြစ်သည်။

သူမ ရောက်လာသည်နှင့် တစ်ခန်းလုံးရှိ အမျိုးသမီးများ၏ အကြည့်များ သူမထံ ကျရောက်လာသည်။ အကယ်၍ အကြည့်များဖြင့် လူသတ်နိုင်ပါက သူမ သေနေလောက်ပြီဖြစ်သည်။

"မင်ကျယ်ယွီက အရှင်မင်းကြီးကို ပြုစုရတာ ပင်ပန်းသွားတယ် ထင်ပါရဲ့။ ဂါရဝပြုပွဲတောင် နောက်ကျလုနီးပါး ဖြစ်နေပြီ"

ယောင်ရှန်းက ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

ထို့နောက် အဖြေကိုပင် မစောင့်ဘဲ လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်သည်မှာ သာမန်စကားစမြည် ပြောနေသကဲ့သို့ပင်။

"ပင်ပန်းတယ်လို့တော့ မဆိုသာပါဘူး။ ဒါ ကိုယ်လုပ်တော်တွေရဲ့ တာဝန်ပဲလေ။ နောက်တစ်ခါ အရှင်မင်းကြီး ဝေ့ရွယ်ဆောင်ကို ကြွလာတဲ့အခါ ဖန်းရှိုးယွမ်လည်း သိလာပါလိမ့်မယ်"

ယဲ့ယွင်က အေးဆေးစွာပင် ဝင်ထိုင်လိုက်သည်။

သည်းခံဖို့ဆိုတာ မဖြစ်နိုင်ပေ။ ရန်လာစလျှင် ပြန်လှန်တိုက်ခိုက်ရမည်သာ။

ယောင်ရှန်းသည် ခွက်ကို ချလိုက်ပြီး မျက်လုံးထဲတွင် အပြုံးရိပ်များ ရှိနေဆဲပင်။

"ဒီလိုပါပဲ၊ အရင်တုန်းက ယိရှိုးယွမ်အိပ်ဆောင်ဝင်တုန်းက ဒီလောက် နောက်မကျဘူးလေ။ ဒါကြောင့် မင်ကျယ်ယွီက အရှင်မင်းကြီးကို ပြုစုရတာ ပိုပင်ပန်းတယ်လို့ ထင်မိတာပါ"

"အစ်မတော်ဖန်းက နောက်တာပဲ။ နောက်ကျတာ စောတာက ကိုယ့်အပေါ်မှာပဲ မူတည်တာပါ။ တချို့လူတွေက အချစ်ခံရတာကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်နေတော့ တခြားအရာတွေကို ဂရုမစိုက်ကြတာလေ"

ယိရှိုးယွမ်ကလည်း ထေ့ငေါ့ကာ ဝင်ပြောလိုက်သည်။

ယခုအခါ နောက်ဆောင်တွင် အခြေအနေများ ငြိမ်သက်စပြုနေပြီဖြစ်သည်။ ဝမ်သယ့်ဖေးမှာ ယခင်ကကဲ့သို့ မျက်နှာသာပေးမခံရတော့သဖြင့် ယခုအချိန်တွင် ယဲ့ယွင်နှင့် ယိရှိုးယွမ်တို့သာ အပြိုင်အဆိုင် ဖြစ်နေကြသည်။

အင်အားချင်း တူမျှနေလျှင် တိုက်ပွဲဖြစ်လာစမြဲပင်။

ယဲ့ယွင်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ဆံပင်ကို သပ်တင်လိုက်ပြီး ဟန်ဆောင်ကာ မျက်စောင်းထိုးလိုက်သည်။

"အိုက်ယား အစ်မတော်တို့ ရယ်စရာ ဖြစ်နေပြီ။ မနေ့ကတောင် အရှင်မင်းကြီးက ဒီချန်းချဲ့ရဲ့ ဆိုးသွမ်းပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးကို အကြိုက်ဆုံးလို့ ပြောနေတာ။ ဒီချန်းချဲ့တော့ မထင်မိပါဘူး။ ဒီနေ့ ယိရှိုးယွမ်က ဒီချန်းချဲ့ကို အချစ်ခံရလို့ ဘဝင်မြင့်ပြီး ဆိုးသွမ်းတယ်လို့ ပြောနေတာလား။ ကြည့်ရတာ အရှင်မင်းကြီးကလည်းအဲ့လိုဆိုးသွမ်းတယ်ဆိုတာကို ပြောချင်တာထင်တယ်နော်။”

"ယဲ့မျိုးရိုး၊ မင်း တော်တော် အရှက်မရှိပါလား"

ယိရှိုးယွမ် အံကြိတ်ပြီး စိုက်ကြည့်လိုက်သည်။

"အရှင်မင်းကြီး ချီးကျူးတာကို လက်ခံတာက အရှက်မရှိတာလား။ ဒါဆို ဒီချန်းချဲ့ ကျိုချန်နန်းဆောင်ကို သွားပြီး အရှင်မင်းကြီးကို မေးကြည့်လိုက်ပါဦးမယ်နော်။”

ယဲ့ယွင်က မထီမဲ့မြင် ပြုံးလိုက်ပြီး အေးဆေးစွာပင် ပြောလိုက်သည်။

ဝမ်ရှိုးယွမ်က အချိန်ကိုက် ဝင်ပြောလိုက်သည်။

"ကျိုချန်နန်းဆောင်ကို သွားစရာ မလိုပါဘူး။ ဒီနေ့က ဒုတိယမင်းသမီးရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲလေ။ အရှင်မင်းကြီးက ယိမေဆောင်ကို လာမယ်လို့ မနေ့က ပြောထားပြီးသားပဲ။ ညီမလေး အပင်ပန်းခံမနေပါနဲ့၊ ပွဲကျမှပဲ မေးလိုက်ပါ"

"အစ်မတော်ဝမ်က သဘောကောင်းလိုက်တာ"

ယဲ့ယွင် သူမကို ပြုံးပြလိုက်သည်။

ဒီတစ်ခေါက် စကားစစ်ထိုးပွဲတွင် မည်သူမှ အသာမရဘဲ သရေကျသွားသည်ဟု ဆိုရမည်။

နောက်ဆုံးတွင် မိဖုရားခေါင်ကြီးက ဝင်ရောက်တားမြစ်လိုက်ရသည်။

"ဒီနေ့က ဒုတိယမင်းသမီးရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲလေ။ မင်္ဂလာရှိတဲ့နေ့မှာ ဘာလို့ ရန်ဖြစ်နေကြတာလဲ။ မင်ကျယ်ယွီက အမြဲတမ်း လိမ္မာပါတယ်။ နည်းနည်း နောက်ကျရုံလေးပဲကို ညီအစ်မအချင်းချင်း ဒီလောက်ထိ တွက်ကပ်နေစရာ မလိုပါဘူး။ မင်ကျယ်ယွီက ပွင့်လင်းရိုးသားတယ်။ ဒီမယ်မယ်နဲ့အရှင်မင်းကြီးတို့နှစ်ယောက်လုံးကသဘောကျတယ်"

မိဖုရားခေါင်ကြီး၏ စကားသည် သိသိသာသာပင် ဘက်လိုက်နေသည်။

သူမသည် ဟန်ချက်ညီအောင် ထိန်းညှိရာတွင် ကျွမ်းကျင်လှသည်။

တစ်ဖက်က အားနည်းသွားသည်ဟု ထင်လျှင် ထိုဘက်ကို ကူညီလိုက်သည်။

ယခု ယိရှိုးယွမ်တွင် မင်းသားလေးတစ်ပါး ရှိနေပြီး ရာထူးလည်း ရှိနေသည်။ ယဲ့ယွင်မှာ ရာထူးအနည်းငယ် နိမ့်နေသဖြင့် သူမကို မြှောက်ပေးလိုက်ခြင်း ဖြစ်သည်။

တစ်ဦးတစ်ယောက်တည်း အာဏာကြီးစိုးသွားလျှင် မကောင်းပေ။

"မိဖုရားခေါင်ကြီးရဲ့မေတ္တာက ဒီချန်းချဲ့အတွက် ကံကောင်းခြင်းပါပဲ"

ယဲ့ယွင်သည် ခေါင်းငုံ့ကာ အရိုအသေပြုလိုက်သည်။

မိဖုရားခေါင်ကြီး၏ စေတနာကို လက်ခံသည့်ပုံစံမျိုး လုပ်ပြလိုက်ခြင်းဖြစ်သည်။

ထိုအပြုအမူကို မိဖုရားခေါင်ကြီး သဘောကျသွားသည်။

ဂါရဝပြုပွဲ ပြီးဆုံးသွားသောအခါ လူတိုင်း ကိုယ့်နန်းဆောင်ကိုယ် ပြန်သွားကြပြီး နေ့လည်စာ စားချိန်တွင် ယိမေဆောင်သို့ သွားရောက်ရန် ပြင်ဆင်ကြသည်။

ယဲ့ယွင်သည် မနက်က အလျင်စလို ထလာရသဖြင့် အဝတ်အစားလဲရန် ပြန်သွားလိုက်သည်။ ကျိုးချိုက်ရန်မှာမူ ဝမ်ရှိုးယွမ်နှင့်အတူ တန်းလိုက်သွားလေသည်။

ယဲ့ယွင် ပြန်ရောက်လာသောအခါ အနီးအနားတွင် နေထိုင်ကြသော အဆင့်နိမ့်ကိုယ်လုပ်တော်များ ရောက်နေကြပြီဖြစ်သည်။

ထိုအချိန်တွင်ပင် ယဲ့ယွင်သည် လီဝမ်ရုန်ကို တွေ့လိုက်ရသည်။ သူမသည် ယခင်က စွန်းရှီနောက်သို့ လိုက်ခဲ့ဖူးပြီး မြောက်ဘက်ဒေသသို့ လှည့်လည်သွားလာစဉ်ကလည်း အတူလိုက်ပါခဲ့ဖူးသည်။

ယခုအခါ လီဝမ်ရုန်၏ ဘဝသည် ဆိုးရွားနေပုံရသည်။ အဝတ်အစားနှင့် လက်ဝတ်ရတနာများမှာ မသစ်လွင်တော့ဘဲ မျက်နှာမှာလည်း ယခင်ကကဲ့သို့ ပြည့်ဖြိုးခြင်း မရှိတော့ပေ။

အရင်တုန်းကဆိုလျှင် ယဲ့ယွင်ကို ပြန်ပြောရဲသော်လည်း ယခုအခါ ရိုသေကိုင်းရှိုင်းနေလေပြီ။

ယဲ့ယွင်က သူမကို အရေးမစိုက်သဖြင့် အခက်အခဲ မဖြစ်စေဘဲ စကားနှစ်ခွန်းလောက်သာ ပြောပြီး လှည့်ထွက်သွားလိုက်သည်။

.....

ဝမ်ရှိုးယွမ်သည် ယနေ့ စိတ်ပျော်ရွှင်နေပြီး ဒုတိယမင်းသမီးလေးကို လူရှေ့ထုတ်ပြကာ ဆော့ကစားစေသည်။

မင်းသမီးလေးသည် ပန်းရောင်အသားအရေနှင့် အနီရောင်ဝတ်စုံလေး ဝတ်ထားပြီး လည်ပင်းတွင် ရူယီဆွဲပြားလေး ဆွဲထားရာ အလွန်ချစ်စရာကောင်းသည်။

"ဒီကောင်မလေးက လမ်းလျှောက်တတ်တာ မြန်တယ်။ အခု လမ်းလျှောက်တတ်နေပြီ။ ဒါပေမဲ့ သိပ်မခိုင်သေးတော့ တစ်ခုခုကို ကိုင်ထားမှ ရတယ်"

သမီးဖြစ်သူကို ကြည့်ရင်း ဝမ်ရှိုးယွမ်သည် ကျေနပ်ပီတိဖြစ်ကာ နူးညံ့ပျော်ရွှင်နေလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -196

အခန်း ၁၉၆ ။ ကျားဝမ်

"မင်းသမီးလေးက ဉာဏ်ကောင်းလိုက်တာ၊ တခြားကလေးတွေဆို ဒီလိုစောစောစီးစီး လမ်းလျှောက်တတ်တာ ရှားတယ်"

လင်ရှိုးရုန်က ချီးမွမ်းစကား ဆိုလိုက်သည်။

သူမ၏ မျက်နှာအဆင်းမှာ သိပ်မကောင်းလှချေ။ တကယ်ပင် နေမကောင်းဖြစ်နေခြင်း ဖြစ်သည်။

သို့သော် ကလေးငယ်ကို ကြည့်နေသော သူမ၏ မျက်ဝန်းများထဲတွင်မူ လိုလားတောင့်တမှုနှင့် လွမ်းဆွတ်မှုများ အပြည့်အဝ ပါဝင်နေသည်။

သူမသည် ဒုတိယမင်းသမီးလေးကို ပွေ့ချီချင်သော်လည်း ကလေးဆီသို့ ရောဂါကူးစက်သွားမည်ကို စိုးရိမ်သဖြင့် လက်ကို ဆန့်လိုက်၊ ပြန်ရုတ်လိုက်နှင့် ဖြစ်နေလေသည်။

ဝမ်ရှိုးယွမ်သည် သူမ၏ စိတ်ကို ရိပ်မိသဖြင့် ကလေးချီထားသော နို့်ထိန်းကို လှမ်းအမိန့်ပေးလိုက်သည်။

"မင်းသမီးလေးကို လင်ရှိုးရုန်ဆီ ပွေ့သွားပေးလိုက်ပါ၊ သူက မင်းသမီးလေးကို ဒီလောက် သဘောကျနေတာ ရှားပါးကိစ္စပဲလေ"

လင်ရှိုးရုန်၏ အတိတ်က အဖြစ်ဆိုးများကို ဝမ်ရှိုးယွမ် အနည်းအကျဉ်း သိထားပေသည်။ မိခင်တစ်ယောက်အနေဖြင့် လင်ရှိုးရုန်၏ နာကျင်မှုကို သူမ ကောင်းကောင်း နားလည်ပေးနိုင်သည်။

လွန်ခဲ့သော တစ်ခေါက်က လင်ရှိုးရုန်သည် ကျောက်ကျယ်ယွီက ယန်ဝမ်ရုန်ကို လုပ်ကြံခဲ့ကြောင်း ရုတ်တရက် တိုင်တန်းခဲ့ခြင်းမှာလည်း ကျောက်ကျယ်ယွီက မိဖုရားခေါင်ကြီးအတွက် အလုပ်လုပ်ပေးခဲ့ဖူးသောကြောင့် ဖြစ်တန်ရာ၏။

မိဖုရားခေါင်ကြီးကို ချက်ချင်း ဖြုတ်ချပစ်ရန် မဖြစ်နိုင်သော်လည်း သူမ၏ လက်သည်း၊ လက်သည်းစွယ်များကို ညှပ်ပစ်၍ ရနိုင်ပေသည်။

သို့သော် လင်ရှိုးရုန်ကို ကြည့်ရသည်မှာ ခန္ဓာကိုယ် အလွန်အားနည်းနေသဖြင့် ရုတ်တရက် သေဆုံးသွားမည်ကိုပင် စိုးရိမ်ရသည်။

ဤမျှ နှစ်များစွာ လင်ရှိုးရုန်သည် ကျန်းမာရေး မကောင်းခဲ့ပေ။ စိတ်ထဲမှ အမုန်းတရားများဖြင့်သာ ထောက်ကန်ထား၍ ဤမျှကြာအောင် အသက်ရှင်နေခြင်း ဖြစ်လောက်သည်။

ဝမ်ရှိုးယွမ်၏ စိတ်ထဲတွင် တွေးနေသည်များကို လင်ရှိုးရုန် လုံးဝ မသိရှိပေ။ သူမသည် ဒုတိယမင်းသမီးလေး၏ ပါးပြင်ကို ထိတွေ့လိုက်ပြီးနောက် မျက်ရည်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

မိမိတွင် ခွန်အားမရှိ၍ ကလေး ပြုတ်ကျသွားမည် စိုးသဖြင့် နောက်ဆုံးတွင် မပွေ့ချီဖြစ်ခဲ့ချေ။

မကြာမီတွင် မိဖုရားခေါင်ကြီး ရောက်ရှိလာပြီး သူမ၏ နောက်တွင် ရှူးဖေးနှင့် ယိရှိုးယွမ်တို့ ပါလာကြသည်။

ထိုလူစု အတူတူ ရောက်လာကြသည်မှာ အတော်လေး ထူးဆန်းနေသည်။

မိဖုရားခေါင်ကြီးသည် သူမ၏ မယ်တော်ကြီးပီသသော ဂုဏ်ကို ပြသရန်အတွက် ရောက်လာသည်နှင့် ဒုတိယမင်းသမီးလေးကို ကိုယ်တိုင် ပွေ့ချီလိုက်ပြီး ဆုလက်ဆောင်များစွာ ပေးသနားလေသည်။

ထိုအထဲတွင် အသက်ရှည်စေရန် ဆုတောင်းပေးသည့် သော့ခလောက်ဆွဲပြားတစ်ခု ပါဝင်ပြီး ၎င်းကို မိဖုရားခေါင်ကြီး၏ ငွေရောင်ဖီးနစ်ဆံထိုးကို အရည်ကြို၍ ပြုလုပ်ထားသည်ဟု ဆိုသည်။ သေးငယ်သော်လည်း လက်ရာမြောက်ပြီး ချစ်စရာကောင်းကာ အဓိပ္ပာယ်လည်း ပြည့်ဝလှသည်။

"ဖီးနစ်ဆံထိုးက တန်ဖိုးကြီးလွန်းပါတယ်၊ ဒုတိယမင်းသမီးလေးက မိဖုရားခေါင်ကြီးရဲ့ ဒီလောက်ကြီးမားတဲ့ မေတ္တာကို ခံယူထိုက်ပါ့မလား"

ဝမ်ရှိုးယွမ်က ကမန်းကတန်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

မိဖုရားခေါင်ကြီးက ပြုံးလျက် လက်ကာပြလိုက်သည်။

"မင်းသမီးလေးက နတ်ပြည်က ဆင်းသက်လာတဲ့ သမီးပျိုလေးပဲ၊ ဖီးနစ်ဆံထိုးလောက်က ဘာမှမဟုတ်ပါဘူး"

လူတိုင်း ထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။

အရှင်မင်းကြီး အချိန်မရွေး ရောက်လာနိုင်သည်ကို တွေးမိကြသဖြင့် အားလုံးသည် အချင်းချင်း သင့်မြတ်ညီညွတ်နေကြပြီး မိမိတို့၏ မနူးညံ့သော ပုံစံကို အရှင်မင်းကြီး မြင်သွားမည်ကို စိုးရိမ်နေကြပုံရသည်။

.......

နာရီဝက်ခန့် စကားပြောပြီးနောက် နောက်ဆုံးတွင် အရှင်မင်းကြီး ကြွမြန်းလာခဲ့လေသည်။

မိဖုရားခေါင်ကြီးသည် ကိုယ်လုပ်တော်များကို ဦးဆောင်၍ ထွက်ကြိုသည်။ နင်ချန်သည် သူမကို မျက်နှာသာပေးသည့်အနေဖြင့် ကိုယ်တိုင် တွဲထူပေးလိုက်သည်။

"ဒုတိယမင်းသမီးလေးက တကယ့်ကို ချစ်စရာလေးပါ၊ ဒီနေ့ တွေ့လိုက်ရတာနဲ့ ဒီချန်းချဲ့ သဘောကျသွားမိတယ်"

မိဖုရားခေါင်ကြီးက ပြုံးလျက် ပြောလိုက်သည်။

နင်ချန်သည် စိတ်ပျော်ရွှင်စွာဖြင့် အတွင်းသို့ ဝင်သွားလိုက်သည်။

"ကျန်း ဒုတိယမင်းသမီးလေးကို မတွေ့ရတာ ကြာပြီ၊ မြန်မြန် ပွေ့လာခဲ့စမ်း... ကြည့်ရအောင်"

ဝမ်ရှိုးယွမ်သည် အနောက်မှ လိုက်ပါလာရင်း နို့်ထိန်းကို မျက်ရိပ်ပြလိုက်ရာ နို့ထိန်းသည်က ဒုတိယမင်းသမီးလေးကို အမြန်ပွေ့ချီလာခဲ့သည်။

သားအဖနှစ်ယောက် တွေ့ဆုံချိန် နည်းပါးသော်လည်း ဝမ်ရှိုးယွမ်သည် ပွင့်လင်းရွှင်လန်းသူဖြစ်ရာ ကလေးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ထားသည်။

ဒုတိယမင်းသမီးလေးသည် ခမည်းတော်၏ ပွေ့ချီခြင်းကို ခံရချိန်တွင် ခဏမျှ ကြောင်ငေးနေပြီးနောက် ရယ်ပြလိုက်လေသည်။ သွားများ သိပ်မပေါက်သေးသဖြင့် ရယ်လိုက်လျှင် ယုန်ကလေးနှင့် တူနေလေသည်။

ကလေး ကျန်းမာနေသဖြင့် နင်ချန် သဘာဝကျစွာပင် ဝမ်းမြောက်သွားပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

"ဒုတိယမင်းသမီးလေးက ဒီလို ပြုံးရတာ သဘောကျတယ်ဆိုတော့... ကျားဝမ်လို့ နာမည်ပေးလိုက်မယ်၊ နင်ကျားဝမ်ပေါ့"

"ကျားဝမ် ဆိုတာက အမျိုးသမီးတစ်ယောက်ရဲ့ လှပတဲ့အပြုံးကို တင်စားတာပဲ၊ ဒုတိယမင်းသမီးလေး ကြီးလာရင် သေချာပေါက် လှပကျက်သရေရှိလာမှာပါ"

ကျင်းဖေးက နူးညံ့စွာ ဝင်ပြောလိုက်သည်။

ဝမ်ရှိုးယွမ်က ဒူးညွှတ်အရိုအသေပြုလိုက်သည်။

"မင်းသမီးလေးကိုယ်စား နာမည်ပေးသနားတဲ့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

ထိုအချိန်မှာပင် မိဖုရားခေါင်ကြီးသည် ပထမမင်းသားလေး နာမည်မရသေးသည့်အကြောင်းကို မတော်တဆလိုလိုဖြင့် ထုတ်ပြောလိုက်လေသည်။

ပြောရလျှင် ပထမမင်းသားက ဒုတိယမင်းသမီးထက် အသက်ပိုကြီးသော်လည်း ယခုထက်ထိ နာမည် အတည်တကျ မရသေးပေ။ ယခု ဒုတိယမင်းသမီးတောင် နာမည်ရသွားပြီဖြစ်ရာ ပထမမင်းသားကို နာမည်မပေးလျှင် မသင့်တော်တော့ချေ။

"ဝမ်သယ့်ဖေးက ဒီနေ့လည်း မလာဘူးပဲ၊ နေမကောင်းသေးဘူး ထင်တယ်၊ ပထမမင်းသားလေးကို နာမည်ပေးမယ့်ကိစ္စက သယ့်ဖေး ရှိနေတဲ့အချိန်မှ ပြောတာ ပိုကောင်းမလား"

ရှူးဖေးက တမင်သက်သက် ပြောလိုက်သည်။

သူမ သတိပေးလိုက်မှ ဝမ်သယ့်ဖေး မလာသည်ကို လူတိုင်း သတိထားမိသွားကြသည်။

နင်ချန်၏ မျက်ဝန်းအကြည့်များ မှေးမှိန်သွားပြီး မျက်လုံးထဲမှ အပြုံးရိပ်များ အနည်းငယ် လျော့နည်းသွားသည်။

"နေမကောင်းရင် ဒုတိယမင်းသမီးလေးကို ကူးစက်မှာစိုးရတယ်၊ သယ့်ဖေး နန်းဆောင်ထဲမှာပဲ အနားယူနေတာ မှန်ပါတယ်၊ ပထမမင်းသားက ကျန်းရဲ့ သားဦးဆိုတော့ နာမည်ကိစ္စကို သေချာ စဉ်းစားရဦးမယ်"

သူ့စကားများတွင် ဝမ်သယ့်ဖေးကို ကာကွယ်ပြောဆိုမှုများ ပါဝင်နေသေးသည်ကို မြင်ရသဖြင့် ရှူးဖေး၏ စိတ်ထဲတွင် ချဉ်တူးတူး ဖြစ်သွားရပြီး ထပ်မပြောရဲတော့ပေ။

မိဖုရားခေါင်ကြီးကမူ ပို၍ပင် သတိထားနေလေသည်။

ထို့ကြောင့် ဤခေါင်းစဉ်သည် ဤမျှနှင့် ပြီးဆုံးသွားခဲ့သည်။

ယဲ့ယွင်သည် ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေရင်း ရှူးဖေး စိတ်လောသွားကြောင်း သိလိုက်သည်။

အရှင်မင်းကြီးနှင့် ဝမ်သယ့်ဖေးတို့သည် နှစ်ပေါင်းများစွာ သံယောဇဉ်ရှိခဲ့ကြပြီး သားဦးမင်းသားလေးကိုလည်း မွေးဖွားပေးထားသူ ဖြစ်သည်။ အရှင်မင်းကြီးသည် သွေးအေးရက်စက်သူ မဟုတ်သဖြင့် ခေတ္တခဏ စိတ်ကောက်ရုံဖြင့် ဝမ်သယ့်ဖေးကို လုံးဝ ပစ်ပယ်ထားလိမ့်မည် မဟုတ်ပေ။

သို့သော် သူတို့ကြားတွင် အနည်းနှင့်အများတော့ စိတ်ဝမ်းကွဲမှု ရှိလာပေလိမ့်မည်။

လူဟူသည် ရဟန္တာ မဟုတ်ပါလေ၊ အချစ်အမုန်းဆိုတာ ရှိစမြဲပင်။

အချိန်မစောတော့သဖြင့် စကားအနည်းငယ် ပြောပြီးသည်နှင့် စားပွဲ စတင်လေတော့သည်။

ယနေ့ ဟင်းပွဲများကို ဝမ်ရှိုးယွမ် ကိုယ်တိုင် စီစဉ်ထားခြင်းဖြစ်ပြီး အတော်ပင် အားစိုက်ထားပုံရသည်။ ဟင်းပွဲများမှာ လှပသေသပ်ပြီး အနံ့၊ အရသာ၊ အဆင်း ပြည့်စုံလှသည်။

စားဖိုဆောင်သို့ တောင်ဘက်ဒေသမှ စားဖိုမှူးအသစ်တစ်ယောက် ရောက်လာပြီး လတ်ဆတ်မွှေးပျံ့အောင် ချက်ပြုတ်ရာတွင် ကျွမ်းကျင်သည်။ မေလ၏ အနည်းငယ် ပူအိုက်စပြုလာသော ရာသီဥတုတွင် စားရသည်မှာ ခံတွင်းတွေ့လှသည်။

ထို့ကြောင့် ယဲ့ယွင်တစ်ယောက် အစားထိန်းနိုင်ခြင်း မရှိဘဲ စားမိလေတော့သည်။

အခြားကိုယ်လုပ်တော်များသည် အနည်းငယ်သာ စားသောက်ကြသော်လည်း သူမကမူ မတူပေ။ သူမအတွက် ဟင်းထည့်ပေးရန် နန်ကျစ်ကို တောက်လျှောက် ညွှန်ကြားနေတော့သည်။

နောက်ပိုင်းတွင် နန်ကျစ်ပင် အားနာလာပြီး သူမ၏ အချက်ပြမှုကို မမြင်ချင်ယောင်ဆောင်ကာ ဟင်းထည့်ပေးသည့် အကြိမ်ရေကို လျှော့ချလိုက်ရသည်။

မထင်မှတ်ထားသည်မှာ ယဲ့ယွင် ကိုယ်တိုင် ဝင်နှိုက်စားတော့ခြင်းပင်။

သို့သော် တော်သေးသည်မှာ သူမရှေ့တွင် ချထားသော ဟင်းပွဲကိုသာ ယူစားခြင်းဖြစ်၍ ရိုင်းပျသည်ဟု မဆိုနိုင်ပေ။

"ဒီနေ့ဟင်းပွဲတွေကို မင်ကျယ်ယွီ တော်တော်သဘောကျနေပုံပဲ"

နင်ချန် ရုတ်တရက် ပြောလိုက်သည်။

ယဲ့ယွင် လက်ရပ်တန့်သွားပြီး ပါးစပ်ထဲမှ အစာကို အရင်မျိုချလိုက်ကာ မတ်တတ်ရပ်၍ ပြန်ဖြေလိုက်သည်။

"ဒီစားဖိုမှူးလက်ရာကို တကယ်ကြိုက်မိပါတယ်၊ ဒီမနက် မနက်စာ မစားလိုက်ရလို့ ဗိုက်ဆာနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်"

ဘာကြောင့် မနက်စာ မစားလိုက်ရသလဲ ဆိုသည်ကိုတော့ တစ်စုံတစ်ယောက်၏ စိတ်ထဲတွင် ရှင်းနေပေလိမ့်မည်။

"မင်းက အစပ်ကြိုက်တယ်လို့ ကျန်း မှတ်ထားတာ၊ မထင်မှတ်ဘဲ ဒီလိုဟင်းပွဲမျိုးကိုလည်း ကြိုက်တာပဲ၊ နောက်ဆို စားဖိုဆောင်ကို ပြောပြီး ဒီစားဖိုမှူးကို မင်းအတွက် သီးသန့် ချက်ခိုင်းလိုက်မယ်"

နင်ချန်က သူမကို ကြည့်ပြီး ပြုံးလိုက်သည်။

ယဲ့ယွင်သည် လုံးဝ ရှက်ရွံ့ခြင်းမရှိဘဲ ကိုယ်ကို အနည်းငယ်ညွှတ်ကာ ရွှင်လန်းစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထိုသို့ အပြန်အလှန် ပြောဆိုနေမှုများက ကိုယ်လုပ်တော်များကို မနာလိုဝန်တို ဖြစ်သွားစေသည်။

အရှင်မင်းကြီးက မင်ကျယ်ယွီ၏ အကြိုက်ကို မှတ်မိနေခြင်းက မျက်နှာသာပေးမှုကို ဖော်ပြနေခြင်းဖြစ်သည်။

....

နေ့လည်စာ သုံးဆောင်ပြီးနောက် လူတိုင်း မျှော်လင့်နေကြသော "ကျွာကျိုး" (ကလေး၏ အနာဂတ် ဗေဒင်ကောက်ခြင်း) အစီအစဉ် ရောက်ရှိလာသည်။

ဝမ်ရှိုးယွမ်သည် ကြမ်းပြင်ပေါ်တွင် အနီရောင်အဝတ်ခင်းစေပြီး ပစ္စည်းအမျိုးမျိုးကို ဝိုင်းရံချထားလိုက်သည်။ ထို့နောက် နို့်ထိန်းကို အနီရောင်အဝတ် အလယ်တည့်တည့်တွင် ဒုတိယမင်းသမီးလေးကို ချပေးစေလိုက်ရာ ပြင်ဆင်မှု ပြီးစီးသွားသည်။

ဒုတိယမင်းသမီးလေးသည် လေးဘက်သွားပြီး ရွေးချယ်မည်ဟု ထင်မှတ်ထားသော်လည်း နို့ထိန်းသည် အောက်ချပေးလိုက်သည်နှင့် ထိုကလေးသည် နို့ထိန်းသည်၏ လက်မောင်းကို ကိုင်ကာ မတ်တတ်ရပ်လိုက်ပြီး ယိုင်တိုင်တိုင်ဖြင့် ရှေ့သို့ လျှောက်သွားလေတော့သည်။

"အို... ကလေးက စောစောလမ်းလျှောက်တတ်ရင် ဖိနပ်ပါးတတ်တယ် (ဘဝမှာ အလုပ်ပင်ပန်းတတ်တယ်) လို့ ဒီချန်းချဲ့ ကြားဖူးတယ်"

ရှူးဖေး ရုတ်တရက် ပြောလိုက်သည်။

ပြောပြီးသည်နှင့် သူမ မှားသွားမှန်း သိလိုက်ပြီး ချက်ချင်း မျက်နှာပျက်ကာ အနေရခက်သွားလေသည်။

"ဒုတိယမင်းသမီးက တော်ဝင်မင်းသမီးပဲဟာ၊ ဖိနပ်အကြောင်း ပူစရာလိုလို့လား၊ ရှူးဖေးမယ်မယ် တွေးပူလွန်နေပါပြီ၊ ဒီချန်းချဲ့ ထင်တာကတော့ မင်းသမီးလေး ကျန်းမာပြီး ဉာဏ်ကောင်းလို့ပါ"

ယောင်ရှန်း ခေါ် ဖန်းရှိုးယွမ်က ရယ်မောပြီး ပြောလိုက်သည်။

ရှူးဖေး ရှက်ရှက်ဖြင့် ခေါင်းလှည့်သွားသည်။

နင်ချန်သည် ဂရုမစိုက်သလို လက်ကာပြလိုက်ပြီး "ဖန်းရှိုးယွမ် ပြောတာ မှန်တယ်၊ ဒုတိယမင်းသမီးက ဉာဏ်ကောင်းတာ" ဟု ပြောလိုက်သည်။

အရှင်မင်းကြီးကိုယ်တိုင် ထိုသို့ ပြောလိုက်မှတော့ မည်သူမျှ ဝင်မပြောရဲတော့ပေ။

တကယ်တမ်းတွင် ဦးနှောက်မရှိ ပြောဆိုတတ်သူမှာ ရှူးဖေး တစ်ယောက်တည်းသာ ရှိသည်။

နောက်ဆုံးတွင် ဒုတိယမင်းသမီးလေးသည် ကျောက်စိမ်းရူယီတစ်ချောင်းကို ကောက်ယူလိုက်သဖြင့် မင်္ဂလာရှိပြီး စိတ်တိုင်းကျစရာ ကောင်းသော နိမိတ်တစ်ခု ဖြစ်သွားကာ ပွဲပြီးဆုံးသွားခဲ့သည်။

လူတိုင်း မထင်မှတ်ထားသည့်အရာမှာ အရှင်မင်းကြီးသည် ဝမ်ရှိုးယွမ်ကို ရာထူးတစ်ဆင့် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ ယခုမှစ၍ သူမသည် ဝမ်ရှိုးရီဖြစ်သွားလေပြီ။

ယခုအချိန်တွင် နောက်ဆောင်၌ မြင့်မားသော ရာထူးနေရာလွတ်များ များစွာရှိနေသေးရာ ဝမ်ရှိုးရီသည် နောက်ထပ် ရာထူးတိုးရန် အခွင့်အလမ်းရှိနေသေးကြောင်း လူတိုင်း ခန့်မှန်းမိလိုက်ကြသည်။

***

All Chapters