← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 10 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 10 Ch. 153-154

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -153

အခန်း ၁၅၃ ။ ဒုတိယမင်းသား

ယိကျယ်ယွီ၏ကိစ္စများ ပြီးဆုံးသွားပြီးနောက် ၁၁ လပိုင်းသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ရာသီဥတုမှာ တဖြည်းဖြည်း အေးလာပြီး နှစ်ကုန်ခါနီးဖြစ်၍ အလုပ်များ များပြားလာသည်။ နယ်အသီးသီးမှ အရာရှိများ မြို့တော်သို့ လာရောက်၍ နှစ်ပတ်လည် အစီရင်ခံစာများ တင်သွင်းကြရာ နင်

ချန်သည် အနောက်ဆောင်သို့ သိပ်မဝင်နိုင်တော့ပေ။

မယ်တော်ကြီး၏ ခြေထောက်ဒဏ်ရာမှာ အချိန်ကြာမြင့်စွာ ကုသပြီးနောက် သက်သာလာပြီဖြစ်၍ လမ်းလျှောက်နိုင်ပြီဖြစ်သည်။ သို့သော် ပထမမင်းသား သားတော်ကြီးမှာမူ ဖျားနာသွားပြန်သည်။

ထိုကလေးသည် လမစေ့ဘဲ မွေးဖွားထားသဖြင့် ခန္ဓာကိုယ် အလွန်အားနည်းသည်။ အခန်းထဲတွင် မီးသွေးမီးဖိုထွန်းထား၍ အသက်ရှူကျပ်မည်စိုးသဖြင့် နို့ထိန်းက ပြတင်းပေါက်ကို လက်ဖက်ရည်တစ်အိုးစာ ကြာမြင့်ချိန် (၁၅ မိနစ်ခန့်) ဖွင့်ထားလိုက်မိရာမှ အအေးမိသွားခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကလေးသည် တစ်နှစ်ပြည့်ပြီးဖြစ်၍ ဆေးတိုက်၍ရသည်။ သို့တိုင်အောင် ခြောက်ရက်၊ ခုနစ်ရက်ခန့် ခံစားလိုက်ရသည်။

ဝမ်သယ့်ဖေးသည် အဝတ်အစားပင်မလဲနိုင်ဘဲ ပြုစုခဲ့ရသဖြင့် လူတစ်ကိုယ်လုံး ပိန်ကျသွားသည်။

အပြင်တွင် အလုပ်များနေသဖြင့် နင်ချန် နေ့တိုင်း လာမကြည့်နိုင်သော်လည်း ယွမ်ကျိုကို တစ်နေ့သုံးကြိမ်လွှတ်၍ သတင်းမေးစေသည်။

လောလောဆယ် နန်းတော်ထဲတွင် ကလေးနည်းပါးသဖြင့် ကလေးတိုင်းသည် အဖိုးတန်ရတနာများ ဖြစ်ကြသည်။

သို့သော် မင်းသမီးနှစ်ပါးမှာမူ ကျန်းမာကြသည်။ သမီးတော်ကြီးမှာ လေးနှစ်ရှိပြီဖြစ်ပြီး လိမ္မာကာချစ်စရာကောင်းသည်။ ခြောက်လကျော်အရွယ် သမီးတော်ငယ်လေးသည်လည်း ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေးနှင့် ကျန်းမာသန်စွမ်းသည်။

သားတော်ကြီး နေကောင်းသွားသည်နှင့် မြို့တော်တွင် နှင်းကျလာလေသည်။

၁၁ လပိုင်း လလယ်သာ ရှိသေးသဖြင့် နှင်းကျစောသည်ဟု ဆိုရမည်။ ထိုနေ့တွင်ပင် ဖုန်းရှီးနန်းဆောင်မှ ယန်ချိုက်ရန် ဗိုက်နာလာသည်။

အချိန်ကိုက်ပင်။ နေ့လည်စာ စားပြီးနောက် နာကျင်လာခြင်းဖြစ်၍ ညဘက်ထက်စာရင် နေ့ဘက်က ပိုကောင်းသည်။ လူတိုင်း ဖုန်းရှီးနန်းဆောင်သို့ အလျင်အမြန် သွားရောက်ကြသည်။

နင်ချန် မလာနိုင်သဖြင့် ယွမ်ကျိုကိုသာ လွှတ်လိုက်သည်။ ကိုယ်ဝန်ဆောင်ထားသော ယိကျယ်ယွီနှင့် အပြင်ထွက်ခွင့်ပိတ်ပင်ခံထားရသော ဖန်းရှိုးယွမ်မှလွဲ၍ ကျန်လူများ ရောက်ရှိနေကြသည်။

ဤတစ်ကြိမ်တွင် လူတိုင်းသည် အချိန်ကြာမြင့်စွာ မမြင်တွေ့ရသော စွန်းရှိုးရုန်ကို တွေ့လိုက်ရသည်။ သူမသည် ရောဂါကြောင့် အရိုးတစ်ချောင်းလို ပိန်လှီနေသည်။

ကူးစက်ရောဂါကြောင့် ကျန်ရစ်ခဲ့သော အမာရွတ်များမှာ ပါးသွားပြီဖြစ်သော်လည်း နဖူး၊ ပါးနှင့် လည်ပင်းတို့တွင် အရာများ ကျန်နေဆဲပင်။ ဟောင်းနွမ်းနေသော အဝတ်အစားများနှင့် တွဲဖက်လိုက်သောအခါ သနားစရာကောင်းနေသည်။

သို့သော် သူမ၏မျက်လုံးများကမူ ယခင်ကထက် ပို၍စူးရှလာပြီး လောကကြီးကို မုန်းတီးနေသည့်ပုံစံကြောင့် မည်သူမျှ အနားမကပ်ချင်ကြပေ။

သူမ နေထိုင်မကောင်းဖြစ်နေသည်ကို မြင်သောအခါ မိဖုရားခေါင်ကြီးက ရောဂါပျောက်ကင်းမှ ပြန်လာရန်ပြောပြီး ပြန်လွှတ်လိုက်သည်။

စွန်းရှိုးရုန်သည် အစေခံကိုတွဲလျက် ခက်ခက်ခဲခဲလမ်းလျှောက်သွားသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ အဆစ်အမြစ်များ တကယ်မကောင်းတော့ကြောင်း သိသာသည်။

သို့သော် သူမကို မည်သူမျှ သနားခြင်းမရှိကြပေ။

ရှမိန်ရန်သည် သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုကွေးကာ ပြုံးလိုက်ရင်း လူအုပ်နှင့်အတူ ဖုန်းရှီးနန်းဆောင်သို့ ဝင်သွားလေသည်။

ယန်ချိုက်ရန်အတွက် ပထမဆုံးကိုယ်ဝန်ဖြစ်သော်လည်း သူမသည် ခန္ဓာကိုယ်ကို ကောင်းစွာ ဂရုစိုက်ခဲ့ပြီး ကလေးအနေအထားလည်း မှန်ကန်သဖြင့် မွေးဖွားရာတွင် အခက်အခဲ မရှိခဲ့ပေ။

နှစ်နာရီမပြည့်မီ ကျန်းမာသန်စွမ်းသော သားယောက်ျားလေးတစ်ဦးကို မွေးဖွားနိုင်ခဲ့သည်။ ဒါက နန်ချီ၏ ဒုတိယမင်းသားဖြစ်သည်။

သတင်းကို ကျိုချန်နန်းဆောင်သို့ ပို့လိုက်သောအခါ နင်ချန် ဝမ်းမြောက်သွားပြီး ယန်ဝမ်ရုန်ကို ဝမ်ရုန်ရာထူးသို့ တိုးမြှင့်ပေးလိုက်သည်။ သူမသည် ယခင်က လျိုလီနန်းဆောင်၏ အရှေ့ဘက်ဆောင်တွင် နေထိုင်ခဲ့သော်လည်း ယခုအခါ အဆင့် (၆) ဖြစ်သွားပြီဖြစ်၍ သီးသန့်အဆောင် နေထိုင်ခွင့်ရရှိကာ ကျင်းလန်အဆောင်ကို ချီးမြှင့်ခံရသည်။

ကျိုဖင်အဆင့်အောက် ကိုယ်လုပ်တော်များသည် ကိုယ့်ကလေးကို ကိုယ်တိုင် ပြုစုပျိုးထောင်ခွင့် မရှိပေ။ ထို့ကြောင့် ယန်ဝမ်ရုန်မွေးသော ဒုတိယမင်းသားကို အခြားသူတစ်ဦးထံ ပေးအပ်ရမည်မှာ သေချာသည်။

ယခင်ကဆိုလျှင် မိဖုရားခေါင်ကြီးက နည်းလမ်းရှာပြီး ယူသွားမည်မှာ သေချာသော်လည်း ယခုအခါ မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေပြီဖြစ်၍ အပြောင်းအလဲရှိနိုင်သည်။

နင်ချန်လည်း မည်သို့စီစဉ်ရမည်ကို မဆုံးဖြတ်ရသေးသဖြင့် ကလေးတစ်လပြည့်မှ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းလိုက်သည်။

မိဖုရားခေါင်ကြီးကလည်း ရာသီဥတုအေးသဖြင့် ကလေးကို ရွှေ့ပြောင်းရန် မသင့်တော်ကြောင်း၊ ယန်ဝမ်ရုန်ကို ဖုန်းရှီးနန်းဆောင်၌ပင် မီးနေသည်ဘဝ ကုန်ဆုံးစေမည်ဖြစ်ကြောင်း ပြောဆိုကာ သဘောထားကြီးဟန်ပြလိုက်သည်။

သူမကိုယ်တိုင် ထိုသို့ပြောလာသဖြင့် နင်ချန်လည်း သဘောတူလိုက်ပြီး ယာယီအားဖြင့် ထိုအတိုင်း စီစဉ်လိုက်သည်။

လူအများ ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ အပြင်တွင် နှင်းမှုန်များ ကျဆင်းနေဆဲဖြစ်ပြီး ကောင်းကင်မှာ အနည်းငယ်မှောင်မိုက်နေကာ လေတိုက်ခတ်မှုကြောင့် အေးစက်နေသည်။

ယန်ဝမ်ရုန် သားမွေးသည်ကို ဝမ်းသာသူ နည်းပါးလှသည်။ ထိုမိဖုရားများ ထွက်လာသောအခါ သူတို့၏ မျက်နှာထားများသည် ရာသီဥတုကဲ့သို့ပင် အုံ့မှိုင်းနေကြပြီး မကြာမီ ယာဉ်အသီးသီးစီးကာ ပြန်သွားကြလေသည်။

ကျင်းဖေးသည် လင်ရှိုးရုန်ကို ရှဲ့ဖန်နန်းဆောင်သို့ ဖိတ်ခေါ်လိုက်သည်။

ယဲ့ယွင်ကမူ ဝမ်ရှိုးယွမ်၏ ဖိတ်ကြားချက်အရ သူမ၏ နန်းဆောင်သို့ လိုက်သွားခဲ့ပြီး ကျိုးချိုက်ရန်လည်း အတူပါသွားသည်။

ယခုအခါ သူတို့သုံးဦး ပူးပေါင်းနေကြသည်ကို နန်းတွင်းတစ်ခုလုံး သိရှိထားကြသည်။

.....

ယီမေအဆောင်။

ထိုင်ပြီးသည်နှင့် သမီးတော်ငယ်လေးကို ပြုစုသော နို့ထိန်းက ကလေးကို ပွေ့ချီလာသည်။

ဝမ်ရှိုးယွမ်က ကြည့်ရှုစစ်ဆေးပြီး ကလေး၏ အစားအသောက်၊ နေထိုင်မှုများကို အသေးစိတ် မှာကြားကာ ပြန်လွှတ်လိုက်သည်။

"ရှင်တို့ကို ရယ်စရာဖြစ်စေမိပြီ။ ကျွန်မမှာ ဒီသမီးလေးတစ်ယောက်ပဲရှိတာ။ နန်းတွင်းထဲက ကလေးတွေက ပြုစုရခက်တယ်လေ။ ဒါကြောင့် ပိုပြီး ဂရုစိုက်ရတာပါ။"

ဝမ်ရှိုးယွမ်က ပြုံးလျက် ပြောသည်။

"မယ်မယ်က မိခင်မေတ္တာ အပြည့်ရှိတာပဲ။ ညီမလေးက ကိုယ်ဝန်မဆောင်ဖူးပေမယ့် ကလေးဆိုတာ မိခင်ရဲ့ အသည်းနှလုံးဆိုတာ သိပါတယ်။ မင်းသမီးလေးက ရွှေလိုအဖိုးတန်၊ ကျောက်စိမ်းလို မြင့်မြတ်တဲ့သူဆိုတော့ ပိုပြီး ဂရုစိုက်သင့်တာပေါ့။"

ယဲ့ယွင် လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး ပြုံးလျက် ပြန်ပြောသည်။

"မယ်မယ်လို့ မခေါ်ပါနဲ့၊ ကျွန်မတို့က ညီအစ်မတွေလိုပဲ ခေါ်ကြတာ ပိုအဆင်ပြေပါတယ်။"

ဝမ်ရှိုးယွမ်က လက်ကာပြလိုက်သည်။

"ကျွန်မ ဒီဘဝမှာ ကျိုဖင်အဆင့်ဝင်တာ ကံကောင်းခြင်းပါပဲ။ ရှိုးယွမ်ရာထူးက ကျွန်မအတွက် အမြင့်ဆုံးဖြစ်လောက်ပါပြီ။ မင်းသမီးလေးကိုတော့ ညီမလေးတို့က ကြည့်ရှုစောင့်ရှောက်ပေးကြပါဦး။"

ကျိုးချိုက်ရန်ကလည်း နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်သည်။

"ဒါကတော့ အစ်မတော်မင်အပေါ်မှာ မူတည်တာပေါ့။ ညီမလေးက အ၊ တဲ့သူဆိုတော့ အစ်မကြီးနှစ်ယောက်ရဲ့ အကာအကွယ်ကိုပဲ မျှော်လင့်ရမှာပါ။"

မည်သို့ပင်ဆိုစေ သူတို့နှစ်ဦး၏ဆိုလိုရင်းမှာ ရှင်းလင်းပါသည်။ ယဲ့ယွင်၏နောက်လိုက် လုပ်ကြမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ယဲ့ယွင် နားလည်သော်လည်း အပြန်အလှန် လေးစားမှုသဘောဖြင့် ယဉ်ကျေးစကား ပြန်ပြောလိုက်သည်။

"နန်းတော်ထဲမှာ ဘယ်လောက်ပဲ တော်တဲ့သူဖြစ်ဖြစ် အကူအညီ လိုအပ်တဲ့အချိန် ရှိတာပဲလေ။ ရှင်တို့ အပျင်းမကြီးကြနဲ့ဦး။"

"ဒါကတော့ သေချာတာပေါ့။"

ဝမ်ရှိုးယွမ် နှုတ်ခမ်းထောင့် ကွေးလိုက်ပြီး ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ပြောရရင် မိဖုရားခေါင်ကြီးမှာ အခု ကိုယ့်လူအစစ်က ကူညီမယ့်သူ ရှိသွားပြီပေါ့။"

မှန်ပါသည်။ ကိုယ့်ဝမ်းကွဲညီမအရင်းက ကျန်းမာသန်စွမ်းသော မင်းသားလေးကို မွေးဖွားပေးလိုက်ခြင်းသည် ကြီးမားသော အားသာချက်ဖြစ်သည်။

"မိဖုရားခေါင်ကြီးရဲ့ ဗိုက်ထဲမှာ တစ်ယောက်ရှိနေသေးတယ်လေ။ ယန်ဝမ်ရုန်ရဲ့ကလေးကို တန်ဖိုးထားပါ့မလားဆိုတာ မသေချာဘူး။"

ကျိုးချိုက်ရန် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ယဲ့ယွင် ခေါင်းယမ်းလိုက်သည်။

"မိဖုရားခေါင်ကြီးရဲ့ ကလေးက ယောကျ်ားလေးလား၊ မိန်းကလေးလား မသိသေးဘူး။ အန္တရာယ်ကင်းကင်း မွေးနိုင်ပါ့မလားဆိုတာလည်း မသေချာဘူး။ အခု လက်ရှိမင်းသားလေးကိုတော့ သေချာပေါက် လက်လွှတ်ခံမှာ မဟုတ်ဘူး။"

ဖမ်းဆုပ်ထားလိုက်ခြင်းက အာမခံချက်ရှိသည် မဟုတ်လား။

ဝမ်ရှိုးယွမ် သက်ပြင်းချလိုက်သည်။

"ယန်ဝမ်ရုန်နဲ့ ဒုတိယမင်းသား သနားစရာပါပဲ။ သားအမိနှစ်ယောက်လုံး ရှဲ့မိသားစုအတွက် အသုံးချခံရတာပဲ။"

ရှင်းနေပါသည်။ မိဖုရားခေါင်ကြီးက သမီးမွေးလျှင် ကိစ္စမရှိသော်လည်း သားမွေးလာလျှင် ကိုယ့်သားအရင်းကိုသာ ဦးစားပေးမည်ဖြစ်သည်။ ထိုအခါ ဒုတိယမင်းသားက ဘာဖြစ်သွားမလဲ။

ကလေးက ငယ်သေးလျှင် ထားပါတော့။ အချိန်အကြာကြီး ပြုစုပျိုးထောင်ပြီးမှ စွန့်ပစ်ခံလိုက်ရလျှင်... ကျွတ်... ကျွတ်။

"မိဖုရားခေါင်ကြီး ဘာဖြစ်ဖြစ် ကျွန်မတို့နဲ့ သိပ်မဆိုင်ပါဘူး။ ကျွန်မတို့က ဘေးကနေပဲ ကြည့်နေကြတာပေါ့။ နန်းတော်ထဲမှာ သူ့ကို မလိုလားတဲ့သူတွေ အများကြီးပဲ။ ကျွန်မတို့က ဝင်မပါဘဲ ပွဲထိုင်ကြည့်ရုံဆိုတော့ သက်တောင့်သက်သာ ရှိသားပဲ။"

ယဲ့ယွင်၏ မျက်လုံးထဲတွင် ဉာဏ်နီဉာဏ်နက်များ ဖြတ်ပြေးသွားပြီး နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ဝမ်ရှိုးယွမ်က ဒီနေ့ သူမကို ဖိတ်ခေါ်ခြင်းမှာ သူမ၏သဘောထားကို သိချင်၍ဖြစ်သည်။ သူမ ဝင်မပါကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားသည်။

ဟုတ်ပါသည်။ ပွဲထိုင်ကြည့်နေရုံဖြင့် လုံလောက်ပါသည်။ ရှုပ်ထွေးသော ကိစ္စတိုင်းတွင် ဝင်ပါနေစရာ မလိုပေ။

နန်းတော်ထဲတွင် မိဖုရားခေါင်ကြီး စိတ်ချမ်းသာမှာကို မလိုလားသူများစွာရှိသည်။ ကိုယ်တိုင် လက်ပေမခံဘဲ နေနိုင်သည်။

အမှန်တကယ်တွင် ဝမ်ရှီသည်လည်း စိတ်ပူနေခြင်းဖြစ်သည်။ ယဲ့ယွင်သည် ငယ်ရွယ်ပြီး မျက်နှာသာပေးခံရသူဖြစ်ကာ မိသားစုနောက်ခံလည်း ကောင်းမွန်သဖြင့် စိတ်ကြီးဝင်ပြီး မှားယွင်းသော အတွေးများ ဝင်လာမည်ကို စိုးရိမ်မိသည်။ သိလျှင် ဖျောင်းဖျပေးနိုင်ရန်ဖြစ်သည်။

ယခုအခါ သူမ စိုးရိမ်လွန်နေမှန်း သိလိုက်ရပြီး ယဲ့ယွင်ကို ပို၍ ယုံကြည်သွားသည်။

ကျိုးချိုက်ရန်မှာမူ အချိန်အတော်ကြာမှ သဘောပေါက်သွားသည်။

ကိုယ့်ကိုယ်ကိုယ် အရမ်းနုနယ်သေးကြောင်း ဝန်ခံလိုက်ရသည်။ အထက်က အစ်မနှစ်ယောက် စကားဝှက်ပြောနေသည်ကို သူ နားမလည်ခဲ့ပေ။ တခြားသူများနှင့်ဆက်ဆံလျှင် အဝါးခံရမည်မှာ သေချာသည်။

ထိုသို့ တွေးမိပြီး အရည်အချင်းရှိသော ပေါင်ကြီးကို ဖက်ထားရမည်ဟု ပို၍ စိတ်ပိုင်းဖြတ်လိုက်သည်။ ကိုယ်တိုင်အရည်အချင်းမရှိလျှင် အားကိုးရမည့်သူ ရှိဖို့ လိုသည်လေ။

နောက်ဆုံးတွင် ဝမ်ရှိုးယွမ်၏ ယီမေအဆောင်၌ ညစာစားပြီးမှ ပြန်ခဲ့ကြသည်။

....

ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ ဟွေယွဲ့က ကိစ္စတစ်ခုကို ပြောပြသည်။

၁၁ လပိုင်းကုန်လျှင် သားတော်ကြီး၏ တစ်နှစ်ပြည့်မွေးနေ့ပွဲ ရောက်ရှိလာတော့မည်။ တစ်လပြည့်ပွဲကို မကျင်းပခဲ့သဖြင့် တစ်နှစ်ပြည့်ပွဲကို မကျင်းပလျှင် မသင့်တော်ပေ။ သေချာပေါက် ပွဲကျင်းပပေးရမည်။

ထို့ကြောင့် မည်သည့်လက်ဆောင် ပေးရမည်ကို သေချာစဉ်းစားရန် လိုအပ်လာသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-154

အခန်း ၁၅၄ ။ စိတ်မကြည်လင်ခြင်း

အရင်ကဆိုလျှင် ယဲ့ယွင်သည် လက်ဆောင်ကောင်းကောင်း ပေးဖြစ်မည်မှာ သေချာသည်။

ယခုအခါ ဝမ်သယ့်ဖေးနှင့် ဆက်ဆံရေး ပျက်ပြားနေပြီဖြစ်၍ ငွေကုန်ခံစရာမလိုတော့ဟု ယူဆသည်။

ထို့ကြောင့် အမိန့်ပေးလိုက်သည်။

"စားစရာ၊ ဝတ်စရာတွေ မပေးနဲ့တော့။ သားတော်ကြီး အခုချက်ချင်း သုံးမရတဲ့အရာ၊ ဒါမှမဟုတ် တစ်သက်လုံး သုံးဖြစ်မှာမဟုတ်တဲ့အရာမျိုးကို ရွေးလိုက်။ အပြင်ပန်းကြည့်ရင်တော့ ကောင်းနေရမယ်။"

"ကျွန်တော်မျိုးမ သဘောပေါက်ပါပြီ။ လက်မကစားမိစေမယ့်အရာကို ရွေးလိုက်ပါ့မယ်။"

နန်ကျစ်က ဟီးခနဲ ရယ်လိုက်သည်။

"ကျယ်ယွီရဲ့ ဘဏ္ဍာတိုက်ထဲမှာ ဝမ်းကွဲသခင်လေး ပေးထားတဲ့ နွားသားရေလေးကို အကောင်းစားတစ်လက် ရှိပါတယ်။ လုံးဝ မသုံးရသေးပါဘူး။ ကြည့်ရတာလည်း လှတယ်၊ တန်ဖိုးလည်း ရှိတယ်။ အဓိပ္ပာယ်လည်း ကောင်းတယ်လေ။ ကျယ်ယွီ ဘယ်လိုသဘောရလဲ။"

လေးနှင့်မြားဆိုသည်မှာ ယောကျ်ားလေးများအတွက် လက်ဆောင်ကောင်းဖြစ်သည်။ ထို့ပြင် သားတော်ကြီးသည် ဆယ်နှစ်မပြည့်မချင်း သုံးနိုင်မည်မဟုတ်ပေ။ အလွန်သင့်တော်သည်။

ယခင်ဧကရာဇ်မင်းမြတ်သည် စစ်တိုက်ခြင်းကို နှစ်သက်သူဖြစ်ရာ နင်ချန် မင်းသားဘဝတုန်းက သိုင်းပညာထူးချွန်ခြင်းကို ဂုဏ်ယူခဲ့ကြသည်။

သို့သော် ယခင်ဧကရာဇ် နတ်ရွာစံပြီးနောက် စစ်မက်ကင်းစင်နေသဖြင့် စစ်ဗိုလ်ချုပ်များ၏ အခန်းကဏ္ဍ မှေးမှိန်သွားခဲ့ရသည်။

မည်သို့ပင်ဆိုစေ ယောကျ်ားကောင်းတစ်ယောက်သည် အနုပညာခြောက်ပါးကို တတ်မြောက်ရမည်ဖြစ်ရာ မြင်းစီးခြင်းနှင့် လေးပစ်ခြင်းကို မဖြစ်မနေ တတ်ရမည်။ ထို့ကြောင့် ဤလက်ဆောင်သည် ဘယ်တော့မှ မှားမည်မဟုတ်ပေ။

ထို့ကြောင့် ခေါင်းညိတ်ပြီး သဘောတူလိုက်လေသည်။

တစ်နေ့လုံး အလုပ်ရှုပ်ပြီးနောက် ယဲ့ယွင်သည် အိပ်ပျော်သွားလေသည်။

....

နောက်တစ်နေ့ နိုးလာသောအခါ အခန်းအပြင်ဘက်မှ အစေခံမလေးများ နှင်းကျနေသည့်အကြောင်း တီးတိုးပြောဆိုနေကြသံကို ကြားလိုက်ရသည်။

အတွင်းခန်းမှ အသံကြားသောအခါ ဟွေယွဲ့ ဝင်လာပြီး ပြုစုပေးလေသည်။

"အပြင်မှာ နှင်းတွေ အရမ်းကျနေလား။ သူတို့ ဆော့ကစားနေသံ ကြားနေရတယ်။ ဒီအခန်းထဲမှာတော့ မအေးပါဘူး။"

ယဲ့ယွင် ထလိုက်သည်။

အတွင်းခန်းထဲတွင် မီးသွေးမီးဖိုနှစ်လုံး ထားရှိပြီး အကောင်းစား ငွေမျှင်မီးသွေးများကို ထည့်သွင်းမီးရှို့ထားသည်။ တစ်တောင့်ဆိုလျှင် တစ်ညလုံး လောင်ကျွမ်းနိုင်ပြီး မီးခိုးမထွက်ဘဲ အလွန်နွေးထွေးသည်။

ဤကဲ့သို့ မျက်နှာသာပေးခံရမှုသည်ကျယ်ယွီရာထူးနှင့် မထိုက်တန်သော အရာဖြစ်သော်လည်း ယဲ့ယွင်က လက်ရှိတွင်ဧကရာဇ်၏မျက်လုံးထဲက ပုလဲရတနာလေးဖြစ်နေသည့်အတွက် အဖိုးတန်အရာများမပြတ်လတ်ပေ။ ထို့ပြင် သူမတွင် အပေါ်ဆုံးက ငွေဖြစ်ပေသည်။ ငွေရှိရင် ဘာမဆို ဝယ်လို့ရသည် ဟူသောစကားပုံကမှိန်းမှိန်မသွားခဲ့ပေ။ သို့သော် ရာထူးကန့်သတ်ချက်ကြောင့် အများကြီးတော့ မရနိုင်ပေ။

ဒုတိယတန်းစား ပိုးနီမီးသွေးကိုတော့ စိတ်ကြိုက်သုံးနိုင်သည်။ ဧည့်ခန်းတွင် ပိုးနီမီးသွေးကိုသုံးပြီး ညဘက်အိပ်မှ ငွေမျှင်မီးသွေးကို သုံးသည်။

"ကျယ်ယွီက အိပ်မောကျနေတာကိုး။ မနေ့ညက တစ်ညလုံး ကျနေတာ။ အခုတော့ နည်းသွားပြီ။ ဒါပေမယ့် မရပ်သေးဘူး။ နန်းတော်ရဲ့ အနီရောင်နံရံ၊ အဖြူရောင်အမိုးကြွပ်တွေနဲ့ နှင်းတွေက လှနေတာပဲ။ ခြံထဲက အနီရောင်ဇီးပန်းတွေလည်း ပွင့်နေပြီ။ အရမ်းလှတာပဲ။"

မျက်နှာသစ်ပြီးသောအခါ ဟွေယွဲ့သည် သူမကို အဝတ်အစား ထူထူများ တစ်ထပ်ပြီးတစ်ထပ် ဝတ်ပေးပြီး လည်စည်းပါ ပတ်ပေးရန် ပြင်လိုက်သည်။

ယဲ့ယွင် အမြန်တားလိုက်၏။

"ဒါတော့ မလိုတော့ပါဘူး။ အခန်းထဲမှာ နွေးနေတာပဲ။ အပြင်ထွက်မှ ပတ်တော့မယ်။"

ဝတ်ထားသော အဝတ်အစားများမှာ ဝါဂွမ်းသားများဖြစ်ပြီး အပေါ်မှထပ်ဝတ်ထားသော အပေါ်ထပ်အင်္ကျီလေးမှာလည်း မြေခွေးသားမွေးဖြင့် ပြုလုပ်ထားရာ အလွန်နွေးထွေးသည်။

ဟွေယွဲ့ ပြုံးလိုက်သည်။

"ကျယ်ယွီက အရင်တုန်းက အအေးကြောက်တတ်ဆုံးလေ။ မိန်းကလေးဆိုတာ နွေးနွေးထွေးထွေး နေရတယ်။ လည်စည်းမပတ်ရင်လည်း ဒီဖိနပ်တော့ စီးရမယ်။ သမင်သားရေနဲ့ လုပ်ထားတာ။ ရေလုံတယ်။ နှင်းထဲနင်းရင်လည်း အထဲကို ရေမဝင်ဘူး။"

"ဒါ မနှစ်က အစ်ကိုကြီး ပို့ပေးလိုက်တာ မဟုတ်လား။"

ယဲ့ယွင်သည် သေသပ်လှပပြီး ထူထဲသော ဖိနပ်ကို ကြည့်လိုက်သည်။

ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။

"အစ်ကိုကြီးလည်း မြို့တော်ကို ပြန်လာပြီး အစီရင်ခံစာတင်ရတော့မယ် ထင်တယ်။ ယင်းမိသားစုက သမီးနဲ့ စေ့စပ်လိုက်ပြီဆိုတော့ နင် ပစ္စည်းတချို့ ပြင်ဆင်ပြီး နန်းပြင်ကို ပို့လိုက်ပါ။ အမေ၊ အစ်ကိုကြီး၊ အဘိုးအဘွားအိမ်နဲ့ အဒေါ်တို့ဆီ ပို့ပေးလိုက်။ ပြီးတော့ ယင်းမိသားစုက သမီးအတွက် သီးသန့်လက်ဆောင်တစ်ခုလောက် ပြင်ဆင်ပေးလိုက်ပါ။ အစ်ကိုကြီး လင်ကျိုးပြန်ရင် ယူသွားလို့ရအောင်လို့လေ။"

ဟွေယွဲ့ ခေါင်းညိတ်လိုက်သည်။ သူမလည်း ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။

နှစ်စဉ် နန်းပြင်သို့ ပစ္စည်းများ ပို့ပေးလေ့ရှိသည်။

ယဲ့မိသားစုနှင့် ချူမိသားစုတို့သည် ချမ်းသာကြသော်လည်း နန်းတွင်းသုံးပစ္စည်းများနှင့် ပြင်ပပစ္စည်းများမှာ မတူညီကြပေ။ နန်းတွင်းသုံးပစ္စည်းများကသာ ဂုဏ်အရှိန်အဝါကို ပြသနိုင်သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း အရှင်မင်းကြီးက သူမ၏သခင်မကို ပစ္စည်းများစွာ ပေးသနားခဲ့ရာ အခန်းတစ်ဝက်ကျော် ပြည့်နေပြီဖြစ်သည်။ ဒီအတိုင်းဆက်သွားရင် ထားစရာနေရာရှိတော့မည် မဟုတ်ပေ။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ယဲ့ယွင်သည် နောက်တစ်ဆင့်ထပ်တက်ပါက ကျိုဖင်အဆင့်ဝင်သွားမည်ဖြစ်ရာ သီးသန့်အဆောင်တစ်ခုလုံးကို ပိုင်ဆိုင်ခွင့် ရရှိတော့မည်။ ထိုအခါ နေရာလွတ်များစွာ ရှိလာပေလိမ့်မည်။

ယခုအခါ ယွီရှို့အဆောင်ရှိ အစေခံအားလုံးသည် ယဲ့ယွင်အပေါ် ယုံကြည်မှုအပြည့်ရှိကြသည်။ သူမ ပို၍ မြင့်မားသောနေရာသို့ရောက်ရှိမည်ဟု ယုံကြည်ထားကြသည်။

ဒါက ယဲ့ယွင်က သူတို့ကို ပေးထားသော ယုံကြည်မှုပင်။

.....

နံနက်စာစားချိန်တွင် ပိုင်ရှု ဝင်ရောက်လာပြီး လက်ထဲတွင် သေတ္တာတစ်လုံး ကိုင်ထားသည်။

"ကျယ်ယွီ၊ ဒါ ကျိုချန်နန်းဆောင်က လာပို့တာပါ။"

"ဘာများလဲ၊ ဖွင့်ကြည့်လိုက်။"

ယဲ့ယွင် တစ်ချက်ကြည့်လိုက်သည်။

ပိုင်ရှု သော့ဖွင့်လိုက်ပြီး သေတ္တာကို ဖွင့်ပြလိုက်ရာ အတွင်း၌ ရွှေသားဖြင့်ပြုလုပ်ထားသော ရွှေတုံးလေးများ ပြည့်နေသည်။ လက်ရာသေသပ်ပြီး လက်မအရွယ်အစားခန့် ရှိသည်။

သေချာရေတွက်ကြည့်ရာ အပေါ်အောက် နှစ်တန်းစီ စုစုပေါင်း အခု ၅၀ ရှိသည်။ တစ်ခုလျှင် တစ်လျန် (၁၀ ကျပ်သားခန့်) ရှိသည်။

"ကြည့်ရတာ မဆိုးပါဘူး။"

ယဲ့ယွင် စိတ်ဝင်စားသွားပြီး တူကိုချကာ ရွှေတုံးလေးကို ယူ၍ ကစားနေသည်။

နှစ်သစ်ကူးရင် ဆုချဖို့အတွက် သင့်တော်သားပဲဟု တွေးလိုက်မိသည်။

ချက်ချင်းပင် လက်ကာပြလိုက်၏။

"နန်ကျစ်... ငွေစတစ်ရာယူပြီး နန်းတွင်းရေးရာဌာနကို သွားပို့လိုက်။ ဒီပုံစံအတိုင်း အကုန်လုပ်ခိုင်းလိုက်။ နှစ်သစ်ကူးကျရင် ဆုချဖို့ သုံးမယ်။"

ဤကဲ့သို့သော အလုပ်မျိုးကို နန်းတွင်းရေးရာဌာနက နှစ်သက်သည်။ အမြတ်အများကြီး ထွက်တယ်လေ။

ဤရွှေတုံးများကို သူမတစ်ယောက်တည်း ရရှိခြင်းမဟုတ်ဘဲ နန်းတွင်းတစ်ခုလုံး ရရှိကြသည်။

မိဖုရားခေါင်ကြီးက ခြောက်သေတ္တာ၊ ရှူးဖေးနှင့် ဝမ်သယ့်ဖေးက လေးသေတ္တာစီ၊ ကျင်းဖေးက သုံးသေတ္တာ၊ အခြား ကျိုဖင်အဆင့်ရှိသူများက နှစ်သေတ္တာစီ၊ ယဲ့ယွင်၊ ယိကျယ်ယွီ၊ ချန်မိန်ရန်၊ ရှမိန်ရန်နှင့် ယန်ဝမ်ရုန်တို့က တစ်သေတ္တာစီ ရရှိကြသည်။

ကျန်သူများ မရရှိကြပေ။

ရှင်းနေပါသည်။ ရရှိသူများမှာ ရာထူးကြီးသူများ၊ မျက်နှာသာပေးခံရသူများ၊ မိသားစုတောင့်တင်းသူများ သို့မဟုတ် ကလေးမွေးဖူးသူများသာ ဖြစ်သည်။

ငွေပေးလိုက်ခြင်းမှာ အစေခံများကို ဆုချရာတွင်အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဤရွှေတုံးများသည် ယဲ့ယွင်ကဲ့သို့ ငွေမရှားသူအတွက် ဘာမှမဟုတ်သော်လည်း အခြားသူများအတွက် အလွန်အသုံးဝင်သည်။

ဥပမာအားဖြင့် ရောဂါသည်းနေသော စွန်းရှိုးရုန်သည် ဆေးကုသရန်အတွက် ဤငွေကို သုံးနိုင်သည်။ အစေခံဘဝမှ တက်လာသော ရှမိန်ရန်သည်လည်း ငွေကြေးအထောက်အပံ့မရှိသဖြင့် ဤရွှေတုံးများသည် သူမ၏အခက်အခဲကို ဖြေရှင်းပေးနိုင်သည်။

မရရှိသူများမှာမူ ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။

ယဲ့ယွင်သည် ကျိုးချိုက်ရန်အတွက် ငွေစ ၅၀ ကို ပို့ပေးလိုက်သည်။ ဒါက ဂရုစိုက်ကြောင်း ပြသခြင်းပင်။

....

အခြားတစ်ဖက်တွင်မူ ဖေးဟုန်ဆောင်၌ နေထိုင်သော စုမိန်ရန်သည် အခက်အခဲနှင့် ရင်ဆိုင်နေရပြန်သည်။

ယောင်ရှိုးယွမ် အပြင်ထွက်ခွင့် ပိတ်ပင်ခံထားရသဖြင့် သူမကို မထောက်ပံ့နိုင်တော့ပေ။ သူမကလည်း မျက်နှာသာပေးမခံရသဖြင့် နှင်းကျနေသည့်အချိန်တွင် ပိုးနီမီးသွေးကိုပင် မသုံးနိုင်ဘဲ အရည်အသွေးညံ့သော မီးသွေးကိုသာ သုံးနေရသည်။

မီးရှို့လိုက်လျှင် မီးခိုးများထွက်ပြီး မွန်းကြပ်လွန်းသဖြင့် မြက်ခင်းပြင်မှရောက်လာသော ဤမင်းသမီးလေးမှာ လုံးဝ သည်းမခံနိုင်တော့ဘဲ မီးမရှို့တော့ဘဲ အဝတ်အစားများသာ ထပ်ဝတ်ထားလိုက်ရသည်။

စူးဒီယာသည် ယခုအခါ အမှန်တကယ် နောင်တရနေပြီး လောဘစိတ်ဝင်မိခဲ့သည်ကို နောင်တရနေသလို ယောင်ရှန်းကိုလည်း မုန်းတီးနေမိသည်။

အကယ်၍ ယောင်ရှန်းသာ အကြံမပေးခဲ့လျှင် သူမသည် မြက်ခင်းပြင်ပေါ်တွင် လွတ်လပ်စွာ နေထိုင်နေရဦးမည် ဖြစ်သည်။ ခမည်းတော်နှင့် မယ်တော်တို့၏ အကာအကွယ်အောက်တွင် မြက်ခင်းပြင်မှ ယောက်ျားကောင်းတစ်ဦးနှင့် လက်ထပ်လိုက်လျှင် ပိုမကောင်းပေဘူးလား။

သို့သော် ယခုအခါ နန်းတွင်းသို့ ရောက်နေပြီဖြစ်၍ ပြန်လှည့်၍မရတော့ပေ။

အငွေ့မထွက်တော့သော လက်ဖက်ရည်ခွက်ကို စိုက်ကြည့်ရင်း စူးဒီယာ၏မျက်ဝန်းများ အေးစက်သွားသည်။

သို့သော် သူမကဲ့သို့ မျက်နှာသာပေးမခံရသော ကိုယ်လုပ်တော်တစ်ဦးကို မည်သူမျှ ဂရုစိုက်နေမည် မဟုတ်ပေ။

......

ထိုအချိန်တွင် နန်းတော်ထဲ၌ စိတ်ဝင်စားစရာ ကိစ္စတစ်ခုဖြစ်ပွားခဲ့သည်။

မယ်တော်ကြီးသည် ဧကရာဇ်မင်းမြတ်ကို ညစာစားရန် ချီနင်နန်းဆောင်သို့ ဖိတ်ခေါ်ခဲ့ပြီး ချန်မိသားစုမှ ဒုတိယသမီး ချန်စုကျစ်ကို အဖော်ပြုစေခဲ့သည်။

သို့သော် နင်ချန်သည် ချန်မိန်ရန်ကိုပါ ခေါ်လိုက်သဖြင့် သုံးယောက်သား ညစာစားပွဲမှာ အရသာမရှိ ဖြစ်သွားရသည်။

နောက်ဆုံးတွင် နင်ချန်သည် မယ်တော်ကြီး၏ သွယ်ဝိုက်သောစကားများကို လျစ်လျူရှုကာ ဖုန်းရှီးနန်းဆောင်သို့ သွားရောက်အနားယူလိုက်လေသည်။

ဒါက မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။ မင်းတို့ ချန်မိသားစုက သမီးနှစ်ယောက်လုံး ငါ့မျက်လုံးထဲ မဝင်ဘူး၊ မိဖုရားခေါင်ကြီးရဲ့နေရာကို ဘယ်သူမှ ယှဉ်လို့မရဘူးဟု ပြသလိုက်ခြင်းဖြစ်သည်။

နောက်တစ်နေ့တွင် ချန်မိန်ရန်သည် နေမကောင်းဟု အကြောင်းပြကာ အပြင်မထွက်တော့ပေ။

ဤအမျိုးသမီးသည် ဦးနှောက်ရှိပြီး အရှက်အကြောက် ရှိသူဖြစ်သည်။ သူမသည် မယ်တော်ကြီး၏ ထောင်ချောက်ထဲသို့ မတော်တဆ ရောက်သွားပြီး နင်ချန်၏ ပါးရိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

သို့သော် ဦးနှောက်မရှိသူများလည်း ရှိသေးသည်။ ဥပမာအားဖြင့် မယ်တော်ကြီး။

ဒီကိစ္စပြီးရင် ချန်ဒုတိယသမီးကို ပြန်ပို့လိုက်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ရက်အနည်းငယ်အကြာ သားတော်ကြီး၏ တစ်နှစ်ပြည့်မွေးနေ့ပွဲတွင် မယ်တော်ကြီးက ချန်ဒုတိယသမီးကို သူမကိုယ်စား ဝမ်သယ့်ဖေး၏နန်းဆောင်သို့ လွှတ်လိုက်ပြန်သည်။

All Chapters