← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 22 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 22 Ch. 345-346

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-345

အခန်း ၃၄၅ ။ အကျဉ်းချခြင်း

ဝူထုံနန်းဆောင်။

ချူးယွမ်သည် ယွမ်ကျိုက လူများကိုခေါ်ကာ အစေခံများကို လာရောက်ဖမ်းဆီးစစ်ဆေးသည်ကို မြင်လိုက်ရချိန်တွင် ကိစ္စများ ပေါ်ပေါက်သွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူမသည် ထွက်ပြေးရန်ပင် စိတ်မကူးခဲ့ပေ။ ထွက်ပြေးဖို့ထက် မိဖုရားခေါင်ကြီးရှဲ့၏ ပြစ်မှုအားလုံးကို သူမကိုယ်တိုင် ဖွင့်ချဖော်ထုတ်ရတော့မည်ဖြစ်၍ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။

အခြားတစ်ဖက်တွင်လည်း ကျောက်ထန်ဆောင်သို့ ဟွိုက်အန်း ရောက်ရှိလာခဲ့သည်။ ယနေ့တွင် နန်ကျစ်က ယဲ့ယွင်နှင့်အတူ ပွဲတက်သွားသဖြင့် အဆောင်တွင် ဟွေယွဲ့သာ ကျန်ရစ်ခဲ့၏။ ယဲ့ယွင်၏ ကျေးဇူးများကို အမြဲခံစားဖူးသလို ကိစ္စ၏နောက်ကွယ်ကိုလည်း ရိပ်မိထားသဖြင့် ဟွိုက်အန်းသည် လာရောက်ဖမ်းဆီးရာတွင် အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သည်။ အနည်းဆုံးတော့ ဟွေယွဲ့တို့အပေါ်တွင် လေးစားမှု ရှိခဲ့သည်။

ခုန်းချင်းမှာ ငယ်သေးသဖြင့် ဤကဲ့သို့သော အမှုကြီးနှင့် မကြုံဖူးရာ မျက်နှာမှာ ကြောက်လန့်တကြား ဖြူလျော်နေတော့သည်။ ဟွေယွဲ့သည်လည်း စိတ်ထဲတွင် ကြောက်နေမိသော်လည်း၊ ယခင်က မိမိသခင် အစွပ်စွဲခံရစဉ်ကပင် ဤကဲ့သို့ ရှင့်ရှင်းစီ(ပြစ်ဒဏ်စီရင်ရေးဌာန) သို့ အစစ်ခံရန် ဖမ်းဆီးခြင်းမျိုး မရှိခဲ့ဖူးပေ။ သို့သော် သူမသည် အဆင့်မြင့်နန်းတွင်းသူပီပီ စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

"အားလုံး နားထောင်ကြစမ်း... ငါ အသက်နဲ့ရင်းပြီး ကျိန်ရဲတယ်၊ ငါတို့ရဲ့ ရွှင်ရီသခင်မက တော်ဝင်ရင်သွေးကို လုပ်ကြံတဲ့ ဒီလို ယုတ်မာတဲ့ကိစ္စမျိုးကို လုံးဝ လုပ်မှာမဟုတ်ဘူး။ နန်းတော်ကနေ ပါလာတဲ့သူဖြစ်ဖြစ်၊ ဒီဥယျာဉ်မှာမှ လာအလုပ်လုပ်တဲ့သူဖြစ်ဖြစ် သခင်မက ငါတို့အပေါ်မှာ ဘယ်တုန်းကမှ မရက်စက်ခဲ့ဘူး။ ဒီနေ့ ဆောင်းဦးလယ်ပွဲတော်အတွက် ပေးတဲ့ ဆုငွေတွေတောင် လက်ထဲမှာ နွေးနေတုန်းပဲရှိသေးတယ်။ အမှန်အတိုင်း ပြောတဲ့သူကိုတော့ ထားပါတော့၊ တကယ်လို့ ရွှင်ရီကို မဟုတ်မမှန် စွပ်စွဲဝံ့တဲ့သူရှိရင်တော့ ငါ သေသွားရင်တောင် သရဲဘဝနဲ့ မင်းတို့ကို လိုက်နှောင့်ယှက်မယ်!"

ဟွေယွဲ့၏ စကားကြောင့် အားလုံးမှာ ယဲ့ယွင်အပေါ် ယုံကြည်မှု ပိုရှိလာကြပြီး စိတ်အနည်းငယ် အေးသွားကြသည်။

နှစ်ဖက်စလုံးမှ လူများကို ရှင့်ရှင်းစီသို့ ခေါ်ဆောင်သွားကာ အန်ကော (လျှို့ဝှက်စုံစမ်းရေးအဖွဲ့) မှ လူများက စစ်ဆေးကြတော့သည်။ သို့သော် လူတိုင်း မမျှော်လင့်ထားသည့်အရာမှာ ချူးယွမ်သည် နှိပ်စက်ခြင်းပင် မခံရသေးဘဲ အရာအားလုံးကို အကုန်အစင် ဝန်ခံထွက်ဆိုလိုက်ခြင်းပင် ဖြစ်သည်။

မင်းသားကြီးအား ဆေးခတ်ကာ ပြုစုပိုင်ခွင့် လုယူခဲ့ပုံမှစ၍ ဝမ်မိန်ရန်အား ဆေးခတ်ကာ တော်ဝင်ရင်သွေးကို လုပ်ကြံခဲ့ပုံအထိ အချက်အလက်များကို ရှင်းရှင်းလင်းလင်း ပြောပြလေသည်။ အကယ်၍ မိဖုရားခေါင်ကြီး၏ အစီအစဉ်အောင်မြင်ခဲ့လျှင် မင်ရွှင်ရီကို အရင်ရှင်းပြီးမှ မိမိကိုယ်ကိုပါ သေကြောင်းကြံရန် ဖြစ်သော်လည်း၊ ယခုမူ မိဖုရားခေါင်ကြီး တစ်ဦးတည်းသာ အမှိုက်ပုံးထဲ ရောက်ရတော့မည် ဖြစ်သည်။

ချူးယွမ်၏ ရင်ထဲတွင် အလွန်ပင် ကျေနပ်အားရနေမိသည်။ မိဖုရားခေါင်ကြီးမှာ ဤမျှအထိ မိုက်မဲနေသဖြင့် သေရင်တောင် အဖော်တစ်ယောက်မှ ဆွဲမခေါ်နိုင်ခဲ့ပေ။ ရှင့်ရှင်းစီတွင် စုချင်နှင့် စုအယ်တို့မှာ နှိပ်စက်ခြင်း မခံရသော်လည်း ချူးယွမ်၏ ဖွင့်ချချက်များကြောင့် မျက်နှာများမှာ သွေးမရှိတော့သလို ဖြူလျော်ကုန်ကြသည်။

အမှုမှာ အလွန်ပင် ချောမွေ့စွာ တိုးတက်လာခဲ့ပြီး အန်ကောမှ လူများက စစ်ဆေးချက် ရလဒ်ကို အမြန်ပင် တင်ပြလိုက်ကြသည်။ ယခုအခါ ညနက်နေပြီ ဖြစ်သော်လည်း ပွဲကျင်းပရာ ခန်းမဆောင်တွင် မယ်တော်ကြီးမှလွဲ၍ ကျန်သူအားလုံးကို ပြန်ခွင့်မပေးဘဲ ထိန်းသိမ်းထားသည်။

နင်ချန်သည် အန်ကောမှ တင်ပြလာသော ပြစ်မှုစာရင်းကို ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး ရေခဲတွင်းထဲ ကျသွားသကဲ့သို့ အေးစိမ့်သွားကာ၊ ရင်ထဲတွင်မူ ဒေါသတကြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။ မိဖုရားခေါင်ကြီးသည် ဇနီးကောင်းတစ်ယောက် မဟုတ်မှန်း သူသိသော်လည်း ဤကဲ့သို့သော ကိစ္စများအထိ လုပ်ရဲလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သူ့ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ဒေါသကြောင့် ဖိအားများ ပြင်းထန်လာတော့သည်။

"မိဖုရားခေါင်ကြီး... ကိုယ့်ဘာကိုယ် ကြည့်လိုက်စမ်း!"

စာရွက်တစ်ရွက်သည် ကြမ်းပြင်ပေါ်သို့ အားမနာတမ်း ပစ်ချခြင်း ခံလိုက်ရသည်။ မိဖုရားခေါင်ကြီး၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားကာ၊ စာရွက်ကို ကောက်ယူရန် ပြင်သော်လည်း ခြေထောက်များမှာ အားမရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ ဒူးထောက် လဲကျသွားတော့သည်။ ဤအချိန်တွင် သိက္ခာကို မငဲ့နိုင်တော့ဘဲ တုန်ယင်နေသော လက်များဖြင့် စာရွက်ကို ကောက်ယူကြည့်လိုက်သည်။

သူမ၏ မျက်လုံးထဲတွင် အထင်အရှား မြင်လိုက်ရသည်မှာ ချူးယွမ်၏ ဝန်ခံချက်ပင် ဖြစ်၏။ ရန်မားမားကို မည်သို့ စည်းရုံးကာ မင်းသားကြီးအား ဆေးခတ်ခဲ့သည် ဆိုသောအချက်။ ခဏချင်းမှာပင် သူမသည် ကမ္ဘာကြီး တစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရကာ မျက်စိများ မှောင်ကျသွားတော့သည်။

သူမသည် နင်ချန်၏ နဂါးပုံစံ ဖိနပ်ကို မြင်လိုက်ရသောအခါ အပြေးအလွှား တွားသွားကာ သူ၏ ခြေထောက်ကို ဖက်လိုက်သည်။

"အရှင်မင်းကြီး... ချန်းချဲ့ ဒါတွေကို မလုပ်ခဲ့ပါဘူး။ ဒါတွေက မဟုတ်မမှန် စွပ်စွဲတာပါ၊ စွပ်စွဲတာပါ!"

ထို့နောက် သူမသည် ဒေါသတကြီးဖြင့် ယဲ့ယွင်ကို လက်ညှိုးထိုးကာ - "မင်ရွှင်ရီ... မင်း မင်းသားမွေးထားပြီး မျက်နှာသာ အပေးခံရတာ မလုံလောက်သေးဘူးလား။ အခု နန်းတွင်းသူတွေနဲ့ ပေါင်းပြီး ဝမ်မိန်ရန်ကို လုပ်ကြံတယ်၊ ပြီးတော့ ငါ့အပေါ်မှာ အပြစ်ပုံချတယ်ပေါ့။ မင်းရဲ့ နှလုံးသားက တကယ်ကို ရက်စက်လွန်းတယ်!"

"ချန်းချဲ့က ရက်စက်တယ် ဟုတ်လား?"

ယဲ့ယွင်က သူမကို အေးစက်စွာ စိုက်ကြည့်လျက် တစ်လှမ်းချင်း ရှေ့သို့ တိုးလာသည်။

"အစကတည်းက မိဖုရားခေါင်ကြီးက နေမကောင်းဘူးဆိုပြီး ဆောင်းဦးလယ်ပွဲတော် စီစဉ်တဲ့အလုပ်ကို ချန်းချဲ့ဆီ လွှဲကတည်းက ဒါတွေကို အကွက်ချထားပြီးသား မဟုတ်လား။ ပြစ်မှု သက်သေတွေက ဒီမှာ အထင်အရှား ရှိနေတာပဲ။ မိဖုရားခေါင်ကြီးဘေးက နန်းတွင်းသူကတောင် အစအဆုံး အကုန်ပြောပြနေတာကို၊ ချန်းချဲ့အပေါ် အပြစ်ပုံချချင်နေတာကတော့ တကယ့်ကို အဓိပ္ပာယ် မရှိလွန်းရာ ကျပါတယ်!"

မိဖုရားခေါင်ကြီး၏ မျက်နှာမှာ ဖြူလျော်ရာမှ ပြာနှမ်းလာတော့သည်။ သူမသည် သိသိသာသာပင် အမှားလုပ်ထားသူပီပီ ဟန်မဆောင်နိုင်တော့ပေ။ နှုတ်ခမ်းများမှာ သွေးမရှိသလို ဖြူလျော့နေကာ အကြည့်များမှာလည်း ယိမ်းယိုင်နေတော့သည်။

ယဲ့ယွင်သည် ရပ်တန့်မသွားဘဲ နင်ချန်၏ ရှေ့သို့ သွားကာ ခေါင်းမော့လိုက်သည်။

"အရှင်မင်းကြီး... အကယ်၍ မိဖုရားခေါင်ကြီးက ဒီနန်းတွင်းသူရဲ့ စွပ်စွဲချက်ကို မယုံဘူးဆိုရင်၊ ဒီအစေခံတွေကို ထပ်ပြီး စစ်ဆေးဖို့ ကျွန်တော်မျိုးမ သဘောတူပါတယ်။ နှိပ်စက်ပြီးမှ ထွက်လာတဲ့ စကားတွေက မိဖုရားခေါင်ကြီးအတွက် ပိုပြီး ယုံကြည်စရာ ကောင်းမှာပေါ့"

သူမ ခနမျှ ရပ်လိုက်ပြီး မိဖုရားခေါင်ကြီးကို တစ်ချက်ကြည့်ကာ - "ဒါထက် ပိုပြီးတော့တောင် သိလာရဦးမှာ။”

မိဖုရားခေါင်ကြီးသည် နှစ်ပေါင်းများစွာအတွင်း ဤပြစ်မှု တစ်ခုတည်းကိုသာ လုပ်ခဲ့သည်ဟု ယဲ့ယွင် လုံးဝ မယုံကြည်ပေ။ ထိုစဉ်က လင်းရှီ အသက်စွန့်ကာ မိဖုရားခေါင်ကြီးကို လုပ်ကြံရန် ကြိုးစားခဲ့ခြင်းမှာလည်း သူမ၏ ဗိုက်ထဲမှ ကလေးကို မိဖုရားခေါင်ကြီးက လုပ်ကြံခဲ့သောကြောင့်ပင်။ ထို့နောက် ဟွေ့ကျောင်းရုန်ထံမှ ကြားသိရသည်မှာ ကျင်းသယ့်ဖေး၏ကိုယ်ဝန် ပျက်ကျခဲ့ခြင်းမှာလည်း မိဖုရားခေါင်ကြီးနှင့် ပတ်သက်နေသည်။

အခြားအရာများကို ထားလိုက်ပါတော့။ တော်ဝင်ရင်သွေး သုံးပါးကို လုပ်ကြံခဲ့သည်ဟူသော အချက်တစ်ခုတည်းနှင့်ပင် မိဖုရားခေါင်ကြီးသည် နောက်တစ်ကြိမ် ပြန်ထူနိုင်တော့မည် မဟုတ်ပေ။ ရှဲ့မိသားစုတစ်ခုလုံးလည်း ပတ်သက်ရပေလိမ့်မည်။

ဤအချိန်တွင် မိဖုရားခေါင်ကြီး၏ စိတ်ဓာတ်မှာ လုံးဝပြိုလဲသွားပြီ ဖြစ်သည်။ သို့သော် သူမ သိသည်မှာ အရှင်မင်းကြီးက ထပ်မံ စုံစမ်းစစ်ဆေးခြင်းကို မပြုလုပ်နိုင်

ရန် တားဆီးရမည် ဖြစ်၏။ သူမသည် နင်

ချန်၏ ဒူးကို ဖက်လိုက်ကာ တောင်းဆိုတော့သည်။

"အရှင်မင်းကြီး... ချန်းချဲ့ တစ်ခဏ မှားသွားတာပါ။ တစ်ခဏပဲ မှားသွားတာပါ။ ချန်းချဲ့တို့ နှစ်ပေါင်းများစွာ ပေါင်းသင်းလာတဲ့ သံယောဇဉ်ကို ငဲ့ပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ... အရှင်—"

"ယုတ်မာတဲ့ မိန်းမ!"

နင်ချန်၏ နဖူးမှ အကြောများမှာ ဒေါသကြောင့် ထောင်ထလာသည်။ မိဖုရားခေါင်ကြီး ဝန်ခံလိုက်သည့် အခိုက်အတန့်တွင် သူသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ခြေထောက်ဖြင့် ကန်ထုတ်ပစ်လိုက်တော့သည်။

သူ့ကန်ချက်မှာ မိဖုရားခေါင်ကြီး၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားကာ၊ သူမသည် အရှိန်ဖြင့် နောက်သို့ လန်ကျသွားတော့သည်။ မူလကပင် ဖြူလျော်နေသော မျက်နှာမှာ နာကျင်မှုကြောင့် ပိုဆိုးသွားတော့သာ်။

"ကျန်းက မင်းနဲ့ ငယ်ငယ်ကတည်းက လက်ထပ်လာခဲ့တာ။ ကျန်း မင်းကို အချစ်ဆုံး မဟုတ်ရင်တောင် မင်းရဲ့ သိက္ခာကို အမြဲ ထိန်းပေးခဲ့တယ်။ မင်းကို လေးလေးစားစား ဆက်ဆံခဲ့သလို၊ တစ်နေ့ကျရင် တရားဝင်သား ရလာမှာပါလို့ အမြဲ

ဖျောင်းဖျခဲ့တယ်။ ဒါပေမဲ့ မင်းက ကျန်းကို ဘယ်လို ပြန်ဆက်ဆံခဲ့လဲ။ ကျန်းရဲ့ သွေးသားတွေကို လုပ်ကြံတဲ့ နေရာမှာ မင်းက နည်းနည်းလေးတောင် လက်မနှေးခဲ့ဘူး။ ပြီးတော့ တခြားသူအပေါ် အပြစ်ပုံချဖို့တောင် ကြံစည်ခဲ့သေးတယ်ပေါ့။ ရှဲ့ရှီ...ကျန်းတကယ့်ကို မင်းကို အထင်သေးခဲ့မိတာပဲ!"

နှစ်ပေါင်းများစွာအတွင်း မိမိ၏ တရားဝင်ဇနီးအပေါ် ထားရှိခဲ့သော လေးစားမှုနှင့် မိဖုရားခေါင်ကြီး၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့မှုများကို ပြန်လည် စဉ်းစားမိသောအခါ နင်ချန်သည် အလွန်ပင် စိတ်ပျက်အားငယ်သွားရသည်။

ထိုအချိန်တွင် မိဖုရားခေါင်ကြီးမှာ မျက်ရည်များ၊ နှာရည်များဖြင့် ဖရိုဖရဲ ဖြစ်နေကာ၊ ဆံထိုးများလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေတော့သည်။ ရင်ဘတ်မှ နာကျင်မှုကြောင့် သူမသည် စကားပင် မပြောနိုင်တော့ပေ။ ရှေ့မှ အမျိုးသား၏ ပုံရိပ်မှာ ဝေဝါးလာကာ၊ နားထဲတွင်လည်း တဝီဝီ မြည်လာပြီးနောက်၊ သူမသည် ထိတ်လန့်မှုနှင့် ဝမ်းနည်းမှုတို့ ပေါင်းဆုံကာ မေ့လဲသွားတော့သည်။

လဲကျနေသော မိဖုရားခေါင်ကြီးကို ကြည့်ကာ နင်ချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး၊ မျက်စိမှိတ်လျက် သက်ပြင်း ရှည်ကြီးတစ်ချက် ချလိုက်သည်။

ခဏအကြာတွင် သူသည် မျက်လုံးဖွင့်လိုက်ကာ အေးစက် လေးနက်သော လေသံဖြင့် အမိန့်တော် ထုတ်ပြန်လိုက်တော့သည်

"မိဖုရားခေါင်ကြီး ရှဲ့ရှီဟာ တော်ဝင်

ရင်သွေးများကို လုပ်ကြံတဲ့အပြင် နန်းတွင်း ကိုယ်လုပ်တော်များကို နှိပ်စက်ခြင်းတို့ကြောင့် မိဖုရားခေါင်ကြီး ရာထူးကနေ ဒီနေ့ကစပြီးရပ်နားဖို့အမိန့်ချတယ်။ နဂါးတံဆိပ်နှင့် ဘွဲ့ထူးများကို ပြန်လည် သိမ်းဆည်းပြီး ဝူထုံနန်းဆောင်တွင် အကျဉ်းချထားစေ။ ရှဲ့ရှီးရဲ့အနီးကပ် အစေခံ အားလုံးကိုလည်း ထောင်သွင်း အကျဉ်းချကာ စစ်ဆေးစေ!"

ခန်းမဆောင်အတွင်းရှိ ကိုယ်လုပ်တော် အားလုံးမှာ ယဲ့ယွင်မှလွဲ၍ ကျန်သူများမှာ ခေါင်းငုံ့ထားကြသည်။ မိဖုရားခေါင်ကြီး၏ ပြိုလဲမှုမှာ အလွန်ပင် မြန်ဆန်လွန်းလှသည်။ ယနေ့ ဧကရာဇ်က ရာထူးမှ ထုတ်ပယ်သည်ဟု တိုက်ရိုက် မပြောခဲ့သော်လည်း၊ အကျဉ်းချခြင်းမှာ အအေးနန်းဆောင်သို့ ပို့လိုက်ခြင်းနှင့် မည်သို့မျှ မခြားတော့ပေ။

မိဖုရားခေါင်ကြီးအား ရာထူးမှ ဖယ်ရှားခြင်းမှာ နိုင်ငံတော်၏ အရေးကြီးကိစ္စ ဖြစ်သဖြင့် အလွယ်တကူ အမိန့်မထုတ်နိုင်သော်လည်း၊ သူမဘေးမှ အစေခံများကို ဆက်လက် စစ်ဆေးခိုင်းခြင်းမှာ နင်ချန်၏ စိတ်ထဲတွင် သူမအား ဖယ်ရှားရန် ဆုံးဖြတ်ပြီးသား ဖြစ်ကြောင်း သိသာလှပေသည်။ မည်သည့်အချိန်တွင် ရာထူးမှ တရားဝင် ဖယ်ရှားမည်နည်း ဆိုသည်မှာ အချိန်စောင့်ရန်သာ လိုတော့သည်။

ကိစ္စများ ပြီးဆုံးသွားသောအခါ နင်ချန်သည် မိဖုရားခေါင်ကြီးအား ခေါ်ဆောင်သွားရန် ခိုင်းလိုက်ပြီး၊ ကျန်သော ကိုယ်လုပ်တော် အားလုံးကိုလည်း ပြန်ခိုင်းလိုက်ကာ ယဲ့ယွင် တစ်ဦးတည်းကိုသာ ချန်ထားခဲ့သည်။

ထိုအချိန်မှာပင် အန်ကောမှ စစ်ဆေးရေး အရာရှိ တစ်ဦးသည် ထပ်မံ သတင်းပို့ရန် ရောက်ရှိလာခဲ့သည်။

ခုနက စစ်ဆေးရာတွင် အလျင်စလို ဖြစ်ခဲ့သဖြင့် အသေးစိတ်ကို မစစ်ဆေးနိုင်ခဲ့ဘဲ၊ ယခု အချက်အလက်များကို ပြန်လည် တိုက်ဆိုင်ကြည့်သောအခါ ချူးယွမ် ပြောဆိုခဲ့သော ဝမ်မိန်ရန်အား ခတ်ခဲ့သည့် ဆေးမှာ 'ဆူးပန်းမှုန့်' သာ ဖြစ်ပြီး၊ အမှန်တကယ် တွေ့ရှိရသည်မှာ 'အရိုးပျော်ဆေးမှုန့်' ဖြစ်နေခြင်းပင်။

ဆိုလိုသည်မှာ ဤကိစ္စ၏ နောက်ကွယ်တွင် ဖော်ထုတ်ခြင်း မခံရသေးသော အခြား တစ်စုံတစ်ယောက် ကျန်ရှိနေသေးခြင်းပင် ဖြစ်လေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-346

အခန်း ၃၄၆ ။ အကုန်လုံး ပြီးဆုံးသွားပြီ

"ကျန်းက အနောက်ဆောင်ထဲက လူတွေကို တကယ် အထင်သေးခဲ့မိတာပဲ။ တစ်

ကွက်ပြီးတစ်ကွက်အချင်းချင်းချောက်ချပြီး ဓားငှါးလူသတ်ကြတာပေါ့လေ"

နင်ချန်၏ မျက်ဝန်းများမှာ မှောင်မှိုင်နေတော့သည်။

ယဲ့ယွင်လည်းမျက်မှောင်ကြုတ်ကာ ခန့်မှန်းမိသလောက်ပြောပြလိုက်သည်။

“ချန်းချဲ့ ခန့်မှန်းရရင်တော့၊ တစ်ယောက်ယောက်က သေချာပေါက်မိဖုရားခေါင်ကြီးရဲ့ အစီအစဉ်ကို သတိထားမိသွားပုံရတယ်။ ဒါပေမဲ့သူကသိသွားတာကို တိုင်တောရမယ့်အစား အဲ့ဒါကို အခွင့်ကောင်းယူပြီး ပိုရက်စက်တဲ့ နည်းလမ်းနဲ့ လက်ပါလိုက်တာပဲ။ သူရဲ့ အစီအစဉ်အတိုင်းဆိုရင် မိဖုရားခေါင်ကြီးက ချန်းချဲ့ကို အရင်ရှင်းမယ်၊ ဝမ်မိန်ရန်ကိုလည်း အသုံးမကျအောင် လုပ်မယ်။ အဲဒီနောက်မှ သူက ထွက်လာပြီး မိဖုရားခေါင်ကြီးရဲ့ အပြစ်တွေကို ဖော်ထုတ်မယ်လို့ ကြံစည်ခဲ့တာ ဖြစ်မှာ။”

'တစ်ချက်ခုတ် သုံးချက်ပြတ်' ဆိုသည့်အတိုင်း အမှောင်ထဲတွင် ပုန်းနေသော ထိုလူမှာ အမှန်တကယ်ပင် ယုတ်မာရက်စက်လှပေသည်။ သို့သော် ယဲ့ယွင်သည် ပထမအချက်ကိုသာ သိလိုက်ရပြီး ဒုတိယအချက်ကိုတော့ မသိခဲ့ပေ။

အကြောင်းကတော့ ဤကဲ့သို့ 'တစ်ချက်ခုတ် သုံးချက်ပြတ်' ရန် ကြံစည်နေသူမှာ တစ်ဦးတည်း မဟုတ်ဘဲ နှစ်ဦး ရှိနေခြင်းကြောင့် ဖြစ်သည်။ ယောင်ရှန်းနှင့် ကျင်းသယ့်ဖေး နှစ်ဦးစလုံးမှာ တူညီသော အကြံအစည် ရှိနေကြခြင်း ဖြစ်သည်။

"ဒီတစ်ခေါက်လည်း မင်းကို မတရား စွပ်စွဲခံရတော့မလို့ ဖြစ်သွားပြန်ပြီ"

နင်ချန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ မျက်လွှာချလိုက်ပြီး သူ၏ မျက်ဝန်းထဲမှ ရက်စက်သော အကြည့်များကို ဖုံးကွယ်လိုက်သည်။

"ယွမ်ကျို ... ဆက်ပြီး စုံစမ်းစမ်း။ အဲ့တတိယမြောက် လူကို မရရအောင် ရှာဖော်ထုတ်ရမယ်"

"အရှင်မင်းကြီး... ချန်းချဲ့ တောင်းဆိုစရာတစ်ခု ရှိပါတယ်" ယဲ့ယွင်က ရုတ်တရက် ဆိုလိုက်သည်။

နင်ချန်က သူမကို မော့ကြည့်ကာ - "ဘာကိစ္စလဲ"

ယဲ့ယွင်က အသာအယာ ဂါရဝပြုကာ ပြတ်သားသော ပြတ်သားသောလေသံဖြင့် ဆိုသည်။

“ဒီကိစ္စမှာ ဝမ်မိန်ရန်က နစ်နာသူ ဖြစ်ပေမဲ့၊ တကယ်တမ်း သူတ်ို့ရဲ့အဓိကရည်ရွယ်ချက်ကချန်းချဲ့ ဖြစ်နေတာ သိသာပါတယ်။ ဒါကြောင့် ဒီကိစ္စကို ချန်းချဲ့ကို လျှို့ဝှက်စုံစမ်းခွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ နောက်တစ်ခုက 'ဆူးပန်းမှုန့်' နဲ့ 'အရိုးပျော်ဆေးမှုန့်' အကြောင်းကို အပြင်ကို သတင်းမပေါက်ကြားပါစေဖို့သတိထားရပါမယ်၊ မဟုတ်ရင် ချန်းချဲ့တို့ထောင်ချောက်ဆင်ပြီးမြွေဖမ်းနိုင်မှာမဟုတ်ပါဘူး။”

"ဒါပေမဲ့ အခုလိုညစ်ပတ်စက်ဆုပ်စရာ ကိစ္စတွေက မင်းရဲ့ လက်ကို ညစ်ပတ်သွားမှာ ကျန်း စိုးရိမ်တယ်။ အန်ကော (လျှို့ဝှက်စုံစမ်းရေးအဖွဲ့) ကိုပဲ လွှဲပေးလိုက်ပါလား။ ကျန်းကို ယုံပါ၊ မင်းအတွက်တရားမျှတအောင်အဆုံးအထိ ကျန်းစုံစမ်းဖော်ထုတ်ပေးပါ့မယ်"

နင်ချန်က မျက်မှောင်ကြုတ်ကာ သူမ၏ လက်ကို လှမ်းဆွဲလိုက်သည်။

ယနေ့သာ ထိုနံ့သာရည် (ပုလင်း) တွင် အားနည်းချက် မရှိခဲ့လျှင် သူမ၏ အပြစ်ကင်းစင်မှုကို ဆေးကြောရန် အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။ အကယ်၍ မိဖုရားခေါင်ကြီး၏ လုပ်ကြံမှုမှန်း မဖော်ထုတ်နိုင်ခဲ့လျှင် ဝမ်မိန်ရန် နိုးလာသောအခါ အငြိုးတေးထားမည်ဖြစ်သလို၊ ဝမ်မိသားစုကလည်း ရုံးတော်ကို ဖိအားပေးလာပေလိမ့်မည်။ ထိုအချိန်သူသည် ယဲ့ယွင်၏အသက်ကို အတင်းအကျပ် ကာကွယ်ပေးလျှင်ပင် ပြစ်ဒဏ်မှ လွတ်မြောက်ရန်မဖြစ်နိုင်တော့ပေ။ ၎င်းမှာ သူ လုံးဝ မတွေ့ချင်သော အခြေအနေ ဖြစ်သည်။

"အရှင်မင်းကြီးရဲ့ စေတနာကို ချန်းချဲ့ နားလည်ပါတယ်။ ဒါပေမဲ့ အနက်ရှိုင်းဆုံးမှာ ပုန်းနေတဲ့ လူသတ်သမားကို ချန်းချဲ့ကိုယ်တိုင် လက်နဲ့ ဖော်ထုတ်ချင်လို့ပါ"

ယဲ့ယွင်က နင်ချန်၏လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံကြသောအခါ ယဲ့ယွင်၏ မျက်ဝန်းထဲမှ ပြတ်သားမှုနှင့် စူးရှမှုကို နင်ချန် မြင်လိုက်ရသည်။ ထိုကဲ့သို့သော သူမကို သူ ဆက်ပြီး မတားမြစ်နိုင်တော့ပေ။

"ဒါဆိုလည်း... မင်းကိုယ်မင်း အန္တရာယ် မဖြစ်အောင် သတိထားပါ။ ဖြေရှင်းလို့ မရတဲ့ ကိစ္စရှိရင် ကျန်းကို ချက်ချင်း လာပြော။အန်ကောက လူတွေလည်း ဒီကိစ္စနဲ့ ပတ်သက်ရင် မင်ရွှင်ရီရဲ့ အမိန့်ကို နာခံဖို့ ကျန်းအမိန့်ကိုထုတ်ပြန်စေ။”

အနီးရှိ အစေခံများကိုလည်းမှာကြားလိုက်သည်။

အမိန့်များ ပေးပြီးနောက် ရှင့်ရှင်းစီ (ပြစ်ဒဏ်စီရင်ရေးဌာန) တွင် မိဖုရားခေါင်ကြီး၏ အစေခံများကို တစ်ညလုံး ဆက်လက် စစ်ဆေးမေးမြန်းရန် အစေခံများ အပြေးအလွှား သွားကြတော့သည်။ နင်ချန်သည် ကျိုချန်နန်းဆောင်သို့ ပြန်အိပ်မည်ဟု ယဲ့ယွင် ထင်ထားသော်လည်း၊ သူက သူမနှင့်အတူ ကျောက်ထန်ဆောင်သို့ လိုက်လာခဲ့သည်။

၎င်းမှာ နန်းတွင်းတစ်ခုလုံးအား 'ဧကရာဇ်သည် မင်ရွှင်ရီအပေါ် အရင်အတိုင်း မျက်နှာသာ ပေးနေဆဲ ဖြစ်ပြီး၊ မင်ရွှင်ရီမှာ အပြစ်ကင်းစင်သူ ဖြစ်သည်' ဟု ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

ထိုသို့သော အပြုအမူကြောင့် ယဲ့ယွင်၏ရင်ထဲတွင် အနည်းငယ်လှုပ်ခတ်သွားသည်မှာ အမှန်ပင်။ နှစ်ပေါင်းများစွာ အတူနေထိုင်ကာ သားသမီးပင် ရရှိထားသည့်အပြင်၊ ရုပ်ရည်ချောမောကာ မိမိအပေါ် ကောင်းမွန်သော အမျိုးသားတစ်ဦးကိုပုထုစဉ်လူသားတစ်ဦးအနေဖြင့် သံယောဇဉ် မရှိဘဲ နေနိုင်ပါ့မလဲ။ သို့သော်လည်း သံယောဇဉ် ရှိလျှင်ပင် မိမိ၏ မူလစိတ်ထားကို ထိန်းသိမ်းရမည်ဖြစ်ပြီး၊ အချစ်တွင် မျက်စိမကွယ်စေရန် သတိပြုရမည် ဖြစ်သည်။

ယဲ့ယွင်သည် မျက်လွှာချကာ စိတ်ကို ထိန်းချုပ်လိုက်ရင်း သက်ပြင်းတစ်ချက်သာ ချနိုင်တော့သည်။ ကံမကောင်းသည်မှာ ဤဘဝတွင် တော်ဝင်မိသားစုထဲ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်ရာ၊ သူမတို့၏အချစ်ရေးမှာ အစအဆုံး စိတ်နှစ်၍ ချစ်ရန် မဖြစ်နိုင်သည်မှာ သေချာလှပေသည်။

…..

တင်းလန်ဆောင်။

ယောင်ရှန်း ပြန်ရောက်လာသည်မှာ ကြာပြီ ဖြစ်သော်လည်း၊ သူမသည် ငြိမ်သက်စွာ ထိုင်ရင်း နောက်ကွယ်မှ မည်သူက ပါဝင်ပတ်သက်နေသလဲဟု အစဉ်တစိုက် စဉ်းစားနေမိသည်။

ယခင်ဘဝကို ပြန်လည် စဉ်းစားကြည့်လျှင် ရှူးဖေးမှာ ဉာဏ်နည်းပြီး ပါးစပ်သရမ်းရုံသာ တတ်သဖြင့် သူမ မဟုတ်နိုင်ပေ။ ကျင်းသယ့်ဖေး စုန့်ရှီမှာမူ ယခင်ဘဝတွင် သားသမီး မရှိခဲ့ဘဲ၊ လူကောင်းတစ်ယောက်အဖြစ် တစ်ဘဝလုံး ဖြတ်သန်းခဲ့ကာ သေဆုံးပြီးမှသာ သယ့်ဖေးဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယခင်က သူမသည် ဒုတိယအဆင့် ကျင်းဖေး သာ ဖြစ်ခဲ့ပြီး ကြည့်ရသည်မှာလည်း ထိုကဲ့သို့ လုပ်မည့်ပုံ မရှိပေ။

မယ်တော်ကြီးမှာလည်း မိုက်မဲသော်လည်း ဧကရာဇ်၏ သွေးသားကိုတော့ လက်ပါလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ ဒါဆိုရင်... ယိရွှင်ယွမ်လား။

အောက်ခြေမှ ရာထူးနိမ့်သူများမှာမူ ဤကဲ့သို့သော အဆက်အသွယ်နှင့် နည်းလမ်းများ ရှိနိုင်မည် မဟုတ်ပေ။ ယိရွှင်ယွမ်နှင့် ယဲ့ရှီတို့မှာ နှစ်ပေါင်းများစွာ တန်းတူ ဖြစ်ခဲ့သော်လည်း၊ ယဲ့ရှီက စတုတ္ထမင်းသားကို မွေးဖွားပြီးနောက်တွင် သူမမှာ အပြတ်အသတ် ဖိနှိပ်ခံလိုက်ရသည်။ ယဲ့ရှီကို မုန်းတီးနေမည်မှာ အမှန်ပင် ဖြစ်သည်။

ထို့အပြင် ယိရွှင်ယွမ်တွင် သားရှိသည်။ တတိယမင်းသားမှာ ထက်မြက်ကျန်းမာသလို၊ ဝူမိသားစု၏ အင်အားမှာလည်း မသေးလှပေ။ သားဖြစ်သူအတွက် ထီးနန်းဆက်ခံရေးကို ကြံစည်ချင်စိတ် ရှိနေမည်မှာ အံ့သြစရာ မဟုတ်ပေ။

မိဖုရားခေါင်ကြီး သေဆုံးသွားလျှင် ရှူးဖေး၏ စရိုက်နှင့် မိဖုရားခေါင်ကြီး မဖြစ်နိုင်ပေ။ ကျင်းသယ့်ဖေး၏ မိသားစုဂုဏ်နှင့် သားသမီး အခြေအနေမှာလည်း မလုံလောက်ပေ။ ဟွေ့ကျောင်းရုန်မှာလည်း မိသားစုဂုဏ်နှင့် မျက်နှာသာပေးခံရမှု မရှိပေ။ ယဲ့ရှီသာ သေဆုံးသွားခဲ့လျှင် တတိယမင်းသား၏ မိခင်ဖြစ်ပြီး မိသားစုဂုဏ် မြင့်မားသော ယိရွှင်ယွမ်မှာ မိဖုရားခေါင်ကြီး နေရာအတွက် ပြိုင်ဆိုင်ရန် အရည်အချင်းရော၊ အခွင့်အရေးပါ အရှိဆုံး ဖြစ်ပေလိမ့်မည်။

သေချာ စဉ်းစားပြီးနောက် ယောင်ရှန်းသည် ထိုလမ်းကြောင်းအတိုင်း စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် လက်ရှိတွင် သူမ၌ စိုးရိမ်မှု တစ်ခု ရှိနေသည်မှာ ချူးယွမ်သည် နှိပ်စက်မှုကို မခံနိုင်ဘဲ သူမကို ဖော်ထုတ်သွားမလား ဆိုသည်ပင်။ သူမ၏ မူလအစီအစဉ်မှာ ယဲ့ယွင်ကို အရင်ဖယ်ရှားပြီးမှ မိဖုရားခေါင်ကြီးကို ဖယ်ရှားရန် ဖြစ်ပြီး၊ ချူးယွမ်မှာ မိဖုရားခေါင်ကြီးကို ဖော်ထုတ်မည့် သက်သေအဖြစ်သာ အသုံးချရန် ဖြစ်သည်။

သို့သော် ယခု အခြေအနေမှာ မိဖုရားခေါင်ကြီးက ဝမ်မိန်ရန်ကို လုပ်ကြံကာ မင်ရွှင်ရီအပေါ် အပြစ်ပုံချရန် ကြိုးစားမှုကြောင့် အရှင်မင်းကြီးက အပြင်းအထန် စုံစမ်းခိုင်းနေပြီ ဖြစ်သည်။ မိဖုရားခေါင်ကြီး ယခင်က ဘာတွေ လုပ်ခဲ့သလဲ ဆိုသည်ကိုပါ ဖော်ထုတ်တော့မည်မှာအသေအချာဖြစ်သည်။

ရှင့်ရှင်းစီ၏ နည်းလမ်းများမှာ အလွန်ပင် ရက်စက်လှသဖြင့်၊ သေမသွားလျှင် စကားမှန်သမျှ အကုန်ထွက်အောင် လုပ်နိုင်စွမ်း ရှိသည်။ သူမ အနေဖြင့် ချူးယွမ် နောက်ထပ် စကားများ မပြောနိုင်မီမှာပင် အစဖျောက်ပစ်ရန် နည်းလမ်း ရှာရပေလိမ့်မည်။ ကံကောင်းသည်မှာ အစေခံများကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို သူမ သိရှိနေခြင်းပင်။

ယောင်ရှန်းမှာ တစ်ညလုံး အိပ်မပျော်ဘဲ ဖြစ်နေချိန်တွင်၊ ကျင်းသယ့်ဖေးကမူ အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။ သူမသည် လုံးဝ မစိုးရိမ်ပေ။ အကြောင်းကတော့ သူမအတွက် အလုပ်လုပ်ပေးခဲ့သော ထိုလူမှာ ထိုညမှာပင် အသတ်ခံရကာ အလောင်းတောင်ကုန်းသို့ အပစ်ခံလိုက်ရပြီ ဖြစ်သောကြောင့် ဖြစ်သည်။ နွေရာသီ၏ ခြောက်သွေ့သော ရာသီဥတုကြောင့် အလောင်းကုန်းမှ မြက်ခြောက်များ မီးလောင်ရာတွင် အထောက်အထားမှန်သမျှ ပြာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ရှင့်ရှင်းစီတွင်မူ နှိပ်စက်ကိရိယာများမှာ ရေလို လားလိုပင်။ စုအယ် နှင့် စုချင်တို့မှာ အနီးကပ် နန်းတွင်းသူများဖြစ်သဖြင့် အစစ်ခံရဆုံးသူများ ဖြစ်ကြသည်။ အစပိုင်းတွင် သူတို့ တောင့်ခံနိုင်သော်လည်း၊ ခြေသည်းများကို ဆွဲထုတ်ခြင်း ခံရသောအခါ စုအယ်မှာ နာကျင်လွန်း၍ မေ့လဲသွားခဲ့ပြီး၊ စုချင်မှာမူ မခံနိုင်တော့ဘဲ အရာအားလုံးကို ဝန်ခံလိုက်တော့သည်။

မိဖုရားခေါင်ကြီးသည် ယခင်က နန်းတော်ဝင်ခါစတွင် ကျင်းသယ့်ဖေး၏ ကိုယ်ဝန်ကို မည်သို့ ဖျက်ချခဲ့သည်၊ လင်းရှီ၏ ကိုယ်ဝန်ကိုလည်း ထိုနည်းတူ မည်သို့ လုပ်ကြံခဲ့သည် ဆိုသည်များကို တစ်ခုချင်း ဝန်ခံလိုက်တော့သည်။ ပို၍ အံ့သြစရာကောင်းသည်မှာ ယဲ့ယွင်၏ လမစေ့ဘဲ မွေးဖွားခဲ့ခြင်းမှာလည်း မိဖုရားခေါင်ကြီး၏လက်ချက် ဖြစ်နေခြင်းပင်။

မိဖုရားခေါင်ကြီးသည် အထက်အောက် လူများကို စည်းရုံးကာ၊ မြွေလွှတ်သည့် မိန်းမစိုးအား အကျဉ်းကျနေသော အန်းရှီ နှင့် စကားပြောခိုင်းခဲ့သည်။ ထို့နောက် ကျောက်ချွန်းဆောင် ပတ်ဝန်းကျင်ရှိ ကင်းလှည့်အဖွဲ့များကို အဝေးသို့ ရွှေ့ခိုင်းကာ မြွေလွှတ်ရန် အခွင့်အရေး ဖန်တီးပေးခဲ့သည်။

ထိုစဉ်က ယဲ့ယွင် အံ့သြခဲ့ရသော 'မြွေသည် အိပ်ဆောင်ထဲသို့ ဘာကြောင့် တန်းတန်းမတ်မတ် ဝင်လာသလဲ' ဆိုသည့် အချက်မှာ - စုချင်သည် မိဖုရားခေါင်ကြီး၏ အမိန့်အရ ယဲ့ယွင်ကို သွားကြည့်စဉ်က သူမ၏ ဖိနပ်အောက်တွင် မြွေများကို ဆွဲဆောင်နိုင်သော အရောင်မရှိ၊ အနံ့မရှိသည့် ဆေးရည်များကို ထူထပ်စွာ သုတ်လိမ်းသွားခဲ့ခြင်း ဖြစ်သည်။ သူမ အခန်းထဲတွင် ခနရပ်နေစဉ် ထိုရနံ့မှာ ကျန်ရစ်ခဲ့သဖြင့် မြွေမှာ အနံ့ခံကာ ရောက်လာခြင်း ဖြစ်၏။ နောက်ပိုင်းတွင် မြွေအသတ်ခံရသောအခါ နေရာကို ဆေးကြောသန့်စင်လိုက်သဖြင့် ဘာသက်သေမှ မကျန်တော့ခြင်းပင်။

ထို့အပြင် မိဖုရားခေါင်ကြီးသည် အအေးနန်းဆောင်မှ ကျောက်ရှီကို သတ်ဖြတ်ခဲ့သည့် ကိစ္စများကိုလည်း အကုန် ဝန်ခံလိုက်တော့သည်။ သို့သော် ထိုအမှုမှာ အရှေ့က အမှုများလောက် မပြင်းထန်ပေ။

ချူးယွမ်သည် ယောင်ရှန်းကို ဖော်ထုတ်ခြင်း မရှိသော်လည်း၊ ရှဲ့မိသားစုက သူမ၏ ဖခင်ကို သတ်ဖြတ်ကာ သူမ၏ မိသားစု တစ်စုလုံးကို ပျက်စီးအောင် လုပ်ခဲ့သည့် ကိစ္စများကိုတော့ အကုန် ပြောပြခဲ့သည်။

တော်ဝင်ရင်သွေးများကို လုပ်ကြံခြင်း၊ အစိုးရအရာရှိများကို လုပ်ကြံခြင်း - ဤအမှုများမှာ သေဒဏ်ထိုက်သော အမှုကြီးများပင် ဖြစ်သည်။ စာမျက်နှာ လေးမျက်နှာ ပြည့်နှက်နေသော ပြစ်မှုစာရင်းများကို နင်ချန်ထံ တင်ပြလိုက်ချိန်တွင်၊ ၎င်းမှာ မိဖုရားခေါင်ကြီးရှဲ့ရော၊ ရှဲ့မိသားစု တစ်ခုလုံးပါ အကုန်လုံး ပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရပေတော့သည်။

***

All Chapters