အခန်း (၁၃၇-၁၃၈)
Vol. 9 Ch. 137-138
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -137
အခန်း ၁၃၇ ။ အားကိုးရာရှိခြင်း
နန်းတော်အပြင်ဘက်တွင် ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့သည် ကိုယ်လုပ်တော်များ၊ အမတ်များနှင့်အတူ ပွဲတော်ကျင်းပနေကြသော်လည်း ယဲ့ယွင်၏အဆောင်တွင်မူ အေးစက်တိတ်ဆိတ်နေသည်။
ဤအချိန်၌ပင် ယဲ့ယွင် ပထမဆုံးအကြိမ် ညစာနောက်ကျခြင်းကို ကြုံတွေ့လိုက်ရသည်။
ပုံမှန်အချိန်ထက် နှစ်နာရီခန့် နောက်ကျနေသော်လည်း မရောက်လာသေးပေ။
ယဲ့ယွင် ဒေါသထွက်ပြီး ရယ်မောလိုက်သည်။ "ငါ အချုပ်ကျနေလို့ အချစ်မခံရတော့ဘူး၊ ပြန်မထလာနိုင်တော့ဘူးလို့ ထင်နေကြတာလား။ ဆယ်ရက်တောင် မပြည့်သေးဘူး၊ ဒီလို လုပ်ရဲကြတယ်"
"ဒီ အောက်တန်းစားတွေက လူပါးဝနေကြပြီ၊ ဒီလောက် လျစ်လျူရှုရဲကြတယ်၊ ကျွန်မ သွားပြောလိုက်မယ်"
နန်ကျစ်က ဒေါသထွက်လွန်းသဖြင့် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
"မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါလည်း စားချင်စိတ် သိပ်မရှိဘူး။ ရေချိုးဖို့ပဲ ပြင်လိုက်ပါ။ ဘယ်အချိန် လာပို့မလဲ ငါ ကြည့်ရသေးတာပေါ့" ယဲ့ယွင်က အေးစက်စွာ ပြောလိုက်သည်။
သူမ၏မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင်များပါဝင်နေသဖြင့် ဒေါသထွက်နေကြောင်း သိသာလှသည်။
ဟွေယွဲ့က နန်ကျစ်ကို ဖျောင်းဖျလိုက်ပြီး လုဟယ်ကို မီးဖိုဆောင်ငယ်တွင် မုန့်နွေးခိုင်းကာ ကိုယ်တိုင် ယဲ့ယွင် မျက်နှာသစ်ရန် ပြင်ဆင်ပေးလိုက်သည်။
နောက်ထပ် နှစ်နာရီခန့်ကြာပြီးနောက် ယဲ့ယွင် ရေချိုးပြီး ခဏထိုင်နေချိန်တွင် အပြင်မှ အသံကြားလိုက်ရသည်။
စိမ်းနေသော မိန်းမစိုးလေး တစ်ယောက်က ထမင်းဘူးကိုဆွဲလျက် အလောတကြီး မဟုတ်ဘဲ ဝင်လာသည်။
"ကျယ်ယွီ ခွင့်လွှတ်တော်မူပါ။ ဒီနေ့ ရှေ့ပိုင်းမှာ စားပွဲတော် ကျင်းပနေလို့ စားဖိုမှူးတွေ အလုပ်ရှုပ်နေကြတာနဲ့ နည်းနည်းနောက်ကျသွားပါတယ်"
"နင်က အောက်တန်းစားပဲ၊ ငါတို့ ကျယ်ယွီကို တမင်လျစ်လျူရှုတာ သက်သက်ပဲ" နန်ကျစ် မနေနိုင်ဘဲ ဆဲဆိုလိုက်သည်။
ဟွေယွဲ့က သူမကို တားလိုက်သော်လည်း သူမကိုယ်တိုင်လည်း စိတ်မကြည်ပေ။
"အခုမှ လာပြီး ဟန်ရေးပြနေတယ်၊ ငါတို့ကျယ်ယွီက ရှေ့ဆက် အနာဂတ်မရှိတော့ဘူးလို့ ထင်နေတာလား။ နင်တို့ အုပ်ချုပ်ရေးမှူးကို သွားပြန်ပြောလိုက်။ ဒီနေ့ကိစ္စကို သေချာ မှတ်ထားကြ။ နောက်တစ်ချိန် ငိုစရာမရှိစေနဲ့လို့"
မိန်းမစိုးလေး မျက်နှာပျက်သွားသော်လည်း ဆက်လက်ပြီး မောက်မာစွာ ပြောလိုက်သည်။ "အမယ်လေး... အစ်မတို့ရယ်၊ အရှင်မင်းကြီး စားပွဲတော် ကျင်းပနေတာဆိုတော့ စားဖိုဆောင်က ရှေ့ပိုင်းကို ဦးစားပေးရမှာပေါ့။ အဓိကနဲ့ သာမညကို ပြောင်းပြန် လုပ်လို့မှ မရတာ။ ဟင်းပွဲလည်း ရောက်နေပြီဆိုတော့ ကျယ်ယွီ သုံးဆောင်ပါဦး၊ ကျွန်တော်မျိုး ပြန်ပါရစေ"
ပြောပြီးသည်နှင့် ထမင်းဘူးချကာ ထွက်သွားလေသည်။
နန်ကျစ်က ဒေါသထွက်ပြီး နောက်မှလိုက်ကာ တံတွေးထွေးလိုက်သည်။
ပြန်လာသောအခါ မျက်လုံးများ နီရဲနေသည်။ "ကျယ်ယွီ... သူတို့ တကယ်ပဲ ရဲတင်းလွန်းနေပြီ"
ယဲ့ယွင် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးမှိတ်ကာ ခဏကြာမှ ပြန်ဖွင့်လိုက်သည်။
"ကဲ... ဘာတွေ ပို့လာလဲ ကြည့်ကြရအောင်"
ဟွေယွဲ့ ခေါင်းညိတ်ပြီး ထမင်းဘူးကို ဖွင့်လိုက်ရာ အထဲတွင် ဟင်းလေးပွဲနှင့် ဟင်းရည်တစ်ခွက် ပါရှိသည်။
ကြက်ဟင်းခါးသီး ကြော်တစ်ပွဲ၊ သခွားသီးသုပ် တစ်ပွဲ၊ ဝက်သားနီချက် တစ်ပွဲနှင့် ခိုသားဟင်းရည် တစ်ခွက်တို့ ဖြစ်သည်။
ဒီအတိုင်းကြည့်လျှင် ဘာမှ မဖြစ်သော်လည်း ပထမအချက် - ယဲ့ယွင် ကြက်ဟင်းခါးသီး မကြိုက်ပေ၊ ဒုတိယအချက် - သခွားသီးများမှာ ညှိုးနွမ်းနေသည်၊ တတိယအချက် - ဝက်သားနီချက်မှာ နူးညံ့အောင် မချက်ထားဘဲ ဖြူဖျော့ဖျော့ဖြစ်နေသည်၊ စတုတ္ထအချက် - ခိုသားဟင်းရည်ထဲတွင် ပိန်လှီသော ခိုပေါက်လေး တစ်ကောင်သာပါဝင်ပြီး အရည်မှာ ရေကျိုထားသကဲ့သို့ ဖြစ်နေသည်။
ဒါတွေက သခင်စားဖို့ အစားအစာတွေမှ မဟုတ်တာ။
ယဲ့ယွင် တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်နှာထား ပိုမိုတင်းမာသွားသည်။
"ပြန်ထည့်လိုက်၊ အရှင်မင်းကြီး ဘယ်မှာရှိလဲ စုံစမ်းပြီး ဒီအတိုင်းသွားပေးလိုက်။ အရှင်မင်းကြီးကို ပြောလိုက်၊ ဒီနေ့ စားဖိုဆောင်က ပို့ပေးတဲ့ ဟင်းပွဲတွေ အရမ်းကောင်းလို့ ဒီချန်းချဲ့က အရှင်မင်းကြီး မြည်းစမ်းကြည့်ဖို့ လက်ဆောင် ပို့ပေးလိုက်တာပါ လို့"
အစေခံမလေးများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တွေဝေနေကြသည်။ သတ္တိကောင်းလွန်းရာ မကျဘူးလား။
ပိုင်ရှုကတော့ ဖျတ်လတ်သည်။ ရှေ့ထွက်ပြီး ပစ္စည်းများကို သိမ်းဆည်းကာ၊ "အခုဆို စားပွဲတော် ပြီးလောက်ပြီ။ ကျယ်ယွီ စိတ်ချပါ၊ ကျွန်တော်မျိုး သေချာပေါက် ပို့ပေးလိုက်ပါ့မယ်"
ယဲ့ယွင် သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။ လက်ဝတ်ရတနာသေတ္တာထဲမှ သိုးအဆီကျောက် နားဆွဲတစ်စုံကို ယူ၍ သူ့လက်ထဲ ထည့်ပေးလိုက်သည်။
"သေချာ လုပ်ခဲ့နော်၊ မိန်းကလေးတွေက နင့်လောက် သတ္တိမရှိကြဘူး"
"အမိန့်တော်အတိုင်းပါ" ပိုင်ရှုက လက်ယှက်ပြီး ရိုသေစွာ ထွက်ခွာသွားလေသည်။
ဟွေယွဲ့နှင့် နန်ကျစ်တို့ နေရခက်သွားကြသည်။ နောက်မှ လုဟယ်၊ လုမေ့၊ လုကျီ တို့လည်း ခေါင်းငုံ့နေကြသည်။
ယဲ့ယွင် လက်ကာပြလိုက်ပြီး၊ "နင်တို့တွေ လျှောက်တွေးမနေကြနဲ့၊ ငါ့ဘေးနားက လူတွေက တစ်ယောက်တစ်မျိုးစီ တော်ကြတာပဲ၊ ပိုင်ရှုက သတ္တိရှိတယ်၊ ဒါပေမဲ့ စိတ်မြန်လက်မြန် ဖြစ်တတ်တယ်၊ မိန်းကလေးတွေက စိတ်တည်ငြိမ်တယ်။ နင်တို့အချင်းချင်း ဖြည့်ဆည်းပေးရမှာ။ အခု ငါ အချုပ်ကျနေပေမဲ့ တစ်သက်လုံး ကျနေမှာမှ မဟုတ်တာ။ စိတ်အေးအေးထားပြီး တာဝန်ကျေအောင် လုပ်ကြ။ ယဲ့မိသားစုက စွမ်းဆောင်ရည် ကောင်းတယ်။ အရှင်မင်းကြီးက ငါ့ကို နှိမ့်ချထားမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ၊ ကျွန်မတို့ သစ္စာရှိရှိ အမှုထမ်းပါ့မယ်" အစေခံမလေးများ ပြိုင်တူ ပြောလိုက်ကြသည်။
......
အခြားတစ်ဖက်တွင် စားပွဲတော် ပြီးဆုံးသွားသောအခါ နင်ချန်သည် တစ်ယောက်တည်း ကျိုချန်နန်းဆောင်သို့ ပြန်လာခဲ့သည်။
မိဖုရားခေါင်ကြီးက ဖိတ်ခေါ်သော်လည်း နင်ချန် ဒီနေ့ ဝိုင်နည်းနည်း ပိုသောက်ထားပြီး တစ်ယောက်တည်းနေချင်သဖြင့် မသွားခဲ့ပေ။
ကျိုချန်နန်းဆောင် အပြင်ဘက်ရောက်သောအခါ ရင်းနှီးနေသော မိန်းမစိုးတစ်ယောက် စောင့်နေသည်ကို တွေ့လိုက်ရသည်။
ယွမ်ကျိုက အရင်မှတ်မိသွားပြီး၊ "အရှင်မင်းကြီး... မင်ကျယ်ယွီရဲ့အစေခံ ပိုင်ရှုနဲ့ တူတယ်"
နင်ချန် မျက်လုံးများ မှေးစင်းကြည့်လိုက်ရာ မှတ်မိသွားသည်။
ဒီအချိန်ကြီး ဘာကိစ္စလာတွေ့ရတာလဲဆိုတာ စဉ်းစားမရဖြစ်နေသည်။
ယဲ့မျိုးရိုး အချုပ်ကျနေလို့ စိတ်မရှည်တော့တာလား။
ထိုသို့တွေးမိသောအခါ နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။ သူ မိန်းမများ မငြိမ်မသက်ဖြစ်နေသည်ကို မကြိုက်ပေ။ ပြီးတော့ သူ အပြစ်ပေးတာက သိပ်ပြင်းထန်တာမှ မဟုတ်တာ၊ ဒီလောက်လေးတောင် သည်းမခံနိုင်ဘူးလား။
သို့သော်လည်း မဖြစ်နိုင်ဘူးဟု ပြန်တွေးမိသည်။
ယဲ့မျိုးရိုးက ဉာဏ်ကောင်းတယ်၊ ကြည့်ရတာ မောက်မာသလို ထင်ရပေမယ့် မတည်ငြိမ်တဲ့သူ မဟုတ်ဘူး။
စိတ်ထဲတွင် ခေတ္တမျှစဉ်းစားပြီးနောက် ပိုင်ရှုကို ခေါ်ခိုင်းလိုက်သည်။
"ဒီလောက် ညကြီးမင်းကြီး ကျိုချန်နန်းဆောင်ကိုလာတာ ဘာကိစ္စလဲ"
ပိုင်ရှု ဒူးထောက်လိုက်ပြီး၊ "အရှင်မင်းကြီးကို လျှောက်တင်ပါရစေ၊ ကျယ်ယွီက ပြောပါတယ်၊ ဒီနေ့ စားဖိုဆောင်က ပြင်ဆင်ပေးတဲ့ ဟင်းပွဲတွေ အရမ်းကောင်းလို့ အရှင်မင်းကြီး မြည်းစမ်းကြည့်ဖို့ လာပို့ခိုင်းလိုက်တာပါ"
"သူ့ကို ဒီလောက် ချီးကျူးစေတဲ့အရာက ဘာများလဲ၊ ဖွင့်ကြည့်စမ်း" နင်ချန် သံသယ ဝင်သွားသည်။
ယွမ်ကျိုက ထမင်းဘူးကို ဖွင့်ကြည့်လိုက်ရာ မျက်နှာပျက်သွားသည်။
"အရှင်မင်းကြီး... ဒါက..."
ဟင်းကောင်းတွေ ဘယ်မှာလဲ။ ဒါကစားပွဲပေါ်တင်လို့ရမယ့် အစားအသောက်တွေမှ မဟုတ်တာ။
နင်ချန်သည် ယွမ်ကျို စကားထစ်နေသည်ကို မြင်သောအခါ မျက်နှာထားတင်းမာသွားပြီး ရှေ့တိုးကြည့်လိုက်ရာ ထမင်းဘူးထဲမှ အရာများကို တွေ့လိုက်ရသည်နှင့် ချက်ချင်း မျက်နှာမည်းသွားသည်။
"စားဖိုဆောင် အုပ်ချုပ်ရေးမှူးက ဘယ်သူလဲ။ သခင်ကို ဒီလောက်ထိ လျစ်လျူရှုရဲတယ်။ ကောင်းကောင်း အမှုမထမ်းနိုင်ရင် နန်းတော်ထဲက ထွက်သွားကြ။ လုပ်တတ်တဲ့လူတွေကို လဲခိုင်းလိုက်"
သူ ယဲ့ယွင်ကို အချုပ်ကျခိုင်းသည်မှာ မှန်သော်လည်း ဟန်ပြသက်သက်သာဖြစ်သည်။ တကယ် အပြစ်ပေးလိုခြင်း မဟုတ်ပေ။
စားဖိုဆောင်က ဒီလိုနှိပ်စက်နေမှတော့ ပုံမှန်ဆို ဇီဇာကြောင်တတ်တဲ့ ချင်းချင်းလေး ဘယ်လိုလုပ် စားဝင်ပါ့မလဲ။
ထိုသို့တွေးမိသောအခါ ဒီရက်ပိုင်း နုနယ်သောမိန်းမပျိုလေး ဘာမှကောင်းကောင်းမစားရဘူးဟု ထင်မြင်ကာ ဒေါသပိုထွက်လာသည်။
မူလက ဝိုင်သောက်ထားပြီး စိတ်ရှုပ်နေသည့်အထဲ ဒီနေ့ ယွီရှို့အဆောင်၏ အစားအသောက်နှင့် ပတ်သက်သော အစေခံများကို အကုန်လုံး အချက် ၃၀ ရိုက်ပြီး တခြားနေရာသို့ ပို့ပစ်ရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ဒီကိစ္စက ညတွင်းချင်းပင် အရေးယူလိုက်ခြင်းဖြစ်သည်။
စားဖိုဆောင်မှ လူများသည် ချုံးယန်ပွဲတော်လုပ်ပြီး၍ ဆုကြေးရသည်ကို မပျော်ရသေးခင် လူတစ်စု အဖမ်းခံလိုက်ရသည်။
ခြံဝင်းထဲတွင် မှောက်လျက် အရိုက်ခံရပြီးနောက် တခြားနေရာသို့ ပို့ဆောင်ခံလိုက်ရသည်။
ဒီလောက် ကိစ္စကြီးကို နန်းတွင်းထဲတွင် ဖုံးကွယ်ထား၍ မရနိုင်ပေ။ နေရာအနှံ့ သတင်းရောက်သွားသည်။
မိဖုရားခေါင်ကြီး ရေချိုးပြီးခါစတွင် ထိုသတင်းကို ကြားလိုက်ရသဖြင့် မျက်နှာထား တင်းမာသွားသည်။
"အရှင်မင်းကြီးက ယဲ့မျိုးရိုးကို ဒီလောက်တောင် ကာကွယ်ပေးတာ။ အချုပ်ကျနေတာတောင် သူ့ဘက်ကနေ ရပ်တည်ပေးနေတယ်"
တင်းမားမားက ဆံပင်သုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။ "ယဲ့မိသားစုက ဘာပဲဖြစ်ဖြစ် စစ်မှုထမ်းကောင်းမှု ရှိတယ်လေ။ အရှင်မင်းကြီးက သစ္စာရှိတဲ့မျိုးရိုးက ဆင်းသက်လာသူကို နှိပ်စက်မှာ မဟုတ်ပါဘူး။ ပြီးတော့ ယဲ့မျိုးရိုးကိုယ်တိုင်ကလည်း အရည်အချင်းရှိတဲ့အပြင် အချစ်တော်
လည်းဖြစ်နေတော့ သူက ပြဿနာ ရှာရဲတာပေါ့"
ဟုတ်ပါသည်။ အားကိုးရာ ရှိလို့ပေါ့။ တခြားလူသာဆိုရင် အချုပ်ကျနေတုန်း နှိပ်စက်ခံရရင်တောင် ဘယ်အသံထွက်ရဲမှာလဲ။ အရှင်မင်းကြီး ရှေ့မှောက်ရောက်အောင် သွားတိုင်ရဲပါ့မလား။
"ဘယ်သူကမှ ညွှန်ကြားမထားရင် စားဖိုဆောင်က ဒီလောက် မြန်မြန်ဆန်ဆန် ဖိနှိပ်ရဲမှာ မဟုတ်ဘူး။ ကြည့်ရတာ နောက်ကွယ်က လူက ယဲ့မျိုးရိုး ဒီလောက်ထိ ရဲတင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ထင်တယ်" မိဖုရားခေါင်ကြီးက အေးစက်စွာ ပြုံးလိုက်သည်။
တင်းမားမားက ရယ်မောလိုက်ပြီး၊ "မယ်မယ် သိထားရင် ပြီးတာပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် စားဖိုဆောင်နဲ့ ပူးပေါင်းကြံစည်တာက အနောက်ဆောင်ရဲ့စည်းကမ်းကို ချိုးဖောက်တာပါပဲ။ အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များနေလို့ လစ်ဟင်းသွားနိုင်ပေမယ့် မယ်မယ်က အနောက်ဆောင်ကို အုပ်ချုပ်နေတာဆိုတော့ သတိထားသင့်ပါတယ်"
"ဒါကတော့ သဘာဝပါပဲ၊ မင်ကျယ်ယွီက အရှင်မင်းကြီး အခုလက်ရှိ အသည်းစွဲ ဖြစ်နေတာ။ ပန်ကုန်းက အရှင်မင်းကြီးနဲ့ စိတ်တူကိုယ်တူမို့ သူ့ကို မတရားခံရအောင် ထားလို့မဖြစ်ပါဘူး"
မိဖုရားခေါင်ကြီး ကြေးမုံပြင်ထဲမှ မိမိပုံရိပ်ကို ကြည့်ရင်း မျက်ဝန်းများ တဖြည်းဖြည်း အေးစက်လာသည်။
နန်းတွင်းထဲမှာ စားဖိုဆောင် အစေခံတွေကို ဝယ်လို့ရလောက်တဲ့ အရည်အချင်း ရှိသူ သိပ်မများပါဘူး၊ ရာထူးကြီးတဲ့သူတွေပဲ ဖြစ်နိုင်တယ်။
နောက်ဆုံး ဘယ်သူ့ကိုပဲ စစ်ဆေးတွေ့ရှိပါစေ၊ မဲနယ်သုတ်ပေးလိုက်လို့ ရပြီ။
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-138
အခန်း ၁၃၈ ။ ကောလာဟလများ
ဤကိစ္စကို စုံစမ်းစစ်ဆေးရာတွင် အလွန်လျင်မြန်ပြီး နေ့ဝက်အတွင်းမှာပင် ဝမ်သယ့်ဖေးထံသို့ ခြေရာခံမိလေသည်။
ချုံးယန်ပွဲတော်နေ့က ချူရှို့နန်းဆောင်မှ လူများသာ စားဖိုဆောင်သို့ သွားရောက်ခဲ့ကြပြီး ထိုသူမှာ ဝမ်သယ့်ဖေး၏ အပါးတော်မြဲ အထိန်းတော်ကြီး ပိုင်ရွှမ်ဖြစ်သည်။
ဤမျှလွယ်ကူစွာ စုံစမ်းမိရသည့် အကြောင်းရင်းမှာမူ ဝမ်သယ့်ဖေး၌ မည်သည့် မိသားစုနောက်ခံအင်အားမျှ မရှိသောကြောင့်ဖြစ်သည်။
မိသားစုနောက်ခံမရှိသဖြင့် အဆက်အသွယ်အင်အားလည်း မရှိချေ။ တစ်ခုခုလုပ်မည်ကြံလျှင် သူမ၏ အနီးအနားရှိ လူအနည်းငယ်ကိုသာ အသုံးပြုရသောကြောင့် တွေ့ရှိသွားရန် အလွန်လွယ်ကူလွန်းလှ၏။
မိဖုရားခေါင်ကြီးသည် လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မထီမဲ့မြင် ပြုံးလိုက်သည်။
"ပန်ကုန်းက သူ့ကို တော်တော်လေး သည်းခံနိုင်စွမ်းရှိမယ် ထင်ထားတာ။ အခုတော့ မနေနိုင်တော့ဘူးပေါ့လေ။"
စုအာက ဘေးမှနေ၍ ဝင်ပြောလိုက်၏။
"ဒါပေါ့လေ၊ နိမ့်ပါးတဲ့ နောက်ခံကလာတော့ မင်းသားလေးကို မွေးဖွားပြီးတာတောင် ယုံကြည်မှု မရှိရှာပါဘူး။ မင်ကျယ်ယွီက ကျိုဖင်အဆင့်ဝင် ကိုယ်လုပ်တော်တောင် မဖြစ်သေးတာကို သူက ဒီလိုနည်းလမ်းတွေ သုံးနေရတယ်ဆိုတော့ တကယ်ကို အဆင့်မရှိပါဘူး။"
လက်ဖက်ရည်ခွက်ကို ချလိုက်သောအခါ မိဖုရားခေါင်ကြီး၏မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားပြီး မျက်ဝန်းထဲတွင် ပျော်ရွှင်ရိပ်အချို့ ယှက်သန်းသွားလေသည်။
"အရှင်မင်းကြီးက နူးညံ့သိမ်မွေ့ပြီး အေးချမ်းတာကို သဘောကျတယ် မဟုတ်လား။ အချစ်တော်အသစ်နဲ့ အချစ်တော်အဟောင်း တိုက်ခိုက်ကြတာကို ပန်ကုန်း စောင့်ကြည့်ရဦးမယ်။ အန်းမျိုးနွယ်ရဲ့ စိတ်နေသဘောထားက ရက်ရောပြီး ကောင်းမွန်တယ်လို့ အရှင်မင်းကြီး ထင်နေဦးမလားဆိုတာ ကြည့်ရသေးတာပေါ့။"
"ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ သိပါတယ်၊ မယ်မယ် စိတ်ချလက်ချသာနေပါ။"
စုအာက ပြုံးလိုက်ပြီး လှည့်ထွက်သွား၏။ ထို့နောက် သူမကို ပြန်လှမ်းခေါ်လိုက်ပြန်သည်။
"မင်ကျယ်ယွီဘက်ကိုလည်း သတင်းပေးဖို့ မမေ့နဲ့ဦး။"
"ဟုတ်ကဲ့ပါ မယ်မယ်။"
နင်ချန်အား အတွင်းရေးကို မည်သို့အသိပေးရမည်ဆိုသည်ကိုမူ မိဖုရားခေါင်ကြီး စိတ်ပူနေခြင်းမရှိပေ။ နည်းလမ်းများစွာ ရှိသည်မဟုတ်လား။
......
အခြားတစ်ဖက်တွင်လည်း ယဲ့ယွင်သည် ယနေ့ ပို့လာသော နေ့လယ်စာကိုကြည့်ပြီး စိတ်ထဲ၌ ရယ်ချင်မိသွားလေသည်။
ဤလူစုသည် အမှန်ပင် မရိုက်လျှင် မစစ်မမှန်ကြပေ။ သူမက ဆုံးမပေးမှသာ စည်းကမ်းကို နားလည်ကြမည့်ပုံ ပေါက်နေ၏။
မနေ့ညက ညစာကိစ္စသည် နောက်ကွယ်မှ မည်သူစေခိုင်းလိုက်ကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်သည်။ သို့သော် သူမသည် လောလောဆယ် အပြစ်ပေးခံထားရပြီး အပြင်ထွက်ခွင့် ပိတ်ပင်ခံထားရသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နေသည့်ပုံစံပြရန် လိုအပ်သောကြောင့် ယာယီအားဖြင့် အရေးမယူတော့ပေ။
ဤလကုန်သွားသောအခါ ရှင်းစရာရှိသည်များကို တစ်ခါတည်း ရှင်းရပေမည်။
.....
ထိုအချိန်၌ ချီနင်နန်းဆောင်တွင် ကိစ္စတစ်ခု ဖြစ်ပွားခဲ့လေသည်။
ဖိန်ဝမ်ဖေး (ဖိန်ဝမ်၏ကြင်ယာတော်) သည် လူမမာစောင့်နေစဉ် မူးမေ့သွားခဲ့၏။ တော်ဝင်သမားတော် လာရောက်စစ်ဆေးကြည့်သောအခါ သူမတွင် ကိုယ်ဝန်တစ်လကျော် ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ထိုက်ကွေ့ဖေးသည် အလွန်ဝမ်းမြောက်သွားပြီး လူကို သူမ၏နန်းဆောင်သို့ ချက်ချင်းခေါ်ဆောင်သွားကာ ပြုစုစောင့်ရှောက်စေလိုက်သည်။ ထို့နောက် ဖိန်ဝမ်အား ကိုယ်တိုင်လာရောက်ကြိုဆိုပြီး နန်းတော်ပြင်ပရှိ အိမ်တော်သို့ ပြန်ခေါ်သွားရန် နန်းတော်ပြင်ပသို့ သတင်းပို့စေလိုက်၏။
သူမတို့ ယောက္ခမနှင့် ချွေးမ အဆင်ပြေသွားကြသော်လည်း မယ်တော်ကြီးမှာမူ မျက်နှာပျက်စရာ ဖြစ်ကျန်ရစ်ခဲ့လေသည်။
မောင်းမက မွေးသောသား၏ဇနီးသည်က လာရောက်ပြုစုရာတွင် ပင်ပန်းလွန်းသဖြင့် မူးမေ့သွားခဲ့ရသည်။ ရိုင်းရိုင်းပြောရလျှင် ပင်ပန်းလွန်း၍ ကိုယ်ဝန်ပျက်ကျသွားပါက ရက်စက်သည်ဟူသော နာမည်ဆိုးနှင့် ကျန်ရစ်ရပေလိမ့်မည်။
....
ဖိန်ဝမ်သည် ဇနီးသည်ကို လာကြိုရာတွင် ကျိုချန်နန်းဆောင်သို့ အရင်သွားပြီး ဧကရာဇ်မင်းမြတ်အား ဝင်ရောက်တွေ့ဆုံလေသည်။
သူရောက်လာချိန်တွင် နင်ချန်သည် လွှာကြားမှတ်တမ်းများကို စစ်ဆေးနေ၏။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
ဖိန်ဝမ်က ဒူးထောက်၍ အရိုအသေပြုလိုက်သည်။
နင်ချန်သည် စုတ်တံကိုရပ်လိုက်ပြီး ပြောလိုက်၏။
"ထပါ။ ဒုတိယအစ်ကိုတော်က မရီးတော်ကို လာကြိုတာလား။"
"ဟုတ်ပါတယ်။ သူမမှာ ကိုယ်ဝန်ရှိနေမှန်း ကျွန်တော်မျိုး မသိခဲ့ပါဘူး။ မယ်တော်ကြီးရဲ့ခြေရင်းမှာ ပြုစုမယ်လို့ပဲ တွေးထားခဲ့တာပါ။ ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ မထင်ခဲ့မိပါဘူး။ မယ်တော်ကြီးရဲ့ ကျန်းမာရေးကုသမှုကိုတောင် အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် တကယ်ကို အပြစ်ကြီးလှပါတယ်။"
ဖိန်ဝမ်က အလျင်အမြန်ပင် တောင်းပန်လိုက်သည်။
သူသည် ရိုးသားအေးဆေးသော စိတ်ထားရှိသော်လည်း အနေသည်တော့ မဟုတ်ပေ။ မယ်တော်ကြီးသည် မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်၏မွေးမိခင်ဖြစ်ရာ မည်သည့်အရာကို ပြောသင့်သည်၊ မည်သည့်အရာကို မပြောသင့်သည်ကို သူ ကောင်းစွာနားလည်သည်။
ဥပမာအားဖြင့် ယနေ့ ဖန်းရှီ မူးမေ့သွားခြင်းမှာ သူတို့၏ ပေါ့ဆမှုကြောင့် ကိုယ်ဝန်ရှိနေသည်ကို မသိလိုက်ရခြင်းသာ ဖြစ်ရမည်။ မယ်တော်ကြီးက အနိုင်ကျင့်လွန်းအားကြီး၍ မူးမေ့လဲကျသွားမှ ကိုယ်ဝန်ရှိမှန်း သိရသည်ဟူ၍ လုံးဝ ဖြစ်မသွားစေရပေ။
သူ သဘောပေါက်သည်ကို မြင်သောအခါ နင်ချန် ဘာမျှထပ်မပြောတော့ချေ။
နင်ချန်သည် အနားသို့ လျှောက်သွားပြီး ဖိန်ဝမ်၏ပခုံးကို ပုတ်လိုက်၏။
"ဒုတိယမရီးတော်က တူမလေးကို မွေးဖွားပေးပြီးတာ နှစ်အတော်ကြာနေပါပြီ။ အခု ကိုယ်ဝန်ထပ်ရတာ ဝမ်းသာစရာကိစ္စပါ။ ကျန်းရဲ့ဘဏ္ဍာတိုက်ထဲမှာ သွေးအားကောင်းစေပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့ အကောင်းစား တုန်းအယ်မြည်းသားရေကော် စတဲ့ အားဆေးတွေ ရှိပါတယ်။ ဒုတိယအစ်ကိုတော် နန်းတော်က ပြန်ထွက်တဲ့အခါကျရင် တစ်ခါတည်း ယူသွားလိုက်ပါ။ ဒါက တူလေး၊ တူမလေးအတွက် ကျန်းရဲ့စေတနာပါ။"
"ဝမ်ဖေးကိုယ်စား အရှင်မင်းကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ရှိပါတယ်။"
ဖိန်ဝမ်သည် စိတ်သက်သာရာရသွားပြီး လက်ကို အနည်းငယ် ယှက်လိုက်၏။
"ဆောင်းဦးရာသီ ဝင်လာပြီဆိုတော့ ရာသီဥတုက ဖောက်ပြန်တတ်ပါတယ်။ အရှင်မင်းကြီး ကျန်းမာရေး ဂရုစိုက်ပါ။ ကျွန်တော်မျိုး ဝမ်ဖေးကို သွားကြိုပြီး အိမ်တော်ပြန်ပါတော့မယ်။ အရှင်မင်းကြီးကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။"
နင်ချန် ခေါင်းညိတ်လိုက်သည်။
ဖိန်ဝမ်သည် ရိုသေလေးစားစွာဖြင့် နောက်ဆုတ် ထွက်ခွာသွားလေသည်။
အနည်းငယ်စိမ်းကားသွားသော သူ၏ကျောပြင်ကိုကြည့်ရင်း နင်ချန်၏စိတ်ထဲတွင် ဆွေးမြေ့မှုအချို့ ဖြစ်ပေါ်လာရသည်။ ယခင် မင်းသားဘဝတုန်းကကဲ့သို့ ရင်းနှီးမှုမျိုး မရှိတော့ချေ။
ထိုစဉ်က အစ်ကိုကြီးသည် စာပေရော၊ သိုင်းပညာပါ ထူးချွန်ပြီး မိဖုရားခေါင်ကြီးမှ မွေးဖွားသော သားတော်စစ်စစ် ဖြစ်သည့်အတွက် သူ့ကို နောက်ထပ် အိမ်ရှေ့စံဖြစ်လာမည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသည်။ ဤသို့သော အပြောင်းအလဲများဖြစ်ပေါ်လာပြီး မိမိ ဧကရာဇ်ဖြစ်လာလိမ့်မည်ဟု ဘယ်သူ ထင်ထားမှာလဲ။
ဧကရာဇ်ဖြစ်လာသည်နှင့် အထီးကျန်ဆန်သွားရတော့သည်။ ယခင်က ရင်းနှီးခဲ့သော ညီအစ်ကိုများသည်လည်း လွတ်လွတ်လပ်လပ် မဆက်ဆံရဲကြတော့သလို၊ တည်ငြိမ်ရင့်ကျက်သော ဇနီးသည် မိဖုရားခေါင်ကြီးသည်လည်း စည်းမျဉ်းစည်းကမ်းများကို ပို၍ တင်းကျပ်လာသည်။ လူတိုင်းက အဆင့်အတန်း ကွာခြားသွားမှုကြောင့် သူ့ကို ပို၍ ရိုသေလေးစားလာကြသည်။
အာဏာရှိလာသော်လည်း အေးစက်ပြီး အထီးကျန်လာရ၏။
ထိုသို့တွေးမိသည်နှင့် နင်ချန်သည် ရဲရင့်သွက်လက်သော ထိုအမျိုးသမီးကို ရုတ်တရက် သတိရသွားမိ၏။
ယဲ့ယွင်သည် သူ့အား ကြောက်ရွံ့လေးစားသော်လည်း တစ်ခါမျှ ကျုံ့ဝင်မသွားခဲ့ပေ။ သူ့ရှေ့တွင် သက်တောင့်သက်သာ နေတတ်ပြီး အတိုင်းအတာတစ်ခုကိုလည်း ကျော်လွန်မသွားခဲ့ချေ။
ထို လွတ်လပ်ပေါ့ပါးမှုကြောင့်ပင် သူမနှင့် အတူရှိနေရသည်ကို သူ ပို၍ နှစ်သက်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
စတင်တွေးမိသည်နှင့် ရပ်တန့်၍ မရတော့ပေ။
ယွီရှို့အဆောင်သို့ သွားရန် ပြင်ဆင်နေစဉ် ယွမ်ကျိုသည် သိပ်မကောင်းလှသောအမူအရာဖြင့် ဝင်ရောက်လာလေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး ကောလာဟလတချို့ ကြားမိပါတယ်။ သိပ်မကောင်းလှပါဘူး။"
"ဘာကောလာဟလတွေလဲ။"
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက နန်းတွင်းအထိန်းတော်ချုပ်ပဲ၊ ဘယ်အချိန်ကစပြီး ဒီလိုအရာတွေကို နားယောင်တတ်သွားတာလဲ။"
ယွမ်ကျိုသည် အနည်းငယ် ချိန်ဆပြီးမှ သတိထား၍ ပြောလိုက်၏။
"ကျွန်တော်မျိုးက လွယ်လွယ်ယုံတတ်လို့ မဟုတ်ရပါဘူး။ တကယ်ကို ဝမ်သယ့်ဖေးနဲ့ ပတ်သက်နေပြီး ပြောထားတဲ့ စကားတွေကလည်း ရိုင်းစိုင်းလွန်းတာမို့လို့ အရှင်မင်းကြီးကို မတင်ပြဘဲ မနေရဲလို့ပါ။"
"ဝမ်သယ့်ဖေး ဟုတ်လား။"
နင်ချန်၏ မျက်ဝန်းများ အေးစက်သွားပြီး ဝတ်ရုံကိုခါကာ ပြန်ထိုင်လိုက်သည်။
"ပြောစမ်း။"
ယွမ်ကျိုသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီး ညစ်ညမ်းသော စကားလုံးများကို တတ်နိုင်သမျှ ရှောင်ကာ ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်၏။
ဇာစ်မြစ်မှာ စားဖိုဆောင်မှ မောင်းထုတ်ခံလိုက်ရသော အစေခံတစ်စုဖြစ်သည်။ ကြိမ်ဒဏ်ပေးခံရပြီး ကောင်းမွန်စွာ ဆေးကုသပေးမည့်သူမရှိသဖြင့် တစ်ယောက်မှာ ဒဏ်ရာကိုမခံနိုင်ဘဲ တစ်ညတည်းနှင့် သေဆုံးသွားခဲ့သည်။
ထိုအခါ အုပ်ချုပ်သူအပေါ် မုန်းတီးမှုများ ပိုမိုကြီးထွားလာခဲ့၏။ သေဆုံးသွားသူမှာ နန်းတွင်းအပျိုတော်လေးတစ်ဦးဖြစ်ပြီး သူမ၏အစ်မဖြစ်သူမှာ ဒေါသထွက်လွန်းသဖြင့် အုပ်ချုပ်သူသည် ဝမ်သယ့်ဖေးထံမှ ငွေယူကာ မင်ကျယ်ယွီကို တမင်သက်သက် အခက်တွေ့အောင်လုပ်ရင်း လူအများကိုပါ ဒုက္ခရောက်အောင်လုပ်သည်ဟု ဆဲဆိုကြိမ်းမောင်းလေတော့သည်။
သူမက ဦးဆောင်လိုက်သဖြင့် အကြောင်းစုံသိသော နန်းတွင်းသားအချို့ကလည်း လိုက်လံဆဲဆိုကြသည်။
နောက်ဆုံးတွင် ဝမ်သယ့်ဖေးထံသို့ပါ ရောက်ရှိသွားပြီး သူမသည် မနာလိုဝန်တိုစိတ်ကြီးကြောင်း၊ ကိုယ်လုပ်တော်များကို အနိုင်ကျင့်ကြောင်း၊ 'နူးညံ့သိမ်မွေ့ခြင်း' ဟူသော ဘွဲ့ထူးနှင့် မတန်သလို သယ်ဖေးရာထူးနှင့်လည်း မထိုက်တန်ကြောင်း ပြောဆိုလာကြသည်။
အခြား ရိုင်းစိုင်းသော ပြောဆိုမှုများလည်း ရှိသေးသည်။ သားတော်ကြီး လမစေ့ဘဲ မွေးဖွားလာကာ ကျန်းမာရေးချို့တဲ့ရခြင်းမှာ မိခင်ဖြစ်သူ၏ ကုသိုလ်ကံနည်းပါးခြင်းကြောင့် ဖြစ်သည်ဟုပင် ဆိုကြသည်။
ယွမ်ကျိုသည် သားတော်ကြီးနှင့် ပတ်သက်သော ထိုစာကြောင်းကိုမူ ထည့်မပြောရဲခဲ့ပေ။
သို့သော် ရှေ့ပိုင်းက အကြောင်းအရာများကပင် နင်ချန်ကို ဒေါသထွက်စေရန် လုံလောက်နေပြီဖြစ်သည်။
"ဝမ်သယ့်ဖေးက သခင်လေ၊ သူတို့က ဘယ်လိုလုပ် ကဲ့ရဲ့ဝံ့ရတာလဲ။ အမိန့်ပေးလိုက်စမ်း၊ နောက်ထပ်များ ပေါက်ကရတွေ ပြောရဲသေးရင် သူတို့ပါးစပ်တွေကို ချုပ်ပစ်ဖို့ ကျန်း အမိန့်ပေးမယ်လို့ ပြောလိုက်။"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုပဲ လူလွှတ်လိုက်ပါ့မယ်။ အရှင်မင်းကြီး စိတ်မဆိုးပါနဲ့။"
ယွမ်ကျို အလျင်အမြန် ပြန်ပြောလိုက်သည်။
ဝမ်သယ့်ဖေးသည် နှစ်ပေါင်းများစွာ အချစ်တော် ဖြစ်ခဲ့သလို သားတော်ကြီးကို မွေးဖွားပေးခဲ့သူ ဖြစ်သည့်အတွက် အရှင်မင်းကြီးက ကာကွယ်ပေးနေဆဲဖြစ်ကြောင်း သူ တွေးလိုက်မိသည်။
"နေဦး... ချူရှို့နန်းဆောင်ကို ယာဉ်ပြင်ခိုင်းလိုက်။ ကျန်း ဝမ်သယ့်ဖေးဆီမှာ ညစာ သွားစားမယ်။"
နင်ချန်၏မျက်ဝန်းအရောင်များ မှိန်ဖျော့သွားပြီး လူကို ပြန်တားလိုက်ပြန်သည်။
ယွမ်ကျို ကြောင်အသွားသော်လည်း ချက်ချင်းပင် သတိဝင်လာပြီး ယာဉ်ပြင်ဆင်ရန် လူလွှတ်လိုက်လေသည်။
ယနေ့ကိစ္စသည် ပြီးဆုံးသွားပြီဟု ပြောရန်မလွယ်ကူပေ။ ဝမ်သယ့်ဖေး မည်သို့ တုံ့ပြန်ဖြေရှင်းမည် ဆိုသည့်အပေါ်တွင် မူတည်နေသည်။
အရှင်မင်းကြီး ချူရှို့နန်းဆောင်သို့ သွားလိုခြင်းမှာ ကောလာဟလများကို အတိုင်းအတာတစ်ခုအထိ ယုံကြည်နေသောကြောင့်ဖြစ်သလို ဝမ်သယ့်ဖေး၏ရှင်းပြချက်ကိုလည်း နားထောင်လိုသောကြောင့်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ လောလောဆယ် အနေအထားအရ ဝမ်သယ့်ဖေးသည် အလေးပေးခံရဆဲ ဖြစ်သည်။
သို့သော် ယနေ့ညစာစားပွဲ ပြီးဆုံးပြီးနောက်တွင် သူမ၌ ဤမျှအလေးချိန် ရှိနေဦးမည်လား ဆိုသည်မှာမူ ယနေ့ညစာအပေါ်တွင် လုံးလုံးလျားလျား မူတည်နေပေတော့သည်။
ဧကရာဇ်၏ယာဉ်တန်းကြီးသည် ချူရှို့နန်းဆောင်သို့ ခမ်းနားစွာ ထွက်ခွာသွားရာ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့လေသည်။
အရှင်မင်းကြီးသည် ဝမ်သယ့်ဖေးထံသို့ သွားရောက်ကြောင်း ကြားသိရသောအခါ မိဖုရားခေါင်ကြီး၏ မျက်နှာထားမှာ သိပ်မကောင်းလှပေ။
ကောလာဟလများ ဤမျှ ပျံ့နှံ့နေသည့်တိုင် အရှင်မင်းကြီးက သူမကို သွားရောက်တွေ့ဆုံနေသေးရာ ဝမ်သယ့်ဖေးသည် ပို၍ သတိထားစောင့်ကြည့်သင့်သူ ဖြစ်နေချေပြီ။