အခန်း (၁၄၉-၁၅၀)
Vol. 10 Ch. 149-150
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-149
အခန်း ၁၄၉ ။ ရှောင်လွှဲလို့မရတဲ့ ကံဆိုးမိုးမှောင်ကျခြင်း
ပြဿနာများသည် အချိန်အတိုင်းအတာတစ်ခုကြာမှ ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ငါးရက်၊ ခြောက်ရက်အတွင်းမှာပင် ဖြစ်ပျက်လာလေသည်။
ယင်းယန်ဆောင်မှ ယိကျယ်ယွီသည် နေထိုင်မကောင်းဖြစ်နေသဖြင့် အသေးစိတ် စစ်ဆေးကြည့်ရာ သူမ အမြဲသုံးနေကျ စိတ်ငြိမ်ဆေးလုံးများထဲတွင် ကတိုးမွှေးပါဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။
နန်းတွင်း၌ ကတိုးမွှေးသည် တားမြစ်ပစ္စည်းဖြစ်ပြီး ၎င်း၏ အာနိသင်ကို ပြောပြစရာပင် မလိုတော့ပေ။ (ကိုယ်ဝန်ပျက်ကျစေနိုင်သည်)
ယိကျယ်ယွီသည် ကိုယ်ဝန်ဆောင်ထားသူဖြစ်ရာ သူမ၏နန်းဆောင်၌ ဤညစ်ညမ်းသော ပစ္စည်းကို တွေ့ရှိရခြင်းသည် နောက်ကွယ်မှ လုပ်ကြံသူ၏ရည်ရွယ်ချက်ကို သိသာစေသည်။
ယိကျယ်ယွီသည် ယခင်က အကြောင်းမဲ့ကိုယ်ဝန်ပျက်ကျခဲ့ဖူးရာ ဤတစ်ကြိမ်တွင် နင်ချန်အနေဖြင့် အသေးစိတ် စစ်ဆေးခြင်းမပြုဘဲနေလိမ့်မည် မဟုတ်ပေ။
ရုတ်တရက် နန်းတော်တစ်ခုလုံးကို ကျိုချန်နန်းဆောင်မှ လွှတ်လိုက်သော အစောင့်များဖြင့် တင်းကြပ်စွာ စောင့်ကြပ်ထားလိုက်သည်။ ဤကိစ္စကို ရှင်းလင်းစွာ စစ်ဆေးမပြီးမချင်း မည်သူမျှ ဝင်ထွက်ခွင့်မရှိပေ။
ယခင်က ပြဿနာဖြစ်လျှင် လူအားလုံးကို တစ်နေရာတည်းတွင် စုရုံးစေသော်လည်း ယခုတစ်ကြိမ်တွင် နန်းတော်တစ်ခုလုံးကို အပြင်ထွက်ခွင့် ပိတ်ပင်လိုက်ခြင်းသည် နင်ချန်၏ဒေါသမည်မျှကြီးမားကြောင်း ပြသနေသည်။
အဓိကအကြောင်းအရင်းမှာ နန်းတွင်း၌ ကိုယ်ဝန်ဆောင်ထားသူ တစ်ဦးတည်း မဟုတ်သောကြောင့် ဖြစ်သည်။ မိဖုရားခေါင်ကြီး၏ကိုယ်ဝန်မှာ မတည်ငြိမ်သေးသလို ယန်ချိုက်ရန်မှာလည်း မွေးဖွားရန် နီးကပ်နေပြီဖြစ်သည်။ ဤအချိန်တွင် ယိကျယ်ယွီ၏နန်းဆောင်၌ ကတိုးမွှေးတွေ့ရှိရခြင်းသည် ကျန်နှစ်နေရာကိုလည်း စိုးရိမ်ပူပန်စေသည်။
ကတိုးမွှေးကို ယင်းယန်ဆောင်၏အတွင်းခန်းရှိ အမွှေးတိုင်အိုးထဲသို့ ထည့်နိုင်ခြင်းမှာ ယိကျယ်ယွီ၏ အနီးကပ်လူများထဲတွင် သစ္စာဖောက်ရှိနေကြောင်း ထင်ရှားသည်။
နင်ချန်သည် လုံးဝ ညှာတာခြင်းမရှိဘဲ ယိကျယ်ယွီ၏ အိမ်ပါအစေခံများဖြစ်သော ယွင်ရှီးနှင့် ယွင်ရှို့ကိုပါ ဖမ်းဆီးစစ်ဆေးစေသည်။
နန်းတော်တစ်ခုလုံး မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးဖြင့် ဖိအားများ ပြည့်နှက်နေသည်။
ယိကျယ်ယွီသည် ထိတ်လန့်သွားရုံမက ကတိုးမွှေးနံ့ကို အချိန်ကြာမြင့်စွာ ရှူရှိုက်မိသဖြင့် ကိုယ်ဝန်ထိခိုက်သွားရာ ကုတင်ပေါ်တွင်သာ လဲလျောင်းနေရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကိုယ်ဝန်တည်ငြိမ်သွားပြီဖြစ်၍ ကလေးကို ထိန်းထားနိုင်ခဲ့သည်။
သူမ ကလေးကို ထိန်းထားနိုင်လိုက်ခြင်းသည် နောက်ကွယ်မှ ကြိုးကိုင်သူကို ချွေးပြန်သွားစေသည်။
.....
ယွီရှို့အဆောင်တွင် ယဲ့ယွင်သည် နေရထိုင်ရ ခက်ခဲနေသည်။
သူမသည် နန်းတွင်းကိုယ်လုပ်တော်များကြားတွင် ထင်ပေါ်နေသူဖြစ်၍ သတိထားနေထိုင်ရမည်။
ထိုသို့တွေးမိပြီး ဟွေယွဲ့၊ နန်ကျစ်နှင့် ပိုင်ရှုတို့ကို ခေါ်ကာ သူမ၏ခြံဝင်းကို အတွင်းအပြင် အသေးစိတ် ရှာဖွေစစ်ဆေးခိုင်းလိုက်သည်။
ထူးခြားမှု မတွေ့ရသဖြင့် လောလောဆယ် စိတ်အေးသွားရသည်။
နေ့လည်ခင်းတစ်ချိန်လုံး နန်းတော်သားများ စိုးရိမ်ထိတ်လန့်နေကြသည်။ ယင်းယန်ဆောင်သို့ အပြစ်ဒဏ်စီရင်ရေးဌာနမှ မိန်းမစိုးများ ဝင်ထွက်သွားလာနေပြီး အစေခံများကို တစ်သုတ်ပြီးတစ်သုတ် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
ညစာစားချိန်ရောက်သောအခါ စားဖိုဆောင်မှ ပုံမှန်အတိုင်း ဟင်းပွဲကောင်းများ လာပို့သည်။
လူသည် ထမင်းစားမှ အားရှိမည်ဟူသော မူအရ ယဲ့ယွင်သည် ကောင်းကောင်းစား၊ ကောင်းကောင်းအိပ် နေလိုက်သည်။
ကောင်းကင်ဘုံက သူမ ဗိုက်ဆာနေလျှင် တိုက်ခိုက်နိုင်စွမ်း မရှိမည်ကို စိုးရိမ်၍လားမသိ၊ ထမင်းစားပြီး လက်ဖက်ရည်တစ်ခွက်ပင် မကုန်သေးခင် အပြစ်ဒဏ်စီရင်ရေးဌာနမှ လူများ ရောက်လာကြသည်။
"ကျယ်ယွီကို စော်ကားသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ။ ကျွန်တော်မျိုးတို့က အရှင်မင်းကြီးရဲ့ အမိန့်နဲ့ နန်းတွင်းအပျိုတော်တစ်ယောက်ကို လာရှာတာပါ။"
ခေါင်းဆောင်မိန်းမစိုးက လေးစားစွာ ပြောလိုက်သည်။
နင်ချန်က ကြိုတင်မှာကြားထား၍သာ ဤမျှ ယဉ်ကျေးနေခြင်းဖြစ်သည်။
ယဲ့ယွင်၏စိတ်ထဲတွင် အေးစက်သွားသည်။
ကံကောင်းခြင်းမဟုတ်ရင် ကံဆိုးခြင်းပေါ့၊ ကံဆိုးမိုးမှောင်ကျလာရင် ရှောင်လွှဲလို့မရပါဘူးလေ။
"ဘယ်သူ့ကို ရှာချင်တာလဲ၊ ခေါ်သွားပါ၊ ငါ့ဆီမှာ ဘယ်သူ့ကိုမှ ဝှက်မထားပါဘူး။"
သူမ၏ ရဲရင့်ပွင့်လင်းပြီး တည်ငြိမ်သောအမူအရာကြောင့် ခေါင်းဆောင်မိန်းမစိုးက လေးစားသွားသည်။
နန်းတွင်း၌ ပြဿနာဖြစ်တိုင်း ကိုယ်လုပ်တော်များ ထိတ်လန့်ကြ၊ ဒေါသထွက်ကြ သို့မဟုတ် တည်ငြိမ်ချင်ယောင် ဆောင်ကြသည်ကို မြင်ဖူးသော်လည်း ယခုမြင်ရသူမှာ အမှန်တကယ် တည်ငြိမ်နေသူ ဖြစ်သည်။
သို့သော် တည်ငြိမ်နေတိုင်း အပြစ်ကင်းသည်ဟု မဆိုလိုနိုင်ပေ။ နည်းလမ်းကောင်းလွန်း၍ မမိနိုင်ဟု ယုံကြည်နေခြင်းလည်း ဖြစ်နိုင်သည်။
ခေါင်းဆောင်မိန်းမစိုးသည် စိတ်ထဲတွင် တွေးတောနေသော်လည်း အပြင်ပန်းတွင်မူ လေးစားသမှု ပြသနေဆဲပင်။
နန်းတော်ထဲတွင် မည်သူ့ကိုမျှ အလွယ်တကူ ရန်စ၍မရပေ။ အာဏာနှင့် မျက်နှာသာပေးမှုသည် မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားနိုင်သည်။
မကြာမီ တတိယတန်းစား အစေခံ လုကျစ်ကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
သူမ နေထိုင်သောနေရာကို မွှေနှောက်ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ပေ။
လုဟယ်သည် လွန်ခဲ့သော ရက်အနည်းငယ်ကကိစ္စကို သတိရသွားပြီး မျက်နှာဖြူဖျော့သွားသည်။
လူစုထွက်သွားသည်နှင့် ထိုနေ့က ချီဝမ်ကို လိုက်ပို့သည့်ကိစ္စကို ဖွင့်ပြောလိုက်လေသည်။
နန်ကျစ် ကြားလိုက်ရသောအခါ စိတ်ပူသွားသည်။
"ကျယ်ယွီ... ဒီကောင်မလေးက တစ်ယောက်ယောက်ဆီက လာဘ်ယူပြီး မကောင်းတာ လုပ်ခဲ့တာနေမှာ။ ကျယ်ယွီကိုပါ ဆွဲထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ။"
"ဖန်းရှိုးရီက အရှင်မင်းကြီးကို ကယ်တင်ခဲ့တဲ့ ကုသိုလ်ရှိတယ်။ ရှိုးရီရာထူးအထိ တိုးမြှင့်ခံထားရတယ်။ ယိကျယ်ယွီ မွေးဖွားပြီးရင်တောင် သူမကို ကျော်တက်နိုင်မှာ မဟုတ်ဘူး။ ငါနဲ့ဆိုရင် ပိုလို့တောင် အလှမ်းဝေးသေးတယ်။ ဒီကိစ္စက သူမလက်ချက်လို့ပြောဖို့ ခက်တယ်။"
အဓိကအချက်က သိသာလွန်းနေသည်။ စစ်ဆေးလိုက်တာနဲ့ အဖြေပေါ်လာမှာလေ။
တကယ်လို့ သူမသာ လုပ်ခဲ့တယ်ဆိုရင် အရမ်းရဲတင်းလွန်းရာကျနေပြီ။ ဒါက ဗြောင်ကျကျ လုပ်ကြံတာပဲ။
"ရန်သူက အမှောင်ထဲမှာ၊ ငါတို့က အလင်းထဲမှာ၊ အခုချိန်မှာ လှုပ်ရှားရင် အမှားပါလိမ့်မယ်။ အရင်ဆုံး စောင့်ကြည့်ကြတာပေါ့။"
ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။
ဟွေယွဲ့သည် နှုတ်ခမ်းကိုကိုက်လိုက်ပြီး ဆက်ပြောချင်နေသေးသော နန်ကျစ်ကို တားကာ သခင်မနှင့်အတူ အတွင်းခန်းသို့ ဝင်သွားလိုက်သည်။
"ရေချိုးပြီး အဝတ်အစားလဲဖို့ ပြင်ပေးပါဦး။ နောက်တစ်နာရီ၊ နှစ်နာရီလောက်နေရင် လာခေါ်ကြလိမ့်မယ်။"
ဒီညတော့ အိပ်ရတော့မည် မဟုတ်ပေ။
အစေခံနှစ်ယောက်က 'ဒီအချိန်ကြီးများ ရေချိုးဖို့ စိတ်ကူးရသေးတယ်' ဟု တွေးနေမိသည်။
သို့သော် သခင်မ အမိန့်ပေးမှတော့ လုပ်ရမည်သာ။ ချက်ချင်းပင် ပြင်ဆင်ပေးလိုက်ကြသည်။
ယဲ့ယွင် ရေချိုးအဝတ်အစားလဲပြီး မိတ်ကပ်လိမ်း၊ ဆံပင်ပြင်ရန် မလုပ်ရသေးခင် အပြင်ဘက်မှ ယွမ်ကျို၏အသံကို ကြားလိုက်ရသည်။
သူမကို လာခေါ်ခြင်းဖြစ်ကြောင်း ပြောစရာပင် မလိုတော့ပေ။
"ကျယ်ယွီ ကျိုချန်နန်းဆောင်ကို ခဏလောက် လိုက်ခဲ့ပေးပါဦး။ အရှင်မင်းကြီးရှေ့မှာ ရှင်းလင်းရမယ့် ကိစ္စလေး ရှိလို့ပါ။"
"ခဏလောက် စောင့်ပါဦး၊ ဆံပင်လေး သေချာပြန်ပြင်ပါရစေဦး။ ဒီပုံစံနဲ့ အရှင်မင်းကြီးကို သွားတွေ့ရင် မသင့်တော်ဘူးလေ။"
ယဲ့ယွင် တည်ငြိမ်စွာ ထိုင်နေလိုက်သည်။
ယွမ်ကျိုသည် ဤမျှကိစ္စသေးလေးကို ဂရုမစိုက်သဖြင့် ခွင့်ပြုလိုက်သည်။
ဟွေယွဲ့သည် တုန်ရီနေသော လက်များဖြင့် အမြန်ဆုံး ရှင်းရှင်းလင်းလင်းဖြစ်မည့် ဆံပင်ပုံစံတစ်ခုကို ပြင်ဆင်ပေးလိုက်ပြီး ပန်းပွင့်ပုံ ကျောက်စိမ်းဆံထိုးနှစ်ချောင်းဖြင့် ထိန်းလိုက်ရာ ပြီးပြည့်စုံသွားသည်။
သခင်နှင့် အစေခံ အချင်းချင်းပူးပေါင်းကြံစည်မည်ကို စိုးရိမ်သဖြင့် ယွမ်ကျိုသည် ယဲ့ယွင်တစ်ယောက်တည်းကိုသာခေါ်သွားပြီး ကျန်သူများကို ယွီရှို့အဆောင်တွင် ထားရစ်ခဲ့ကာ လိုက်ပါခွင့် မပေးခဲ့ပေ။
ကျိုချန်နန်းဆောင်သို့ ရောက်သောအခါ နင်ချန်နှင့် မိဖုရားခေါင်ကြီးသည် ထိပ်ဆုံးတွင် ထိုင်နေကြပြီး အောက်ဘက်တွင် ရှူးဖေးနှင့် ဝမ်သယ့်ဖေးတို့ ထိုင်နေကြသည်။ အခြားကိုယ်လုပ်တော်များ မရှိကြပေ။
ယဲ့ယွင်သည် စည်းကမ်းတကျ ဂါရဝပြုလိုက်သည်။
"မင်ကျယ်ယွီက ရေချိုးဖို့တောင် စိတ်ကူးရှိသေးတယ်ပေါ့။ နင့်ရဲ့ယုတ်ညံ့တဲ့အစေခံမက ဒီလို ရက်စက်တဲ့အလုပ်ကို လုပ်ခဲ့တာ နင် အပြစ်ရှိမှန်း သိရဲ့လား။"
ရှူးဖေးသည် အမြဲတမ်း စိတ်မထိန်းနိုင်သူဖြစ်ပြီး ယခုတစ်ကြိမ်လည်း ထုံးစံအတိုင်းပင်။
"တတိယတန်းစား အစေခံတစ်ယောက်က ကတိုးမွှေးလို တန်ဖိုးကြီးပစ္စည်းကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။ နောက်ကွယ်က ခိုင်းစေတဲ့သူ ရှိမှာသေချာတယ်။"
ဝမ်သယ့်ဖေးက တိုးတိုးလေး ထောက်ခံလိုက်သည်။
လေသံကတိုးသော်လည်း ယဲ့ယွင်ကိုစိုက်ကြည့်နေသော မျက်လုံးများမှာမူ အေးစက်လွန်းလှသည်။
ယဲ့ယွင် ပြန်မပြောဘဲ မေးကို အနည်းငယ်မော့ကာ ထိပ်ဆုံးတွင် ထိုင်နေသော အမျိုးသားကို ကြည့်လိုက်သည်။
မျက်လုံးချင်း ဆုံမိသောအခါ နင်ချန်၏စိတ်နှလုံး တည်ငြိမ်သွားသည်။
"မင်းတို့ကို ခေါ်လိုက်တာက အမှုစစ်ဖို့၊ အော်ဟစ်ဆူပူနေဖို့ မဟုတ်ဘူး။"
ရှူးဖေးနှင့် ဝမ်သယ့်ဖေးတို့သည် စောစောက လှုပ်ရှားချင်နေသော်လည်း ယခု ရေအေးနှင့် အပက်ခံလိုက်ရသကဲ့သို့ ငြိမ်ကျသွားပြီး အရှင်မင်းကြီးကို ပြိုင်တူ ကြည့်လိုက်ကြသည်။
နင်ချန်၏မျက်ဝန်းများ အလွန်တည်ငြိမ်နေသည်ကို တွေ့လိုက်ရပြီး သူကြည့်နေသော နေရာသို့ လိုက်ကြည့်လိုက်ရာ ထိုနည်းတူ တည်ငြိမ်နေသော ယဲ့ယွင်ကို တွေ့လိုက်ရသည်။
စကားဝင်မပြောသော မိဖုရားခေါင်ကြီးအပါအဝင် ရှိနေသူအားလုံး နင်ချန်၏သဘောထားကို အံ့သြသွားကြသည်။
အကြောင်းမှာ အပြစ်ဒဏ်စီရင်ရေးဌာနမှသတင်းအရ လုကျစ်အမည်ရှိ အစေခံမလေးသည် ဝန်ခံပြီးဖြစ်၍ သူမက ယိကျယ်ယွီကို ဆေးခပ်ခဲ့ခြင်းဖြစ်သည်။
မိဖုရားခေါင်ကြီးတို့ သုံးဦး အံ့သြနေသော်လည်း ယဲ့ယွင်မှာမူ စိတ်သက်သာရာရသွားသည်။
သူမနှင့် နင်ချန်ကြားတွင် ယုံကြည်မှုအချို့ တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။ သူမ ကြိုးပမ်းအားထုတ်ခဲ့ရသမျှ အလကား မဖြစ်ခဲ့ပေ။
"အရှင်မင်းကြီး၊ ဒီချန်းချဲ့က ရိုးသားတဲ့သူပါ၊ မလုပ်ခဲ့တဲ့ အလုပ်အတွက် မဟုတ်မခံ တရားခံ မဖြစ်ချင်ပါဘူး။ သက်သေအထောက်အထား ခိုင်လုံမှုမရှိဘဲ စွပ်စွဲတာကို လက်မခံနိုင်ပါဘူး။ အဲဒီအစေခံမနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပြုပါ။"
"ဟုတ်ပါတယ် အရှင်မင်းကြီး။ မင်ကျယ်ယွီရဲ့စိတ်ထားကို ဒီချန်းချဲ့ ယုံကြည်ပါတယ်။ အပြစ်ဒဏ်စီရင်ရေးဌာနက အဲဒီအစေခံမကို ခေါ်လာခိုင်းလိုက်တာ ကောင်းမယ်ထင်ပါတယ်။"
မိဖုရားခေါင်ကြီး ချက်ချင်း ထောက်ခံလိုက်သည်။
သူမသည် ယဲ့ယွင်ဘက်က ပါချင်၍မဟုတ်ဘဲ နင်ချန်က ယဲ့ယွင်ဘက်မှ ရပ်တည်နေကြောင်း သိလိုက်၍ဖြစ်သည်။
ဝမ်သယ့်ဖေးနှင့် ရှူးဖေးတို့က ယဲ့ယွင်ကို အပြစ်ပေးရန် စိတ်လောနေလေလေ သူမက ယဲ့ယွင်ဘက်မှ ပြောပေးလိုက်လျှင် သူမ၏ သဘောထားကြီးမှုနှင့် ကြင်နာမှုကို ပို၍ ပေါ်လွင်စေသည်။
ယခင်က ဝမ်သယ့်ဖေး လုပ်နေကျ အလုပ်မျိုးပင်။ အရှင်မင်းကြီးက သူမကို နူးညံ့သိမ်မွေ့သူဟု ထင်မှတ်အောင် လုပ်ခဲ့သည်။ ယခုတော့ သူမကိုယ်တိုင် လူကောင်းလုပ်ရမည့်အလှည့် ရောက်လာပြီ။
မိဖုရားခေါင်ကြီးသည် ဝမ်သယ့်ဖေးကို မသိမသာ တစ်ချက်ကြည့်လိုက်သည်။ ထို့ပြင် ယဲ့ယွင်ကို ဝမ်သယ့်ဖေးအား တန်ပြန်တိုက်ခိုက်ရန် ဆက်လက်ထားရှိလိုသေးသည်။
နင်ချန်သည် မူလကတည်းက ယဲ့ယွင်ကို ယုံကြည်မှုရှိပြီးသားဖြစ်သည်။ ယခု မိဖုရားခေါင်ကြီးကပါဝင်ပြောပေးသဖြင့် သူသည် လှေကြုံစီးကာ လုကျစ်ကိုခေါ်လာရန် အမိန့်ပေးလိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-150
အခန်း ၁၅၀ ။ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း
လုကျစ်သည် ကြိမ်ဒဏ်ပေးခံထားရပြီး ခန္ဓာကိုယ်တွင် ကြိမ်ရာများ ရှိနေကာ လက်ချောင်းဆယ်ချောင်းလုံးတွင် ငွေအပ်များဖြင့် ထိုးခံထားရသဖြင့် သွေးများ ရွှဲနစ်နေသည်။
အပြစ်ဒဏ်စီရင်ရေးဌာနမှ မိန်းမစိုးများက သူမကို အဝတ်စုတ်တစ်စကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ကျယ်ယွီ၊ ကျယ်ယွီ ကျွန်မကို ကယ်ပါဦး၊ ကျွန်မကို ကယ်ပါဦး။"
ယဲ့ယွင်ကို မြင်လိုက်ရသည်နှင့် လုကျစ်သည် အားကိုးစရာတွေ့လိုက်သကဲ့သို့ သူမထံ အပြေးတွားသွားပြီး ခြေထောက်ကို ဖက်ထားလိုက်သည်။
သွေးပေနေသော လက်များက ယဲ့ယွင်၏ အရောင်ဖျော့ဖျော့ ဂါဝန်အောက်နားစကို စွန်းထင်းသွားစေသည်မှာ ကြည့်ရဆိုးလှသည်။
"အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီး ရှိနေတာပဲ၊ နင်သိတာတွေကို အကုန်ပြောပြလိုက်၊ အလကားသက်သက် အပြစ်ပေးခံရမှာ မဟုတ်ဘူး။"
ဝမ်သယ့်ဖေးက သူမ တစ်ခုခုပြောထွက်လာမည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေသည်။
လုကျစ် တံတွေးမျိုချလိုက်ပြီး မျက်လုံးထဲတွင် တွန့်ဆုတ်မှုအရိပ်အယောင် ပေါ်လာကာ အံကြိတ်ပြီး ပြောလိုက်သည်။
"ကျွန်မပြောပါ့မယ်၊ အကုန်ပြောပါ့မယ်။ မင်ကျယ်ယွီက ယိကျယ်ယွီ ကိုယ်ဝန်ရှိတာကို မနာလိုဖြစ်ပြီး အဆိပ်ခတ်ဖို့ ကျွန်မကို ခိုင်းခဲ့တာပါ။ ယိကျယ်ယွီဆီက ချုံးဟွာဆိုတဲ့အစေခံက ကျွန်မနဲ့ တစ်ရွာတည်းသူပါ။ ယိကျယ်ယွီက ကိုယ်ဝန်ကြောင့် နေမကောင်းဖြစ်တိုင်း စိတ်ဆတ်ပြီး ရိုက်နှက်တတ်လို့ ချုံးဟွာက မကျေနပ်ချက်တွေရှိနေတာပါ။ ကျွန်မကိုလည်း ခဏခဏပြောပြဖူးတယ်။ အဲဒါနဲ့ ကျွန်မလည်း ချုံးဟွာဆီကနေ အပေါက်ရှာပြီး ယိကျယ်ယွီရဲ့ အမွှေးတိုင်အိုးထဲကို ကတိုးမွှေး ထည့်ခိုင်းလိုက်တာပါ။"
"မင်ကျယ်ယွီ... ဝန်ခံလိုက်ပါတော့၊ တော်ဝင်သွေးသားကို လုပ်ကြံတာက ခေါင်းဖြတ်ခံရမယ့်အပြစ်ပါ၊ ကျွန်မ ကျယ်ယွီအတွက် ဆက်ပြီး ဖုံးကွယ်မပေးနိုင်တော့ပါဘူး။"
လုကျစ်သည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားကာ ငိုကြွေးနေသည်။ ကြောက်လန့်၍လား၊ နောင်တရ၍လား မသိနိုင်ပေ။
ဝမ်သယ့်ဖေးသည် လက်ကိုင်ပုဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နှလုံးခုန်မြန်လာကာ အသံကို ထိန်း၍ နင်ချန်အား လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး... သက်သေလည်း ရှိနေပါပြီ။ ယဲ့မျိုးရိုးက နန်းတွင်းစရောက်ကတည်းက မောက်မာပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ပါဘူး။ အခု သူ့အိမ်ကလူတွေ နေရာရလာတော့ ပိုပြီး မောက်မာလာတာပါ။ ယိကျယ်ယွီ ကိုယ်ဝန်ရှိတာကို မနာလိုလို့ လုပ်ကြံတာဖြစ်နိုင်ပါတယ်။"
"မယ်မယ်က ဒီကောင်မလေးရဲ့ တစ်ဖက်သတ်စကားကို နားထောင်ပြီး ဒီချန်းချဲ့ကို အပြစ်ပေးဖို့ လောလွန်းနေပါပြီ။"
ယဲ့ယွင် အေးစက်စွာ ပြောလိုက်သည်။
"ဒါမှမဟုတ် ဒီချန်းချဲ့ကိုသေစေချင်ပြီးနောက်ကွယ်ကတရားခံအစစ်ကို လွတ်မြောက်သွားစေချင်တာလား။"
"ယဲ့မျိုးရိုး နင် ပါးစပ်ပိတ်ထားစမ်း၊ နင်..."
"တော်ကြတော့... အကုန်လုံး တိတ်ကြစမ်း။"
နင်ချန်၏ ဒေါသတကြီး အော်သံကြောင့် ဝမ်သယ့်ဖေး တုန်လှုပ်သွားပြီး ခေါင်းငုံ့ကာ ငြိမ်ကျသွားသည်။
ဘေးမှ မိဖုရားခေါင်ကြီးကမူ စိတ်ထဲတွင် ကျေနပ်နေသည်။ ဤသည်မှာဝမ်သယ့်ဖေး ပထမဆုံးအကြိမ် အော်ငေါက်ခံရခြင်းဖြစ်သည်။
"မင်ကျယ်ယွီ... လူရောက်နေပြီ၊ မင်း မေးစရာရှိရင် မေးတော့။"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"
ယဲ့ယွင် အရိုအသေပြုလိုက်သည်။
သူမ၏ခေါင်းထဲတွင် သဲလွန်စများကို စီစစ်ပြီးဖြစ်၍ ချက်ချင်းပင် မေးလိုက်၏။
"နင်က ငါခိုင်းတယ်လို့ ပြောတယ်နော်။ ဒါဆို ငါ နင့်ကို ကတိုးမွှေး ဘယ်တုန်းက ပေးတာလဲ၊ ဘယ်ကရတာလဲ၊ ဘယ်လောက် ပေးတာလဲ ပြောပြစမ်း။"
"ဘယ်ကရလဲတော့ မသိပါဘူး။ ကျယ်ယွီ အပြစ်ပေးကာလပြီးပြီး သုံးရက်မြောက်နေ့မှာ ပေးတာပါ။ ဘယ်လောက်လဲတော့ မမှတ်မိတော့ပါဘူး။ အထုပ်သေးသေးလေး တစ်ထုပ်ပါ။ ကျွန်မ အကုန်လုံးကို ချုံးဟွာဆီ ပေးလိုက်တယ်။ နေ့တိုင်း အမွှေးတိုင်အိုးထဲ နည်းနည်းချင်း ထည့်ခိုင်းလိုက်တယ်။"
"အရှင်မင်းကြီး... ချုံးဟွာဆိုတဲ့ အစေခံမကို ခေါ်လာပြီး သူမရဲ့နေရာကို ရှာဖွေစစ်ဆေးခွင့် ပြုပါ။"
ယဲ့ယွင် ပြတ်သားစွာ ပြောလိုက်သည်။
ယွမ်ကျို ရှေ့တိုးလာပြီး မျက်နှာပျက်လျက် လျှောက်တင်လေသည်။ ချုံးဟွာဆိုသော အစေခံမ သေဆုံးသွားပြီ ဖြစ်ကြောင်းပင်။
အပြစ်ဒဏ်စီရင်ရေးဌာနသို့ မရောက်မီကပင် ယိကျယ်ယွီ၏ ရိုက်နှက်မှုကို ခံထားရသဖြင့် ဒဏ်ရာပြင်းထန်နေပြီး ထပ်မံအပြစ်ပေးခံရသောအခါ မခံနိုင်တော့ဘဲ သေဆုံးသွားခြင်း ဖြစ်သည်။
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို သူ့နေရာကို သွားရှာခိုင်းလိုက်၊ နေရာလပ်မကျန်စေနဲ့။"
ယွမ်ကျိုကိုယ်တိုင် သွားရောက်စစ်ဆေးလေသည်။
လုကျစ်၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို ယဲ့ယွင် တွေ့လိုက်ရသဖြင့် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆက်မေးလိုက်သည်။
"ငါ နင့်ကို ကတိုးမွှေးပေးပြီးတော့ နင်က ချုံးဟွာကို ဘယ်နေ့မှာ ပေးလိုက်တာလဲ။"
"ကျွန်တော်မျိုးမ မှတ်မိပါတယ်၊ ကျယ်ယွီမွေးနေ့တုန်းကပါ။ ဆုငွေရတုန်း မုန့်နှစ်တုံးခိုးပြီး ချုံးဟွာကို သွားပေးရင်း ပေးလိုက်တာပါ။"
"သြော်... တိုက်ဆိုင်လိုက်တာ။ အဲဒီနေ့က ဖန်းရှိုးရီဆီက လက်ဆောင်လာပို့တဲ့လူကို လုဟယ် လိုက်ပို့ရမှာကို နင်က အစားဝင်ပို့ပေးတယ်။ အကြာကြီး ပြန်မလာဘူး။ အအေးမိပျောက်ဆေး သွားယူတယ်လို့ ပြောခဲ့တယ် မဟုတ်လား။"
"ဟု... ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုးမ ဆေးခန်းမသွားပါဘူး။ ယင်းယန်ဆောင်ကိုသွားပြီး ချုံးဟွာကို ကတိုးမွှေးနဲ့ မုန့် သွားပေးတာပါ။ အလုပ်ချိန်ဆိုတော့ အပြင်ထွက်လို့မရလို့ အကြောင်းပြပြီး ထွက်ခဲ့တာပါ။"
"ကောင်းပြီ၊ အဲဒီနေ့က ၁၀ လပိုင်း ၁၈ ရက်၊ ဒီနေ့က ၁၀ လပိုင်း ၂၄ ရက်၊ ခြောက်ရက်ပဲ ရှိသေးတယ်။ ငါက ယိကျယ်ယွီကို ကတိုးမွှေး ခြောက်ရက်ပဲ ရှူခိုင်းပြီး ကိုယ်ဝန်မပျက်ကျဘဲ နေမကောင်းဖြစ်ရုံလောက်ပဲ လုပ်ခိုင်းတယ်ပေါ့လေ။"
ယဲ့ယွင် သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
လုကျစ် ထိတ်လန့်သွားပြီး စကားထစ်သွားသည်။
"ဆေး... ဆေးအရှိန် မလောက်လို့ နေမှာပါ။"
"ငါက အလုပ်လုပ်ရင် ပြတ်သားတယ်။ တကယ် ကိုယ်ဝန်ဖျက်ချချင်ရင် ဆေးအများကြီး မပေးဘဲ နေပါ့မလား။ ကလေးကစားသလို လုပ်နေတာ မှတ်လို့လား။"
"မဟုတ်ဘူး... မဟုတ်ဘူး... အဲဒီကတိုးမွှေးက နည်းနည်းချင်း သုံးရတာ။ ကြာကြာသုံးမှ ကိုယ်ဝန်ပျက်ကျမှာ..."
လုကျစ် တံတွေးမျိုချလိုက်သည်။
"ဒါဆို ဘယ်လောက်ကြာကြာ သုံးရမှာလဲ။ ငါက နင့်ကို ဆေးခတ်ခိုင်းပြီး အကျိုးအကြောင်း မပြောပြဘဲ နေပါ့မလား။"
"ကျွန်တော်မျိုးမ... ကျွန်တော်မျိုးမ... ကျယ်ယွီ ပြောဖူးပါတယ်။ တစ်လလောက် ကြာမယ်လို့..."
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်၏။
"ဒီပမာဏဆိုရင် ရက် ၂၀ လောက်ဆို လုံလောက်ပြီ။"
လုကျစ် ကြောင်အသွားပြီး နှုတ်ခမ်းတုန်ရီလျက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ရက် ၂၀ ပါ။ ရက် ၂၀ ဆို ရပါပြီ။ ကျယ်ယွီက ဖြည်းဖြည်းချင်း လုပ်ရမယ်လို့ ပြောခဲ့တာ။"
"ကတိုးမွှေးက တစ်လလောက်နေမှ အာနိသင်ပြတာ။ နင်က လျှောက်ပြောနေတာပဲ။"
"စောစောက တစ်လလို့ ပြောတာလေ၊ ကျယ်ယွီက ဘာလို့ ကျွန်တော်မျိုးမကို လာလှည့်စားနေတာလဲ။"
လုကျစ် ဘာလုပ်ရမှန်း မသိတော့ချေ။
ယဲ့ယွင် သူမကို ခဏမျှ စိုက်ကြည့်ပြီးနောက် မထီမဲ့မြင် ရယ်လိုက်သည်။
နင်ချန်ဘက်သို့ လှည့်ကာ အရိုအသေပြုလိုက်၏။
"အရှင်မင်းကြီး... ဒီကောင်မလေး ပြောနေတာတွေက ရှေ့နောက်မညီပါဘူး။ ဖန်းရှိုးရီရဲ့လူတွေကိုပါ ဆွဲထည့်နေပါသေးတယ်။ သူ့စကားက ယုံစရာ မရှိပါဘူး။ ဒီချန်းချဲ့က တော်ဝင်သွေးသားကို လုပ်ကြံတဲ့အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး။ အရှင်မင်းကြီး အမှန်အတိုင်း သိမြင်ပေးပါ။"
"ထိုင်ပါ။"
နင်ချန် လက်ကာပြလိုက်သည်။
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော လုကျစ်သည် ဝိညာဉ်နုတ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တုန်ရီသွားသည်။
ဤစကားတစ်ခွန်းက နင်ချန်သည် ယဲ့ယွင်ကို ယုံကြည်ကြောင်း သက်သေပြနေသည်။
ယဲ့ယွင်ကို ယုံကြည်လိုက်ပြီဆိုလျှင် လုကျစ်၏စကားအားလုံး မမှန်တော့ပေ။ တော်ဝင်သွေးသားကို လုပ်ကြံခြင်းနှင့် သခင်ကို စွပ်စွဲခြင်း နှစ်မှုစလုံးသည် သေဒဏ်ဖြစ်သည်။
ထိုအချိန်တွင် ယွမ်ကျို ပြန်ရောက်လာပြီး သတင်းတစ်ခု ပေးလေသည်။
ချုံးဟွာ၏နေရာတွင် ကတိုးမွှေး လက်ကျန် နည်းနည်းလေးသာ တွေ့ရကြောင်း၊ သမားတော် စစ်ဆေးချက်အရ အရည်အသွေးမကောင်းသော ကတိုးမွှေးဖြစ်ပြီး လက်ကျန်အားလုံးကို သုံးလိုက်လျှင်တောင် ကိုယ်ဝန်လေးလရှိပြီး တည်ငြိမ်နေသော ယိကျယ်ယွီကို ကိုယ်ဝန်ပျက်ကျစေနိုင်မည် မဟုတ်ကြောင်း သိရသည်။
သို့သော် ပထမသုံးလအတွင်း ကိုယ်ဝန်မငြိမ်သေးချိန်တွင် သုံးခဲ့မည်ဆိုပါက ကိုယ်ဝန်ပျက်ကျရန် လုံလောက်ပေသည်။
"အရှင်မင်းကြီး ကြည့်ပါ၊ ဒီချန်းချဲ့က လူသတ်ချင်နေတာတောင် ဆေးပမာဏကို မတွက်တတ်ဘူး ဖြစ်နေပြီ။"
ယဲ့ယွင် အေးစက်စွာ ရယ်မောလိုက်သည်။
"ယိကျယ်ယွီ ကိုယ်ဝန် ပထမသုံးလတုန်းက ဒီချန်းချဲ့က အပြစ်ပေးခံနေရတာပါ။ တစ်ယောက်ယောက်က ဒီချန်းချဲ့ကို စွပ်စွဲဖို့အတွက် အပြစ်ပေးကာလ ပြီးမယ့်အချိန်ကို စောင့်ပြီးမှ လုပ်ကြံတာ ဖြစ်မယ်။ ဆေးပမာဏတွက်ချက်တာ လွဲသွားမယ်လို့ သူတို့ ထင်မထားမိကြဘူး။"
နင်ချန်၏မျက်လုံးများ မှောင်မိုက်သွားပြီး လေသံအေးအေးဖြင့် အမိန့်ပေးလိုက်သည်။
"အဲ့အစေခံက အမှန်တိုင်း မပြောဘူးဆိုရင် ပြန်ခေါ်သွားပြီး နှိပ်စက်လိုက်။ မသေစေနဲ့။ ပြောချင်တဲ့အချိန်ကျမှ ကျန်းဆီ ပြန်ခေါ်လာခဲ့။"
"အရှင်မင်းကြီး... ဒီအစေခံမရဲ့ အိမ်မှာ မိသားစုဝင်တွေ ရှိမရှိ စုံစမ်းကြည့်သင့်ပါတယ်။ သူ မပြောချင်ရင်တောင် မိသားစုကို ငဲ့ပြီး ပြောလာနိုင်ပါတယ်။"
မိဖုရားခေါင်ကြီးက အကြံပြုလိုက်သည်။
ယဲ့ယွင် အပြစ်ကင်းကြောင်း သေချာသွားပြီဖြစ်၍ သူမသည် လူကောင်းဆက်လုပ်လိုက်ခြင်းဖြစ်သည်။
သို့သော် သူမ၏စကားကြောင့် ပြဿနာ တက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
လုကျစ်သည် ရုတ်တရက် ရူးသွပ်သွားသကဲ့သို့ ရှေ့သို့ တွားသွားကာ အော်ဟစ်လိုက်သည်။
"မိဖုရားခေါင်ကြီး၊ ကျွန်တော်မျိုးမရဲ့ မောင်နှမတွေကို မသတ်ပါဘူးလို့ ကတိပေးထားတယ်မလား။ မယ်မယ် ကတိမဖျက်ပါနဲ့။"
"ယုတ်မာတဲ့ကောင်မ၊ ဘာတွေ လျှောက်ပြောနေတာလဲ။"
မိဖုရားခေါင်ကြီးဘေးမှ တင်းမားမား မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။
"ဟင့်အင်း... မိဖုရားခေါင်ကြီး... ကျွန်တော်မျိုးမ သေပေးပါ့မယ်။ ကျွန်တော်မျိုးမသေရင် မယ်မယ် စိတ်ချရပြီမလား။ ကျွန်တော်မျိုးမရဲ့ မိသားစုကို မထိပါနဲ့... အွတ်... အွတ်..."
ပြောရင်းဆိုရင်း လုကျစ်၏ပါးစပ်မှ သွေးများ စီးကျလာပြီး ဒုန်းခနဲ လဲကျသွားလေသည်။
"အရှင်မင်းကြီး... သူ လျှာကိုကိုက်ပြီး သတ်သေသွားပါပြီ။"
ရှူးဖေးသည် လုကျစ်နှင့် အနီးဆုံးတွင် ရှိနေသဖြင့် ထိတ်လန့်တကြား ကုလားထိုင်ပေါ် လဲကျသွားလေသည်။